အခန်း (၃၈၉)
Vol. 26 Ch. 389
နှစ်စဉ်ကျရောက်မြဲဖြစ်သော ရိတ်သိမ်းချိန်လသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ချင်းရှောင်းကောသည် ပြီးခဲ့သောနှစ်ကို ရုတ်တရက် သတိရသွားသည်။ သူမ ရွာသို့ စတင်ရောက်ရှိလာချိန်က ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ် ပြီးဆုံးသွားသည့် ပထမဦးဆုံးနှစ် ဖြစ်သည်။
ယခု တစ်နှစ်ကြာသွားပြီးနောက် အခြားရွာများတွင်လည်း သက်ဝင်လှုပ်ရှားမှုများ တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ လူများမှာ အရင်ကလို ငတ်မွတ်ခြင်း မရှိကြတော့ပေ။
ရှောက်ကျန့် နန်းတက်သည့်နှစ်တွင် သူသည် ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို ဖြေရှင်းရန် အပြင်းအထန် ကြိုးစားခဲ့သည်။ သူသည် အကျင့်ပျက်ခြစားသော အရာရှိများထံမှ ငွေအမြောက်အမြားကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ထိုငွေများဖြင့် ပြည်သူများ၏ ဆာလောင်မှုကို ယာယီဖြေရှင်းပေးခဲ့သည်။ ထို့အပြင် ပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ပြဿနာများကိုလည်း ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတော်၏ တိတ်တဆိတ် ကြိုးပမ်းအားထုတ်မှုများကြောင့် အခက်အခဲအားလုံးကို တဖြည်းဖြည်း ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။
"ရှောင်းကော... ဒီနေ့ ရိတ်သိမ်းဖို့ သွားမလို့လား? အစ်ကိုယန်နဲ့ ယန်ကျားတို့ကို ကူခိုင်းလိုက်လေ"
ယန်အမျိုးသမီး၏ မိသားစုမှာ ယနေ့ သီးနှံရိတ်သိမ်းနေကြသည်။ အခြေခံအားဖြင့် တစ်ရွာလုံး ထိုအလုပ်ကိုပင် လုပ်နေကြခြင်းဖြစ်သည်။ ရှောင်းကော တစ်ယောက်သာ အလျင်မလိုဘဲ ရှိနေသည်။
"အလျင်မလိုပါဘူး။ ကျွန်မအစ်ကိုက သူပြန်လာတဲ့အထိ စောင့်ပါဦးတဲ့"
ရှောင်းကောသည် သူမဘာသာ လုပ်ချင်သော်လည်း ၎င်းမှာ အလွန်ပင်ပန်းသော အလုပ်မဟုတ်ပေ။ သူမတစ်ယောက်တည်းဆိုလျှင် တစ်ရက်တည်းနှင့် လယ်ကွက်ကို အပြတ်ရှင်းနိုင်သည်။ သို့သော် ချင်းအန်းမင်က သူပြန်လာသည်အထိ စောင့်ရန် အတင်းအကျပ် မှာထားခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ပဲ လုပ်လိုက်ပါလား။ နင့်လယ်ကွက်ရော ငါတို့ဟာရောပေါ့။ အစ်ကိုယန်လည်း အခုပဲ ပြန်လာတော့မှာ"
ရှောင်းကော ခေါင်းခါပြီး ပြောလိုက်သည်။"မလုပ်ပါနဲ့၊ ကျွန်မ စောင့်လိုက်ပါ့မယ်။ အစ်မကြီးတို့ လယ်ကွက်က အကြီးကြီးပဲလေ။ အစ်ကိုယန်နဲ့ ယန်ကျားတို့ နှစ်ယောက်တည်းနဲ့တင် အလုပ်များနေလောက်ပြီ"
"ကောင်းပြီလေ၊ အကူအညီလိုရင်တော့ ပြောလိုက်ဦးနော်"
"ဟုတ်ကဲ့ပါ"
ချင်းအန်းမင်သည် နောက်တစ်နေ့ နံနက်တွင် ပြန်ရောက်လာခဲ့သည်။ ပြီးခဲ့သောတစ်ခေါက် အိမ်ပြန်စဉ်က သူ လယ်ကွင်းထဲသို့ သွားကြည့်ခဲ့သဖြင့် ခန့်မှန်းချိန်မှာ ကွက်တိပင် ဖြစ်သည်။
"သီးနှံတွေ ရိတ်ပြီးရင် လယ်ထဲက ပြောင်းဖူးရိုးတွေကို အကုန်ယူလာကြမယ်"
ရှောင်းကောက မြည်းလှည်းကို မောင်းရင်း ဘေးနားက လှည်းမောင်းနေသည့် ချင်းအန်းမင်ကို ကြည့်ကာ ပြောလိုက်သည်။
"အေး... နွားစာကျွေးဖို့ ယူလာကြတာပေါ့။ ဒါပေမဲ့ ဘယ်မှာ သိုလှောင်ထားကြမလဲ?"
ပြောင်းဖူးရိုးတွေက အတော်လေး များလှသည်။ ဘယ်နေရာမှာ ထားရပါမည်နည်း။
"အိမ်အပြင်မှာပဲ ထားရင် အဆင်ပြေမှာပါ။ ဘယ်သူမှ လာမခိုးပါဘူး... ဟုတ်တယ်မလား?"
ရှောင်းကော၏ မေးခွန်းကြောင့် ချင်းအန်းမင်မှာ ရယ်မောမိသွားသည်။ သူသည် အားရပါးရ ရယ်မောပြီးနောက် ပြောလိုက်သည်။ "ဘယ်သူက နင့်ပြောင်းဖူးရိုးတွေကို ခိုးမှာလဲ? လယ်ထဲမှာ အများကြီး ရှိတာပဲ။ လိုချင်တဲ့သူက အဲဒီကနေ သွားယူလိုက်မှာပေါ့"
ရွာထဲတွင် ပြောင်းဖူးစိုက်သူ အများကြီးရှိသည်။ ပေါပေါများများ ရှိနေပြီး ဘယ်သူမှ မလိုချင်တော့သည့် အရာကို ဘယ်သူက ခိုးပါမည်နည်း။
ရှောင်းကော မျက်နှာလေး နီမြန်းသွားကာ ပြောလိုက်သည်။ "တစ်သန်းမှာ တစ်ယောက်တော့ ရှိနိုင်တာပဲလေ"
ချင်းအန်းမင်သည် လမ်းတစ်လျှောက်လုံး ရှောင်းကောကို လှောင်ပြောင်ရယ်မောနေတော့သည်။ လယ်ထဲမှာ အလုပ်လုပ်နေစဉ်မှာပင် သူက တစ်ခါတစ်ရံ သူမကို ကြည့်ကာ ရယ်နေသေးသည်။
နောက်ဆုံးတွင်တော့ ရှောင်းကော မခံနိုင်တော့ပေ။ သူမသည် ရွှံ့စေးခဲ တစ်ခဲကို ကောက်ယူကာ ပစ်လိုက်ရာ သူ့ပါးစပ်ကို ကွက်တိမှန်သွားတော့သည်။
ရွှံ့ခဲကြီးက သူ့ပါးစပ်ပေါ် တည့်တည့်ကျသွားသည်။ သူ ပါးစပ်ကို ဟလိုက် ပိတ်လိုက် လုပ်နေစဉ် ရွှံ့ခဲကြီးများ ပြုတ်ကျသွားပြီး အနက်ရောင် အကွက်ကြီးသာ ကျန်ခဲ့တော့သည်။
အခုမှ သူမ အလှည့်ရောက်လာသည်။
"တိုက်ဆိုင်လိုက်တာ။ ဟားဟား..."
ချင်းအန်းမင်မှာ အစကတော့ အားကိုးရာမဲ့သလို ဖြစ်သွားသော်လည်း သူမ အားရပါးရ ရယ်နေသည်ကို မြင်သောအခါ သူ အတော်လေး ရယ်စရာကောင်းနေမည်ကို ခန့်မှန်းမိသွားသည်။ သူ၏ ရုပ်ပုံလွှာကို မြင်ယောင်ရင်း သူမနှင့်အတူ ရယ်မောနေတော့သည်။
မောသွားသည့်အထိ ရယ်ပြီးမှ သူတို့ ရယ်သံများကို ရပ်တန့်ကာ အလုပ်ပြန်လုပ်ကြသည်။
မနက်ခင်းအတွင်းမှာပင် လယ်နှစ်ကွက်လုံးကို ရိတ်သိမ်းပြီး အိမ်သို့ အကုန်သယ်ဆောင်လာခဲ့ကြသည်။ ပြောင်းဖူးရိုးများနှင့် ဂျုံရိုးများကိုပင် ခုတ်ထစ်ကာ လှည်းနှစ်စီးပေါ် တင်ခဲ့ကြသည်။
"ကဲ... သွားကြစို့"
ရှောင်းကောက တံစဉ်ကို လှည်းပေါ်တင်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဘာမှ မကျန်ခဲ့သည်ကို သေချာစေပြီးနောက် အိမ်ပြန်ရန် လက်ဝေ့ယမ်းလိုက်သည်။
သူတို့၏ နဖူးပေါ်တွင် ချွေးများ စိုရွှဲနေသော်လည်း မျက်နှာပေါ်က ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်မရပေ။ ယခုနှစ်တွင် မြေကြီးနှင့် မိုးနတ်မင်းက သူတို့အပေါ် ကြင်နာခဲ့သည်။ မိုးရွာသွန်းမှု လုံလောက်သဖြင့် သီးနှံများမှာ အောင်မြင်ဖြစ်ထွန်းလှသည်။
သူတို့နှစ်ယောက်တည်း မဟုတ်ဘဲ အခြားရွာသားများလည်း ယခုနှစ်တွင် သီးနှံများ အဆမတန် ထွက်ရှိပုံရသည်။ လူတိုင်းအတွက် ကြွယ်ဝချမ်းသာသော နှစ်တစ်နှစ်ပင် ဖြစ်သည်။
မြို့တော်တွင် -
"မင်း ဘယ်သွားမလို့လဲ?"
လီရှို့ကျီသည် စာအိတ်ကို ကိုင်ကာ မြင်းပေါ်မှ ဆင်းလိုက်စဉ် ကျောပိုးအိတ်တစ်လုံး လွယ်ပြီး အသည်းအသန် ထွက်လာသော ကျန်းတန်းဟယ်ကို မြင်လိုက်ရသည်။ သူက အမြန်တားကာ အကြောင်းရင်းကို မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ငါ အိမ်ပြန်မလို့"
ကျန်းတန်းဟယ်သည် စစ်သည်တော် မြင်းလာပို့သည်ကိုပင် မစောင့်နိုင်တော့ပေ။ စကားပြောနေရင်း လီရှို့ကျီ၏ မြင်းပေါ်သို့ တက်ရန် ကြိုးစားကာ "မင်းမြင်း ခဏငှားပါဦး" ဟု ဆိုသည်။
"ဟေး... ခဏနေဦး။ အိမ်မှာ တစ်ခုခု ဖြစ်လို့လား?"
လီရှို့ကျီက သူ့ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆွဲထားကာ ရပ်တန့်ခိုင်းလိုက်သည်။
"အရေးကြီးတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ လုပ်စရာ ရှိလို့ပါ"
ကျန်းတန်းဟယ်သည် အမှန်အတိုင်း မပြောလျှင် လီရှို့ကျီက ညမိုးချုပ်သည့်အထိ ပတ်ရှုပ်နေမည်ကို သိသည်။ ထို့ကြောင့် သူက အားမရသလိုဖြင့် "ဆောင်းဦး ရိတ်သိမ်းချိန်ရောက်ပြီလေ။ အဲဒါ အိမ်ပြန်ပြီး သွားကြည့်မလို့" ဟု ပြောလိုက်သည်။
လီရှို့ကျီ ထိုစကားကို ကြားသောအခါမှ လက်ကို လွှတ်လိုက်ပြီး စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။ "ဒါဆို ဒီစာကိုရော ဒီမှာပဲ ဖတ်သွားဦးမှာလား?"
"ပြန်ရောက်မှ ဖတ်တော့မယ်"
ကျန်းတန်းဟယ်က ဘာမှမစဉ်းစားဘဲ ပြောလိုက်သည်။ သူက အလျင်လိုနေရသည့်ကြားထဲ ဘာစာဖတ်နေရဦးမည်နည်း။
"...ဒါက ငါ့မရီး (ရှောင်းကော) ဆီက စာနော်"
လီရှို့ကျီ စကားပြောပြီးသည်နှင့် ကျန်းတန်းဟယ်၏ လက်က စာအိတ်ကို အမြန်လုယူလိုက်ရာ လီရှို့ကျီ၏ လက်ထဲတွင် အရိပ်တစ်ခုသာ ကျန်ရစ်တော့သည်။
လီရှို့ကျီသည် မျက်စိမှားသည်ဟု ထင်ကာ မျက်လုံးကို အတင်းပွတ်လိုက်မိသည်။ အဖြစ်အပျက်ကို သတိထားမိသည့်အချိန်တွင် စာအိတ်လည်း မရှိတော့၊ လူလည်း မရှိတော့ပေ။ သူ့ကို ကြည့်နေသော မြင်းတစ်ကောင်သာ ကျန်ရစ်တော့သည်။
"စစ်သူကြီး ဘယ်မှာလဲ?"
"လက်ထောက်စစ်သူကြီးကို တင်ပြပါတယ်၊ စစ်သူကြီး ပြန်သွားပါပြီ"
စစ်သည်တော်က မယုံနိုင်သလို မျက်လုံးကို ပွတ်ရင်း အံ့သြတကြီး ပြောသည်။ စစ်သူကြီး၏ အရှိန်မှာ တကယ်ပင် အံ့မခန်းလှသည်။ သူ့မျက်စိက မလျင်လျှင် မြင်လိုက်ရမည် မဟုတ်ပေ။
လီရှို့ကျီသည် တံခါးဝကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ့ရင်ထဲက ဒေါသကို မထိန်းနိုင်တော့သဖြင့် မြင်းပေါ်သို့ ဒေါသတကြီး ခွတက်လိုက်သည်။
၎င်းကို မြင်သောအခါ တံခါးဝက စစ်သည်တော်က အမြန်မေးသည်။
"လက်ထောက်စစ်သူကြီး... ဘယ်သွားမလို့လဲ?"
စစ်သူကြီးက နောက်မှ လာရှာလျှင် မတွေ့မည်စိုးသဖြင့် ကြိုမေးထားခြင်းဖြစ်သည်။
"စစ်တန်းလျားကို"
စစ်သည်တော်မှာ စစ်တန်းလျားက ခုနကမှ လာခြင်းဖြစ်သဖြင့် လီရှို့ကျီ ဘာကြောင့် သွားသည်ကို သိသည်။ သူ စိတ်ထဲကနေ သက်ပြင်းတိုးတိုးချလိုက်မိသည်။
သူ ဒေါသထွက်နေပုံကို ကြည့်ရတာ စစ်သားသစ်တွေကို ဒေါသပုံချတော့မည်မှာ သေချာသည်။ သူတို့အတွက် တကယ် သနားမိသည်။
တွေးကြည့်မှ စစ်စခန်းကနေ ထွက်ပြီး ဒီမှာ ကင်းစောင့်ရတာက ကံကောင်းခြင်းတစ်ခုပဲ။ အနည်းဆုံးတော့ အထက်လူကြီးရဲ့ ဒေါသပုံချခံရမှာကို အမြဲ စိုးရိမ်မနေရဘူးလေ။
အရာအားလုံးကို တွေးတောပြီးနောက် စစ်သည်သည် အခြားတစ်ယောက်နှင့် ကင်းအလှည့် အမြန်လဲကာ ထမင်းစားရန် ထွက်လာခဲ့သည်။ မီးဖိုချောင်နား မရောက်ခင်မှာပင် ဟင်းနံ့လေးကို ရလိုက်သဖြင့် တံတွေးမျိုချကာ ခြေလှမ်းကို မြှင့်လိုက်သည်။ ယခုအချိန်တွင် သူ ဤနေရာမှာ အလုပ်လုပ်ရသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပို၍ သေချာသွားတော့သည်။
အခြားတစ်ဖက်တွင်မူ ကျန်းတန်းဟယ်သည် စာကို ကိုင်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာပြီး ကျောပိုးအိတ်ကို ကုတင်ပေါ် ပစ်တင်လိုက်သည်။ ထို့နောက် ကုတင်ဘေးမှာ ထိုင်ကာ စာအိတ်လေးကို အသာအယာ ပွတ်သပ်နေတော့သည်။ စာအိတ်ပေါ်က စာလုံးများကို ကြည့်ရင်း ချစ်ခင်မြတ်နိုးစိတ်နှင့်အတူ စိတ်တိုစိတ်ကလည်း ဒွန်တွဲနေသည်။
ဤနှလုံးသားမရှိသော မိန်းကလေးမှာ ဤမျှအကြာကြီးမှ စာရေးသဖြင့် သူ့မှာ ညတိုင်း အိပ်မပျော် ဖြစ်ခဲ့ရသည်။
စာကို မပျက်စီးစေချင်သဖြင့် စာအိတ်ကို အသာအယာ ဆုတ်ဖြဲကာ အထဲမှ စာရွက်ကို ထုတ်ယူလိုက်သည်။ စာရွက်၏ အထူကို ကြည့်ကာမှ သူ့ရင်ထဲက မကျေနပ်ချက်များမှာ လွင့်စင်သွားတော့သည်။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ချက်ချင်း ပေါ်လာပြီး နှုတ်ခမ်းအစုံမှာလည်း မထိန်းနိုင်ဘဲ ပြုံးယောင်သန်းလာသည်။
"စာလုံးအရေအတွက် ပြည့်အောင် တမင်လျှောက်ရေးထားတာဆိုရင်တော့ ငါ ချက်ချင်း အိမ်ပြန်လာပြီး မင်းကို ငါ့အတွက် ကလေးတစ်ယောက် မွေးခိုင်းမယ်" ဟု ကျန်းတန်းဟယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော် ရလဒ်ကတော့ သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ ယခုတစ်ခေါက်တွင် ရှောင်းကောသည် စာလုံးအရေအတွက် ပြည့်အောင် လျှောက်ရေးထားခြင်း မဟုတ်ဘဲ သူမ ရေးသမျှ စာလုံးတိုင်းမှာ သူမ၏ ရင်ထဲမှ လာခြင်းဖြစ်သည်။ အသားထူလှသော ကျန်းတန်းဟယ်ပင်လျှင် စာကို ဖတ်ရင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်သွားသည်။
သူမသည် စာထဲတွင် ချိုသာပြီး နွေးထွေးသော စကားများကို ရေးထားရုံသာမက သူမ၏ နေ့စဉ်ဘဝ အကြောင်းအရာများကိုလည်း မျှဝေထားသဖြင့် သူ့ကို အိမ်ကို ပို၍ လွမ်းဆွတ်စေသည်။ ထို့အပြင် စာထဲက စကားလုံးများမှာ ရှောင်းကောက သူ့နားနားတွင် တိုးတိုးလေး ကပ်ပြောနေသကဲ့သို့ ခံစားရစေသည်။ ထိုခံစားချက်မှာ အလွန်ပင် ရင်းနှီးနွေးထွေးလှသည်။
ဒါတော့ ဒုက္ခပဲ... သူ အိမ်ကို ပိုပြီး လွမ်းသွားပြီ။
စာဖတ်ပြီးနောက် ကျန်းတန်းဟယ်၏ ခေါင်းထဲတွင် ဤအတွေးတစ်ခုသာ ရှိတော့သည်။ သူ အိမ်ပြန်ချင်စိတ်မှာ ပို၍ ပြင်းပြလာတော့သည်။
"ဟတ်ချိုး..."
ရှောင်းကောသည် နှာခေါင်းကို မသက်မသာ ပွတ်လိုက်ရင်း မြည်းလှည်းကို ဆက်မောင်းနေသည်။ ထိုနေ့က သီးနှံများ ရိတ်သိမ်းပြီးကတည်းက သူမ နှာမချေဘဲ မနေနိုင်အောင် ဖြစ်နေသည်။ ဖြစ်နိုင်သည်မှာ သူမ အအေးမိသွားခြင်း ဖြစ်နိုင်သည်။
ဒါပေမဲ့ သူမ အအေးမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူမရဲ့ အထူးစွမ်းအားတွေနဲ့ဆိုရင် သူမ လုံးဝ ဖျားမှာ မဟုတ်ဘူးလေ။
"ဟတ်ချိုး..."
ထိုသို့ တွေးနေစဉ်မှာပင် သူမ နောက်တစ်ကြိမ် နှာချေမိပြန်သည်။
နှာတစ်ချက်ချေရင် တစ်ယောက်ယောက်က သတိရနေတာ၊ နှစ်ချက်ချေရင် တစ်ယောက်ယောက်က ကျိန်ဆဲနေတာတဲ့။ ရှောင်းကော နှာချေတိုင်းမှာ တစ်ချက်တည်းသာ ချေခြင်းဖြစ်သည်။ အကယ်၍ သူမ နေမကောင်းတာ မဟုတ်လျှင် တစ်ယောက်ယောက်က သူမအကြောင်း ပြောနေခြင်း ဖြစ်ရမည်။
ထိုသို့ တွေးမိရင်း သူမ ရယ်မိသွားသည်။
ခန့်မှန်းနေစရာ မလိုပါဘူး။ ကျွမ်းကျွမ်းပဲ ဖြစ်ရမယ်!
သူမ သူ့ကို လာကြိုရမည့် အချိန်ဖြစ်မှန်း သိသဖြင့် သူ ဘယ်အချိန်ကတည်းက သူမအကြောင်း ပြောနေမလဲဟု တွေးနေမိသည်။
"ဒီကလေးလေးကတော့..."
သူမ ဒီနေ့ သူ့ကို လာကြိုမည်ကို သိသဖြင့် သူ စိတ်လှုပ်ရှားစွာ စောင့်နေမည်မှာ သေချာသည်။ ဤသို့ တွေးမိရင်း ရှောင်းကော ပြုံးလိုက်ကာ လှည်းကို အရှိန်မြှင့်လိုက်သည်။ တကယ်တော့ သူမလည်း ကျွမ်းကျွမ်းကို အများကြီး သတိရနေမိသည်။