အခန်း (၃၈၇)
Vol. 26 Ch. 387
ချင်းရှောင်းကောသည် အခြားသူများကို အမြဲတမ်း သတိထားတတ်သူဖြစ်သည်။
တစ်ဖက်လူမှာ စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ သူ၏ ရုပ်ရည်ချောမောမှုကြောင့် သူမ စိတ်မလှုပ်ရှားသင့်ပေ။ အကယ်၍ သူသာ သူမ၏ နွားများကို လိမ်လည်ယူသွားပါက သူမ ဘယ်သွားငိုရမည်နည်း။
အမျိုးသမီးယန် ပြန်သွားပြီးနောက် ရှောင်းကော မြက်ရိတ်သည့်အလုပ်ကို စတင်တော့သည်။ သူမသည် မြည်းကိုဦးဆောင်ကာ တောအုပ်ဆီသို့ ထွက်လာခဲ့သည်။
ယနေ့အတွက် အချိန်ဇယားမှာ အပြည့်ပင်။ မနက်ပိုင်းတွင် မြက်ရိတ်ပြီး နေ့လယ်ပိုင်းတွင် ချင်းအိမ်သို့ သွားရမည်ဖြစ်သည်။
ထိုနေ့က ချင်းအန်းမင်နှင့်အတူ ချင်းအိမ်၏ လယ်ကွင်းများသို့ သွားခဲ့ပြီးနောက် ရှောင်းကောသည် ထိုနေရာကို အတော်လေး သဘောကျသွားခဲ့သည်— အဓိကမှာ ထိုနေရာတွင် ဟင်းသီးဟင်းရွက်ပင်များနှင့် ဖရဲနွယ်ပင်များကို အလွယ်တကူ ရနိုင်သောကြောင့် ဖြစ်သည်။
အသီးများ ဆွတ်ခူးပြီးနောက် ကျန်ရှိနေသော အပင်နွယ်များမှာ မြက်စားသတ္တဝါများအတွက်တော့ နိဗ္ဗာန်ဘုံပင် ဖြစ်သည်။
ထိုအခါမှသာ ချင်းအိမ်ရှိ ရွာသားအများစုမှာ လယ်သမားများဖြစ်ကြောင်း သူမ သိလိုက်ရသည်။ လယ်ကွင်းများတွင် တစ်နှစ်ပတ်လုံး သီးနှံများ စိုက်ပျိုးထားကြသည်။ အကယ်၍ မည်သူမဆို အပင်စိမ်းများ လိုအပ်ပါက ချင်းစံအိမ်သို့သာ သွားလိုက်ရုံပင်။
ချင်းအန်းမင်သည် ရင်းနှီးသော ရွာသားအချို့နှင့် ကြိုတင်စကားပြောထားပေးသဖြင့် ရှောင်းကော လာရောက်၍ နွယ်ပင်များ ဆွတ်ခူးသည်ကို သူတို့အားလုံး ဝမ်းသာကြသည်။ သူမကို မြင်သော ရွာသားအချို့ဆိုလျှင် သူတို့၏ လယ်ကွက်များသို့ပင် လာရောက်ရန် ဖိတ်ခေါ်ကြသေးသည်။
ဘာပဲဖြစ်ဖြစ် ထိုနွယ်ပင်များမှာ သူတို့အတွက် အသုံးမဝင်တော့ပေ။ လယ်ကွင်းထဲတွင် ကျန်နေပါက နောက်သီးနှံစိုက်ရန် အနှောင့်အယှက်သာ ဖြစ်စေသည်။ တစ်ယောက်ယောက်က လာရောက်ရှင်းလင်းပေးသည်ဆိုတော့ ဘာလို့ ငြင်းရပါမည်နည်း။
ထို့ကြောင့် ရှောင်းကောသည် ချင်းအိမ်၏ လယ်ကွင်းများတွင် အလွန်ပင် ရေပန်းစားနေတော့သည်။ မိသားစုတိုင်းလိုလိုက သူမကို သူတို့လယ်ကွက်ထဲ ခေါ်ရန် လုနေကြသည်။ သူမ၏ မြည်းလှည်းကို မြင်သည်နှင့် လက်ပေါင်းများစွာက သူမကို သူတို့လယ်ထဲ ဆွဲခေါ်ရန် ကြိုးစားကြတော့သည်။
မတတ်နိုင်ပေ။ သူမက လက်သွက်သဖြင့် ခဏချင်းအတွင်း လယ်တစ်ကွက်လုံးကို ပြောင်အောင် ရှင်းပေးနိုင်သည် မဟုတ်ပါလား။ ဤမျှအလုပ်လုပ်ပေးသောသူကို ဘယ်သူက မချစ်ဘဲ နေပါမည်နည်း။
ရှောင်းကောလည်း ၎င်းကို အလွန်သဘောကျသည်။ လယ်ကွက်အသီးသီးမှ ဟင်းသီးဟင်းရွက် ပျိုးပင်မျိုးစုံကို ရရှိသဖြင့် သူမ အလွန်ကျေနပ်မိသည်။
ထို့ကြောင့်ပင် သူမ ဤနေရာသို့ လာတိုင်း မြည်းလှည်းပေါ်တွင် အစာများ အပြည့်တင်ဆောင်လာရသဖြင့် သူမ ထိုင်စရာ နေရာပင် မရှိတော့ပေ။ မြည်းပင်ပန်းမည်စိုးသဖြင့် သူမသည် လှည်းပေါ်မှဆင်းကာ လမ်းလျှောက်ပြန်ရသည်။
ဘာပဲဖြစ်ဖြစ် အလွန်အမင်းတော့ မပင်ပန်းလှပေ။ လွန်ခဲ့သော တစ်နှစ်အတွင်း တက်လာသော ကိုယ်အလေးချိန်ကို လျှော့ချရန် လေ့ကျင့်ခန်းလုပ်သည်ဟုပင် သူမ သဘောထားလိုက်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်သည်။
အပင်စိမ်းများမှာ အိမ်ထောင့်တွင် ပုံနေပြီဖြစ်သည်။ ၎င်းတို့ကို ကြည့်ရုံနှင့်ပင် သူမအတွက် လုံခြုံစိတ်ချမှု ခံစားရစေသည်။ ထို့အပြင် နွားများမှာ နို့များစွာထွက်ပြီး အာဟာရပြည့်ဝစေရန် မြက်အမျိုးမျိုးကို စားရန်လိုအပ်သည်။
ကိုယ်ဝန်ဆောင် နွားမကြီးများအတွက် ရှောင်းကောသည် နေ့စဉ်စားရမည့် မြက်အမျိုးအစားနှင့် အစာခြောက်များ စာရင်းကိုပင် ရေးမှတ်ထားသေးသည်။ အရည်အသွေးမြင့် နို့ကို ရရှိရန်အတွက် သူမ အတတ်နိုင်ဆုံး ကြိုးစားနေခြင်း ဖြစ်သည်။
နေ့တိုင်း သူမသည် မြက်ရှာရန် လမ်းပေါ်တွင်ရှိနေပြီး မြက်များကို သယ်ယူပို့ဆောင်နေရတော့သည်။
နောက်တစ်နေ့တွင် ရှောင်းကောသည် ယနေ့တွင် စုချန်ရှန်း လာရောက်မည်ဟု ယန်အမျိုးသမီး ပြောခဲ့သည်ကို မှတ်မိနေသည်။
ဘာပဲဖြစ်ဖြစ် သူမတွင် မြက်အလုံအလောက် ရှိနေပြီဖြစ်သဖြင့် တစ်ရက်လောက် မြက်မရိတ်ရလည်း ကိစ္စမရှိပေ။ သူတို့ မည်သည့်အချိန်တွင် လာမည်ကို မသိသဖြင့် သူမ တစ်နေ့လုံး အပြင်မထွက်ဘဲ စုချန်ရှန်းကို အိမ်မှာပင် စောင့်နေခဲ့သည်။
စုချန်ရှန်းကလည်း သူမကို အကြာကြီး မစောင့်ခိုင်းပေ။ သူ မနက်စောစောမှာပင် ရောက်လာခဲ့သည်။
ရှောင်းကော တံခါးခေါက်သံကြားသဖြင့် သွားဖွင့်လိုက်သောအခါ ထင်ထားသည့်အတိုင်းပင် ဝတ်ရုံဖြူနှင့် လူတစ်ဦး တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ တံခါးပွင့်လာသည်နှင့် သူက ယပ်တောင်ကို ပိတ်လိုက်သည်။
"မတွေ့ရတာ ကြာပြီနော် အမျိုးသမီး"
"ဟုတ်ကဲ့... ကြာပါပြီ။"
ရှောင်းကောက ဘေးသို့ဖယ်ကာ သူ့ကို အထဲသို့ ဖိတ်လိုက်သည်။
စုချန်ရှန်းက ကျေးဇူးတင်ကြောင်း ခေါင်းညိမ့်ပြပြီး နွားများဆီသို့ တန်းသွားတော့သည်။ သူ့နောက်မှ လိုက်လာသော ကျားပေါင်က ရှောင်းကောကို ခေါင်းညိမ့်နှုတ်ဆက်ပြီး နောက်ထပ်လူတစ်ယောက်ကို အထဲဝင်ရန် အချက်ပြလိုက်သည်။
ယခုတစ်ခေါက်တွင် သူတို့နှစ်ယောက်တည်း မဟုတ်ပေ။ မုတ်ဆိတ်မွှေးနှင့် အဘိုးအိုတစ်ဦးလည်း ပါလာသည်။ ရှောင်းကောသည် ထိုသူစိမ်းကို ကြည့်ကာ စိတ်ထဲက ရေရွတ်ရင်း သူတို့နောက်မှ နွားများရှိရာသို့ လိုက်သွားခဲ့သည်။
"အမျိုးသမီး... မိတ်ဆက်ပေးပါရစေ။ ဒါက နွားတွေရဲ့ ကျန်းမာရေးကို စစ်ဆေးပေးဖို့ ကျွန်တော် တမင် ဖိတ်ခေါ်လာတဲ့သူပါ" ဟု စုချန်ရှန်းက ရှောင်းကောကို မိတ်ဆက်ပေးသည်။
"တိရစ္ဆာန် ဆရာဝန်လား?"
ရှောင်းကော စိတ်ထဲက တွေးနေမိသည်။
"စုချန်ရှန်း ဘာတွေ လုပ်နေတာလဲ?"
ရှောင်းကောသည် အတွေးများကို ဖယ်ထုတ်ကာ သမားတော်ကို နှုတ်ဆက်လိုက်သည်။
"ဒုက္ခပေးမိပါပြီ။"
ရှောင်းကောကိုယ်တိုင်လည်း နွားမကြီးနှစ်ကောင် ကျန်းမာရဲ့လားဆိုသည်ကို သိချင်နေမိသဖြင့် တစ်ယောက်ယောက်က ကြည့်ပေးသည်မှာ ကောင်းပါသည်။
တိရစ္ဆာန်ဆရာဝန်က ခေါင်းညိမ့်ကာ လက်အနားစများကို လိပ်ပြီး နွားများဆီသို့ လျှောက်သွားသည်။ အကဲခတ် စစ်ဆေးပြီးနောက် သူက ကျေနပ်စွာ ခေါင်းညိမ့်ကာ ပြောခဲ့သည်။
"ဒီနွားနှစ်ကောင်လုံး အရမ်းကျန်းမာပါတယ်။ သူတို့ရဲ့ မစင်တွေကလည်း သိပ်မနံဘူး။ ကြည့်ရတာ သန်မာတယ်၊ မျက်လုံးတွေကလည်း တက်ကြွနေပြီး အော်သံကလည်း ကျယ်တယ်။ ဒါ့အပြင် နွားမက ကိုယ်ဝန်ရှိနေတယ်။ နောက်နှစ် မေလ ဒါမှမဟုတ် ဇွန်လလောက်မှာ နွားပေါက်လေး မြင်ရလိမ့်မယ်"
ရှောင်းကောသာမက စုချန်ရှန်းပင်လျှင် ကျေနပ်သွားကာ သက်ပြင်းချရင်း သူမကို ခိုးကြည့်လိုက်သည်။ အစကတော့ သူမ နွားတွေကို ကောင်းကောင်း မွေးနိုင်ပါ့မလားဟု သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ အခုတော့ စိုးရိမ်စရာ မလိုတော့ပေ။ ကြည့်ရတာ သူ၏ အဆောက်အဦးငယ်လေးမှာ နောက်နှစ်တွင် စတင်ဖွင့်လှစ်နိုင်တော့မည် ဖြစ်သည်။ တွေးကြည့်ရုံနှင့်ပင် သူ ပျော်နေမိသည်။
နွားပိုင်ရှင်ကိုယ်တိုင် မပျော်ရသေးမီ စုချန်ရှန်းက စိတ်ထဲကနေ အစီအစဉ်များ ဆွဲနေပြီဖြစ်သည်။ သူ၏ ပြုံးနေသော မျက်နှာကို ကြည့်လျှင် မသိသူများက နွားများကို သူပိုင်သည်ဟုပင် ထင်ကြပေလိမ့်မည်။
ထိုအချိန်တွင် စုချန်ရှန်းသည် နောက်တစ်နှစ်တွင် သူဖြစ်လာမည့် အခြေအနေကို တွေးကာ ခိုးပျော်နေမိသည်။
"ငွေ... ငွေ... တောက်ပနေတဲ့ ငွေစတွေ... ငါ့ရဲ့ ငွေတွေ။"
ကျားပေါင်သည် ရုတ်တရက် အကျယ်ကြီး ရယ်မောနေသော သူ၏ သခင်လေးကို ကြည့်ကာ အားမရစွာ တို့လိုက်ရသည်။ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါမည်ဟု ကတိပေးထားသည် မဟုတ်ပါလား။
စုချန်ရှန်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး "ကျားပေါင်... လက်ဆောင်တွေကို ယူခဲ့လိုက်ဦး" ဟု ခိုင်းလိုက်သည်။
"ဟုတ်ကဲ့။"
ကျားပေါင်က သူ၏သခင်က သူ့ကို တမင်ဖယ်ထုတ်နေခြင်းဖြစ်မှန်း သိသဖြင့် ဘေးကလူကို ခေါ်ကာ ထွက်သွားပေးလိုက်သည်။
သူနှင့်အတူ ပါလာသောသူမှာ ရိုးသားသူဖြစ်သဖြင့် ဘာဖြစ်နေလဲဆိုသည်ကို နားမလည်ဘဲ သေတ္တာကို မရန် လက်အနားစကို လိပ်တင်လိုက်သည်။ ကျားပေါင်က သူ့ကို တားလိုက်ပြီး မြင်းလှည်းပေါ်မှာ ထိုင်ခိုင်းလိုက်သည်။
"နေဦးလေ။ နောက်မှ သယ်လည်း ရပါတယ်။"
ထိုလူက ဘာကြောင့်လဲဆိုသည်ကို နားမလည်သော်လည်း လိမ္မာစွာပင် လက်အနားစကို ပြန်ချကာ ဘေးတွင် ထိုင်နေလိုက်သည်။
ရှောင်းကောသည် စုချန်ရှန်း တစ်ခုခု ပြောစရာရှိသည်ကို သိသဖြင့် သူ့ကို အိမ်ထဲသို့ ဖိတ်လိုက်သည်။ အပြင်မှာ ရပ်ပြောရန် မသင့်တော်သည် မဟုတ်ပါလား။
"လက်ဖက်ရည် သောက်ပါဦး။"
ရှောင်းကောက သူမကိုယ်တိုင် စပ်ထားသော အသီးလက်ဖက်ရည်ကို သူ့ရှေ့ ချပေးလိုက်သည်။
"ဟုတ်ကဲ့၊ ကျေးဇူးပါ။"
စုချန်ရှန်းက အရေးကြီးကိစ္စကို ချက်ချင်း မပြောသေးပေ။ ထိုအစား လက်ဖက်ရည်ခွက်ကို စိတ်ဝင်တစား မွှေကြည့်ကာ နမ်းကြည့်သည်။
"လက်ဖက်စိမ်းနံ့လေးနဲ့ အသီးရဲ့ အချိုနံ့လေး... ကောင်းလိုက်တာ!"
စုချန်ရှန်းသည် ချီးကျူးစကားများကို မနှမြောဘဲ ပြောဆိုပြီးနောက် ဤလက်ဖက်ရည်ကို ဘယ်လိုလုပ်သလဲဆိုသည်ကို မသိမသာ စမ်းမေးသည်။ ရှောင်းကောမှာ မသိလိုက်ဘဲ သူ ခေါ်ဆောင်ရာနောက်သို့ ပါသွားတော့မလိုပင် ဖြစ်သွားသည်။
"..."
ရှောင်းကော၏ ဆွံ့အနေသော မျက်နှာကို မြင်မှ စုချန်ရှန်းက ပြန်သတိဝင်လာသော်လည်း လုံးဝ အရှက်မရပေ။
"တောင်းပန်ပါတယ်၊ အကျင့်ပါနေလို့ပါ။"
နှစ်ပေါင်းများစွာအတွင်း သူသည် အသစ်အဆန်းတစ်ခုခု မြင်သည်နှင့် နည်းလမ်းကို သိချင်သည့် အကျင့်မှာ အရိုးထဲအထိ စွဲနေသဖြင့် ပြင်ရန် ခဲယဉ်းနေခြင်းဖြစ်သည်။
ရှောင်းကောက ဟန်ဆောင်ရယ်ပြလိုက်သည်။ သူမသာ စိတ်ဓာတ်မခိုင်မာလျှင် ဟင်းချက်နည်းကို ထုတ်ပြောမိတော့မည်။
"အဓိက အကြောင်းအရာကို ပြန်သွားရအောင်။"
စုချန်ရှန်းသည် စီးပွားရေးလုပ်လျှင် အလွန်တည်ကြည်ပြီး စနစ်ကျသူဖြစ်သည်။ သူက စက္ကူတစ်ရွက်ကို စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ နို့ထွက်ပစ္စည်း အစီအစဉ်ပါ။ အမျိုးသမီး အရင်ကြည့်လိုက်ပါဦး။ အဆင်မပြေတာရှိရင် ပြင်ကြတာပေါ့"
ရှောင်းကောက ချက်ချင်း မယူသေးဘဲ "ကျွန်မမှာလည်း တောင်းဆိုချက်တစ်ခု ရှိပါတယ်။ အရင်ပြောပါရစေ။ နားထောင်ပြီးမှ ပူးပေါင်းမလားဆိုတာ ဆုံးဖြတ်ပါ" ဟု ပြောလိုက်သည်။ စုချန်ရှန်းက ခဏစဉ်းစားပြီး ခေါင်းညိမ့်ပြသည်။
"ကျွန်မ ယုံဟိုင် ခရိုင်ထဲမှာ ကိုယ်ပိုင် နို့ထွက်ပစ္စည်းဆိုင် တစ်ဆိုင် ဖွင့်မယ်။ တစ်ဆိုင်ပဲ ဖွင့်မှာပါ။"
ထိုစကားကို ကြားသဖြင့် စုချန်ရှန်းက လွယ်လွယ်ကူကူ ခေါင်းညိမ့်လိုက်သည်။ ဤသည်မှာ သူ၏ အတွေးနှင့် ထပ်တူပင်။ သူသည် ယုံဟိုင် ခရိုင်ထဲတွင် စီးပွားရေးလုပ်ရန် အစီအစဉ် မရှိပေ။ သူက မြို့တော်ကိုသာ ဦးတည်ထားပြီး တစ်ဆိုင်တည်းသာ ဖွင့်ရန် စဉ်းစားထားသည်။
"အမျိုးသမီးက ရှောက်နိုင်ငံတစ်ခုလုံးမှာ ဆိုင်တွေ အများကြီး ဖွင့်မယ်လို့ တွေးနေတာလား"
ရှောင်းကောက သူ၏အတွေးကို ကြားသဖြင့် ရယ်မိသွားသည်။
"အစကတော့ အဲလို အစီအစဉ်ရှိပေမဲ့ နောက်မှ စဉ်းစားကြည့်တော့ မြို့တော်မှာပဲ တစ်ဆိုင်တည်း ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အရာတစ်ခုက ရှားပါးလေလေ တန်ဖိုးရှိလေလေပဲ မဟုတ်လား။"
ရှောင်းကောလည်း စုချန်ရှန်း၏ စကားကို သဘောတူသည်။ မြို့တော်မှာ ချမ်းသာကြွယ်ဝပြီး မိသားစုတိုင်းမှာ ငွေရှိကြသည်။ ဆိုင်တစ်ဆိုင်တည်း ဖွင့်လျှင်ပင် ငွေများစွာ ရနိုင်ပါသည်။
ကျေနပ်သွားသော ရှောင်းကောသည် စားပွဲပေါ်က စက္ကူကို ဖွင့်ကြည့်လိုက်သည်။ ရှေးခေတ်ကာလအတွက် အကြမ်းဖျင်း အစီအစဉ်မှာ ပြီးပြည့်စုံနေသည်။
စုချန်ရှန်းက ရှောင်းကောအား ပေးမည့် ငွေပမာဏမှာ တကယ့်ကို မယုံနိုင်စရာ ကောင်းလောက်အောင် များပြားလှသည်။ အနည်းဆုံးတော့ သူမ မျှော်လင့်ထားသည်ထက် ပိုများနေသည်။ အရေးကြီးဆုံးမှာ သူက သူမကို တစ်နှစ်တစ်ကြိမ် ငွေပေးချေမည်ဖြစ်ပြီး ၎င်းမှာ အပြီးအပိုင် ဝယ်ယူခြင်းမျိုး မဟုတ်ပေ။