ငါ့ကို လူအ မှတ်နေလား
Vol. 24 Ch. 267
ရှေးဟောင်းမှန်ချပ်အတွင်းမှ ကျောခိုင်းထားသော အမျိုးသား၏ မှတ်ဉာဏ်များသည် ကျိယွမ်၏ အသိစိတ်ထဲသို့ ဆက်လက်စီးဝင်နေခဲ့သည်။
"ဒီကောင်မျိုးက ယန်နတ်ဘုရားရဲ့ မျိုးဆက်လား ၊ ဘာမှသုံးမရတဲ့ကောင်ပဲ"
ကျောခိုင်းထားသောအမျိုးသား၏ ဖခင်သည် အမှန်တကယ်ပင် ယန်နတ်ဘုရားတစ်ပါးဖြစ်သော်လည်း
ထိုအမျိုးသားကိုယ်တိုင်ကမူ ကာမဂုဏ်ခံစားမှုနောက်သာ လိုက်နေသည့် အသုံးမကျသော သူဌေးသား ဒုတိယမျိုးဆက် တစ်ဦးသာဖြစ်နေ၏။
အသုံးမကျဖြစ်ရုံသာမကဘဲ သူသည် ကာမရမ္မက် အလွန်ကြီးမားသူလည်းဖြစ်ပြန်သည်။
သူ၏အဖေအုပ်ချုပ်သော မြင့်မြတ်နယ်မြေတွင်ရှိသည့် အမျိုးသမီးများသာမက အမျိုးသားများစွာပင် သူ၏ ဖျက်ဆီးမှုကို ခံခဲ့ရ၏။
သူသည် ဖခင်ကိုအားကိုးကာ တစ်နေ့ထက်တစ်နေ့ ပိုမိုရဲတင်းလာခဲ့သည်။
တစ်နေ၌ လနတ်ဘုရား ဘိုးဘေးသည် အလယ်ပိုင်း ကောင်းကင်ဘုံသုံးခုတွင် အလှပဆုံး အမျိုးသမီးဖြစ်ကြောင်း သူသိရှိသွားပြီး သူမအပေါ် ညစ်ညမ်း စကားများကိုသုံးကာ ပါးစပ်အရသာခံခဲ့လေ၏။
ထိုသတင်းသည် လနတ်ဘုရား ဘိုးဘေး၏ နားထဲသို့ တစ်ဆင့်စကားဖြင့် ရောက်ရှိသွားခဲ့ပြီး ဒေါသထွက်စေခဲ့သည်။
ထို့ကြောင့် လနတ်ဘုရား ဘိုးဘေးသည် ကောင်းကင်ဘုံအဆင့်များစွာ ဝေးကွာနေသော်လည်း ဘုံများကိုဖြတ်ကျော်ကာ တိုက်ရိုက်အရေးယူပြီး သူ့ကို သတ်ဖြတ်ပစ်လိုက်၏။
သူ၏ဖခင်က ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ ယန်နတ်ဘုရားအဆင့်ရှိ ထျန်းခွန်းရှေးဟောင်းမှန်ကို အသုံးပြု၍ သားဖြစ်သူ၏ ဝိညာဉ်အပိုင်းအစကို ကယ်တင်ကာ ပြုစုပျိုးထောင်ပေးခဲ့ရသည်။
သို့သော်လည်း သူ၏ဖခင်သည် ဤကိစ္စကို လနတ်ဘုရားဘိုးဘေး သိရှိသွားမည်ကို စိုးရိမ်သဖြင့် ထျန်းခွန်း ရှေးဟောင်းမှန်ကို အောက်လောကသို့ ပစ်ချလိုက်ရာ တိုက်ဆိုင်မှုများစွာဖြင့် ကန်းလန်နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
"အထက်လောကက အဲ့ဒီလောက်တောင် ရှုပ်ထွေးတာလား"
ကျောခိုင်းထားသော အမျိုးသား၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ကျိယွမ်သည် အထက်လောကနှင့် ပတ်သက်၍ နားလည်မှုများစွာ ရရှိခဲ့သည်။
အထက်လောကဆိုသည်မှာ ကမ္ဘာတစ်ခုတည်း မဟုတ်ဘဲ မရေမတွက်နိုင်သော ကမ္ဘာများ စုစည်းထားသည့် အခေါ်အဝေါ်တစ်ခု ဖြစ်၏။
ယန်နတ်ဘုရားတစ်ပါး အုပ်ချုပ်သည့် မြင့်မြတ်နယ်မြေတစ်ခုကပင် ကမ္ဘာပေါင်းအနည်းငယ်မှ ထောင်ပေါင်းများစွာအထိ စိုးမိုးနိုင်သည်။
အထက်လောကရှိ အချို့သော ကမ္ဘာများသည် ကန်းလန် နယ်မြေလောက်ပင် အစွမ်းမထက်ကြပေ။
ဝိညာဉ်စွမ်းအင် သိပ်သည်းမှုအပေါ် မူတည်၍ အထက်လောကကို ကောင်းကင်ဘုံကိုးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ အောက်ပိုင်းသုံးဆင့်၊ အလယ်ပိုင်းသုံးဆင့်နှင့် အထက်ပိုင်းသုံးဆင့် တို့ဖြစ်သည်။
ကျောခိုင်းထားသော အမျိုးသား၌ အထက်ပိုင်းကောင်းကင်ဘုံ သုံးဆင့်နှင့် ပတ်သက်သောမှတ်ဉာဏ် အနည်းငယ်သာ ရှိသည်။ ထိုသုံးဆင့်ကို စစ်မက်ထူပြောရာနယ်မြေဟုသာ သူလည်းသိရှိထားသည်။
ကောင်းကင်ဘုံ အဆင့်မြင့်လေ၊ မြင့်မြတ်နယ်မြေများက ပိုမိုအစွမ်းထက်လေ ဖြစ်သည်။
"လနတ်ဘုရားနန်းတော်တဲ့၊ကျင်းလီ ရှိနေတဲ့ အဖွဲ့အစည်းပဲ..."
ကျိယွမ် တီးတိုးရေရွတ်လိုက်၏။
မှန်ထဲမှအမျိုးသားကို သတ်လိုက်ခြင်းဖြင့် လနတ်ဘုရားနန်းတော်၏သတင်းများ သိရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လနတ်ဘုရားဘိုးဘေးသည် လနတ်ဘုရားနန်းတော်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
"ပြီးတော့ ငါ့ရဲ့ ဆရာကရော လနတ်ဘုရား နန်းတော်နဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာပါလိမ့်"
သူ၏ ဆရာမဖြစ်သူ ရွမ်ယူချမ်းသည် လနတ်ဘုရား နန်းတော်၏ အမှတ်အသားဖြစ်သော ‘လတံဆိပ်’ တစ်ခုကို ထားရစ်ခဲ့၏။
ဆိုလိုသည်မှာ သူ၏ဆရာမသည်လည်း လနတ်ဘုရား နန်းတော်နှင့် နက်ရှိုင်းသော ပတ်သက်မှု ရှိနေခြင်းပင်။
"ဒါဆို... ငါ့ဆရာက ကျင်းလီများ ဖြစ်နေမလား"
ကျိယွမ် ထိုသို့ခန့်မှန်းကြည့်ပြီးမှ ခေါင်းခါလိုက်သည်။
ကျင်းလီ၏ စရိုက်အရဆိုလျှင် သူက ကျိယွမ်မှန်း သိနေပါက သူ့ဆီသို့ လာတွေ့မည်မှာ အသေအချာပင်။ယခုလို တောင်တတ်ခွင့်ပိတ်ထားတာမျိုးဆို ပို၍ပင်မဖြစ်နိုင်ပေ။
"ဘာပဲဖြစ်ဖြစ်၊ ငါကတော့ ဒီလနတ်ဘုရား နန်းတော်နဲ့ ခွဲခွာလို့မရတဲ့ သံယောဇဉ် ရှိနေပြီပဲ။"
"ကျောခိုင်းထားတဲ့ကောင်၊ ငါ အထက်လောကကိုသွားပြီး ညစ်ပတ်တဲ့အငွေ့အသက်တွေကို သန့်စင်တဲ့အခါ မင်းအဖေကနေ စလိုက်မယ်။"
"ပြီးတော့ ငါက လူကောင်းတစ်ယောက်ပါ၊ ဆံပင်ဖြူတဲ့သူတွေက ဆံပင်နက်တဲ့သူတွေကို ပို့ဆောင်ပေးရတာမျိုးကို ငါ မကြည့်ရက်ဘူး၊ အဲ့ဒါကြောင့် မင်းတို့အားလုံး ပြန်ဆုံအောင် ငါ လုပ်ပေးပါ့မယ်။"
(မိဘတွေက သားသမီးတွေကို အသုဘပို့ခြင်းကို ဆိုလိုသည်)
ကျိယွမ်၏ပုံရိပ်သည် လွင့်ပြယ်သွားပြီး ထျန်းခွန်းရှေးဟောင်းမှန်ထဲမှ ထွက်လာခဲ့သည်။
သူက ရှေးဟောင်းမှန်ကိုသိမ်းယူရန်ပြင်လိုက်ပြီးမှ တစ်ခုခုကိုတွေးမိကာ ရပ်တန့်သွား၏။
"ငါ ဒီမှန်ကို သိမ်းထားရင်... ငါ အထက်လောကကို ရောက်တဲ့အခါ ကျောခိုင်းထားတဲ့ကောင်ရဲ့အဖေနဲ့နီးတဲ့နေရာမျိုးဆိုရင် သူ့အဖေက ငါ့ကို အာရုံခံနိုင်မှာလား"
ထိုကိစ္စသည် ပေါ့ဆ၍မရသော အရာဖြစ်သည်။ သူမသိလိုက်ဘဲ ပစ်မှတ်အထားခံသွားရနိုင်၏။
"ဒါပေမဲ့ ဒီမှန်ကို လွှင့်ပစ်လို့လည်း မဖြစ်ဘူး"
ထျန်းခွန်းရှေးဟောင်းမှန်သည် ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်သော အစွမ်းထက်သည့် ရတနာတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့်လည်း ကျောခိုင်းထားသော အမျိုးသားသည် ယခုအချိန်ထိအသက်ရှင်နေနိုင်ခြင်းပင်။
"ငါ့ရဲ့စိတ်ဝိညာဥ်တွေကို ရှေးဟောင်းမှန်ထဲ ထည့်ထားလို့ ရတာပဲ။ ပြောမရဘူး... သူတို့ရဲ့ မူလဝိညာဉ်တွေ နိုးထလာနိုင်တယ်။"
ဖန်ထုန်နယ်မြေမှ မူလဘူတနတ်ဘုရားများအားလုံးသည် သူ၏စိတ်ဝိညာဉ်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
လောလောဆယ်တွင် ၎င်းတို့မှာ အိပ်ပျော်နေသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပြီး အစွမ်းအပြည့် မထုတ်နိုင်သေးပေ။
၎င်းတို့ အပြည့်အဝ နိုးထလာသောအခါမှသာ စွမ်းအားများကို ပြန်လည် ရရှိလာကြပေလိမ့်မည်။
ထို့အပြင် ကျိယွမ် အထက်လောကသို့ ရောက်ရှိသွားပြီး အချိန်လည်းအလုံအလောက် ရရှိပါက ဤစိတ်ဝိညာဉ်များသည် ယန်နတ်ဘုရား အဆင့်သို့ပင် တက်လှမ်းနိုင်ကြမှာ သေချာ၏။
"စုပ်ယူစမ်း"
ကျိယွမ်က သူ၏လက်ဝှေ့ယမ်းလိုက်သည်။
ထျန်းခွန်းရှေးဟောင်းမှန်သည် ကျုံ့သွားပြီး သူ၏မူလဒန်တျန်ထဲသို့ ဝင်ရောက်သွား၏။
သူက ကျေနပ်စွာ မှတ်ချက်ချသည်။
"ငါ အခုသာ ကမ္ဘာမြေကို ပြန်သွားရင် ဘယ်လို အစားထိုး ခွဲစိတ်မှုမျိုးမဆို လုပ်နိုင်တဲ့ အံ့မခန်း ဆရာဝန်ကြီး ဖြစ်နေမှာ သေချာတယ်"
သို့သော် ကျိယွမ်က တစ်ခုခုကို သတိရသွားပြီး ခေါင်းယမ်းမိ၏။
ငါကဆေးပညာမှ နားမလည်တာ၊ လက်မှတ်လည်းမရှိဘူးလေ ၊ လူနာတွေ့ရင်တောင် သူကဘာရောဂါဖြစ်နေလဲ ငါသိမှာ မဟုတ်ဘူး။
သို့သော် ဤပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါသည်။
"ငါသာ ဆရာဝန် ဖြစ်လာရင် လူတိုင်းကို ကျောက်ကပ်အားနည်းတဲ့ရောဂါလို့ပဲ ရောဂါသတ်မှတ်ပေးလိုက်မယ်"
မည်သူ့ကိုမဆို " ကျောက်ကပ်အားနည်းနေတယ်" ဟု ပြောခြင်းမှာ မည်သည့်အချိန်မဆို လုံးဝမမှားနိုင်သော ဆေးချက်ပင် မဟုတ်ပါလား။
ကျိယွမ်သည် သူ၏ ဉာဏ်ကောင်းမှုကို သဘောကျနေမိသည်။
"ဝင်ကြစမ်း"
သူက နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ပြန်သည်။
ငါးထောင်ခန့်ရှိသော စိတ်ဝိညာဉ်များသည် သူ၏ အမိန့်ကို ကြားသကဲ့သို့ ရှေးဟောင်းမှန်ထဲသို့ အကုန်ဝင်သွားကြ၏။
ထျန်းခွန်းရှေးဟောင်းမှန်သည် ဝိညာဉ်ကို အာဟာရကျွေးသည့် အာနိသင်ရှိသဖြင့် ကျိယွမ်က စိတ်ဝိညာဉ်များကို ထိုနေရာတွင် ကျင့်ကြံစေရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဤအရာများအားလုံး ပြီးစီးသွားသောအခါ ကျိယွမ်သည် ဖုန်းနန်းတော်တွင် ပြန့်ကျဲ့နေသော ယင်နတ်ဘုရားအလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဖုန်းထျန်း နယ်မြေအတွက်... တကယ့်ကို ဝမ်းနည်းစရာပဲ။ယင်နတ်ဘုရားတွေ အကုန် သေကုန်ပြီ။"
သို့သော် ကျိယွမ်၏ မျက်လုံးများက ချက်ချင်းဝင်းလက်သွားသည်။
"ဒါဆိုရင်... ငါတို့ စားပွဲသောက်ပွဲကြီး ကျင်းပလို့ ရပြီပေါ့ ၊ အဆိုးထဲက အကောင်းပဲ "
ဖန်ထုန်နယ်မြေမှ စားသောက်ပွဲကြီးများကို သတိရကာ ကျိယွမ်ကတံတွေးမိချမိသည်။ သ်ု့သော် အနည်းငယ်ကြာသောအခါ သူက စိတ်မကောင်းစွာ ခေါင်းယမ်းမိပြန်သည်။
"ဖုန်းထျန်းနယ်မြေက လူတွေကတော့ စားပွဲသောက်ပွဲ လုပ်နေမှာပေါ့၊ငါကတော့ အမှောင်နေမင်းဌာနချုပ်ကို သွားရမှာလေ ၊ ဒီပွဲကြီးကို လွတ်ပြီပေါ့"
...
အမည်မသိ ကမ္ဘာတစ်ခုတွင်ဖြစ်သည်။
ဂျာကင်အဖြူဝတ်ဆင်ထားသော အမျိုးသမီးဆရာဝန်သည် သူမရှေ့ရှိ လူငယ်လေးကို ကြည့်နေသည်။
သူမ၏ နွမ်းလျနေသော မျက်ဝန်းများတွင် နောင်တရိပ် အနည်းငယ် ရှိနေ၏။
မည်သည့်အရာကို နောင်တရနေသည်ကိုတော့ သူမသာသိပါလိမ့်မည်။
"ကျိယွမ်၊ ဆေးကို အချိန်မှန် သောက်ဖို့ မမေ့နဲ့နော်။"
"ကျွန်တော် နေမကောင်းတာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် ဆေးမသောက်ဘူး"
မူလမျိုးစေ့မှ ဖြစ်ပေါ်လာသော ကျိယွမ်က တုံ့ဆိုင်းခြင်းမရှိ ငြင်းလိုက်၏။
ထိုအခိုက်တွင် ကုတင်ဘေးတွင်ရပ်နေသည့် ကြင်နာတတ်သော စက်ရုပ်တစ်ရုပ်ထံမှ အသံထွက်လာသည်။
"ဒါတွေက သကြားလုံးတွေပါ၊ ဆေးမဟုတ်ဘူး။ မင်းက နေကောင်းပြီးသားလေ၊ သကြားလုံးတွေက မင်းကိုချစ်လို့ကျွေးကြတာ""
ထိုအခါမှ ကျိယွမ်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ထထိုင်သည်။
သို့သော် ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်က ဆက်ခနဲ့တွန့်သွားပြီး အမူအယာအနည်းငယ်ပြောင်းသွား၏။
ထို့နောက် သူက အမျိုးသမီးဆရာဝန်၏ မျက်လုံးများကို စူးစိုက်ပြီးအကြာကြီးစိုက်ကြည့်နေခဲ့ကာ တော်တော်နှင့်အကြည့်ကို မရုပ်သိမ်းပေ။
အကြောင်းရင်း တစ်ခုခုကြောင့် အမျိုးသမီးဆရာဝန်သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
ထိုအခိုက် သူမရှေ့ရှိ လူငယ်လေးက ရုတ်တရက် ပြောလိုက်သည် ။
"ကျွန်တော်က နေမကောင်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ မမကတော့ နေမကောင်းဘူး။"
ကျိယွမ်၏ စကားကြောင့် အမျိုးသမီး ဆရာဝန်က အလိုက်သင့်ပြုံးလိုက်၏။
သူမက လူနာစိတ်ချမ်းသာအောင် မေးလိုက်သည်။
"ပြောပါဦး..မမက ဘယ်လို နေမကောင်းဖြစ်နေတာလဲ"
"မမ အခုတလော အိမ်မက်ဆိုးတွေ ခဏခဏ မက်နေတယ်"
စာရေးနေသော အမျိုးသမီး ဆရာဝန်၏ လက်များ ရပ်တန့်သွား၏။။
သူမက ကျိယွမ်အား ဇဝေဇဝါဖြင့်ကြည့်သည် ။
ဒါက တိုက်ဆိုင်မှုလား။
မကြာသေးမီက သူမ အမှန်တကယ်ပင် အိမ်မက်ဆိုးများ မက်နေခဲ့သည်။
ထို့ကြောင့် သူမစိတ်မကြည်မလင် ဖြစ်နေပြီး အာရုံကလည်း မလန်းဆန်းပေ။
အလုပ်တွင် ဖိအားများလွန်း၍ ဖြစ်မည်ဟု ယူဆပြီး အရေးတယူတော့ မလုပ်မိခဲ့ပါ ။
"ဟုတ်လား..ဒါဆိုပြောပါဦး ၊ မမ ဘယ်လို အိမ်မက်မျိုး မက်နေတာလဲ"
အမျိုးသမီးဆရာဝန်က ပြုံးလျက် မေးလိုက်သည်။
သူမသည် ကျိယွမ်၏ စကားကို အလေးအနက်တော့ မထားပါ။
ကျိယွမ်၏ မိဘများ သူ့ကို ကိုယ်ဝန်ဆောင်ထားစဉ်က အစွမ်းထက်သူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် သန္ဓေသား၏ ဦးနှောက်မှာ ထိခိုက်မှု ဖြစ်ခဲ့ရသည်။
ထို့အပြင် စက်ရုပ် လူ့အဖွဲ့အစည်း၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရပြီး မိခင် ဖခင်တို့၏ မေတ္တာ ကင်းမဲ့ခဲ့သဖြင့် ကလေး၏ စရိုက်မှာ အနည်းငယ် ထူးဆန်းလာကာ ပြင်းထန်သော စိတ်ရောဂါကို ခံစားခဲ့ရ၏။
စိတ်ဝေဒနာရှင် တစ်ဦး၏ စကားကို အလေးအနက် မထားသင့်ပေ။
သူက ငါ့ရဲ့ အိမ်မက်အကြောင်း ဘယ်လို သိနိုင်မှာလဲ။
သေချာပြောရလျှင် ယခုတလော သူမ၏အိမ်မက်များသည် အလွန်ထူးဆန်းပြီး ထူးခြားလှသည်ကတော့ အမှန်ပင်။
သူမ ထိုကဲ့သို့ အိမ်မက်မျိုး မက်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
"မမ မက်တာက... အနီရောင် ငှက်ကြီးတစ်ကောင်၊ သူ့ရဲ့ အမွေးတွေ အကုန်အနုတ်ခံထားရတယ်၊ သွေးအိုင်ထဲမှာ၊ မှောင်မိုက်နေတဲ့ ဟင်းလင်းပြင်ထဲမှာ အဆုံးမရှိ ပျံသန်းနေတယ်... ပြီးတော့ သူက အလွန်... ပျော်ရွှင်စရာကောင်းတဲ့ အသံကြီးလည်း ပြုလုပ်နေတယ်လေ"
ကျိယွမ်၏ အသံမှာ တည်ငြိမ်နေသည်။
အမျိုးသမီး ဆရာဝန်မှာ ရုတ်တရက် ထိတ်လန့်သွားပြီး လက်ထဲမှဖောင်တိန်ပင် ပြုတ်ကျသွား၏။
"မင်း..မင်း ဘာပြောလိုက်တာလဲ"
သူမ တကယ်ကို တုန်လှုပ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အိမ်မက်မှာ ကျိယွမ် ဖော်ပြခဲ့သည့် အတိုင်းပင် တထပ်တည်း ဖြစ်နေသည် မဟုတ်ပါလား။
ထိုသွေးစွန်းနေသော ငှက်သည် အဆက်မပြတ် အော်ဟစ်နေပြီး ၎င်း၏ အသံမှာ နာကျင်နေရမည့်အစား ပျော်ရွှင်နေပုံ ရသည်။
ငှက်၏အသံမှာလည်း ထူးဆန်းလှပြီး
အသံထွက်အရ ဆိုလျှင် ၎င်းသည် "ကျုံးချီ" ဆိုသည့် စကားလုံးနှင့် အလွန်တူသည်။
သူမ ယခင်က ပေါ့ပေါ့ဆဆဖြင့် သတိမထားမိခဲ့ပေ။သို့သော် ယခု ကျိယွမ်၏ ထူးဆန်းသောစကားကြောင့် သူမတွေဝေသွား၏။
ဒါက... အရာအားလုံးက ထင်သလောက် မရိုးရှင်းတာလား။
"ကျုံးချီ" ဆိုသည်မှာ "ပြန်လည်စတင်ခြင်း" ၊ "လေဖြည့်ခြင်း" သို့မဟုတ် "ဇနီးကို အလိုလိုက်ခြင်း" ဟုလည်း အဓိပ္ပာယ် ရနိုင်သည်မဟုတ်ပါလား။
"ဒါကြောင့် မမက နေမကောင်းတာ"
ကျိယွမ်သည် ကုတင်ပေါ်တွင် နူးညံ့သော အပြုံးဖြင့် ထိုင်နေသည်။
အမျိုးသမီး ဆရာဝန်မှာ ကျိယွမ်အားကြည့်နေပြီး မယုံနိုင်သလို အံ့အားသင့်နေ၏။
ကျိယွမ်က သူမ၏ အိမ်မက်အကြောင်းကို မည်သို့ သိရှိသွားသည်ကို သူမ နားမလည်နိုင်ပေ။သဘာဝလွန်စွမ်းအားရှိနေလို့လား။
ဒါပေမဲ့... ကျိယွမ်က သာမန်ကလေးတစ်ယောက်ပဲလေ ။
သူ၏အတန်းဖော်များထဲမှ ပါရမီရှင်လူငယ်များစွာ ထွက်ပေါ်ခဲ့သော်လည်း ကျိယွမ်ကတော့ သာမန် စိတ်ဝေဒနာရှင် တစ်ယောက်သာဖြစ်၏။
"ဒါဆို မမမှာ ဘာရောဂါ ရှိနေလဲ မင်းသိလား"
အမျိုးသမီးဆရာဝန်က မမေးဘဲ မနေနိုင်တော့ပေ။အမျိုးသားများနှင့်စာလျှင် အမျိုးသမီးများက သဘာဝလွန်စွမ်းအားများကို ပို၍ယုံကြည်လွယ်တတ်၏။
"မမမှာ... ကျောက်ကပ် အားနည်းတဲ့ ရောဂါ ရှိနေတယ်"
အပြင်ခန်းကုတင်ပေါ်တွင်ထိုင်နေသော ကျိယွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
အမျိုးသမီးဆရာဝန်ခမျာ စကားမဲ့သွားရှာသည်။
စိတ်ဝေဒနာရှင် တစ်ဦးအပေါ် မျှော်လင့်ချက် မထားသင့်ပေ။
ငါမှားသွားတာပဲ ၊ သူက စိတ်ဝေဒနာရှင်လေ။
သူမက အနည်းငယ်ရှက်သလို ပြုံးလိုက်မိ၏။
ထို့နောက် အမျိုးသမီးဆရာဝန်သည် ကျိယွမ်၏ အိမ်ဖော်စက်ရုပ်ကို အမှာစာအချို့ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
ယခုအခါမှာတော့ ကျယ်ဝန်းသော အခန်းထဲတွင် ကျိယွမ် တစ်ဦးတည်း ကျန်ရစ်ခဲ့၏။
မဟုတ်သေးပါ၊ စက်ရုပ်တစ်ရုပ်လည်း ရှိနေသေးသည်။
ကျိယွမ်က စက်ရုပ်အားတစ်ချက်ငဲ့ကြည့်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ သူ၏ အိပ်ခန်းထဲသို့ ပြန်ဝင်သွားလေ၏။
သူ၏ အိမ်မှာ စစ်ပွဲအတွင်း ကျဆုံးသွားခဲ့သော မိဘများ ထားရစ်ခဲ့သည့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း တစ်ခန်း ပါဝင်သော သာမန် တိုက်ခန်းတစ်ခု ဖြစ်သည်။
သူ၏ အိပ်ခန်းမှာ စတုရန်းမီတာ နှစ်ဆယ်ကျော် ကျယ်ဝန်းပြီး ကုတင်တစ်လုံး၊ ကွန်ပျူတာတစ်လုံးနှင့် ဗီရိုတစ်လုံးသာ ရှိကာ ပစ္စည်းပစ္စယ အလွန်နည်းပါးပြီး ရိုးရှင်းလှသည်။
သူက အခန်းထဲသို့ပြန်ရောက်သည်နှင့် ရုတ်တရက်ဆိုသလို သူ၏ ခေါင်းကို ကိုင်ကာ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တိုးတိုးရေရွတ်လိုက်၏။
"ကျုံးချီ.."
ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းနေသော ငှက်တစ်ကောင်၏ မြင်ကွင်းသည် သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာခဲ့သည်။
သူ၏ မျက်သူငယ်အိမ်များသည် သွေးများဖြင့် ပြည့်နှက်လာသကဲ့သို့ မျက်လုံးများ နီမြန်းလာသည်။
သွေးကြောများမှာ တစ်စထက်တစ်စ ပိုမို ထူထဲလာကာ သူ၏ မျက်လုံးများမှာ ပေါက်ကွဲတော့မည့်အလား ကြောက်မက်ဖွယ် ပြောင်းလဲသွားသည်။
မျက်လုံးအောက်ဘက်တွင်လည်း သွေးကြောမျှင်များ ပေါ်လာ၏။
"အား..."
ကန်းလန် နယ်မြေတွင်ရှိနေသော ကျိယွမ် အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။
"မူလမျိုးစေ့... အခြေအနေ မကောင်းဘူးထင်တယ်... သေတော့မှာလား"
ကျိယွမ် ငြိမ်သက်သွားပြီး စဥ်းစားနေ၏။
လောလောဆယ်တွင် ဂိမ်းလောကထဲရှိ မူလမျိုးစေ့၌ ဘာဖြစ်နေသည်ကို သူ အတိအကျအာရုံမခံနိုင်ပေ။
သူသာ ဂိမ်းထဲသို့ ဝင်နိုင်မှသာ ထိုနေရာရှိ အရာအားလုံးကို အပြည့်အဝ လက်ခံရရှိနိုင်ပေလိမ့်မည်။
ထိုကမ္ဘာတွင် ရရှိမည့် စွမ်းအားများသည်လည်း သူ၏ အဓိက ခန္ဓာကိုယ်သို့ ပြန်လည် ထင်ဟပ်လာမည် ဖြစ်ပြီး ယခင်ကကဲ့သို့ ပမာဏသေးငယ်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူဓ မူလမျိုးစေ့သည် အခြေအနေ မကောင်းဘဲ အသက်ဓာတ်မှာ အလွန် အားနည်းနေကာ သေဆုံးတော့မည့်အတိုင်း ခံစားနေရသည်။
"ဝင်ကြည့်မှ ရမယ်"
သူ၏ အသိစိတ်သည် ဂိမ်း ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွား၏။
သို့သော် ကျောက်စိမ်းပြားပေါ်မှ ဂိမ်းအိုင်ကွန်မှာ Loading ပြုလုပ်နေဆဲ ဖြစ်ပြီး အပြည့်အဝ မပေါ်လာသေးပေ။
ယခုတစ်ကြိမ်တွင် ဂိမ်းအိုင်ကွန်မှာ ယခင်ကနှင့် အနည်းငယ် ကွဲပြားနေသည်ကိုတော့ သတိထားမိ၏။
၄င်းမှာ အမွေးအနုတ်ခံထားရသော ငှက်တစ်ကောင်၏ ပုံစံ ဖြစ်နေသည်။
ကျိယွမ်၏မျက်နှာ ရှုံ့မဲ့သွားလေသည် ။
"ဂိမ်းရဲ့အိုင်ကွန်ပုံကလည်း ကျတ်သရေမရှိပါလား ၊ သူများတွေလို လှလှပပလေးမထားဘူး "
"ငါ ဂိမ်းထဲဝင်တဲ့အခါ မူလမျိုးစေ့ မသေသေးဖို့ပဲ မျှော်လင့်ရမယ်။ မဟုတ်ရင်တော့ သွားပြီပဲ"
လက်ရှိတွင် ဂိမ်းက Loading ပြုလုပ်နေဆဲဖြစ်သဖြင့် သူ ဘာမှဝင်ရောက် မလုပ်ဆောင်နိုင်သေးပေ။
ထို့ကြောင့် လောလောဆယ်တွင် ထိုကိစ္စကို စိတ်မပူတော့ဘဲ အမှောင်နေမင်းဟူသော ပြဿနာကို အရင် ကိုင်တွယ်ရန်သာ အာရုံစိုက်လိုက်သည်။
"ပြန်ချိန်တန်ပြီ"
သူသည် ဖုန်းနန်းတော်ရှိ အလောင်းများကို တစ်ချက်ကြည့်ပြီးနောက် အလင်းတန်းအဖြစ်ပြောင်းလဲကာ ပျောကွယ်သွားတော့သည်။
"စီနီယာဓားနတ်ဘုရား၊ ဒီလောက် မြန်မြန် ပြန်လာတာလား"
နန်းတော်ထဲ၌ လှစ်ခနဲပေါ်လာသော ကျိယွမ်ကို မြင်သောအခါ ဒဏ်ရာခုနှစ်ချက်အဘိုးအို အံ့အားသင့်သွားသည်။
ကျိယွမ် ထွက်သွားသည်မှာ ခဏလေးသာ ရှိသေးပြီး အခုချက်ချင်းကြီး ပြန်ရောက်လာ၏။
ဒဏ်ရာခုနှစ်ချက်အဘိုးအို နားမလည်နိုင်ပါ။
"ဖုန်းနန်းတော်မှာ ပြဿနာတစ်ခု ဖြစ်ခဲ့တယ်"
ကျိယွမ်က ယခင်နှင့်မတူဘဲ တည်ကြည်သော မျက်နှာထား၊ နောင်တရိပ်များဖြင့် လေးနက်စွာ ပြောလိုက်သည်။
"မိုလီက လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်နဲ့ ပူးပေါင်းပြီး ဖိတ်ကြားထားတဲ့ ရင်နတ်ဘုရားတွေ အားလုံးကို သတ်ပစ်လိုက်တယ်"
" ငါ ရောက်သွားတော့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့သူက ငါ့ကိုပါ အဲ့ဒီလို လုပ်ဖို့ ကြိုးစားသေးတယ်"
"ဒါပေမဲ့ ငါပြန်တိုက်ခိုက်ပြီး သူ့ကိုရော၊ မိုလီကိုရော သတ်ပစ်လိုက်ပြီ ၊
အခု ဖုန်းနန်းတော်မှာ ယင်နတ်ဘုရား အလောင်းတွေ ပြန့်ကျဲနေတာပဲ ၊ အဲ့ဒါတွေကို ရှင်းလင်းဖို့ လူအချို့ လွှတ်လိုက်ဦး။"
ကျိယွမ်က စကားကို မြန်မြန်ပြောကာ ဖုန်းနန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အဘိုးအိုအား အကျဉ်းချုပ် ရှင်းပြလိုက်သည်။
အမြဲထိုင်းမှိုင်းနေတတ်သော ဒဏ်ရာခုနှစ်ချက်အဘိုးအို အလွန်ထိတ်လန့်သွား၏။
"သူတို့အားလုံး သေကုန်တာလား"
"ဟုတ်တယ်၊ အကုန်သေကုန်ပြီ။ တကယ့်ကို နှမြောစရာပဲ။ ငါက အမှောင်နေမင်းဆီကို သွားရမှာဆိုတော့ သူတို့ရဲ့ စားပွဲသောက်ပွဲကို မဝင်နိုင်တော့ဘူး။ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ခမ်းခမ်းနားနား ပို့ဆောင်ပေးဖို့ မမေ့နဲ့ဦး"
ကျိယွမ်က စိတ်မကောင်းသလို ထပ်ပြောလိုက်သည်။ သို့သော် သူ၏စိတ်မကောင်းမှုက အသတ်ခံရသော ယင်နတ်ဘုရားများအတွက်လား ၊ စားပွဲသောက်ပွဲအတွက်လားဆိုသည်ကိုတော့ မည်သူမှ မသိနိုင်ပေ။
ဒဏ်ရာခုနှစ်အဘိုးအိုးမှာ တိတ်ဆိတ်သွားပြီး စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေသည်။
ပြောရလျှင် သူသည် ကျိယွမ်၏ စကားကို အနည်းငယ်တော့ သံသယ ဖြစ်မိ၏။
ဖုန်းနန်းတော်သခင်မမိုလီက လျှို့ဝှက်ဆန်းကြယ်တဲ့သူနဲ့ ပူးပေါင်းတယ်တဲ့လား။
ဒီလောကမှာ အစွမ်းထက်တဲ့သူ အနည်းငယ်ပဲ ရှိတာ။ ဘယ်လို လျှို့ဝှက်ဆန်းကြယ်တဲ့သူက ပေါ်လာဦးမှာလဲ။
သူသည် လွန်ခဲ့သောအခေါက်က ထိုလူများက သွေးဝတ်စုံဓားနတ်ဘုရားကို စော်ကားခဲ့သောကြောင့် ၎င်းကပင် အကုန်သတ်ပစ်လိုက်သည်ဟု သံသယဝင်နေမိသည်။
ဤသို့ တွေးမိသောအခါ သူသည် ဓားနတ်ဘုရားကို ပို၍ပင် ကြောက်ရွံ့သွားသည်။
ဒီလိုရက်ရက်စက်စက်သတ်တာမျိုးက သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ပုံစံပဲ။
ကျိယွမ်ကတော့ သူ၏အတွေးများကို မသိပါ ။ သူက ဖုန်းကျွင်းအားရှာဖွေပြီး သူ၏သူငယ်ချင်းကြီး မဟာဉာဏ်ပညာရှိအား ဖိတ်ခေါ်ရန် စေခိုင်းလိုက်သည်။
ယခုအချိန်၌ ကျိယွမ် ရရှိထားသောနည်းစနစ်အရေအတွက်မှာ လုံလောက်နေပြီ ဖြစ်၏။ထို့ကြောင့် ကျိယွမ်ကျမ်းကို ဆက်လက်မြှင့်တင်ရန် သူရည်ရွယ်ထားသည်။
ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းမည့် လမ်းစကိုလည်း လေ့လာမှုများမှတစ်ဆင့် သူကောင်းစွာတွေ့ရှိထားပြီလည်းဖြစ်၏။
သို့သော်လည်း "သာမန်လူ သုံးယောက် ပေါင်းလျှင် ကျူးကော့လျန် တစ်ယောက်ထက် တော်သည်" ဟူသော စကားအတိုင်းပင်။
မဟာဉာဏ်ပညာရှိ၏ ထူးချွန်သော ဉာဏ်ရည်ကို ငှားရမ်းခြင်းဖြင့် မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု ကျိယွမ် ခံစားမိသည်။
"သူ့ကို ဖိတ်ခေါ်တာ အသင့်တော်ဆုံးပဲ"
အရာအားလုံး စီစဉ်ပြီးနောက် ကျိယွမ်သည် လမ်းစဥ်ရှာဖွေရေးနန်းတော်ခန်းမထဲသို့ ပြန်ရောက်လာ၏။
စားပွဲသောက်ပွဲအတွက် ပြင်ဆင်နေကြသော ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းကို ကြည့်ကာ သူ အလွန် ဝမ်းနည်းသွားတော့သည်။
သေဆုံးသွားသော ယင်နတ်ဘုရားများအတွက်တော့ မဟုတ်ပါ ။ ထိုစားသောက်ပွဲကြီးကို သူ မဆင်နွှဲနိုင်သောကြောင့်ဖြစ်၏။
"အဟမ်း..အဟမ်း.."
ကျိယွမ်က ချောင်းတစ်ချက်ဟန့်ကာ စားသောက်ပွဲများ ခင်းကျင်းထားမှုကို သေသေချာချာ လှည့်လည်စစ်ဆေးနေလိုက်သည်။
"ကောင်းတယ် ကောင်းတယ် ၊ သေချာလေးလုပ်ပေးကြ "
သူက ခေါင်းတညိတ်ညိတ်လုပ်နေရင်းမှ လူများအလစ်တွင် လက်နှစ်ဖက်ကို အနည်းငယ် လှုပ်ရှားလိုက်၏။
"ဟားဟား ဟားဟား ၊ ငါ့ကို လူအ များထင်နေလား"
ကျိယွမ်သည် လူအ မဟုတ်ပါ။ နန်းတော်မှ မထွက်ခွာမီတွင် အမှောင်နေမင်းဆီသွားရာလမ်း၌ စားရန်အတွက် ဝက်လက်နှစ်ချောင်းကို တိတ်တဆိတ် ဝှက်ယူခဲ့လေသည်။
"ဝက်လက်စားရင်း လေဟုန်စီးမယ်"
... ......
ယူထျန်း နယ်မြေတွင်ဖြစ်သည်။
လမ်းစဥ်ရှာဖွေရေးနန်းတော်ခွဲတစ်ခု၌ ဖြစ်၏။
ယခုအခါ နန်းတော်ထဲ၌ ယင်နတ်ဘုရားပုံရိပ်ယောင်ပေါင်း တစ်ရာကျော်မှာ ထိုင်နေကြသည်။
ထိုယင်နတ်ဘုရား အများစုမှာ မဟာအုပ်စိုးရှင်များ ဖြစ်ကြပြီး အားအနည်းဆုံးသူမှာပင် ကောင်းကင်ဘုံသို့ခြေသုံးလှမ်းအဆင့်တွင် ရှိ၏။
သူတို့အားလုံးသည် လမ်းစဥ်ရှာဖွေရေး နန်းတော်အုပ်ချုပ်သော နယ်မြေအတွင်းရှိ ယင်နတ်ဘုရား အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
ကန်းလန်ကမ္ဘာတွင် နယ်မြေပေါင်း သုံးဆယ့်သုံးခု ရှိပြီး လမ်းစဥ်ရှာဖွေရေး နန်းတော်က နယ်မြေပေါင်း နှစ်ဆယ်ကို လွှမ်းမိုးထား၏။
အလယ်ပိုင်း ကောင်းကင်နယ်မြေနှင့် အခြား အနည်းငယ်မှလွဲ၍ လမ်းစဥ်ရှာဖွေရေး နန်းတော်၏ ဩဇာမရောက်သည့် နေရာများတွင် ၎င်းတို့၏ ဌာနခွဲများ ရှိကြသည်။
ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လမ်းစဥ်ရှာဖွေရေး နန်းတော်၏ဂိုဏ်းချုပ်ကြီးက စတင်စကားဆို၏။
"မူလနတ်ဘုရားမျှဝေရေး အသင်းအပေါ် မင်းတို့အားလုံး ဘယ်လို မြင်ကြလဲ"
အစပိုင်းတွင် လမ်းစဥ်ရှာဖွေရေး နန်းတော်၏ဂိုဏ်းချုပ်ကြီးသည် လောကရှိ ကျင့်စဉ်အားလုံးကို စုဆောင်းလိုသော သွေးဝတ်စုံဓားနတ်ဘုရား၏ ရည်ရွယ်ချက်ကို လက်မခံခဲ့ပါ။
သူ၏အမြင်တွင် မဟာကပ်ဘေးကြီးကိုသည် မည်သည့်နည်းနှင့်မှ ရှောင်လွှဲ၍ မရနိုင်ချေ။ဤသို့သော ကြိုးပမ်းမှုများက အချည်းအနှီးလုပ်ရပ်များသာဖြစ်၏။
နည်းစနစ်များက အမှန်တကယ်အဆိပ်များဖြစ်နေလျှင်ပင် အရေးမပါချေ။
သာမန် မဟာအုပ်စိုးရှင်တစ်ယောက်က
ကပ်ဘေးကြီးအား စိန်ခေါ်ရန် ကြိုးစားနေ၏။
သူသည် ထိုသူ၏ သတ္တိကို ချီးကျူးကောင်း ချီးကျူးမိလိမ့်မည်။
သို့သော် လောကရှိ ကျင့်စဉ်အားလုံးကို စုဆောင်းကာ မူလနတ်ဘုရား မျှဝေရေး အသင်းမှ ကျင့်စဉ်များနှင့် လဲလှယ်သည့် ကိစ္စတွင်မူ သူ ပါဝင်ပတ်သက်မည် မဟုတ်ပေ။
ထို့အပြင် အမှောင်နေမင်းက သွေးဝတ်စုံဓားနတ်ဘုရားကို သတ်ရန်လေ့မိသားစုမှစစ်သူကြီးလေးဦးကို လွှတ်လိုက်သောအခါမှာတော့ နန်းတော်အုပ်ချုပ်သူသည် သွေးဝတ်စုံဓားနတ်ဘုရားမှာ ဤဘေးဒုက္ခမှ လွတ်မြောက်နိုင်မည် မဟုတ်ဟု သဘာဝအတိုင်း ယုံကြည်ထားခဲ့သည်။
ထို့ကြောင့် မူလနတ်ဘုရားမျှဝေရေး အသင်းက ကျင့်စဉ်များ စုဆောင်းရန်ကြိုးစားနေခြင်းသည် စိတ်ကူးယဉ်မှု တစ်ခုသာဖြစ်သည်ဟု သတ်မှတ်ကာ စေတမန်တစ်ဦးကိုသာ လွှတ်၍ ကိုင်တွယ်ခိုင်းခဲ့၏။
သို့သော် အရာအားလုံးက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။
သွေးဝတ်စုံဓားနတ်ဘုရားသည် လေ့မိသားစုစစ်သူကြီးလေးဦးကို သတ်ဖြတ်ပစ်ခဲ့သည်။
လေ့မိသားစုစစ်သူကြီးတစ်ဦးစီသည် ကောင်းကင်သို့ခြေလှမ်း ၆ လှမ်အဆင့်တွင် ရှိသော ထိပ်တန်း ပုဂ္ဂိုလ်များ ဖြစ်သော်လည်း ဓားနတ်ဘုရား၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။
သွေးဝတ်စုံဓားနတ်ဘုရား၏ စွမ်းအားမှာ သူ၏မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။
ဒဏ္ဍာရီအဆင့်ပုဂ္ဂိုလ်များ ပေါ်မလာသရွေ့ သွေးဝတ်စုံဓားနတ်ဘုရားသည် ကန်းလန်နယ်မြေတွင် ပြိုင်ဘက်ကင်းအင်အားကြီးမားသူဖြစ်နေလေပြီ။
ထို့ကြောင့် နောက်ပိုင်းတွင် ကျိယွမ်က ဝူကျွင်းကို စေလွှတ်ကာ လမ်းစဥ်ရှာဖွေရေးနန်းတော်ချုပ်ကို ဆက်သွယ်ခိုင်းသောအခါဂိုဏ်းချုပ်ကြီူသည် သူ့ကိုလေးစားမှု ပေးခဲ့ပြီး အဓိကအဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ယခုလို ဆက်သွယ်ပေးခဲ့၏။
"သွေးဝတ်စုံဓားနတ်ဘုရားက ဒဏ္ဍာရီလာအဆင့်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားရှိတယ်။ သူက အမှောင်နေမင်းကို တိုက်ခိုက်ဖို့ ရဲဝံ့နေတယ်ဆိုရင် သူ့မှာ တစ်ခုခု ယုံကြည်ချက် ရှိလို့ပဲ ဖြစ်ရမယ်"
ကြင်နာတတ်သော အပြုံးရှိသည့် အကြီးအကဲ တစ်ဦးက သူ၏ယူဆချက်ကို ပြောလိုက်သည်။
"ကျွန်တော်ကတော့ မူလနတ်ဘုရား မျှဝေရေး အသင်းကို ဝင်ဖို့ ဆုံးဖြတ်ပြီး ဓားနတ်ဘုရားကို ကူညီဖို့အတွက် ကျင့်စဉ် အချို့ကို ပေးအပ်သွားမှာပါ။"
" သွေးဝတ်စုံဓားနတ်ဘုရားက အမှောင် နေမင်းရဲ့ ကြောက်စရာကောင်းပုံကို နားမလည်သေးဘူးထင်တယ်။ အမှောင်နေမင်းမှာ ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်တွေရှိနေတယ် ၊ ငါကတော့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စထဲမှာ မပါဝင်ချင်ဘူး"
ရှင်းဟွာအဖွဲ့၏ဂိုဏ်းချုပ်ကြီးက သူ၏ရပ်တည်ချက်ကို ထုတ်ဖော်၏။
ရှင်းဟွာအသင်း၏ ဌာနချုပ်သည်လည်း ယူထျန်း နယ်မြေတွင် တည်ရှိနေသဖြင့် အမှောင်နေမင်း၏အကြောင်းကို သူကပို၍နားလည်ဟန်တူသည်။
ရှင်းဟွာအဖွဲ့ဂိုဏ်းချုပ်ကြီး၏ စကားကြောင့် ခန်းမအတွင်းရှိ လေထုမှာ တင်းမာသွားပြီး အထူးသဖြင့် ယူထျန်း နယ်မြေမှ လာသော မဟာအုပ်စိုးရှင်များ ကြားတွင် ပိုမို သိသာလာခဲ့သည်။
---------------