အာနက်လက်ကျမ်း
Vol. 2 Ch. 12
ထိုအခါမှသာ လူတိုင်း အသိပြန်ဝင်လာကြပြီး ချင်ထျန်းထံသို့ အာရုံစိုက်လိုက်ကြသည်။
ဤကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာကို အသက် ၁၇၊ ၁၈ အရွယ် လူငယ်လေးတစ်ဦးက ဖန်တီးရေးသားခဲ့သည် ဆိုပါလား။
ယုံကြည်ရန် ခက်ခဲသော်လည်း ဤသည်က ပကတိ အမှန်တရားပင် ဖြစ်နေသည်။
မဟာအကြီးအကဲက တံတွေးတစ်ချက် မြိုချလိုက်သည်။ သူသည် တုန်လှုပ်မှုမှ အပြည့်အဝ ပြန်လည် သက်သာခြင်း မရှိသေးပေ။ "ဘိုးဘေးအကြီးအကဲကို တင်ပြပါတယ်... ဒီမြင့်မြတ်ကျမ်းကို ဒီလူငယ်လေးက ရေးသားခဲ့တာပါ... ဒါက သူဖြေဆိုခဲ့တဲ့ တတိယအဆင့် ကိုယ်ကျင့်တရား စမ်းသပ်မှုရဲ့ အဖြေပါပဲ..."
မဟာအကြီးအကဲသည် လီလုံဖေးကို သင်ခန်းစာပေးမည်ဟု ချင်ထျန်း ကြုံးဝါးခဲ့သည့် ကိစ္စကို ထပ်မံ ထည့်သွင်း ပြောကြားခြင်း မပြုတော့ပေ။
ကွန်ဖြူးရှပ်လမ်းစဉ် မြင့်မြတ်သောကျမ်းစာ တစ်စောင်ကို ရေးသားနိုင်သူသည် ကွန်ဖြူးရှပ် ဝါဒနှင့် ပတ်သက်၍ သူ့ထက်ပင် ပိုမို နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိပေလိမ့်မည်။
တစ်နည်းအားဖြင့် ဆိုရသော် ချင်ထျန်းသည် ကွန်ဖြူးရှပ် ဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
ဘိုးဘေးအကြီးအကဲ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။ နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်နှင့် ဤလူငယ်လေးသည် ဤမျှ နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုနှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပေ။ ဟောက်ရန်ဂိုဏ်း၏ အနာဂတ်သည် အလားအလာ ကောင်းနေလေပြီ။ ဘိုးဘေးများ၏ ဘုန်းအာဏာကို ပြန်လည် အသက်သွင်းနိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။
မဟုတ်သေးဘူး... ဘိုးဘေးအကြီးအကဲ တွေးလိုက်မိသည်။ ချင်ထျန်းသည် မဟာတာအိုတရား၏ မြင့်မြတ်သော စကားလုံးများကို ဆင်းသက်လာစေနိုင်သည်အထိ စာသားများကို ရေးသားနိုင်သူ ဖြစ်သည်။ သူ၏ ကွန်ဖြူးရှပ် ဝါဒအပေါ် နားလည်မှုသည် ဘိုးဘေးများထက်ပင် သာလွန်နေလောက်သည်။
ချင်ထျန်းသည် အရှေ့ပိုင်း မြေရိုင်းဒေသ၏ အနာဂတ် ကွန်ဖြူးရှပ် ပညာရှင် ဖြစ်လာမည့်သူ... သူတော်စင် တစ်ပါး ဖြစ်လာရန်မှာ သေချာသလောက် ရှိနေသည်။
"ခေတ်တိုင်းမှာ ပါရမီရှင်တွေ ပေါ်ထွက်လာလေ့ ရှိပေမဲ့... ငါ့သက်တမ်း တစ်လျှောက်လုံးမှာ ဒီလို ပါရမီရှင်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ညီငယ်လေး... မင်းက တကယ့်ကို ကွန်ဖြူးရှပ်သူတော်စင်လောင်းလျာပဲ... ကွန်ဖြူးရှပ် ဝါဒအပေါ် နားလည်မှုအပိုင်းမှာ အစ်ကိုကြီးက မင်းကို မယှဉ်နိုင်ပေမဲ့... ကျင့်ကြံခြင်းအပိုင်းမှာတော့ လမ်းညွှန်မှု အချို့ ပေးနိုင်ပါလိမ့်မယ်..." ဘိုးဘေးအကြီးအကဲမှာ စိတ်ဓာတ်ခွန်အားများ တက်ကြွနေသည်။
ယနေ့ မြင့်မြတ်ကျမ်းကို မြင်တွေ့လိုက်ရသဖြင့် ချင်ထျန်းအပေါ် ကျေးဇူးကြွေး တင်သွားပြီဟု သူ ခံစားလိုက်ရသည်။
"ခက်ပြီ..."
"ဘိုးဘေးအကြီးအကဲက တပည့် လက်ခံတော့မလို့လား"
ဂိုဏ်းချုပ်မှာ အလွန်အမင်း အံ့အားသင့်သွားသည်။ ဘိုးဘေးအကြီးအကဲသည် အလွန် စွမ်းအားကြီးမားသူ ဖြစ်သည်။ ဟောက်ရန်ဂိုဏ်း အတွင်း၌ ရှေးဟောင်းဘိုးဘေးမှလွဲလျှင် ဘိုးဘေးအကြီးအကဲသည် ပါရမီ အရှိဆုံးသူ ဖြစ်သည်။
"ဘိုးဘေးအကြီးအကဲရဲ့ တပည့် ဖြစ်သွားရင်... ဂိုဏ်းချုပ်နဲ့ မျိုးဆက်တူ ဖြစ်သွားမှာပေါ့"
လူအများအပြားမှာ မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာကြသည်။ ချင်ထျန်းသည် ထူးကဲသော ပါရမီကို ပိုင်ဆိုင်ထားသဖြင့် မူလကတည်းက သူတို့ ပြစ်မှား၍ မရသောသူ ဖြစ်သည်။ ယခုအခါ မဟာအကြီးအကဲ၏ တပည့် ဖြစ်လာပြန်ရာ လူအများစုအတွက်မူ အထူးအထွေ ပြောင်းလဲသွားခြင်း မရှိပေ... မည်သို့ပင် ဖြစ်စေ သူတို့ သူ့ကို သွားရှုပ်၍ မရသည်မှာ အတူတူပင်။
လီလုံဖေး တစ်ယောက်သာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ ချင်ထျန်း၏ ရန်ငြိုးထားတတ်သော စိတ်ဓာတ်ကြောင့် သူ့ကို ဒုက္ခမပေးနိုင်အောင် အမြဲတမ်း သတိထားနေရပေတော့မည်။
"စီနီယာက ဘာကို ဆိုလိုတာလဲ" ချင်ထျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ ဤမျှ စွမ်းအားကြီးသော ဆရာသခင် တစ်ယောက် ရှိထားခြင်းက မဆိုးလှပေ။
"ငါက မင်းနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ချင်တာ... ငါက မင်းကို ကျင့်ကြံခြင်း သင်ပေးမယ်... မင်းက ငါ့ကို ကွန်ဖြူးရှပ် ဝါဒရဲ့ သဘောတရားတွေကို ပြန်ရှင်းပြပေးပေါ့...ဘယ်လိုလဲ" ဘိုးဘေးအကြီးအကဲ၏ မျက်ဝန်းများ ကြည်လင်နေပြီး သူ၏ ရိုးသားမှုကို ဖော်ပြနေသည်။
သူက ချင်ထျန်းကို အခွင့်ကောင်း ယူလိုက်ခြင်းပင်။
ထို့အပြင် ချင်ထျန်း၏ ကွန်ဖြူးရှပ် ဝါဒအပေါ် နားလည်မှုသည် သူတို့၏ ဘိုးဘေးများထက်ပင် သာလွန်နေသေးသည်။ အကယ်၍ တပည့်အဖြစ် လက်ခံလိုက်လျှင် မည်သို့ သင်ကြားပေးရမည်နည်း။
ကိုယ့်ထက် နားလည်မှု သာလွန်နေသူကို ချင်ထျန်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မရောက်မီ ကျင့်ကြံနည်းများ သင်ကြားပေးပြီး ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားခြင်းက ပိုကောင်းပေသည်။
"ဘာ... ဘိုးဘေးအကြီးအကဲ... ဒါ မသင့်တော်ပါဘူး... ခင်ဗျားအသက်က ဘယ်လောက်ရှိပြီလဲ... သူ့အသက်က ဘယ်လောက် ရှိသေးလို့လဲ..." အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်သည်။
'ဒါဆိုရင် ချင်ထျန်းရဲ့ ဝါစဥ်မှုက သူတို့ထက် ပိုမြင့်သွားမှာပေါ့... ဒါ အဆင်မပြေပါဘူး...။ ဂိုဏ်းဝင်စ တပည့်သစ် တစ်ယောက်က သူတို့နဲ့ ဝါတူ ဖြစ်လာရတယ်လို့...လုံးဝမဖြစ်သင့်ဘူး။'
"ဘာမှ ထပ်မပြောနဲ့တော့... ငါ ဆုံးဖြတ်ပြီးပြီ... ကျင့်ကြံသူတွေက အသက်အရွယ်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ... ညီငယ်လေး... မင်း ဘယ်လို သဘောရလဲ"
"အစ်ကိုကြီး သဘောအတိုင်းပါပဲ" ချင်ထျန်းက ရိုသေစွာ ဦးညွတ်လိုက်သည်။ ဂိုဏ်းဝင်ဝင်ချင်း စီနီယာအစ်ကိုကြီး တစ်ယောက် ရလိုက်သည်မှာ အလွန် ကောင်းမွန်သော ကိစ္စပင်။ နောက်ဆို သူ ထင်တိုင်းကြဲလို့ ရလေပြီ။
"ဟားဟား... ငါကလည်း ပွင့်လင်းတဲ့သူပါပဲ... ဒီနေ့ အစ်ကိုကြီးက ညီလေးအပေါ် ကျေးဇူးကြွေး တင်သွားပြီ... ညီလေးမှာ ဘာတောင်းဆိုစရာ ရှိလဲ... အစ်ကိုကြီး တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမယ်"
ရာစုနှစ်ပေါင်းများစွာ သူ နားမလည်နိုင်ခဲ့သော တာအိုတရားသည် ယနေ့ ရုတ်တရက် ရှင်းလင်းသွားခဲ့ပြီး အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။
ယနေ့နောက်ပိုင်း သူ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာတော့မည် ဖြစ်ရာ ဤသည်မှာ ရှားပါးသော အခွင့်အရေး တစ်ခုနှင့် မခြားသည့် ကြီးမားသော ကျေးဇူးတရားပင် ဖြစ်သည်။
"ချင်..." ဂိုဏ်းချုပ်က ခဏမျှ တုံ့ဆိုင်းသွားပြီး မည်သို့ ခေါ်ဝေါ်ရမည် မသိ ဖြစ်နေသည်။
ဘိုးဘေးအကြီးအကဲ ဆိုသည်မှာ သက်ရှိထင်ရှား ဘိုးဘေးတစ်ဦး ဖြစ်ပြီး သူတို့ထက် မျိုးဆက် အတော်များများ မြင့်မားကာ ရှေးဟောင်းဘိုးဘေး၏ ညီ ဖြစ်သည်။ "ဘိုးဘေးပေါက်စချင်... ဒီနေ့ ကျွန်တော်လည်း ခင်ဗျားအပေါ် ကျေးဇူးကြွေး တင်သွားပါပြီ... လိုအပ်တာ ရှိရင် ပြောပါ"
"ဟုတ်ပါတယ်... ဘိုးဘေးပေါက်စ... ကြိုက်တာ တောင်းဆိုပါ" အကြီးအကဲများက ၀ိုင်းဝန်း ထောက်ခံလိုက်ကြသည်။
ချင်ထျန်းသည် ဘိုးဘေးအကြီးအကဲ၏ ကျေးဇူးရှင် ဖြစ်ရုံသာမက သူတို့၏ ကျေးဇူးရှင်လည်း ဖြစ်ပေသည်။
ကျင့်ကြံခြင်းလောကတွင် တာအိုလမ်းစဉ်ကို မျှဝေပေးသော ကျေးဇူးသည် အကြီးမားဆုံးသော ကျေးဇူးတရား ဖြစ်ပြီး အသက်နှင့်ရင်း၍ ပြန်လည် ပေးဆပ်ရမည့်အရာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟောက်ရန်ဂိုဏ်း တစ်ခုလုံး၏ ကျေးဇူးရှင်လည်း ဖြစ်ပေသည်။ ချင်ထျန်း၏ မြင့်မြတ်ကျမ်းမြတ်ကြောင့် ဟောက်ရန်ဂိုဏ်းသည် အနာဂတ်တွင် ကွန်ဖြူးရှပ် ဆရာသခင်များစွာကို မွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပြီး ခေတ်ပြိုင် ကွန်ဖြူးရှပ် ပညာရှင်ကြီးများပင် ပေါ်ထွက်လာနိုင်ပေသည်။
"ကျွန်တော် မဟာအကြီးအကဲ ဖြစ်လို့ ရမလား" ချင်ထျန်းက သူ၏ ယခင် ရည်မှန်းချက်ကို ပြန်တွေးမိလိုက်သည်။ ဟောက်ရန်ဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်လာရန် ရည်မှန်းချက်ကို ဤမျှ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မည့် အခွင့်အရေး ရလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
မဟာအကြီးအကဲ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
'ဒီကောင်လေးက တကယ့်ကို အငြိုးအတေးကြီးတာပဲ။ သူ့ရဲ့ မဟာအကြီးအကဲ နေရာကို ချက်ချင်း မျက်စိကျနေပြီ။ သူက စကားနည်းနည်းလောက် ပြောလိုက်မိရုံ ရှိပါသေးတယ်။
ဒီလူက တကယ်ရော မြင့်မြတ်ကျမ်းမြတ်ကို ရေးတဲ့လူ ဟုတ်ရဲ့လား။'
"ဒါကတော့... မဖြစ်ဘူး" ဂိုဏ်းချုပ်မှာ အားကိုးရာမဲ့ ဖြစ်နေသည့်ပုံစံ ပေါက်နေသည်။
"ငါတို့ရဲ့ ဘိုးဘေးတွေက လူတိုင်း တန်းတူညီမျှ ရှိရမယ် ဆိုတဲ့ စည်းကမ်းကို ချမှတ်ခဲ့တယ်... ဒီဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ရဲ့ အဆင့်အတန်းကို ပါရမီအပေါ် မူတည်ပြီး မဆုံးဖြတ်ဘူး... ရာထူးတိုးချင်တဲ့သူ ဘယ်သူမဆို ဂိုဏ်းရဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ပြီးမှ ရာထူးတိုးလို့ ရမယ်"
ဤစည်းကမ်းကို ဂိုဏ်းစတင် တည်ထောင်ကတည်းက ချမှတ်ခဲ့ခြင်း ဖြစ်သည်။
'စည်းကမ်းတွေကလည်း များလိုက်တာ... မရလည်း နေပါစေတော့။'
ချင်ထျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူ တကယ်ကြီး မဟာအကြီးအကဲ ချက်ချင်း ဖြစ်ချင်နေသည် မဟုတ်ပေ။
"ဒါဆိုလည်း ထားလိုက်ပါတော့... အကြွေးအနေနဲ့ပဲ မှတ်ထားလိုက်မယ်" ချင်ထျန်းသည် ဤကမ္ဘာအကြောင်း သိပ်နားမလည်သေးပေ။ တောင်းဆိုမှု ပြုလုပ်မည် ဆိုလျှင်လည်း သူ၏ ဗဟုသုတ နည်းပါးမှုကြောင့် တန်ဖိုးရှိသည့်အရာ တောင်းတတ်မည် မဟုတ်သဖြင့် အကြွေးတင်ထားလိုက်သည်က ပိုကောင်းပေသည်။
"ညီငယ်လေး... ဒီမြင့်တြ်ကျမ်းမြတ်ကို ဘယ်လို နာမည်ပေးမလဲ စဉ်းစားပြီးပြီလား" ဘိုးဘေးအကြီးအကဲက မေးလိုက်သည်။
မြင့်မြတ်ကျမ်းမြတ်တစ်စောင် ထွက်ပေါ်လာသည့်အခါ နေရာအနှံ့အပြားရှိ ကျွမ်းကျင်သူများက ၎င်း၏ တည်ရှိမှုကို အာရုံခံမိကြသည်။
မြင့်မြတ်ကျမ်းမြတ်တစ်စောင်တွင် အမည်နာမ မရှိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။
"အာနက်လက်ကျမ်း..."
"အာနက်လက်ကျမ်း ဟုတ်လား... ထူးဆန်းတဲ့ နာမည်ပဲ"
ဘိုးဘေးအကြီးအကဲက ရေရွတ်လိုက်သော်လည်း သူ ရေးသားခဲ့ခြင်း မဟုတ်သဖြင့် ဘာမှ ဆက်မပြောတော့ပေ။
ထိုအချိန်မှ စ၍ "အာနက်လက်ကျမ်း" သည် လောက၏ မြင့်မြတ်သော စာပေကျမ်းဂန် ဖြစ်လာခဲ့လေသည်။
ချင်ထျန်းသည် ဟောက်ရန်ဂိုဏ်းသို့ တရားဝင် ဝင်ရောက်ခဲ့သည်။
သူသည် အပြင်ဂိုဏ်းသား တစ်ယောက် ဖြစ်လာခဲ့သည်။
အကြီးအကဲများ သို့မဟုတ် တာဝန်ခံများ၏ တပည့် ဖြစ်လာသော လူ ၄၀၀ ကျော်လုံးသည် အပြင်ဂိုဏ်းသားများသာ ဖြစ်ကြသည်။
ဤအချက်က ချင်ထျန်းကို စိတ်ရှုပ်ထွေးစေသည်။ ပါရမီအပေါ် မူတည်ပြီး အပြင်ဂိုဏ်းသား၊ အတွင်းဂိုဏ်းသား၊ ကိုယ်ပိုင်တပည့် စသဖြင့် ခွဲခြားထားသင့်သည် မဟုတ်ပါလော။
'သူ့မှာ ထိပ်တန်း ပါရမီ ရှိနေတာလေ။ တကယ် စိတ်ပျက်စရာပဲ။ အထွတ်အထိပ်အဆင့် ပါရမီနဲ့ ကူးပြောင်းရောက်ရှိလာပါတယ် ဆိုမှ... ဘာခံစားခွင့်မှ မရပါလား။'
ချင်ထျန်းသည် ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး ချစ်စဖွယ် မျက်နှာဝိုင်းဝိုင်းလေးနှင့် စီနီယာအစ်မ တစ်ဦး၏ ဦးဆောင်မှုနောက်သို့ လိုက်ပါရင်း အပြင်ဂိုဏ်းသားများ နေထိုင်ရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
ဘိုးဘေးအကြီးအကဲက သူ့ကျင့်ကြံမှုကို ကူညီပေးမည်ဟု ပြောထားပြီး ဖြစ်သဖြင့် သူ့ကို မည်သူကမျှ တပည့်အဖြစ် လက်ခံရဲခြင်း မရှိပေ။
သို့သော် ထိုအဘိုးကြီးသည် မြင့်မြတ်ကျမ်းမြတ်ကို နက်နက်နဲနဲ လေ့လာလိုသည်ဟု ဆိုကာ ပျောက်ကွယ်သွားခဲ့ရာ ချင်ထျန်းမှာ ဘောင်းဘီ ချွတ်ချခံလိုက်ရပြီးမှ ကျောခိုင်း သွားခံလိုက်ရသူ တစ်ယောက်လို ခံစားလိုက်ရသည်။
"ဂျူနီယာ... မောင်လေး... ဘိုးဘေးပေါက်စ... ဒါက အပြင်ဂိုဏ်းသားတွေ နေတဲ့ နေရာပါ..." လမ်းပြပေးသော အမျိုးသမီး ဂိုဏ်းသားက သုံးထပ် အဆောက်အအုံတန်း တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ သို့သော် သူမသည် ရပ်တန့်မနေဘဲ အတွင်းသို့ ဆက်လက် လျှောက်သွားလေသည်။
ဂိုဏ်းသားသစ်များ၏ နေအိမ်များသည် နောက်ဆုံးတွင် ရှိလေသည်။
ဂိုဏ်းဝင်စ လူသစ်တစ်ယောက်ကို "ဘိုးဘေးပေါက်စ" ဟု ခေါ်ဝေါ်ရသည်မှာ ထိုအမျိုးသမီး ဂိုဏ်းသူအတွက် အတော်လေး ခေါင်းကိုက်စရာ ဖြစ်နေပြီး သူမ၏ မျက်နှာလေးမှာ ပို၍ ဝိုင်းစက်လာသကဲ့သို့ ဖြစ်နေသည်။
ငယ်ရွယ်သော်လည်း ဝါရင့်နေသော ဤဘိုးဘေးပေါက်စကို မည်သူမျှ လမ်းမပြချင်ကြပေ။ အနေခက်စရာ ကောင်းလွန်းသည်။ ဂိုဏ်းသားဟောင်းများ အနေဖြင့် လူသစ်များ၏ လေးစားမှုနှင့် နာခံမှုကို ခံရလေ့ ရှိသော်လည်း သူမအတွက်မူ လူသစ် ဖြစ်နေသည့်တိုင် ချင်ထျန်းကို မော်ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။
သူမလည်း လာချင်သည် မဟုတ်ပေ။ သို့သော် ယခုနှစ် ဂိုဏ်းသားသစ်များကို ကြိုဆိုရန် တာဝန်ကျသူများထဲတွင် သူမက အားအနည်းဆုံး ဖြစ်သဖြင့် သူများကို မယှဉ်နိုင်ဘဲ အတင်းအကျပ် လာခဲ့ရခြင်း ဖြစ်သည်။
ချင်ထျန်းကမူ တည်ငြိမ်အေးဆေးစွာဖြင့် လူကြီးတစ်ယောက်၏ လေသံဖြင့် ပြောလိုက်သည်။"အေး... ကျေးဇူးပါပဲ ကလေးမ... ဘိုးဘေးက သဘောကျပါတယ်..."
ဤအမျိုးသမီး ဂိုဏ်းသူသည် ယခင်အသုတ်မှ ဂိုဏ်းသား ဖြစ်ပြီး အပြင်ဂိုဏ်းသား အဖြစ်သာ ရှိနေသေးကြောင်း၊ သူမ၏ အမည်မှာ ချန်နီ ဖြစ်ကြောင်း ချင်ထျန်း သိရှိလိုက်ရသည်။
ကိုယ့်ထက် အသက်ငယ်သော ကောင်လေးတစ်ယောက်က "ကလေးမ" ဟု ခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် "ဘိုးဘေး" ဟု သုံးနှုန်းနေသည်ကို ချန်နီ ကြားလိုက်ရသောအခါ ပြောစရာ စကားမဲ့သွားရသည်။
"ဒီဘိုးဘေးက ဂိုဏ်းကို ရောက်ခါစ ဆိုတော့ အိတ်ကပ်ထဲမှာ ဘာမှ မရှိသေးဘူး... ဆုချဖို့ကို ကြွေးမှတ်ထားလိုက်"
"ဘိုးဘေးပေါက်စက သဘောကောင်းလွန်းပါတယ်... ဂိုဏ်းသားသစ် တစ်ယောက်ကို လမ်းပြပေးရတာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ..." ချန်နီ ပြုံးလိုက်သည်။ ချင်ထျန်း၏ ဆုချမည် ဆိုသော စကားကို သူမ အတည်မယူပေ။
ဂိုဏ်းသားဟောင်းများက ဂိုဏ်းသားသစ်များကို တစ်ယောက်ချင်းစီ ကူညီပေးပြီး ဂိုဏ်းအကြောင်း နားလည်စေရန် ရှင်းပြပေးရသည်မှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး ထိုအတွက် ဂိုဏ်းထံမှ ဆုလာဘ်များ ရရှိကြသည်။
ပေသုံးထောင် မြင့်သော တောင်တံခါးဝမှ စတင်သည့် အပြင်ဂိုဏ်း လူနေအိမ်ရာ ဧရိယာသည် အပြင်ဂိုဏ်းသားများ နေထိုင်ရာ နေရာ ဖြစ်သည်။
"ဒါနဲ့ ကလေးမ ချန်နီ... ကျင့်ကြံခြင်း အဆင့်တွေကို ဘယ်လို ခွဲခြားထားလဲ... ဂိုဏ်းရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကရော ဘယ်လို ရှိလဲ..." ချင်ထျန်း မေးလိုက်သည်။
ဟောက်ရန်ဂိုဏ်းနှင့် ပတ်သက်၍ သူ၏ နားလည်မှုမှာ လမ်းခရီး၌ လူများ ပြောဆိုနေကြသည်ကို ကြားဖူးနားဝ ရှိရုံမျှသာ ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်နှင့် ပတ်သက်၍လည်း သူ၏ နားလည်မှုမှာ ယေဘုယျဆန်ပြီး တာအိုကျင့်ကြံရန်အတွက် ဦးစွာ မသေမျိုးသွေးကြောမှတ် ဖွင့်လှစ်ရမည် ဆိုသည်လောက်သာ သိထားသည်။