← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

"ကျန်းနျန်" သူက အသံတိုးတိုးနှင့် အလောတကြီး ပြောလိုက်သည်။ "ကိုယ် ထပ်ပြီး မစောင့်နိုင်တော့ဘူး။ မကြာခင် လက်ထပ်ချင်ပြီ။"

ကျန်းနျန်၏ နားရွက်တွေ ပူထူးသွားပြီး နှုတ်ခမ်းတွေ တဖျတ်ဖျတ် တုန်နေသဖြင့် ပြန်မဖြေနိုင်ဘဲ နှုတ်ခမ်းကို စေ့ထားလိုက်သည်။ သူမက လုယွီ၏ လည်ပင်းနားမှာ မျက်နှာဝှက်ထားပြီး လေဝအောင် ပြန်ရှူနေရသည်။

တံတားက ထွက်လာတော့ ကျန်းနျန်၏ မျက်နှာ နီမြန်းနေတာတွေ ပျောက်သွားပြီဖြစ်သည်။ သူမ လုယွီ၏ ဆွယ်တာပါးပါးလေးကို ကြည့်ပြီး မေးလိုက်သည်။ "ရှင် မအေးဘူးလား။"

လုယွီ ပြန်ဖြေလိုက်သည်။ "မအေးပါဘူး။"

သို့သော် ကျန်းနျန်ကတော့ သူ့ကို ကြည့်ပြီး အေးနေမိသည်။ နွေဦး ရောက်နေပြီဆိုသော်လည်း ညဘက်တွင် အပူချိန်က သိသိသာသာ ကျဆင်းနေသည်။ သူတို့ ဆုပ်ကိုင်ထားသော လက်ဖဝါးတွေမှာ ချွေးစိုနေသည်။ လုယွီက သူမကို အနီရောင်ကြယ်ဟိုတယ်မှာ ညစာကျွေးပြီးနောက် အိပ်ဆောင်အထိ လိုက်ပို့ပေးခဲ့သည်။ အိပ်ဆောင်အပေါက်ဝတွင် သူက သူမဆံပင်ကို ဖွလိုက်ပြီး သူ၏ ကုတ်အင်္ကျီကို ပြန်ယူလိုက်သည်။ "မင်း အထဲဝင်သွားတာကို ကိုယ် ကြည့်နေမယ်။"

ကျန်းနျန် ပြုံးလိုက်မိသည်။ "ကောင်းပါပြီ။"

သူမ လှေကားဆီသို့ ပြေးသွားပြီးမှ လှည့်ကြည့်လိုက်တော့ လုယွီက အပြင်မှာ ရပ်နေတုန်းပင်။ သူမ တွန့်ဆုတ်နေပြီးမှ ပြန်ပြေးသွားကာ တိုးတိုးလေး ပြောလိုက်သည်။ "ခေါင်းငုံ့လိုက်ဦး၊ တစ်ခုခု ပြောချင်လို့။"

လုယွီက မျက်ခုံးပင့်လိုက်ပြီး ငုံ့ပေးလိုက်ရာ ကျန်းနျန်၏ နှုတ်ခမ်းလေးက သူ၏ ပါးကို ခပ်ဖွဖွ ထိသွားပြီးနောက် သူမက ပြေးထွက်သွားတော့သည်။

လုယွီက တဟက်ဟက် ရယ်လိုက်ပြီး သူ၏ မျက်ဝန်းတွေက ချစ်ခင်ကြင်နာမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ကျန်းနျန် အိပ်ဆောင်ထဲ ပြန်ဝင်လာပြီး တံခါးခေါက်လိုက်သည်။အထဲမှ ရှု့ရွှယ်၏ အသံ ထွက်လာခဲ့သည်။ "ဘယ်သူလဲ။"

"ကျွန်မပါ၊ ကျန်းနျန်။"

တံခါးက ချက်ချင်း ပွင့်လာခဲ့သည်။ ရှု့ရွှယ်နှင့် စုနတို့က ကျန်းနျန်၏ နီမြန်းနေသော မျက်နှာနှင့် အနည်းငယ် ရောင်နေသော နှုတ်ခမ်းတွေကို တွေ့တော့ သူမက အထူးတလည် ပိုလှနေသည်ဟု မြင်ကြသည်။

စုနတွင် အလားတူ အတွေ့အကြုံမျိုး ရှိဖူးသဖြင့် ဘာဖြစ်ခဲ့လဲဆိုတာ ချက်ချင်း သိသွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

ကျန်းနျန် ရှက်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ ရှု့ရွှယ်က မေးလိုက်သည်။ "ဒီနေ့ နေ့လယ် ဘာသွားလုပ်လဲ။"

"ရုပ်ရှင်သွားကြည့်တယ်" ကျန်းနျန် ဖြေလိုက်သည်။

ရှု့ရွှယ်က စိတ်လှုပ်ရှားသွားသည်။ "နင့်ချစ်သူက ဘယ်စစ်ဒေသက တပ်ရင်းမှူးလဲ။ ငါတို့မြို့က စစ်ဒေသကလား။"

မြို့က ကြီးမားပြီး ပြည်နယ်တစ်ခုလည်း ဖြစ်သည်။ အကယ်၍ သူက အဲ့ဒီက တပ်ရင်းမှူးဆိုလျှင် အတော်လေး အရှိန်အဝါ ကြီးမားသည်။ ပန်းထိုးဆရာမ ဖြစ်သော်လည်း ရှု့ရွှယ်၏ အဘိုးအဘွားများမှာ ထင်ရှားသော သမိုင်းကြောင်း ရှိသူများဖြစ်သဖြင့် သူမက ၎င်း၏ အရေးပါမှုကို နားလည်သည်။ ကျန်းနျန်၏ ချစ်သူသာ တပ်ရင်းမှူးဆိုလျှင် သူ၏ အနာဂတ်က အလွန်တောက်ပနေသည်။

စုနကလည်း ကျန်းနျန်ကို စပ်စုချင်သော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

ကျန်းနျန်က ခဏတွန့်ဆုတ်ပြီးမှ ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်။"

ရှု့ရွှယ်က ကျန်းနျန်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေခဲ့သည်။ "ဘယ်တော့ လက်ထပ်မှာလဲ။ အဲ့ဒီလို ယောက်ျားမျိုးကို မြဲမြဲဆုပ်ကိုင်ထားရမယ်။ သူ့ကို လက်လွှတ်မခံနဲ့နော်။"

ကျန်းနျန် - …

သူမက သူမ၏ ကြွေဇလုံကို ယူပြီး အလျင်အမြန် ထွက်လာခဲ့သည်။ "မျက်နှာသွားသစ်တော့မယ်။"

မျက်နှာသစ်ခန်းထဲတွင် သူမ ယွီရှကို တွေ့လိုက်ရပေမယ့် ယွီရှက မျက်နှာလွှဲသွားပြီး ဘာမှမပြောဘဲ အမြန်ထွက်သွားခဲ့သည်။ ယွီရှက ကျိုက်ဖေးဖေးနှင့် အသက်တူတူဖြစ်ပြီး ကျန်းနျန်ထက်ကြီးသော ကလေးတွေ ရှိနိုင်သည်။ ဒီနေ့ သူမ အရှက်ရခဲ့သဖြင့် အထိမခံ ဖြစ်နေသည်။

ယွီရှက သူမကို ဂရုမစိုက်သော်လည်း ကျန်းနျန်က နှုတ်ဆက်လိုက်သည်။ "အစ်မယွီ၊ မျက်နှာသစ်လို့ ပြီးပြီလား။"

ယွီရှ - …

"အင်း" သူမ ပြန်ဖြေကာ ခေါင်းငုံ့ပြီး အမြန်ထွက်သွားသည်။ အိပ်ဆောင်ပြန်ရောက်တော့ တံခါးပိတ်လိုက်သည်။ ကုတင်ပေါ်မှာ ရှိနေနှင့်သော တုန်းရှု့က ယွီရှ၏ ရှက်ကိုးရှက်ကန်း မျက်နှာကို မြင်ပြီး မေးလိုက်သည်။ "အစ်မယွီ၊ ဘာဖြစ်လို့လဲ။"

ယွီရှ ခေါင်းခါလိုက်သည်။ "မျက်နှာသစ်ရင်း နည်းနည်း ချော်လဲမလို့ ဖြစ်သွားလို့။"

တုန်းရှု့က သတိပေးခဲ့သည်။ "သတိထားဦး။ ကျွန်မတို့က မငယ်တော့တာမို့ တစ်ခုခုထိခိုက်ရင် မလွယ်ဘူး။"

ယွီရှက သူမဇလုံကို ကုတင်အောက် ထည့်လိုက်ပြီး စောင်ထဲ ဝင်လိုက်သည်။ ကျန်းနျန်၏ ချစ်သူအကြောင်း တွေးမိတော့ သူမ အစောပိုင်းက လုပ်ရပ်အတွက် ရှက်မိသွားခဲ့သည်။ သူမ တုန်းရှု့ကို မေးလိုက်သည်။ "ကျန်းနျန်ရဲ့ ချစ်သူကို နင် ဘယ်လိုထင်လဲ။"

တုန်းရှု့က နှာခေါင်းရှုံ့ခဲ့သည်။ "သူတို့က တွဲနေရုံပဲ။ ဘယ်လောက်ကြာဦးမှာမို့လို့လဲ။ အဲ့ဒီ တပ်ရင်းမှူးလုက ချောပြီး ရာထူးကြီးပေမယ့် ကျန်းနျန်နဲ့ စမ်းတွဲကြည့်တာလည်း ဖြစ်နိုင်တာပဲ။ သူတို့က မကိုက်ညီရင် ပြတ်သွားမှာပဲ။ ကျန်းနျန်ရဲ့ ခပ်ဆိုးဆိုး အကျင့်ကို ဘယ်သူက ခံနိုင်မှာလဲ။"

တုန်းရှု့၏ စကားကို ကြားရတော့ ယွီရှ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူမသည် သူမ၏ သမီးအကြောင်း တွေးမိသွားသည်။ နောက်ဆုံးတော့ သူမသမီးက မြို့ကလူတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့သော်လည်း ထိုကောင်လေး၏ မိသားစုမှာ အကျင့်စာရိတ္တ ပြဿနာရှိသဖြင့် မိသားစုတစ်ခုလုံး နယ်ဘက်ကို အလုပ်ကြမ်းလုပ်ဖို့ ပို့ခံလိုက်ရသည်။ အခုဆို တစ်နှစ်မှာ တစ်ခါတောင် မတွေ့ရဘဲ စာနဲ့ပဲ ဆက်သွယ်နေရသည်။

သူမ၏ သားနှစ်ယောက်ကတော့ နယ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နေကြသော်လည်း သူမသမီးကတော့ သူမကို အတော်လေး စိတ်ပူစေသည်။ သူမသမီး ဟိုမှာ အနှိမ်ခံရမှာ စိုးသဖြင့် လစဉ် တစ်ခုခု ဝယ်ပြီး ပါဆယ်ပို့ပေးနေရသည်။ ၎င်းကို သူမ၏ ချွေးမနှစ်ယောက်ကို မပြောရဲပေ၊ သိသွားလျှင် ပြဿနာရှာမှာ စိုးရိမ်ရသည်။

သူမသမီး၏ အခြေအနေနှင့် ကျန်းနျန်ကို ယှဉ်ကြည့်ရင်း ယွီရှ စိတ်မကောင်းဖြစ်မိသည်။

သူမက တုန်းရှု့ကို မေးသည်။ "နင့်ကလေးရော ဘယ်လိုလဲ။"

တုန်းရှု့က တစ်ဝက်တစ်ပျက် အိပ်ပျော်နေရာမှ လန့်နိုးလာပြီး "အရင်အတိုင်းပါပဲ" ဟု ဖြေကာ ပြန်အိပ်သွားသည်။

အိပ်ဆောင်က တိတ်ဆိတ်နေခဲ့သည်။ ကျန်းနျန် ဇလုံနှင့် ပြန်လာတော့ ရှု့ရွှယ်နှင့် စုနတို့ စကားပြောနေတုန်းပင်။ သူတို့က သူမကို စကားထဲ ဆွဲသွင်းပြီးမှ အိပ်ကြသည်။ ကျန်းနျန်ကတော့ အိပ်မပျော်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့သည်။ သူမ စိတ်တွေ ရှုပ်ထွေးနေပြီး မျက်လုံးမှိတ်လိုက်တိုင်း လုယွီကိုပဲ မြင်နေရသည်။

ညသန်းခေါင်တွင် "ဒုန်း" ဆိုသော အသံအကျယ်ကြီးကြောင့် ရှု့ရွှယ်နှင့် စုနတို့ နိုးလာကြသည်။ ကျန်းနျန်က ကုတင်ပေါ်က ပြုတ်ကျသွားသဖြင့် သူမ ခေါင်းကို ပွတ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အင်္ကျီကို ခါပြီး ကုတင်ပေါ် ပြန်တက်သွားသည်။

စုန - …

ရှု့ရွှယ် - …

သူမ အိပ်ပျော်ရင်း လမ်းလျှောက်ပြီး ပြုတ်ကျတာလား။

နောက်တစ်နေ့ မနက်တွင် ရှု့ရွှယ်က ထိုဖြစ်ရပ်ကို မှတ်မိပြီး ကျန်းနျန်ကို မေးခဲ့သည်။ ကျန်းနျန်က ရှက်ရှက်နှင့် ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "သတိမထားမိဘဲ လိမ့်ကျသွားတာပါ။"

အိပ်ဆောင်တစ်ခုလုံး ရှု့ရွှယ်နှင့် စုန၏ ရယ်သံတွေနှင့် ပြည့်နှက်သွားခဲ့သည်။

ကျန်းနျန် - …

သူတို့ သုံးယောက် ကန်တင်းသို့ မနက်စာ သွားစားကြပြီး အစွန်နားက ဝိုင်းမှာ ထိုင်ကြသည်။

သူတို့ စကားပြောနေစဉ် ဘေးဝိုင်းက အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်၏ ဆူပူသံကို ကြားလိုက်ရသည်။ "ငြိမ်ငြိမ်စားစမ်း။ ဒါက အထည်စက်ရုံ၊ နင့်အိမ် မဟုတ်ဘူး။ စည်းစနစ်ရှိစမ်း။"

သူတို့က အနီးကပ် ရှိနေသဖြင့် ရှင်းရှင်းလင်းလင်း ကြားရသည်။ ကျန်းနျန် မော့ကြည့်လိုက်တော့ ကျားယွမ်နှင့် သူမ၏ ယောက္ခမတို့က သူတို့နှင့် မျက်စောင်းထိုးမှာ ထိုင်နေကြသည်။ ကျားယွမ်က ခေါင်းငုံ့ထားပြီး ထမင်းစားတူကို တင်းတင်း ဆုပ်ကိုင်ထားသဖြင့် သူမ၏ လက်ဆစ်တွေ ဖြူနေသည်။ သူမ ယောက္ခမက ရှေ့ကနေ ဗိုလ်ကျမည့် အမူအရာနှင့် ကြည့်နေသည်။ လူတွေသာ မရှိလျှင် သူမက ကျားယွမ်၏ နဖူးကို တူနှင့် ထိုးမိတော့မည်။

သူတို့နောက်တွင် ဖန်ရှန်းနှင့် သူမ၏ ခင်ပွန်းတို့က စကားတိုးတိုး ပြောကာ ပြုံးရယ်နေကြသည်မှာ ကျားယွမ်၏ အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

ကျန်းနျန်က မနေ့က ရုပ်ရှင်ရုံမှာ မြင်ခဲ့တာကို သတိရသွားသည်။ သူမ စုနကို တိုးတိုးလေး မေးလိုက်သည်။ "ကျားယွမ်ရဲ့ ခင်ပွန်း နာမည်က ဘယ်သူလဲ။"

"သူ့နာမည်က ထုန်ကန်း" စုနက ဖြေသည်။ "သူက အထည်စက်ရုံ ပထမအုပ်စုရဲ့ အဖွဲ့ခေါင်းဆောင်ပဲ။"

ကျားယွမ်နှင့် သူ့ယောက္ခမ ထွက်သွားပြီးနောက် စုနက တိုးတိုးလေး ပြောခဲ့သည်။ "အဲ့ဒီမိသားစုက လူရှေ့မှာတော့ အရမ်းချစ်ပြကြတာ။ ယောက္ခမက ချွေးမကို ကာကွယ်ပေးသလိုလို၊ ခင်ပွန်းက ဇနီးကို အလိုလိုက်သလိုလိုနဲ့။ လူအများကြီးက ကျားယွမ် ယောက်ျားကောင်း ရတယ်လို့ ပြောကြပေမယ့် အဲ့ဒါ မဟုတ်ဘူး။ ငါ သူ့ယောက္ခမက သူ့ကို ခေါင်းမဖော်နိုင်အောင် ဆူနေတာ တွေ့ဖူးတယ်။ အဲ့ဒီကြားထဲ ကျားယွမ်က ငါတို့ကို အိမ်မှာ သူ ဘယ်လောက် ကောင်းကောင်းနေရလဲဆိုတာ ကြွားနေတုန်းပဲ။"

ကျန်းနျန်က ဘာမှ ပြန်မပြောဘဲ မနက်စာစားပြီး ပန်းထိုးဆိုင်သို့ သွားလိုက်သည်။

သူမ မနေ့က နေ့တစ်ဝက် ခွင့်ယူခဲ့သော်လည်း ပန်းထိုးအလုပ်တွေမှာတော့ နောက်ကျမကျန်ခဲ့ပေ။ သူမ အခန်းတံခါးကို ဖွင့်ဝင်သွားတော့ ယွီရှနှင့် တုန်းရှု့တို့ စကားတိုးတိုး ပြောနေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းနျန် ဝင်လာတော့ သူတို့က ဂရုမစိုက်ကြပေ။ မနေ့က ဖြစ်ရပ်ပြီးနောက် ယွီရှက ဟန်ဆောင်ပြီးတောင် မဆက်ဆံတော့ပေ။ ယွီရှက သူမ၏ သရုပ်မှန်ကို ပြလိုက်သဖြင့် ကျန်းနျန်ကလည်း ဟန်ဆောင်ပြီး အလိုက်အထိုက် ဆက်ဆံမနေတော့ပေ။

ကျန်းနျန်က ခုံပေါ်တွင် ထိုင်ပြီး သူမ၏ ပန်းထိုးကို ကြည့်လိုက်ရာ သုံးပုံတစ်ပုံပဲ ပြီးသေးသည်။ မြန်မြန်လုပ်လျှင် ရက် ၂၀ လောက်အတွင်း ပြီးနိုင်သည်။

ရှု့ရွှယ် - "ကျန်းနျန်၊ နင်က အရမ်းမြန်တာပဲ။"

ဖန်ရှန်းက အနားကို လျှောက်လာရင်း ရှု့ရွှယ်၏ စကားကို ကြားသဖြင့် ကျန်းနျန်၏ အလုပ်ကို လှမ်းကြည့်လိုက်သည်။ သူမ အံ့ဩသွားသည်။ ကျန်းနျန်၏ ပန်းထိုး လက်ရာမှာ အပ်ချက်ရော နည်းစနစ်ပါ အပြစ်ပြောစရာ မရှိပေ။ ဒီဇိုင်းက အနည်းငယ် အားနည်းချက် ရှိသည်များကိုတောင် သူမက အပ်ချက်နှင့် လှလှပပ ဖုံးအုပ်ပေးထားသည်။

ဖန်ရှန်းက ကျန်းနျန်၏ လက်ရာက တုန်းရှု့ထက်တောင် သာနိုင်သည်ဟု တွေးမိသော်လည်း ဒါကို ထုတ်မပြောပေ။ တုန်းရှု့က ကျန်းနျန်ကို မကြိုက်နေသဖြင့် ကျန်းနျန်ကို ချီးကျူးလိုက်လျှင် သူမလည်း အပယ်ခံရမှာ စိုးသည်။ ဖန်ရှန်းသည် အေးအေးဆေးဆေး ပန်းထိုးပြီး ပြဿနာတွေထဲ မပါချင်ပေ။

ကျန်းနျန် ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်။"

ရှေ့မှာ ထိုင်နေသော တုန်းရှု့က နှာခေါင်းရှုံ့ခဲ့သည်။ "မြန်နေတော့ရော ဘာထူးမှာလဲ။ အသေးစိတ်ကို ဂရုမစိုက်ရင် ဘယ်လောက်ပဲ မြန်မြန် စစ်လိုက်ရင် ကျရှုံးမှာပဲ။"

တုန်းရှ့ုနှင့် ယွီရှတို့က ကျန်းနျန်၏ အလုပ်ကို ကြည့်တောင် မကြည့်ကြပေ။ သူတို့အတွက်တော့ ကျန်းနျန်လို မိန်းကလေးငယ်လေးက တကယ်တော်တဲ့ ပညာ မရှိနိုင်ဘဲ အပေါ်ယံ အလှပဲ ရှိမည်ဟု ထင်နေကြသည်။

ရှု့ရွှယ်က စိတ်တိုပြီး ပြန်ပြောချင်သော်လည်း ဘာပြောရမှန်း မသိပေ။ ကျန်းနျန်က ရှု့ရွှယ်ကို ကြည့်ပြီး ခေါင်းခါပြကာ ပါးစပ်လှုပ်ရုံ ပြောလိုက်သည်။ "ရပါတယ်။"

ကျားယွမ်က နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာပြီး ကောမိန်နှင့် တိုးသော်လည်း ကောမိန်က သတိပေးရုံပဲ လုပ်လိုက်သည်။ ကောမိန်က ပန်းထိုးတွေနှင့် အပ်ချည်တွေကို စစ်ဆေးပြီး နေ့လယ်ပိုင်းတွင် အထက်လူကြီးတွေ အပါအဝင် ဧည့်သည်တွေ လာမည်ဟု ပြောခဲ့သည်။ မြို့တော်အတွင်းရေးမှူးက နောက်ရက်အနည်းငယ်အတွင်း ဆိုင်နှင့် စက်ရုံကို လာစစ်မည်ဖြစ်သဖြင့် အမှားအယွင်း မရှိစေရန် သတိပေးခဲ့သည်။

ကျားယွမ်က တစ်နေ့လုံး စိတ်လေနေပြီး တုန်းရှု့နှင့် ဖန်ရှန်းတို့ စကားပြောတာကိုတောင် ပြန်မဖြေပေ။

ကျားယွမ် တစ်ယောက် သူမခင်ပွန်း ဖောက်ပြန်တာကို သိသွားပြီလားဟု ကျန်းနျန် တွေးမိသည်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျားယွမ်အတွက် ခက်ခဲခဲ့ပြီး ကောမိန်က သူမကို ထပ်မံ ဆူပူခဲ့သဖြင့် စကားများကြသည်။ ကောမိန်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။ "မြို့တော်အတွင်းရေးမှူးက သုံးရက်အတွင်း လာမယ်။ နင် ငါတို့ဆိုင်ကို အဝေဖန်ခံစေချင်တာလား၊ ဒါမှမဟုတ် အခုပဲ ထွက်သွားချင်တာလား။"

ကျားယွမ် ချက်ချင်း တိတ်သွားခဲ့သည်။

ကောမိန်က ဆက်ပြောခဲ့သည်။ "ငါတို့အားလုံး ဒီကို အလုပ်လုပ်ဖို့ လာကြတာ။ လူတိုင်းကို ကောင်းမွန်တဲ့ သဘောထားမျိုးပဲ ရှိစေချင်တယ်။ အတွင်းရေးမှူး လာတဲ့အချိန်ကျမှ ဘယ်သူမှ အပြစ်အပြောမခံချင်ကြဘူး မဟုတ်လား။"

ကောမိန် ပြောပြီးနောက် ကျားယွမ်၏ အမူအရာ ပြောင်းလဲသွားသည်။ ယွီရှနှင့် တုန်းရှု့တို့လည်း ငြိမ်သွားကြသည်။ ညစာစားချိန်တွင် ကျန်းနျန်က သူမ ပန်းထိုး ဆက်လုပ်နိုင်ရန်နှင့် ရှု့ရွှယ်ကို နည်းစနစ်အသစ် သင်ပေးနိုင်ရန် စုနကို ထမင်းသွားဝယ်ခိုင်းလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းနျန်က ရှု့ရွှယ်၏ စရိုက်မှာ ကျန်းရှောင်နှင့် ဆင်တူသည်ကို တွေ့ခဲ့ရသည်။

ကျန်းနျန်က ညနေမိုးချုပ်အထိ အလုပ်လုပ်သည်။ ရှု့ရွှယ်နှင့်အတူ ပြန်လာစဉ် ကျားယွမ်နှင့် တွေ့ရာ ကျားယွမ်က သူမကို နှာခေါင်းရှုံ့ပြီး ဖြတ်သွားခဲ့သည်။

ကျန်းနျန် - .....

ရှု့ရွှယ် - "သူ့ကို ဂရုမစိုက်နဲ့။"

ဒုတိယထပ်တွင် ဝူယိုရှန်က အိပ်ဆောင်အခန်းတစ်ခုထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဝူယိုရှန် - ???

ကျန်းနျန် - ???

ရန်သူတွေ လမ်းကျဉ်းကျဉ်းမှာ ဆုံကြတာလား။

ဝူယိုရှန်က ကျန်းနျန်ကို ဂရုမစိုက်ဘဲ တံခါးပိတ်ပြီး ထွက်သွားခဲ့သည်။ ကျန်းနျန်က စုနကို မေးလိုက်သည်။ "ဘေးခန်းက လူတွေ ပြောင်းသွားတာလား။"

သူမ အရင်က ထိုအခန်းတွင် အခြားဇနီးမောင်နှံတစ်တွဲ နေတာကို မှတ်မိနေသည်။

စုနက ရှင်းပြခဲ့သည်။ "သူတို့ ဒီနေ့ညပဲ ပြောင်းလာတာ။ အရင်လူတွေက ဘေးက အစားအသောက်စက်ရုံက ဆူညံသံတွေကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အိပ်မရလို့ဆိုပြီး အခန်းလဲဖို့ လျှောက်ထားလိုက်တာ။ အခုမှ ပစ္စည်းတွေ သယ်နေတုန်းပဲ။"

ကျန်းနျန် - …

၎င်းက စွင်းယင်ကို စိတ်ဆိုးစေမှာ သေချာသည်။

သို့သော် သူမကိစ္စ မဟုတ်ပေ။ သူမက သူမကိုယ်တိုင် အဆင်ပြေဖို့ပဲ ဂရုစိုက်သည်။

ကျန်းနျန်နှင့် ရှု့ရွှယ်တို့ မျက်နှာသစ်ခန်းသို့ သွားကြသည်။ မျက်နှာသစ်ပြီး သွားတိုက်ဖို့ ပြင်နေစဉ် တုန်းရှု့နှင့် ကျားယွမ်တို့ ဝင်လာခဲ့သည်။ ဘယ်သူမှ စကားမပြောကြပေ။ ကျန်းနျန် ထွက်သွားဖို့ ပြင်စဉ် ကျားယွမ်၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်။ "တပ်ရင်းမှူးတစ်ယောက်နဲ့ တွဲနေရုံနဲ့ သူကိုယ်သူ တစ်ခုခု ထင်နေတာ။ အဲ့ဒီလူက သူ့ကို ကစားနေတာလည်း ဖြစ်နိုင်တာပဲ။ သူမက ဘာမှ အရေးမပါပါဘူး။"

တုန်းရှု့က ယွီရှ ပြောခဲ့တာကို သတိရပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ပါ့။"

ကျန်းနျန်က ဂရုမစိုက်ဘဲ ထွက်လာခဲ့သည်။ ရှု့ရွှယ်က ဒေါသထွက်ပြီး နောက်က လိုက်လာကာ ပြောခဲ့သည်။ "သူတို့က အရမ်းလွန်တာပဲ။"

ကျန်းနျန် ပြောလိုက်သည်။ "သူတို့ကြောင့်နဲ့ စိတ်ညစ်မခံပါနဲ့။"

ထိုသို့သောလူများကို စကားပြောနေမည့်အစား ကိုယ့်အလုပ်ကိုယ် အာရုံစိုက်တာက ပိုကောင်းသည်။ သူတို့ အိပ်ဆောင်နား ရောက်တော့ ဝူယိုရှန်နှင့် စွင်းယင်တို့ လှေကားပေါ် တက်လာတာကို တွေ့လိုက်ရသည်။ သုံးယောက်စလုံး ကြောင်သွားကြသည်။ စွင်းယင်က သူမဗိုက်ကို ကိုင်ကာ နှာခေါင်းရှုံ့လိုက်ပြီး ဝူယိုရှန်ကို ကျော်ကာ ဘေးခန်းထဲ ဝင်သွားသည်။ ဝူယိုရှန်က နောက်က အမြန်လိုက်သွားသည်။

ကျန်းနျန် - ....

ရှု့ရွှယ်က မျက်မှောင်ကြုတ်လိုက်မိသည်။ "ကျန်းနျန်၊ အဲ့ဒီလူက ဘာလို့ နင့်ကို ရန်လိုနေတာလဲ။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ကျွန်မလည်း မသိဘူး။"

အိပ်ဆောင်ထဲရောက်တော့ ရှု့ရွှယ်က စပ်စုခဲ့သည်။ "ကျားယွမ်က ဘာလို့ အိမ်မပြန်တာလဲ။ ဘာလို့ ဒီမှာ ရှိနေတာလဲ။"

သူမက ဖိနပ်ချွတ်ပြီး ခြေထောက်ကို ရေစိမ်ကာ စုနကို တဘက် လှမ်းပေးခိုင်းသည်။ ကျန်းနျန်လည်း ခြေထောက်ရေစိမ်နေပြီး ရေကြောင့် သူမ၏ အသားမှာ ပိုဖြူနေသည်။ စုနက တဘက်ပေးရင်း တိုးတိုးလေး ပြောခဲ့သည်။ "ဒီနေ့ ထမင်းသွားဝယ်တုန်းက ထုန်ကန်းနဲ့ ကျားယွမ် စက်ရုံအပြင်မှာ စကားများနေတာ တွေ့ခဲ့တယ်။ ထုန်ကန်းရဲ့ အမေက ကျားယွမ် လက်ထပ်ပြီးတာ နှစ်အတော်ကြာတာတောင် ကလေးမရလို့ စိတ်ဆိုးနေတယ်လို့ ကြားလိုက်တယ်။ အဲ့ဒါကြောင့် သူတို့ အဆင်မပြေဖြစ်နေတာ ဖြစ်နိုင်တယ်။"

ကျန်းနျန် - နောက်ထပ် ဒရာမာတွေ ရှိသေးတာလား။

သူမ ရုပ်ရှင်ရုံက အမျိုးသမီးကို သတိရသွားသည်။ ၎င်းက မယားငယ်က ကိုယ်ဝန်နဲ့ မယားကြီးကို မောင်းထုတ်မည့် ဇာတ်လမ်းမျိုး ဖြစ်လာနိုင်မလား။

သူတို့ သုံးယောက် ခဏစကားပြောပြီး အိပ်လိုက်ကြသည်။ ညသန်းခေါင်တွင် ဘေးခန်းမှ ဝူယိုရှန်၏ အသံကို ကျန်းနျန် ဝေဝါးဝါး ကြားနေရသည်။ အိပ်ဆောင် နံရံတွေက တကယ်ပဲ ပါးလွှာလှသည်။ ဝူယိုရှန်က စွင်းယင်ကို ရတနာတစ်ခုလို ယုယုယယ ချော့မြှူနေသည်။

နောက်ဆုံးတွင် ကျန်းနျန်သည် စွင်းယင်အား ကျေးဇူးမသိတတ်ဘူးလို့ တွေးရင်း ပြန်အိပ်ပျော်သွားပြန်သည်။ ထန်ဇီမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး၊ စွင်းယင်က လက်မထပ်ခင်မှာ အခုလိုကိစ္စမျိုးတွေလုပ်တာဟာ သူ့ကို တန်ဖိုးမထားရာရောက်သည်။ ဝူယိုရှန်း၏ စရိုက်က မည်သို့ပင်ရှိစေကာမူ သူကတော့ စွင်းယင်ကို ရတနာတစ်ခုကဲ့သို့ အလေးထား ဆက်ဆံခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

All Chapters