← Chapters

အခန်း (၃၉၀)

Vol. 26 Ch. 390

အခန်း (၃၉၀)

Vol. 26 Ch. 390

သို့သော် အမှန်တရားက သူမကို စိတ်ပျက်စေခဲ့သည်။

ကျွမ်းကျွမ်းသည် ရှောင်းကောကို အလွန်အမင်း သတိရမနေခဲ့ပေ။ မဟုတ်သေး... ပြောရလျှင် သူသည် လောလောဆယ်တွင် သူမအကြောင်းကို တွေးရန် အချိန်မရှိခြင်း ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူ၏အချိန်အများစုမှာ လမ်းပေါ်တွင်သာ ကုန်ဆုံးခဲ့သည်။ ကျောင်းတက်ရသည့် ငါးရက်တွင် လေးရက်ခွဲမှာ အပြင်သို့ ရောက်နေပြီး ကျန်သည့် နာရီဝက်ခန့်သာ အနားယူချိန် ရခဲ့သည်။

ရှောင်းကောက ကျွမ်းကျွမ်းကို ပြန်ခေါ်လာသည့်အခါ ကလေးငယ်က ပြီးခဲ့သည့်ရက်များအတွင်း သူဘယ်နေရာများကို ရောက်ခဲ့သည်ဆိုသည်ကို ပျော်ရွှင်စွာ ပြောပြနေတော့သည်။

ထိုနေရာများမှာ ဖုန်ထူပြီး မြေဩဇာကောင်းသော်လည်း လူသူကင်းမဲ့သည့် ဒေသများဖြစ်သည်။

သူတို့ပတ်ဝန်းကျင်တွင် ဆင်းရဲတွင်းနက်နေသူများ ရှိနေသေးသည်ကို သူသိလိုက်ရသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်း သူခံစားခဲ့ရသည့် သာယာသောဘဝကြောင့် သူတို့ ငတ်မွတ်ခဲ့ရသည့် အချိန်များကို သူပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။

ဤအဖြစ်အပျက်များကို မြင်တွေ့ရခြင်းက ကျွမ်းကျွမ်းကို အချိန်အတော်ကြာ တိတ်ဆိတ်သွားစေခဲ့သည်။ သို့သော် ၎င်းမှာ ဆရာခုံး၏ ရည်ရွယ်ချက် မဟုတ်ပေ။

ကလေးငယ် ညှိုးငယ်နေသည်ကို မြင်သဖြင့် ဆရာခုံးက သူ့ကို လယ်ကွင်းများသို့ ခေါ်သွားကာ မိသားစုတိုင်း၏ ရိတ်သိမ်းပွဲများကို လေ့လာခိုင်းသည်။

မြင်ကွင်းနှစ်ခု၏ အလွန်အမင်း ကွာခြားချက်က အရာရာကို အပေါ်ယံမကြည့်ရန် ကျွမ်းကျွမ်းကို နားလည်သွားစေသည်။ ခက်ခဲသော အခြေအနေများသည် ကုန်ဆုံးသွားမည်ဖြစ်ပြီး ကောင်းမွန်သောအရာများသည် အနာဂတ်တွင် စောင့်ကြိုနေမည် ဖြစ်သည်။

ကျွမ်းကျွမ်းသည် တစ်ကိုယ်တည်းနေသည့် အဘိုးအိုတစ်ဦးအတွက် ထင်းခုတ်၊ ရေခပ်ပေးခြင်းဖြင့် ကူညီခဲ့သည်။ သူ့ထက်ငယ်သည့် ကလေးများကိုလည်း နာမည်ရေးနည်း သင်ပေးခဲ့သည်။ အဘိုးအိုနှစ်ဦးကိုလည်း ပြောင်းဖူးနွှာပေးခဲ့သေးသည်။

ရှောင်းကောသည် ဆရာခုံး၏ စေတနာကို နားလည်သွားပြီး အလွန်ပင် စိတ်လှုပ်ရှားမိသည်။ သူမသည် ကျွမ်းကျွမ်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိသည်။ ကျွမ်းကျွမ်းကို ဆရာခုံးထံတွင် ထားခဲ့ခြင်းမှာ သူမ၏ အကောင်းဆုံး ဆုံးဖြတ်ချက်ဟု ခံစားလိုက်ရသည်။ သင်ယူစရာတွေက တကယ်ကို များပြားလှသည်။

ကျွမ်းကျွမ်းသည် ရုတ်တရက် အပြုံးများရပ်သွားကာ ရှောင်းကောကို ဝမ်းနည်းပန်းနည်း ဖက်လိုက်သည်။ သူသည် မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူမကို မော့ကြည့်ကာ သနားစရာမျက်နှာလေး လုပ်နေတော့သည်။

"ဘာဖြစ်လို့လဲ သားရဲ့?"

ရှောင်းကောက စပ်စုသည့်စိတ်ဖြင့် သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။ ဘာလို့ ရုတ်တရက် အပြုံးတွေ ပျောက်သွားရတာလဲ? ယောက်ျားလေးတွေက ဒီလောက်တောင် စိတ်ကူးယဉ်ဆန်တတ်ကြတာလား...?

"မေမေ... သား နောက်ကျရင် လိမ္မာတဲ့ကလေး ဖြစ်ပါ့မယ်။"

ရှောင်းကောသည် သူဘာကြောင့် ဤစကားကို ပြောသည်ကို နားမလည်သော်လည်း စိတ်လှုပ်ရှားမိကာ ပြုံးလိုက်သည်။

"သားလေး ဘေးကင်းဘေးကင်းနဲ့ ကြီးပြင်းလာရင်ပဲ တော်ပါပြီ။"

မိဘအများစုသည် သားသမီးများကို အောင်မြင်ကျော်ကြားစေချင်သည်ထက် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားစေချင်ကြသည်မှာ အမှန်ပင်။ ကျန်သည့်အရာများမှာ အပိုဆုများသာ ဖြစ်သည်။

"ဆရာခုံးဆီမှာ စိတ်ပါလက်ပါ သင်ယူတာက သားရဲ့ တစ်သက်စာအတွက် အကျိုးရှိမှာပါ။"

"ဟုတ်ကဲ့ပါ မေမေ။"

ရှောင်းကောသည် မနာလိုစိတ် မရှိတော့ပေ။ ကျွမ်းကျွမ်းသည် ဆရာခုံးနောက် လိုက်နေသဖြင့် သူမကို သတိရရန် အချိန်မရှိသော်လည်း ကိစ္စမရှိပါ။ ကလေးဆိုသည်မှာ တစ်နေ့တွင် မိဘများ မမြင်ရသည့် နေရာ၌ တိတ်တဆိတ် ကြီးပြင်းလာရစမြဲ ဖြစ်သည်။

အကြောင်းရင်းကို မသိရသော်လည်း ဆရာခုံးထံမှ ပြန်ရောက်လာပြီးနောက် ကျွမ်းကျွမ်းသည် ဝိတ်လျှော့တော့မည်ဟု ကြေညာတော့သည်။ ရှောင်းကော ချက်ထားသည့် ဝက်ခြေထောက် ဟင်းကပင် သူ့ကို မဆွဲဆောင်နိုင်တော့ပေ။ ရှောင်းကော အကြောင်းရင်းကို မေးသော်လည်း သူက မပြောပေ။

"မေမေ... သားကို မတိုက်တွန်းပါနဲ့တော့။ သား မစားတော့ဘူး။"

"ဘာလို့လဲ? ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ?"

ရှောင်းကောက ပြောရင်းနှင့် ဝက်သားတစ်တုံးကို သူ့နှာခေါင်းနားသို့ ကပ်ကာ မြှူဆွယ်လိုက်သည်။ အစကတော့ ကျွမ်းကျွမ်းမှာ အသားညှော်နံ့ကို မတောင့်ခံနိုင်တော့လုနီးပါး ဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင်တော့ တံတွေးကို မျိုချကာ ခေါင်းကို အတင်းခါလိုက်သည်။

"မစားဘူးဆို မစားဘူးပဲ။ မေမေ အပင်ပန်းမခံပါနဲ့တော့။ သား သခွားသီးပဲ စားတော့မယ်။"

"မဖြစ်နိုင်တာ။ ကျွမ်းကျွမ်း... အကြောင်းရင်းက ဘာလဲ?"

ရှောင်းကောက ဝက်သားတုံးကို ချလိုက်ပြီး သူ့ကို ဇဝေဇဝါ ကြည့်လိုက်သည်။ ကျွမ်းကျွမ်းသည် အသားတုံးဆီမှ အကြည့်ကို အတင်းလွှဲလိုက်ပြီး တိတ်တဆိတ် တံတွေးမျိုချလိုက်မိသည်။

စောစောက ဝက်အရေခွံလေးက တုန်တုန် တုန်တုန်နဲ့... အို... မေမေ့ရဲ့ ဝက်ခြေထောက်ဟင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ ဗိုက်ဆာလိုက်တာ... နှမြောစရာပဲ... ငါ သည်းခံရမယ်!!!

"ဟင့်အင်း... ဘာအကြောင်းမှ မရှိပါဘူး။ သား ဝိတ်လျှော့ချင်လို့ပါ။"

ကျွမ်းကျွမ်းက အမှန်အတိုင်း မပြောသဖြင့် ရှောင်းကောလည်း မတတ်နိုင်တော့ပေ။ ဝိတ်လျှော့ချင်လျှင်လည်း လျှော့ပါစေတော့ဟု သဘောထားကာ မီးဖိုချောင်သို့ သွားပြီး သခွားသီးတစ်လုံး ယူပေးလိုက်သည်။

"ကဲ... စားတော့။"

ရှောင်းကောက ရေစက်လေးများ တင်နေသည့် သခွားသီးကို ကမ်းပေးလိုက်သည်။ ထို့နောက် သူမ၏ လက်မှ ရေစက်များကို ခါထုတ်ကာ ထမင်းစားရန် ပြင်လိုက်သည်။ သို့သော် ဝက်သားတုံး တစ်တုံး ပျောက်နေသည်ကို သူမ ရုတ်တရက် သတိထားမိသွားသည်။

ရှောင်းကော၏ လက်ချောင်းများ တုန့်ခနဲ ဖြစ်သွားပြီး ကျွမ်းကျွမ်းကို ခိုးကြည့်လိုက်သည်။ မမျှော်လင့်ဘဲ တစ်ဖက်လူမှာ အမြီးနင်းခံလိုက်ရသည့်အသီးလို တင်းမာသွားသည်။ သူ တစ်ခုခု ခိုးလုပ်ထားသဖြင့် အမိဖမ်းခံရမှာ ကြောက်နေသည်မှာ သိသာလှသည်။

သူမ၏ စူးရှသော မျက်လုံးများက သူ၏ ပါးစပ်ထောင့်မှ အသားအစွန်းအထင်းများကို မြင်လိုက်ရသည်။ ဝက်သားတုံးကို အလျင်မြန်စားလိုက်သဖြင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်ရမည်။

ရှောင်းကောသည် စိတ်ထဲကနေ ခိုးရယ်လိုက်ပြီး ဘာမှမသိသလို ဟန်ဆောင်ကာ ဝက်သားကို ယူပြီး မြိန်ရည်ယှက်ရည် စားပြလိုက်သည်။

"အင်း... အရသာ ရှိလိုက်တာ..."

ကျွမ်းကျွမ်းသည် ဘာမှမပြောဘဲ သခွားသီးကိုသာ တမြုံ့မြုံ့ ကိုက်နေရှာသည်။ သူ၏ ပါးစပ်ထောင့်တွင် သခွားသီးအရည်လား၊ တံတွေးလား မသိသည့် အရည်များ စိုစွတ်နေသည်။

ရှောင်းကောက နောက်တစ်လုပ် ထပ်စားလိုက်ချိန်တွင် ကျွမ်းကျွမ်းသည် မျက်ရည်ဝဲလျက် အရသာမရှိသော သခွားသီးကို မြိုချလိုက်သည်။ သူသည် ဟန်ကိုယ့်ဖို့ဖြင့် လက်ခုပ်တီးကာ ပြောလိုက်သည်။

"ဗိုက်ဝသွားပြီ။ သား အခန်းထဲ အရင်သွားတော့မယ်။"

"အေး အေး... သွားလေ။"

ရှောင်းကောက လက်ဝေ့ယမ်းပြရင်း ဝက်ခြေထောက်ကို သူ့ရှေ့မှာ တမင် မြှူပြလိုက်သည်။ သူ ပါးစပ်ဟတော့မည့်ဆဲဆဲမှာ သူမက မပေးဘဲ စနောက်လိုက်သည်။

ကျွမ်းကျွမ်းက ခါးထောက်ကာ "ဟွန့်... မစားပါဘူး" ဟု ဆိုသည်။ ရှောင်းကောက အမြန်ခေါင်းငြိမ့်ပြကာ "သိပါပြီ။ ညကျရင် သခွားသီး နောက်တစ်လုံး ထပ်ပေးမယ်လေ" ဟု ပြောလိုက်သည်။

"..."

'အို... အဲဒီအသားက ဆွဲဆောင်မှု ရှိလိုက်တာ...' ကျွမ်းကျွမ်းသည် မျက်ရည်ဝဲလျက် လှည့်ထွက်ကာ အခန်းထဲ ပြန်ဝင်သွားတော့သည်။ 'သူ သခွားသီး မလိုချင်ဘူး၊ အသားပဲ လိုချင်တာ...'

ဒါတွေအားလုံး အစ်ကိုရှောင်းဟူကြောင့် ဖြစ်ရတာ။ သူက ကျွမ်းကျွမ်းကို ဘောလုံးတစ်လုံးလို ဝနေတာပဲတဲ့၊ ပညာတတ်တစ်ယောက်နဲ့ မတူဘူးတဲ့။ ပညာတတ်တွေက ပိန်ပိန်ပါးပါးလေးတွေ ဖြစ်ရမှာတဲ့။

ကျွမ်းကျွမ်းက သူက ဝပေမဲ့ ချစ်စရာကောင်းတယ်လို့ ပြန်ပြောတော့၊ အစ်ကိုရှောင်းဟူက "ချစ်စရာကောင်းတယ်ဆိုတာ မိန်းကလေးတွေကိုပဲ သုံးတာ" လို့ ပြောလိုက်တာလေ။

အဲဒီစကားသာ မပြောခဲ့ရင် ကျွမ်းကျွမ်း ဝိတ်လျှော့ဖို့ တွေးမှာ မဟုတ်ပါဘူး။ အခုဆို ဘာမှမတွေးဘဲ အားရပါးရ စားနေလောက်ပြီ... ဝက်ခြေထောက်... သူ့ရဲ့ ဝက်ခြေထောက်လေး...

ရှောင်းကောသည် အခန်းထဲ ပြန်ဝင်သွားသည့် ကျွမ်းကျွမ်းကို ကြည့်ကာ တိတ်တိတ်လေး ရယ်နေမိသည်။ အနားယူဖို့ သွားတာလို့ သူပြောပေမဲ့၊ သူမ ခန့်မှန်းရရင်တော့ အခန်းထဲမှာ ပုန်းပြီး ငိုနေလောက်ပြီ။

ကျွမ်းကျွမ်း မရှိသဖြင့် ရှောင်းကောလည်း အစားမဝင်တော့ပေ။ ထမင်းတစ်ပန်းကန် စားပြီးနောက် ကျွမ်းကျွမ်းအတွက် ထမင်းတစ်ပန်းကန် ခူးလိုက်သည်။

"ကျွမ်းကျွမ်း... မေမေ အမျိုးသမီးယန်ဆီ ခဏသွားဦးမယ်။ ပန်းကန်တွေ ဆေးထားဖို့ မမေ့နဲ့ဦးနော်..."

"ဟုတ်ကဲ့ပါ မေမေ!"

ကျွမ်းကျွမ်း၏ မျှော်လင့်ချက်အပြည့်ပါသော အသံလေး ထွက်ပေါ်လာသည်။

ရှောင်းကောသည် ထိုအသံကို ကြားသဖြင့် ခိုးရယ်ကာ အိမ်ပြင်သို့ တမင်တကာ အသံမြည်အောင် ထွက်လာခဲ့သည်။ တံခါးပိတ်သံ ကြားသည်နှင့် ကျွမ်းကျွမ်းသည် အခန်းတံခါးကို အသာဟကာ လူမရှိသည်ကို သေချာစေပြီးမှ ပြေးထွက်လာတော့သည်။

သူက အသားနည်းနည်းပဲ စားဖို့ ကြံထားသော်လည်း စားပွဲပေါ်က ထမင်းပန်းကန်နှင့် အနားက တူကို မြင်လိုက်ရသည့်အခါ ပါးစပ်က တံတွေးများ ချက်ချင်း စီးကျလာတော့သည်။

ထင်ထားတဲ့အတိုင်းပဲ၊ မေမေက သူ့ကို ချစ်နေတုန်းပဲ... ကျွမ်းကျွမ်းသည် မျက်ရည်ဝဲလျက် ထမင်းတစ်ပန်းကန်နှင့် ဝက်ခြေထောက် တဝက်ကို အားရပါးရ စားပစ်လိုက်သည်။ လေးနှစ်သားအရွယ် ကလေးတစ်ယောက်၏ အစားအသောက်အရဆိုလျှင် သူ အတော်လေး အများကြီး စားလိုက်ခြင်း ဖြစ်သည်။

ရှောင်းကော အပြင်ထွက်လာပြီးနောက် အမျိုးသမီးယန်၏ အိမ်သို့ တန်းသွားလိုက်သည်။ ကျွမ်းကျွမ်းက ဘာမှမပြောသော်လည်း ရှောင်းဟူကတော့ အကြောင်းရင်းကို သိရပေမည်။ မနေ့က ပြန်လာတုန်းက ကျွမ်းကျွမ်း နေကောင်းသေးသည် မဟုတ်ပါလား။

အဖြစ်အပျက်ကို သိလိုက်ရသောအခါ ရှောင်းကောကတော့ အေးအေးဆေးဆေးပင်။ သို့သော် အမျိုးသမီးယန်ကတော့ ဒေါသထွက်သွားသည်။ သူမသည် ဗိုက်ကြီးတကားကားနှင့်ပင် တံမြက်စည်းကို ကိုင်ကာ ရှောင်းဟူ၏ တင်ပါးကို ရိုက်ရန် ကြိုးစားတော့သည်။

ရှောင်းဟူက အိမ်ထဲတွင် ပတ်ပြေးနေပြီး သူ့အမေက တံမြက်စည်းနှင့် လိုက်နေသည်။ ကျန်သည့်လူများကတော့ ဘာမှမမြင်သလိုပင် နေကြသည်။ ဤမြင်ကွင်းမှာ ယန်မိသားစုတွင် အလွန်ပင် ရိုးအိနေပြီ ဖြစ်ရမည်။

အစကတော့ ရှောင်းကော စိုးရိမ်ပြီး တားဖို့ ကြိုးစားသော်လည်း အမျိုးသမီးယန်က တကယ်ရိုက်နေခြင်း မဟုတ်ဘဲ ခြောက်လှန့်နေခြင်းသာ ဖြစ်မှန်း သိလိုက်သဖြင့် ဆက်မတားတော့ပေ။ ရှောင်းဟူက အတော်လေး ဆိုးသည်။ သူက ပြေးရင်းလွှားရင်းနှင့်ပင် လှည့်ကြည့်ကာ "အမေ ကျွန်တော့်ကို မမီပါဘူး!" ဟု ရယ်မောနေသေးသည်။

အမျိုးသမီးယန်ကလည်း ဇွဲမလျှော့ပေ။ ရှောင်းဟူက ပိုပြီး စိန်ခေါ်လေ သူမက ပိုပြီး အားတက်လာလေပင်။ မသိလိုက်ဘဲ သူမ၏ လက်ထဲတွင် တံမြက်စည်းတစ်ချောင်းနှင့် ဖိနပ်တစ်ဖက်ပါ ရောက်နေပြီဖြစ်သည်။

သူမသည် လက်ထဲက ပစ္စည်းနှစ်ခုလုံးကို သုံးတော့မည်။ သူ့ကို အရှုံးပေးသည့်အထိ ရိုက်ရန် ဆုံးဖြတ်ထားသည်။ သူမက ရှောင်းဟူ ကြောက်နေသည်ကို သိသဖြင့် "ငါ မမီဘူး ဟုတ်လား? မိတဲ့အခါ ဘယ်လို အရိုက်ခံရမလဲ ကြည့်ထားလိုက်!" ဟု ခြိမ်းခြောက်လိုက်သည်။

သူတို့သားအမိ နှစ်ယောက် အိမ်ထဲ ပတ်ပြေးနေသည့် မြင်ကွင်းမှာ အတော်လေး ကြည့်ကောင်းလှသည်။

ယန်ဖုန်းက ရှောင်းကောအတွက် ဖရဲစေ့တစ်ဆုပ် ကမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်မှာ စကားပြောရင်း စားရင်းနှင့် ရှောင်းဟူ ဘယ်အချိန်မှာ အရှုံးပေးမလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။ နောက်ဆုံးတွင်တော့ ရှောင်းဟူ တင်ပါးကို ကိုင်ကာ ငိုယိုရင်း အဆုံးသတ်သွားခဲ့သည်။

ရှောင်းကော ယန်အမျိုးသမီး၏ အိမ်မှ ထွက်လာသောအခါ သူမ၏ အိမ်ရှေ့တွင် မြင်းလှည်းတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ အနားသို့ တိုးသွားသောအခါ သူမ သိသည့်လူ ဖြစ်နေသည်။

"ကျွန်မအတွက် စာပါလာတာလား?"

"သခင်မအတွက် စာပါ ခင်ဗျာ။"

နှစ်ယောက်သား တစ်ပြိုင်တည်း စကားပြောမိသွားသည်။ စာပို့သမားက ရှက်ပြုံးလေး ပြုံးကာ စာကို ကမ်းပေးလိုက်သည်။

"ကျေးဇူးပါပဲ။"

ရှောင်းကော စာကို ယူလိုက်ပြီး နာမည်ကို ငုံ့ကြည့်လိုက်သည်။ သူမ အံ့သြသွားရသည်မှာ ၎င်းမှာ ကျန်းတန်းဟယ်၏ လက်မှတ် မဟုတ်ဘဲ ရှောက်ယိဆီက ဖြစ်နေသောကြောင့်ပင်။

All Chapters