အခန်း (၁၄၃)
Vol. 15 Ch. 143
သူတို့ အဆောင်အဆောက်အဦး အပြင်ဘက်သို့ ရောက်ရုံရှိသေး၊ စကားများနေသံကို ကြားလိုက်ရသည်။
ကျန်းနျန် လှည့်ကြည့်လိုက်ရာ တစ်ဦးမှာ ယွီရှ ဖြစ်နေသည်။ ယခုအချိန်တွင် ယွီရှသည် အရှက်ရပြီး မျက်နှာပျက်နေကာ သူမ၏လည်ပင်းကို တင်းထားသည်။ သူမသည် အမျိုးသမီးငယ်တစ်ဦးကို ဆွဲထုတ်နေပြီး သူမနောက်တွင် ယွီရှနှင့် ရုပ်ချင်းဆင်သော အမျိုးသားတစ်ဦး ပါလာသည်။
သူသည် ယွီရှ၏ သားဖြစ်လိမ့်မည်ဟု ကျန်းနျန် ခန့်မှန်းလိုက်သည်။
ဤအချိန်တွင် အဆောင်အောက်၌ လူများ အဝင်အထွက် ရှိနေသည်။ ယွီရှသည် ကျန်းနျန်တို့အဖွဲ့ကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်သွားသည်။ သူမ ခေါင်းငုံ့ကာ ညည်းတွားနေသော ထိုအမျိုးသမီးကို အမြန်ဆွဲခေါ်သွားရင်း နောက်ကပါလာသော အမျိုးသားကို ပြောလိုက်သည်။ "မြန်မြန်လိုက်ခဲ့စမ်း။ ဒီမှာ ငါ့ကို အရှက်မခွဲနဲ့။"
ကျန်းနျန်က နှုတ်ခမ်းကို စေ့ထားပြီး ဘာမှမပြောခဲ့ပေ။
ထိုအမျိုးသမီးသည် ယွီရှ၏ ချွေးမ ဖြစ်နိုင်လားဟု သူမ စိတ်ထဲမှ တွေးနေမိသည်။
စုန၏ နောက်ထပ်စကားများက ကျန်းနျန်၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။ "အစ်မယွီရဲ့ အငယ်ဆုံးသားနဲ့ သူ့မိသားစု ပိုက်ဆံလာတောင်းပြန်ပြီ ထင်တယ်။"
ရှု့ရွှယ်သည် စုနလောက် ပန်းထိုးဆိုင်တွင် ကြာကြာမရှိသေးဘဲ နှစ်နှစ်သာ ရှိသေးသည်။ ကျန်းနျန် မရောက်ခင်က သူမသည် တိတ်ဆိတ်စွာ ပန်းထိုးပြီး လူတကာနှင့် စကား သိပ်မပြောသဖြင့် ဤအကြောင်းများကို မသိပေ။
သူမ ပြောလိုက်သည်။ "သူတို့ကို ငါ မမြင်ဖူးဘူးထင်တယ်။"
စုန ပြောလိုက်သည်။ "သူတို့က ပန်းထိုးဆိုင်ထဲအထိ မဝင်လို့နေမှာပေါ့။ အမြဲတမ်း အပြင်မှာပဲ နေတာ။ ငါ သူတို့ကို မြင်ရင် အစ်မယွီကို သွားခေါ်ပေးရတယ်။"
"သူတို့က သုံးလတစ်ခါ လာပြီး ဓားပြတွေလို ဆူပူသောင်းကျန်းကြတာ၊ အစ်မယွီကို အေးအေးဆေးဆေး အလုပ်လုပ်ခွင့် မပေးဘူး။"
ကျန်းနျန်က စပ်စုချင်စိတ်ဖြင့် ချက်ချင်း မေးလိုက်သည်။ "အစ်မယွီရဲ့ ခင်ပွန်းက ဘာမှမလုပ်ပေးဘူးလား။"
စုနက ခေါင်းခါပြရင်း ပြောခဲ့သည်။ "အစ်မယွီရဲ့ ခင်ပွန်းက ဆုံးသွားပြီ။ သူမမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။"
"သားနှစ်ယောက်လုံးက နယ်မှာနေတာ။ အကြီးကတော့ ပိုရိုးသားပြီး အစ်မယွီဆီ သိပ်မလာဘူး။ ဒါပေမယ့် အငယ်ဆုံးသားနဲ့ သူ့မိန်းမကတော့ ဒုက္ခပေးတာ။ လာတိုင်း အစ်မယွီကို နှိပ်စက်ပြီး ပိုက်ဆံယူတာပဲ။"
"အစ်မယွီရဲ့ သမီးကလည်း သနားဖို့ကောင်းပါတယ်။ မြို့သားတစ်ယောက်နဲ့ အောင်အောင်မြင်မြင် လက်ထပ်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုက အကျင့်ပျက်ခြစားမှုနဲ့ မိသားစုလိုက် နယ်ကို အပို့ခံလိုက်ရတယ်။"
ယွီရှနှင့် သူမ၏ချွေးမ ပြောဆိုနေသည်များကို ကြားဖူးသဖြင့် စုနက ဤမျှ အသေးစိတ် သိနေခြင်းဖြစ်သည်။
ထိုလင်မယား နှစ်ယောက် အစ်မယွီကို လာရှာတိုင်း အပြင်မှာ အမြဲ ရန်ဖြစ်ကြသည်။ ကြာတော့လည်း သူမ နည်းနည်းပါးပါး သိလာသည်။
"အစ်မယွီက သူ့သမီးကို ချွေးမ မသိအောင် ပစ္စည်းတွေ ခဏခဏ ပို့ပေးလေ့ရှိတယ်။ အခုလည်း ချွေးမဖြစ်သူက သိသွားလို့ လာတာဖြစ်မှာ။"
ရှု့ရွှယ် သက်ပြင်းချလိုက်မိသည်။ "ဒီလိုကြည့်ရင်တော့ အစ်မယွီ တကယ်ကို ခက်ခဲရှာတာပဲ။"
ကျန်းနျန်က အဆောင်အပြင်ဘက်ကို ပြန်ကြည့်သော်လည်း ယွီရှ၏ ပုံရိပ်ကို မမြင်ရတော့ပေ။
ယွီရှကို ကြည့်ရင်း သူမ အစ်မကျိုက်၏ အရိပ်ကို မြင်ယောင်မိသည်။ အစ်မကျိုက်၏ သမီးကလည်း မြို့သားနှင့် လက်ထပ်ခဲ့သော်လည်း ယခုလို အခြေအနေမျိုး ဖြစ်ခဲ့သည်။
သို့သော် ယွီရှနှင့် ယှဉ်လျှင် အစ်မကျိုက်က ပို၍ ကံကောင်းသည်။ အနည်းဆုံးတော့ အစ်မကျိုက်၏ ခင်ပွန်းက အိမ်ထောင်ဦးစီးနေရာမှ ဦးဆောင်ပေးသည်။
မုဆိုးမဖြစ်သော ယွီရှအတွက်မှာမူ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ကို ကြည့်ရှုရသည်မှာ တကယ်ပင် ခက်ခဲလှပေမည်။
အဆောင်သို့ ပြန်ရောက်သောအခါ သူတို့ မျက်နှာသစ်ဖလားများကို ကိုင်၍ ရေချိုးခန်းတွင် သန့်ရှင်းရေး လုပ်ကြသည်။
ကျန်းနျန်က အရင်ဆေးကြောပြီး ပြန်လာသည်။ စုနနှင့် ရှု့ရွှယ်တို့က ရေချိုးခန်းတွင် အဝတ်လျှော်နေကြသည်။
ကျန်းနျန် အဆောင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးခေါက်သံ ကြားလိုက်ရသည်။ ကျန်းနျန် လှည့်ကြည့်လိုက်ရာ စွင်းယင်သည် သူမ၏ ဗိုက်ကို မတင်ကာ တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ကိုယ်လုံးမှာ ဖောရောင်နေသော်လည်း မျက်နှာကတော့ လှပနေဆဲ ဖြစ်သည်။ ညာဘက်မျက်လုံးအောက်မှ မှဲ့ကလေးက သူမကို ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ပုံစံမျိုး ပေးသော်လည်း သူမ၏ မျက်ဝန်းထဲမှ မနာလိုစိတ်များက ထိုအလှကို ဖျက်ဆီးနေသည်။
"တစ်ခုခုဖြစ်လို့လား။" ကျန်းနျန်က မျက်နှာသစ်ဖလားကို ကုတင်အောက်သို့ ထည့်ရင်း အေးစက်စက် အသံဖြင့် မေးလိုက်သည်။
စွင်းယင်က သူမ၏ ကိုယ်ဝန်ဆောင်ဗိုက်ကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း ကျန်းနျန်၏ သွယ်လျသော ကိုယ်လုံးနှင့် ဖြူဖွေးသော မျက်နှာကို ကြည့်ကာ မနာလိုစိတ်များ အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။
တစ်ချိန်က သူမသည်လည်း ကျန်းနျန်ကဲ့သို့ ဖြစ်ခဲ့ဖူးပြီး ပို၍ပင် အောင်မြင်ခဲ့သော်လည်း ယခုမူ သာမန်အရွယ်လတ် အမျိုးသမီးတစ်ဦး၏ အဆင့်သို့ ကျဆင်းသွားခဲ့ရသည်။
သူမသည် လုယွီနှင့် ပိုနီးစပ်နိုင်ခဲ့ပြီး ဆေးရုံတွင် သူနာပြုအဖြစ် ဆက်လုပ်ကိုင်နိုင်ခဲ့သော်လည်း ထိုအရာအားလုံးကို ကျန်းနျန်က ဖျက်ဆီးခဲ့သည်ဟု သူမ ယူဆထားသည်။
အကယ်၍ ထိုနေ့က ကျန်းနျန်သာ ထန်ဇီကို ခေါ်ပြီး စွင်းယွမ်ကို သွားမရှာခဲ့လျှင် ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။ သူမသည် လမ်းဘေးကြွက်တစ်ကောင်လို ဤနေရာသို့ အပို့ခံရပြီး လူတကာ၏ လက်ညှိုးထိုးခြင်းကို ခံရမည်စိုးသဖြင့် ပုန်းအောင်းနေရမည် မဟုတ်ပေ။
စွင်းယင် တွေးမိလေလေ ကျန်းနျန်ကို ကိုယ်တိုင် လက်ဖြင့်ညှစ်သတ်ချင်စိတ် ပေါက်လေလေ ဖြစ်သည်။
သူမသည် ကျန်းနျန်၏ တောက်ပသော မျက်ဝန်းများကို ကြည့်ကာ မနာလိုစိတ်ကို အစွမ်းကုန် ထိန်းချုပ်ရင်း ပြောလိုက်သည်။"ငါတို့ စကားပြောလို့ ရမလား။"
ကျန်းနျန်က နှုတ်ခမ်းကို စေ့ထားရင်း သူမနှင့် စွင်းယင်ကြားတွင် ပြောစရာ စကား မရှိဟု ခံစားရသည်။
ကျန်းနျန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ စွင်းယင်က ထပ်ပြောခဲ့သည်။ "နည်းနည်းပဲပြောမှာပါ။"
ကျန်းနျန် - "ဟုတ်ပြီလေ။"
ညအချိန်မှာ အေးစက်လှသဖြင့် သူမ ပုဝါကို ပတ်လိုက်ပြီး အဆောင်အဆောက်အဦး ထောင့်နားက ကျိုင်းကောင်ပင်အောက်သို့ စွင်းယင်၏နောက်မှ လိုက်သွားခဲ့သည်။
ထိုနေရာတွင် လေတိုက်နှုန်း ပြင်းထန်လှသည်။ ကျန်းနျန်၏ မျက်နှာက ပုဝါထဲသို့ ကျုံ့ဝင်သွားခဲ့သည်။ "ဆိုတော့ ဘာပြောချင်တာလဲ။"
စွင်းယင်သည်လည်း အအေးဒဏ်ကြောင့် တုန်ရီနေပြီး လေကွယ်ရန် နံရံထောင့်သို့ တိုးသွားသည်။
သူမသည် မှောင်ရိပ်ထဲရှိ ကျန်းနျန်ကို ကြည့်ကာ ပြောသည်။ "ငါနဲ့ ဝူယိုရှန်အကြောင်းကို မင်း လျှောက်မပြောဖို့ မျှော်လင့်တယ်။"
ကျန်းနျန် - ... ဒါပဲလား။
သူမသည် စွင်းယင်နှင့် ဝူယိုရှန်၏ ကိစ္စကို စိတ်မဝင်စားသလို အတင်းအဖျင်းလည်း လျှောက်ပြောမည့်သူ မဟုတ်ပေ။ သူမသည် ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်သော စွင်းယင်ကို ပို၍ စိတ်မထိခိုက်စေချင်ပေ။
သို့သော် ယခင်ကထက် ပို၍ ပင်ပန်းနွမ်းနယ်နေသော ထန်ဇီ၏ ပုံစံကို တွေးမိကာ ကျန်းနျန်က တန်ဇီအတွက် မေးလိုက်သည်။ "နင် ထန်ဇီအပေါ် လုံလုံလောက်လောက် လုပ်ပေးခဲ့ပြီလို့ ထင်လား။"
စွင်းယင်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်စုံတစ်ယောက်က သူမ၏ အနာကို ထိုးဆွလိုက်သကဲ့သို့ သူမ၏ အသံက ကျယ်လာခဲ့သည်။ "အဲ့ဒါ ငါ့ကိစ္စ။ နင်နဲ့ မဆိုင်ဘူး။"
ကျန်းနျန် - .....
စွင်းယင် ဘာမှမပြောသော်လည်း သူမ နောင်တရနေလိမ့်မည်ဟု ကျန်းနျန် ခံစားရသည်။
စွင်းယင်က ပြောလိုက်သည်။ "စောစောက ငါမေးတာကို နင် မဖြေရသေးဘူး။ ငါနဲ့ ဝူယိုရှန်အကြောင်း မဟုတ်ကဟုတ်ကတွေ မပြောဖို့ မျှော်လင့်တယ်လို့။"
စကားပြောပြီးနောက် သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကျိုင်းကောင်ပင်သည် လှေကားနှင့် ဝေးသဖြင့် သူတို့အသံကို ဟိုဘက်မှ မကြားနိုင်ပေ။
သူမ ကျန်းနျန်ကို ကြည့်ကာ ကတိတောင်းသော်လည်း ကျန်းနျန်က ပြန်ဖြေခဲ့သည်။ "အဲ့ဒါကတော့ ငါ့စိတ်အခြေအနေပေါ် မူတည်တာပေါ့။"
စွင်းယင်၏ မျက်မှောင်များ ကြုတ်သွားပြီး အံကြိတ်ရင်း ပြောခဲ့သည်။"ဘာကိုဆိုလိုတာလဲ။ နင် ငါ့ကို ခြိမ်းခြောက်နေတာလား။"
ကျန်းနျန်က ပြုံးလိုက်သော်လည်း မျက်ဝန်းထဲတွင်တော့ အပြုံးအရိပ်အယောင် မရှိပေ။ "ငါ ပြောနိုင်တာကတော့ နင် ငါ့ကို လာမနှောင့်ယှက်ရင် ငါလည်း နင့်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး။"
ထိုသို့ ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားခဲ့သည်။
စွင်းယင်က ကျန်းနျန်၏ ကျောပြင်ကို ကြည့်ကာ ဒေါသတကြီး ခြေဆောင့်လိုက်သည်။
အကယ်၍ ကျန်းနျန် ယွမ်မြို့ကို လာမည်မှန်း သိခဲ့လျှင် သူမ ဖခင် စီစဉ်ပေးသော အထည်စက်ရုံ အလုပ်ကို လက်ခံခဲ့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူမ အနည်းငယ် စပ်စုချင်စိတ် ပေါက်သွားသည်။ လုယွီက ဟိုမှာ နေနေတာကို ကျန်းနျန်က ဘာလို့ ဒီကို ရောက်လာတာလဲ။
ကျန်းနျန် အဆောင်ပြန်ရောက်သောအခါ စုနနှင့် အခြားသူများမှာ အိပ်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
စုနက စပ်စုစွာဖြင့် မေးခဲ့သည်။ "စောစောက ဘယ်သွားနေတာလဲ။"
ကျန်းနျန်က ပဝါကို ချွတ်ကာ ကုတင်ခေါင်းရင်းရှိ ချိတ်တွင် ချိတ်လိုက်သည်။ "အပြင်မှာ လေကောင်းလေသန့် သွားရှူတာပါ။"
သူမ အဝတ်အစားများလဲကာ ကုတင်ပေါ် တက်လိုက်သည်။
စုနက ဆက်ပြောခဲ့သည်။ "ဒီနေ့ အစ်မကောက ပြောတယ်၊ သန်ဘက်ခါကြရင် မြို့တော်အတွင်းရေးမှူး လာစစ်ဆေးမယ်တဲ့။ မနက်ဖြန်တော့ ငါတို့ အလုပ်များကြတော့မယ် ထင်တယ်။"
ရှု့ရွှယ်က ပြောသည်။ "အဓိကကတော့ အထည်စက်ရုံကို စစ်မှာပါ။ ငါတို့ ပန်းထိုးဆိုင်က လူနည်းတော့ ကြည့်စရာ သိပ်မရှိပါဘူး။"
လူအနည်းငယ် စကားပြောပြီးနောက် အနားယူကြသည်။
အဆောင်တွင် မီးပိတ်လိုက်ပြီ ဖြစ်သည်။ ကျန်းနျန်က မျက်လုံးဖွင့်ကာ အနက်ရောင် ရက်မများကို ကြည့်ရင်း စွင်းယင်ကို ပြောခဲ့သော စကားများကို ပြန်တွေးနေမိသည်။
အမှန်တကယ်တွင် သူမ စွင်းယင်ကို ခြိမ်းခြောက်ရန် အစီအစဉ် မရှိခဲ့သော်လည်း လုယွီနှင့် သူမကြားမှ ကိစ္စကို ရုတ်တရက် သတိရသွားခြင်း ဖြစ်သည်။
သူတို့ထဲတွင် ကောမိန်မှလွဲ၍ သူမနှင့် လုယွီသည် မတ်နှင့် မရီး ဖြစ်သည်ဟု သိထားသူမှာ စွင်းယင်နှင့် ဝူယိုရှန်တို့သာ ရှိသည်။
ထို့ကြောင့် နောင်တွင် ပြဿနာမတက်စေရန် စကားလမ်းကြောင်း လွှဲထားခြင်း ဖြစ်သည်။
ဤနည်းဖြင့် စွင်းယင်နှင့် ဝူယိုရှန်တို့သည်လည်း စိုးရိမ်စိတ်ရှိကာ စကားကို ဆင်ခြင်ကြလိမ့်မည်။
နောက်ဆုံးတော့ သူမနှင့် လုယွီသည် တကယ့် မတ်နှင့် မရီး မဟုတ်သောကြောင့် ဤအကြောင်း ပြန့်နှံ့သွားလျှင်ပင် အလွန်ဆုံး လူများ အတင်းပြောရုံသာ ရှိမည်။
သို့သော် စွင်းယင်နှင့် ဝူယိုရှန် ကိစ္စသာ ပေါက်ကြားသွားလျှင် သူတို့သည် လူတကာ၏ ဝိုင်းဝန်း ကဲ့ရဲ့မှုကို ခံရပေလိမ့်မည်။
ကျန်းနျန်သည် သန်းခေါင်ယံအချိန်တွင် ကုတင်ပေါ်မှ ပြုတ်ကျပြန်ရာ ယခုတစ်ကြိမ်တွင် ခေါင်းနှင့်တိုက်မိသဖြင့် အနည်းငယ် နာကျင်သွားသည်။
အဆောင်ရှိ ကုတင်မှာ တစ်ယောက်အိပ် ကုတင်ဖြစ်သဖြင့် မိသားစုခြံဝနိးရှိ ကုတင်ကြီးနှင့် မတူပေ။
ကျန်းနျန် နဖူးကို ပွတ်ရင်း ထကာ စောင်ထဲ ပြန်ဝင်လိုက်သည်။
သူမ ပြန်၍ မှေးခါနီးတွင် တံခါးအပြင်ဘက်မှ ယွီရှ၏ စကားသံကို ကြားလိုက်ရသည်။
"တုန်းရှု့ တံခါးဖွင့်ပေးပါဦး။"
စက္ကန့်အနည်းငယ်အကြာတွင် ဘေးခန်းမှ ဖိနပ်သံကြားလိုက်ရသည်။
အိပ်ချင်မူးတူး ဖြစ်နေသော တုန်းရှု့က တံခါးအပြင်ဘက်တွင် တုန်တုန်ရီရီ ရပ်နေသော ယွီရှကို ကြည့်ကာ မှင်တက်သွားခဲ့သည်။ "နင် ဒီည ဧည့်ဂေဟာမှာ တည်းမယ် ထင်နေတာ။"
ယွီရှက အေးစက်စက် နှာခေါင်းရှုံ့ခဲ့သည်။ "ဧည့်ဂေဟာမှာ တည်းဖို့ ပိုတဲ့ပိုက်ဆံ ဘယ်မှာ ရှိမှာလဲ။ အဲ့ဒီ နှစ်ယောက်ကတော့ ငါ့ထက်တောင် ပိုအဆင်ပြေပြေ နေနေကြတာ။"
ယွီရှသည် သူမ၏ အငယ်ဆုံးသားနှင့် ချွေးမကို တွေးမိကာ ဒေါသထွက်သော်လည်း ဘာမှ မပြောနိုင်ပေ။
ကိုယ့်ကလေးအတွက် ကိုယ်ပဲ ခံရပေမည်။ မနက်ဖြန် မနက်ကြလျှင် ထိုနှစ်ယောက် အမြန်ပြန်သွားပြီး သူမကို လာမနှောင့်ယှက်ရန်သာ ဆုတောင်းနေမိသည်။
တုန်းရှု့က မေးခဲ့သည်။ "အဲ့ဒီ နှစ်ယောက် နင့်ဆီက ပိုက်ဆံ ဘယ်လောက် ထပ်တောင်းနေကြပြန်ပြီလဲ။"
ယွီရှက ကုတင်ပေါ်တွင် ဒေါသတကြီး ထိုင်လိုက်သည်။ "ပြီးခဲ့တဲ့လက ငါ့သမီး ကလေးတွေအတွက် အဝတ်ချုပ်ဖို့ အဝတ်စတစ်စ ပို့ပေးခဲ့တာကို ချွေးမက သိသွားပြီး ပြဿနာ လာရှာတာလေ။ ယွမ်တစ်ရာ ပေးရမယ်တဲ့။"
"ငါ အရင်ဘဝက သူတို့အပေါ် အကြွေးတင်ခဲ့လို့ ဒီဘဝမှာ ဒီလောက် နှိပ်စက်ခံနေရတာ ဖြစ်မယ်။"
ပြောရင်းနှင့်ဖြင့် ယွီရှ ငိုလာခဲ့သည်။ "ပန်းထိုးပြီး ပိုက်ဆံရှာရတာ လွယ်တယ်လို့ ထင်နေလား။ လတိုင်း စုထားသမျှ မိသားစုအတွက်ပဲ ကုန်နေတာ။ ငါ့မှာ ဘာမှ မကျန်တော့ဘူး။"
"သူတို့ကို ပေးဖို့ ယွမ်တစ်ရာ ဘယ်က သွားရှာရမှာလဲ။ ရှိရင်တောင် ဘာလို့ ပေးရမှာလဲ။ ငါတို့ မိသားစုအတွက် သားနှစ်ယောက် မွေးပေးထားရုံနဲ့လား။ အဲ့ဒါက ဘာဆန်းလို့လဲ။ ငါ့သားကြီးရဲ့ မိန်းမလည်း သားတစ်ယောက်၊ သမီးတစ်ယောက် အမြွှာမွေးပေးထားတာပဲ။"
တုန်းရှု့က သက်ပြင်းချခဲ့သည်။ "အခုတော့ ဘယ်လိုလုပ်မလဲ။"
သူမက ယွီရှ၏ မျက်ဝန်းမှ မျက်ရည်များကို ကြည့်ကာ ပြောခဲ့သည်။ "နင် ပိုက်ဆံမပေးရင် သူတို့က နေ့တိုင်း လာနှောင့်ယှက်နေမှာပေါ့။"
ထိုစကားကြောင့် ယွီရှ ခေါင်းကိုက်သွားခဲ့သည်။
သူမ ဘာလုပ်ရမှန်း မသိတော့ပေ။ သူမ၏ ဒုတိယသား မိသားစုမှာ မျှော့များကဲ့သို့ပင် သူမဆီမှ ပိုက်ဆံကို နောက်ဆုံးတစ်ပြားအထိ စုပ်ယူချင်နေကြသည်။
တုန်းရှု့နှင့် ယွီရှတို့ အကြာကြီး စကားပြောနေကြပြီး ကျန်းနျန်ကတော့ နားထောင်ရင်းနှင့်ပင် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက်တွင် စုနက သူမကို နှိုးပြီး ပြုံးကာ မေးလိုက်သည်။ "ညက ကုတင်ပေါ်က ထပ်ပြုတ်ကျပြန်တယ် မဟုတ်လား။"
ကျန်းနျန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ထကာ အဝတ်အစားလဲပြီး ရေချိုးခန်း သွားလိုက်သည်။
စုနတို့နှင့်အတူ မနက်စာ စားပြီးနောက် ပန်းထိုးဆိုင်သို့ သွားကြသည်။
အခန်းထဲ ဝင်လိုက်သည်နှင့် ယွီရှ၏ မျက်လုံးများ နီမြန်းပြီး ဖောရောင်နေသည်ကို တွေ့လိုက်ရသည်။ ည တစ်ဝက်လောက် ငိုထားဟန် တူသည်။
ယွီရှက ကျန်းနျန်ကို တစ်ချက်ကြည့်သော်လည်း ဘာမှမပြောဘဲ ခေါင်းငုံ့ကာ ပန်းထိုးအလုပ်ကိုသာ ဆက်လုပ်နေသည်။
မြို့တော်အတွင်းရေးမှူး လာစစ်ဆေးမည့်နေ့ ဖြစ်သဖြင့် ကောမိန်က ဆိုင်တွင် တစ်နေကုန် ရှိနေသည်။
မနက်ပိုင်းတွင်ပင် ယွီရှ၏ သားငယ်နှင့် ချွေးမတို့ ဆိုင်သို့ ထပ်ရောက်လာကြသည်။
စုနက သူတို့ကို အထဲမဝင်စေဘဲ တားထားပြီး ယွီရှကို အပြင်ခေါ်ပေးသည်။
ယွီရှ၏ မိသားစု ပြဿနာကို သိထားသဖြင့် ကောမိန်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။ "မနက်ဖြန် အတွင်းရေးမှူး လာစစ်မှာနော်။ မင်းရဲ့ မိသားစုကိစ္စကို သေချာကိုင်တွယ်ပါ။ ဆိုင်ကို ထိခိုက်မှု မရှိပါစေနဲ့။"
ယွီရှ - "နားလည်ပါပြီ။"
ကျန်းနျန် ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်ရာ ဖုန်းတိုင်အောက်တွင် ရပ်နေသော ယွီရှကို တွေ့လိုက်ရသည်။
အသက်ငါးဆယ်ကျော် အမျိုးသမီးကြီးမှာ ကျောကုန်းနေပြီဖြစ်ပြီး ဘေးရှိ လင်မယားနှစ်ယောက်မှာမူ တတွတ်တွတ် ရန်တွေ့နေကြသည်။
ရုတ်တရက် ယွီရှ၏ ချွေးမက လက်မြှောက်ကာ ယွီရှကို တွန်းလိုက်သည်။
ယွီရှနှင့် ချွေးမတို့ ရန်ဖြစ်တော့မည်ကို မြင်သောအခါမှ သားဖြစ်သူက ကြားဝင်ဖျန်ဖြေခဲ့သည်။
ကျန်းနျန်က နှုတ်ခမ်းကို စေ့ထားပြီး အကြည့်လွှဲလိုက်သည်။
ယွီရှသည် မွန်းတည့်ခါနီးမှ ဆိုင်ထဲပြန်ဝင်လာခဲ့သည်။ သူမသည် စိတ်တိုနေသလို ပင်ပန်းနေဟန်လည်း တူသည်။ ယခင်ကထက် ပို၍ နွမ်းနယ်သွားပုံရသည်။
တုန်းရှု့က တိုးတိုးလေး မေးခဲ့သည်။ "သူတို့ကို ပိုက်ဆံ ပေးလိုက်ပြီလား။"
ယွီရှက ခေါင်းခါပြခဲ့သည်။ "မပေးဘူး။"
တုန်းရှု့က မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "ငါ နင့်ကို ပိုက်ဆံ ခဏချေးပေးရမလား။ အဲ့ဒါ စုပြီး သူတို့ကို ပေးပြီး အမြန်ပြန်ခိုင်းလိုက်ပါလား။ မဟုတ်ရင် မနက်ဖြန် အတွင်းရေးမှူး မြင်သွားရင် နင် အဆူခံရနိုင်တယ်။"
ယွီရှ၏ မျက်လုံးများ နီမြန်းလာပြီး သူမ၏ ကျောပြင်က ပို၍ ကိုင်းသွားသည်။
နေ့လယ်စာ စားချိန်တွင် ယွီရှ ကန်တင်းသို့ မသွားပေ။ တုန်းရှု့ကသာ သူမအတွက် ထမင်းသွားယူပေးသည်။
နေ့လယ်စာ စားပြီးနောက် ကျန်းနျန်သည် ပန်းထိုးစင်ပေါ်တွင် ခေါင်းမှောက်နေသော ယွီရှကို တွေ့လိုက်ရသည်။
ယွီရှ၏ ဆံပင်များတွင် ဆံပင်ဖြူများ ရောယှက်နေသည်။ ခြေသံကြားသဖြင့် သူမ မော့ကြည့်လိုက်ရာ ကျန်းနျန်ကို တွေ့လိုက်ရသည်။
ယွီရှက မတ်မတ်ထိုင်ကာ ကျန်းနျန်ကို အသိအမှတ်မပြုဘဲ ပန်းထိုးအလုပ်ကို ဆက်လုပ်သည်။
ကျန်းနျန်က နှုတ်ခမ်းကို စေ့ထားပြီး ပြောလိုက်သည်။ "သူတို့က အောက်ခြေမရှိတဲ့ တွင်းနက်ကြီးလိုပဲ။ တစ်ခါ အလျှော့ပေးလိုက်ရင် နောက်ထပ် ပိုတောင်းလာကြမှာ။"
သူမသည် သူတစ်ပါးကိစ္စထဲ ဝင်ပါချင်သူ မဟုတ်သော်လည်း ယွီရှ၏ ဆံပင်ဖြူများကို မြင်သောအခါ အစ်မကျိုက်ကို သတိရမိပြီး သနားသွားခြင်း ဖြစ်သည်။
ယွီရှနှင့် အစ်မကျိုက်မှာ အသက်အရွယ် တူကြသဖြင့် ကျန်းနျန်က အကြံပေးချင်စိတ် ပေါက်သွားခြင်း ဖြစ်နိုင်သည်။
ယွီရှသည် ကျန်းနျန်ကို အံ့သြစွာ ကြည့်လိုက်သည်။ ကျန်းနျန်က သူမ၏ အခြေအနေကို သိသွားလျှင် လှောင်ပြောင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အကြံကောင်း ပေးလာသဖြင့် ဘာပြောရမှန်း မသိဖြစ်သွားသည်။
ယွီရှ၏ ခနဲ့တဲ့တဲ့ စကားများက လည်ချောင်းထဲတွင် တစ်နေပြီး ကောင်းသော စကားများကလည်း ထွက်မလာပေ။
နောက်ဆုံးတွင် သူမ ခေါင်းငုံ့ကာ ဘာမှမကြားသလို ဟန်ဆောင်နေလိုက်သည်။