ငါ့ကို လက်ညှိုးထိုးတာ အမုန်းဆုံးပဲ
Vol. 2 Ch. 14
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး အားလုံး၏ အကြည့်များက ချင်ထျန်းထံသို့ ရောက်ရှိလာကြသည်။
လီလင်းဖုန်းသည် အပြင်ဂိုဏ်းသားဟောင်း တစ်ဦး ဖြစ်ပြီး ချီပင်လယ်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် မသေမျိုးသွေးကြောမှတ် လေးခု ပွင့်ထားသော ပါရမီရှင် တစ်ဦးလည်း ဖြစ်၏။
သူသည် မစ်ရှင်များကို လုပ်ဆောင်ရန် ဝန်လေးနေသောကြောင့်သာ အပြင်ဂိုဏ်းတွင် သောင်တင်နေခြင်း ဖြစ်သည်။
ယခုအခါ သူတို့သည် "ဂိုဏ်းသားသစ်" တစ်ယောက်၏ လက်ချက်ဖြင့် အံ့အားသင့် မှင်သက်နေကြရသည်။
တကယ်ကို နားလည်ရ ခက်လှသည်။
ချင်ထျန်းက ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်တာလဲ...။
သူ့မှာ မသေမျိုးသွေးကြောမှတ်တောင် မပွင့်သေးဘူး... သာမန် သိုင်းပညာကို လေ့ကျင့်ထားတယ် ဆိုပေမဲ့ သာမန်လူ တစ်ယောက်ပါပဲ။
ချီပင်လယ်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်လျှင် သာမန် သိုင်းပညာရှင် ဆိုသည်မှာ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုပေ။
ချင်ထျန်းက ရုတ်တရက် တိုက်ခိုက်လိုက်လို့ စီနီယာအစ်ကိုကြီးလီ သတိလွတ်ပြီး ခံလိုက်ရတာများလား။
"ကောင်စုတ်လေး... မင်းက စီနီယာအစ်ကိုကြီးလီကို လုပ်ကြံရဲတယ်ပေါ့" ကျန်ရစ်သော ဂိုဏ်းသားဟောင်းများက ချင်ထျန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး စွပ်စွဲ ပြောဆိုလိုက်ကြသည်။
"စီနီယာအစ်ကိုကြီးက စေတနာနဲ့ စည်းကမ်းတွေကို သင်ပေးဖို့ လာတာကို... မင်းက အလစ်ဝင်တိုက်တယ်ပေါ့"
"မင်း သွားပြီမှတ်... စီနီယာအစ်ကိုကြီးလီကို စော်ကားမိပြီ ဆိုတော့... တောင်ပိုင်းနယ်မြေမှာ ကောင်းကောင်းနေရမယ် မထင်နဲ့..." လီလင်းဖုန်း၏ နောက်လိုက် တစ်ဦး ဖြစ်သော ဝတ်ရုံနက်နှင့် ဂိုဏ်းသားက ချင်ထျန်း၏ နှာခေါင်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ပြောတာတော့ ဟုတ်ပါရဲ့... ဒါပေမဲ့ ဂိုဏ်းစဝင်တာနဲ့ လီလင်းဖုန်းတို့အုပ်စုနဲ့ ပြဿနာ ဖြစ်တာကတော့... ရှေ့လျှောက် သူ့အတွက် ခက်ခဲတော့မှာပဲ..." လွန်ခဲ့သော နှစ်အနည်းငယ်က ရောက်ရှိလာသော ဂိုဏ်းသား တစ်ဦးက ရေရွတ်လိုက်သည်။
သူတို့ ဂိုဏ်းစဝင်တုန်းကလည်း လီလင်းဖုန်းတို့၏ ကလေးတစ်ယောက်လို ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ကြရသည်။
ထို့အပြင် ပထမ သုံးနှစ်လုံးလုံး ထိုလူတစ်စု၏ အနိုင်ကျင့်မှုကို သည်းခံခဲ့ရပြီး အဝတ်လျှော်ခြင်း၊ သန့်ရှင်းရေး လုပ်ခြင်းများကို လုပ်ပေးခဲ့ရသည်။
သို့သော် ယခု ဂိုဏ်းသားသစ်များ ရောက်ရှိလာပြီ ဖြစ်သဖြင့် သူတို့ ထိုအလုပ်များကို လုပ်စရာ မလိုတော့ပေ။
ဂိုဏ်းသားသစ် အသုတ်တိုင်း လိုလို ဤကဲ့သို့ ဆက်ဆံခံရလေ့ ရှိသည်။ ဂိုဏ်းသားဟောင်းများ၏ နေရာကို သန့်ရှင်းရေး လုပ်ပေးခြင်းနှင့် အဝတ်လျှော်ပေးခြင်းများ လုပ်ကြရသည်။
လီလင်းဖုန်းတို့ အုပ်စုသည် အဖွဲ့များစွာထဲမှ တစ်ဖွဲ့သာ ဖြစ်ပြီး ထိုကဲ့သို့သော ဂိုဏ်းသားဟောင်း အုပ်စုများစွာ ရှိနေသေးသည်။
ဂိုဏ်းအကြီးအကဲများက ဤကိစ္စကို ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ အထက်လူကြီးများ၏ အမြင်တွင် ဤသည်မှာ ဂိုဏ်းသားသစ်များ၏ အရည်အချင်းကို သွေးတိုးစမ်းသည့် ကောင်းမွန်သော အရာတစ်ခုဟု ရှုမြင်ကြသည်။
ဂိုဏ်းသားသစ်များ၏ စိတ်နေသဘောထားကို ဝေဖန်ပိုင်းခြားခြင်းသည် အထက်လူကြီးများ၏ တမင် သက်ညှာပေးထားမှု ရလဒ်ပင် ဖြစ်သည်။
"ဘယ်ကောင်က ငါ့ကို လက်ညှိုး လာထိုးနေတာလဲ..."
ချင်ထျန်းသည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ပြေးထွက်သွားလေသည်။
သူသည် တစ်ပါးသူ၏ လက်ညှိုးထိုးခြင်း ခံရသည်ကို အမုန်းဆုံး ဖြစ်သည်။ အထူးသဖြင့် သူ့ကို ယဉ်ကျေးမှု မရှိဘူးဟု ပြောနေသော ကွန်ဖြူးရှပ် ဂိုဏ်းသား တစ်ယောက်က ထိုသို့ လုပ်သည်ကို ပို၍ မုန်းတီးသည်။
"ဘိုးဘေးပေါက်စချင် ဒေါသထွက်ပြီဟေ့..."
အတူတူ ဝင်လာသော ဂိုဏ်းသားသစ်များသည် ချင်ထျန်း၏ စွမ်းအားကို မသိကြသော်လည်း သူသည် စိတ်ကြီးပြီး အတော်လေး ကြမ်းတမ်းကြောင်းကိုမူ သိထားကြသည်။
"မင်းက စီနီယာအစ်ကိုကြီးလီကို အလစ်တိုက်နိုင်ရုံနဲ့ ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်မယ် ထင်နေတာလား..." ဝတ်ရုံနက်နှင့် နောက်လိုက်က အထင်သေးစွာ ပြောလိုက်သည်။
သူသည်လည်း ချီပင်လယ်အဆင့် ဖြစ်သည်။ မသေမျိုးသွေးကြောမှတ် တစ်ခုမှ မပွင့်သေးသော သာမန်လူ ချင်ထျန်းက မည်သို့လုပ်ပြီး သူ့ပြိုင်ဘက် ဖြစ်လာနိုင်မည်နည်း။
ဝတ်ရုံနက်နှင့် လူသည် လက်နက်တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်လိုက်ပြီး ချင်ထျန်းကို သင်ခန်းစာပေးကာ နာကျင်စေရန် ရည်ရွယ်လိုက်သည်။
သို့သော် ချင်ထျန်း သူ့အနား ရောက်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူသည် အားကိုးရာမဲ့သော စာပေပညာရှင် တစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားသည်။
ချင်ထျန်း၏ ပါးရိုက်ချက် ကျရောက်လာသည်ကို သူ ဘာမှမလုပ်နိုင်ဘဲ မျက်လုံးဖွင့်၍ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"ဖြောင်း..."
ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာ၏။ ဝတ်ရုံနက်နှင့် လူသည် မျက်နှာကို ကျွဲရိုင်းတစ်ကောင် ဝင်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သွားအချို့ ကျွတ်ထွက်သွားပြီး နှုတ်ခမ်းများ ပေါက်ပြဲကာ သွေးသံရဲရဲ ဖြစ်သွားသည်။ သူသည် လေထဲသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေသည်။
ချင်ထျန်းက ကျန်ရှိနေသော ငါးယောက်၊ ခြောက်ယောက်ခန့်ကို ကြည့်လိုက်သည်။ "မင်းတို့ကရော ငါ့ကို လက်ညှိးထိုးပြီး ပြောချင်နေကြတာလား..."
"မ... မဟုတ်ပါဘူး"
ထိုလူစုသည် ချင်ထျန်းကြောင့် လန့်ဖျပ်သွားကြသည်။
'ဒီကောင်က ဘာမှ သတိမပေးဘဲ တိုက်ခိုက်တတ်သလို ဝတ်ရုံနက်နဲ့လူကိုတောင် ပါးတစ်ချက်တည်းနဲ့ ရိုက်ထုတ်နိုင်တာ'
ချင်ထျန်းက ဝတ်ရုံနက်နဲ့လူကို ဘာကြောင့် ရိုက်ထုတ်နိုင်သလဲ ဆိုသည်ကို သူတို့ မသိသော်လည်း ဝတ်ရုံနက်သည် သူတို့ထက် ပိုသန်မာကြောင်းကိုမူ သိကြသည်။
"မင်းတို့ ပြောခဲ့တယ်.. ငါထပ်ပြောမယ်.... မင်းတို့ ပြောခဲ့တယ်"
ချင်ထျန်းက လက်ကို ဝှေ့ယမ်း၍ သူတို့အားလုံး၏ မျက်နှာများကို တစ်ယောက်ချင်းစီ လိုက်ရိုက်ပစ်လိုက်ရာ အားလုံး မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။
သိုင်းပညာရှင် အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော ချင်ထျန်းကို အားနည်းသော စာပေပညာရှင် တစ်စုက မည်သို့ ယှဉ်နိုင်မည်နည်း။
သူတို့အားလုံး မြေပြင်ပေါ်တွင် လဲကျကာ ပါးစပ်ကို အုပ်ရင်း နာကျင်စွာ အော်ဟစ် ညည်းညူနေကြသည်။
"အားလုံး နားထောင်ကြ... အရင်တုန်းက စည်းကမ်းတွေ ဘယ်လို ရှိခဲ့တယ် ဆိုတာ ငါ ဂရုမစိုက်ဘူး... ဒီနေ့က စပြီး မင်းတို့ ငါ့စည်းကမ်းကို လိုက်နာရမယ်..." ချင်ထျန်းက လူအုပ်ကြီးကို ပြောလိုက်သည်။
သူ့မှာ ဘိုးဘေးအကြီးအကဲ ဆိုတဲ့ သွေးသောက်အစ်ကိုကြီး ရှိနေတာပဲ... မောက်မောက်မာမာ မနေရင် အဲဒီ အခွင့်အရေးကို ဖြုန်းတီးရာ ရောက်မှာပေါ့။
"သောက်ကျိုးနည်း... အမှိုက်ကောင်တွေ... ချီပင်လယ်အဆင့် ဆိုပြီး ကြက်ပေါက်စလေးတွေလောက်ပဲ အားရှိတာပါလား... ကံကောင်းလို့ ငါ အားလျှော့လိုက်တာ... မဟုတ်ရင် မင်းတို့ အကုန် သေပြီမှတ်" ချင်ထျန်း မကျေမနပ် ပြောလိုက်သည်။ မူလက သူသည် နွားသိုးကိုးကောင်အားကို စမ်းသပ်ကြည့်ချင်ခဲ့ခြင်း ဖြစ်သည်။
ဒါကြောင့်လည်း သူက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ဒီကောင်တွေက အရမ်း အားနည်းလွန်းနေသည်။ မြေကြီးပေါ်တွင် လဲနေသော လူများမှာ ထိုစကားကို ကြားလိုက်ရသောအခါ သေချင်စိတ် ပေါက်သွားကြသည်။
တကယ်ကြီး ရိုက်သတ်ခံလိုက်ရလျှင် တရားမျှတမှု ရှာစရာ နေရာမရှိ ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုလူစုမှာ ချက်ချင်း အသံတိတ်သွားကြသည်။
"ကောင်းတယ်ဟေ့... ဒီနှစ် ငါတို့အသုတ်ကတော့ ဂိုဏ်းသားဟောင်းတွေရဲ့ အနိုင်ကျင့်တာကို မခံရတော့ဘူး..." ချင်ထျန်း ရှေ့မှ ရိုးသားသော မျက်နှာနှင့် လူငယ်က တီးတိုး ရေရွတ်လိုက်သည်။
သူသည် ဂိုဏ်းအကြောင်း အနည်းငယ် သိထားပြီး ဂိုဏ်းသားဟောင်းများသည် လူသစ်များကို အနိုင်ကျင့်ရသည်ကို နှစ်သက်ကြောင်း သိထားသည်။
"ဟူး..."
ချန်နီ သက်ပြင်းချလိုက်သည်။
'ဒီလူတွေက ကိုယ့်သေတွင်း ကိုယ်တူးကြတာပဲ။ ချင်ထျန်းက ဂုဏ်မြင့်တဲ့သူ... မဟာအကြီးအကဲရဲ့ လူလေ... သူမ ဝင်တားဖို့ အခွင့်အရေးတောင် မရလိုက်ဘူး။'
"ထွက်သွားကြစမ်း... မဟုတ်ရင် ဒီသခင်လေး ထပ်ရိုက်မိတော့မယ်"
ဘေးမှ ရပ်ကြည့်နေသော ဂိုဏ်းသားဟောင်းများကို ချင်ထျန်းက လက်သီး ရွယ်ပြလိုက်သည်။
'မင်းတို့က ဒီပွဲကို ရပ်ကြည့်ရဲသေးတယ်ပေါ့... ပိုက်ဆံမပေးရဘဲ ကြည့်ခွင့်ရတာ ကံကောင်းတယ် မှတ်။ နောက်တစ်ခါ ဆိုရင် ကြည့်တဲ့လူတိုင်း ပိုက်ဆံပေးရမယ်... အလကား ကြည့်လို့ မရဘူး။'
မည်သို့ပင် ဆိုစေကာမူ သူသည် ကွန်ဖြူးရှပ် ပညာရှင် တစ်ဦး ဖြစ်သည်။ အနိုင်ကျင့်သူ အနည်းငယ် ရှိသော်လည်း သူ၏ ဂိုဏ်းသား အများစုမှာ ကြင်နာတတ်ပြီး သူ့ကို ပြုံးပြကာ မိတ်ဖွဲ့လိုကြသည်။
ချင်ထျန်းသည် လူဆိုးမဟုတ်ပေ။ သူ့ကိုယ်သူ လူကြီးလူကောင်း တစ်ယောက်ဟု သတ်မှတ်ထားပြီး ကောင်းမွန်သော ဆက်ဆံရေးကို တုံ့ပြန်တတ်သည်။
"ဒီတစ်ခေါက် လူသစ်တွေထဲမှာ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက် ပါလာတာပဲ... မသေမျိုးသွေးကြောမှတ်တောင် မပွင့်သေးဘဲနဲ့ လီလင်းဖုန်းတို့ အုပ်စုကို အရှက်ကွဲအောင် လုပ်လိုက်နိုင်တယ်"
"တကယ်လား..."
လီလင်းဖုန်းနှင့် အခြားသူများမှာ ချီပင်လယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အပြင်ဂိုဏ်းတွင် ဩဇာကြီးမားသော သူတို့သည် လူသစ်တစ်ယောက်၏ ရိုက်နှက်မှုကို ခံလိုက်ရသည်တဲ့လား။
ကျင့်ကြံသူ တစ်ဦးအတွက် ဒါက ဒဏ်ရာ အသေးစားလေး ဖြစ်သော်လည်း ကြီးမားသော အရှက်ကွဲမှုပင် ဖြစ်သည်။
"ဒီလူက ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံများ ရှိနေတာလား... လူသားပုံစံ ရက်စက်သော သားရဲ တစ်ကောင်များလား..."
အရှေ့ပိုင်း မြေရိုင်းဒေသတွင် ထူးခြားသော ခန္ဓာကိုယ် ပိုင်ရှင်များ မရှားပါးပေ။ မည်သည့် ကျင့်ကြံမှုမှ မပြုလုပ်ထားသော်လည်း အံ့မခန်း ခွန်အားများကို ပိုင်ဆိုင်ထားပြီး ကျင့်ကြံသူများကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ကာ မိစ္ဆာသားရဲများနှင့် တန်းတူ စွမ်းအားရှိကြသည်။ ၎င်းတို့ကို လူသားပုံစံ ရက်စက်သော သားရဲများဟု ခေါ်ဆိုကြသည်။
"မသိဘူး... ဒါပေမဲ့ ဖြစ်နိုင်ချေ များတယ်..."
ချင်ထျန်းသည် ရောက်ရောက်ချင်း နာမည်ကြီးသွားသည်ကို မသိလိုက်ပေ... သိလျှင်လည်း သိပ်ဂရုစိုက်မည် မဟုတ်ပေ။
ချင်ထျန်း ထွက်ခွာသွားပြီး တစ်နာရီခန့် ကြာသောအခါမှ လီလင်းဖုန်း သတိပြန်ဝင်လာသည်။
လမ်းမပေါ်တွင် သူတစ်ယောက်တည်း ဖြစ်နေသည်။ သူ့နောက်လိုက်များသည် ချင်ထျန်းကို ကြောက်သဖြင့် သူ့ကိုပင် မထူပေးတော့ဘဲ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
"ဒါ ဘယ်နေရာလဲ... ငါ ဘယ်လိုလုပ် မြေကြီးပေါ် ရောက်နေတာလဲ..." လီလင်းဖုန်း ဇဝေဇဝါ ဖြစ်နေပြီးမှ အဖြစ်အပျက်များကို ပြန်သတိရသွားသည်။
"သောက်ကျိုးနည်း... အဲဒီကောင်စုတ်က ငါ့ကို အလစ်တိုက်သွားတာပဲ... ဒါပေမဲ့ ဒီကောင်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ... တောက်... ဒီကိစ္စအတွက် ငါ လက်စားပြန်ချေရမယ်"
လီလင်းဖုန်း ဒေါသထွက်နေသည်ကို ချင်ထျန်း မသိပေ။ သိလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။
ထိုအချိန်တွင် ချင်ထျန်း၏ နဖူးပေါ်၌ မသေမျိုးသွေးကြောမှတ် တစ်ခု ပေါ်လာသော်လည်း သူ အလျင်အမြန် ပြန်သိမ်းလိုက်သည်။
"ဘိုးဘေးပေါက်စ... ဒါ နေရမယ့် အိမ်ပါ"
ချန်နီသည် ချင်ထျန်းကို တောင်ပိုင်းနယ်မြေ၏ အတွင်းဘက် အကျဆုံး နေရာသို့ ခေါ်သွားပြီး သုံးထပ်တိုက် တစ်လုံး၏ ရှေ့တွင် ရပ်လိုက်သည်။
"ဝေးလိုက်တာ..." ချင်ထျန်း မကျေမနပ် ဖြစ်သွားသည်။ အနောက်ဘက် နယ်မြေနှင့်ပင် ကပ်နေပြီ ဖြစ်သည်။
"ဂိုဏ်းသားသစ်တွေက ဒီမှာပဲ နေရတာပါ... နောက်ထပ် ဂိုဏ်းသားသစ်တွေ ရောက်လာမှ နေရာသစ် စီစဉ်ပေးလို့ ရမှာပါ" ချင်ထျန်း ဒေါသထွက်ပြီး အိမ်ကို ဖြိုပစ်လိုက်မည် စိုးသဖြင့် ချန်နီ ကပျာကယာ ရှင်းပြလိုက်သည်။
"ဘယ်ကောင်စုတ်က ဒီစည်းကမ်းကို ထုတ်ထားတာလဲ... ဒါ လူသစ်တွေကို အနိုင်ကျင့်တာ မဟုတ်ဘူးလား..."
"တောင်ပိုင်းနယ်မြေ အပြင်ဂိုဏ်းက တာဝန်ခံ တစ်ယောက်ပါ"
"ကောင်းပြီ... အချိန်ရမှ အဲဒီလူဆီ သွားလည်လိုက်ဦးမယ်..." ချင်ထျန်း သူ့မှတ်စုထဲတွင် မှတ်သားလိုက်သည်။
"ဟမ်... မလုပ်ပါနဲ့ ဘိုးဘေးပေါက်စ... အပြင်ဂိုဏ်း တာဝန်ခံ ဆိုတာ ကျွန်မတို့ ပြစ်မှားလို့ရတဲ့သူ မဟုတ်ဘူး... လီလင်းဖုန်းတို့တောင် သူ့ရှေ့မှာ အသံမထွက်ရဲကြဘူး..."
"မပူပါနဲ့... အခု ချက်ချင်း သွားမှာမှ မဟုတ်တာ..." ချင်ထျန်းက မအပေ... သူ့ခွန်အား တိုးတက်လာမှ သေချာပေါက် သွားမှာပေါ့။
"တော်ပါသေးရဲ့..."
"ဒါနဲ့ ကလေးမ... ကျင့်ကြံခြင်း နယ်ပယ်တွေ အကြောင်း ပြောလို့ မပြီးသေးဘူးနော်..."