အခန်း (၃၉၅)
Vol. 27 Ch. 395
ကျန်းတန်းဟယ်သည် ရှက်သွေးဖြာသွားပြီး အရှက်သည်းစွာဖြင့် သူ၏မျက်နှာတစ်ခုလုံးကို လက်ဖြင့် အုပ်လိုက်မိသည်။
အတန်ကြာမှ ကျန်းတန်းဟယ်က နောက်ဆုံးတွင် စကားပြောလာသည်။
“ကျွမ်းကျွမ်း... မင်း ထမင်းချက်တတ်လား?”
“...”
ကျွမ်းကျွမ်းက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း “ဖေဖေ ဘာတွေပြောနေတာလဲ?” ဟု ပြန်မေးသည်။
“...ဘာမှမဟုတ်တော့ပါဘူး။”
ထိုသို့မေးလိုက်မိသည့်အတွက် ကျန်းတန်းဟယ် ကိုယ့်ကိုယ်ကိုယ် ရှက်သွားသဖြင့် စကားဆက်မပြောတော့ပေ။ သူ့ကလေးက သူ့အတွက် ထမင်းပြန်ချက်ပေးရသည်ဟူသောသတင်းသာ အပြင်ပေါက်သွားပါက အတော်လေး အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
အကျိုးမရှိသော စကားဝိုင်းလေးအပြီးတွင် သူတို့နှစ်ဦးစလုံး ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။
ကျန်းတန်းဟယ်သည် ဝေးကွာသော လမ်းမထက်သို့ ငေးကြည့်ရင်း “ရှောင်းကော... မြန်မြန်ပြန်လာပါတော့” ဟု စိတ်ထဲမှ အကြိမ်ကြိမ် ခေါ်နေမိသည်။
မနက်က မြင်းစီးထွက်လာပြီးနောက် သူသည် ခရိုင်သို့ တန်းတန်း သွားခဲ့သည်။ ခေါက်ဆွဲဆိုင်သို့ အရင်သွားသော်လည်း ချင်းရှောင်းကောကို မတွေ့ခဲ့ပေ။ ထို့ကြောင့် ဆရာခုံး၏ အိမ်သို့ အပြေးအလွှားသွားခဲ့သော်လည်း ထိုနေရာမှာလည်း သူမကို မတွေ့ရပြန်ပေ။
တစ်ယောက်တည်း ဖြစ်ကျန်ရစ်မှာကို ကြောက်သောကြောင့် ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းကို အိမ်ပြန်လိုက်ခဲ့ရန် လှည့်ဖြားခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဇနီးသည်ကို မတွေ့ရသဖြင့် သားဖြစ်သူက ဖခင်အနားတွင် နေပေးသင့်သည် မဟုတ်ပါလား။
အိမ်ပြန်ရောက်နေပြီဖြစ်ရာ အဖော်ပြုပေးမည့်သူတစ်ယောက်တော့ ရှိရပေမည်။
ဆရာခုံး၏အိမ်သို့ ရောက်စဉ်က ကျန်းတန်းဟယ်သည် ဘာမှအများကြီး မပြောခဲ့ပေ။ သနားစရာ ကျွမ်းကျွမ်းလေးမှာမူ ချင်းရှောင်းကော အိမ်မှာရှိနေပြီအထင်နှင့် သူ၏အိတ်အသေးလေးကို ပျော်ရွှင်စွာထုပ်ပိုးပြီး ဖခင်နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
အိမ်အပြန်လမ်းတွင် အမှန်တရားကို သိသွားသောအခါ ကလေးငယ်မှာ ဆရာခုံးအိမ်သို့ ပြန်ပို့ရန် ဆူပူသော်လည်း ကျန်းတန်းဟယ်က ဘယ်လွှတ်ပေးပါမည်နည်း။ သူတစ်ယောက်တည်းဆိုလျှင် အလွန်အထီးကျန်နေလိမ့်မည်။ အထီးကျန်နေသော ဝိညာဉ်နှစ်ခု အတူရှိနေခြင်းက အထီးကျန်မှုကို ပို၍ ခံသာစေသည် မဟုတ်ပါလား။
နေ့လယ်စာအတွက် အစီအစဉ်မရှိသဖြင့် သူတို့နှစ်ဦး ခေါက်ဆွဲဆိုင်သို့ ပြန်သွားခဲ့ကြသည်။ ဗိုက်ဝအောင် စားသောက်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် အိမ်ပြန်လာခဲ့ကြသည်။
တစ်နေကုန် အချင်းချင်း စိုက်ကြည့်နေရုံမှလွဲ၍ ဘာမှမလုပ်ဖြစ်ကြပေ။ အပူချိန်ကျဆင်းလာသောအခါ သူတို့သည် တံခါးဝတွင်ထိုင်ရင်း “ဇနီးစောင့်ကျောက်ရုပ်” နှင့် “အမေစောင့်ကျောက်ရုပ်” များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤအချိန်တွင် သူတို့နှစ်ဦးစလုံး ရင်ထဲမှ အော်ဟစ်နေကြသည်မှာ -
“ရှောင်းကော... မြန်မြန်ပြန်လာပါ...”
“မေမေ... မြန်မြန်ပြန်လာပါ...”
“သားတို့ ဗိုက်ဆာနေပြီ...”
ယန်အမျိုးသမီးသည် ညစာချက်ပြုတ်ပြီးသောအခါ သူတို့နှစ်ဦးကို လာရောက်ခေါ်ယူသည်။
သူတို့နှစ်ဦးတွင် ညစာအတွက် အစီအစဉ်မရှိမှန်း သူမ သိနေသည်။
ကျန်းတန်းဟယ်နှင့် ကျွမ်းကျွမ်းတို့သည် အရောင်တောက်နေသော မျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ သူမ၏ ဖိတ်ခေါ်မှုကို အားနာသလိုနှင့် ငြင်းဆန်နေကြသော်လည်း သူတို့၏ လုပ်ဆောင်ချက်များမှာမူ အလွန်ပင် ရိုးသားလှသည်။
သူတို့သည် ထိုင်ခုံများကို အိမ်ထဲသို့ပြန်သွင်းပြီး တံခါးမကြီးကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် ဝေးကွာသောနေရာမှ ခွာသံများကို ကြားလိုက်ရသည်။
သားအဖနှစ်ဦးစလုံး နားစွင့်လိုက်ကြသည်။ သူတို့သည် လုပ်လက်စကိုရပ်ပြီး ရှေ့သို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။
သူတို့သည် ချင်းရှောင်းကော ပြန်လာမည်ကို မျှော်လင့်နေကြဆဲပင်။
ယန်အမျိုးသမီးသည် သူတို့၏အမူအရာကိုကြည့်ကာ အလွန်ရယ်ချင်သွားသည်။ သူမသည် လက်ပိုက်ကာ သူတို့ကြည့်နေသောဘက်သို့ လိုက်ကြည့်လိုက်သည်။
ချင်းရှောင်းကောသည် မိန်းကလေးနှစ်ယောက်ကို ပတ်ဝန်းကျင်အကြောင်း အာရုံစိုက် မိတ်ဆက်ပေးနေစဉ် ယွီလင်းက ဝေးကွာသောနေရာမှ လူတစ်ယောက်ကို ရုတ်တရက် လက်ညှိုးညွှန်ပြကာ “အဲဒါ ကျွမ်းကျွမ်းလားဟင်?” ဟု စပ်စုစွာ မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ကျွမ်းကျွမ်းက မြို့ထဲက ကျောင်းမှာလေ။”
ချင်းရှောင်းကောက ဘာမှမစဉ်းစားဘဲ လက်ကာပြရင်း ပြောလိုက်သည်။
သူတို့သည် အိမ်နှင့် အတော်လေး ဝေးနေသေးသည်။ သူမ၏စကားကို ကြားသောအခါ ယွီလင်းမှာ မသေချာသလို ဖြစ်သွားသည်။ သူမ မှားမြင်တာလည်း ဖြစ်နိုင်သည်လေ။
သို့သော် ထိုမိန်းကလေးမှာ မျက်စိအလွန်စူးရှသည်။ သူမ ကြည့်လေလေ ထိုလူမှာ ကျွမ်းကျွမ်းနှင့် ပိုတူလေလေ ဖြစ်နေသည်။ ထို့ကြောင့် သူမ နောက်တစ်ကြိမ် ထပ်ပြောပြန်သည်။
“အစ်မ ရှောင်းကော... အဲဒါ တကယ် ကျွမ်းကျွမ်းပဲ...”
ချင်းရှောင်းကော ထိုစကားကို ကြားသောအခါ ရယ်ချင်သွားသည်။ ကျွမ်းကျွမ်းက ဒီမှာ ဘယ်လိုလုပ် ရှိနေမှာလဲ? မနေ့ကမှ သူမကိုယ်တိုင် သွားပို့ထားခဲ့သည် မဟုတ်ပါလား။
သူတို့နှစ်ဦးစလုံး မယုံသေးသည်ကို မြင်သောအခါ ယွီလင်းက အသည်းအသန် လက်ညှိုးညွှန်ပြရင်း “ဟိုက အရပ်ပုပုလေးက ကျွမ်းကျွမ်း မဟုတ်ဘူးလား?” ဟု ပြောလိုက်သည်။
“ဟုတ်တယ်!”
ရှောင်းကျူးက မျက်မှောင်ကြုတ်ကာ အားစိုက်ကြည့်လိုက်သည်။ သူမသည် ချင်းရှောင်းကောထက် အရင်ဦးအောင် ယွီလင်း၏ စကားကို ထောက်ခံလိုက်သည်။
“တကယ် ကျွမ်းကျွမ်းပဲ!”
ထို့နောက် ရှောင်းကျူးက ဇဝေဇဝါဖြင့် သက်ပြင်းချကာ “ဒါပေမဲ့ သူ့ဘေးကလူက ဘယ်သူလဲ? ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ...” ဟု မေးသည်။
ယွီလင်းသည် သူမစကားကြောင့် ခေတ္တရပ်ကာ စပ်စုစွာ လှမ်းကြည့်လိုက်သည်။ ကျွမ်းကျွမ်းဘေးမှာ လူတစ်ယောက် ရှိနေတာလား? သူမ မမြင်ရပေ။
စောစောက သူမသည် ကျွမ်းကျွမ်းကိုသာ အာရုံစိုက်ကြည့်နေသဖြင့် ထိုကလေးငယ်ဘေးရှိ အခြားလူတစ်ယောက်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ချင်းရှောင်းကောသည် သူတို့၏ စကားဝိုင်းကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ ကြည့်ရသည်မှာ သူတို့ပြောနေသည်မှာ အဟုတ်ဖြစ်နိုင်ခြေ ပိုများလာသည်။
သူတို့၏ စကားကို မလွန်ဆန်နိုင်ဘဲ ချင်းရှောင်းကော ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူမ မြင်လိုက်ရသော မြင်ကွင်းကြောင့် ချက်ချင်း မှင်တက်သွားရသည်။
“တကယ် ကျွမ်းကျွမ်းပဲ!”
ချင်းရှောင်းကော အံ့သြတကြီး ပြောလိုက်သည်။ ကျွမ်းကျွမ်းက ဘာလို့ အိမ်မှာ ရောက်နေတာလဲ?!
“တွေ့လား၊ ညီမ မမှားပါဘူးလို့ ပြောသားပဲ!”
ယွီလင်းက ဂုဏ်ယူစွာ ပြောခဲ့သည်။ ထို့နောက် ဇဝေဇဝါဖြင့် “သူ့ဘေးက ဘယ်သူလဲဟင်?” ဟု မေးပြန်သည်။
သူတို့သည် အတော်လေး ဝေးနေသေးသည်။ ယွီလင်းနှင့် ရှောင်းကျူးတို့သည် ကျန်းတန်းဟယ်ကို ယခင်က မြင်ဖူးသော်လည်း အနီးကပ် မဆက်ဆံဖူးကြပေ။ သူတို့သည် ကျွမ်းကျွမ်းနှင့်သာ ပို၍ ရင်းနှီးကြသည်။
ရှောင်းကျူးနှင့် ယွီလင်းတို့ မည်သို့ပင် အားစိုက်ကြည့်သော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားသော ချင်းရှောင်းကောကိုတော့ မမှီပေ။
မြင်းလှည်းမှာ ထိုပုံရိပ်နှစ်ခုနှင့် ပို၍ နီးကပ်လာသည်။ အကယ်၍ သူမသာ ထိုလူကို အခုထိ မမှတ်မိသေးပါက သူ့ဆီက အဆူခံရပေလိမ့်မည်။ ထိုလူစားမျိုးကလည်း အလွယ်တကူ စိတ်ကောက်တတ်သည် မဟုတ်ပါလား။
“သူ့ဘေးကလူက ကျွမ်းကျွမ်းရဲ့ အဖေလေ။”
ချင်းရှောင်းကောသည် သူ့ကို “ခင်ပွန်း” ဟု ခေါ်ရန် အနည်းငယ် ရှက်နေသေးသည်။ ထို့ပြင် ကျန်းတန်းဟယ်၏ အမည်ကို တိုက်ရိုက်ခေါ်ရန်လည်း မသင့်တော်ပေ၊ ထိုသို့ခေါ်လျှင် သူတို့အချင်းချင်း မရင်းနှီးသလို ထင်ရပေလိမ့်မည်။
ထို့ကြောင့် “ကျွမ်းကျွမ်းရဲ့ အဖေ” ဟု ပြောလိုက်ခြင်းက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အပြည့်အစုံ ရှင်းပြရာရောက်သလို၊ သူမအတွက်လည်း စိတ်ထဲတွင် အနေမခက်တော့ပေ။
“ဪ...”
သူမ ပြောလိုက်သည်နှင့် သူတို့နှစ်ဦးစလုံး နားလည်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်ကြသည်။ ဟုတ်သားပဲ၊ ကြည့်ရတာ မြင်ဖူးသလိုရှိနေတာ။ ဒါဆို အဲဒါ အစ်မရှောင်းကောရဲ့ ခင်ပွန်းပေါ့။
“ဒါဆို ဟိုဘက်က လူကရော ဘယ်သူလဲ?”
သူတို့နှစ်ဦးသည် ကျန်းတန်းဟယ်နှင့် တွေ့ဖူးသော်လည်း အခြားတစ်ဖက်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးကိုမူ မသိကြပေ။ အစ်မ ရှောင်းကော ရှေ့တွင် အမှားအယွင်း မဖြစ်စေရန် သူတို့ ကြိုတင်သိထားချင်ကြသည်။
မြင်းလှည်းမှာ အိမ်ရှေ့သို့ ရောက်တော့မည်ဖြစ်ရာ ချင်းရှောင်းကော ရှင်းပြရန် အချိန်မရှိတော့ပေ။ သူမက “သူမက အရမ်းစိတ်ထားကောင်းတဲ့ အစ်မကြီး တစ်ယောက်ပါ။ ခဏနေရင် ငါ နင်တို့ကို မိတ်ဆက်ပေးမယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့။”
သူတို့နှစ်ဦး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့၏ အိတ်များကို ကောက်ကိုင်ကာ လှည်းပေါ်မှ ဆင်းရန် ပြင်လိုက်ကြသည်။
ချင်းရှောင်းကောသည်လည်း အလွန်ပျော်ရွှင်နေသည်။ သူ ဘာကြောင့် ပြန်ရောက်နေမှန်း သူမ မသိသော်လည်း ပျော်ရွှင်နေမှုကိုတော့ တားဆီး၍ မရပေ။
မြင်းလှည်း မရပ်မီမှာပင် ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်၏ အဝတ်စွန်းကို ပျော်ရွှင်စွာ ဆွဲလိုက်ပြီး “မေမေ ပြန်လာပြီ...” ဟု ပြောလိုက်သည်။
ကျန်းတန်းဟယ်က တည်ငြိမ်ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ မင်းမေမေ ပြန်လာတာပဲ” ဟု ဆိုသည်။
ကျွမ်းကျွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ 'သူက ဘာလို့ ဟန်ဆောင်နေတာလဲ? စိတ်လှုပ်ရှားလွန်းလို့ သူ့လက်တွေ တုန်နေတာကို သူ မြင်နေရတာပဲဟာ'
ကျန်းတန်းဟယ်သည် အပြင်ပန်းတွင် တည်ငြိမ်သလို ရှိနေသော်လည်း အတွင်းစိတ်မှာမူ လုံးဝ ထိုသို့မဟုတ်ပေ။ အကယ်၍ အခြေအနေကသာ ခွင့်ပြုမည်ဆိုလျှင် သူသည် အပြေးအလွှား သွားကာ မြင်းလှည်းကို ရပ်တန့်စေပြီး ချင်းရှောင်းကောကို ပွေ့ဖက်ကာ သူမကို အလွန်လွမ်းကြောင်း ပြောပြချင်နေမိသည်။ ပြီးလျှင် သူမ ဘယ်တွေသွားနေသည်ကိုလည်း မေးချင်နေသည်။ သူ အတော်လေးကို ဗိုက်ဆာနေပြီ ဖြစ်သည်။
ချင်းရှောင်းကောသည် ထိုလူ၏ မကျေနပ်မှုကို ခံစားမိပုံရပြီး ဝေးကွာသောနေရာမှ လှမ်းကာ လက်ပြလိုက်သည်။
ကျန်းတန်းဟယ်၏ လက်များမှာ ဦးနှောက်ထက် ပိုမြန်နေသည်။ သူသည် သူမကို ချက်ချင်း ပြန်လက်ပြလိုက်ပြီး မသိလိုက်ဘဲ ပြုံးမိသွားသည်။ သူမ အိမ်ပြန်ရောက်လာသည်ကို မြင်ရသဖြင့် သူ အလွန်ပျော်နေသည်မှာ သိသာလှသည်။
ထို့နောက် ယန်အမျိုးသမီးနှင့် ကျွမ်းကျွမ်းတို့ ရယ်မောသံကို သူ ကြားလိုက်ရသည်။ သူ မြှောက်ထားသော လက်မှာ လေထဲတွင် ခဏရပ်သွားပြီး မျက်နှာမှာ ရဲတက်သွားသည်။ နောက်တစ်ခဏတွင် သူသည် ရှက်ရှက်နှင့် လက်ကို ပြန်ချလိုက်သည်။
လွမ်းဆွတ်မှုကိုတော့ ခဏနေမှ တိတ်တဆိတ် ဖော်ပြတာ ပိုကောင်းပါလိမ့်မည်။ ဒီမှာ သူစိမ်းတွေ အများကြီး ရှိနေသည် မဟုတ်ပါလား။
ရှီဇီက မြည်းကို ရပ်လိုက်ပြီး ခြေနင်းခုံကို ချပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ချင်းရှောင်းကော အရင်ဆင်းလာပြီး ရှီဇီကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ရှောင်းကျူးနှင့် ယွီလင်းတို့လည်း သူမနောက်မှ လိုက်လာပြီး ထိုသို့ပင် လုပ်ဆောင်ကြသည်။
ကျန်းတန်းဟယ်သည် ချင်းရှောင်းကော ပေါ်လာသည်ကို မြင်သောအခါ သူမထံသို့ စတင်လျှောက်လှမ်းလာသည်။ သို့သော် သူမနောက်တွင် လိုက်ပါလာသော လူနှစ်ယောက်ကို မြင်သောအခါ တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးမှ ဆက်လျှောက်လာခဲ့သည်။
ကျန်းတန်းဟယ်ထက် တစ်လှမ်းဦးအောင် ကျွမ်းကျွမ်းသည် ချင်းရှောင်းကော၏ ဘေးသို့ ပြေးသွားလိုက်သည်။ အစ်မရှောင်းကျူးနှင့် အစ်မယွီလင်းတို့ ဘာကြောင့် သူ့မေမေနှင့်အတူ ပြန်ပါလာသနည်းဟု သူ တွေးတောနေသော်လည်း ပြုံးရွှင်စွာဖြင့် သူတို့ကို နှုတ်ဆက်လိုက်သည်။
ရှောင်းကျူးနှင့် ယွီလင်းတို့သည် ကျွမ်းကျွမ်းကို အလွန်ချစ်ကြသဖြင့် ပြုံးပြုံးရွှင်ရွှင်ပင် နှုတ်ဆက်ကြသည်။ သို့သော် မြင့်မားသော အရိပ်ကြီးတစ်ခု သူတို့အပေါ်သို့ လွှမ်းမိုးလာသောအခါ သူတို့နှစ်ဦးမှာ ချက်ချင်းပင် အနေအေးသွားကြသည်။
“မင်္ဂလာပါ ခဲအို။”
ရှောင်းကျူး၏ မျက်လုံးများက ထိုလူအပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ သူမက သူ့ကို “ခဲအို” ဟု ခေါ်လိုက်သောအခါ ကျန်းတန်းဟယ်သည် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
“မင်္ဂလာပါ ခဲအို!”
ယွီလင်းသည် သူက ဤသို့ခေါ်သည်ကို ကြိုက်ပုံရသည်ကို မြင်သဖြင့် ရှောင်းကျူးနောက်မှ လိုက်ခေါ်လိုက်သည်။
ကျန်းတန်းဟယ်၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားသည်။ ချင်းရှောင်းကောသည် နောက်လိုက်နှစ်ယောက် ခေါ်လာသော်လည်း သူတို့မှာ အတော်လေး သိတတ်နားလည်ပုံ ရသည်။ သူတို့ ရှိနေသည်ကို သူ မကန့်ကွက်တော့ပေ။
“မင်းတို့ကိုလည်း နှုတ်ဆက်ပါတယ်”
ကျန်းတန်းဟယ်မှာ ပြုံးမစဲ ဖြစ်နေသည်။ “ခဲအို” ဟု အခေါ်ခံရသည့် ပျော်ရွှင်မှုတွင် သူ နစ်မျောနေမိသည်။
ချင်းရှောင်းကောသည် သူ့ကို တိတ်တဆိတ် ပုတ်လိုက်ပြီး သူ့မျက်နှာကို ကြည့်ကာ “လူကြီးဖြစ်ပြီး ကလေးကျနေတာပဲ” ဟု လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
၎င်းက ကျန်းတန်းဟယ်၏ ကောင်းမွန်သော စိတ်ခံစားချက်ကို မည်သို့မျှ မထိခိုက်စေပေ။ သူတို့၏ ဇနီးမောင်နှံ ဆက်ဆံရေးကို မည်သူမဆို အသိအမှတ်ပြုပေးသည်ကို သူ အလွန်နှစ်သက်သည်။
သူမက အစ်မချင်းရှောင်းကော ဖြစ်ပြီး၊ သူက ခဲအို ဖြစ်သည်။ သူတို့နှစ်ဦးမှာ ရင်းနှီးသော ဆက်ဆံရေး ရှိသည်မှာ ထင်ရှားလှသည် မဟုတ်ပါလား။