လာပြန်ပြီလား အထက်ဘုံ
Vol. 24 Ch. 266
မိုလီ၏ မျက်လုံးများသည် တောက်ပနေပြီး သူမ၏အကြည့်များမှာ ဆွဲဆောင်မှုရှိသော ညှို့ဓာတ်များဖြင့် ပြည့်နှက်နေသည်။
နန်းတော်ထဲမှ ကျိယွမ် ထွက်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာထက်တွင် ရှက်သွေးဖြန်းသွားသည့် အမူအယာလေးပင်ဖြစ်ပေါ်လာ၏။
"ရှင်သာအလိုရှိတယ်ဆိုရင် ဒဏ္ဍာရီလာရတနာကိုမပေးချင်စရာ အကြောင်းမရှိပါဘူး"
သူမ၏သခင်သည် သွေးဝတ်စုံဓားနတ်ဘုရား၏ခန္ဓာကိုယ်ကို သိမ်းပိုက်တော့မည်ဖြစ်သည်။ထိုကြောင့် ကျိယွမ်ထံတွင် ထိုဒဏ္ဍာရီလာ ရတနာရောက်သွားလျင်လည်း ကိစ္စမရှိပါ ၊ သူမဆီသာပြန်ရောက်လာမည် မဟုတ်ပါလား။
"တွေ့လား၊ နန်းတော်သခင်မမိုလီက ကျုပ်ကို ဒဏ္ဍာရီလာ ရတနာ ပေးချင်နေတာလို့ ကျုပ်ပြောသားပဲ"
ကျိယွမ်က ဒဏ်ရာခုနစ်ချက်အဘိုးအိုကို ကြည့်ကာ ကြွားလုံးထုတ်လိုက်သည်။
"ရုပ်ဖြောင့်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး"
ဒဏ်ရာခုနစ်ချက်အဘိုးအို၏မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း ဘာမျှ ပြန်မပြောပေ။
ယောကျာ်းတစ်ယောက်က စွဲဆောင်လာလျှင် မိန်းမများတွင် အခွင့်အရေးရှိသော်လည်း မိန်းမတစ်ယောက်က ဦးဆောင်လာလျှင်မူ ယောကျာ်းများမှာ ဘာမှမတတ်နိုင်တော့ကြောင်း ကျိယွမ် သိသည်။
"ဒီလိုဆိုရင်ရော.."
ကျိယွမ်က ရုတ်တရက် လေသံပြောင်းသွား၏။
"ငါတို့ ဖုန်းနန်းတော်ကို မသွားတော့ဘဲ ဒီမှာတင် မင်းရဲ့ခံစားချက်တွေကို ဖွင့်ပြောပြီး ဒဏ္ဍာရီလာ ရတနာကို တိုက်ရိုက်ပေးလိုက်ရင် ဘယ်လိုလဲ"
ကျိယွမ်က အလုပ်ကိစ္စများကို ရိုးရှင်းစွာလုပ်ဆောင်တတ်သူဖြစ်သည်။
ရလဒ်က အတူတူပင်ဖြစ်သဖြင့် သူ့အနေနှင့် အလုပ်ရှုပ်ခံမနေတော့ဘဲ မိုလီထံမှ ဒဏ္ဍာရီလာရတနာကို ချက်ချင်း လက်ခံရယူလိုက်ရုံသာ ရှိသည်မဟုတ်ပါလား။
ထို့ပြင် ဤသို့ပြုလုပ်ခြင်းသည် သူ၏ မြင့်မားသော စိတ်ပိုင်းဆိုင်ရာ အမြော်အမြင်ကို ပြသရာရောက်သည်ဟု ကျိယွမ် ခံစားရသည်။ မိုလီသည် ယင်နတ်ဘုရား အများအပြားကို ဖိတ်ကြားထားပြီး အားလုံးရှေ့၌ သူ့ကို တရားဝင်ရည်စားစကား ပြောပေလိမ့်မည်။
အားနာသော်လည်း သူကတော့ သေချာပေါက် ငြင်းပယ်မည်ဖြစ်သည်။
လူအများအပြား ရှေ့မှောက်တွင် ငြင်းပယ်ခံရပါက နန်းတော်သခင်မမိုလီအနေဖြင့် အလွန်အရှက်ရသွားပေမည်။
ထို့ကြောင့် ဒဏ္ဍာရီလာရတနာကို ယခုပင်တိုက်ရိုက်ယူလိုက်ခြင်းသည် နန်းတော်သခင်မမိုလီကို အရှက်မကွဲစေရန် ကာကွယ်ပေးရာလည်း ရောက်သည်။
၎င်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် အခြေအနေပင်။
ထိုစကားကြောင့် မိုလီ၏ အပြုံးသည် အနည်းငယ် တောင့်တင်းသွားသော်လည်း ကျိယွမ် ဘာတွေးနေသည်ကို သူမ မသိပေ။
သူမက အနည်းငယ်ချွဲနွဲ့သောလေသံဖြင့် မူလိုက်၏။
"ရှင့်အတွက် အံ့အားသင့်စရာ အကြီးကြီးတစ်ခု ကျွန်မပြင်ဆင်ထားတယ်၊ တကယ်လို့ ရှင်မလာဘူးဆိုရင် ကျွန်မရဲ့ ကြိုးစားမှုတွေ အလဟဿ ဖြစ်ကုန်မှာပေါ့"
သူမ ပြောရင်းနှင့်ပင် သူမ၏ နုနယ်သော ခန္ဓာကိုယ်ကို ကျိယွမ်ဘက်သို့ တိုးကပ်လိုက်သည်။
ကျိယွမ်က အမြန်ရှောင်လိုက်ပြီး မိုလီနှင့်အသားချင်းအထိမခံပေ။ သူက အားနာစိတ်လေးတစ်ချက်ပင် မရှိပါ။
မတော်လို့ တစ်ခုခုကူးစက်ခံရရင် ငါ ဒုက္ခရောက်သွားမှာပေါ့။
"မင်းရဲ့ ဖိတ်ခေါ်မှုကို ငြင်းဖို့က အားနာစရာ ကောင်းလွန်းတယ်၊ ဒီလိုဆိုမှတော့ ငါ ဖုန်းနန်းတော်ကို သွားကြည့်လိုက်ပါ့မယ်"
နောက်ဆုံးတွင် ကျိယွမ်က မိုလီအား ချိုသာစွာပြုံးပြပြီး သဘောတူလိုက်သည်။
ကျိယွမ်၏ အပြုံးကိုမြင်သောအခါ မိုလီ၏ မျက်လုံးများတွင် နောင်တရိပ် အနည်းငယ် ပေါ်လာ၏။
ကံမကောင်းစွာဖြင့် ယနေ့မှစ၍ သူမသည် သွေးဝတ်စုံဓားနတ်ဘုရား၏ ခန္ဓာကိုယ်ကိုသာ ရရှိမည်ဖြစ်ပြီး သူ၏ နှလုံးသားကိုမူ ရရှိနိုင်တော့မည် မဟုတ်ပေ၊ ၎င်းက သူမကို အနည်းငယ်စိတ်ပျက်စေသည်။
"သွားရအောင်.."
ထို့နောက်သူတို့နှစ်ဦးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖုန်းနန်းတော်သို့ ဦးတည်လိုက်ကြ၏။
ဖုန်းနန်းတော်သည်လည်း လမ်းစဥ်ရှာဖွေရေးနန်းတော်နှင့် မဝေးသော ချင်းဟုန်မြို့ထဲတွင်ပင် ရှိသောကြောင့်
ခဏအတွင်း သူတို့နှစ်ဦး ထိုနေရာသို့ရောက်ရှိလာကြသည်။
သူတို့ရောက်သွားချိန်၌ ဖုန်းနန်းတော်သည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော်လည်း ထူးဆန်းစွာ တိတ်ဆိတ်နေပြီး အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသလိုပင်။
၎င်းမှာ ကျိယွမ် စိတ်ကူးထားသည်နှင့် တော်တော်လေးကွဲပြားနေ၏။
"ငါ အထဲဝင်သွားတဲ့အခါ လူအုပ်ကြီးက 'နမ်းလိုက်၊ နမ်းလိုက်' လို့ ဝိုင်းအော်ပြီး အားပေးကြမှာလား"
ကျိယွမ်က အံ့သြတကြီး မေးလိုက်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ပါက သူ အလွန်နေရထိုင်ရ ခက်ပေလိမ့်မည်။
ငါကမှ မနမ်းချင်တာ ။ ဘယ်လိုလုပ်မလဲ။
မိုလီသည် ကျိယွမ်၏ ၂၁ ရာစုမှလာသောတွေးခေါ်ပုံကို နားမလည်နိုင်သဖြင့် ကြောင်တောင်တောင်လေးပြန်ကြည့်၏။
ထို့နောက် သူမက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး လျှို့ဝှက်စွာပြန်ဖြေသည်။
"အထဲရောက်ရင် အားလုံးကို နားလည်သွားပါလိမ့်မယ်"
"အင်း..အံ့အားသင့်စရာတွေ သိပ်မများဖို့ပဲ မျှော်လင့်ပါတယ်"
ကျိယွမ်က ထိုသို့ရေရွတ်ပြီး မိုလီ၏ နောက်မှလိုက်သွားရာ သူတို့နှစ်ဦးသည် နန်းဆောင်တစ်ခု၏ အပြင်ဘက်သို့ ဆင်းသက်လိုက်ကြသည်။
ထိုအချိန်မှာပင် နန်းဆောင်တံခါးကြီးသည် ကျယ်လောင်သောအသံဖြင့် ပွင့်သွား၏။
"ဝုန်း..."
နန်းဆောင်အတွင်းမှ အလင်းရောင်သည် ကျိယွမ်အပေါ်သို့ ကျရောက်လာပြီး ရှည်လျားသော အရိပ်တစ်ခု ဖြစ်ပေါ်သွားစေသည်။
ကျိယွမ်က မျှော်လင့်တကြီးဖြင့် အတွင်းသို့ ကြည့်လိုက်ရာ ထိုခဏတွင် သူ၏ မျက်ဆန်များ ကျုံ့သွားလေ၏။
ကျယ်ဝန်းသော နန်းဆောင်အတွင်းတွင် သွေးညှီနံ့များ လွှမ်းမိုးနေပြီး ယင်နတ်ဘုရား အလောင်းပေါင်း ၂၀ ကျော် ပြန့်ကျဲနေသည် မဟုတ်ပါလား။
"ဟင်.."
ထိုယင်နတ်ဘုရားများကို ကျိယွမ် မှတ်မိပါသည်၊ သူတို့သည် မူလနတ်ဘုရားမျှဝေရေးအသင်း ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသူများဖြစ်၏။
သို့သော် ယခုအခါတွင်မူ ထိုယင်နတ်ဘုရား ၂၀ ကျော်သည် ဖုန်းနန်းတော်အတွင်း၌ လူမသိသူမသိ သေဆုံးနေကြပြီး သူတို့၏ အလောင်းများမှာလည်း ရုပ်ပျက်ဆင်းပျက်နှင့် အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။
အလောင်းတစ်ခုဆိုလျှင် ကျိယွမ်နှင့် ဆယ်မီတာခန့်သာ ဝေးသော သစ်ပင်ကြီးပေါ်တွင် တွဲလောင်းကျနေ၏။
ထိုအလောင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ထိတ်လန့်ဖွယ်ရာ တစ်ခုခုကို မြင်တွေ့ခဲ့ရသကဲ့သို့ ရှိသည်။
ယင်နတ်ဘုရားအဆင့်ရှိသော သန်မာသူများတွင် ထိုကဲ့သို့သော အမူအရာမျိုးမှာ အလွန်တွေ့ရခဲသည်မဟုတ်ပါလား။
ထို့ပြင် ၄င်းတို့၏သေဆုံးမှုမှာ အလွန်ပင် ထူးဆန်းနေသည်။
ယင်နတ်ဘုရားများ အချင်းချင်း တိုက်ခိုက်ကြပါက သေချာပေါက် ဟင်းလင်းပြင်နယ်မြေအတွင်းသို့ ဆွဲခေါ်ခံကြရမည် ဖြစ်သော်လည်း ဤယင်နတ်ဘုရားများမှာမူ နန်းဆောင်အတွင်း၌ အကြောင်းရင်းမရှိဘဲ သေဆုံးနေကြ၏။
ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော အသံတစ်ခုက ကျိယွမ်၏ နားနားတွင် တိုးတိုးလေးမေးလာ၏။
"ငါ့အချစ်လေး.. ဒီအံ့အားသင့်စရာကို သဘောကျရဲ့လား"
ကျိယွမ်က မိုလီကို ဆက်ကနဲလှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ဒေါသရိပ်များ လွှမ်းမိုးနေသည်။
"မင်း ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျိယွမ်သည် အလွန်ဒေါသထွက်နေပြီး လူ့နှလုံးသား၏ကောက်ကျစ်မှုကို သူ လျှော့တွက်ခဲ့မိသည်ဟု ခံစားရကာ မကျေမနပ်ဖြစ်နေ၏။
လူ့နှလုံးသား၏ မကောင်းမှုသည် အကန့်အသတ် မရှိပေ။မပြောပလောက်သောကိစ္စလေးနှင့် ရက်ရက်စက်စက်ပြုမူတတ်ကြသည်။
ဤကျင့်ကြံခြင်းလောက၏ ပတ်ဝန်းကျင်ကို သူ သန့်စင်ပေးရန် လိုအပ်နေလေပြီ။
မိုလီကတော့ သွေးဝတ်စုံဓားနတ်ဘုရား၏ တုံ့ပြန်မှုကို သဘောကျသွားပြီး တဟင်းဟင်းရယ်မောလိုက်မိသည်။
သန်မာသော ပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ ဒေါသ သို့မဟုတ် ထိတ်လန့်မှုများကို မြင်တွေ့ရခြင်းကို သူမ မြတ်နိုး၏။
"မင်းက ငါ ငြင်းပယ်ခံရမှာကို ကြောက်ပြီး ဒီလူတွေ မြင်သွားမှာကို ရှက်လို့ ဒေါသထွက်ပြီး သူတို့ကို သတ်လိုက်တာလား"
"မင်းက... ငါ့ကို ချစ်ဖို့ မထိုက်တန်ဘူး။
မင်းရဲ့ ဖွင့်ပြောမှုကို ငါ ငြင်းတယ်"
ကျိယွမ်က အလွန်ဒေါသထွက်လျက် စိတ်ပျက်စွာ ပြောလိုက်သည်။
မိုလီက သူမ၏ ဖွင့်ပြောမှု ကျရှုံးမည်ကို ကြိုသိနေသဖြင့် ကြည့်ရှုသူများကို ကြိုတင်သတ်ဖြတ်ထားခြင်းဟု သူတွေးမိလိုက်၏။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူမသည် လူအများရှေ့၌ အရှက်ရစရာ မရှိတော့ပေ။
"ဟင်"
မိုလီမှာ ကျိယွမ်၏ ရွှေဉာဏ်တော်နက်ရှိုင်းမှုကို မှင်တက်သွားသည်။
ကျိယွမ်၏ စွပ်စွဲမှုကို သူမ နားမလည်ပါ။
သူက ဘာလို့ ဒေါသပဲထွက်နေရတာလဲ၊
သူသည် ယခုအချိန်တွင် အလွန်ထိတ်လန့်နေရမည် မဟုတ်ပါလား။
"ဒီလောက် စိတ်ပုပ်တဲ့လူတစ်ယောက်ရဲ့ အချစ်ကို ခံရတာက ငါ့ကို ရွံရှာစေတယ်"
ကျိယွမ်က ဒေါသတကြီး ထွီခနဲထွေးလိုက်သည်။
မိုလီမှာ လုံးဝ စကားမဲ့သွားရ၏။
သွေးဝတ်စုံဓားနတ်ဘုရား၏ တွေးခေါ်ပုံက သူမတကယ်ပင် လိုက်၍မမှီနိုင်ပါ။
ထိုအချိန်တွင် ယောက်ျားသံတစ်ခုက ကျိယွမ်၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။
"ငါ့သူငယ်ချင်း...မင်းရဲ့ လုပ်ရပ်တွေက... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"
ထိုစကားသံကြားသည်နှင့် ကျိယွမ်၏ ဘယ်ဘက်မျက်ခုံးက ထပ်မံ၍ သိသိသာသာလှုပ်ခတ်သွား၏။ဘယ်ဆိုဆု ၊ ညာဆို အန္တရာယ် တဲ့ ။
ဆုချမဲ့သူ လာတာလား။
သူ ချက်ချင်းလှည့်ကြည့်လိုက်သောအခါ လေထဲတွင်ထောင်မတ်နေသောရှေးဟောင်းမှန်တစ်ချပ်ကို သူ မြင်လိုက်ရ၏။
ရှေးဟောင်းမှန်၏ မျက်နှာပြင်တွင် သွေးကွက်များ စွန်းထင်နေပြီး မှန်ဘောင်ကို ကြေးညိုဖြင့် ပြုလုပ်ထားကာ ထူးဆန်းသော ပုံစံများ ထွင်းထုထားသည်။
[ထျန်းခွန်း ရှေးဟောင်းမှန်၊ ကောင်းကင်ဘုံကိုးခုမှ ရတနာတစ်ခုဖြစ်ပြီး နိမိတ်မကောင်းသော သွေးများစွန်းထင်နေသည်။]
ရှေးဟောင်းမှန်အတွင်းတွင် ကျောခိုင်းကာရပ်နေသော အမျိုးသားတစ်ဦး ရှိနေ၏။
ကျိယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
"မင်းက ဘာလို့ ငါ့ကို ကျောခိုင်းထားတာလဲ၊ မင်းက သတ္တဝါအားလုံးကို ကျောခိုင်းပြီး သူတို့အာရုံကို ဖမ်းစားမလို့လား"
မှန်ထဲမှပုံရိပ်သည် ခဏမျှ မှင်တက်သွားပြီးနောက် ယုံကြည်မှုအပြည့်ရှိသော အသံ ထွက်ပေါ်လာသည်။
"မင်းကို ကြီးမြတ်တဲ့ ကံကြမ္မာတစ်ခု ပေးချင်တာ၊ မင်း အဲဒါကို လက်ခံချင်ရဲ့လားလို့ ငါ သိချင်မိတယ်"
"ဘယ်လို ကံကြမ္မာမျိုးလဲ"
ကျိယွမ်က ဆန္ဒမစောဘဲ အေးအေးဆေးဆေး မေးလိုက်သည်။
"မင်းက ကန်းလန်နယ်မြေမှာ မွေးဖွားခဲ့ပေမဲ့ အဆိပ်မပါဘဲ ကျင့်ကြံနိုင်တယ်၊ ဒါကြောင့် မင်း ကောင်းကင်ဘုံကိုးခုအကြောင်း တစ်ခုခု သိထားမယ်ထင်တယ်"
"အခု ငါ ပေးမယ့် ကံကြမ္မာကတော့... မင်းရဲ့ ခန္ဓာကိုယ်ကို ယူပြီး ကောင်းကင်ဘုံကိုးခုရဲ့ ကျယ်ပြော ခမ်းနားမှုကို ခံစားခိုင်းဖို့ပဲ"
ထိုပုံရိပ်၏ အသံသည် ယုံကြည်မှုများနှင့် ကောင်းကင်ဘုံသို့ပြန်ရန် တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။
"ရိုးရိုးရှင်းရှင်း လူနားလည်အောင် ပြောစမ်းပါ"
ကျိယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး
မှတ်ချက်ချ၏။ တစ်ဖက်လူက မျက်နှာမပြရဲရုံသာမက စကားကိုလည်း လူနားလည်အောင် ပြောတတ်ပုံမရပေ။
"စိတ်ပိုင်းဆိုင်ရာ အမြော်အမြင် နည်းတဲ့လူတွေက စကားကို ရှင်းရှင်းလင်းလင်း မပြောတတ်ရင် ဆွံ့အနေတာပဲ ကောင်းတယ်"
ထိုအချိန်တွင် မိုလီက သွေးဝတ်စုံဓားနတ်ဘုရားကို ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ကျွန်မသခင် ဆိုလိုတာက သူက ရှင့်ရဲ့ ခန္ဓာကိုယ်ကို ခဏငှားပြီး ကောင်းကင်ဘုံကိုးထပ်ကို ယူသွားချင်တာ၊ ပြီးတော့ အဲဒီမှာ ကျွန်မနဲ့အတူ ပျော်ပါးဖို့ပဲ။"
"ဒါက ရှင့်ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေးပဲ၊ ဒီလှောင်အိမ်ထဲကနေ လွတ်မြောက်ပြီး ကောင်းကင်ဘုံရဲ့ ထူးဆန်းအံ့သြဖွယ်တွေကို မျက်ဝါးထင်ထင် တွေ့ရတော့မှာ..."
သူမက ထိုသို့ပြောရင်း အားရကျေနပ်စွာ ပြုံးနေ၏။
"မင်းရဲ့ ညစ်ညမ်းတဲ့ စကားတွေကို ရပ်လိုက်စမ်း၊ ငါ တကယ်ပဲ အော့နှလုံးနာနေပြီ"
ကျိယွမ်၏ချောမောသော မျက်နာက ရှုံ့မဲ့သွားပြီး မိုလီအား ချက်ချင်းတားမြစ်လိုက်သည်။
သူသည် အဆင့်အတန်းနိမ့်သော မိန်းမတစ်ယောက်၏ နှောင့်ယှက်မှုကို ခံနေရကြောင်း ယခုမှပင် နားလည်သွားလေ၏။
သူ့လို ဖြူစင်သောလူငယ်လေးတစ်ယောက်ကို အခြားယောက်ျားတစ်ယောက်ရှေ့တွင် မရှက်မကြောက်မြှူဆွယ်နေခြင်းက သူ့ကို အနည်းငယ် ဒေါသထွက်စေသည်။
ဥပဒေဆိုတာ မရှိတော့ဘူးလား။ငါတို့ယောက်ျားလေးတွေဘဝလည်း လုံခြုံသင့်တာပေါ့ ။
"ပြောရရင် မင်းရဲ့ ခန္ဓာကိုယ်က တော်တော်လေး သာမန်ပါပဲ၊ တကယ်လို့ မင်းက ကန်းလန်နယ်မြေမှာ မွေးဖွားခဲ့တာ မဟုတ်ဘူးဆိုရင် မင်းလို ခန္ဓာကိုယ်မျိုးကို... ငါ လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။
ငါ့ရဲ့ ရွေးချယ်ခံရတာက မင်းအတွက် ဂုဏ်ယူစရာပဲ"
မှန်ထဲမှပုံရိပ်သည် ယုံကြည်မှုအပြည့်ဖြင့် ထပ်ပြောနေသည်။
ကျိယွမ်က စကားပြောရန်ပြင်ပြီးမှ မျက်မှောင်ကြုတ်လိုက်သည်၊ အကြောင်းမှာ သူ၏ ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲနေသည်ကို သတိပြုမိလိုက်သောကြောင့်ပင်။
"ငါက... ရှေးဟောင်းမှန်ထဲ ရောက်သွားတာလား"
သူက ထိုသို့တွေးပြီး ပတ်ဝန်းကျင်အား လေ့လာလိုက်၏။
၎င်းမှာ ပျက်စီးနေသော နံရံများ၊ ပြိုလဲနေသော ကျောက်တိုင်များနှင့် ကြေးညို အပိုင်းအစများ ပြန့်ကျဲနေသည့် ဟောင်းနွမ်းနေသော နန်းတော်တစ်ခု ဖြစ်သည်။
နန်းတော်ထောင့်စွန်းများတွင် နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဖြစ်သော သွေးကွက်မည်းများကို တွေ့ရ၏။
သူ၏ရှေ့တွင်မူ အမျိုးသားတစ်ဦးသည် ညမှောင်မှောင်ထဲမှ တစ္ဆေတစ်ကောင်ကဲ့သို့ ကျောခိုင်းရပ်နေသည်။
နန်းတော်သခင်မမိုလီကတော့ ထိုအမျိုးသားရှေ့တွင် သစ္စာရှိသော ခွေးတစ်ကောင်ကဲ့သို့ ရိုသေစွာ ဒူးထောက်နေ၏။
ကျိယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး မှတ်ချက်ချလိုက်သည်။
"ဒီရတနာက တော်တော်လေး ကောင်းသားပဲ"
"မင်း မျက်စိရှိသားပဲ၊ ဒါက ငါ့အဖေ ငါ့ကိုပေးခဲ့တဲ့ ရတနာလေ"
ထိုသူက ဂုဏ်ယူစွာဆိုသည်။
"မင်းတို့ ဒီမှာ ပါတီတွေ ခဏခဏ ပေးလေ့ရှိတာလား"
သို့သော် ကျိယွမ်က အနံ့ခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
အနံအသက်က...။
"မင်း ဒီရတနာကို ညစ်ပတ်အောင် ယုတ်ယုတ်ကန်းကန်းတွေ လုပ်နေတာလား ၊ ဒီနေရာက အရမ်း ကျယ်တာကို ၊ တကယ်လို့ မင်းက ဒီထဲမှာ စူပါမားကတ်တစ်ခု ဖွင့်ပြီး ရိက္ခာတွေ စုဆောင်းထားမယ်ဆိုရင် ကမ္ဘာပျက်ကြီးလာရင်တောင် အဆင်ပြေမှာ၊ အခုတော့ ဒါကို မဟုတ်တရုတ်နေရာမှာ သုံးနေတာလား၊ တကယ်ကို အမြင်ကျဉ်းတာပဲ"
ကျိယွမ်က စိတ်ပျက်သလို ပြောလိုက်သည်။
ဒီကောင်က ဒီလိုရတနာနဲ့ မတန်ဘူးပဲ။
မှန်ထဲမှ ပုံရိပ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ အသံမှာ မြင့်မြတ်သောအရှိန်အဝါဖြင့် ထွက်ပေါ်လာသည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ မင်း ထျန်းခွန်းမှန်ထဲ ရောက်နေပြီဆိုတော့ ရူးချင်ယောင်ဆောင်နေဖို့ မလိုတော့ဘူး၊ ဒါက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
"မင်းပဲ ရူးချင်ယောင်ဆောင်"
ကျိယွမ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
"မင်းရဲ့ တစ်မိသားစုလုံးကသာ ရူးနေလို့ စိတ်ကျန်းမာရေးလက်မှတ်ရှိမှာ၊ ငါက သာမန်လူ ၊ ဘယ်သူဖြစ်ဖြစ် လက်မှတ်မရှိရင် ဟန်ဆောင်နေလည်း ရူးတယ်လို့ပြောလို့ မရဘူး ၊ ရူးဖို့ဆို လက်မှတ်လိုတယ် "
မှန်ထဲမှလူ အနည်းငယ်ကြောင်သွားသည်။ သူပြောတာက ထိုအဓိပ္ပါယ်မျိုး မဟုတ်ပေ။
"ဟားဟား ဟားဟား ၊ လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက်ကို သတ်နိုင်သွားတော့ မင်းကိုယ်မင်း ကန်းလန်နယ်မြေမှာ နံပါတ်တစ်လို့ ထင်ပြီး ဘောင်ကျော်နေတာလား။"
"ကံမကောင်းတာက မင်းရဲ့ အသိဉာဏ်က အကန့်အသတ် ရှိနေတယ်၊ မင်းရဲ့ အခု ယုံကြည်ချက်တွေက ငါ့အတွက်တော့ ရယ်စရာပဲ။ မင်း ဘယ်လို တည်ရှိမှုမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာ မင်း မသိသေးဘူး"
မှန်ထဲမှ ပုံရိပ်က ဟိန်းဟောက်လိုက်သည်။
ပြောရလျှင် သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့ လူမျိုးများကို သူ အကြိမ်ကြိမ် တွေ့ဖူးသည်။
ကမ္ဘာတစ်ခုတွင် မာန်တက်နေပြီး သူတို့ကိုယ်သူတို့ အနိုင်မရနိုင်သူများဟု ထင်မှတ်ကာ ရိုသေမှုမရှိဘဲ မာနထောင်လွှားနေကြသူများ ဖြစ်၏။
လူထက်လူ ရှိသကဲ့သို့ ဘုံထက်ဘုံ ရှိသည်ကို သူတို့ မသိကြပေ။
"မင်းလည်း ဟိုငှက်စုတ်လို အထက်ဘုံကပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ မင်းရဲ့ စကားတွေက မာနတွေနဲ့ ပြည့်နေတာပဲ"
ကျိယွမ် သဘောပေါက်သွားလေပြီ။
ဤလူသည် လီချိုးရှန်နှင့် တူလှ၏။ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသူများလားဟုပင် သူတွေးမိသည်။သို့မဟုတ် ဖအေတူ မအေကွဲလည်းဖြစ်နိုင်၏။
"နင်က တော်တော်လေး သိတာပဲ၊ ငါ့သခင်က အထက်ဘုံကဖြစ်ပြီး ယန်နတ်ဘုရားတစ်ပါးရဲ့ မျိုးဆက်ပဲ"
မိုလီက အလွန်လေးစားအားကျသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အခုတော့ ငါ့သခင်ရဲ့ အထောက်အထားကို သိပြီဆိုတော့ ဘာလို့ ဒူးမထောက်သေးတာလဲ"
မိုလီက အေးစက်စွာ အော်ဟစ်လိုက်သည်။သူမက ရှေးဟောင်းမှန်ထဲသို့ရောက်သည်နှင့် နင်တွေ ငါတွေနှင့် အချိုးကသိသိသာသာ ပြောင်းသွား၏။
သို့သော် ကျိယွမ်က မတတ်နိုင်သလို သက်ပြင်းချသည်။
"လွန်ခဲ့တဲ့ သုံးရက်က အထက်ဘုံက မောက်မာနေတဲ့ကောင်တစ်ယောက်ကို ငါ သတ်ခဲ့ရသေးတယ်၊ ဒီနေ့ နောက်တစ်ယောက် ထပ်သတ်ရမယ့်ပုံပဲ။"
" နှမြောစရာပါလား၊မင်းတို့ အထက်ဘုံရဲ့ပတ်ဝန်းကျင်က ဒီလောက်အထိ ပျက်စီးနေပြီလား"
ကျိယွမ်က သက်ပြင်းချရင်းမှ အပေါ်သို့မော့ကြည့်သည်။
"အထက်ဘုံကို အမြန်သွားဖို့ လိုအပ်နေပြီ ထင်တယ်၊ အဲဒီက ပတ်ဝန်းကျင်ကို ငါမူလနတ်ဘုရားက သန့်စင်ပေးဖို့လိုနေပြီ"
"တော်စမ်း...အခုထိ ရူးချင်ယောင်ဆောင်နေတုန်းပဲ"
မှန်ထဲမှလူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံတွင် ဒဏ္ဍာရီလာ အဆင့်ရှိ ကျင့်ကြံသူတစ်ဦးကိုပင် တုန်လှုပ်စေနိုင်သော ဝိညာဉ်တိုက်ခိုက်မှု ပါဝင်၏။
ဟိန်းဟောက်သံနှင့်အတူ ထိုပုံရိပ်သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ အလွန် ချောမောသော မျက်နှာတစ်ခု ပေါ်လာသည်။
၎င်းကို မြင်သောအခါ ကျိယွမ် အလွန်ဒေါသထွက်သွား၏။
"ဒီကောင်စုတ်၊ မင်းက ငါ့မျက်နှာကို သုံးနေတာလား"
သူ ဒေါသမထွက်ဘဲ မည်သို့နေနိုင်မည်နည်း။
ဒီကောင်က လေကြီးမိုးကြီးတွေပြောပြီး ၊ လက်တွေ့ကြတော့ ငါ့မျက်နှာက်ုတောင် ခိုးသုံးနေတာပဲ။
မှန်ထဲမှ ပုံရိပ် အသုံးပြုထားသော မျက်နှာမှာ သူ၏မျက်နှာပင်မဟုတ်ပါလား။
"ငါ့သခင်ရဲ့ ဝိညာဉ်ခိုးယူအတတ်ထဲကို ကျရောက်နေတာတောင် နင်က ရုန်းကန်ချင်သေးတာလား"
မိုလီက သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ မှန်ထဲမှ ပုံရိပ်ကို ရိုသေစွာ ကြည့်ရင်း ပြောလိုက်သည်။
"ငါ့သခင်က နင့်ရဲ့ မူလဒန်တျန်ထဲကို ဝင်ပြီး နင့်ရဲ့စိတ်ဝိညာဉ်ကို ဝါးမြိုမယ်၊ ပြီးရင်နင့်ရဲ့ အသိစိတ်ပင်လယ်ကို သိမ်းပိုက်ပြီး နင့်ဆီက အရာအားလုံးကို ယူနိုင်တယ်"
"သူလိုသူခိုးက ထိုက်တန်လို့လား"
ကျိယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ငါ့အဖေ ယန်နတ်ဘုရားကိုယ်တိုင် လုပ်ပေးခဲ့တာ။ ကောင်းကင်ဘုံကို ထင်ဟပ်စေတဲ့ ဒဏ္ဍာအဆင့် ဖြစ်နေရင်တောင် ငါ အလွယ်တကူ သိမ်းပိုက်နိုင်တယ်"
မှန်ထဲမှ ပုံရိပ်သည် ယုံကြည်မှုအပြည့် ရှိ၏။
တစ်ခါက အထက်ဘုံတွင် သူသည် လနတ်ဘုရားဘိုးဘေးကို စကားဖြင့် ပြစ်မှားခဲ့ဖူးသဖြင့် လနတ်ဘုရားဘိုးဘေးက ဒေါသတကြီးဖြင့် ဘုံနှစ်ဘုံကိုပင် ဖြတ်ကျော်၍ သူ့ကိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည်။
ယန်နတ်ဘုရား တစ်ပါးဖြစ်သော သူ၏ ဖခင်သည် သူ၏ဝိညာဉ်ကို ပြန်လည်ပြုပြင်ရန်အတွက် အရင်းအမြစ်အမြောက်အမြား အသုံးပြုခဲ့ရပြီး အထူးပြုပြင်မှုများ ပြုလုပ်ကာ ထျန်းခွန်းမှန်အတွင်း ထည့်သွင်းပေးခဲ့၏။
သို့သော် လနတ်ဘုရားကို ပြစ်မှားခဲ့သဖြင့် သူသည် ကောင်းကင်ဘုံတွင် ဆက်နေ၍ မရတော့ပေ။ ထို့ကြောင့် အောက်ဘုံသို့ ဆင်းကာ သူ၏ဘဝကို ပြန်စရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
သို့သော် မထင်မှတ်ဘဲ ထျန်းခွန်းမှန်က သူ့ကို ဒဏ္ဍာရီလာကန်းလန်နယ်မြေသို့ ပို့ဆောင်ပေးလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။
ယခုအချိန် သတင်းများအရ လနတ်ဘုရား နန်းတော်နှင့် မဟာတောရိုင်းနန်းတော်တို့ စစ်ဖြစ်နေပြီး လနတ်ဘုရားနန်းတော်က အရေးနိမ့်နေသဖြင့် သူသည် အထက်ဘုံသို့ ပြန်ရန် ကြံစည်နေသည်။
ကံမကောင်းစွာဖြင့် ယန်နတ်ဘုရားဖြစ်သော သူ၏ဖခင်ကပင် သူ့ကို ကန်းလန်နယ်မြေမှ ပြန်လည် မခေါ်ဆောင်နိုင်ဖြစ်နေ၏။
ထို့ကြောင့် သူသည် သွေးဝတ်စုံဓားနတ်ဘုရား၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ အထက်ဘုံသို့ ပြန်ရန် စီစဉ်ခဲ့ရတော့သည်။
"မင်းလို သာမန်ခြေခြောက်လှမ်းအဆင့် မဟာအုပ်စိုးရှင်လေးက ငါ့ကို ဘယ်လိုလုပ် ခုခံရဲတာလဲ"
မှန်ထဲမှ ပုံရိပ်သည် ဟိန်းဟောက်ကာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ကျိယွမ်၏ မူလဒန်တျန်အတွင်းသို့ အတင်းတိုးဝင်စေလိုက်သည်။
"ဒါဆိုရင်လည်း ငါ မခုခံတော့ဘူး"
ကျိယွမ်က ခဏမျှ စဉ်းစားပြီးနောက် မခုခံရန် ဆုံးဖြတ်လိုက်သည်။
မိုလီ၏ မျက်လုံးများတွင် အပြုံးများ ပြည့်နှက်သွား၏။
"ပညာရှိတဲ့လူက အခြေအနေကို သိတယ်၊ နင့်ရဲ့ ခန္ဓာကိုယ်ကို ငါ့သခင် အသုံးပြုတာက နင့်ဘဝရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပဲ"
သို့သော် နောက်တစ်စက္ကန့်တွင် ရှေးဟောင်းမှန်အတွင်း၌ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
"အား... အဲဒါ ဘာကြီးလဲ... မဟုတ်ဘူး... မိစ္ဆာတစ်ကောင်ပဲ"
ကျိယွမ်၏ မူလဒန်တျန်အတွင်းသို့ ဝင်သွားသော အသိစိတ်သည် ယုန်တစ်ကောင်ကဲ့သို့ အပြင်သို့ ပြန်ပြေးထွက်လာ၏။
တစ်စက္ကန့်ပင် မပြည့်မီ ပြန်ထွက်လာသော်လည်း ထိုဝိညာဉ်ခန္ဓာကိုယ်မှာ စုတ်ပြတ်သတ်နေပြီး တစ်ကိုယ်လုံးတွင် အပေါက်များ ဖြစ်နေသည်။ သူ၏ မျက်လုံးများမှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
မှန်ထဲမှ ပုံရိပ်သည် အလွန်အမင်း ထိတ်လန့်နေသည်။
သူ မြင်လိုက်ရသည်ကို သူ နားမလည်နိုင်ပေ။
အထဲ၌ အတိအကျရေတွက်မရနိုင်သော စိတ်ဝိညာဉ် ငါးထောင်ခန့်ကို သူရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။
သွေးဝတ်စုံဓားနတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းတွင် စိတ်ဝိညာဉ် ငါးထောင်ကျော် ရှိနေခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ အကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။
သူ့ကို အကြောက်ရဆုံး ဖြစ်စေသည်မှာ ထိုစိတ်ဝိညာဉ် ငါးထောင်စီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ၏ အရှိန်အဝါထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုမို သန်မာနေခြင်းပင်။
သူသည် စိတ်ဝိညာဉ်များကို ရင်ဆိုင်နေရသည် မဟုတ်ဘဲ ယန်နတ်ဘုရား အဆင့်သို့ ရောက်ခါနီး တည်ရှိမှု ငါးထောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရ၏။
သူ မည်သို့ မထိတ်လန့်ဘဲ နေနိုင်ပါမည်နည်း။
" ဘာလို့ထွက်ပြေးတာလဲ"
"မင်းရဲ့ မှတ်ဉာဏ်တွေကိုလည်း ငါ စိတ်ဝင်စားပါတယ်"
"အထက်ဘုံရဲ့ ပတ်ဝန်းကျင်က တကယ်ပဲ အဲဒီလောက် ပုပ်သိုးနေတာလားဆိုတာ ငါ ကြည့်ချင်တယ်"
ကျိယွမ်က ထိုသို့ဆိုရင်းမျက်မှောင်ကြုတ်လိုက်ရာ သူ၏ မူလဒန်တျန်မှာ တုန်ခါသွားလေသည်။
ထိုအခါ ထွက်ပြေးနေသောပုံရိပ်၏ ဝိညာဉ်ခန္ဓာကိုယ်သည် ကြီးမားသော ဆွဲအားတစ်ခုက သူ့ကို ပြန်ဆွဲနေသကဲ့သို့ ရပ်တန့်သွားလေ၏။
ထိုခဏတွင် သူ၏ ဝိညာဉ်ခန္ဓာကိုယ်သည် ကျိယွမ်၏ ဒန်တျန်အတွင်းသို့ ပြန်လည် စုပ်ယူခြင်း ခံလိုက်ရတော့သည်။
"မဟုတ်ဘူး၊ ကျေးဇူးပြုပြီး..."
အလွန်ပြင်းထန်သောဝေဒနာ ခံစားနေရသော အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။
ထိုပုံရိပ်သည် အလွန်အမင်း ထိတ်လန့်နေသည်။
"မင်းက ဘယ်လို မိစ္ဆာမျိုးလဲ"
သူ့ရှေ့မှ မြင်ကွင်းသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး
သူ၏ ဖခင်ကိုယ်တိုင် ဤနေရာတွင် ရှိနေလျှင်ပင် သူ မြင်တွေ့နေရသည်ကို နားလည်နိုင်မည် မဟုတ်ပေ။
"ငါက မိစ္ဆာမဟုတ်ဘူး၊ ငါက ယဉ်ကျေးမှုရဲ့ ရှေ့ဆောင်လမ်းပြပဲ"
ကျိယွမ်၏ အကြည့်ကအေးစက်သွားသည်။
"မှန်ထဲကကောင် ၊ အထက်ဘုံရဲ့ ပတ်ဝန်းကျင်ကို သန့်စင်ဖို့အတွက် မင်း လို သူခိုးကြမ်းပိုးက သေကိုသေရမယ်"
စိတ်ဝိညာဉ် ငါးထောင်စလုံး တစ်ပြိုင်နက် တုန်ခါသွားပြီး ထိုပုံရိပ်၏ မာနနှင့် ထောင်လွှားမှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ကြီးမားသော ဖိအားတစ်ခုက သူ့ကို လွှမ်းမိုးသွားပြီး ခုခံနိုင်စွမ်း မရှိတော့ပါ။
ယန်နတ်ဘုရား တစ်ပါးမှ ပြုပြင်ပေးထားသော သူ၏ဝိညာဉ်ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး
မှတ်ဉာဏ် အမြောက်အမြားသည် ကျိယွမ်၏ စိတ်ထဲသို့ စီးဝင်လာသည်။
"အထက်ဘုံက နောက်တစ်ယောက်တော့ ရှင်းသွားပြီ"
ကျိယွမ်က ထိုသို့ဆိုရင်း ကျေနပ်သွား၏။
ထို့နောက် သူ၏အကြည့်က အချိူးပြောင်းသွားသော မိုလီထံသို့ရောက်ရှိသွားသည်။ သူ၏မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်မှာ လင်းလက်လာ၏။
"ဒါဆိုရင် ပြီးခဲ့တဲ့ အခေါက်က ငါ့ရှေ့မှာတင် လူတွေကိုသတ်ခဲ့တာ နင်ပေါ့
နင်နဲ့ အဲဒီသူခိုးက တော်တော် လိုက်ဖက်တာပဲ"
သူက မိုလီအားစပ်ဆုပ်သလို ကြည့်လိုက်သည်။
မိုလီက ကျိယွမ်ကို နာကျင်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများနှင့်ကြည့်ကာ အော်ဟစ်လေ၏။
"ငါ့သခင်ကို နင် ဘာလုပ်လိုက်တာလဲ၊ သူ့ကို လွှတ်လိုက်စမ်း"
သို့သော် ချက်ချင်းလိုလိုပင် သူမ၏ ဒေါသသည် အသနားခံမှုသို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်ရည်များ ဝဲကာ သူမ၏ အဝတ်အစားများကို တစ်ဝက်ခန့် ချွတ်လိုက်သည်။
"ငါ့သခင်ကို လွှတ်ပေးပါ၊ ငါ့ကို နင်ကြိုက်တာလုပ်လို့ ရပါတယ်၊ ကျေးဇူးပြုပြီး"
သူမ၏နှလုံးသားထဲတွင် ထိုပုံရိပ်သည် အလွန်အရေးကြီးသော နေရာတွင် ရှိနေပြီး မည်သို့မှ အဆုံးရှုံးမခံနိုင်ပါ။
"ရွံစရာတွေ.."
ကျိယွမ်က မသတီသလိုနှာခေါင်းရုုံ့ကာ လက်တစ်ချက်ဝှေ့ယမ်းလိုက်၏။
လူမသိသူမသိယုတ်မာတတ်သော မိုလီ၏ ဝိညာဉ်သည် ထိုခဏတွင်ပင် ဆွဲထုတ်ခြင်း ခံလိုက်ရပြီး မှန်ထဲမှပုံရိပ်နှင့်အတူ သေဆုံးသွားတော့သည်။
မိုလီကို သတ်ဖြတ်ပြီးနောက် ကျိယွမ်၏ အကြည့်များက နက်ရှိုင်းသွား၏။
"သူက တကယ်ပဲ အထက်ဘုံက ဖြစ်နေတာကိုး... ပြီးတော့ လနတ်ဘုရားကို တောင် ပြစ်မှားခဲ့သေးတယ်..."
.......
မသိသော နေရာတစ်ခုတွင် ကျိယွမ်၏ မူလမျိုးစေ့မှာ အပင်ပေါက်နေပြီ ဖြစ်သည်။
အဖြူရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် သူမ၏ မျက်မှန်ကိုပြင်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
"ပြင်းထန်တဲ့စိတ်ချောက်ချားမှု... ပြင်းထန်အဆင့်... ဒီလက်မှတ်ကို သေချာ သိမ်းထားပါ၊ ဒါနဲ့ လူမှုရေး အကူအညီတွေ ရနိုင်ပါတယ်"
ထိုအမျိုးသမီးသည် "ပြင်းထန်သော စိတ်ဝေဒနာရှင်" ဟု မှတ်သားထားသော လက်မှတ်တစ်ခုကို စားပွဲပေါ်တွင် တင်ပေးလိုက်၏။
သူမ၏ မျက်လုံးများတွင်တော့ သနားဂရုဏာရိပ်များ ပေါ်နေခဲ့သည်။
လူနာ၏ မိဘများမှာ တိုက်ပွဲတွင် သေဆုံးခဲ့ပြီး စက်ရုပ်လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာကာ စိတ်ဝေဒနာ ခံစားနေရရှာသည်။
"အင်း ..ဒီကျိယွမ်ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ တကယ်ကို ဝမ်းနည်းစရာကောင်းတာပဲ"
.................