အခန်း (၃၉၄)
Vol. 27 Ch. 394
ရွာသူကြီးဝမ်ကို နှုတ်ဆက်ပြီးနောက် ချင်းရှောင်းကောသည် အသက် ၇၀ အရွယ်ရှိပြီဖြစ်သော ဤအဘိုးအိုကို ရင်ထဲမှ အမှန်တကယ် လေးစားမိသွားသည်။
သူသည် ဤရာထူးနေရာတွင် သူစွမ်းဆောင်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးနေသူ ဖြစ်သည်။
“ဘယ်လိုလဲ? အားလုံး အဆင်သင့်ဖြစ်ပြီလား?”
ချင်းရှောင်းကောသည် မြင်းလှည်းပေါ်တွင်ထိုင်ရင်း ရှောင်းကျူးနှင့် ယွီလင်းတို့ ထွက်လာသည်ကို စောင့်နေခဲ့သည်။
ယွီလင်း ပထမဆုံး ထွက်လာပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ချင်းရှောင်းကော၏ စကားကို ကြားသောအခါ သူမ ခေါင်းညိတ်ပြပြီး “အဆင်သင့်ဖြစ်ပါပြီ။ ဘာမှ မေ့မကျန်ခဲ့ပါဘူး” ဟု ဖြေသည်။
ယွီလင်းသည် သူမအမေ ချုပ်ပေးထားသော အဝတ်အစားအားလုံးကို ထုပ်ပိုးလာခဲ့သည်။ ထို့ပြင် ကျောက်ယွီယန်၏ အရိုးပြာများ ထည့်ထားသော ကြွေအိုးတစ်လုံးနှင့် အခြား အသေးအဖွဲ့ ပစ္စည်းအချို့လည်း ပါသည်။ ပစ္စည်းစုံသည်ဟု ထင်ရသော်လည်း အိတ်မှာမူ အတော်လေး ပြားနေပါသည်။
ချင်းရှောင်းကော ခေါင်းညိတ်လိုက်ရင်း ယွီလင်း၏ ဖုန်ပေနေသော အဝတ်အစားများနှင့် သူမခြေထောက်ထက် ပိုကြီးနေသော ဖိနပ်အစုတ်လေးကို ကြည့်လိုက်သည်။ အိမ်ရောက်လျှင် ထိုကလေးမလေး နှစ်ယောက်စလုံးအတွက် အဝတ်အစားသစ်နှင့် ဖိနပ်သစ်များ လုပ်ပေးရမည်ဟု သူမ စိတ်ထဲက တွေးထားလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စုချန်ရှန်း ပေးထားသော လက်ဆောင်များကြောင့် အိမ်တွင် အဝတ်အထည် အလိပ်များ အပိုအလျှံ ရှိနေသည်။
သူတို့ စကားပြောနေစဉ်မှာပင် ရှောင်းကျူး အိမ်ထဲမှ ထွက်လာသည်။ သူမက ပို၍ပင် သေးငယ်သော အိတ်ကလေးတစ်လုံးကို သယ်လာသည်။ အိမ်မှ နောက်ဆုံး ထွက်လာသူဖြစ်သဖြင့် အိမ်ရှေ့တံခါးကို သော့မခတ်မီ ပြတင်းပေါက်များနှင့် တံခါးအားလုံးကို အရင်ပိတ်ခဲ့ရသည်။
ရှောင်းကျူးသည် တံခါးဝတွင် စောင့်နေသော မြင်းလှည်းကို ကြည့်လိုက်သည်။ သူမ ခြေလှမ်းများကို ရပ်လိုက်ပြီး တံခါးဘောင်ဘေးတွင် ခဏရပ်နေမိသည်။
သူမသည် ခြေတစ်လှမ်းလှမ်းရုံမျှဖြင့် ကျော်ဖြတ်နိုင်သော တံခါးဘောင်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် မဆိုင်းမတွဘဲ ကျော်တက်လိုက်ပြီး အပြင်ဘက် လှေကားထစ်ပေါ်သို့ ခိုင်ခိုင်မာမာ နင်းချလိုက်သည်။
ပြီးမှ သူမသည် လှည့်ကြည့်ကာ ပြုံးလျက် တံခါးကို ပိတ်လိုက်သည်။
အရင်တုန်းက သူမသည် ဤတံခါးဘောင်အတွင်း၌သာ အမြဲရှိနေပြီး ဧည့်သည်များ ပြန်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။ ယခုမူ သူမ ထပ်စောင့်နေစရာ မလိုတော့ပေ။ သူမသည် တံခါးအပြင်ဘက်သို့ နောက်ဆုံးတွင် လမ်းလျှောက်ထွက်လာနိုင်ပြီ ဖြစ်သည်။
ယွီလင်းက သူမ၏ မှိုင်တွေနေသော အမူအရာကို မြင်သဖြင့် ပြုံးကာ လှမ်းအော်လိုက်သည်။
“ရှောင်းကျူး... လာလေ။ ငါတို့ ဟိုကို ရောက်တဲ့အခါ မှောင်နေလိမ့်မယ်...”
ထိုသို့ပြောပြီး သူမသည် လှည့်ကာ ချင်းရှောင်းကောကို ရှက်ကိုးရှက်ကန်းဖြင့် လျှာလေးထုတ်ပြလိုက်သည်။
သူမ အရမ်း စိတ်အားထက်သန်နေမိသလားဟု သူမ ကိုယ်သူမ တွေးမိသွားသည်။ အစ်မရှောင်းကော၏ အိမ်သို့ သွားရန် သူမ မစောင့်နိုင်တော့သလို ဖြစ်နေသည်။
တကယ်တမ်းလည်း သူမ မစောင့်နိုင်အောင် ဖြစ်နေသည်မှာ အမှန်ပင်၊ သို့သော် ၎င်းကို အသံထွက်ပြောလိုက်မိသည်မှာ သူမအတွက် အနည်းငယ် ရှက်စရာကောင်းနေသည်။
ချင်းရှောင်းကောကတော့ သူမ ဘာတွေးနေမှန်း မသိပေ။ ရှောင်းကျူးလေးကို အလွန်ချစ်စရာကောင်းသည်ဟုသာ သူမ တွေးမိသည်။ လှည်းမောင်းသမားတောင် မရောက်သေးဘဲ ဘာတွေ ဤမျှ အလောတကြီး ဖြစ်နေကြသနည်း?
ရှောင်းကျူး လှည့်လာပြီး သူမ၏ အိတ်ကလေးကို လွယ်ကာ ပြုံးပြလိုက်သည်။ “လာပါပြီ...”
“အစ်ကို ရှီဇီ ... အစ်ကိုက တော်တော် နှေးတာပဲ။”
ရှောင်းကျူးက နောက်ကျမှ ရောက်လာသော ထိုလူကို နောက်ပြောင်ကာ ညည်းညည်းညူညူ ပြောလိုက်သည်။
အစ်ကို ရှီဇီဟု သူမ ခေါ်သော ထိုလူသည် အခုလေးတင် ရောက်လာခြင်းဖြစ်ပြီး တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေသည်။
“ဟီးဟီး... မပူပါနဲ့။ ငါတို့ အချိန်မီပါသေးတယ်...”
ရှီဇီက ချွေးသုတ်ပြီး မြင်းလှည်းပေါ် တက်လိုက်သည်။ အားလုံးကို အသေအချာ ထိုင်ရန် သတိပေးဖို့လည်း သူ မမေ့ပေ။ အားလုံး အဆင်သင့် ဖြစ်ပြီဆိုမှ သူက နှင်တံကို ဝှေ့ယမ်းလိုက်သည်။
ရှီဇီသည် ချင်းရှောင်းကောကို အကြိုအပို့ လုပ်ပေးနေကျ တံငါရွာသားပင် ဖြစ်သည်။
သူသည် ရှောင်းကျူးနှင့် အတော်လေး ရင်းနှီးသဖြင့် လမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက် နောက်ပြောင်စကားများ ပြောလာကြသည်။ မကြာမီ ယွီလင်းပါ သူတို့စကားဝိုင်းထဲ ပါဝင်လာသည်။ လမ်းတစ်လျှောက်လုံး ရယ်မောသံများဖြင့် ပြည့်နှက်နေပြီး ချင်းရှောင်းကော တစ်ယောက်တည်း ခရီးသွားစဉ်ကထက် ပို၍ စည်ကားနေတော့သည်။
“အစ်မရှောင်းကော... မက်မွန်ပွင့်ရွာက လှလားဟင်?”
တံငါရွာမှလွဲ၍ ရှောင်းကျူးသည် အခြား မည်သည့်နေရာကိုမျှ မရောက်ဖူးပေ။
ယွီလင်းသည်လည်း ချင်းရှောင်းကောကို စပ်စုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အရင်က သူမတွင် အတည်တကျ နေရပ်မရှိခဲ့ပေ။ ပြည်နှင်ဒဏ် ခံရပြီးနောက်တွင်လည်း လွင်ပြင်တီးခေါင်များနှင့် ကျွန်းပေါ်တွင်သာ နေခဲ့ရသည်။ ပုံမှန်ရွာတစ်ရွာသို့ သွားလည်ရန် အခွင့်အရေး တစ်ခါမျှ မရခဲ့ဖူးပေ။
“မက်မွန်ပွင့်ရွာက တကယ်လှတဲ့ နေရာလေးပါ။ အဲဒီမှာ မက်မွန်ပင်တွေ အများကြီး ရှိတယ်။ နွေဦးရာသီရောက်တိုင်း တစ်ရွာလုံး ပန်းရောင်နဲ့ အဖြူရောင် မက်မွန်ပွင့်တွေနဲ့ ဖုံးလွှမ်းသွားတာ၊ အရမ်းလှတာပဲ။ ရွာက ပင်လယ်နဲ့ မနီးပေမဲ့ မြစ်ကြီးတစ်စင်းတော့ ရှိတယ်။ ရွာသားတွေကလည်း စိတ်ထား အရမ်းကောင်းကြပါတယ်။ ရွာပြန်ရောက်ရင် နသ်တို့ကို အစ်မကြီးတစ်စုနဲ့ နင်တို့အရွယ် မိန်းကလေးနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။”
ယန်အမျိုးသမီးနှင့် ရူယွီတို့သည် ဤကလေးသစ်နှစ်ယောက်ကို သေချာပေါက် ကြိုက်ကြလိမ့်မည်ဟု ချင်းရှောင်းကော ယုံကြည်နေသည်။
ချင်းရှောင်းကော၏ စကားများကြောင့် ရှောင်းကျူးနှင့် ယွီလင်းတို့မှာ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် တိတ်တဆိတ် ပြည့်နှက်နေသည်။ သူတို့၏ ဘဝသစ်အတွက် စိုးရိမ်စိတ်နှင့်အတူ စိတ်လှုပ်ရှားမှုကိုလည်း ခံစားနေရသည်။
ရှီဇီသည် စိတ်လှုပ်ရှားနေသော ရှောင်းကျူးကို လှမ်းကြည့်ပြီး သူမအတွက် ဝမ်းသာပေးနေမိသည်။
လမ်းတစ်လျှောက် ပြုံးပျော်နေသော ချင်းရှောင်းကောမှာမူ အိမ်တွင် သူမအတွက် အံ့သြစရာကြီးတစ်ခု စောင့်ကြိုနေသည်ကို လုံးဝ မသိရှိပေ။
ကျန်းတန်းဟယ်သည် သူ၏ ကံကြမ္မာကို သက်ပြင်းချရင်း မတတ်နိုင်တော့ပေ။ သူသည် နောက်တစ်ကြိမ် အိမ်ပြင်တွင် ပိတ်မိနေပြန်ပြီ ဖြစ်သည်။
ချင်းရှောင်းကော၏ စာကို လက်ခံရရှိကတည်းက သူသည် သူမကို နေ့ရောညပါ လွမ်းဆွတ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူမဆီသို့ ပျံသန်းသွားချင်စိတ်မှာ သူ့အတွက် နှိပ်စက်မှုတစ်ခုလိုပင်။
သူမထံ စာပြန်ချင်သော်လည်း သူ၏ ခံစားချက်များကို မည်သို့ ရေးဖွဲ့ရမည်ကို အခက်တွေ့နေခဲ့သည်။ စာလုံးများက သူ၏ ရင်ထဲမှ အတွေးများကို မဖော်ပြနိုင်သလို ခံစားနေရသည်။
ထို့ကြောင့်ပင် သူသည် ခွင့်တိုင်ပြီး အထုပ်အပိုးများ ပြင်ကာ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။
မြင်းကို အပြင်းနှင်ပြီး အိမ်သို့ နောက်ဆုံးတွင် ရောက်လာသောအခါ၊ တံခါးကို ဖွင့်ရန် ကြိုးစားသော်လည်း တံခါးမှာ လုံးဝ မလှုပ်ပေ။
သူ အရှုံးမပေးဘဲ ထပ်တွန်းကြည့်သည်။ ယခုတစ်ကြိမ်တွင် အားထည့်တွန်းသော်လည်း တံခါးမှာ ပွင့်မလာခဲ့ပေ။
ရင်ပြင်ထဲရှိ ခွေးဟောင်သံနှင့် နွားမြည်သံများမှာ ပို၍ ကျယ်လောင်လာသည်။ ပတ်ဝန်းကျင်ရှိ ရွာသားများ သတိထားမိပြီး အထင်အမြင်လွဲမည်ကို စိုးရိမ်သဖြင့် သူသည် တံခါးဝမှ အမြန်ဆုတ်ခွာလိုက်သည်။
တံခါးဖွင့်မရသည်ကို မြင်သောအခါ သူသည် အိမ်ပြင်တွင် အရူးတစ်ယောက်လို စောင့်မနေတော့ဘဲ ယန်အမျိုးသမီး၏ အိမ်တံခါးကို သွားခေါက်လိုက်သည်။ သူ သင်ခန်းစာ ရထားပြီးသား မဟုတ်ပါလား။
ယန်အမျိုးသမီးသည် အိမ်ထဲတွင် ပျင်းပျင်းရှိသည်နှင့် ယင်ကောင်ရိုက်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ချင်းရှောင်းကော ပြန်လာပြီဟု ထင်မှတ်လိုက်သည်။ သူမသည် ဗိုက်ကိုကိုင်ကာ တံခါးဆီသို့ ပြေးသွားသည်။
ယန်ကျားလည်း အပြင်သို့ တစ်ပြိုင်နက်တည်း ထွက်လာသည်။ သူလည်း တံခါးခေါက်သံကို ကြားသည်။ သူ တံခါးဖွင့်ပေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ မရီးဖြစ်သူမှာ တံခါးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားသည်ကို မြင်လိုက်ရသည်။
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် တစ်ဖက်လူက တံခါးကို ဖွင့်လိုက်ပြီ ဖြစ်သည်။
ယန်အမျိုးသမီး၏ အပြုံးမှာ မျက်နှာပေါ်တွင် အေးခဲသွားသည်။ ဤဧည့်သည်ကို သူမ မျှော်လင့်မထားသည်မှာ အမှန်ပင်။ အလွန် အံ့သြသွားကာ သူမက “တန်းဟယ် ပြန်လာပြီပဲ!” ဟု ရေရွတ်လိုက်သည်။
ယန်ကျားသည် ကျန်းတန်းဟယ်၏ အမည်ကို ကြားသောအခါ စပ်စုစွာဖြင့် လမ်းလျှောက်လာသည်။
ကျန်းတန်းဟယ်သည်လည်း ပြုံးပြလိုက်သည်။ လူတစ်ယောက်နှင့် တွေ့လျှင် ပြုံးပြရမည်ဟု ချင်းရှောင်းကော ပြောဖူးသည်ကို သူ မှတ်မိနေသည်။ ၎င်းမှာ ယဉ်ကျေးမှုတစ်ရပ် မဟုတ်ပါလား။
“မရီး... ရှောင်းကော အိမ်မှာ မရှိဘူးလား။ သူ ဘယ်သွားလဲ သိလား?”
“မသေချာဘူးဗျ၊ မရီးက မနေ့ကမှ အပြင်သွားတာ” ယန်ကျားက အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။
ကျန်းတန်းဟယ် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
“မနေ့က?”
ယန်အမျိုးသမီးက “အရေးကြီးကိစ္စ ပေါ်လာလို့ ထင်ပါတယ်၊ သူ မကြာခင် ပြန်လာမှာပါ” ဟု ဖြည့်ပြောလိုက်သည်။
“ဟုတ်တယ်၊ သူမ မနေ့က အတော်လေး အလောတကြီး ဖြစ်နေတဲ့ ပုံပဲ။”
ယန်ကျားက သူသိသမျှ အားလုံးကို ပြောပြလိုက်သည်။
ကျန်းတန်းဟယ်၏ မျက်ခုံးများ အနည်းငယ် ပြေလျော့သွားသည်။
ယန်ကျားသည် ၎င်းကို မြင်သဖြင့် အိမ်ထဲသို့ မြန်မြန်ဝင်ကာ အိမ်သော့ကို သွားယူလာပေးသည်။
ကျန်းတန်းဟယ် သော့ကိုယူပြီး ပြန်လာခဲ့သည်။ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ရှေ့တံခါးကို ဖွင့်ကာ မြင်းကို အထဲသို့ ဦးဆောင်ခေါ်သွားပြီး ထောင့်တစ်နေရာတွင် ချည်နှောင်လိုက်သည်။
သူသည် ခုတင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေမိသည်။ လှဲလိုက်၊ ထိုင်လိုက်၊ အိမ်ထဲ ပတ်လျှောက်လိုက်နှင့် သူ မည်သို့မျှ ငြိမ်ငြိမ်မနေနိုင်ပေ။
ချင်းရှောင်းကော အိမ်မှာ မရှိမှတော့ သူ ဘာလို့ ပြန်လာမိပါလိမ့်?
“တကယ်ကို ရက်စက်တဲ့ မိန်းမပဲ...”
“ဟူး...”
ခွေးကလေး နှစ်ကောင်သာ စကားပြောတတ်လျှင် သူ့ကို ပြန်အော်လိုက်ကြလိမ့်မည်။ သူသည် ထိုခွေးကလေး နှစ်ကောင်ကို ကြည့်ကာ မရေမတွက်နိုင်အောင် သက်ပြင်းချနေမိသည် မဟုတ်ပါလား။
ရုတ်တရက် သူ တံခါးဘက်သို့ ကြည့်လိုက်ပြီး အကြံတစ်ခု ရလာသည်။
ယန်ကျား၏ ပြောစကားအရ သူမသည် အလောတကြီး ထွက်သွားခြင်း ဖြစ်သည်။ ဘာအကြောင်းကြောင့် ဖြစ်နိုင်သနည်း?
သူမ အိမ်မှာ မရှိလျှင် သူ သွားရှာမှာပေါ့!
ဘာလို့ ဒါကို စောစောက မစဉ်းစားမိတာလဲ? ကျန်းတန်းဟယ်က သူ့ပေါင်သူ ပုတ်ပြီး ထရပ်လိုက်သည်။
သူ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ခွေးကလေး နှစ်ကောင် လန့်သွားကြသည်။ သူတို့က သူ့ကို မကျေမနပ် ဟောင်လိုက်ပြီး ပြေးထွက်သွားကြသည်။
ကျန်းတန်းဟယ်ကတော့ သူတို့ကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် မြင်းကိုဆွဲ၊ တံခါးကို သော့ခတ်ပြီး အိမ်မှ ထွက်လာခဲ့သည်။
သူမ ခရိုင်ကို သွားတာ ဖြစ်ရမယ်။ သူ့အပြင် သူမ အလေးထားဆုံး လူတွေကတော့ သူမရဲ့ အစ်ကိုနဲ့ ကျွမ်းကျွမ်းပဲ။
ဒါကြောင့် အဲဒီနေရာတွေမှာ သွားရှာရင် ရပြီပေါ့!
ထို့ကြောင့် ကျန်းတန်းဟယ်သည် နေ့လယ်စာကို ကျော်လိုက်ပြီး ဗိုက်ဟောင်းလောင်းဖြင့် သူ၏ ဇနီးသည်ကို စတင် ရှာဖွေတော့သည်။
မိုးမချုပ်မီတွင် လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်၊ အထီးကျန်သော ပုံရိပ်နှစ်ခုသည် တံခါးဝရှိ ခုံတန်းရှည်ပေါ်တွင် နေဝင်ရီတရောကို ကျောပေးကာ ထိုင်နေကြသည်။ သူတို့သည် သက်ပြင်းချရင်း အလွန် စိတ်ပျက်အားငယ်နေပုံ ရသည်။
ကျွမ်းကျွမ်းသည် သူ၏ မေးစေ့ကို လက်ဖြင့် ထောက်ထားရင်း ဖခင်ဖြစ်သူကို အားကိုးရာမဲ့စွာ ကြည့်လိုက်သည်။
“ဖေဖေ။”
“အင်း?”
မျက်လုံးများ အရောင်မှိန်လျက် ကျန်းတန်းဟယ်က မလှုပ်မယှက် ပြန်ထူးသည်။
“ထမင်းစားရအောင်၊ သား ဗိုက်ဆာပြီ။”
“...”
ကျန်းတန်းဟယ်လည်း ဗိုက်ဆာနေပြီ ဖြစ်သော်လည်း သူသာ ထမင်းချက်တတ်လျှင် ယခုအချိန်မှာ ချက်ပြီးနေလောက်ပြီ ဖြစ်သည်။
သူ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ ကျွမ်းကျွမ်းက မေးထောက်လျက် မကျေမနပ် နှုတ်ခမ်းဆူလိုက်သည်။ တစ်ဖက်လူကို အားကိုး၍ မရမှန်း သူ သိလိုက်ပြီ။
သူ့အမေ အိမ်မှာ မရှိတာကို သူ ဘာလို့ သူ့ကို ပြန်ခေါ်လာတာလဲ? ဖေဖေနဲ့သာ ပြန်မလာခဲ့ရင် သူ အခုအချိန်ဆို ညစာ စားပြီးနေလောက်ပြီ။
ပြောရဦးမယ်၊ ဆရာကတော်က ဒီည ကြက်စွပ်ပြုတ် ချက်မှာတဲ့။ အခုအချိန်ဆို သူတို့ သောက်နေကြလောက်ပြီ။
ထိုသို့ တွေးမိသည်နှင့် ကျွမ်းကျွမ်း၏ ဗိုက်ထဲမှ အသံတွေ မြည်လာတော့သည်။
ထို့နောက် နောက်ထပ် ဗိုက်မြည်သံတစ်ခု ထပ်ထွက်လာပြန်သည်။
ကျွမ်းကျွမ်းက ကျန်းတန်းဟယ်ကို အံ့သြတကြီး ကြည့်လိုက်သည်။
“ဖေဖေလည်း ဗိုက်ဆာနေတာပဲ...”