မိတ်ဖက်
Vol. 2 Ch. 19
"ဘာပြောလိုက်တယ်... သူက မစ်ရှင် လက်ခံပြီး တောင်အောက် ဆင်းသွားပြီ ဟုတ်လား..." ဂိုဏ်းသားဟောင်း၏ အာမေဋိတ်သံ ထွက်သွားသည်။
"ရောက်တာမှ တစ်ရက်ပဲ ရှိသေးတဲ့ လူသစ်တစ်ယောက် မစ်ရှင် ယူတာကို မင်းက ဘာလို့ မတားတာလဲ..." ဂိုဏ်းသားဟောင်းက မေးခွန်းထုတ်လိုက်သည်။
ဒီလူက တာဝန်မဲ့လွန်းတယ်... တစ်ရက်ပဲ ရှိသေးတဲ့ လူသစ်ကို မစ်ရှင် လွှတ်လိုက်တယ် ဆိုတာ သေရွာ ပို့လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
"သူ့သဘောနဲ့သူ သွားမယ် ဆိုတာကိုး... လူသစ်တွေလည်း မစ်ရှင် မယူရဘူးလို့ ဂိုဏ်းစည်းကမ်းမှာ မပါပါဘူး" အမျိုးသမီး မစ်ရှင်တာဝန်ခံလည်း စိတ်မကြည် ဖြစ်သွားသည်။
မစ်ရှင် စီမံခန့်ခွဲသူ တစ်ယောက် အနေဖြင့် အပြင်ဂိုဏ်းသားတိုင်း သူမကို နေ့စဉ် ရိုသေလေးစားစွာ ဆက်ဆံကြသည်။
သူမသည် လူသစ်တစ်ယောက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသည့်အထဲ ယခု ဂိုဏ်းသားဟောင်း တစ်ယောက်ကပါ လာပြီး မေးခွန်းထုတ်နေပြန်သည်။
ဂိုဏ်းသားဟောင်း၏ မျက်နှာ မည်းမှောင်သွားသည်။ စည်းကမ်း သတ်မှတ်ချက် မရှိသည်မှာ မှန်သော်လည်း အစဉ်အလာအရ လူသစ်များသည် လအနည်းငယ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမှသာ မစ်ရှင် စတင် လုပ်ဆောင်လေ့ ရှိကြသည်။
လွန်ခဲ့သော ကိုးနှစ်က အနောက်တောင်ပိုင်း နယ်မြေ၏ နံပါတ်တစ် ပါရမီရှင်ပင်လျှင် သုံးလကြာမှ မစ်ရှင် စတင် လုပ်ဆောင်ခဲ့သည်။
လေးနှစ် အတွင်းမှာ မစ်ရှင် ဆယ်ခု ပြီးမြောက်ပြီး အတွင်းဂိုဏ်းသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။
အပြင်ဂိုဏ်း မစ်ရှင်များကို သာမန်၊ အလယ်အလတ်၊ ခက်ခဲ နှင့် ငရဲ ဟူ၍ လေးမျိုး ခွဲခြားထားသည်။
သာမန် မစ်ရှင် ဆယ်ခု ပြီးမြောက်ရုံဖြင့် မရပေ။ သာမန် လေးခု၊ အလယ်အလတ် သုံးခု၊ ခက်ခဲ နှစ်ခုနှင့် ငရဲ တစ်ခု ဆိုသော သတ်မှတ်ချက် ရှိသည်။
"သူ ဘာမစ်ရှင် ယူသွားတာလဲ..." ဂိုဏ်းသားဟောင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ထင်းဖုန်းမြို့က ထူးဆန်းတဲ့ သေဆုံးမှု ဖြစ်စဉ်..." အမျိုးသမီး မစ်ရှင်တာဝန်ခံ၏ အသံမှာ အနည်းငယ် တုန်နေသည်။
"ဘာ... အဲဒါ ငရဲ ခက်ခဲအဆင့် မစ်ရှင်လေ... မင်းက လူသစ်တစ်ယောက်ကို လွှတ်လိုက်တယ်လား... ဘာတွေ တွေးနေတာလဲ..." ဂိုဏ်းသားဟောင်း ဒေါသပေါက်ကွဲသွားသည်။ ချင်ထျန်းသည် ယခု အနောက်ဘက်နယ်မြေ၏ အဖွဲ့ဝင် ဖြစ်နေပြီဖြစ၏။ ဒါက သူ့ကို သေရွာ ပို့လိုက်တာ မဟုတ်ဘူးလား။
"ဂိုဏ်းက ဘယ်အဆင့် မစ်ရှင်ကို လက်ခံရမယ်လို့ သတ်မှတ်မထားပါဘူး..."
"သောက်ကျိုးနည်း..." ဂိုဏ်းသားဟောင်းမှာ အလွန် စိုးရိမ်သွားပြီး ကျီးပုဖန်ထံ အကြောင်းကြားရန် အမြန် ပြေးထွက်သွားလေသည်။
"သူ ဘယ်မှာလဲ..." ကျီးပုဖန်သည် သူ စေလွှတ်လိုက်သော လူများ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသော်လည်း သူတစ်ယောက်တည်း ဖြစ်နေပြီး ချင်ထျန်း ပါမလာသည်ကို တွေ့လိုက်ရသည်။
"ထိပ်သီး စီနီယာအစ်ကိုကြီး... ချင်ထျန်း မစ်ရှင် ထွက်သွားပါပြီ..." ဂိုဏ်းသားဟောင်းက ချင်ထျန်း ခက်ခဲအဆင့် မစ်ရှင် ယူသွားကြောင်း ပြောပြလိုက်သည်။
"မစ်ရှင်ဌာနက ပိုပိုပြီး စည်းကမ်းမဲ့လာပါလား... လူသစ်တစ်ယောက်ကို ခက်ခဲအဆင့် မစ်ရှင် ပေးလိုက်တယ်တဲ့လား..." ကျီးပုဖန်သည် ချင်ထျန်းကို ဒုက္ခပေးရန် ရည်ရွယ်ချက် မရှိတော့ပေ။
ခက်ခဲအဆင့် မစ်ရှင်များသည် အသက်အန္တရာယ် ရှိနိုင်သည်။ ဂိုဏ်းသားဟောင်းများပင် မကြာခဏ ထိခိုက်သေဆုံးလေ့ ရှိသည်။
"မဖြစ်ဘူး... ငါ တောင်အောက် ဆင်းမှ ဖြစ်မယ်" ခြောက်နှစ်လုံးလုံး တောင်ပေါ်မှ မဆင်းခဲ့သော ကျီးပုဖန်က ပြောလိုက်သည်။
ဒီလို အဆင့်ရှိတဲ့ မစ်ရှင်မျိုးကို လူသစ်တစ်ယောက် ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။
ချင်ထျန်းကို ရှုတ်ချသော လှုပ်ရှားမှုကြီးမှာ အရာမထင် ဖြစ်သွားခဲ့သည်။
လူက မရှိတော့ဘူးလေ... အသက်ရှင်လျက် ပြန်လာနိုင်မလား ဆိုတာတောင် မသေချာဘူး... ဆက်ပြီး လုပ်နေရင် သူတို့ကပဲ အကျိုးအကြောင်း မသိတဲ့သူတွေ ဖြစ်သွားလိမ့်မယ်။
ကျီးပုဖန်သည် တောင်အောက်သို့ လျင်မြန်စွာ ဆင်းသွားသည်။
တောင်ဘက်နယ်မြေ၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ဂိုဏ်းသားများ၏ ဘေးကင်းရေးကို ကာကွယ်ရန် သူ့တွင် တာဝန်ရှိသည်။
အကယ်၍ အသက်ရှင်ကျန်ရစ်မည့် အခွင့်အရေး အနည်းငယ် ရှိလျှင်ပင် ကျီးပုဖန် လှုပ်ရှားမည် မဟုတ်ပေ။
ကျင့်ကြံခြင်းနှင့် မစ်ရှင် နှစ်ခုစလုံးသည် အသက်နှင့် ရင်းရသော အရာများ ဖြစ်သည်။
သို့သော် ချင်ထျန်းက သေချာပေါက် သေမည့် လမ်းကို ရွေးချယ်သွားခြင်း ဖြစ်ရာ သူ လက်ပိုက် ကြည့်မနေနိုင်ပေ။
ချင်ထျန်းသည် အလွန် လျင်မြန်ပြီး ယခုအခါ သူသည် နွားသိုးကိုးကောင်အားနှင့် ထူးကဲသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ပိုင်ဆိုင်ထား၏။
ရိုးသားပြီး ကြင်နာတတ်သော လူငယ် ချန်းဖုန်းသည် ထူးခြားသော နောက်ခံမှ လာသူ ဖြစ်ပြီး လေ့ကျင့်ထားသူ ဖြစ်ကြောင်း သိသာသော်လည်း ချင်ထျန်းကို မီအောင် မနည်း လိုက်နေရသည်။
"ဟူး... ဟူး..." ချန်းဖုန်း အသက်လုရှူနေရသည်။ "ဘိုးဘေးပေါက်စ... ကျွန်တော့်မှာ ပျံသန်းလှေ ရှိတယ်... အဲဒါနဲ့ သွားရအောင်..." ချန်းဖုန်း ခံစားလိုက်ရသည်... ဆက်ပြေးနေလျှင် မောပြီး သေသွားလိမ့်မည်။
ပျံသန်းလှေ ဟုတ်လား...။
ချန်းဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လက်သီးဆုပ် အရွယ်အစားခန့် ရှိသော လှေငယ်လေး တစ်စင်း ပေါ်လာသည်။
နောက်တစ်ခဏတွင် လှေငယ်လေးသည် ချက်ချင်း ကြီးထွားလာပြီး လူသုံးလေးယောက် စီးနိုင်သော လှေတစ်စင်း အဖြစ် ပြောင်းလဲသွားလေသည်။
ချင်ထျန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။
မိုက်တယ်... တကယ် မိုက်တယ်
မသေမျိုးကမ္ဘာ အကြောင်း သူ သိတာ နည်းလွန်းသေး၏။
ချင်ထျန်းသည် ဤထူးဆန်းသော ရတနာပစ္စည်းများကို စိတ်ဝင်စားသွားသည်။
သူက ချန်းဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်... "ထားလိုက်ပါတော့... ကိုယ့်အဖွဲ့သား ပစ္စည်းကို မယူသင့်ပါဘူး..."
ချန်းဖုန်းသည် ချင်ထျန်း၏ အကြည့်ကို သတိမပြုမိဘဲ မိတ်ဆက်လိုက်သည်... "ဘိုးဘေးပေါက်စ... ဒါက လူစီးလို့ရတဲ့ ပျံသန်းလှေပါ..."
ချင်ထျန်း ခုန်တက်လိုက်သည်။ ပျံသန်းလှေက မကြီးမားသော်လည်း သူတို့နှစ်ဦး ထိုင်ရန် လုံလောက်သော အမိုးအကာ ပါရှိသည်။
"ဒီပစ္စည်းက တကယ် မိုက်တာပဲ... ကောင်းကင်ဘုံ ရတနာများလား..."
"ဘိုးဘေးပေါက်စ... ဒါက သာမန် ပျံသန်းလှေပါပဲ... ကျင့်ကြံသူ အများစုမှာ ရှိကြပါတယ်... ဈေးမကြီးပါဘူး... သာမန် ဝိညာဉ်ကျောက်တုံး ၁၀ တုံးလောက်ပဲ တန်တာပါ..." ချန်းဖုန်းက ရိုးသားစွာ ပြုံးပြလိုက်သည်။
ဟောက်ရန်ဂိုဏ်းသို့ တာအိုရှာဖွေရန် အိမ်မှထွက်ခွာလာစဉ် သူ ယူဆောင်လာခဲ့သည့် ဤပျံသန်းလှေလေးမှာ အမေမဆုံးပါးမီ ပေးအပ်ခဲ့သော တန်ဖိုးအကြီးဆုံး အမွေအနှစ်လေးပင် ဖြစ်သည်။ သူ့အမေသည် ရိုးရိုးအိမ်ဖော်တစ်ယောက်သာ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် အိမ်သခင်၏ ရွေးချယ်ကောက်ယူခြင်းခံခဲ့ရကာ သူ့ကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
"ဝိညာဉ်ကျောက်တုံး ဆိုတာ ဘာလဲ..." ချင်ထျန်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ချန်းဖုန်း ရှင်းပြလိုက်သည် "ဝိညာဉ်ကျောက်တုံး ဆိုတာ ကျင့်ကြံခြင်းကမ္ဘာက အရင်းအမြစ် တစ်ခုပါ... ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်ပေါ်လာပြီး မသေမျိုးသွေးကြောမှတ်ကနေ အသွင်ပြောင်းလဲစရာ မလိုဘဲ တိုက်ရိုက် ကျင့်ကြံလို့ ရပါတယ်..."
"ဝိညာဉ်ကျောက်တုံးတွေက ရှားပါးပြီး ကျင့်ကြံသူ မိသားစုကြီးတွေ ဒါမှမဟုတ် လျှို့ဝှက် ဂိုဏ်းတွေမှာပဲ ရှိကြတာ... လွတ်လပ်တဲ့ ကျင့်ကြံသူတွေမှာ ဝိညာဉ်ကျောက်တုံး ရှိခဲပါတယ်။
တစ်ချိန်တည်းမှာပဲ ဝိညာဉ်ကျောက်တုံးတွေက ငွေကြေး အနေနဲ့လည်း သုံးလို့ရပြီး လိုချင်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်နိုင်ပါတယ်။''
ချန်းဖုန်းသည် အလွန် စိတ်ရှည်ပြီး ချင်ထျန်း ဘာမှ မသိသည်ကို အပြစ်မတင်ပေ။
"ဒါ့အပြင် ဝိညာဉ်ကျောက်တုံးတွေကို သာမန် ဝိညာဉ်ကျောက်တုံး၊ သန့်စင် ဝိညာဉ်ကျောက်တုံး၊ ထူးခြားဆန်းပြား ဝိညာဉ်ကျောက်တုံးနဲ့ နတ်ဘုရား ကျောက်တုံး ဆိုပြီး ခွဲခြားထားပါသေးတယ်..."
"အင်း''
ချင်ထျန်း ခေါင်းညိတ်လိုက်သည်။
မသေမျိုးကမ္ဘာ အကြောင်း သူ သိတာ နည်းလွန်းနေသေးသည်။ဟောက်ရန်ဂိုဏ်းသည် ထင်းဖုန်းမြို့နှင့် မိုင်ထောင်ချီ ဝေးကွာသည်။
ဟောက်ရန်ဂိုဏ်း၏ အာဏာစက် သက်ရောက်ရာ နယ်နိမိတ် အစွန်အဖျားနီးပါးတွင် တည်ရှိသည်။ လမ်းခရီး တစ်လျှောက်လုံးတွင် ချင်ထျန်းသည် ချန်းဖုန်းထံမှ မသေမျိုးကမ္ဘာ အကြောင်း အများအပြား သင်ယူခဲ့ရသည်။
"မသေမျိုး ကျင့်ကြံသူ မိသားစုက ဆင်းသက်လာတဲ့သူ ပီသပါပေတယ်... ဗဟုသုတ ကြွယ်ဝပြီး တာအို အကြောင်း အများကြီး သိတာပဲ..." ချင်ထျန်း ချီးကျူးလိုက်သည်။
"ဘိုးဘေးပေါက်စ မြှောက်ပင့်လွန်းပါပြီ... ကျွန်တော်က စာဖတ်တာ ဝါသနာပါပြီး အရှေ့ပိုင်း မြေရိုင်းဒေသ အကြောင်း လေ့လာချင်ရုံပါ..." ချန်းဖုန်းက နားရွက်ကို ကိုင်ရင်း ပြုံးလိုက်သည်။
အိမ်ဖော် တစ်ယောက်က မွေးဖွားလာသူ ဖြစ်သဖြင့် မိသားစု အတွင်းတွင် မျက်နှာမရခဲ့ပေ။ သူ့ဝါသနာမှာ စာဖတ်ခြင်းနှင့် တိုက်ရိုက် သွေးမတော်ဆက်များကို မော်ကြည့်ခြင်းသာ ဖြစ်သည်။
သူ့အမေကလွဲရင် ဘယ်သူမှ သူ့ကို မချီးကျူးဖူးကြပေ။
"ဘိုးဘေးပေါက်စ... ရောက်တော့မယ်... လမ်းမှာ ထင်းဖုန်းမြို့ အကြောင်းနဲ့ ဒီမစ်ရှင် အကြောင်း အချက်အလက်တွေ ကျွန်တော် အများကြီး ဖတ်လာခဲ့တယ်... ဒီမစ်ရှင်က ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး..."
"ပြောပါဦး" ချင်ထျန်းက သိပ်ဉာဏ်ကောင်းသူ မဟုတ်ပေ။ မြို့ထဲ တန်းဝင်သွား၊ ပစ်မှတ်ကို ရှာ၊ သတ်၊ ပြီးရင် ဂိုဏ်းပြန်မယ် လို့ပဲ စဉ်းစားထားသည်။
သူ့အစီအစဉ်က ရိုးရှင်းပြီး ထိရောက်သည်။ ချင်ထျန်းသည် ယခင်ဘဝကတည်းက စဉ်းစားရတာ မကြိုက်သလို အခုလည်း မကြိုက်ပေ။
"မစ်ရှင်အရ ဆိုရင် လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ထင်းဖုန်းမြို့မှာ လူတွေ မကြာခဏ ထူးထူးဆန်းဆန်း သေဆုံးနေတယ်... ပြီးရင် အလောင်းတွေကတော့ ပကတိအတိုင်း ကျန်ရစ်တယ်..."
"အကြောင်းအရင်း မရှိဘဲ သေဆုံးသွားကြသလိုပဲ..."
"မစ်ရှင် သုံးသပ်ချက် အရ ဆိုရင် မိစ္ဆာလမ်းစဉ်က လက်ချက် ဖြစ်နိုင်ချေ များတယ်... ဂိုဏ်းသားတွေက အလုပ်လုပ်နေကြပေမဲ့ သေဆုံးသူတွေက ပြီးပြည့်စုံစွာ ကျန်ရှိနေတယ်... သူတို့ရဲ့ အနှစ်သာရ၊ သွေးနဲ့ ကိုယ်တွင်းကလီစာတွေ အကုန်လုံး အကောင်းအတိုင်းပဲ..."
"လူသတ်တရားခံကို အခုထိ မသိရသေးဘူး... သေဆုံးမှုတွေက ဆက်ဖြစ်နေတုန်းပဲ... သေဆုံးသူ အရေအတွက်က လေးဆယ် ကျော်သွားပြီ..."
ချင်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ "လူတွေ အများကြီး သေတာတောင် လူသတ်သမားက ဘယ်သူလဲ မသိရသေးဘူးလား... ငါ ဘယ်သူ့ကို သွားသတ်ရမှာလဲ..."
ဟောက်ရန်ဂိုဏ်းရဲ့ မစ်ရှင်တွေက ခက်ခဲတယ်လို့ ကြားဖူးပေမဲ့ ဒီလောက်ထိ ခက်ခဲလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။
"မစ်ရှင်ကို ခဏဘေးဖယ်ထားလိုက်... ဒေသန္တရ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို အရင် ခံစားကြည့်ရအောင်..." ချင်ထျန်းသည် ရှေ့တွင် ပေါ်လာသော မြို့ကြီးကို ကြည့်ရင်း ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
မသေမျိုးကမ္ဘာရဲ့ အပျော်အပါး စခန်းတွေက ငါ စိတ်ကူးထားသလိုမျိုး ဟုတ်လားမဟုတ်လး မသိသေးဘူး.။