အခန်း (၁၄၅)
Vol. 15 Ch. 145
ဤထမင်းဝိုင်းတွင် သူတို့သုံးဦးသာ ရှိသည်။ နေ့လယ်စာ စားပြီးနောက် ကျန်အမျိုးသား ပြန်ဝင်လာရာ အတွင်းရေးမှူးကျူးက ပြောခဲ့သည်။ "တစ်ခုခု လိုအပ်ရင် ဝမ်ဝေကို ဆက်သွယ်လိုက်ပါ။ ငါ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ ဝမ်းသာပါတယ်။"
ကျန်းနျန် ပြုံးကာ အတွင်းရေးမှူးကျူးနှင့် စကားအနည်းငယ် ပြောပြီးနောက် ထွက်လာခဲ့သည်။ ကုရှစ်ကျိုးက သူမကို ဆိုင်အထိ လိုက်ပို့ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ရှု့ရွှယ်က စပ်စုကာ မေးခွန်းအချို့ မေးသော်လည်း ကျန်းနျန်က ဆင်ခြေပေးကာ ရှောင်လွှဲလိုက်ပြီး အတွင်းရေးမှူးကျူးနှင့် တွေ့ဆုံခဲ့သည်ကို ထိန်ချန်ထားလိုက်သည်။ ဤအကြောင်းကို လူသိနည်းလေ ပိုကောင်းလေဖြစ်သည်။ သူမသည် ဆိုင်တွင် လူစိတ်ဝင်စားမှု ခံရသည့် ဗဟိုချက်မ မဖြစ်ချင်ပေ။
လုယွီ၏ အားလပ်ရက်တွင် သူသည် မနက်စောစောကတည်းက ရောက်လာသည်။
စုနက အဆောင်အပြင်ဘက်တွင် သူ့ကို မြင်လိုက်သဖြင့် အဝတ်အစားလဲနေဆဲ ဖြစ်သော ကျန်းနျန်ကို လှမ်းခေါ်လိုက်သည်။ "မင်းရဲ့ အိမ်ထောင်ဖက် ရောက်နေပြီ၊ အဆောင်အပြင်မှာ။"
ကျန်းနျန်သည် အဝတ်အစားကို အမြန်လဲပြီး မျက်နှာသစ်ဖလားကို ကိုင်ကာ အပြင်မှာ စောင့်နေသော လုယွီကို တွေ့ရန် ပြေးထွက်ခဲ့သည်။ သူမက "ခဏစောင့်ဦး။" ဟု ဆိုပြီး လက်ပြကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။
တံခါးမှာ ပွင့်နေသဖြင့် စုန၏ စကားသံများကို စွင်းယင် ကြားလိုက်ရသည်။ ကျန်းနျန်၏ အိမ်ထောင်ဖက်မှာ မည်သူနည်းဟု စွင်းယင် စပ်စုချင်စိတ် ပေါက်သွားသည်။
သူမသည် သူမ၏ ကိုယ်ဝန်ဆောင်ဗိုက်ကို မကာ အပြင်သို့ ထွက်လာရာ အဆောင်အပြင်ဘက်တွင် ရပ်နေသော လုယွီကို တွေ့လိုက်ရသည်။ သူ့ကို မတွေ့ရသည်မှာ လဝက်ခန့် ရှိပြီဖြစ်သော်လည်း သူသည် ယခင်ကအတိုင်း ခံ့ညားနေဆဲ ဖြစ်သည်။ သို့သော် သူ၏ မျက်ဝန်းထဲမှ အေးစက်တည်တံ့မှုများနေရာတွင် နူးညံ့မှုများ အစားထိုးဝင်ရောက်နေသည်။
ထိုနူးညံ့မှုမျိုးသည် သူမအတွက် ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
လုယွီ သူမဘက်သို့ လှည့်ကြည့်လိုက်သောအခါ စွင်းယင်က လက်ချောင်းများကို တင်းတင်းဆုပ်လိုက်သည်။ သို့သော် သူ၏ အကြည့်မှာ သူမအပေါ်တွင် တစ်စက္ကန့်မျှပင် မရပ်တန့်ဘဲ ဝေ့ကြည့်ရုံသာ ကြည့်သွားသည်။ ကျန်းနျန်က ရေချိုးခန်းထဲမှ ပြေးထွက်လာကာ မျက်နှာသစ်ဖလားကို စုနလက်ထဲ ထည့်ပြီး လှေကားပေါ်မှ အပြေးဆင်းသွားသည်ကို ကြည့်ရင်း သူမ၏ မျက်နှာ ဖြူဖျော့သွားသည်။ ကျန်းနျန်က လုယွီဆီသို့ ပြေးသွားကာ နှစ်ယောက်သား လက်ချင်းချိတ်ပြီး အတူထွက်သွားကြသည်ကို စုန့်ယင်း ကြည့်နေမိသည်။
စွင်းယင်၏ လက်ဆစ်များမှာ ဖြူဖျော့လာသည်။ လုယွီကို ရှာရန် တပ်သို့ ပထမဆုံးအကြိမ် သွားစဉ်ကတည်းက သူ ကျန်းနျန်ကို ကြည့်သည့်ပုံမှာ ထူးခြားနေသည်ကို သူမ သတိထားမိခဲ့သည်။ သူတို့က မတ်နှင့် မရီး ဆက်ဆံရေးမျိုး မဟုတ်ပေ။ သူမ၏ သံသယမှာ မှန်ကန်နေခဲ့သည်။
ဘာလို့ လူတိုင်းက ကျန်းနျန်ကိုပဲ ပိုသဘောကျနေကြတာလဲ။ သူမက မုဆိုးမတစ်ဦးသာ ဖြစ်သည်။ သူမနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
သူမ၏ အိပ်မက်ထဲတွင်မူ ကျန်းနျန်သည် နံရံနှင့် ခေါင်းတိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး ဖြစ်သည်။ ထိုအိပ်မက်မှာ အလွန်စစ်မှန်လှသဖြင့် ၎င်းသာလျှင် အမှန်တရားဖြစ်ပြီး ယခုမြင်နေရသမျှမှာ အတုအယောင်များသာ ဖြစ်လိမ့်မည်ဟု သူမ ယုံကြည်မိသည်။
ဝူယိုရှန်က ကန်တင်းမှ အစားအစာများနှင့်အတူ ပြန်ရောက်လာရာ စွင်းယင်၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသည်။ သူမ နေမကောင်းဖြစ်နေသည်ဟု ထင်ကာ သူက အမြန်လာတွဲရင်း ပြောခဲ့သည်။"အပြင်မှာ အေးတယ်၊ အထဲဝင်ပြီး ထိုင်လိုက်ဦး။ မင်းအတွက် အသားဝယ်လာခဲ့တယ်။"
စွင်းယင်က နှုတ်ခမ်းကို စေ့ထားကာ ဝူယိုရှန်၏ လက်ကို ဖယ်ထုတ်ပြီး အဆောင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။
ကျန်းနျန်နှင့် လုယွီတို့ အပြင်တွင် မနက်စာ စားခဲ့ကြသည်။ အတွင်းရေးမှူးကျူးက သူမကို တွေ့ချင်နေသည့်အကြောင်းကို လုယွီအား သူမ ပြောပြလိုက်သည်။ လုယွီ ပြောလိုက်သည်။ "ကုရှစ်ကျိုးက ကိုယ့်ကို ပြောပြပြီးပြီ။ မင်း စိတ်ဖိစီးမနေပါနဲ့။ အခြေအနေအတိုင်းပဲ လွှတ်ထားလိုက်ပါ။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပြီ။" မနက်စာ စားပြီးနောက် သူမ ပန်းထိုးဆိုင်သို့ သွားခဲ့သည်။ လုယွီသည် မြို့ထဲတွင်သာ ရှိနေပြီး သူမနှင့်အတူ နေ့လယ်စာနှင့် ညစာကို အတူစားပေးသည်။
သူက သူမကို အဆောင်အထိ လိုက်ပို့ရင်း သူမ၏ နူးညံ့သော လက်ချောင်းလေးများကို အသာအယာ ဆုပ်ကိုင်ကာ ပြောခဲ့သည်။ "မနေ့က ကိုယ် မေးကြည့်တယ်၊ မင်္ဂလာဆောင်ဖို့ တင်ထားတဲ့ အစီရင်ခံစာက မကြာခင် ကျလာတော့မယ်။" ထိုသို့ပြောလိုက်ချိန်တွင် သူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ပြန့်လွင့်သွားသည်။
သူတို့ အဆောင်အပြင်ဘက်တွင် ခေတ္တမျှ ဖက်ထားကြပြီးနောက် ကျန်းနျန်က အထဲသို့ ပြေးဝင်သွားသည်။
လုယွီ၏ "မကြာခင်" ဆိုသော စကားမှာ အနည်းဆုံး လဝက်ခန့် ကြာလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သုံးရက်အကြာတွင် လုယွီ ဖုန်းဆက်လာခဲ့သည်။
နေဝင်စပြုနေပြီ ဖြစ်ကာ ကျန်းနျန်သည် အလုပ်ဆင်းပြီး စုနနှင့်အတူ ညစာစားရန် ပြင်နေခဲ့သည်။ ဖုန်းမြည်သံ ကြားသောအခါ စုနက ပြောလိုက်သည်။ "ကျန်းနျန်၊ မင်းအတွက် ဖုန်းလာနေတယ်။"
ကျန်းနျန် ဖုန်းကို အပြေးအလွှား သွားကိုင်လိုက်ရာ သူမ စကားမပြောရသေးခင်မှာပင် လုယွီ၏ အသံကို ကြားလိုက်ရသည်။ "မင်္ဂလာဆောင်ခွင့် အစီရင်ခံစာ ကျလာပြီ။ ကျန်းနျန် ကိုယ်တို့ မင်္ဂလာဆောင်ကြစို့။"
လုယွီ ပြောလိုက်သည့် စကားကို အဆုံးထိ နားလည်သဘောပေါက်သွားချိန်တွင် ကျန်းနျန်၏ ရင်ခုန်သံများ မြန်လာခဲ့သည်။
သူမတို့၏ မင်္ဂလာဆောင်ခွင့် လျှောက်ထားလွှာ ကျလာပြီ ဖြစ်သည်။
သူမနှင့် လုယွီတို့ မင်္ဂလာဆောင်ကြတော့မည်။
ကျန်းနျန်သည် ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး နှလုံးသားထဲမှ ဒီရေသဖွယ် တိုးထွက်လာသော ပျော်ရွှင်မှုများက သူမ၏ မျက်နှာတစ်ပြင်လုံးတွင် အတိုင်းသား ပေါ်လွင်နေသည်။ လုယွီနှင့် အမြန်ဆုံး လက်ထပ်ရန် သူမ အမှန်တကယ် မျှော်လင့်နေခဲ့သည်ကို ဤအခိုက်အတန့်တွင်မှ သူမ သိရှိသွားတော့သည်။
ဖုန်းထဲမှ အမျိုးသား၏ အသံ တစ်ဖန် ထွက်ပေါ်လာသည်မှာ "မိသားစု အိမ်ရာလည်း ကျလာပြီ။ ကိုယ် မနက်ဖြန် မြို့ထဲကို လာခေါ်မယ်၊ အိမ်ကို အတူတူ သွားကြည့်ရအောင်။"
ကျန်းနျန်သည် သူမမျက်နှာပေါ်မှ အပြုံးကို မထိန်းနိုင်တော့ဘဲ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"
ကျန်းနျန် နားရွက်တက်ချိတ်မတတ်အထိ ပြုံးနေသည်ကို ကြည့်နေသော စုနက ဖုန်းချလိုက်သည်အထိ စောင့်ပြီးမှ မေးလိုက်သည်။ "ဘာတွေ အဲဒီလောက်တောင် ပျော်နေတာလဲ။"
ကျန်းနျန်သည် စုနကို လှည့်ကြည့်ပြီးနောက် အခန်းထဲမှ ထွက်လာသော ရှု့ရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ဝဝရှူကာ ပြောလိုက်သည်။ "ကျွန်မ မင်္ဂလာဆောင်တော့မယ်။"
"ဘာပြောတယ်။"
ရှု့ရွှယ် ခဏတာ ကြောင်အသွားသော်လည်း စုနက လျင်မြန်ဆန်စွာဖြင့် ရယ်မောရင်း ပြောလိုက်သည်။ "ဝမ်းသာစရာ သတင်းပဲ။ ကျန်းနျန်၊ ငါတို့ကို မင်္ဂလာဆောင် သကြားလုံးကျွေးရမယ်နော်။"
"မင်း မင်္ဂလာဆောင်တော့မလို့လား။"
ရှု့ရွှယ်သည်လည်း နောက်ဆုံးတွင် နားလည်သွားကာ ကျန်းနျန်၏ လက်ကို ပြေးဆုပ်ရင်း ပြောလိုက်သည်။ "ဘယ်တော့ ဆောင်မှာလဲ။ ရက်သတ်မှတ်ပြီးပြီလား။"
ကျန်းနျန် - …
ကျန်းနျန်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
သူမကိုယ်တိုင်လည်း လုယွီဆီက အခုလေးတင် ကြားကာ စိတ်လှုပ်ရှားပြီး စုနကို ပြောပြမိခြင်းသာ ဖြစ်သည်။
အတွေ့အကြုံရှိသော စုနက ပြောလိုက်သည်။ "မင်္ဂလာဆောင်တယ်ဆိုတာ အလောတကြီး လုပ်ရတာမျိုး မဟုတ်ဘူး။ အချိန်ယူပြီး ရက်ကောင်းရက်မြတ် ရွေးရတယ်၊ သူငယ်ချင်းတွေ မိသားစုတွေကို ဖိတ်ရတယ်။ အလုပ်က အများကြီးပဲ။ ဒါနဲ့ ကျန်းနျန်၊ မင်းနဲ့ တပ်ရင်းမှူးလုတို့က ဘယ်မှာ မင်္ဂလာဆောင်ဖို့ စိတ်ကူးထားလဲ။"
ကျန်းနျန် ရယ်လိုက်သည်။ "လုယွီ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကြည့်ရမှာပဲ။"
သူမကတော့ စစ်တပ်နယ်မြေထဲမှာပဲ ကျင်းပဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ယခင်နေရပ်သို့ ပြန်ရန်မှာ မဖြစ်နိုင်သလို လုယွီ အရင်တာဝန်ကျခဲ့သည့်နေရာမှာလည်း မသင့်တော်ပေ။ ဤနေရာသည်သာ အသင့်တော်ဆုံး ဖြစ်သည်။
ကျန်းနျန် မင်္ဂလာဆောင်တော့မည့်သတင်းမှာ ပန်းထိုးဆိုင်တစ်ခုလုံးသို့ အမြန်ပျံ့နှံ့သွားခဲ့သည်။ ယနေ့တွင် ကောမိန်က မနက်စာစားပြီးနောက် ကျန်းနျန်ကို သူမ၏ အဆောင်သို့ လာခဲ့ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့ အကြောင်းအရာများစွာကို ပြောဖြစ်ကြပြီး လုယွီအကြောင်း ရောက်သောအခါ ကောမိန်က မေးလိုက်သည်။ "မင်္ဂလာဆောင်ပြီးရင် မိသားစုအိမ်ရာကို ပြောင်းတော့မှာလား။"
ကျန်းနျန် ခေါင်းညိတ်ပြခဲ့သည်။ "ဟုတ်ကဲ့။"
"ဒါပေမယ့် မထွက်သွားခင်မှာ ဒီပန်းထိုးထည်ကို အပြီးသတ်ပေးသွားမှာပါ။"
ကောမိန် စိုးရိမ်နေသည်ကို သူမ သိသဖြင့် ထပ်ပြောလိုက်သည်။ "အစ်မကောမိန်၊ ကျွန်မ အစ်မကို စိတ်မပျက်စေရပါဘူး။"
ကောမိန်က ပြုံးကာ ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်ကလည်း ပြန်ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျွန်မတို့ကြားမှာ အားနာစရာ မလိုပါဘူး၊ ဒါပေမယ့် ကျွန်မ မင်္ဂလာဆောင်ရင်တော့ အစ်မ အရောက်လာရမယ်နော်။"
ကောမိန် ရယ်မောလိုက်သည်။ "ဒါပေါ့၊ ငါ လာမှာပါ။"
ကောမိန်၏ အဆောင်မှာ တတိယထပ်တွင် ဖြစ်သည်။ ကျန်းနျန် လှေကားပေါ်မှ ဆင်းလာစဉ် လှေကားတွင် စွင်းယင်နှင့် တိုးတော့သည်။ စွင်းယင်က နံရံကို မှီကာ လက်တစ်ဖက်ဖြင့် ဗိုက်ကို မထားပြီး ဆင်းလာသော ကျန်းနျန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ကျန်းနျန်က သူမကို လျစ်လျူရှုသွားသည်ကို မြင်သောအခါ စွင်းယင်က မနေနိုင်ဘဲ လှမ်းခေါ်လိုက်သည်။
"ကျန်းနျန်။"
ကျန်းနျန်က ရပ်တန့်ကာ အေးစက်သော မျက်နှာထားဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
စွင်းယင်၏ မျက်ဝန်းများမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ "နင်နဲ့ လုယွီနဲ့ တွဲနေကြတာလား။"
ယနေ့ သူမ မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရလျှင် သူမ ယုံကြည်နိုင်မည် မဟုတ်ပေ။
ကျန်းနျန် ဘာမှ မပြောရသေးခင်မှာပင် စွင်းယင်က ဆက်ပြီး ပြောခဲ့သည်။ "ဟမ့် မတ်နဲ့ မရီးက ချစ်သူတွေ ဖြစ်နေကြတာပေါ့၊ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပဲ။ ဒီသတင်းသာ အပြင်ထွက်သွားရင် လူတွေက နင်တို့ ကွယ်ရာမှာ အတင်းပြောကြမှာ။"
ဤစကားများက ကျန်းနျန်ကို ကြောက်လန့်သွားစေလိမ့်မည်ဟု သူမ ထင်ထားသော်လည်း ကျန်းနျန်၏ မျက်နှာတွင် ပျာယာခတ်သွားသည့် အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် စွင်းယင်သာလျှင် ပို၍ အံ့အားသင့်သွားရသည်။ သူမ ကျန်းနျန် ဘာတွေးနေလဲဆိုသည်ကို စဉ်းစားမရဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
"နင်က ငါနဲ့ လုယွီရဲ့ တကယ့်ပတ်သက်မှုကို မသိသေးဘူး ထင်တယ်။"
ကျန်းနျန်၏ မျက်ဝန်းများက လှောင်ပြောင်မှုများဖြင့် ပြည့်နေခဲ့သည်။
စွင်းယင်က တစ်ခုခု မှားနေပြီဟု ခံစားမိလိုက်သည်။ "နင် ဘာကို ဆိုလိုတာလဲ။"
ကျန်းနျန်က စွင်းယင်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ စိုက်ကြည့်ခဲ့သည်။ "ငါ့ယောက်ျားရဲ့ မျိုးရိုးက ရှု့၊ သူက ရှု့မိသားစုကပဲ။ လုယွီက ရှု့မိသားစုမှာ ခဏတာ မွေးစားခံထားရတာ၊ သူတို့နဲ့ သွေးသား တော်စပ်မှု မရှိဘူး။ သူက ငါ့ယောက်ျားနဲ့ စစ်မြေပြင်က ညီအစ်ကိုတွေပဲ။ ငါ့ယောက်ျားက သူ့ထက် ကြီးလို့ သူက ငါ့ကို မရီးလို့ ခေါ်တာက သဘာဝကျပါတယ်။ ငါ သူနဲ့ တွဲတာကို ဘယ်သူကမှ ဘာမှ ပြောစရာ အကြောင်းမရှိဘူး။"
ကျန်းနျန်က စွင်းယင်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။
စွင်းယင်က ဒါတွေကို သိထားပြီးသား ဖြစ်သည်။ သူမ အိပ်မက်မက်ခဲ့ဖူးသလို ထန်ဇီကိုလည်း အရင်က မေးခဲ့ဖူးသည်။ သူမက ကျန်းနျန်ကို ခြောက်လှန့်ပြီး စိတ်မသက်မသာ ဖြစ်အောင် လုပ်ရန် ကြံရွယ်ခဲ့သော်လည်း အခုတော့ သူမကိုယ်တိုင်ပင် စကားမပြောနိုင် ဖြစ်သွားရသည်။
သူမသည် ကျန်းနျန်အပေါ် မနာလိုဖြစ်နေပြီး အဓိကအားဖြင့်တော့ သူမ၏ မကျေနပ်မှုကို ဖော်ပြနေခြင်းဖြစ်သည်။
ဘာကြောင့် ကျန်းနျန်က လုယွီနဲ့ တွဲနေရတာလဲ။ သူမ၏ အိပ်မက်ထဲတွင် ထိုနှစ်ယောက်မှာ လမ်းကြောင်းချင်း မဆုံခဲ့ကြဖူးပေ၊ ထိုသို့ဆိုလျှင် အပြင်လောကတွင် ဘာကြောင့် အတူရှိနေကြသနည်း။
"စွင်းယင်" ကျန်းနျန်က ပြုံးလိုက်သော်လည်း သူမ၏ မျက်ဝန်းများက အေးစက်နေသည်။ "လက်တွေ့ကို လက်ခံပြီး နင့်ဘေးနားက လူတွေကိုပဲ ကြည့်စမ်းပါ။ အရမ်းလည်း ခေါင်းမာမနေတော့။"
သူမသည် စွင်းယင်တွင် အတိတ်ဘဝမှတ်ဉာဏ်များ ရှိနေသည်ဟု အမြဲသံသယရှိခဲ့သည်။ သူမပြောပုံဆိုပုံနှင့် လုပ်ရပ်အချို့တွင် ထိုအရိပ်အယောင်များ ရှိနေသော်လည်း သူမ၏စိတ်ကူးယဉ်မှုသာ ဖြစ်နိုင်သည်ဟု တွေးခဲ့သည်။ အကယ်၍ စွင်းယင်သာ အတိတ်ဘဝမှတ်ဉာဏ်များ တကယ်ရှိလျှင် ဘာကြောင့် စာအုပ်ထဲက အမှားမျိုးကို ထပ်လုပ်ပြီး ဝူယိုရှန်နှင့် ပတ်သက်ခဲ့ရသနည်း။
"ဒါနဲ့ နောက်ထပ် တစ်ခုက…"
စွင်းယင်၏ ဆိုးဝါးနေသော မျက်နှာထားကို ကြည့်ရင်း ကျန်းနျန်က ဆက်ပြောသည်။ "ငါနဲ့ လုယွီအကြောင်းကို နင် ကောလာဟလတွေ မဖြန့်ဖို့ မျှော်လင့်တယ်။ စွင်းယင် စကားပြောရန် ပြင်သည်ကို သူမက ဖြတ်ပြောလိုက်သည်။ "ငါနဲ့ လုယွီကြားမှာ မရှင်းလင်းတာ ဘာမှမရှိဘူး။ ငါက မလိုလားအပ်တဲ့ ပြဿနာတွေကို မလိုချင်တာ။ ဒါပေမယ့် နင်နဲ့ ဝူယိုရှန်ရဲ့ ပတ်သက်မှုသာ အပြင်ထွက်သွားရင်တော့ တကယ့်ကို ဟိုးလေးတကျော် ဖြစ်သွားလိမ့်မယ်။"
စွင်းယင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "နင် ငါ့ကို ခြိမ်းခြောက်နေတာလား။"
ကျန်းနျန်က မျက်ခုံးကို ပင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "နင် အဲဒီလို ထင်ချင်လည်း ထင်နိုင်တယ်။"
သူမသည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားပြီး စွင်းယင်နှင့် စကားများပြီး အချိန်မဖြုန်းချင်တော့ပေ။
ကျန်းနျန်သည် မျက်နှာသစ်ဖို့ ဖလားယူရန် အဆောင်သို့ ပြန်လာသည်။ လမ်းတွင် ယွီရှနှင့် တုန်းရှု့တို့ကို တွေ့ခဲ့သည်။ ယခင်က ကျန်းနျန်ကို အဖက်မလုပ်ခဲ့သော တုန်းရှု့မှာ ယခုအခါ သူမကို ရှောင်ဖယ်သွားတော့သည်။ ကျန်းနျန် ဘုံဘိုင်ခေါင်းတွင် မျက်နှာသစ်နေစဉ် ခြေသံများကို ကြားလိုက်ရပြီး ယွီရှ အနီးသို့ တိုးကပ်လာသည်ကို တွေ့လိုက်ရသည်။
"နင် မင်္ဂလာဆောင်တော့မှာလား" ယွီရှက မေးသည်။
ယွီရှက သူမကို တစ်ဖန် ပြန်စကားပြောလာသဖြင့် ကျန်းနျန် အနည်းငယ် အံ့သြသွားသည်။ သူမ မျက်နှာသုတ်ရင်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။"
ယွီရှ ပြုံးလိုက်သည်။ "ကောင်းတာပေါ့။ ဒါပေမယ့် လက်ထပ်ပြီးရင် သတိထားပြီး ကိုယ့်အတွက် ပိုက်ဆံလေးတော့ စုထားဦး။ နောင်တစ်ချိန် တစ်ခုခုဖြစ်လာရင် ပိုက်ဆံရှိတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။"
ကျန်းနျန် အံ့အားသင့်သွားပြီး ယွီရှကို လှည့်ကြည့်ရာ သူမ၏ အကြည့်အောက်တွင် ယွီရှက စိတ်မသက်မသာ ဖြစ်သွားသလိုပင်။ "ငါက နင့်အတွက် ကောင်းစေချင်လို့ ပြောတာပါ။" ယွီရှက ပြောပြီး ဖလားကိုင်ကာ ထွက်သွားသည်။
နောက်တစ်နေ့တွင် ကျန်းနျန် ပန်းထိုးဆိုင်သို့ မသွားတော့ပေ။ အဘယ်ကြောင့်ဆိုသော် လုယွီက သူမကို စစ်တပ်နယ်မြေသို့ ခေါ်ရန် လာမည်ဖြစ်သောကြောင့် ဖြစ်သည်။ သူမ မနေ့ကတည်းက ကောမိန်ထံ ခွင့်တိုင်ထားပြီးသားဖြစ်သည်။
လုယွီသည် စစ်သုံးကားဖြင့် စောစောရောက်လာပြီး မနက်စာများစွာ ယူလာခဲ့သည်။ သူက အဆောင်စောင့် အဘွားအိုအား ကျန်းနျန်၏ အဆောင်သို့ မနက်စာများ ပို့ပေးရန် အကူအညီတောင်းလိုက်ပြီး သူကတော့ အဝင်ဝတွင် စောင့်နေသည်။ ကျန်းနျန်၏ အဆောင်သာမက ဘေးအခန်းက ယွီရှတို့လည်း ဝေမျှရရှိကြသည်။ လုယွီသည် နို့၊ အသားပေါက်စီနှင့် အီကြာကွေးကဲ့သို့သော ရှာဖွေရခက်သည့် အစားအစာများကို အမြောက်အမြား ဝယ်လာခဲ့သည်။
နဂိုက မစားချင်ခဲ့သော တုန်းရှု့နှင့် ကျားယွမ်တို့ပင်လျှင် မွှေးကြိုင်လှသော အနံ့ကို မခုခံနိုင်ဘဲ အားပါးတရ စားကြတော့သည်။ သူတို့ ကျန်းနျန်နှင့် အဆောင်အပြင်တွင် တွေ့သောအခါ မျက်နှာများမှာ တစ်မျိုးကြီး ဖြစ်သွားကြပြီး အတင်းပြုံးပြကြသည်မှာ ကျန်းနျန်ကို စိတ်ထဲမှ ရယ်ချင်မိစေသည်။
ယွီရှက မှတ်ချက်ပေးခဲ့သည်။ "အသားပေါက်စီက တကယ်ကောင်းတာပဲ။"
အဆောင်ထဲမှ ထွက်လာသော ရှု့ရွှယ်ကလည်း ထပ်ပြောခဲ့သည်။ "နို့ကလည်း တကယ်ကောင်းတယ်။ ကျန်းနျန်ကြောင့်သာ မဟုတ်ရင် ဒီနေ့ နို့သောက်ရမှာ မဟုတ်ဘူး။"
လုယွီ၏ကားမှာ အဆောင်ရှေ့တွင် ရပ်ထားသဖြင့် လမ်းသွားလမ်းလာများစွာက စပ်စုစွာ ကြည့်နေကြသည်။ ဤအချိန်မှာ လူတွေ အလုပ်သွားသည့် အချိန်ဖြစ်သောကြောင့် စစ်သုံးကားနှင့် စစ်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် ခံ့ခံ့ညားညား အမျိုးသားတစ်ဦးကို မြင်သောအခါ လူတိုင်းက သတိထားမိကြသည်။
ဤခေတ်ကာလတွင် စက်ဘီးတစ်စီးရှိခြင်းမှာပင် အလွန်ကောင်းမွန်လှရာ လေးဘီး စစ်သုံးကားတစ်စီးရှိခြင်းမှာ ထိုလူ၏ အဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေသည်။ လမ်းသွားလမ်းလာ အဘိုးတစ်ဦးက လုယွီအား မေးခဲ့သည်။ "လူကလေး၊ ဘယ်သူ့ကို စောင့်နေတာလဲ။"
လုယွီက ပြန်ဖြေလိုက်သည်။ "ကျွန်တော့် ဇနီးကို စောင့်နေတာပါ။"
ထိုအခါမှ လူတိုင်းက ဤအမျိုးသားမှာ အိမ်ထောင်ရှိသူမှန်း သိသွားကြတော့သည်။ သို့သော်လည်း ဤအဆောင်တွင် စစ်ဗိုလ်ယောက်ျားရှိသူ သို့မဟုတ် ဤကဲ့သို့ ကားကို မောင်းလာနိုင်သူ မည်သူမျှ မရှိကြောင်း သိထားသဖြင့် သူတို့ ဇဝေဇဝါ ဖြစ်နေကြသည်။
ကျန်းနျန်သည် အနီရောင် ပဝါလေးအောက်တွင် ပိုတောက်ပနေသော မျက်နှာလေးဖြင့် အဆောင်ထဲမှ ပြေးထွက်လာခဲ့သည်။ လုယွီက သူမအတွက် ကားတံခါးကို ဖွင့်ပေးကာ မေးခဲ့သည်။ "ဗိုက်ဝအောင် စားခဲ့ရဲ့လား။"
ကျန်းနျန် ပြုံးလိုက်သည်။ "အင်း စားခဲ့တယ်။"
ယွီရှနှင့် ကျန်လူများက နောက်မှ လိုက်ကြည့်နေကြသည်။ ကျန်းနျန် ကားပေါ်တက်သွားသည်ကို ကြည့်ပြီး ကျားယွမ်မှာ မနာလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ သူမသည် စက်ရုံ ဒု-ညွှန်ကြားရေးမှူး၏သားနှင့် လက်ထပ်ထားသော်လည်း အိမ်တွင် နေရာမရှိသလို ကိုယ်ဝန်လည်း မရသေးပေ။ ယခုရက်ပိုင်းတွင် ယောက္ခမ၏ အမြဲတမ်း ဆူပူကြိမ်းမောင်းမှုများကြောင့် အိမ်ပြန်ရန်ပင် မဝံ့မရဲ ဖြစ်နေရသည်။
ကျန်းနျန်က စုနနှင့် အခြားသူများကို လက်ပြနှုတ်ဆက်လိုက်သည်။ "သွားပြီနော်။"