အခန်း (၃၉၁)
Vol. 27 Ch. 391
ရှောက်ယိထံမှ သတင်းမကြားရသည်မှာ ကြာပြီဖြစ်သည်။ သူ့ထံ မကြာခဏ အဆက်အသွယ်လုပ်မည်ဟု သူမ ကတိပေးခဲ့သော်လည်း ထိုကတိကို သူမ မေ့လုနီးပါး ဖြစ်နေခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ချင်းရှောင်းကောသည် သူမလက်ထဲရှိ စာကိုသာ အာရုံစိုက်ဖတ်နေမိသည်။ ကျွမ်းကျွမ်းက မီးဖိုချောင်ထဲမှ ခိုးထွက်လာပြီး သူမအနောက်တွင် ရပ်နေသည်ကိုပင် သူမ သတိမထားမိပေ။
“မေမေ... ဘာကြည့်နေတာလဲဟင်?”
ကျွမ်းကျွမ်းက သူ့ပါးစပ်ကို သုတ်လိုက်ရင်း သူမအနောက်တွင် ရပ်နေသည်။
ချင်းရှောင်းကော အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ လေထဲတွင် သင်းပျံ့နေသော အသားဟင်းနံ့ကို သူမ ရလိုက်သည်။ သူမ အသေအချာ အနံ့ခံကြည့်လိုက်သော်လည်း သူ့ကို မဖော်ထုတ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမ၏ လူကြီးလူကောင်းလေးကို မျက်နှာသာပေးရမည် မဟုတ်ပါလား။
“ရှောက်ယိဆီက စာလေ။”
“ရှောက်ယိဆီကလား?”
“ရှောက်ယိဆီကပေါ့!”
ချင်းရှောင်းကောက ကျွမ်းကျွမ်း၏ လေသံကို လိုက်တုပြီး သူ့ကို စာပြလိုက်သည်။
ကျွမ်းကျွမ်းက ရှောက်ယိ၏အမည်ကို ကြားသည်နှင့် စာကိုဖွင့်ကြည့်ချင်လာသည်။ သို့သော် ချင်ရှောင်းကောက သူ့ကို မပေးပေ။ သူ မည်မျှပင် ကြိုးစားယူသော်လည်း သူမက လုံးဝ လက်မလွှတ်ခဲ့ပေ။
“မေမေ... သားကို ပေးပါဦး...”
“ပေးလို့ရပါတယ်၊ ဒါပေမဲ့ အရင်ဆုံး လက်ဆေးရမယ်။”
ကျွမ်းကျွမ်းက ရှက်ကိုးရှက်ကန်းဖြင့် သူ၏ ဆီပေနေသော လက်များကို ဝှက်လိုက်ပြီး မျက်နှာလေးနီကာ ချင်းရှောင်းကောကို ကြည့်လိုက်သည်။
သူ့အမေက မြန်မြန်ပြန်ရောက်လာသောကြောင့် သူ အစားခိုးစားထားသည့် အထောက်အထားများကို ဖျောက်ဖျက်ရန် အချိန်မရလိုက်ခြင်း ဖြစ်သည်။
သူသည် ချင်ရှောင်းကောကို ရှက်ရွံ့စွာ ကြည့်ပြီး ရေကန်ရှိရာဘက်သို့ တရွေ့ရွေ့သွားခဲ့သည်။ ချင်းရှောင်းကောက သူ့ကို ဆူပူကြိမ်းမောင်းမည်ကို အလွန်ကြောက်နေပုံရသည်။
ချင်းရှောင်းကောက ခေါင်းလှည့်ပြီး ခိုးရယ်လိုက်သည်။ ထို့နောက် လက်ဆေးနေသော ကျွမ်းကျွမ်းကို လှမ်းကြည့်လိုက်သည်။ သူ လက်ဆေးပြီး၍ ခြောက်အောင်သုတ်ပြီးနောက်မှ သူမက စာကို ကမ်းပေးလိုက်သည်။
“သွား... ဖတ်တော့။”
“သား မေမေ့ကို ချစ်တယ်...”
ကျွမ်းကျွမ်းက တဟားဟားရယ်ပြီး စာအိတ်ကို ကိုင်ကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။
သူ ပြေးသွားသော အနောက်ဘက်မြင်ကွင်းကို ချင်းရှောင်းကော မြင်လိုက်ရသည်။ သူ၏ သန့်ရှင်းသော အဝတ်အစားပေါ်ရှိ တင်ပါးနေရာတွင် ဆီပေနေသော လက်ဗွေရာ နှစ်ခု ထင်ကျန်နေခဲ့သည်။
စောစောက ကျွမ်းကျွမ်း မည်မျှ ပြာယာခတ်သွားမည်ကို သူမ ခန့်မှန်းမိသည်။ သူမ အိမ်ထဲဝင်လာချိန်တွင် သူ လန့်သွားပုံရသည်။ လက်ဆေးရန် အချိန်မရှိသဖြင့် သူ့လက်များကို အနောက်တွင်သာ သုတ်လိုက်ခြင်း ဖြစ်ပေမည်။
ထိုစဉ် အိမ်ထဲသို့ ပြေးဝင်သွားသော ကျွမ်းကျွမ်းသည် စာတစ်စောင်ကို ကိုင်ပြီး ပြန်ထွက်လာပြန်သည်။
“မေမေ... ဒါက ရှောက်ယိက မေမေ့အတွက် ပေးတာတဲ့။”
သူက စာကို သူမလက်ထဲ ကမ်းပေးလိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားသည်။
စောစောက သူ စာအိတ်ကို ဖွင့်လိုက်သောအခါ စာနှစ်စောင် ပါနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ တစ်စောင်က ကျွမ်းကျွမ်းအတွက်ဖြစ်ပြီး နောက်တစ်စောင်က ချင်းရှောင်းကောအတွက် ဖြစ်သည်။
သူသည် စာကို ခိုးမဖတ်ဘဲ ချင်ရှောင်းကောထံသို့ ချက်ချင်း လာပေးခဲ့ခြင်းဖြစ်သည်။ သူ့အမေက သူ့ကိုပဲ ချစ်စေချင်ပြီး ထိုအချစ်ကို မည်သူနှင့်မျှ မဝေမျှချင်သော်လည်း ရှောက်ယိဆိုလျှင်တော့ သူ လက်ခံနိုင်ပါသည်။
ချင်းရှောင်းကော အိမ်ထဲသို့ မဝင်တော့ဘဲ ခြံထဲရှိ လှေကားထစ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။
သူမ ရင်ခုန်စွာဖြင့် စာအိတ်ကို ဖွင့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ ရိုးရှင်းသော နှုတ်ခွန်းဆက်စကားနှင့် သူ၏ လတ်တလော အခြေအနေများအကြောင်း ဖြစ်သည်။ အရေးကြီးဆုံးမှာ စာတစ်စောင်လုံးတွင် ချင်ရှောင်းကောကို လွမ်းဆွတ်တမ်းတနေသည့် စကားလုံးများဖြင့် ပြည့်နှက်နေခြင်းပင်။
ပြီးခဲ့သည့်အကြိမ် ခွဲခွာခါနီးတွင် ရှောက်ယိက ချင်းရှောင်းကောကို သူ၏ ရင်တွင်းစကားများ ပြောပြခဲ့ပြီးကတည်းက၊ ယခုအခါတွင်မူ သူသည် သူမအပေါ်ထားရှိသော စိုးရိမ်ပူပန်မှုနှင့် လွမ်းဆွတ်မှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြလာနိုင်ခဲ့သည်။
မျက်နှာချင်းဆိုင် မဟုတ်သောကြောင့် စာထဲတွင် သူက ပို၍ စိတ်အားထက်သန်နေသည်။ လူချင်းတွေ့လျှင် ပြောရန် ရှက်နေတတ်သည့် စကားများကိုပင် သူက အများကြီး ရေးထားသည်။
ချင်းရှောင်းကော စာဖတ်ရင်း ပါးစပ်ကိုပိတ်ကာ တခိခိ ရယ်မိသည်။ ဒီကလေး ဒီလောက် ချိုသာတဲ့ စကားလုံးတွေကို ဘယ်ကနေ သင်လာသလဲ သူမ မသိတော့ပေ။ တကယ်တမ်းကျတော့လည်း သူက တော်တော်လေး တတ်နေပြီဖြစ်သည်။
စာဖတ်ပြီးနောက် ချင်းရှောင်းကောက စာကို သေသေချာချာ ခေါက်ပြီး ရင်ဘတ်ထဲတွင် သိမ်းထားလိုက်သည်။ တစ်ဖက်လူက သူမကို ဤမျှ လွမ်းနေသည်ဖြစ်ရာ သူမလည်း အခုချက်ချင်း စာပြန်ရေးသင့်သည်ဟု ပျော်ရွှင်စွာ တွေးမိသည်။ သူမသည် ရှည်လျားသော စာတစ်စောင်ကို ရေးပြီး ရှောက်ယိထံ ပြန်ပို့ပေးမည်ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မနက်ဖြန် ကျွမ်းကျွမ်းကို ပို့ဆောင်ပေးသည့်အခါ စာတိုက်စခန်းတွင် စာကို တစ်ခါတည်း ထည့်ခဲ့၍ ရသည်။
သူမ စုတ်တံနှင့် စက္ကူယူရန် အိမ်ထဲသို့ ပြန်ဝင်လာသောအခါ ကျွမ်းကျွမ်းက ကုတင်ပေါ်တွင် လှဲနေရင်း ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက်လေးများကလည်း ဟိုဟိုဒီဒီ လှုပ်ရမ်းနေကာ သူ အလွန် စိတ်ကြည်နူးနေသည်မှာ ထင်ရှားလှသည်။
“ကျွမ်းကျွမ်း... စာဖတ်ပြီးရင် စာပြန်ရေးလို့ရတယ်နော်။ မေမေတို့ မနက်ဖြန် အဲဒါကို ပို့ကြမယ်။”
ချင်းရှောင်းကောက သူ၏ အတွေးကမ္ဘာလေးကို မနှောင့်ယှက်ချင်သော်လည်း ညင်သာစွာ သတိပေးလိုက်သည်။
ကျွမ်းကျွမ်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ သူက ကလေးသံလေးဖြင့် “ဟုတ်ကဲ့... သား ရေးလိုက်ပါ့မယ်...” ဟု ပြန်ဖြေသည်။
ချင်းရှောင်းကော ပြုံးရင်း သူ့အတွက် တံခါးပိတ်ပေးလိုက်ကာ အခြားအခန်းတစ်ခန်းသို့ ကလောင်နှင့် စက္ကူသွားယူလိုက်သည်။
အချိန်တွေ ကုန်လွန်သွားခဲ့သည်။ ပူပြင်းသော ရာသီဥတုက လုံးဝ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ယခုအခါ လေထဲတွင် အေးမြသော အထိအတွေ့ကို ခံစားနေရပြီဖြစ်သည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော ဆောင်းလလယ်ပွဲတော်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ မနှစ်ကမူ ချင်ရှောင်းကော၊ ရူယွီနှင့် အခြားသူများသည် ပွဲတော်ကို အိမ်မှာပဲ ကုန်ဆုံးခဲ့ကြသည်။ သို့သော် ယခုနှစ်တွင်မူ ဆောင်းလလယ်ပွဲတော်အတွင်း မတော်တဆမှု နှစ်ခု ဖြစ်ပွားခဲ့သည်။
ကျွမ်းကျွမ်းကို ပို့ပြီးကာစ ချင်းရှောင်းကောသည် အိမ်ပြန်ရန် ပြင်နေစဉ် ပတ်ဝန်းကျင်ရှိ စည်ကားသော အငွေ့အသက်များကြောင့် စိတ်လှုပ်ရှားသွားသည်။ သူမ သတိမထားမိဘဲ ဈေးထဲတွင် လှည့်လည်ကြည့်ရှုမိရာမှ အရသာရှိသော စားစရာများစွာကို ဝယ်မိသွားသည်။
သူမ အိမ်ပြန်ရောက်သောအခါ မြည်းလှည်းပေါ်တွင် မုန့်ပဲသရေစာများ ပြည့်နှက်နေပြီဖြစ်သည်။
ပစ္စည်းတွေ အများကြီး ဝယ်မိသွားပြီဟု သူမ ညည်းတွားနေစဉ်တွင်မှ သူမအိမ်ရှေ့၌ မရင်းနှီးသော မြင်းလှည်းတစ်စီး ရပ်ထားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
မြည်းလှည်းသံကြောင့် တံခါးဝတွင် စောင့်နေသော လူမှာ နိုးလာပြီး မြင်းလှည်းပေါ်မှ မြန်မြန်ဆင်းလာသည်။
“သခင်မ။”
“ရှင်က...”
ချင်းရှောင်းကောက ထိုသူကို မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိရန် ကြိုးစားရင်း အံ့သြတကြီး ပြောလိုက်သည်။
“ရှင်က တံငါရွာက မဟုတ်လား?”
သူမနှင့် တစ်ကြိမ်သာ ဆုံဖူးသဖြင့် ချင်းရှောင်းကော သိပ်မသေချာပေ။
“ဟုတ်ကဲ့ သခင်မ၊ ပြီးခဲ့တဲ့အကြိမ်က သခင်မကို ပြန်ပို့ပေးခဲ့တဲ့သူပါ။”
ထိုလူက ခေါင်းညိတ်ပြသဖြင့် ချင်ရှောင်းကော၏ ခန့်မှန်းချက် မှန်သွားသည်။
သူ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ချင်းရှောင်းကော စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ထိုလူသည် ချင်းရှောင်းကောကို မြင်သောအခါ စိတ်ရှုပ်ထွေးနေပုံရသည်။ သူက တုံ့ဆိုင်းစွာဖြင့် “သခင်မ... ရွာသူကြီးက သခင်မကို လိုက်ရှာခိုင်းလို့ လာတာပါ” ဟု ဆိုသည်။
ရွာသူကြီးအကြောင်း ပြောလိုက်သည်နှင့် ချင်းရှောင်းကော မျက်မှောင်ကြုတ်သွားသည်။ ကိစ္စမရှိဘဲ သူ သူမကို လိုက်ရှာမည် မဟုတ်ပေ။ ကျောက်ယွီယန် တစ်ခုခု ဖြစ်ပြီထင်သည်။
“ဒါက...”
ထိုလူက နားလည်စွာ ခေါင်းညိတ်သည်။ ဤကိစ္စကို စတင်ပြောဆိုရန် ခက်ခဲလှသည်။ သေဆုံးခြင်းဆိုသည်မှာ လူတို့ အမြဲတမ်း ရှောင်လွှဲလိုသော အကြောင်းအရာ ဖြစ်သည်။
ချင်းရှောင်းကောသည် သူ့အမူအရာကို မြင်လိုက်ရသောအခါ ရင်ထိတ်သွားသည်။ သူမတွင် မကောင်းသော ခံစားချက်တစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည်။
ခဏအကြာတွင် ထိုလူက ပြောလိုက်သည်။ “တံငါရွာမှာ သခင်မ ထားခဲ့တဲ့ ကျောက်မိသားစုက သားအမိနှစ်ယောက် အခြေအနေ မကောင်းဘူးခင်ဗျ။ မနေ့ညနေက ကျောက်ယွီယန်ရဲ့ ကျန်းမာရေးက ရုတ်တရက် ဆိုးရွားသွားတယ်။ ရွာသူကြီးက ရွာထဲက သမားတော်ယွီကို ကြည့်ခိုင်းတော့ သူက ကျောက်ယွီယန် သေအံ့ဆဲဆဲ ဖြစ်နေပြီလို့ ပြောတယ်။ ဒါကြောင့် သခင်မကို မြန်မြန်လာခေါ်ခိုင်းတာပါ”
ချင်းရှောင်းကောသည် စိတ်ပြင်ဆင်ထားသော်လည်း အတန်ငယ် မှင်တက်သွားမိသည်။ သူမ သတိပြန်ဝင်လာရန် ခဏစောင့်လိုက်ရသည်။ ထို့နောက် “ဒါဆို မြန်မြန် သွားကြရအောင်” ဟု အလျင်အမြန် ပြောလိုက်သည်။
“ဟုတ်ကဲ့... ကောင်းပါပြီ!”
ထိုလူက မဆိုင်းမတွဘဲ သူမကို မြင်းလှည်းပေါ်သို့ ဖိတ်ခေါ်လိုက်သည်။
ချင်းရှောင်းကော ခြေလှမ်းလှမ်းလိုက်စဉ်မှ သူမ လုပ်စရာတစ်ခု ကျန်နေသေးသည်ကို သတိရသွားသည်။ ဤအတိုင်း ထွက်သွား၍ မဖြစ်ပေ။ အိမ်က တိရစ္ဆာန်တွေ ဘယ်လိုလုပ်မလဲ?
“ခဏစောင့်ပါဦး။ အိမ်ကို တစ်ယောက်ယောက် ကြည့်ပေးဖို့ လိုတယ်။ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီးမှ သွားရအောင်။”
ထိုသို့ပြောပြီး ချင်းရှောင်းကောသည် ယန်အိမ်၏ အဝင်ဝသို့ ပြေးသွားခဲ့သည်။
တံခါးခေါက်လိုက်သောအခါ ယန်ကျား လာဖွင့်ပေးသည်။ ယန်ကျား အိမ်မှာရှိနေ၍ ချင်ရှောင်းကော တကယ်ပင် ကျေးဇူးတင်မိသည်။
“ယန်ကျား... ဒီနေ့အတွက် အိမ်တံခါးလေး စောင့်ပေးပါဦး။”
သူမ အလွန် စိုးရိမ်ပူပန်နေသည်ကို သတိပြုမိသဖြင့် ယန်ကျားက အကြောင်းရင်းကို မမေးဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။
“မစိုးရိမ်ပါနဲ့ မရီး။”
“အိမ်သော့ ပေးခဲ့မယ်နော်။ မြည်းလှည်းက အပြင်မှာ ရှိသေးတယ်။”
“ဟုတ်ကဲ့၊ အခုပဲ သွားသိမ်းလိုက်ပါ့မယ်။”
“ကျေးဇူးတင်ပါတယ်နော်။”
“ကိစ္စမရှိပါဘူး၊ ကျေးဇူးတင်စရာ မလိုပါဘူး။”
ယန်ကျားက ပြုံးပြီး သော့ကို ယူလိုက်သည်။ သူ တံခါးပိတ်ပြီး သူမနောက်မှ လိုက်လာခဲ့သည်။
အိမ်တွင် မြက်ပင်များစွာ ရှိနေသဖြင့် ယန်ကျား အပြင်သွားပြီး မြက်ရိတ်စရာ မလိုသည့်အတွက် ချင်ရှောင်းကော ဝမ်းသာမိသည်။
မကြာသေးမီက သူမ သူ့ကို အလုပ်တွေ အများကြီး ပေးမိခဲ့သည်။ ဤကိစ္စပြီးသွားလျှင် သူ့ကို သေသေချာချာ ကျေးဇူးဆပ်ရမည်။
ယန်ကျားကို နှုတ်ဆက်ပြီးနောက် ချင်းရှောင်းကော လှည့်ထွက်လာပြီး မြင်းလှည်းပေါ် တက်လိုက်သည်။
ယန်ကျားက မြင်းလှည်းသွားနိုင်ရန် မြည်းလှည်းကို လမ်းဖယ်ပေးလိုက်သည်။ မြင်းလှည်း ထွက်သွားပြီးနောက် သူ တံခါးဖွင့်ဝင်သွားသည်။
သူသည် မြည်းကို ချည်နှောင်ပြီး မြက်နှင့် ရေ ကျွေးလိုက်သည်။ အိမ်ရှိ ကြက်၊ ငှက် တိရစ္ဆာန်များကိုလည်း အစာကျွေးသည်။ ဘာမှ ကျန်ရစ်ခြင်း မရှိစေရန် သေချာစစ်ဆေးပြီးနောက် တံခါးကို သော့ခတ်ကာ ထွက်ခွာသွားသည်။
ချင်းရှောင်းကော မြင်းလှည်းပေါ်ရောက်သောအခါ သက်ပြင်းကို မရပ်မနား ချနေမိသည်။ သူမသည် ခွဲခွာခြင်းများကို တကယ်ပင် မနှစ်သက်ပေ။
ကြိုတင် စိတ်ပြင်ဆင်ထားခြင်းက စိတ်လှုပ်ရှားမှုကို လျော့ပါးစေသော်လည်း ဝမ်းနည်းမှုကိုမူ အနည်းငယ်မျှ လျော့ပါးမသွားစေခဲ့ပေ။
အမျိုးသမီးတစ်ယောက်၏ ခက်ခဲသော ဘဝကတော့ အဆုံးသတ်တော့မည်ဖြစ်သည်။ ၎င်းသည် ကောင်းသော အရာလား၊ မကောင်းသော အရာလား သူမ မသိပေ။
ကျောက်ယွီယန်၏ အခြေအနေက မနေ့ညနေကတည်းက ဆိုးရွားနေခြင်းဖြစ်ရာ ချင်ရှောင်းကော ရောက်သွားသည့်အခါ ညအချိန် ဖြစ်နေလိမ့်မည်။ ကျောက်ယွီယန်ကို နောက်ဆုံးအကြိမ် တွေ့ခွင့်ရပါ့မလားဟု သူမ တွေးပူနေမိသည်။
“သူမကို တွေ့နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ငါ သူမကို တွေ့မှ ဖြစ်မယ်...”