← Chapters

အခန်း (၄၁၄)

Vol. 28 Ch. 414

အခန်း (၄၁၄)

Vol. 28 Ch. 414

ချင်းရှောင်းကောသည် ယွီလင်း ထိုသို့လုပ်ရသည့် အကြောင်းရင်းကို နားလည်ပါသည်။ ဘာပဲဖြစ်ဖြစ် သူမ ကလေးတွေအတွက် အဝတ်အစားတွေ ချုပ်ပေးကတည်းက အခါကြီးရက်ကြီးမှ ဝတ်ရမည်ဟု ကန့်သတ်ထားသည်မဟုတ်ပေ။

ကျွမ်းကျွမ်းသည်လည်း ချင်းရှောင်းကော ချုပ်ပေးထားသည့် အဝတ်အစားသစ်ကို ဝတ်ထားသော်လည်း အရောင်မှာတော့ ကောင်လေး၏ အကြိုက်နှင့် ထပ်တူမကျလှပေ။

ချင်းရှောင်းကောက ဘာကြောင့်မှန်းမသိ ပန်းရောင်ကို အလွန်နှစ်သက်သည်။ ကျွမ်းကျွမ်းကတော့ မိန်းကလေးလေးတွေ ဝတ်လေ့ရှိသည့် ပန်းရောင်ဝတ်စုံကို ဝတ်ရသည်မှာ အလွန်ပင် မနှစ်မြို့လှပေ။ သို့သော် လိမ္မာသောကလေး ဖြစ်သည့်အတွက် သူ့အမေ စိတ်မကောင်းဖြစ်မှာစိုး၍ ဘာမှမပြောဘဲ ဝတ်ထားရှာသည်။

မူလကပင် ချစ်စရာကောင်းပြီး အသားဖြူသည့် ကလေးလေးမှာ ပန်းရောင်ဝတ်စုံနှင့်ဆိုလျှင် ပို၍ပင် ချစ်စရာကောင်းသော မိန်းကလေးလေးတစ်ယောက်နှင့် တူနေတော့သည်။

ကျန်းတန်းဟယ်နှင့် ချင်းရှောင်းကောတို့ကတော့ ရိုးရိုးရှင်းရှင်းပင် ဝတ်ဆင်ထားကြသည်။ သူတို့နှစ်ဦးစလုံးမှာ အရောင်တောက်တောက်များကို မနှစ်သက်ကြပေ။ ကလေးတွေကို အရောင်တောက်တောက်များ ဝတ်ပေးရခြင်းမှာ ချင်းရှောင်းကော၏ ဝါသနာကြောင့်သာမက အရေးကြီးဆုံးအချက်မှာ လူအုပ်ကြားထဲတွင် သိသာထင်ရှားစေရန် ဖြစ်သည်။

လမ်းမပေါ်တွင် လူအုပ်ကြီးက ကြိတ်ကြိတ်တိုး စည်ကားနေမည်ဖြစ်သည်။ အကယ်၍ ကလေးများ လူကွဲသွားလျှင် အန္တရာယ်ရှိနိုင်သဖြင့် မျက်စိထဲ သိသာသည့်အရောင်များ ဝတ်ပေးထားခြင်းက လူအုပ်ကြားထဲတွင် ရှာရလွယ်ကူစေသည်။

ကျန်းတန်းဟယ်သည် ပန်းရောင်ဝတ်ထားသည့် ကျွမ်းကျွမ်းကို မြင်ကတည်းက သက်ပြင်းတွေ တရစပ် ချနေမိသည်။ ကြည့်လေလေ စိတ်မကောင်းဖြစ်လေလေပင်။

"ဒီကလေးက ဘာလို့ မိန်းကလေး မဖြစ်လာတာလဲ...? အရမ်းချစ်ဖို့ကောင်းနေတာကို..."

သူ တကယ်ကို နှမြောမိသည်...

ထိုမျက်နှာလေးနှင့်ဆိုလျှင် ကျွမ်းကျွမ်းကို မိန်းကလေးဟု တခြားသူများ မှားယွင်းထင်မှတ်ကြမည်မှာ မဆန်းပေ။ သူက တကယ်ပင် ချစ်စရာကောင်းလွန်းလှသည်။

လှည်းပေါ်တွင် လူအတော်များသဖြင့် မြည်းကလေး ဝန်မနိုင်မှာစိုး၍ ကျန်းတန်းဟယ်က မြည်းနောက်က လှည်းကိုဖြုတ်ပြီး မြင်းနောက်တွင် ပြောင်းချိတ်လိုက်သည်။

ချင်းရှောင်းကောသည် ဘယ်သူမှ မကျန်ခဲ့စေရန် လူစာရင်း စစ်လိုက်သည်။ လူနည်းသော်လည်း ဂရုစိုက်ခြင်းက အမှားမရှိနိုင်ပေ။

"ကဲ... ဘယ်သူမှ ကျန်မနေတော့ဘူး။ သွားကြစို့!"

"သွားကြစို့!"

ရှောင်ကျူးနှင့် ယွီလင်းတို့ကတော့ အလွန် စိတ်လှုပ်ရှားနေကြသည်။ လှည်းစထွက်သည်နှင့် နှစ်ယောက်သား လိုက်ကာကိုမကာ အပြင်သို့ စူးစမ်းကြည့်ရင်း စကားတွေ တတွတ်တွတ် ပြောနေကြတော့သည်။

သူတို့နှစ်ဦးမှာ ရွာသို့ရောက်သည်မှာ မကြာသေးသော်လည်း ချင်းရှောင်းကောထက်ပင် ရွာသားများနှင့် ပို၍ ရင်းနှီးနေကြသေးသည်။ လမ်းတစ်လျှောက်တွင်လည်း သူတို့နှင့် ရွယ်တူမိန်းကလေးများက သူတို့ကို နှုတ်ဆက်ကြသည်။

ချင်းရှောင်းကောနှင့် ကျွမ်းကျွမ်းမှာ ထိုမိန်းကလေးနှစ်ယောက်ကြားတွင် ညှပ်နေသဖြင့် ပြားမတတ် ဖြစ်နေရသည်။ အပြင်ကို ခေါင်းထွက်ပြီး အသက်ဝဝရှူရန်ပင် အတော်ကြိုးစားလိုက်ရသည်။ စောစောကဆိုလျှင် အသက်ရှူကျပ်ပြီး သေတော့မလိုပင်။

စကားတွေ မနားတမ်း ပြောနေသည့် မိန်းကလေးနှစ်ယောက်ကို ကြည့်ရင်း ချင်းရှောင်းကော တိတ်တိတ်လေး သက်ပြင်းချမိသည်။ ကံကောင်းလို့ ဒီကလေးမတွေ မြို့တော်မှာ မမွေးတာ၊ မဟုတ်ရင်တော့ မိန်းမသား မပီသဘူးဆိုပြီး အပြောအဆို ခံနေရမှာ သေချာသည်။

ရွာပြင်ရောက်တော့ ထိုနှစ်ယောက်က ပို၍ ဆူညံလာသည်။ ပတ်ဝန်းကျင်ကို အလွန်ပင် စပ်စုနေကြသည်။ ၎င်းကိုမြင်သောအခါ ချင်းရှောင်းကောသည် ကျွမ်းကျွမ်းကို ပစ်ထားခဲ့ပြီး လှည်းမောင်းနေသည့် ကျန်းတန်းဟယ် ဘေးနားသို့ ထွက်ထိုင်တော့သည်။

"ဘာလို့ အပြင်ထွက်လာတာလဲ?"

ချင်းရှောင်းကော ထွက်လာသည်ကို မြင်သောအခါ ကျန်းတန်းဟယ်က မသိစိတ်ဖြင့် လှည်းကို အရိပ်ရသည့်ဘက်သို့ မောင်းလိုက်သည်။

"ရှင်နဲ့ အဖော်လုပ်ပေးမလို့လေ။"

ချင်းရှောင်းကောက သူ့ကို ပြုံးပြရင်း ပြောလိုက်သည်။

ကျန်းတန်းဟယ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ဟန်ဆောင်ပြီး ချောင်းဟန့်လိုက်သည်။ သူသည် ကျောကို မသိမသာ မတ်လိုက်ပြီး သူမကို ခိုးကြည့်ရင်း စိတ်ထဲတွင် ကျိတ်ပြီး ပျော်နေမိသည်။

"မင်း ကိုယ့်ကို အရမ်းချစ်လို့ ခဏလေးတောင် မခွဲနိုင်တာပဲ... ကိုယ်တောင် ရှက်လာပြီ..."

ချင်းရှောင်းကောက သူ့ကိုကြည့်ပြီး တဟားဟား ရယ်နေမိသည်။

လှည်းထဲတွင် ကျွမ်းကျွမ်းမှာတော့ ဒုက္ခရောက်နေရှာသည်။ သူ့အမေက ဒီလောက်အထိ သစ္စာမရှိဘူးလို့ သူ တကယ် မထင်ထားခဲ့ပေ။ သူ့ကို ပစ်ထားခဲ့ပြီး ဆူညံသံတွေကြားကနေ တစ်ယောက်တည်း ထွက်ပြေးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ...

မဖြစ်ဘူး၊ သူလည်း ထွက်သွားမှ ရမည်။

"သားကို တစ်ယောက်တည်း မထားခဲ့နဲ့ဦး။"

"ဝိုး... ကျွမ်းကျွမ်း၊ ဟိုဘက်ကို ကြည့်ဦး!"

ကျွမ်းကျွမ်း ခုံပေါ်က ထမည်အလုပ်တွင် ရှောင်ကျူးက သူ့ကို ပြန်ဆွဲထားလိုက်သည်။

သူသည် မတတ်သာဘဲ သူမညွှန်ပြသည့်ဘက်ကို ကြည့်လိုက်သည်။

"...အဲဒါ သစ်ပင်အမြင့်ကြီး တစ်ပင်ပဲ မဟုတ်လား?"

"ဟုတ်တယ်လေ။ ကမ်းခြေနားမှာ ဒီလောက် မြင့်တဲ့အပင်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး!"

"..."

ရှောင်ကျူးက ပြောပြီးနောက် မျက်တောင်တခတ်ခတ် ဖြစ်နေသည့် ကျွမ်းကျွမ်းကို ဂရုမစိုက်တော့ဘဲ ယွီကျစ်ကျစ်ကို လှည့်တို့လိုက်သည်။

"ယွီလင်း၊ နင် မြင်ဖူးလား? သစ်ပင်ကြီးက အမြင့်ကြီးပဲ။ ငါ ငါးဖမ်းရွာမှာရော မက်မွန်ပွင့်ရွာမှာရော ဒီလို အပင်မျိုး မမြင်ဖူးဘူး..."

"ငါ အရင်နေခဲ့တဲ့ ကျွန်းပေါ်မှာ ဒီလိုအပင်တွေ အများကြီး ရှိတယ်။ ဒီထက် မြင့်တဲ့အပင်တွေတောင် အများကြီးပဲ။"

ယွီလင်းက ရှောင်ကျူး စိတ်မပျက်အောင် ပြောလိုက်သော်လည်း သူမက သစ်ပင်အမြင့်ကြီးတွေ အများကြီး မြင်ဖူးသဖြင့် ၎င်းကို သိပ်ပြီး အထင်မကြီးလှပေ။

ရှောင်ကျူးက နှမြောတသစွာ ရေရွတ်လိုက်သည်။ သူတို့ထဲတွင် သူမက ဗဟုသုတ အနည်းဆုံး ဖြစ်နေပုံရသည်။ အခုကစပြီး စကားမပြောဘဲ နေတာက ပိုကောင်းလိမ့်မည်။

သို့သော် မကြာမီမှာပင် ရှောင်ကျူး၏ အာမေဍိတ်သံများ ပြန်ထွက်လာပြန်သည်။

"ဝိုး... ဒီတံတားကြီးကို ကြည့်ဦး..."

"ဟေး... ဟိုလမ်းကို ကြည့်ဦး။"

"ခွေးလေး၊ ခွေးလေး... ခွေးကြီးက ရုပ်ဆိုးလိုက်တာ..."

"ယွီလင်း ကျွမ်းကျွမ်း၊ ကြည့်ဦး။ ငှက်ကလေး..."

"..."

ရှောင်ကျူး၏ အံ့သြသံများမှာ လမ်းတစ်လျှောက်လုံး အဆုံးမရှိပေ။ အများအားဖြင့် သူမ အံ့သြနေသည်မှာ မြို့ထဲက စည်ကားသည့် မြင်ကွင်းများထက် ရိုးရိုးမြင်နေကျ အရာများသာ ဖြစ်သည်။

သို့သော် ချင်းရှောင်းကောနှင့် ကျန်းတန်းဟယ်တို့က သူမ ဘာကြောင့် ထိုသို့ဖြစ်နေသည်ကို သိကြသည်။ သူမက အပြင်ထွက်လည်ရသည့် အခွင့်အရေး အလွန်ရှားသဖြင့် မြင်သမျှအရာတိုင်းကို စိတ်လှုပ်ရှားနေခြင်းမှာ သဘာဝပင်ဖြစ်သည်။

ယွီလင်းကတော့ ရှောင်ကျူးလောက် မဆူညံသော်လည်း သူမလည်း အသံအတော်ထွက်နေသည်။

တခါတရံ သူတို့က ခွေးကို လက်ညှိုးထိုးပြလိုက်၊ သစ်ပင်ကို ပြလိုက်နှင့် ရယ်မောပျော်ရွှင်နေကြသည်။

ထိုနှစ်ယောက်က အလွန် ပျော်နေကြသော်လည်း ကျွမ်းကျွမ်းမှာတော့ တစ်ယောက်တည်း ဝမ်းနည်းနေရှာသည်။ တကယ်ပင် လူတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုမှာ တစ်ဦးနှင့်တစ်ဦး လုံးဝ မသက်ဆိုင်ကြပေ။

မြို့နယ်ထဲသို့ ရောက်သောအခါ ဝေးဝေးကပင် ပွဲတော်၏ စည်ကားသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် ယုံဟိုင်မြို့နယ်မှာ ပုံမှန် ဈေးနေ့များထက် နှစ်ဆမျှ ပို၍ စည်ကားနေသည်။ လူအုပ်ကြီးမှာ တိုးမပေါက်အောင် ရှိနေပြီး ဈေးသည်များ၏ အော်ဟစ်သံနှင့် ရယ်မောသံများကို မပြတ်ကြားနေရသည်။

သကြားရုပ်များ၊ မျက်နှာဖုံးများ၊ မီးပုံးများ၊ စွန်များ၊ လမင်းကိတ်များနှင့် သပြေပန်းဝိုင် ရောင်းသည့် ဆိုင်လေးများလည်း အစီအရီ ရှိနေသည်။ လူတိုင်းအတွက် စားစရာ၊ သောက်စရာနှင့် ကစားစရာများ ပြည့်စုံနေသည်။

နေ့ဘက်၏ စည်ကားမှုက ညဘက် ပွဲတော်အတွက် ပို၍ပင် မျှော်လင့်ချက် ကြီးမားစေသည်။

မြို့ပေါက်ဝသို့ ရောက်သည်နှင့် ချင်းရှောင်းကောက ကျန်းတန်းဟယ်၏ နားနှစ်ဖက်ကို လက်နှင့် အသာအယာ အုပ်ထားပေးလိုက်သည်။ သူ ဘာကြောင့်လဲဟု စဉ်းစားနေစဉ်မှာပင် ချင်းရှောင်းကောက စိတ်ထဲကနေ သုံးအထိ နောက်ပြန် ရေတွက်လိုက်သည်။

သုံး... နှစ်... တစ်...

"ဝိုး..."

ရှောင်ကျူးနှင့် ယွီလင်းတို့၏ ကောင်းကင်အက်မတတ် အော်ဟစ်သံကြီးမှာ ချက်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်က လူများ၏ အာရုံကို ဖမ်းစားလိုက်တော့သည်။

ဆူညံနေသည့် ပတ်ဝန်းကျင်မှာပင် သူတို့၏ အော်သံကြောင့် ခဏတာ တိတ်ဆိတ်သွားရသည်။

သူတို့ အော်သံဆုံးသွားမှ ချင်းရှောင်းကောက လက်ကို ဖယ်လိုက်သည်။ ကျန်းတန်းဟယ်က ကျေးဇူးတင်သော အပြုံးဖြင့် သူမကို ကြည့်လိုက်သည်—အကယ်၍ သူမသာ သူ့နားကို အုပ်မထားပေးလျှင် သူ့နားတွေ အချိန်အတော်ကြာ အူနေမှာ သေချာသည်။

လှည်းထဲက ကျွမ်းကျွမ်းမှာတော့ သူ့အဖေလို ကံမကောင်းရှာပေ။ မိန်းကလေးနှစ်ယောက်၏ အော်သံကြောင့် သူ့နားထဲတွင် တဝီဝီနှင့် အချိန်အတော်ကြာ အူနေတော့သည်။

ဆောင်းလလယ်ပွဲတော် ဖြစ်သောကြောင့် ချင်းရှောင်းကောက အလုပ်သမားများကို သူတို့မိသားစုနှင့်အတူ ပျော်ရွှင်နိုင်ရန် တစ်ရက် အားလပ်ရက် ပေးထားခဲ့သည်။

ယခုအချိန်တွင် နှစ်ထပ်တိုက်ထဲတွင် ရှု့ပေါ်ထုန် တစ်ယောက်တည်းသာ ရှိနေသည်။ သူသည် တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ တံခါးဝတွင် တစ်ယောက်တည်း ထိုင်နေရှာသည်။

လှည်းရပ်လိုက်သည်နှင့် ရှု့ပေါ်ထုန်၏ မျက်နှာမှာ ချက်ချင်း ဝင်းပသွားတော့သည်။ သူသည် အဝတ်အစားပေါ်က ဖုန်များကို ခါလိုက်ပြီး သူတို့ သူ့ကို လှမ်းခေါ်မှာကို မျှော်လင့်တကြီး စောင့်နေသည်။

ချင်းရှောင်းကောသည် ယခုလို ပွဲတော်ရက်မျိုးတွင် ရှု့ပေါ်ထုန် တစ်ယောက်တည်း နေရမှာကို စိတ်မကောင်းသဖြင့် ကျန်းတန်းဟယ်နှင့် တိုင်ပင်ကာ သူ့ကိုပါ အပြင်ခေါ်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရှောင်ကျူးနှင့် ယွီလင်းတို့ လှည်းပေါ်က ဆင်းလာသောအခါ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရသဖြင့် အပြုံးများ အေးခဲသွားကြသည်။

သူတို့သည် ဤလူကို တစ်ခါမှ မတွေ့ဖူးကြပေ။ ကျွမ်းကျွမ်းအတွက်လည်း ဤလူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူသည် စပ်စုသော မျက်လုံးများဖြင့် ရှု့ပေါ်ထုန်ကို အကဲခတ်နေမိသည်။

မိတ်ဆက်ပေးပြီးနောက် သူတို့အားလုံး လှည်းပေါ်တက်ကာ ခေါက်ဆွဲဆိုင်သို့ မောင်းထွက်ခဲ့ကြသည်။

ချင်းအန်းမင်၊ ရူယီနှင့် တခြားသူများမှာလည်း ပွဲတော်ကို ဆင်နွှဲရန် အသင့်ရှိနေကြသည်။

ဆောင်းလလယ်ပွဲတော် ဖြစ်သည့်အတွက် ချင်းရှောင်းကောသည် သူတို့နှင့်အတူ ကုန်ဆုံးရမည် ဖြစ်သည်။ ဒါမှသာ စစ်မှန်သော ဆုံဆည်းမှု ဖြစ်ပေလိမ့်မည်။

ခေါက်ဆွဲဆိုင်မှာ ယနေ့ အစောကြီး ပိတ်ထားသည်။ ရူယီ၊ ချင်းအန်းမင်၊ ဦးလေးရွှီ၊ ရှောင်ချွေ့၊ လင်းလုံနှင့် ဖူအာတို့မှလွဲ၍ ကျန်သည့် ဆိုင်အကူများကို အားလပ်ရက် ပေးထားသည်။ ယခုအချိန်တွင် ဆိုင်ရှေ့ခန်းမှာ အလွတ်ကြီး ဖြစ်နေသည်။

နောက်ဖေးဆောင်ရှိ အခန်းများတွင်မူ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

လူတိုင်းက ကိုယ့်အခန်းထဲတွင် ကိုယ် အလှပြင်နေကြသည်။ အချို့က ရေချိုးနေကြပြီး၊ အချို့က အဝတ်အစားလဲခြင်း၊ ဆံပင်ဖီးခြင်းများ ပြုလုပ်နေကြသည်။ လူတိုင်းက နှစ်သစ်ကူးပွဲတော်လိုပင် အလေးအနက်ထားပြီး ပြင်ဆင်နေကြသည်။

အားလုံး စုံစုံလင်လင် ဆုံကြသောအခါ ချင်းရှောင်းကောသည် သူတို့၏ ပျော်ရွှင်နေသော မျက်နှာများကို ကြည့်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးမိသွားသည်။

ချင်းရှောင်းကောသည် ရှောင်ကျူးနှင့် ယွီလင်းတို့ကို တစ်ခါမှ တရားဝင် မိတ်မဆက်ပေးရသေးသဖြင့် ယခု အခွင့်အရေးကို အသုံးချကာ အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ ရှု့ပေါ်ထုန်ကိုလည်း လူတိုင်းနှင့် မိတ်ဆက်ပေးခဲ့သည်။

ယနေ့မှစ၍ သူတို့အားလုံးသည် မိသားစုဝင်များ ဖြစ်ကြသည်။

ရူယီနှင့် ချင်းအန်းမင်တို့ ဦးဆောင်ကာ လူတိုင်းက မိန်းကလေးနှစ်ယောက်နှင့် တစ်စုံတစ်ရာ ပြောင်းလဲသွားသော ရှု့ပေါ်ထုန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

သူတို့သည် ချင်းရှောင်းကော ယုံကြည်ပြီး အသိအမှတ်ပြုထားသည့် လူများဖြစ်သဖြင့် လူတိုင်းက မိသားစုဝင်များကဲ့သို့ သဘောထားကာ ရိုးသားဖြူစင်စွာ ဆက်ဆံကြမည် ဖြစ်သည်။

All Chapters