အခန်း (၄၁၆)
Vol. 28 Ch. 416
"လာကြည့်ကြပါဦး၊ လာကြည့်ကြပါဦး။ ပျော်စရာ ကစားနည်းတွေ အကုန်ဒီမှာ ရှိတယ်နော်။ လာကြည့်သွားကြပါဦး..."
"ပန်းမီးပုံးတွေ၊ အရောင်စုံမီးပုံးတွေ၊ ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံ ရှိတယ်နော်..."
"ပင်လုံးကြိုင်ပန်းဝိုင်၊ လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ အော်စမန်းသပ်စ်ပန်းဝိုင်။ လတ်ဆတ်တဲ့ အော်စမန်းသပ်စ်ပန်းတွေနဲ့ ချက်ထားတာပါ။ တစ်ငုံသောက်ရုံနဲ့ နောက်တစ်ငုံ ထပ်သောက်ချင်သွားမယ်။ ဒီအော်စမန်းသပ်စ်ပန်းဝိုင်ကို သောက်ရင် မူးမှာလည်း မဟုတ်ဘူးနော်..."
"လာကြည့်ကြပါဦး၊ လတ်လတ်ဆတ်ဆတ် ပင်လုံးကြိုင်ပန်း ကိတ်မုန့်တွေပါ။ ဈေးလည်းချိုသလို အရသာလည်း ရှိတယ်နော်။"
ယုံဟိုင်မြို့နယ်သည် ဆောင်းလလယ်ပွဲတော်ညတွင် မည်သည့်အချိန်ထက်မဆို ပို၍ စည်ကားနေတော့သည်။
"အမေ... ဟိုမှာကြည့်ပါဦး၊ ခြင်္သေ့အက မီးပုံးကြီး။"
ကျွမ်းကျွမ်းသည် ချင်းရှောင်းကော၏ လက်ကိုဆွဲကာ အပေါ်သို့ မော့ကြည့်ရန် အချက်ပြလိုက်သည်။
ချင်းရှောင်းကောက အပေါ်သို့ မော့ကြည့်လိုက်ရာ လေထဲတွင် ခန့်ညားထည်ဝါစွာ ချိတ်ဆွဲထားသော၊ သက်ရှိထင်ရှားသကဲ့သို့ အသက်ဝင်လှသည့် ခြင်္သေ့အကရုပ်ကြီးကို တွေ့လိုက်ရသဖြင့် အမြင်အာရုံကို များစွာ ဆွဲဆောင်နေတော့သည်။
ခြင်္သေ့ကြီး၏ ပါးစပ်မှာ ဟနေပြီး လူစုရှိရာဘက်သို့ တည့်တည့်ကြီး ဦးတည်နေသည်။ အောက်ကနေ မော့ကြည့်ရသည်မှာ အတော်ပင် ကြောက်စရာကောင်းလှသည်။
ချင်းရှောင်းကောက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ခြင်္သေ့ကြီးကို သေချာကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ ပြန်ပြောလိုက်သည်။
"ဝိုး... ဒီခြင်္သေ့ကြီးက တကယ့်ကို မိုက်တာပဲ။"
"ယုန်မီးပုံးလေးတွေလည်း ရှိသေးတယ်!"
"ဝိုး..."
ရှောင်ကျူးနှင့် ယွီလင်းတို့သည် ယခင်က ဤကဲ့သို့သောအရာမျိုး တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့သည် မီးပုံးလေးများကို ထိချင်သဖြင့် ဟိုခုန်ဒီခုန် လုပ်နေကြသော်လည်း ဘယ်မှာ ထိနိုင်ပါမည်နည်း? မီးပုံးများမှာ အကောင်ကြီးသဖြင့် အနီးလေးဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အတော်ပင် မြင့်သောနေရာ၌ ရှိနေခြင်း ဖြစ်သည်။
လူစုသည် အေးအေးလူလူ လမ်းလျှောက်လာရင်း ဟိုနားတစ်ချက် ဒီနားတစ်ချက် ရပ်တန့်ကြသည်။ ခဏချင်းမှာပင် လူတိုင်း၏ လက်ထဲတွင် မုန့်များနှင့် ကစားစရာများ ပြည့်နှက်နေတော့သည်။
အရွယ်တူကြသော လင်းလုံ၊ ဖူအာ၊ ရှောင်ကျူးနှင့် ယွီလင်းတို့မှာလည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးသွားကြသည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် လက်ချင်းချိတ်ကာ ပွဲတော်ထဲတွင် ပျော်ပျော်ပါးပါး လျှောက်သွားနေကြသည်။
လင်းလုံနှင့် ဖူအာတို့ ပါသဖြင့် ရှောင်ကျူးနှင့် ယွီလင်းတို့ လူကွဲသွားမည်ကို ချင်းရှောင်းကော မပူတော့ပေ။ စိတ်အေးလက်အေးနှင့်ပင် သူတို့နောက်မှ လိုက်လာခဲ့သည်။
ကျွမ်းကျွမ်းမှာတော့ မျက်နှာဖုံးတစ်ခု တပ်ထားပြီး လက်ထဲတွင် မီးပုံးတစ်ခု ကိုင်ထားသည်။ ဤပစ္စည်းများမှာ မီးပုံးစကားထာများ ဖြေဆိုရာမှ သူရရှိခဲ့သော ဆုများဖြစ်သည်။
၎င်းတင်မကသေးဘဲ ချင်းရှောင်းကော လက်ထဲက မီးပုံးမှာပင် ကျွမ်းကျွမ်းပေးသော လက်ဆောင် ဖြစ်သည်။
ဦးလေးရွှီသည် သူရထားသော ရွှေငါးမီးပုံးလေးကို လှုပ်ခါရင်း "ကျွမ်းကျွမ်းက တကယ့်ကို တော်တာပဲ" ဟု ပြောလိုက်သည်။
"ဟုတ်ပဗျာ။ စောစောက စကားထာရဲ့ အဖြေကို ကျွန်တော်တောင် မစဉ်းစားမိဘူး။"
ရှု့ပေါ်ထုန် စကားပြောလိုက်သောအခါ သူ၏ လေသံထဲတွင် နှမြောတသသော အရိပ်အယောင်များ ပါနေသည်ကို သိသာလှသည်။
"'လေထဲမှာ သွားပြီး ပြန်လာတယ်၊ တောင်ထိပ်ရှေ့မှာ စောင်းပြီး ပျံတယ်' ဆိုတဲ့ စကားထာရဲ့ အဖြေက 'ခေါင်ရမ်းပန်း' ဖြစ်မယ်လို့ ဘယ်သူ သိမှာလဲ?"
ချင်းအန်းမင်က ခေါင်းခါရင်း နှမြောတသစွာ ပြောလိုက်သည်။ စောစောက ထိုစကားထာကို သူရွေးခဲ့ခြင်း ဖြစ်သော်လည်း သူ ဘယ်လိုမှ စဉ်းစားမရခဲ့ဘဲ ကျွမ်းကျွမ်းကသာ ဖြေပေးခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ထိုကလေးက မီးပုံးကို သူ့အား ရက်ရက်ရောရော လက်ဆောင်ပေးခဲ့သည်။
ကျွမ်းကျွမ်းသာ မရှိလျှင် ချင်းအန်းမင်၏ လက်ထဲတွင် မီးပုံးတစ်လုံးတောင် ရှိမှာမဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူ အခုလို အနေရခက်ရုံတင်မကဘဲ ရှက်ပါ ရှက်နေမိမှာ သေချာသည်။
ရူယီက သက်ပြင်းချလိုက်သည်။ သူမသည် စာမတတ်သော်လည်း လက်ထဲတွင် မီးပုံး အနည်းဆုံး သုံးလုံး ရှိနေသည်။ သို့သော် အားလုံးက ကျွမ်းကျွမ်းပေးထားသည့် အရာများသာ ဖြစ်သည်။
အမှန်အတိုင်း ပြန်ပြောရလျှင် ဤအဖွဲ့ထဲတွင် ကျန်းတန်းဟယ်၊ ချင်းရှောင်းကော၊ ကျွမ်းကျွမ်း၊ ရှု့ပေါ်ထုန်နှင့် ဦးလေးရွှီတို့သာ စကားထာများကို ကိုယ်တိုင်ဖြေဆိုနိုင်ကြခြင်း ဖြစ်သည်။ ကျန်သည့်လူများ ကိုင်ထားသော မီးပုံးများမှာ ကျွမ်းကျွမ်းက စကားထာမှန်၍ ရလာသော ဆုများသာ ဖြစ်သည်။
ထိုကလေးလေးမှာ အလွန်ပင် ကြင်နာတတ်ရှာသည်။ သူတို့ စိတ်မကောင်းမဖြစ်ဘဲ လက်ဆောင်ကို လက်ခံနိုင်စေရန် သူက မီးပုံးတွေ အများကြီးကို တစ်ယောက်တည်း မသယ်နိုင်သဖြင့် ကူသယ်ပေးကြပါဦးဟု ပြောကာ သူတို့၏ သိက္ခာကို ပါးနပ်စွာ ဆယ်ပေးခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ ကျွမ်းကျွမ်းက အဲဒီလျှို့ဝှက်ချက်က 'ခေါင်ရမ်း ပန်း' လို့ ဘယ်လို ခန့်မှန်းလိုက်တာလဲ?"
ချင်းအန်းမင်သည် ကျွမ်းကျွမ်းဘေးသို့ ပြေးသွားကာ သူကိုင်ထားသော မီးပုံးကို ချင်းရှောင်းကောထံ ခဏအပ်လိုက်သည်။ ထို့နောက် ကျွမ်းကျွမ်းကို မကာ လှုပ်ခါရင်း "ဦးလေးကို ပြောပါဦး၊ မင်း ဒါကို ဘယ်လို ဖြေလိုက်တာလဲ" ဟု မေးလိုက်သည်။
ကျွမ်းကျွမ်း၏ မျက်နှာလေးမှာ အလှုပ်ခံရသဖြင့် တုန်ခါနေရှာသည်။
"တကယ်တော့ ခန့်မှန်းရ လွယ်ပါတယ်ဦးလေးရဲ့။ 'လေ (Wind)' ဆိုတဲ့ စာလုံးထဲက 'X' ကို ဖယ်လိုက်ရင် 'ကျိ (Ji)' ဆိုတဲ့ စာလုံး ရမယ်။ အဲဒီထဲမှာ 'ယို (You)' ကို ထည့်လိုက်ရင် 'ဖုန့် (Feng - phoenix)' ဆိုတဲ့ စာလုံး ဖြစ်သွားရော။ 'တောင်ထိပ် (Peak)' ရဲ့ အရှေ့မှာ 'တောင် (Mountain)' ဆိုတဲ့ စာလုံးရှိပြီး 'တောင်ထိပ်ရှေ့မှာ စောင်းပြီး ပျံတယ်' ဆိုတာက လူတစ်ယောက်ရဲ့ ပုံသဏ္ဌာန်ကို ဖော်ဆောင်တယ်။ အဲဒီ လူပုံစံ စာလုံးကို စောင်းလိုက်ရင် 'ရှန်း (Xian - immortal)' ဆိုတဲ့ စာလုံးရဲ့ ရှေ့ဆုံးက 'လူတစ်ယောက်' ဆိုတဲ့ အစိတ်အပိုင်း ဖြစ်သွားတာ။ အဲဒါကြောင့် 'လေထဲမှာ သွားပြီး ပြန်လာတယ်၊ တောင်ထိပ်ရှေ့မှာ စောင်းပြီး ပျံတယ်' ဆိုတာက 'ဖုန့်ရှန်း (Feng Xian - Hibiscus )' ဖြစ်သွားတာပေါ့။"
"ဒါကြောင့် အဖြေက ခေါင်ရမ်း ဖြစ်သွားတာပါ။"
ကျွမ်းကျွမ်း၏ ရှင်းလင်းပြတ်သားသော ရှင်းပြချက်က လူတိုင်းကို အံ့အားသင့်သွားစေသည်။
သူတို့အားလုံးက လွဲမှားသောဘက်သို့သာ စဉ်းစားနေကြပြီး ဤကဲ့သို့သော လမ်းကြောင်းမှ မစဉ်းစားမိကြပေ။
"မရဘူး၊ မရဘူး။ ငါတို့တွေ နောက်တစ်ခါ ထပ်ပြိုင်ကြစို့။"
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့သည် ဆိုင်ခန်းတစ်ခုရှေ့မှ ဖြတ်သွားရာ ရူယီက မကျေမနပ်ဖြင့် လူစုကို ရပ်တန့်လိုက်သည်။
ကျန်လူများကလည်း ကန့်ကွက်စရာ မရှိပေ။ ဘာပဲဖြစ်ဖြစ် ဒါက ကစားပွဲတစ်ခုပဲလေ...
"ဒီတစ်ခါတော့ အဖွဲ့ခွဲပြီး ပြိုင်ကြမယ်။ ရှုံးတဲ့အဖွဲ့က အားလုံးအတွက် ညစာ ပြင်ဆင်ပေးရမယ်။ ဘယ်လိုလဲ?"
"ရတာပေါ့!"
"သဘောတူတယ်! သဘောတူတယ်!"
"ပြဿနာ မရှိပါဘူး။"
"အဖွဲ့ကို ဘယ်လို ခွဲကြမလဲ?"
သူမက ထပ်ပြိုင်ရန် အကြံပြုသည်နှင့် အားလုံးက သဘောတူကြသည်။ ရှေ့မှာ ပြေးလွှားနေကြသော ရှောင်ကျူးနှင့် ယွီလင်းတို့ပင် အဖွဲ့ထဲ ပြန်ဝင်လာကြသည်။ သူတို့လည်း ဤအကြံပြုချက်ကို စိတ်ဝင်စားနေကြသည်မှာ သိသာလှသည်။
"လွယ်လွယ်လေးပဲ။ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့ဆိုပြီး နှစ်ဖွဲ့ ခွဲလိုက်မယ်။"
"ကျွန်တော်တို့က ငါးယောက်ပဲ ရှိတာလေ၊ ခင်ဗျားတို့က ခုနစ်ယောက်တောင်။ လူဦးရေက မမျှဘူး။"ရှု့ပေါ်ထုန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
ရူယွီက လက်ညှိုးကို ခါပြရင်း ပြုံးဖြီးဖြီးဖြင့် "မဟုတ်ဘူး၊ မဟုတ်ဘူး..."
"ရှင်တို့ လေးယောက်နဲ့ တို့ သုံးယောက် ပြိုင်မှာ။ ကျွမ်းကျွမ်း၊ လင်းလုံ၊ ဖူအာ၊ ရှောင်းကျူးနဲ့ ယွီလင်းတို့က ကလေးအဖွဲ့ထဲမှာ ပါမယ်။"
"ဒါဆို ဘယ်လိုလုပ်မှာလဲ? သုံးဖွဲ့ ပြိုင်မှာလား?"
"မဟုတ်ပါဘူး။ နှစ်ဖွဲ့ပဲ ရှိမှာ။ ခဲအို၊ အစ်ကိုအန်းမင်၊ ဦးလေးရွှီနဲ့ ရှင်တို့ လေးယောက်က တစ်ဖွဲ့" ဟု ပြောရင်း ရူယွီက သူတို့လေးဦးကို စုလိုက်သည်။ ထို့နောက် ချင်းရှောင်းကော ဘေးနားသို့ လာကာ ဆက်ပြောသည်။ "အစ်မရှောင်းကော၊ ရှောင်ချွေ့နဲ့ ကျွန်မတို့ သုံးယောက်က တစ်ဖွဲ့။ လူဦးရေအရဆိုရင် ရှင်တို့က တို့ထက် သာနေတာပဲ..."
"ကလေးအဖွဲ့လည်း ရှိသေးတယ်။ သူတို့က ကြားနေတွေမို့ သူတို့ ပါချင်တဲ့အဖွဲ့ကို ရွေးလို့ရတယ်။"
ရှု့ပေါ်ထုန်မှာ သူမ ရှင်းပြနေသည်ကို နားထောင်ရင်း ခေါင်းတွေပင် မူးနောက်လာသည်။ ထို့နောက် သူက မတတ်သာဘဲ "ဆိုလိုတာက ကျွန်တော်တို့ လေးယောက်နဲ့ မင်းတို့ ရှစ်ယောက် ပြိုင်ရမှာပေါ့..."
"အဲဒါတော့ မဟုတ်သေးဘူးလေ..."
ရူယီ ပြောပြီးသည်နှင့် ကလေးများသည် ချင်းရှောင်းကော၏ ဘေးတွင် သွားရပ်လိုက်ကြသည်။
ရူယီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ကဲ... ဒီတစ်ခါတော့ အတည်ဖြစ်သွားပြီ။
ရှု့ပေါ်ထုန်သည်လည်း အရှုံးမပေးချင်သော လူစားဖြစ်သဖြင့် အနည်းငယ် မကျေနပ်သော်လည်း သူတို့အဖွဲ့က လူကြီးချည်းပဲမို့ သာနေသေးသည်ဟု ယူဆကာ ထိုအစီအစဉ်ကို သဘောတူလိုက်သည်။
ကျန်းတန်းဟယ်ကတော့ ထိုနှစ်ယောက်ကို မတတ်သာသလို ကြည့်နေမိသည်။ သူတို့သည် တခြားသူတွေရဲ့ သဘောထားကို မမေးဘဲ အဖွဲ့ကို ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ သူကတော့ သူ့ဇနီးသည်နှင့် အဖွဲ့တစ်ဖွဲ့တည်းမှာပဲ နေချင်တာပါ...
သူတို့ ဆွေးနွေးမပြီးခင်မှာပင် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို ရရှိနေပြီ ဖြစ်သည်။ ပြိုင်ပွဲ စတော့မည်ကို မြင်သောအခါ လူများက အဖွဲ့ကို ဝိုင်းအုံကြည့်လာကြသည်။ ဆိုင်ရှင်ပင်လျှင် သူတို့ကို ပြုံးပြရင်း ကြိုဆိုစကားများကို မနားတမ်း ပြောနေတော့သည်။
သူ့ဆိုင်ရှေ့တွင် လူတွေ အများကြီး ဝိုင်းအုံလာသဖြင့် သူ အလွန် ဝမ်းသာနေခြင်း ဖြစ်သည်။
သူတို့ ပြိုင်ကြမည်ကို ကြားသောအခါ သူသည် အကောင်းဆုံး စကားထာ မီးပုံးများကို ချက်ချင်း ထုတ်ပေးလိုက်သည်။ တစ်လုံးထက် တစ်လုံး ပိုလှသလို ပိုလည်း ကြီးမားလှသည်။
ဆိုင်ရှင်က အတော်လေး ဖော်ရွေပုံရသည်!
လူတိုင်း၏ အားပေးသံများကြားတွင် ပြိုင်ပွဲမှာ တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
ဆိုင်ရှင်ဆီက ထိုလှပသော မီးပုံးများကို ရဖို့ကတော့ မလွယ်ကူလှပေ။
ဆိုင်ရှင်က အတော်လေး ခက်ခဲသော စကားထာတစ်ခုကို ထုတ်ကာ သေတ္တာထဲ ထည့်လိုက်သည်။ ဆွေးနွေးပြီးနောက် အမျိုးသားအဖွဲ့က အရင်စတင်ခဲ့သည်။
အမျိုးသားအဖွဲ့ အဖြေကို စဉ်းစားနေစဉ် ရှောင်းကျူးက ချင်းရှောင်းကော၏ အင်္ကျီစကို တိတ်တိတ်လေး ဆွဲလိုက်သည်။
"အစ်မရှောင်းကော?"
"ဘာဖြစ်လို့လဲ?"
ရှောင်ကျူးက စိတ်လှုပ်ရှားနေသော ရူယွီကို ခိုးကြည့်ရင်း အသံတိုးတိုးဖြင့် "ညီမက စကားထာ တစ်ခုမှ မဖြေတတ်ဘူး။ တို့တွေ နိုင်ဖို့ အခွင့်အရေး ရှိပါ့မလား?"
"အစ်မလည်း မဖြေတတ်ဘူး။"
"ညီမတို့လည်း အတူတူပါပဲ..."
ရှောင်ကျူး၏ စကားကို ရူယီမှလွဲ၍ ကျန်သည့်လူများက ထောက်ခံကြသည်။ ကျန်သည့် မိန်းကလေးများကလည်း သူတို့သည် ဤနယ်ပယ်တွင် ဗဟုသုတ မရှိသဖြင့် အဖွဲ့အတွက် အကူအညီ ဖြစ်မှာမဟုတ်ကြောင်း ဝန်ခံကြသည်။ သူတို့သည် ကစားပွဲတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ကြပေ။
ချင်းရှောင်းကောက ညင်သာစွာ ပြုံးပြီး "ရပါတယ်၊ ပါဝင် ဆင်နွှဲရတာက ပိုအရေးကြီးပါတယ်။ ဒါက ကစားပွဲတစ်ခုပဲလေ။ ဒါ့အပြင် မင်းတို့ရဲ့ အစ်မရူယီက ဘယ်လောက်တောင် ယုံကြည်ချက် ရှိနေသလဲဆိုတာ ကြည့်ပါဦး!"
ရူယီ၏ ယုံကြည်ချက်က ဘယ်ကလာမှန်း သူတို့ သိပ်နားမလည်သော်လည်း သူမ၏ တည်ငြိမ်သော အမူအရာကြောင့် စိတ်ဓာတ်တက်ကြွလာကြသည်။
အစ်မရှောင်းကော ပြောတာ မှန်တယ်! ရှုံးမယ်ဆိုရင်တောင် သိက္ခာရှိရှိ ရှုံးတာ ပိုကောင်းတာပေါ့။ ပါဝင် ဆင်နွှဲရတဲ့ လုပ်ငန်းစဉ်က ပိုအရေးကြီးတယ်!
ချင်းရှောင်းကောက သူတို့ကို နှစ်သိမ့်ပေးရန် ပြင်စဉ်မှာပင် ရူယီက နောက်စေ့မှာ နားပါပုံရသည်။ သူမသည် သူတို့၏ စကားဝိုင်းကို ကြားသွားပြီး ဖြစ်သည်။ သူမက "စိတ်မပူပါနဲ့၊ ငါတို့ဆီမှာ ကျွမ်းကျွမ်း ရှိသေးတာပဲ။ ဒီတစ်ခါတော့ တို့တွေ သေချာပေါက် နိုင်မှာပါ" ဟု ပြောလိုက်သည်။
ပြောရင်းနှင့် သူမက ခေါင်းလှည့်ကာ သူတို့ကို မျက်မှောင်ကြုတ် ပြလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ကျွမ်းကျွမ်း၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ "ကျွမ်းကျွမ်းလေး လိမ္မာတယ်နော်။ ဒီပွဲ နိုင်အောင် ကူညီပေးမယ်ဆိုရင် အစ်မက မင်းကို စားသောက်ပွဲကြီးတစ်ခုနဲ့ တည်ခင်းကျွေးမွေးမယ်!"
'စားသောက်ပွဲ' ဆိုသည့် စကားလုံးကို ကြားရလျှင်ပင် ကျွမ်းကျွမ်း၏ မျက်လုံးများ ဝင်းပသွားသည်။ သူက ချက်ချင်း ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"သား အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်!"
ရူယီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူမသည် ကျွမ်းကျွမ်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသည်!
ချင်းရှောင်းကောက ထိုနှစ်ယောက် တိုးတိုးတိုးတိုး လုပ်နေကြသည်ကို ကြည့်ပြီး မတတ်သာဘဲ သက်ပြင်းချမိသည်။
"ကျွမ်းကျွမ်း... နည်းနည်းတော့ လျှော့ပေးဦးနော်။ မင်းရဲ့ အဖေအရင်းနဲ့ ဦးလေးက ဟိုဘက်အဖွဲ့မှာ ပါနေတာ။"
......
မှတ်ချက် - ဖုန့်ရှန်း (Feng Xian) သည် (ခေါက်ရမ်းပန်း) ၏ တရုတ်အမည် ဖြစ်သည်။ 'ဖုန့် (Feng)' သည် ဖီးနစ်ငှက်ကို ဆိုလိုပြီး 'ရှန်း (Xian)' သည် မသေမျိုး နတ်ဘုရား (Immortal) ကို ဆိုလိုသည်။