← Chapters

အခန်း (၄၁၉)

Vol. 28 Ch. 419

အခန်း (၄၁၉)

Vol. 28 Ch. 419

"ဘာလို့ သားက အဖေနဲ့တူတူ လိုက်သွားရမှာလဲ?"

ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်၏ မြင်းပေါ်သို့ အတင်ခံလိုက်ရသဖြင့် မပျော်မရွှင် ဖြစ်နေသည်။ သူက ချင်းရှောင်းကောကို ဝမ်းနည်းပန်းနည်း ကြည့်ကာ သူမ သူ့ကို ကူညီပေးလိမ့်မည်ဟု မျှော်လင့်နေသည်။

"မင်းက နားချင်သေးတာလား? စာအုပ်တွေကို မေ့နေပြီထင်တယ်"

ကျန်းတန်းဟယ်က သူ့ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

ကျွမ်းကျွမ်းက သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့... ဒါပေမဲ့လည်း..."

"ကဲပါ..." ချင်းရှောင်းကောက လျှောက်လာပြီး သူ့မျက်နှာလေးကို ကိုင်လိုက်သည်။ သူမက လေသံအေးအေးလေးဖြင့် "မင်း နားခဲ့တာ ရက်တွေ အများကြီး ရှိနေပြီလေ။ ဟိုရောက်ရင် စာကို သေချာလုပ်ရမယ်နော်၊ နားလည်လား? အမေ နောက်ရက် နည်းနည်းနေရင် လာကြိုမယ်" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့!"

ကျွမ်းကျွမ်းက လိမ္မာပါးနပ်စွာ ခေါင်းငြိမ့်ပြပြီး ဂျီမကျတော့ပေ။

ကျန်းတန်းဟယ်က ချင်းရှောင်းကောကို ကြည့်ကာ တိတ်တိတ်လေး သက်ပြင်းချမိသည်။

သူက အကြာကြီး ချော့နေရသော်လည်း မိခင်ဖြစ်သူက တစ်ခွန်းပြောရုံနှင့် ကိစ္စပြတ်သွားသည်။ ဒါကတော့ တကယ့်ကို မျက်နှာသာပေးမှု တစ်ခုပင်။

"သွားကြစို့"

"ဟိုရောက်ရင် စာရေးဖို့ မမေ့နဲ့ဦးနော်"

သူ ထွက်ခွာတော့မည်ကို မြင်သောအခါ ချင်းရှောင်းကောက အမြန် သတိပေးလိုက်ပြီးနောက် မျက်နှာလေး နီမြန်းသွားသည်။ သူမ အခုလို တိုက်ရိုက်ကြီး ပြောလိုက်ရသဖြင့် အနည်းငယ် ရှက်သွားခြင်း ဖြစ်သည်။

"သေချာပေါက်ပေါ့!"

ကျန်းတန်းဟယ်က သူမကို ကြည့်ကာ ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူသည် မြင်းကို စီးထွက်သွားတော့သည်။

ချင်းရှောင်းကောသည် သူ့အပေါ် ပို၍ ပို၍ မှီခိုလာသည်။ ၎င်းမှာ သူ့အတွက်တော့ သတင်းကောင်းပင်။

—-

အချိန်တွေက ကုန်ဆုံးသွားခဲ့သည်။

ကျန်းတန်းဟယ် ထွက်သွားပြီးကတည်းက ချင်းရှောင်းကောသည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် ယွီလင်းနှင့် ရှောင်းကျူးတို့ ရှိနေသဖြင့် သူမ၏ ဘဝမှာ ယခင်ကထက် ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ဆိုရပေမည်။

သူမ၏ နေ့စဉ် အလုပ်များမှာ မြက်ရိတ်ခြင်း၊ အဝတ်အထည်များ ချုပ်လုပ်ခြင်းနှင့် အမျိုးသမီးယန်နှင့် စကားစမြည် ပြောဆိုခြင်းတို့ ဖြစ်သည်။ တစ်ရက်ခြားတစ်ခါ သူမသည် မြို့နယ်သို့ သွားကာ ပြုပြင်မွမ်းမံမှု အခြေအနေများကို စစ်ဆေးပြီး ရူယီတို့နှင့် ကစားတတ်သည်။ သူမ၏ နေ့ရက်များမှာ စနစ်တကျ ရှိပြီး ပျော်ရွှင်စရာ ကောင်းလှသည်။

မသိမသာနှင့်ပင် သတိမထားမိလိုက်သော ဆောင်းဦးရာသီမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ တစ်ညတည်းနှင့်ပင် အပူချိန်မှာ ရုတ်တရက် ထိုးဆင်းသွားပြီး မည်သူမျှ သတိမထားမိခင်မှာပင် အရိုးထဲထိ စိမ့်ဝင်စေမည့် လေအေးများ အပြင်ဘက်တွင် စတင်တိုက်ခတ်လာတော့သည်။

ချင်းရှောင်းကောသည် အအေးဒဏ်ကြောင့် ရုတ်တရက် နိုးလာခဲ့သည်။

သူမသည် အေးစက်နေသော စောင်ထဲတွင် တုန်တုန်ရီရီဖြင့် တစ်ညလုံး ဟိုလှည့်ဒီလှည့် ဖြစ်နေကာ တစ်ဝက်နိုး တစ်ဝက်အိပ် အခြေအနေတွင် ရှိနေသည်။ စောစောအိပ်ရာဝင်ခဲ့သော်လည်း နိုးလာသည့်အချိန်တွင် ခေါင်းတွေ နောက်နေပြီး ပင်ပန်းနေဆဲ ဖြစ်သည်။

မျက်လုံးမဖွင့်ခင်မှာပင် ချင်းရှောင်းကော၏ နားများက အရင်ဆုံး နိုးကြားနေသည်။ သန်းဝေနေစဉ်မှာပင် သူမ၏ အခန်းအပြင်ဘက်မှ စကားပြောသံများကို ခပ်သဲ့သဲ့ ကြားနေရသည်။

ချင်းရှောင်းကောသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကာ ထိုင်လိုက်ပြီး စကားပြောသံများကို သေချာ နားစွင့်နေလိုက်သည်။

"ရာသီဥတုက အရမ်း ထူးဆန်းတာပဲ"

"ဟုတ်ပ။ နှာရည်တွေ၊ မျက်ရည်တွေ ထွက်လာတဲ့အထိ အေးတာပဲ"

"မနေ့ညက ကျွန်းပေါ်က မြေအောက်ခန်းထဲ ပြုတ်ကျသွားတယ်လို့တောင် ထင်မိတယ်"

"ငါတို့ ရေအိုးထဲမှာတောင် ရေခဲလွှာပါးပါးလေး တင်နေပြီ။ ဒီရာသီဥတုကြီးက တကယ် ကြောက်စရာကောင်းတယ်"

"အင်္ကျီတွေ ပိုဝတ်ကြရင် ကောင်းမလား? ငါတို့ ခံစားနေရတာက... ဟတ်ချိုး..."

"ငါလည်း အဲဒီလိုပဲ ထင်တယ်။ အင်္ကျီနောက်တစ်ထပ် ထပ်မဝတ်ရင်တော့ အအေးမိတော့မှာပဲ"

ရှောင်ကျူးနှင့် ယွီလင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှာချေနေကြသည်။ စောစောက သူတို့ပြောခဲ့သည့်အတိုင်း တကယ် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ချင်းရှောင်းကောသည် ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားများ ဝတ်လိုက်ပြီ ဖြစ်သည်။ ပြတင်းပေါက် အက်ကွဲကြောင်းများမှ တိုက်ခတ်လာသော လေအေးများကပင် တစ်ကိုယ်လုံးကို တုန်ရီစေသည်ဖြစ်ရာ အပြင်သို့ ထွက်ရမည်ဆိုလျှင် မည်မျှအေးမည်ကို မတွေးရဲပေ။ တွေးကြည့်ရုံနှင့်ပင် သူမ အေးလာမိသည်။

"အစ်မရှောင်းကော"

"အင်း၊ မြန်မြန် ဝင်လာပြီး အင်္ကျီတွေ ထပ်ဝတ်ကြဦး"

ယွီလင်းသည် ချင်းရှောင်းကော၏ အခန်းတံခါးရှေ့တွင် ရပ်နေပြီး သူမ၏ ပိန်ပါးသော ကိုယ်လုံးလေးကို ချက်ချင်း သတိထားမိသွားသည်။ သူမက "အစ်မရှောင်းကောလည်း အင်္ကျီတွေ ပိုဝတ်ဦးနော်။ အပြင်မှာ ထင်တာထက် အများကြီး ပိုအေးတယ်" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ကျူးက လှည့်ကြည့်ကာ "အပြင်က အအေးဒဏ်က အရိုးတွေ ကိုက်လာတဲ့အထိ ပြင်းထန်တယ်လို့ ပြောရင် ပိုမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ပြောရင်းနှင့် သူမသည် သူမပြောသည့် စကားကို အလေးအနက် ဖြစ်စေရန် တစ်ကိုယ်လုံး တုန်ပြလိုက်သည်။

ချင်းရှောင်းကောမှာ သူတို့၏ အမူအရာကြောင့် ရယ်မိသွားသည်။ "မင်းတို့နှစ်ယောက် အခန်းထဲ ပြန်သွားပြီး နွေးနွေးထွေးထွေး ဝတ်ကြဦး။ အစ်မ မနက်စာ သွားချက်လိုက်ဦးမယ်။ ပြီးရင် တို့တွေ ဆောင်းရာသီအတွက် ပြင်ဆင်ရမယ်" ဟု ပြောလိုက်သည်။

ရှောင်ကျူးနှင့် ယွီလင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူမ ဘာကို ဆိုလိုသလဲဆိုသည်ကို နားမလည်ကြပေ။ ဆောင်းရာသီအတွက် ဘာတွေ ပြင်ဆင်စရာ ရှိလို့လဲ?

သို့သော်လည်း သူတို့သည် သူမ စကားကို နားထောင်ကာ အင်္ကျီဝတ်ရန် အိမ်ထဲသို့ ပြေးဝင်သွားကြသည်။ အစ်မရှောင်းကာကို ဒုက္ခမပေးမိစေရန် သူတို့ နေမကောင်းမဖြစ်ဖို့ လိုအပ်သည်။

ချင်းရှောင်းကောသည် တံခါးကို ဖွင့်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်စဉ်မှာပင် လေအေးကြီးကြောင့် အိမ်ထဲသို့ ပြန်လွင့်ဝင်လာခဲ့သည်။

မရဘူး၊ သူမ အင်္ကျီတွေ ထပ်ဝတ်ရမည်။ အေးလွန်းနေသည်။

အိမ်ထဲပြန်ဝင်ကာ အပေါ်အင်္ကျီ ထပ်ဝတ်ပြီးနောက် သူမ သတ္တိမွေးကာ တံခါးကို ဖွင့်လိုက်သည်။ မျက်နှာကို ရိုက်ခတ်လာသော လေအေးကို အံတုရင်း မီးဖိုချောင်ဆီသို့ အမြန် ပြေးသွားခဲ့သည်။

မီးဖိုချောင်ထဲ ရောက်သွားသည်နှင့် အပူချိန်မှာ ချက်ချင်း ပြောင်းလဲသွားသည်။

ရှောင်ကျူးနှင့် ယွီလင်းတို့သည် ဆန်ပြုတ်ချက်ရန် စောစောနိုးခဲ့ကြသဖြင့် မီးဖိုထဲက မီးရှိန်တင်မကဘဲ ဆန်ပြုတ်အိုးမှ တက်လာသော အခိုးအငွေ့များကြောင့် မီးဖိုချောင်တစ်ခုလုံးမှာ အပြင်ဘက်ထက် အများကြီး ပို၍ နွေးထွေးနေတော့သည်။

မကြာမီမှာပင် ရှောင်ကျူးနှင့် ယွီလင်းတို့ မီးဖိုချောင်သို့ ရောက်လာကြသည်။

ထိုမိန်းကလေးငယ် နှစ်ယောက်တွင် ဆောင်းတွင်းဝတ် အင်္ကျီအထူများ မရှိကြသဖြင့် အင်္ကျီအပါး အထပ်ထပ်ကို ဝတ်ထားကြရာ ကြည့်ရသည်မှာ လုံးလုံးလေး ဖြစ်နေကြသည်။ အထပ်ထပ် ဝတ်ထားသဖြင့် ငုံ့ရ၊ ထိုင်ရသည်မှာလည်း ခက်ခဲနေပုံရသည်။ မီးဖိုချောင်ထဲက အပူကြောင့် နွေးလာသောအခါ နောက်ဆုံးတွင် ချွေးများပင် ထွက်လာတော့သည်။ ထို့ကြောင့် ခက်ခက်ခဲခဲ ဝတ်ထားရသော အင်္ကျီများကို ပြန်ချွတ်လိုက်ရတော့သည်။

"အစ်မ ပြီးခဲ့တဲ့ အချိန်တုန်းက မင်းတို့အတွက် ဆောင်းတွင်းဝတ် အင်္ကျီနှစ်စုံ ချုပ်ပေးထားတယ်၊ ပေးဖို့ အချိန်မရသေးလို့။ မနက်စာ စားပြီးရင် အဲဒါတွေ သွားဝတ်ကြနော်"

ချင်းရှောင်းကောက သူတို့ကို ရယ်မောပြီးနောက် စားပွဲပေါ် ဟင်းများတင်ကာ ဆောင်းတွင်းဝတ် အင်္ကျီများအကြောင်း ပြောပြလိုက်သည်။

ရှောင်ကျူးနှင့် ယွီလင်းတို့သည် ခေါင်းကို အပြင်းအထန် ငြိမ့်ပြကာ ပျော်ရွှင်စွာဖြင့် "ဟုတ်ကဲ့!!" ဟု ပြန်ဖြေကြသည်။

ထို့နောက် သူတို့သည် ချွတ်ထားသော အင်္ကျီများကို ဘေးဖယ်ထားကာ ချင်းရှောင်းကောနှင့်အတူ ထမင်းစားပွဲ ပြင်ဆင်ကြသည်။

မနက်စာ စားပြီးနောက် သုံးယောက်စလုံး ပို၍ နွေးလာခဲ့သည်။ ချင်းရှောင်းကောသည် ရှောင်းကျူးနှင့် ယွီလင်းတို့ကို ထမင်းစားပွဲ သိမ်းခိုင်းထားခဲ့ပြီး သူမကတော့ ပြီးခဲ့သည့် နွေဦးရာသီက သိမ်းထားခဲ့သော ပြတင်းပေါက်နှင့် တံခါးကာလိုက်ကာ များကို သွားရှာတော့သည်။

လိုက်ကာများကို မသိမ်းခင်ကတည်းက လျှော်ဖွပ်ထားသဖြင့် ဖြန့်လိုက်သောအခါ မွှေးရနံ့သင်းသင်းလေးကို ရနေဆဲ ဖြစ်သည်။

ရှောင်ကျူးနှင့် ယွီလင်းတို့၏ အကူအညီဖြင့် လိုက်ကာများကို အမြန် ချိတ်ဆွဲလိုက်ကြရာ စိတ်ကြောင့်ပဲလားတော့ မသိ၊ အခန်းတွင်း အပူချိန်မှာ အမှန်တကယ်ပင် တိုးလာသည်ဟု ခံစားရသည်။

သေချာတာပေါ့၊ တိရစ္ဆာန်လေးတွေလည်း ဆောင်းတွင်းဝတ် အင်္ကျီတွေ ဝတ်ရမည်။ သူတို့ကတော့ မနှစ်က အင်္ကျီတွေကိုပဲ ပြန်ဝတ်ရမှာပါ။ ကံကောင်းတာက ချင်းရှောင်းကောသည် အင်္ကျီများကို အပွကြီးများ ချုပ်ထားခဲ့သဖြင့်သာ မဟုတ်လျှင် ယခုနှစ်တွင် သူတို့ ဆံ့မှာ မဟုတ်ပေ။

ရှောင်ကျူးနှင့် ယွီလင်းတို့သည် တိရစ္ဆာန်များအား အင်္ကျီဝတ်ပေးသည်ကို တစ်ခါမှ မမြင်ဖူးသဖြင့် အတော်ပင် စိတ်ဝင်စားနေကြသည်။

သူတို့ ဝဝလင်လင် ကြည့်ပြီးနောက် နောက်ဆုံးတွင် ဝိုင်းကူကာ တိရစ္ဆာန်လေးတွေကို အင်္ကျီဝတ်ပေးကြသည်။

"အစ်မရှောင်းကော... နှင်းတွေ ကျတော့မှာလား?"

ယွီလင်းက ခွေးကလေးကို အင်္ကျီဝတ်ပေးရင်း စပ်စုမိသည်။

"မကျလောက်သေးပါဘူး။ အေးတာတော့ အေးတယ်၊ ဒါပေမဲ့ နှင်းကျဖို့တော့ အချိန်လိုသေးတယ်"

ချင်းရှောင်းကောသည် ယနေ့ ရာသီဥတု ဤမျှအထိ အေးလိမ့်မည်ဟု မထင်ခဲ့ပေ။ မနေ့ကမှ နွေရာသီ အင်္ကျီအပါးလေးတွေ ဝတ်နေခဲ့ရာမှ ယနေ့တွင်တော့ ဆောင်းတွင်းဝတ် အင်္ကျီအထူကြီးများကို ရုတ်တရက် ဝတ်လိုက်ရသည်။

"ဒီနှစ် အပူချိန်က နည်းနည်း ထူးဆန်းနေသလိုပဲ"

ရှောင်ကျူးက တိရစ္ဆာန်တင်းကုပ်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက "အစ်မရှောင်းကော... သူတို့အတွက် ကောက်ရိုးတွေ ခင်းပေးရမလား?" ဟု မေးလိုက်သည်။

"အင်း... ခင်းပေးရမယ်။ ခဏနေရင် လုပ်ကြမယ်လေ။ အစ်မ အရင်ဆုံး ခရိုင်ကို သွားပြီး ကျွမ်းကျွမ်းအတွက် ဆောင်းတွင်းဝတ် အင်္ကျီတွေ သွားပို့ပေးလိုက်ဦးမယ်။ သူ့မှာ အင်္ကျီအထူတွေ ပါသွားပုံမရဘူး။ အပူချိန်က မြန်မြန်ကြီး ကျသွားတာပဲ"

"အစ်မရှောင်းကော... စိတ်မပူပါနဲ့။ ကျွမ်းကျွမ်းဆီ အင်္ကျီသွားပို့လိုက်ပါ။ ကောက်ရိုးခင်းတဲ့ အလုပ်ကို ညီမတို့ လုပ်လိုက်မယ်"

ယွီလင်းက ရယ်မောကာ သူမ၏ ရင်ဘတ်ကို ယုံကြည်မှုအပြည့်ဖြင့် ပုတ်ပြလိုက်သည်။

ရှောင်ကျူးကလည်း ယွီလင်း၏ အကြံပြုချက်ကို သဘောတူကာ ခေါင်းငြိမ့်ပြသည်။

သူတို့နှစ်ယောက် လုပ်နိုင်ပါတယ်!

ချင်းရှောင်းကောသည် လုပ်လက်စကို ရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ ထို့နောက် နံရံတွင် အမြင့်ကြီး စုပုံထားသော ကောက်ရိုးပုံကြီးကို လှည့်ကြည့်လိုက်သည်။

ခဏအကြာတွင် သူမ သဘောတူကာ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ၊ ဒါပေမဲ့ သတိတော့ ထားကြနော်"

သူမ ပြောပြီးသည်နှင့် မိန်းကလေးနှစ်ယောက်မှာ ပျော်ရွှင်စွာ ရယ်မောကြသည်။ သူတို့က သူမကို အထပ်ထပ် ခေါင်းငြိမ့်ပြကာ အလုပ်ကို သေချာလုပ်မည်ဟု ကတိပေးကြသည်။

ချင်းရှောင်းကောသည် ပြုံးကာ ခေါင်းငြိမ့်ပြပြီး မြည်းလေးကို အင်္ကျီ ဆက်ဝတ်ပေးနေလိုက်သည်။

သို့သော် သူမ၏ အကြည့်မှာ စိတ်ပူနေဟန် ပေါ်နေသည်။ အမှန်စင်စစ်တွင် ကျွမ်းကျွမ်းထံ အင်္ကျီသွားပို့ခြင်းအပြင် သူမ လုပ်ဆောင်ရမည့် အခြား အရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။

ကျန်းတန်းဟယ် ထွက်သွားကတည်းက သူ ဘေးကင်းစွာ ရောက်ရှိကြောင်း အကြောင်းကြားသည့် စာတစ်စောင်မှလွဲ၍ တခြားစာများကို သူမ မရရှိခဲ့ပေ။

သူမသည် စိတ်မထင်တာတွေကို မတွေးချင်သော်လည်း စိတ်ပူမိသည်မှာတော့ အမှန်ပင်။

ကျန်းတန်းဟယ်နှင့် စတင်တွေ့ဆုံခဲ့သည့် နေ့မှစ၍ သူတို့နှစ်ဦးကြားတွင် ဤမျှကြာအောင် အဆက်အသွယ် မပြတ်ဖူးပေ။ ယခုတစ်ခေါက်မှာ အချိန်ကာလမှာ အလွန်ကြာမြင့်နေသဖြင့် သူမ စတင် စိုးရိမ်လာမိသည်။

ဤကာလအတွင်း သူမ သူ့ထံ စာအချို့ ရေးခဲ့သော်လည်း ယနေ့အထိ ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။

သို့သော်လည်း သူမသည် ကျန်းတန်းဟယ် သူမအပေါ် သစ္စာမရှိမှာကို စိုးရိမ်ခြင်း မဟုတ်ဘဲ သူ၏ ဘေးကင်းလုံခြုံမှုကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။

စာပို့စခန်းများတွင် မြို့တော်မှ လာသောသူများနှင့် မြို့တော်သို့ သွားသောသူများ အမြဲ ရှိတတ်သဖြင့် သူမသည် မြို့တော်၏ သတင်းများကို စုံစမ်းရန် ယခုတစ်ခေါက်တွင် သွားရောက် မေးမြန်းကြည့်ချင်နေခြင်း ဖြစ်သည်။

All Chapters