အခန်း (၃၉၇)
Vol. 27 Ch. 397
နောက်တစ်နေ့မနက်တွင် ချင်းရှောင်းကော အိပ်ရာမှ နိုးလာခဲ့သည်။ သူမ မနက်မလင်းခင်မှာပင် တစ်စုံတစ်ယောက်က သူမထက် အရင် ထနှင့်နေပြီဖြစ်၍ သူမ အံ့သြသွားရသည်။
ချင်းရှောင်းကော အပြင်ထွက်လာသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်စိပင် ကျိန်းသွားရသည်။ အိမ်ကြီးမှာ ပြောင်လက်တောက်ပနေပြီး ကြမ်းပြင်များမှာလည်း သန့်ရှင်းနေကာ စားပွဲမှာလည်း သပ်ရပ်နေသည်။ မီးဖိုချောင်ဆီမှလည်း မီးခိုးများ ထွက်နေလေသည်။
ကြက်စာ၊ ဘဲစာခွက်များထဲတွင်လည်း အစာများ ပြည့်နေသည်။ ခွေးပေါက်လေး နှစ်ကောင်ကိုပင် အစာကျွေးပြီးနေပြီ ဖြစ်သည်။ နွားများ၊ မြည်းများနှင့် မြင်းများမှာလည်း လတ်ဆတ်သော မြက်များကို ခေါင်းငုံ့ကာ စားနေကြသည်။
ခြံဝန်းတစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။
ချင်းရှောင်းကောသည် မျက်လုံးများကို ပွတ်သပ်ရင်း ရယ်သံများ ကြားရာ မီးဖိုချောင်ဆီသို့ လိုက်သွားလိုက်သည်။
ရှောင်းကျူးနှင့် ယွီလင်းတို့သည် မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းငုံ့ပြီး တစ်ခုခုကို လေ့လာနေကြသည်။
"ဘာလို့ ဒီလောက်စောစော ထကြတာလဲ?"
ချင်းရှောင်းကော၏ အသံကြောင့် ထိုကလေးနှစ်ယောက် လန့်သွားကြသည်။
"အစ်မရှောင်းကော၊ နိုးပြီလား?"ရှောင်းကျူးက ပြုံးလျက် နှုတ်ဆက်ခဲ့သည်။
ချင်းရှောင်းကောက သမ်းဝေရင်း ခေါင်းညိတ်ပြလိုက်သည်။ "ဒီလောက်စောစော ထဖို့ မလိုပါဘူး။ ပိုပြီး အနားယူကြဦးလေ။"
ကလေးဆိုသည်မှာ အိပ်ရာထဲတွင် ကွေးနေရသည်ကို နှစ်သက်ကြသည်ဟု သူမ ထင်ထားသည်။ ဥပမာအားဖြင့် အမြဲတမ်း ကြိုးစားတတ်သော ကျွမ်းကျွမ်းပင်လျှင် ယခုထိ အိပ်ရာထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်သည်။
"ရပါတယ်၊ ကျွန်မတို့ မပင်ပန်းပါဘူး။ မနေ့ညက အရမ်းကောင်းကောင်း အိပ်ပျော်ခဲ့ပါတယ်။"
ယွီလင်းက မီးဖိုထဲသို့ ထင်းများ ထည့်ပေးရင်း ပြောလိုက်သည်။
"ကျွန်မကတော့ ပုံမှန်ဆို ဒီအချိန်ဆို နိုးနေကျပါ။ လုပ်စရာလည်း မရှိတာနဲ့ အိပ်ရာကပဲ ထလာလိုက်တာ။"
သူတို့နှစ်ယောက်စလုံးက ဟင်းမချက်တတ်ကြပေ။ အိုးထဲတွင် ဆန်ပြုတ်ရှိနေပြီး ဘေးတွင် ပေါင်မုန့်လုံးအချို့ ရှိသည်။ ပန်းကန်များထဲတွင်လည်း အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များ ရှိနေသည်။
ချင်းရှောင်းကောက သူတို့နှစ်ဦးကို ကြည့်ပြီး ပြုံးလိုက်သည်။ "နောက်တစ်ခါကျရင် ဒီလောက်စောစော ထစရာမလိုဘူးနော်။ အစ်မပဲ ချက်ပါ့မယ်။"
ကလေးနှစ်ယောက်က ခေါင်းခါတော့မည့်အမူအရာကို မြင်သောအခါ ချင်းရှောင်းကောက ဆက်ပြောလိုက်သည်။
"လုပ်စရာရှိရင်လည်း နည်းနည်းနောက်ကျမှ ထကြ။ သူ့အလိုလို နိုးလာတဲ့အထိ အိပ်ကြဦး။ အဲဒီကျမှ လုပ်ချင်တာတွေ ဆက်လုပ်ပေါ့။"
သူတို့နှစ်ယောက်က သူ့အလိုလို နိုးလာသည်ဟု ဆိုသော်လည်း ချင်းရှောင်းကောက မယုံပေ။ နေရာသစ်တစ်ခုမှာ ဘယ်လိုလုပ် ကောင်းကောင်းအိပ်ပျော်ပြီး သူ့အလိုလို နိုးလာနိုင်ပါ့မလဲ?
ရှောင်းကျူးနှင့် ယွီလင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ ချင်းရှောင်းကောကို ပြုံးပြကာ ခေါင်းညိတ်လိုက်ကြသည်။
အမှန်တော့ သူတို့ မနေ့ညက ကောင်းကောင်းမအိပ်ပျော်ခဲ့ကြပေ။ ဝေလီဝေလင်း အချိန်မှာပင် နေထွက်လာခဲ့ပြီဖြစ်သည်။ အိပ်ရာထဲတွင် ဆက်ပြီး ပျင်းရိနေရသည်မှာ မသင့်တော်ဟု ထင်သောကြောင့် သူတို့ အိပ်ရာမှထကာ တတ်နိုင်သည်များကို လုပ်နေကြခြင်း ဖြစ်သည်။
ချင်းရှောင်းကောက ထိုသိတတ်သော ကလေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ကဲ... အစ်မပဲ ဆက်လုပ်လိုက်ပါ့မယ်။"
ကလေးနှစ်ယောက်က မီးဖိုနားမှ အလိုက်တသိ ဖယ်ပေးကြသည်။ ချင်းရှောင်းကောသည် ခါးစည်းအင်္ကျီကို ဝတ်ဆင်ကာ အအေးဟင်းအချို့ကို ပြင်ဆင်တော့သည်။
ရှောင်းကျူးနှင့် ယွီလင်းတို့သည် ကြက်ဥပြုတ်သည့်အလုပ်ကို အပြိုင်အဆိုင် လုလုပ်ကြသည်။ နောက်ဆုံးတွင် တစ်ယောက်က မီးကူမွှေးပေးပြီး နောက်တစ်ယောက်က ကြက်ဥများ ထည့်ပေးလိုက်ရသည်။
ချင်းရှောင်းကောသည် အာလူးချောင်းများကို သုပ်ပြီး ပန်းကန်ထဲသို့ ထည့်လိုက်ချိန်မှာပင် ကျန်းတန်းဟယ် ရောက်လာသည်။ သူ့ကိုယ်ပေါ်တွင် ရေငွေ့များ ရှိနေသေးရာ သူသည် ရေချိုးသန့်စင်ပြီးကာစ ဖြစ်ပုံရသည်။
အကယ်၍ သူ့မျက်လုံးအောက်တွင် မျက်ကွင်းညိုကြီးများသာ မရှိလျှင် သူသည် အလွန်အမင်းပင် ခန့်ညားနေမည် ဖြစ်သည်။
ချင်းရှောင်းကောက တစ်ချက်ကြည့်ပြီး မျက်နှာလွှဲလိုက်ကာ သူမ၏ မျက်ဝန်းထဲမှ အပြုံးများက ပို၍ နက်ရှိုင်းလာသည်။
ယွီလင်းနှင့် ရှောင်းကျူးတို့က သူ့ကို နှုတ်ဆက်ပြီးနောက် ခေါင်းငုံ့ကာ သူတို့အလုပ်ကို ဆက်လုပ်ကြသည်။ သူတို့ ခဏမျှ ငြိမ်သက်သွားပြီးမှ သူ့ကို ပြန်မော့ကြည့်ကြသည်။
ကျန်းတန်းဟယ် သူတို့နှစ်ယောက်၏ အကြည့်ကြောင့် လန့်သွားပြီး ခြေထောက်ပင် ခွေသွားမတတ် ဖြစ်သွားသည်။ ထို့နောက် သူ၏ ပုံရိပ်ကို ထိန်းရန်အတွက် သူသည် မတ်တပ်ရပ်နေရင်းပင် မြင်းစီးဟန် လေ့ကျင့်ခန်း လုပ်နေသည့်အလား ပုံစံပြောင်းလိုက်သည်။
ရှောင်းကျူးနှင့် ယွီလင်းတို့က ရုတ်တရက် လေ့ကျင့်ခန်းလုပ်နေသော ထိုလူကြီးကို ကြည့်ကာ နားလည်သလို ခေါင်းညိတ်လိုက်ကြသည်။ ဪ... သူ့မျက်လုံးအောက်က မျက်ကွင်းညိုတွေက လေ့ကျင့်ခန်းကို အသည်းအသန် လုပ်လွန်းလို့ကိုး။ ခဲအိုကတော့ သူရဲကောင်းတွေထဲမှာ ထူးခြားတဲ့သူပဲ!
ချင်းရှောင်းကော မအောင့်နိုင်တော့ဘဲ တဟားဟား အော်ရယ်လိုက်တော့သည်။
ရှောင်းကျူးနှင့် ယွီလင်းတို့မှာ သူမ ဘာကြောင့် ရုတ်တရက် ရယ်ရသည်ကို အသေအချာ နားမလည်သော်လည်း ခန့်မှန်းကြည့်ကြသည်။ အစ်မချင်းရှောင်းကောက ခဲအို ဒီလောက်တောင် ကြံ့ခိုင်ကျန်းမာနေတာကို မြင်လို့ ဂုဏ်ယူပြီး ရယ်နေတာ ဖြစ်ရမယ်။
"..."
ကျန်းတန်းဟယ်က ရပ်လိုက်ပြီး မျက်နှာနီမြန်းလျက် "ကိုယ် ကျွမ်းကျွမ်းကို သွားခေါ်လိုက်ဦးမယ်" ဟု ပြောကာ ပျာပျာသလဲ ထွက်ပြေးသွားလေသည်။
သူ ထွက်သွားသည်ကို မြင်သောအခါ အမှန်တရားကို သိနေသည့် တစ်ဦးတည်းသောသူ ဖြစ်သော ချင်းရှောင်းကောသည် ပို၍ပင် အော်ရယ်တော့သည်။ သူမ အမှန်တရားကို အခုထိ ထုတ်မပြောနိုင်သေးပေ။ သူမ ရယ်လွန်း၍ အသက်ပင် မရှူနိုင်တော့ဘဲ မျက်ရည်များပင် ထွက်လာတော့သည်။
ရှောင်းကျူးက သူမကို ကြည့်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ သူမ ဇဝေဇဝါ ဖြစ်နေသည်။
ယွီလင်းက သူမကို ပုတ်ကာ "အစ်မရှောင်းကော ဘာကို ရယ်နေတာလဲ?" ဟု တိုးတိုးလေး မေးသည်။
ရှောင်းကျူးက ခေါင်းခါပြသည်။ "မသိဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်ထဲက အာလူးခွံပုံကတော့ ရယ်စရာ မကောင်းပါဘူး။"
သူတို့နှစ်ယောက်စလုံး သူမအနားမှ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။ ခဲအိုကလည်း ဒီမှာ မရှိတော့ဘူး၊ အစ်မရှောင်းကောက ဘာလို့ ရယ်နေတုန်းလဲ? ထူးဆန်းလိုက်တာ...
ချင်းရှောင်းကောသည် နောက်ဆုံးတွင် ရယ်ခြင်းကို ရပ်လိုက်သည်။ သူမသည် အာလူးခွံများကို ဘေးမှ အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်ကာ "ကဲ... စားဖို့ ပြင်ကြရအောင်" ဟု ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပါးစပ်ကို ပိတ်ကာ ထပ်ပြီး ရယ်ပြန်သည်။
ဇာတ်လမ်းက မနေ့ညက စခဲ့ခြင်း ဖြစ်သည်။
ကျန်းတန်းဟယ်သည် အရွယ်ကောင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ထို့အပြင် သူ့ဘေးတွင် အိပ်နေသူမှာ သူ နေ့နေ့ညည တမ်းတနေရသူ ဖြစ်သည်။ သူမဘေးတွင် အိပ်နေစဉ် တစ်ခုခုကို မရည်ရွယ်ဘဲ တွေးမိသည်မှာ သဘာဝပင်။
ကျွမ်းကျွမ်း အိပ်ပျော်သွားပြီးနောက် ကျန်းတန်းဟယ်မှာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ အစပိုင်းတွင် ကျွမ်းကျွမ်းက သူတို့နှစ်ယောက်ကြားမှာ အိပ်နေခြင်း ဖြစ်သည်။
သို့သော် မည်သို့ဖြစ်သွားသည်မသိ၊ သူတို့၏ နေရာများ ပြောင်းသွားပြီး ကျန်းတန်းဟယ်က အလယ်သို့ ရောက်လာသည်။
ကျန်းတန်းဟယ်သည် အိပ်ပျော်နေသော ကျွမ်းကျွမ်းကို ခိုးပြီး နေရာရွှေ့လိုက်ခြင်း ဖြစ်သည်။ သူသည် ချင်းရှောင်းကော၏ ကျောပြင်နားသို့ ကပ်ကာ သူမကို ဖက်လိုက်သည်။
ချင်းရှောင်းကောက သူ ဘာလုပ်ရန် ကြိုးစားနေသည်ကို သိသွားပြီး လန့်သွားသည်။ သူမ သူ့အနားမှ ဖယ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွမ်းကျွမ်း ရှိနေသေးတယ်လေ။"
"မင်းကို ဖက်ထားချင်ရုံတင်ပါပဲ။"
ကျန်းတန်းဟယ်၏ လက်က ခဏရပ်သွားပြီးမှ သူမ၏ ကျောပြင်ဆီသို့ ပြန်ရောက်လာသည်။ သူက တိုးတိုးလေး မေးသည်။
"... မင်းရော အလိုရှိရဲ့လား?"
ချင်းရှောင်းကော မျက်နှာနီမြန်းသွားသည်။ မှောင်နေသော်လည်း သူ့၏ ပူလောင်သောအကြည့်များ သူမအပေါ်သို့ ကျရောက်နေသည်ကို ခံစားနေရသည်။
"အလိုမရှိဘူး! ဖယ်!"
ရှက်ကိုးရှက်ကန်းနှင့် ချင်းရှောင်းကော စိတ်ဆိုးသွားပြီး သတိမထားမိဘဲ နောက်သို့ ဆုတ်လိုက်သည်။ သူမသည် သူ့ကို အားနှင့် တိုက်မိသွားရာ သူက နာကျင်သဖြင့် အသံထွက် ညည်းတွားလိုက်မိသည်။
"ရှင် အဆင်ပြေရဲ့လား?"
ချင်းရှောင်းကော လန့်သွားသည်။ ကျန်းတန်းဟယ်သည် ပုံမှန်အားဖြင့် နာကျင်မှုကို အတော်အောင့်နိုင်သူဖြစ်သည်။ သွေးထွက်သံယို ဖြစ်နေချိန်မှာပင် သူက အေးအေးဆေးဆေး နေနိုင်သူ ဖြစ်သည်။ ဒီလောက် တိုက်မိရုံလေးကို ဘာလို့ ညည်းနေတာလဲ? သူ့ကိုယ်ပေါ်မှာ ဒဏ်ရာများ ရှိနေလို့လား?!
ထိုသို့ တွေးမိသည်နှင့် ချင်းရှောင်းကော ဆက်မအိပ်နိုင်တော့ပေ။ သူမသည် လက်နှစ်ဖက်ဖြင့် ထောက်ကာ သူ့အခြေအနေကို စစ်ဆေးရန် ကြိုးစားလိုက်သည်။
"ရှင် ဒဏ်ရာ ထပ်ရလာပြန်ပြီလား?"
"မဟုတ်ပါဘူး။"
မှောင်နေသဖြင့် သူ့မျက်နှာကို သူမ မမြင်ရပေ။
ကျန်းတန်းဟယ် မျက်နှာနီမြန်းနေပြီး သူ့အင်္ကျီကို တင်းတင်းဆုပ်ထားသည်။ သူ၏ လုပ်ရပ်ကို မြင်သောအခါ ချင်းရှောင်းကောက အမျိုးမျိုး လျှောက်တွေးတော့သည်။
စကားတစ်ခွန်းမှ ထပ်မပြောဘဲ သူမက သူ့အင်္ကျီကို စတင်ချွတ်လေတော့သည်။
တစ်ယောက်က အားကုန်သုံးပြီး ချွတ်နေသလို၊ နောက်တစ်ယောက်ကလည်း လုံးဝ အလွှတ်မပေးပေ။
ထိုသို့ တွန်းလိုက်ဆွဲလိုက် လုပ်နေကြစဉ်မှာပင် တစ်ယောက်နှင့်တစ်ယောက် ခန္ဓာကိုယ်ချင်း ထိတွေ့မိကြသည်။ သူတို့ကြားမှ လေထုမှာ ပို၍ ထူးဆန်းပြီး ရင်ခုန်စရာ ကောင်းလာသည်။
ချင်းရှောင်းကော၏ ဒူးက ကျန်းတန်းဟယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မတော်တဆ ကန်မိသွားသောအခါ ကျန်တစ်ဖက်က ထပ်ပြီး ညည်းသံ ထွက်လာပြန်သည်။
ချက်ချင်းပင် လေထုမှာ အေးခဲသွားတော့သည်။ ချင်းရှောင်းကော မည်မျှပင် နားမလည်သူ ဖြစ်ပါစေ၊ ဘာဖြစ်နေသည်ကိုတော့ သူမ ခန့်မှန်းမိသွားသည်။ သူက... စိတ်လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သိသာလှသည်။
မည်သို့ပင်ဆိုစေ၊ ခုနက ညည်းသံထွက်သွားသည်မှာလည်း သူမ၏ တင်ပါးက သူ့ကို တိုက်မိသွားသောကြောင့်ပင်...
ချင်းရှောင်းကောသည် ရှက်ကိုးရှက်ကန်းဖြင့် ပြန်လှဲချလိုက်ပြီး စောင်ခြုံကာ သူ့ဘက်မှ မျက်နှာလွှဲလိုက်တော့သည်။
ကျန်းတန်းဟယ်မှာလည်း သက်သာလှသည်တော့ မဟုတ်ပေ။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူချစ်သော ဇနီးသည်နှင့် မျက်နှာချင်းဆိုင်နေရချိန်တွင် တုံ့ပြန်မှု ရှိခြင်းမှာ သဘာဝပင်။ သို့သော် ဘာကြောင့် ယခုအချိန်မှာ ဤမျှအထိ ရှက်နေရသနည်း?!
သူ အရမ်းရှက်နေမိသည်...
တစ်ညလုံး ဟိုလှည့်ဒီလှည့်ဖြင့် သူ အိပ်မပျော်နိုင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်မှာ ပူလောင်နေပြီး ကောင်းကောင်း အိပ်မရခဲ့ပေ။
ချင်းရှောင်းကော၏ အနားတွင် ကပ်နေရမှသာ သူ အနည်းငယ် သက်သာသလို ခံစားရသည်။
ချင်းရှောင်းကောသည်လည်း သူ့ကို ဒုက္ခရောက်နေသည်ကို မကြည့်ရက်သဖြင့် သူ၏ တိုးကပ်လာမှုများကို လက်ခံပေးလိုက်သည်။
တစ်ညလုံးတွင် ကျန်းတန်းဟယ်သည် ချင်းရှောင်းကော၏ အနားမှာ ကပ်နေသည်မှအပ နေရာအနည်းငယ်ကိုသာ ထိတွေ့ခဲ့ပြီး လွန်လွန်ကျူးကျူး မလုပ်ခဲ့ပေ။
သူသည် စည်းဘောင်ကို သိနားလည်သဖြင့် ချင်းရှောင်းကောက သူ့ကို မတားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဘာမှ အလွန်အကျွံ ဖြစ်လာမည် မဟုတ်သလို သူမအတွက်လည်း နစ်နာစရာ မရှိပေ။
အကယ်၍ သူတို့နှစ်ယောက် ဘာလို့ အခုထိ ဒီလောက်တောင် အိန္ဒြေစောင့်ပြီး ရှက်နေကြတာလဲဟု မေးလာလျှင်... အဖြေမှာ သူတို့နှစ်ယောက်စလုံး အဆင်သင့် မဖြစ်သေးသောကြောင့်ပင်။
—-
မနက်စာစားပြီးနောက် ကျန်းတန်းဟယ်နှင့် ချင်းရှောင်းကောတို့သည် မြင်းများကို ဦးဆောင်ကာ ခရိုင်ဆီသို့ ထွက်လာခဲ့ကြသည်။
ကျွမ်းကျွမ်းက လိုက်ချင်သော်လည်း သူတို့က ခွင့်မပြုခဲ့ပေ။ ယခုတစ်ခေါက်မှာ အပန်းဖြေခရီးသွားခြင်း မဟုတ်ဘဲ အလုပ်ကိစ္စ ရှိသောကြောင့် ဖြစ်သည်။
ဆိုင်အသစ်ဖွင့်ရန် ဆုံးဖြတ်ပြီးကတည်းက ချင်းရှောင်းကောသည် ယခုကတည်းက ပြင်ဆင်မှုများ စတင်ရမည် ဖြစ်သည်။
ယခုတစ်ခေါက် ခရိုင်သို့ သွားခြင်းမှာ သင့်တော်သော ဆိုင်ခန်းတစ်ခု ရှာဖွေရန် ဖြစ်သည်။
ပြင်ဆင်မွမ်းမံမှုများအတွက် အချိန်အတော်ကြာနိုင်ပါသည်။ ယခုအချိန်သည် စတင်ပြင်ဆင်ရန် အကောင်းဆုံးအချိန်ပင်။ သူမ စိတ်ကူးထားသည့် ဒီဇိုင်းများအရဆိုလျှင် ပြင်ဆင်မှုများမှာ ယခုနှစ်ကုန်ခါနီးမှသာ ပြီးစီးနိုင်မည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းတန်းဟယ် အိမ်မှာ ရှိနေချိန် ဖြစ်သည်။ သူ ဘေးမှာရှိနေခြင်းက ချင်းရှောင်းကောကို ပို၍ စိတ်အေးစေသည်။ သူမ မသေချာသောအခါများတွင် သူက ဆုံးဖြတ်ချက်ချရန် ကူညီပေးနိုင်သည်။