← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

နေ့လယ်စာ စားချိန်တွင် ကျားယွမ်က ကျန်းနျန်အနားသို့ ရုတ်တရက် ချဉ်းကပ်လာကာ ပြောလိုက်သည်။ "အပြင်မှာ လမ်းခဏလျှောက်ရအောင်။"

ကျန်းနျန်က ကျားယွမ်၏ ဖူးရောင်နေသော ပါးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ။"

သူမက စုနနှင့် ရှု့ရွှယ်ကို ကန်တင်းသို့ အရင်သွားနှင့်ရန် ပြောလိုက်ပြီး ကျားယွမ်နှင့်အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။

ကျားယွမ်က သူမ၏ ဖြူစင်နူးညံ့သော မျက်နှာလေးကို ဝန်းရံထားသည့် ကျန်းနျန်၏ ဆံပင်ဝဲဝဲလေးများကို တစ်ချက်ကြည့်လိုက်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ကျားယွမ်က ကျန်းနျန်ထံသို့ စက္ကူအပိုင်းအစလေး တစ်ခုကို ကမ်းပေးပြီး ပြောလိုက်သည်။ "ဒါကို နင်ရေးတာလား။"

ကျန်းနျန်က စာတိုလေးကို ကြည့်လိုက်သည်။

- ထုန်ကန်းနဲ့ ယန်လီကို သတိထားပါ။

- သက်သေများကိုသာ စကားပြောခွင့်ပေးလိုက်ပါ။

ကျန်းနျန်က အစပိုင်းတွင် ကျားယွမ် စာကို မတွေ့ဘူး သို့မဟုတ် တွေ့လျှင်လည်း စိတ်လိုက်မာန်ပါ လုပ်မိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ကျားယွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် သက်သေများ စုဆောင်းခဲ့ပြီး သူမကိုယ်တိုင် အပြစ်မတင်ခံရအောင် စီစဉ်ကာ ထုန်မိသားစုကို ပြန်လည် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "ဘာကို ဆိုလိုတာလဲ ကျွန်မ မသိဘူး။"

ကျားယွမ်မှာ လူနုံတစ်ဦး မဟုတ်ပေ။ သူမသည် အပေါ်ယံ အမြင်ကိုသာ အလွန်အမင်း ဂရုစိုက်ခဲ့သူ ဖြစ်သည်။ ထုန်ကန်းနှင့် လက်ထပ်ပြီးကတည်းက ပျော်ရွှင်သော ဘဝအဖြစ် ဟန်ဆောင်ခဲ့ပြီး နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကျင်မှုများကို မြိုသိပ်ထားခဲ့သည်။ ထုန်ကန်းနှင့် ယန်လီတို့၏ ဖောက်ပြန်မှုမှာ သူမအား ပေါက်ကွဲထွက်စေသည့် အကြောင်းအရင်း ဖြစ်လာခဲ့ပြီး နှစ်ရှည်လများ စုပြုံနေသော မကျေနပ်ချက်များအားလုံးကို တစ်ကြိမ်တည်းဖြင့် ရှင်းပစ်ခဲ့ခြင်း ဖြစ်သည်။

ကျားယွမ်က ပြုံးကာ ထိုစာကို ဆုတ်ဖြဲပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "နင် ဝန်မခံရင်တောင် ဒါဟာ နင်ပဲဆိုတာ ငါသိပါတယ်။"

ကျန်းနျန်ကမူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

ကျားယွမ်က ဆက်ပြောခဲ့သည်။ "နင်သိလား။ ငါ တကယ်တော့ နင့်ကို တော်တော်လေး မုန်းခဲ့တာ။ နင်မလာခင်က ငါက အထည်ချုပ်စက်ရုံနဲ့ ပန်းထိုးဆိုင်မှာ လူတိုင်းအားကျရတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ခဲ့တယ်။ ငါ့မှာ ကောင်းမွန်တဲ့ အိမ်ထောင်ရေး ရှိတယ်၊ စက်ရုံ ဒု-ညွှန်ကြားရေးမှူးဖြစ်တဲ့ ယောက္ခမရှိတယ်၊ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ယောက်ျားရှိတယ်၊ ပြီးတော့ ငါက ပန်းထိုးပညာရှင် တစ်ယောက်။ ဘယ်သူက ငါ့ကို အားမကျဘဲ နေမလဲ။ ဒါပေမယ့် နင်ရောက်လာပြီးကတည်းက ငါ့ကိုယ်ငါ ပြက်လုံးတစ်ခုလို ခံစားလာရတယ်။"

ကျားယွမ်၏ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော ရယ်သံမှာ ပိုနက်ရှိုင်းသွားခဲ့သည်။ "ငါ့ကို ငရဲတွင်းထဲကနေ ဆွဲထုတ်ပေးမယ့်သူက ငါအမုန်းဆုံးလူ ဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး။"

ကျန်းနျန် - ....

ဤကျားယွမ်မှာ လူကို ဒေါသထွက်အောင် လုပ်ရာတွင် အတော်လေး ကျွမ်းကျင်သူ ဖြစ်သည်ဟု ကျန်းနျန် တွေးလိုက်မိသည်။

"ဒါပေမယ့်" ကျားယွမ်က ကျန်းနျန်ကို ကြည့်ကာ ပြေယလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

ကျန်းနျန် ခေတ္တရပ်တန့်သွားပြီး ကျားယွမ်၏ အကြည့်ကို ပြန်စိုက်ကြည့်လိုက်သည်။ ထိုအခါ ကျားယွမ်က အိတ်ကပ်ထဲမှ အဖြူရောင်ယုန် နို့သကြားလုံးတစ်လုံးကို ထုတ်ကာ ခွံခွာပြီး ပါးစပ်ထဲသို့ ထည့်ရင်း ပြောလိုက်သည်။ "နင့်ရဲ့ မင်္ဂလာဆောင် သကြားလုံးက တကယ် ချိုတာပဲ။"

"ပြီးတော့ ကျန်းနျန်၊ နင်က တကယ် ကံကောင်းတာပဲ။ တစ်ခါတလေ ငါ နင့်ကို တကယ် အားကျမိတယ်။"

ကျားယွမ်သည် သကြားလုံးအရသာကို ခံစားရင်း ရှေ့သို့ ပြန်ကြည့်လိုက်သည်။

ကျန်းနျန် ပြန်ဖြေလိုကိသည်။ "ကျွန်မကို အားကျနေစရာ မလိုပါဘူး။ ကျွန်မ လျှောက်ခဲ့တဲ့ လမ်းက ရှင်ထင်သလို မလွယ်ကူခဲ့ဘူး။"

ကျန်းနျန်၏ အသံထဲတွင် ဖော်ပြမတတ်သော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို ကျားယွမ် ကြားလိုက်ရသည်။ သူမ မျက်မှောင်ကြုတ်ပြီး ကျန်းနျန်၏ မျက်နှာလေးကို တစ်ချက်ကြည့်လိုက်သည်။

သူတို့နှစ်ဦးသည် လူသူကင်းမဲ့နေပြီ ဖြစ်သော ကန်တင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ကြသည်။

ကျန်းနျန် ထမင်းစားပြီးနောက် ကျားယွမ်နှင့်အတူ ပန်းထိုးဆိုင်သို့ ပြန်လာခဲ့သည်။ နေဝင်မိုးချုပ်သည်အထိ အလုပ်လုပ်ပြီးနောက် အဆောင်သို့ ပြန်ခဲ့ကြသည်။ စုနသည် ရေချိုးပြီးနောက် ကျန်းနျန်၏ ကုတင်ဘေးသို့ လာကာ အသံတိုးတိုးဖြင့် မေးခဲ့သည်။ "နေ့လယ်က ကျားယွမ် နင့်ကို ဘာပြောလဲ။ နင့်ကို ပြဿနာရှာသေးလား။"

"မရှာပါဘူး။"

စုနက မယုံကြည်သဖြင့် ကျန်းနျန်က နှုတ်ခမ်းကို စေ့လိုက်ပြီး ထိုစာတိုအကြောင်းကို ပြောပြလိုက်သည်။ စုန၏ မျက်နှာတွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ "သူမ ဘယ်လိုဖြစ်လို့ ထုန်ကန်းရဲ့ ဖောက်ပြန်မှုကို ရုတ်တရက် သိသွားပြီး တည်တည်ငြိမ်ငြိမ် စဉ်းစားနိုင်သွားတာလဲလို့ ငါ တွေးနေတာ။ ဒါဟာ နင် နောက်ကွယ်ကနေ ကူညီပေးခဲ့တာကိုး။"

ကျန်းနျန် ပြုံးလိုက်သည်။ "ဒါဟာ ကူညီတာ မဟုတ်ပါဘူး။ အဲဒီလို ရွံစရာကောင်းတဲ့ ယောက်ျားတွေကို ငါ မကြည့်ရက်လို့ပါ။"

ထိုစဉ် အဆောင်တံခါးကို တစ်စုံတစ်ယောက် လာခေါက်ခဲ့သည်။ စုနက ထဖွင့်လိုက်ရာ ဘေးခန်းမှ စွင်းယင် ဖြစ်နေသည်ကို တွေ့ရသည်။ သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာကိစ္စလဲ။"

စွင်းယင်က အခန်းထဲသို့ ဝေ့ကြည့်ကာ ပြောလိုက်သည်။ "ငါ ကျန်းနျန်နဲ့ စကားပြောချင်လို့။"

ကျန်းနျန် - ....

ဤလူမှာ အတော်လေး ဇွဲကောင်းသူ ဖြစ်သည်ဟု သူမ တွေးလိုက်မိသည်။

သူမ ထလာပြီး ဖိနပ်စီးကာ အပြင်သို့ ထွက်ခဲ့သည်။ သူတို့နှစ်ဦးမှာ လူသူအနည်းငယ်သာ ဖြတ်သန်းသွားလာသော လှေကားခွင်သို့ ရောက်ရှိသွားကြသည်။ ကျန်းနျန်က အပြင်ဘက်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။ "အခု ဘာပြောချင်သေးတာလဲ။"

စွင်းယင်က သူမ၏ ဗိုက်ကို ကိုင်ကာ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကျန်းနျန်ကို ကြည့်ပြီး ပြောလိညက်သည်။ "နင်နဲ့ လုယွီနဲ့ မင်္ဂလာဆောင်ကြတော့မှာလား။"

ကျန်းနျန်နှင့် လုယွီတို့မှာ တွဲနေကြရုံသာဟု သူမ အမြဲ ထင်ခဲ့သော်လည်း ယခုမူ သူတို့ မင်္ဂလာဆောင်ကြတော့မည် ဖြစ်သည်။

ကျန်းနျန် အံ့အားသင့်သွားပြီး သူမ မည်သို့ သိသွားသည်ကို နားမလည်နိုင်သဖြင့် စွင်းယင်ကို လှည့်ကြည့်လိုက်သည်။ စွင်းယင်က ကျန်းနျန်၏ ဇဝေဇဝါဖြစ်နေမှုကို မြင်သောအခါ လှောင်ပြောင်သလို ပြောသည်။ "ပန်းထိုးဆိုင်ကလူတွေ ရေချိုးခန်းထဲမှာ ပြောနေကြတာကို ငါ ကြားခဲ့တာ။"

ကျန်းနျန်က ပြတ်သားစွာ ပြောလိုက်သည်။ "ဆောင်တော့ ဘာဖြစ်လဲ။ ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။"

စွင်းယင်မှာ ဒေါသကြောင့် တုန်ယင်လာခဲ့သည်။ "ငါနဲ့ ဘာမှမဆိုင်ပေမယ့် နင်နဲ့ အဆောင်တစ်ခုတည်းမှာ အတူနေရတာကို ငါက ရွံရှာပြီး အရှက်ရလို့ ပြောတာ။ နင်က သေသွားတဲ့ယောက်ျားရဲ့ မုဆိုးမတစ်ယောက် ဖြစ်ပြီးတော့ နင့်ရဲ့ မတ်ကို အရှက်မရှိ မြှူစွယ်ပြီး လက်ထပ်ဖို့အထိ လုပ်နေတာ။ နင့်ယောက္ခမ မိသားစုကို ဘယ်လို မျက်နှာပြမလဲ။ သေသွားတဲ့ ယောက်ျားကိုရော ဘယ်လို မျက်နှာပြမလဲ။ နင်က အရှက်မရှိတဲ့ မုဆိုးမ တစ်ယောက်ပဲ။ နင့်မှာ ဘယ်လို သတ္တိမျိုးနဲ့... အား။"

"နင် ငါ့ကို ရိုက်ရဲတယ်ပေါ့။"

စွင်းယင်သည် ပါးကို အုပ်ထားရင်း ကျန်းနျန်ကို အံ့သြတကြီး ကြည့်နေသည်။

ကျန်းနျန်၏ မျက်နှာမှာ အေးစက်နေပြီး သူမ၏ ပြင်းထန်သော ပါးရိုက်ချက်ကြောင့် လက်ဖဝါးပင် ကျိန်းစပ်နေခဲ့သည်။

စွင်းယင်၏ အသံမှာ အလွန်ကျယ်လောင်လှပြီး လူသူတိတ်ဆိတ်နေချိန် ဖြစ်သဖြင့် လူတိုင်းကြားသွားကြသည်။ အခန်းတံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး ဘာဖြစ်နေလဲဆိုသည်ကို လူအများက ခေါင်းပြူကြည့်ကြသည်။ တစ်ဦးမှာ အထည်ချုပ်စက်ရုံမှ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပြီး အခြားသူမှာမူ ပန်းထိုးဆိုင်မှ ပန်းထိုးပညာရှင် ဖြစ်နေသည်။

ပန်းထိုးပညာရှင် ကျန်းနျန်ကို လူတိုင်းသိကြသည်။ ယနေ့နံနက်က သူမ၏ အိမ်ထောင်ဖက်က ကားဖြင့် လာကြိုသည်ကို တစ်ဆောင်လုံး သိထားကြသော်လည်း သူတို့နှစ်ဦးမှာ အမှန်တကယ်တွင် မတ်နှင့် မရီး တော်စပ်သူများ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

သူမသည် မုဆိုးမတစ်ဦး ဖြစ်သော်လည်း သူမ၏ မတ်နှင့် ပတ်သက်နေသည်မှာ…

ရုတ်တရက် ကျန်းနျန်အပေါ် လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားကြသည်။

စုနနှင့် ရှု့ရွှယ်တို့မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာကြသည်။ ကျန်းနျန် အစောပိုင်းက ပြောခဲ့သည့် "ကျွန်မ လျှောက်ခဲ့တဲ့ လမ်းက နင်ထင်သလို မလွယ်ကူခဲ့ဘူး" ဟူသော စကားကို ပြန်လည်သတိရမိသည့် ကျားယွမ်ပင်လျှင် အံ့အားသင့်သွားရသည်။

ထို့ကြောင့် သူမသည် အိမ်ထောင်ကျဖူးပြီး သူမ၏ ယောက်ျားမှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ယခု သူမသည် သူမ၏ မတ်နှင့် အတူရှိနေပြီး ဤကာလအတွင်း လူအများ၏ ဝေဖန်ကဲ့ရဲ့မှုများကို အတော်အတန် ခံစားခဲ့ရပုံပေါ်သည်။

ယွီရှ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျန်းနျန်ကဲ့သို့ နုပျိုသူတစ်ဦးမှာ အိမ်ထောင်ကျဖူးပြီး မုဆိုးမ ဖြစ်နေခဲ့သည်ကို သူမ အံ့သြသွားသည်။ မုဆိုးမတစ်ဦး ဖြစ်ရခြင်းမှာ အလွန်ပင် ဆင်းရဲပင်ပန်းလှသောကြောင့် ယွီရှကိုယ်တိုင်လည်း နားလည်စာနာမိသည်။

သူမက အသက်ကြီးပြီမို့ အနည်းငယ် သာသော်လည်း ကျန်းနျန်မှာမူ ငယ်ရွယ်သေးပြီး လျှောက်ရမည့် လမ်းမှာ ရှည်လျားသေးသည်။ အကယ်၍ သူမသည် သူမ၏ မတ်နှင့် တကယ် လက်ထပ်လိုက်လျှင် ဘဝတစ်လျှောက်လုံး အတင်းအဖျင်း ပြောဆိုခံရဖွယ် ရှိသည်။

အဆောင်ရှိ လူတိုင်းတွင် ကိုယ်စီ အတွေးများ ရှိနေကြသည်။

ကျန်းနျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မကြုံစဖူး ဒေါသများကို အောင့်အည်းထားရသည်။ စွင်းယင်က သူမကို ပြန်ရိုက်ရန် ကြိုးစားသောအခါ ကျန်းနျန်က ဘေးသို့ ရှောင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်သည်။ ဤရိုက်ချက်မှာ အလွန်ပြင်းထန်လှသဖြင့် ကျန်းနျန်၏ လက်မှာ ထုံကျင်သွားပြီး စွင်းယင်၏ နားထဲတွင် အသံများ အုန်းအုန်းမြည်သွားတော့သည်။

စွင်းယင်မှာ ဘာဖြစ်သွားမှန်း မသိဘဲ ခေတ္တ မှိုင်တွေသွားသည်။ သူမ၏ ပါးမှာ ပူထူနေပြီးမှ ဒေါသတကြီးဖြင့် ကျန်းနျန်ကို ပြေးဆော်တော့သည်။ သူမသည် ဘဝတွင် ဤကဲ့သို့ အထိနာအောင် ရိုက်နှက်ခံရဖူးခြင်း မရှိသလို လူရှေ့သူရှေ့တွင် နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရခြင်းမှာ ပထမဆုံး ဖြစ်သည်။

"တော်တော့။"

တတိယထပ် လှေကားခွင်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ပန်းထိုးဆိုင်၏ အကြီးအကဲဖြစ်သူ ကောမိန်သည် ခက်ထန်သော မျက်နှာထားဖြင့် လက်ရန်းကို မှီနေသော ကျန်းနျန်ကို ကြည့်ကာ အမြန်ဆင်းလာပြီး သူမကို နောက်သို့ ဆွဲပို့လိုက်သည်။

သူမသည် စိတ်ဖောက်ပြန်သလို ဖြစ်နေသော စွင်းယင်ကို စိုက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "ရဲဘော်စွင်း၊ တချို့ကိစ္စတွေက သက်သေလိုအပ်တယ်။ ကျွန်မဆိုင်က ဝန်ထမ်းကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မဟုတ်မမှန် မပြောပါနဲ့။"

စွင်းယင်၏ မျက်လုံးများမှာ နီရဲနေပြီး ကျန်းနျန်နှင့် ကောမိန်ကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မပြောတာ ဘာက မှားနေလို့လဲ။"

ကောမိန် ပြောလိုက်သည်။ "ကောင်းပြီ၊ မင်းက ကျန်းနျန်ကို မဟုတ်မမှန် မစွပ်စွဲဘူးလို့ ဇွတ်ပြောနေမယ်ဆိုရင် နိုင်ငံတော်ပိုင် ပန်းထိုးဆိုင်ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ ကျွန်မက အဆောင်မှာရှိတဲ့ လူအားလုံးရဲ့ ရှေ့မှာ မင်းရဲ့စကားတွေကို ချေပပေးပါ့မယ်။"

ကျန်းနျန်သည် စကားတစ်လုံးမျှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။ ကောမိန်က ကျန်းနျန်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ လူအများအား မျက်နှာမူလိုက်သည်။ အဆောင်တံခါးတိုင်းမှ လူအများက ဖြစ်ပျက်နေသည်ကို စပ်စုကြည့်နေကြသည်။

အဆောင်လမ်းတစ်လျှောက် တိတ်ဆိတ်သွားပြီး ကောမိန်၏ အသံမှာ ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

"အထည်ချုပ်စက်ရုံက ရဲဘော် စွင်းယင်က ကျွန်မတို့ ပန်းထိုးဝန်ထမ်း ကျန်းနျန်ဟာ သူမရဲ့ မတ်နဲ့ ဖောက်ပြန်နေတယ်လို့ ခဏခဏ ပြောနေတယ်။ သူမမှာ သက်သေမရှိဘဲ အခြေအမြစ်မရှိ စွပ်စွဲနေတာပါ။ ဒီနေ့ ကျွန်မ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြမယ်၊ ရဲဘော်စွင်းယင်က ရဲဘော်ကျန်းနျန်ကို မဟုတ်မမှန် စွပ်စွဲနေတာလားဆိုတာ အားလုံးပဲ ကြည့်ကြပါ။"

စွင်းယင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သူမ၏ အဝတ်စကို တင်းတင်းဆုပ်ကိုင်ထားမိသည်။

ကောမိန်က ဆက်ပြောခဲ့သည်။ "ကျန်းနျန်ရဲ့ ကွယ်လွန်သူ ခင်ပွန်းရဲ့ မျိုးရိုးက ရှု့ ပါ၊ နာမည်က ရှု့ချန်။ သူက စစ်သားတစ်ယောက်ပါ။ နှင်းမုန်တိုင်းအတွင်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်နေတုန်း သစ်ပင်ပိပြီး ခါးကျိုးသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူဟာ အိပ်ရာထဲမှာ လေးနှစ်တိုင်တိုင် လေဖြတ်နေခဲ့တာပါ။ ကျန်းနျန်ဟာ ရှု့ချန် လေဖြတ်တဲ့နှစ်မှာပဲ ရှု့မိသားစုထဲကို လက်ထပ်ဝင်ရောက်ခဲ့ပြီး သူမရဲ့ ခင်ပွန်းကို လေးနှစ်တိုင်တိုင် ပြုစုစောင့်ရှောက်ခဲ့တယ်။ သူမရဲ့ ခင်ပွန်း ကွယ်လွန်သွားပြီးနောက် အိမ်မှာ ဘယ်ဆွေမျိုးမှ မရှိတော့တဲ့အချိန်ကြမှ သူမရဲ့ အမည်ခံ မတ်က သူမကို စစ်တပ်ဆီ ခေါ်သွားပြီး မိသားစုအိမ်ရာမှာ စောင့်ရှောက်ထားခဲ့တာ။"

ကောမိန်သည် "အမည်ခံ" ဟူသော စကားလုံးကို အထူးအလေးပေး ပြောကြားလိုက်သည်။

လူအချို့၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များကို မြင်သောအခါ ကောမိန်က ဆက်ပြောခဲ့သည်။ "ကျန်းနျန်ရဲ့ အမည်ခံ မတ်ဖြစ်တဲ့ မျိုးရိုး လု က သူ့မိခင်က ရှု့မိသားစုဆီမှာ ခေတ္တမွေးစားထားခဲ့သူ ဖြစ်ပြီး ရှု့မိသားစုဝင်တွေကပဲ စောင့်ရှောက်ခဲ့တာပါ။ လုယွီနဲ့ ရှု့ချန်ဟာ သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေ မဟုတ်ဘဲ စစ်မြေပြင်က ရဲဘော်ရဲဘက်တွေသာ ဖြစ်ပေမယ့် ညီအစ်ကိုအရင်းတွေထက် ပိုပြီး ရင်းနှီးကြပါတယ်။ လုယွီက အိမ်ထောင်မရှိသလို ကျန်းနျန်ကလည်း လူလွတ် ဖြစ်နေတာပဲ။ သူတို့နှစ်ဦး အတူရှိနေကြတာ ဘာမှားလို့လဲ။ သူတို့မှာ အပြန်အလှန် သံယောဇဉ် ရှိကြတာဟာ ရဲဘော် စွင်းယင် ပြောသလိုမျိုး မဟုတ်ပါဘူး။ သူမဟာ အမှန်တရားကို တမင်တကာ လိမ်လည်လှည့်ဖြားပြီး ကျန်းနျန်ကို သိက္ခာချနေတာပါ။"

ဤစကားကို ကြားပြီးနောက် အဆောင်အတွင်းတွင် ကိုယ်ချင်းစာသော သက်ပြင်းချသံများ ပျံ့နှံ့သွားသည်။

ကျားယွမ်သည် သတိပြန်ဝင်လာပြီး ကျန်းနျန်ကို အံ့သြတကြီး ကြည့်လိုက်မိသည်။ ကျန်းနျန် လျှောက်ခဲ့ရသော လမ်းမှာ သူမထက်ပင် ပိုခက်ခဲခဲ့သည်ကို သူမ သိရှိသွားသည်။ ကျန်းနျန်၏ ဖြူဖျော့နေသော မျက်နှာလေးကို ကြည့်ရင်း ကျားယွမ်က အဆောင်ထဲမှ ထွက်လာကာ စွင်းယင်ကို ကျယ်လောင်စွာ ပြောလိုက်သည်။

"ရဲဘော်စွင်းယင်၊ ကျန်းနျန်နဲ့ တပ်ရင်းမှူးလုတို့ရဲ့ ပတ်သက်မှုက မင်းပြောသလို မဟုတ်ပါဘူး။ မင်းက ကျန်းနျန်ကို ခဏခဏ သိက္ခာချနေတာပဲ။ ကျွန်မတို့ ပန်းထိုးဆိုင်က လူတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။"

"ဟုတ်တယ်" စုနသည်လည်း ပြေးထွက်လာကာ ပြောလိုက်သည်။ "နင် ကိုယ်ဝန်ရှိနေရုံနဲ့ ကျွန်မတို့က မင်းကို ကြောက်နေမယ် မထင်နဲ့။ စကားပြောရင်ဖြစ်ဖြစ် အလုပ်လုပ်ရင်ဖြစ်ဖြစ် သက်သေရှိဖို့ လိုတယ်။ အမှားနဲ့ အမှန်ကို မင်းစိတ်ကြိုက် လိမ်လည်လို့ မရဘူး။"

ရှု့ရွှယ်ကလည်း ထောက်ခံပြောဆိုခဲ့သည်။ "ကျွန်မတို့ ပန်းထိုးဆိုင်ကလူတွေက အနိုင်ကျင့်ရလွယ်တဲ့သူတွေ မဟုတ်ဘူး။"

စွင်းယင်သည် သူမကို ဝိုင်းဝန်းပြောဆိုနေကြသော လူအုပ်ကြီးကို ကြည့်ကာ မျက်နှာဖြူဖျော့လျက် နံရံကို မှီထားလိုက်သည်။ လူတိုင်း၏ အကြည့်များက သူမနှင့် ကျန်းနျန်အပေါ်သို့ ကျရောက်နေသည်။ မှောင်နေသော်လည်း ထိုလူများမှာ ကောမိန်၏ စကားကို ယုံကြည်နေကြသည်ကို သူမ သိနေသည်။

သူမ ပြန်လည်ချေပရန် ပြင်စဉ် ကျန်းနျန်က စကားစလိုက်သည်။ "စွင်းယင်၊ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ နင်က ငါ့ကို ခဏခဏ ပြဿနာရှာနေတာပဲ။ ဟိုတုန်းက စစ်တပ်နယ်မြေထဲမှာ နင် ဗိုလ်ကြီးထန်နဲ့ လက်ထပ်တုန်းက…"

"အား။ ငါ့ဗိုက်က နာလိုက်တာ။"

စွင်းယင်က ကျယ်လောင်စွာ အော်ဟစ်ကာ သူမ၏ ဗိုက်ကို ဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ကျန်းနျန်၏ စကားများကို ဖုံးကွယ်ရန်အတွက် သူမ ကျယ်လောင်စွာ အော်ဟစ်နေခြင်း ဖြစ်သည်။ ဝူယိုရှန်မှာ နို့ဝယ်ရန် အရောင်းဆိုင်သို့ သွားရာမှ ပြန်ရောက်လာချိန် စွင်းယင်၏ အော်သံကို ကြားလိုက်ရသဖြင့် ကြောက်လန့်တကြားနှင့် ဒုတိယထပ်သို့ ပြေးတက်လာခဲ့သည်။

"ယင်ယင်၊ ဗိုက်က ဘာဖြစ်လို့လဲ။"

ဝူယိုရှန်က စွင်းယင်ကို ပွေ့ချီရန် ပြေးခဲ့သည်။ သူမ၏ ပါးပြင်နှစ်ဖက်စလုံးရှိ လက်ဝါးရာများကို မြင်သောအခါ သူက ကျန်းနျန်နှင့် ပန်းထိုးဆိုင်မှ လူများကို စိုက်ကြည့်ကာ မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်သည်။ "ငါ ရဲတိုင်မယ်၊ ရဲခေါ်မယ်။ ယင်ယင်နဲ့ ကလေး တစ်ခုခုဖြစ်ရင် ငါ ဝူယိုရှန်က နင့်ကို အလွတ်မပေးဘူး။"

ထို့နောက် သူသည် စွင်းယင်ကို ပွေ့ချီကာ ဆေးရုံသို့ အပြေးအလွှား သွားတော့သည်။

ကျန်းနျန်က သူတို့ ထွက်ခွာသွားသည်ကို အေးစက်စွာ ကြည့်နေခဲ့သည်။ စွင်းယင်မှာ ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သူမ သိသည်။ စွင်းယင်သည် သူမနှင့် ဝူယိုရှန်တို့၏ အရှုပ်တော်ပုံများကို ကျန်းနျန် ဖွင့်ပြောလိုက်မည်ကို ကြောက်လန့်နေခြင်း ဖြစ်သည်။ အကယ်၍ ထိုကိစ္စများ ပေါက်ကြားသွားလျှင် ထိုနှစ်ဦးမှာ ဤမြို့တွင် မည်သည့်အခါမျှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

ကောမိန်က ကျန်းနျန်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။ "အဆင်ပြေရဲ့လား။"

ကျန်းနျန်က ခေါင်းခါပြလိုက်သည်။"အဆင်ပြေပါတယ်။"

သူမ၏ လက်ဖဝါးများမှာ ထုံကျင်နေဆဲ ဖြစ်ပြီး ၎င်းမှာ စွင်းယင်ကို အားပါးတရ ရိုက်လိုက်ခြင်းကြောင့် ဖြစ်သည်။

အဆောင်ရှိ လူများ၏ အကြည့်မှာ ကျန်းနျန်အပေါ်တွင် စပ်စုရုံမျှမှသည် လေးစားမှုနှင့် သနားစာနာမှုတို့ ရောယှက်သွားတော့သည်။ သူမ၏ ကွယ်လွန်သူ ခင်ပွန်းမှာ သူတစ်ပါးကို ကယ်ဆယ်ရင်း လေဖြတ်သွားခဲ့သည့် အာဇာနည်တစ်ဦး ဖြစ်သည်။ မိသားစု မရှိတော့ချိန်တွင် တပ်ရင်းမှူးလုက သူမကို စောင့်ရှောက်ထားခြင်းမှာ လုံးဝ တရားမျှတလှသည်။

အခု သူတို့နှစ်ဦးလုံးက လူပျိုလူလွတ်တွေပဲ၊ အတူရှိနေကြတာ ဘာမှားလို့လဲ။

ဆူညံနေသော အဆောင်မှာ မကြာမီ ပြန်လည်တိတ်ဆိတ်သွားတော့သည်။

All Chapters