← Chapters

ကျိယွမ် သေသွားပြီလား

Vol. 24 Ch. 268

ကျိယွမ် သေသွားပြီလား

Vol. 24 Ch. 268

အမှောင်နေမင်းသည် ယူထျန်းနယ်မြေတွင် တည်ရှိသည်။ ထို့ကြောင့် ယူထျန်းနယ်မြေရှိ မဟာအုပ်စိုးရှင်များသည် အမှောင်နေမင်းနှင့် အနည်းနှင့်အများ ဆက်နွယ်မှု ရှိကြသည်မှာ သဘာဝပင်။

အချို့က ထိုကိစ္စများကို သိသော်လည်း တရားဝင်တော့ ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိကြပေ။

“မင်းတို့အားလုံး အမှောင်နေမင်းနဲ့ သွေးဝတ်စုံဓားနတ်ဘုရားတို့ကြားက ပဋိပက္ခမှာ ပါဝင်ပတ်သက်တာကို ရှောင်ကြဉ်သင့်တယ်လို့ ငါထင်တယ်၊ မဟုတ်ရင်... လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီက ဖြစ်ရပ်မျိုးတွေ ပြန်ဖြစ်လာနိုင်တယ်”

ရှင်းဟာအဖွဲ့ဂိုဏ်းချုပ်ကြီးက လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။

ခန်းမထဲမှ လူများသည် သူ၏စကားကို ကြားသောအခါ ရှုပ်ထွေးသော အမူအရာများ ဖြစ်သွားကြ၏။

ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရချိန်တွင် ကန်းလန်လောကမှ ယင်နတ်ဘုရားအများစုသည် အမြဲတမ်း အသတ်ခံရန်သာ အညံ့ခံခဲ့ကြသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း သိန်းချီက အထူးထူးခြားခြား စွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာပြီး ယင်နတ်ဘုရားများကို ဦးဆောင်ကာ ထိုကပ်ဘေးကြီးကို ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ပြန်လည်တိုက်ခိုက်ခဲ့ဖူး၏။

ထိုတိုက်ပွဲသည် ကန်းလန်လောက သမိုင်းတွင် မျှော်လင့်ချက်အရှိဆုံး တိုက်ပွဲအဖြစ် လူသိများသည်။ ထိုစွမ်းအားရှင်ကလည်း ယန်နတ်ဘုရားအဆင့်အထိပင် ဖောက်ထွက်နိုင်ခဲ့သည်အထိ စွမ်းအားကြီးမား၏။

သို့သော် ကံမကောင်းစွာဖြင့်... ရလဒ်က ကြေကွဲစရာပင်။ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ယင်နတ်ဘုရား တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။

ယခုခန်းမထဲမှ ယင်နတ်ဘုရားများအားလုံးသည် ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များကို သိရှိကြ၏။ ယင်နတ်ဘုရား တစ်ရာကျော်သည် တိတ်ဆိတ်နေကြပြီး အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။

ထိုစဉ် ပထမဆုံးထောက်ခံခဲ့သည့် ယွီဟွာဆိုသောအဘိုးအိုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ဘာလဲ ၊ ကန်းလန်လောကမှာ သတ္တိရှိတဲ့ ယင်နတ်ဘုရားတွေ အားလုံး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းက တိုက်ပွဲမှာ သေကုန်ကြပြီလား”

မဟာအုပ်စိုးရှင်ယွီဟွာ၏ စကားကြောင့် ရောက်ရှိနေသော ယင်နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင်များ ရှက်ရွံ့သွားကြသည်။

ယွီဟွာ၏စကားမှာ မှန်ကန်နေသောကြောင့်ဖြစ်၏ ။ သူတို့သည် အမှန်တကယ်ပင် ကြောက်ရွံ့နေကြပြီး ဘေးလွတ်ရာသို့ ရှောင်နေရန် စိတ်ကူးနေကြသည် မဟုတ်ပါလား။

အတိတ်တုန်းက ယန်နတ်ဘုရားအဆင့်ကိုရောက်နေတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်က ကန်းလန်လောကမှာရှိတဲ့ ယင်နတ်ဘုရား ၃ ပုံ ၂ ပုံကိုဦးဆောင်ပြီး တိုက်တာတောင် မနိုင်ခဲ့ဘူးလေ။

အကုန်သေ​ကုန်တာပဲ ။

အခုသွေးဝတ်စုံဓားနတ်ဘုရားက မဟာအုပ်စိုးရှင်အဆင့်ပဲရှိတာ ၊ သူနောက်မှာလည်း လူအင်အားကလည်း လက်တစ်ဆုပ်စာတည်းနဲ့ ။

“အခုက သွေးဝတ်စုံဓားနတ်ဘုရားက အမှောင်နေမင်းကိုပဲ ရင်ဆိုင်နေတာလေ ၊ ကပ်ဘေးဆိုးကြီးကိုတောင် ရင်မဆိုင်ရသေးဘူး။ မင်းတို့က ကြိုကြောက်နေကြတာပဲ”

ယွီဟွာက ခန်းမထဲမှ အဖွဲ့ခေါင်းဆောင်များကို တစ်ချက်ဝှေ့ကြည့်ကာ ပြတ်သားစွာ ကြေညာ၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသိန်းက ငါ့အဖေဟာ ဘေးအန္တရာယ်ကြီးထဲမှာ ကျဆုံးခဲ့တယ် ၊ ငါလည်း ဝင်ပြီးတိုက်ခိုကိချင်ပေမဲ့ အဖေကတားခဲ့လို့ ။ အခု . ငါ့ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ၊ ငါက ဘာကိုကြောက်နေရဦးမှာလဲ ”

မဟာအုပ်စိုးရှင်ယွီဟွာ၏ သွေးမျိုးဆက်သည် ထူးခြားပြီး မျိုးဆက်ပြန့်ပွားရန် ခက်ခဲသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးသိန်းက သူ၏ဖခင်သည် ကပ်ဘေးကြီးကို သွားရောက်တိုက်ခိုက်ခဲ့သော်လည်း သားသမီးဟူ၍ ယွီဟွာတစ်ဦးတည်းသာရှိ၏။

ထို့ကြောင့် မျိုးဆက်မပြတ်စေရန် သူသည် နောက်ချန်နေခဲ့ရသည်။ ယခုမူ သူသည် သားသမီး ရရှိနေပြီဖြစ်ပြီး သူ၏ဇနီးတွင်လည်း နောက်ထပ်ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ထိုကိစ္စကို ကြောက်ရွံ့စရာ မရှိတော့ပေ။

“ကျွန်မကတော့ ယူထျန်းနယ်မြေနဲ့ အရမ်းဝေးနေလို့ မလာနိုင်ဘူး၊ ဒါပေမဲ့ သွေးဝတ်စုံဓားနတ်ဘုရားကို ကူညီဖို့ ကျွန်မရဲ့ ကျင့်စဉ်တွေကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်”

အမျိုးသမီးမဟာအုပ်စိုးရှင် တစ်ဦးကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

“ငါလည်း ဆန္ဒရှိပါတယ်”

"ငါ့ဂိုဏ်းကလည်း ပါမယ်လို့ ဆုံးဖြတ်လိုက်ပြီ"

"ငါတို့မျှော်စင်ကိုလည်း ထည့်တွက်လိုက်တော့.."

မဟာအုပ်စိုးရှင် အများအပြားက တစ်ယောက်ပြီးတစ်ယောက် ပြောကြားလာကြပြီး အားလုံးက မူလနတ်ဘုရားမျှဝေခြင်းအသင်းကို ထောက်ခံကြောင်း ဖော်ပြကြသည်။

ပြီးခဲ့သည့်အကြိမ်က သူတို့ကြောက်ရွံ့ပြီး လိပ်များလို ခေါင်းလျိုနေခဲ့၏။

ယခုအကြိမ်တွင်မူ သူတို့မည်သည့်မျက်နှာနှင့် ထပ်မံပုန်းလျိုနေနိုင်တော့မည်နည်း။

မဟာအုပ်စိုးရှင်ဝူကျွင်းက ဝမ်းသာကြည်နူးမှုများစွာဖြင့် လက်အုပ်ချီကာ

အားလုံးကို ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့..ကျေးဇူးတင်ပါတယ်"

သို့သော် ယူထျန်းနယ်မြေမှ ယင်နတ်ဘုရားများကတော့ သူတို့၏ဆုံးဖြတ်ချက်များကို မပြောင်းလဲကြပါ ။ သူတို့က တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။

ရှင်းဟွာအဖွဲ့ဂိုဏ်းချုပ်ကြီးကလည်း မည်သည့်စကားမှ ထပ်မဆိုတော့သလို အခြားသူများကလည်း သူတို့၏ သဘောထားကို ထုတ်ဖော်မပြောကြပေ။

ထိုအချိန်တွင် လမ်းစဥ်ရှာဖွေးရေးနန်းတော်ဂိုဏ်းချုပ်ကြီးက မသိမသာ ငြိမ်နေသောအဖွဲ့ကို သတိထားမိသွားပြီး မေးလိုက်၏။

-“နောက်ရက်နည်းနည်းကြာရင် သွေးဝတ်စုံဓားနတ်ဘုရားက ယူထျန်းနယ်မြေကို ရောက်လာတော့မယ်။ ရှင်းဟွာအဖွဲ့ အကြီးအကဲ၊ ခင်ဗျားက...”

သူ၏စကားမဆုံးမီ ရှင်းဟွာဂိုဏ်းချုပ်ကြီးက ကြားဖြတ်ပြောလိုက်သည်။

“ဟွန်း...ခင်ဗျားတို့က ယူထျန်းနယ်မြေမှာ မရှိကြတော့ အမှောင်နေမင်းရဲ့ ခြိမ်းခြောက်မှုကို မရင်ဆိုင်ရဘူး၊ ဒါကြောင့် ပြောရတာ လွယ်တာပေါ့။ တကယ်လို့ ငါက ဒီနေ့ သွေးဝတ်စုံဓားနတ်ဘုရားကိုကူညီတယ်ပဲထား ၊ သူက အမှောင်နေမင်းလက်ထဲမှာ သေသွားရင်၊ အမှောင်နေမင်းက စာရင်းလာရှင်းတဲ့အခါ ဘယ်သူဆီလာမှာလဲ ၊ ငါ့ဆီပဲ လာလိမ့်မယ်။”

ရှင်းဟွာဂိုဏ်းချုပ်က ပြောရင်းမှဒေါသထွက်လာပြီး သူ၏လက်စကို ခါယမ်းကာ အပြတ်ပြော၏။

"သွေးဝတ်စုံဓားနတ်ဘုရားသာ အသိတရားရှိရင် အကြောင်းမဲ့ အမှောင်နေမင်းကို သွားပြီး ရန်မစသင့်ဘူး။ ခွင့်လွှတ်ပါ... ငါ.. ဒီနေ့ အစည်းအဝေးကို မတက်တော့ဘူး”

ထိုသို့ပြောပြီးနောက် သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ ယူထျန်းနယ်မြေမှ အခြားယင်နတ်ဘုရားများကလည်း အကြောင်းပြချက်များပေးကာ ချက်ချင်းထွက်ခွာသွားကြ၏။

“ကျွန်တော့်ရဲ့ စွမ်းအားက အားနည်းပါတယ်၊ ဒီလိုကိစ္စတွေမှာ မပါဝင်ချင်ပါဘူး။”

“နှုတ်ဆက်ခဲ့ပါတယ်။”

ကျန်ရှိနေခဲ့သော ယင်နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

မဟာအုပ်စိုးရှင်ယွီဟွာက မသက်မသာစွာ သက်ပြင်းချကာ ညည်းညူသည်။

“အင်း... လူ့သဘာဝပါပဲ...”

ကန်းလန်လောကသည် ဝက်မွေးမြူရေးခြံတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း၊ အများစုသည် သူတို့၏ဝက်သခင်များကို ဖားယားကာ ဝက်ခေါင်းဆောင်များ ဖြစ်ချင်နေကြဆဲပင်။

"ငါတို့ကတော့ ဝက်ဖြစ်ရတဲ့ဘဝကို မုန်းနေပြီ"

...........

ယူထျန်းနယ်မြေ၊ အမှောင်နေမင်း ပိုင်ဆိုင်သော လေမုန်တိုင်းချိုင့်ဝှမ်း တွင်ဖြစ်သည်။

ရှင်းဟွာအဖွဲ့ဂိုဏ်းချုပ်ကြီး၏ ပုံရိပ်ယောင်ပေါ်လာပြီး သူ၏ရှေ့မှ စက်ရုပ်ငှက်ကို နှိမ့်ချသော အမူအရာဖြင့် ကြည့်လိုက်၏။ အပြင်လောကတွင် ခန့်ညားထည်ဝါလှသော ဂိုဏ်းချုပ်သည် ယခုအခါ မြေကြီးပေါ်တွင် ဝပ်တွားနေရပြီ ဖြစ်သည်။

စက်ရုပ်ငှက်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူ့အားအော်ငေါက်၏။

“ငါ ကျင့်ကြံနေတဲ့အချိန်မှာ ဒီလို အသေးအမွှားကိစ္စနဲ့ လာနှောင့်ယှက်တာလား၊ဟိုကောင် လီချိုးရှန်ဘယ်မှာလဲ”

ရှင်းဟာဂိုဏ်းချုပ်ကြီးက ခါးကျိုးမတတ် ဦးညွတ်ကာ ရှင်းပြရှာသည်။

“သခင်ကြီးလီက လေ့မျိုးနွယ်စုရဲ့ ဗိုလ်ချုပ်လေးဦးကို စေလွှတ်လိုက်ပါတယ်၊ ဒါပေမဲ့ သူတို့ ပြန်မလာကြသေးပါဘူး။”

“အသုံးမကျတာ ၊ သူတို့ ကျရှုံးသွားလို့ မျက်နှာမပြရဲကြတာ ဖြစ်ရမယ်”

စက်ရုပ်ငှက်က ဒေါသတကြီး ပြောလိုက်သည်။

“နောက်တစ်ခါ ငါသာ သူ့ကိုတွေ့ရင် အရှင်လတ်လတ် အရေခွံခွာပစ်မယ်”

ရှင်းဟွာဂိုဏ်းချုပ်ကြီးမှာ ပို၍ပင် တုန်လှုပ်သွား၏။

လေမုန်တိုင်းချိုင့်ဝှမ်းမှ သခင်များသည် တစ်ဦးထက်တစ်ဦး ပို၍ ကြောက်စရာကောင်းသည်မဟုတ်ပါလား။ လီချိုးရှန်က အဆင့်မြင့် ကျင့်ကြံသူများကို အရှက်ခွဲရုံသာ ဝါသနာပါသော်လည်း၊ သူ၏ရှေ့မှ ဤသခင်ကမူ အဆင့်မြင့် ကျင့်ကြံသူရော သာမန်လူများကိုပါ နှိပ်စက်ရုံသာမက လူကို အရှင်လတ်လတ် အရေခွံခွာရခြင်းကိုပါ ဝါသနာပါ၏။

ရှင်းဟွာဂိုဏ်းချုပ်ကြီးပင် ထိုသခင်၏ ဖျော်ဖြေမှုအတွက် ကျင့်ကြံသူအချို့ကို စေလွှတ်ပေးခဲ့ဖူးသည်။ လေမုန်တိုင်းချိုင့်ဝှမ်းအနီးတွင် မွေးမြူထားသော လူသားအုပ်စုများ ရှိပြီး အခါအားလျော်စွာ ဤသခင်က အရေခွံခွာရန်အတွက် အချို့ကို ချိုင့်ဝှမ်းထဲသို့ ခေါ်ယူတတ်သည်။

ဝန်ခံရလျှင် ရှင်းဟွာဂိုဏ်းချုပ်ကိုယ်တိုင်ပင်လျှင် တစ်ကြိမ် အရေခွံခွာခြင်း ခံခဲ့ရဖူးလေ၏။

“အောက်ခြေလောကက အညတရတစ်ယောက်၊ ဒဏ္ဍာရီမှတ်တမ်း မှာတောင် နာမည်မရှိတဲ့ကောင်က ငါ့ရဲ့ လေမုန်တိုင်းချိုင့်ဝှမ်းကို ခြိမ်းခြောက်နေတယ်ပေါ့။ ဟွန်း... ငါ့ကျင့်ကြံမှုကသာ အရေးကြီးတဲ့အချိန် မဟုတ်ရင် ဒီကောင့်ကို ငါကိုယ်တိုင် သတ်ပစ်လိုက်မယ်"

(ဂန္ဓဝင်မှတ်တိုင်အစား ဒဏ္ဍာရီမှတ်တမ်းဟု ပြောင်းလဲသုံးစွဲသွားပါမည်)

"လေမုန်တိုင်းချိုင့်ဝှမ်းက ရုပ်သေးကျွန်တွေကို မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ အပ်နှံလိုက်မယ်။”

စက်ရုပ်ငှက်က စိတ်မရှည်စွာဖြင့် လိုရင်းကိုပြောလိုက်သည်။

သူသည် လက်ရှိတွင် သူ၏ ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက်နေပြီး အောက်ခြေလောက၏ ကိစ္စရပ်များကို စိတ်မဝင်စားပေ။ သာမန်လူတစ်ဦးဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရားဆိုသည့် ငတုံးကို ရှင်းဟွာအသင်းအကြီးအကဲကို ကိုင်တွယ်ခိုင်းရုံဖြင့် လုံလောက်၏။

စက်ရုပ်ငှက်၏စကားကို ကြားသောအခါ ရှင်းဟွာဂိုဏ်းချုပ်ကြီး၏ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းသာရိပ်များ ထင်ဟပ်သွားသည်။

သူ၏သခင် ပြောသော ရုပ်သေးကျွန်များမှာ လေမုန်တိုင်းချိုင့်ဝှမ်းရှိ ရုပ်သေးရုပ်များ ဖြစ်၏။ ထိုချိုင့်ဝှမ်းတွင် လေ့မျိုးနွယ်စု ဗိုလ်ချုပ်လေးဦးနှင့် အဆင့်တူသော ရုပ်သေး ၃၆ ရုပ်နှင့် ဒဏ္ဍာရီအဆင့် ရုပ်သေး ၄ ရုပ် ရှိသည်။ ဤသည်မှာ လေမုန်တိုင်းချိုင့်ဝှမ်း၏ စုစုပေါင်းတိုက်ခိုက်ရေးစွမ်းအားများပင်။

ယခုအခါ သခင်က ဓားနတ်ဘုရားကို နှိမ်နင်းရန် လေမုန်တိုင်းချိုင့်ဝှမ်းရှိ ရုပ်သေးအားလုံးကို သူ၏ လက်အောက်သို့ အပ်နှံလိုက်ပြီဖြစ်ရာ သူ မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

သူသည် ဤရုပ်သေးများဖြင့် သူ မနှစ်သက်သော ယင်နတ်ဘုရားအချို့ကိုပါ လိုက်လံသတ်ဖြတ်ကာ အရင်းအမြစ်များကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

“သွေးဝတ်စုံဓားနတ်ဘုရားကို သတ်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”

ရှင်းဟာဂိုဏ်းချုပ်ကက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟွန်း"

စက်ရုပ်ငှက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရုပ်သေးများ ထိန်းချုပ်ခွင့်ကို သူ့ထံသို့ လွှဲပြောင်းပေးကာ ထွက်ခွာသွား၏။

ကျယ်ပြောလှသော လေမုန်တိုင်းချိုင့်ဝှမ်းတွင် ရှင်းဟွာဂိုဏ်းချုပ်ကြီးသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့လောက်အောင် ပီတိများဝေဖြာနေတော့သည်။

“သွေးဝတ်စုံဓားနတ်ဘုရား... မင်းကြောင့် ငါ့ရဲ့ ကံကောင်းခြင်းတွေ ရလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ၊ဟားဟား ဟာားဟား ”

သူက လက်ထဲမှ ထိန်းချုပ်ခွင့်ကိုကြည့်ကာ ပျော်ရွှင်စွာရေရွတ်လိုက်၏။

“မင်းကို တွေ့တဲ့အခါ ငါက ကျးဇူးတင်စကားလေးတော့ ပြောရဦးမယ်”

........

ယူထျန်းနယ်မြေတွင် သွေးရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ ပျံသန်းနေပြီး ၎င်း၏အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။

ဤအလင်းတန်းမှာ ဖုန်းထျန်းနယ်မြေ မှ ယူထျန်းနယ်မြေသို့ လာနေသော ကျိယွမ်ပင် ဖြစ်သည်။ ဤရက်များအတွင်း သူသည် လုံးဝအနားယူခြင်း မရှိဘဲ နယ်မြေအမြောက်အမြားကို ဖြတ်ကျော်လာခဲ့၏။

လမ်းခရီးတစ်လျှောက်တွင် သူသည် သတင်းအချက်အလက်များကို အဆက်မပြတ် နားထောင်နေခဲ့သည်။

ဝူကျွင်းက မျှဝေရေးအသင်း၏ လုပ်ငန်းစဉ်များ ချောမွေ့စွာ လည်ပတ်နေကြောင်း ပြောခဲ့ပြီး နန်းတော်ချုပ်ကလည်း ကျင့်စဉ်များကို စုဆောင်းရန် ကူညီနေပြီဖြစ်သည်။

ယင်နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင် အများအပြားသည် သွေးဝတ်စုံဓားနတ်ဘုရားကို ကူညီရန် ဆန္ဒရှိကြပြီး နောက်နှစ်ပေါင်း ၃၀၀ တွင် အလယ်ပိုင်းကောင်းကင်နယ်မြေသို့ သွားရောက်ကာ ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်ရန်အထိ သဘောတူခဲ့ကြ၏။

သတင်းများကို ကြည့်ပြီးသောအခါ ကျိယွမ်က သက်ပြင်းချလိုက်သည်။

ဤလောကတွင် လူကောင်းများစွာ ရှိနေသေးသည် မဟုတ်ပါလား။

“ဒါပေမဲ့ နှမြောစရာပဲ...”

ကျိယွမ်က ထပ်မံသက်ပြင်းချလိုက်ပြန်သည်။

အဘယ်ကြောင့်ဆိုသော် မဟာအရှင်သခင် ဝူကျွင်းက လမ်းစဥ်ရှာဖွေရေးနန်းတော်သခင်ကြီးသည် ယူထျန်းနယ်မြေမှ ယင်နတ်ဘုရားများအား သွေးဝတ်စုံဓားနတ်ဘုရား မကြာမီ ရောက်ရှိလာတော့မည့်အကြောင်းနှင့် ဆန္ဒရှိသူများ လာရောက်ကြိုဆိုနိုင်ကြောင်း အကြောင်းကြားထားသည်ဟု ပြောခဲ့သော်လည်း၊ ယခုအချိန်အထိ ကျိယွမ်သည် ယူထျန်းနယ်မြေအတွင်း ပေါ်ပေါ်ထင်ထင် သွားလာနေသော်လည်း ယင်နတ်ဘုရား တစ်ပါးမျှ လာရောက်ကြိုဆိုခြင်း မရှိသောကြောင့် ဖြစ်သည်။

“ယူထျန်းနယ်မြေက ယင်နတ်ဘုရားတွေ အားလုံးက ယောက်ျားတွေဖြစ်လို့ နေမှာပါ။ တကယ်လို အမျိုးသမီးတွေသာဆိုရင် ငါ့ရဲ့ ဆွဲဆောင်မှုအောက်မှာ ပြားပြားဝပ်ပြီး လမ်းလျှောက်ပြီးတော့တောင် လာကြိုကြမှာ သေချာတယ်။”

ထိုသို့တွေးမိသောအခါ ကျိယွမ် အနည်းငယ်သာ စိတ်ပျက်တော့သည်။

"မြန်မြန်ရောက်မှဖြစ်မယ် ငါယူလာတဲ့ ဝက်လက်နှစ်ချောင်းလည်း ကုန်ပြီ "

ဤသို့ဖြင့် သူအမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့် ထပ်မံပျံသန်းလိုက်သောအခါတွင်မူ လာရောက်ကြိုဆိုသူတစ်ဦးကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏။

တောင်ကုန်းတစ်ခုပေါ်တွင် ဝတ်ရုံနက်ကို ခြုံထားသော အမျိုးသားတစ်ဦး ပေါ်လာခြင်းပင်။ သူ၏ အရှိန်အဝါမှာ ခရမ်းရောင်နန်းတော်အဆင့်သာ ရှိသေးပြီး ထိုသူက ယင်နတ်ဘုရား အဆောင်အယောင်တစ်ခုကို အသုံးပြု၍ ကျိယွမ်ကို ကောင်းကင်မှ ဆင်းလာရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ကျိယွမ်က သူ့အားကြိုဆိုသော ထိုဝတ်ရုံနက်နှင့်လူကို စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းကို ဘယ်သူ လာကြိုခိုင်းတာလဲ ၊ ဘာလို့ သူတို့ကိုယ်တိုင် မလာတာလဲ”

ဝတ်ရုံနက်နှင့်လူက ခေါင်းငုံ့ထားပြီး အလွန် ရိုသေသော အမူအရာဖြင့်ပြန်ဖြေသည်။

“သွေးဝတ်စုံဓားနတ်ဘုရား၊ ကျွန်တော်က ရှင်းဟွာအဖွဲ့ကပါ။ စီနီယာနဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ပါဘူး”

ထိုဝတ်ရုံနက်နှင့်လူသည် ရှင်းဟွာအဖွဲ့တွင်ရှိစဉ်က သွေးဝတ်စုံဓားနတ်ဘုရား၏ လုပ်ရပ်များကို ကြားသိခဲ့ရပြီး အလွန်အထင်ကြီး လေးစားနေသူ ဖြစ်သည်။ ယခုလို ကပ်ဘေးကြီး နီးကပ်လာချိန်တွင် ယင်နတ်ဘုရား အားလုံးနီးပါး ပုန်းအောင်းနေကြသော်လည်း ကျိယွမ်ကဲ့သို့ မိမိဆန္ဒအတိုင်း လွတ်လပ်စွာ လှုပ်ရှားနေသူမှာ အလွန်နည်းပါး၏။ ထိုသို့သော သတ္တိမျိးကို သူအလွန်လေးစားအားကျမိသည်။

“အိုး၊ မင်းက ငါ့ရဲ့ ဖန်တစ်ယောက်လား”

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

အင်း...ငါ့ရဲ့ဆွဲဆောင်မှုက အားကောင်းနေတုန်းပဲ ၊ ယောက်ျားလေး ဖန်တွေတောင် ရှိနေပြီ။

“မင်းက ရှင်းဟွာအသင်းကဆိုတော့၊ ငါ့အမှတ်မမှားရင် အသင်းရဲ့ ဌာနချုပ်က... ဒီ ယူထျန်းနယ်မြေမှာပဲ ရှိတာမဟုတ်လား။”

ရှင်းဟွာအကြောင်းကို ပြောလိုက်သောအခါ ကျိယွမ်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

“မင်းတို့အဖွဲ့ ဂိုဏ်းချုပ်လား အကြီးအကဲလား သူ ဘယ်မှာလဲ ၊ ပြီးခဲ့တဲ့အကြိမ်က သူ ငါ့ကို စကားပြောခွင့်ပိတ် ခဲ့တဲ့ကိစ္စကို ငါ စာရင်းမရှင်းရသေးဘူး"

ကျိယွမ်သည် နေရင်းထိုင်ရင်း သူအဘမ်းခံခဲ့ရသည်ကို အလွန်ဒေါသထွက်နေခဲ့၏။ ယခု ယူထျန်းနယ်မြေသို့ ရောက်လာပြီဖြစ်ရာ ထိုအကြီးအကဲနှင့် တွေ့ဆုံပြီး ရှင်းပြချက် တောင်းခံရမည် ဖြစ်သည်။ ကျိယွမ်သည် အပြောခံရပြီး အသာငြိမ်နေမည့် အမျိုးအစား မဟုတ်ပေ။

“ရှင်းဟွာဂိုဏ်းချုပ်ကြီးက...”

ထိုကျင့်ကြံသူ၏ မျက်လုံးများတွင်လည်း ဒေါသများ ပေါ်လာသည်။

“သူက အမှောင်နေမင်းဆီကို ဘက်ပြောင်းသွားပါပြီ”

ကျိယွမ်၏ မျက်လုံးများက ပို၍ စူးရှသွား၏။

“အမှောင်နေမင်းဆီ ဘက်ပြောင်းသွားတယ် ၊၊ အော်... ဒါကြောင့် သူက ငါ့ကို စကားပြောခွင့်ပိတ်တာကိုး။ သူက ကန်းလန်လောကရဲ့ သစ္စာဖောက်ပဲ”

ကျိယွမ်က ချက်ချင်းထပ်မေးလိုက်သည် ။

“မင်းတို့အသင်းဌာနချုပ်က ဘယ်မှာလဲ ၊ ငါ အခုသွားပြီး သူ့ကို ရှင်းပစ်မယ်"

“လောလောဆယ် ဂိုဏ်းချုပ်ကြီးက အမှောင်နေမင်းရဲ့ ဌာနချုပ်ဖြစ်တဲ့ လေမုန်တိုင်းချိုင့်ဝှမ်းမှာ ရှိနေပါတယ်”

ဝတ်ရုံနက်နှင့်လူက လေးနက်စွာ ပြောလိုက်သည်။

“အိုး...တော်တော် အဆင်ပြေသွားတာပဲ၊ သူက တော်တော်လေး စဉ်းစားပေးတာကိုး ၊ ဒီလိုဆိုရင် ငါ လေမုန်တိုင်းချိုင့်ဝှမ်းကို ဖျက်ဆီးလိုက်ရုံနဲ့ ရန်သူနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ရှင်းပြီးသား ဖြစ်သွားမယ်။”

ကျိယွမ်က အတော်လေး ကျေနပ်သွားသည်။ အမှန်ပင် ကံတရားက သူ၏ဘက်တွင် ရှိနေသည်၊ ရန်သူအားလုံးက တစ်နေရာတည်းတွင် စုဝေးနေကြ၏။

နေဝင်ချိန်တောင်ကုန်းကိုတောင် သတိရသွားပြီ။

“စီနီယာဓားနတ်ဘုရား သတိထားတာမမှားပါဘူး ၊ အမှောင်နေမင်းမှာ ဒဏ္ဍာရီအဆင့် စွမ်းအားရှင်တွေ ရှိတယ်”

ထိုလူက သေသေချာချာသတိပေးလိုက်သည်။ အမှောင်နေမင်းသည် အားကောင်းသော အဖွဲ့အစည်းဖြစ်ပြီး ကောင်းကင်သို့ခြေလှမ်း ခြောက်လှမ်းရှိသောကျင့်ကြံသူများသာမက ဒဏ္ဍာရီအဆင့် စွမ်းအားရှင်များပါ ရှိနေ၏။

“စိတ်မပူပါနဲ့။ ငါ ဒီကိုလာတာ ယုံကြည်ချက်ရှိလို့ပဲ”

ကျိယွမ်က ဂရုမစိုက်ပါ ။

ဒဏ္ဍာရီအဆင့်ဆိုသည်မှာလည်း ဒဏ္ဍာရီအဆင့်သာ ဖြစ်သည်။ ယန်နတ်ဘုရားများ မဟုတ်ကြပါ ။သူ၏ စိတ်ဝိညာဥ်များမှာ အိပ်ပျော်နေဆဲ ဖြစ်သော်လည်း၊ သူတို့ထဲတွင် ဒဏ္ဍာရီအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သူ အမြောက်အမြား ရှိ၏။

ကျိယွမ်က ပေါ့ပေါ့ပါးပါးရှိနေသည်ကိုမြင်သောအခါ

ထိုကျင့်ကြံသူက အနည်းငယ်တုန့်ဆိုင်းနေပြီးမှ တိုးညင်းစွာ ထပ်ပြောလ်ုက်သည်။

“စီနီယာ၊ တကယ်တော့ ကျွန်တော်က အလယ်ပိုင်းကောင်းကင်နယ်မြေက လာတာပါ”

ကျိယွမ် အနည်းငယ် အံ့အားသင့်သွား၏။

“မင်းက မြို့ကြီးသားပေါ့”

အလယ်ပိုင်းကောင်းကင်နယ်မြေသည် ကန်းလန်လောက၏ အစစ်အမှန် ဗဟိုချက်ဖြစ်ပြီး ကပ်ဘေးဆိုးကြီးတည်ရှိရာ နေရာလည်း ဖြစ်သည်။ ကန်းလန်လောကရှိ ဒဏ္ဍာရီအဆင့် ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းသည် ထိုနယ်မြေတွင် နေထိုင်ကြသည်ဟုလည်း ကောလာဟလ ရှိ၏။

“တကယ်တော့... ကန်းလန်လောကဟာ ကပ်ဘေးကြီးကို ခုခံဖို့ တစ်ခါမှ အားမလျှော့ခဲ့ပါဘူး။ အလယ်ပိုင်းကောင်းကင်နယ်မြေမှာ ကန်းလန်လောကရဲ့ ဒဏ္ဍာရီအဆင့် ကျင့်ကြံသူအားလုံးနီးပါး စုဝေးနေကြပြီး အဲဒီ ဒဏ္ဍာရီအဆင့်တွေက ကန်းလန်ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းထားကြပါတယ်။ ကျွန်တော်က အဲဒီအဖွဲ့ဝင်တစ်ယောက်ပါ၊ ရှင်းဟွာအသင်းနဲ့ အမှောင်နေမင်းကို စောင့်ကြည့်ဖို့ ယူထျန်းနယ်မြေကို စေလွှတ်ခံရတာပါ။"

" စီနီယာက လေ့မျိုးနွယ်စုစစ်သူကြီးလေးဦးကိုတောင် သတ်ဖြတ်နိုင်တယ်ဆိုတော့ စီနီယာရဲ့ စွမ်းအားက အံ့မခန်းပါပဲ။ ဒါကြောင့် စီနီယာ အနေနဲ့... လောလောဆယ် အမှောင်နေမင်းကို မတိုက်ခိုက်ဘဲ အလယ်ပိုင်းကောင်းကင်နယ်မြေကို သွားပါလား၊ ကန်းလန်အဖွဲ့မှာရှိတဲ့ ဒဏ္ဍာရီအဆင့် ကျင့်ကြံသူတွေက စီနီယာကို ဒဏ္ဍာရီအဆင့်ရောက်အောင် ပေါင်းပြီး ကူညီပေးကြလိမ့်မယ်။”

ထိုကျင့်ကြံသူ၏ စကားများမှာ အဓိပ္ပာယ်များစွာ ပါဝင်နေ၏။

သွေးဝတ်စုံဓားနတ်ဘုရား အမှောင်နေမင်းလက်တွင် သေဆုံးသွားမည်ကို သူ စိုးရိမ်နေသည်။ ထို့ကြောင့် ကျိယွမ်ကို ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိနိုင်မည့် အခွင့်အရေးဖြင့် ဆွဲဆောင်ကာ အလယ်ပိုင်းကောင်းကင်နယ်မြေသို့ သူက သွားစေချင်နေခြင်းဖြစ်သည်။

“မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်... ငါ့ရဲ့ စွမ်းအားက တော်တော်နိမ့်သေးတယ်၊ ဒဏ္ဍာရီအဆင့်နဲ့လည်း အလှမ်းဝေးသေးတယ်။ အရင်ဆုံး အမှောင်နေမင်းကို ဖျက်ဆီးပြီးမှ အလယ်ပိုင်းကောင်းကင်နယ်မြေကို သွားဖို့ စဉ်းစားတာပေါ့။”

ကျိယွမ်က စဥ်းစားမနေဘဲ တိုက်ရိုက် ငြင်းပယ်လိုက်သည်။

သူသည် လက်ရှိတွင် စိတ်ဝိညာဥ်အဆင့်သာ ရှိသေးသည်။ သာ့ရှန်းပြည်တွင် သူက ထိပ်တန်းပုဂ္ဂိုလ် ဖြစ်သော်လည်း ကန်းလန်လောကတစ်ခုလုံးနှင့်ယှဥ်လျှင်တော့ သူ၏ ကျင့်ကြံမှုအဆင့်မှာ ဘာမှ အရေးမပါသေးပေ။

ကျိယွမ်၏ ငြင်းပယ်စကားကို ကြားသောအခါ ထိုကျင့်ကြံသူက ဝမ်းနည်းစွာ သက်ပြင်းချလိုက်၏။

တကယ်တော့ ကန်းလန်အဖွဲ့နှင့် သူ အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီဖြစ်ရာ ယခု သူပြောသည်များမှာ သူ၏ စေတနာအရ အကြံပြုခြင်းသာ ဖြစ်သည်။ ကျိယွမ်ကို မဖျောင်းဖျနိုင်မှန်း သိသွားသောအခါ ထိုကျင့်ကြံသူ

ကျိယွမ်ကို အားပေးစကားပြောလ်ုက်၏။

“စီနီယာက အမှောင်နေမင်းကို ဖျက်ဆီးပြီး ကန်းလန်လောကဆီ အလင်းရောင် ပြန်ယူလာပေးနိုင်တာကို ကျွန်တော် မြင်ချင်ပါတယ်”

ကျိယွမ်က အသိအမှတ်ပြုသလိုခေါင်းညိတ်ပြ၏။

“တလက်စတည်းနဲ့ မင်းမှာ လေမုန်တိုင်းချိုင့်ဝှမ်းရဲ့ မြေပုံရှိလား”

“စီနီယာ၊ သတိထားပါ”

ထိုကျင့်ကြံသူသည် စိတ်လှုပ်ရှားစွာဖြင့် ကျိယွမ်ထံသို့ မြေပုံတစ်ချပ်ကို ကမ်းပေးလိုက်သည်။

"ငါသွားပြီ.."

မြေပုံကို ရရှိပြီးနောက် ကျိယွမ်သည် လေမုန်တိုင်းချိုင့်ဝှမ်းသို့ ဦးတည်ကာထွက်ခွာလာခဲ့၏။

တစ်နာရီခန့်အကြာတွင် သူသည် တောအုပ်တစ်ခု၌ ရပ်တန့်လိုက်သည်။

သူရောက်နေသောနေရာသည် သစ်ပင်များထူထပ်နေသော်လည်း ဝိညာဉ်စွမ်းအင်မှာမူ အလွန်အားနည်းလှ၏။ သာ့ရှန်းပြည်ရှိ သာမန်လူသားများနေသော အရပ်ဒေသတစ်ခုကဲ့သို့ ရှိသည်။

ဝိညာဉ်စွမ်းအင် အားနည်းသောကြောင့် အနီးအနားတွင် မည်သည့် ကျင့်ကြံရေးဂိုဏ်းမျှ မရှိဘဲ လူသားတိုင်းပြည်အချို့သာ ရှိနေသည်။ ယူထျန်းနယ်မြေမှ သာမန်ကျင့်ကြံသူတစ်ဦး ဤနေရာသို့ ရောက်လာလျှင်ပင် ဤတောအုပ်အတွင်း၌ ယူထျန်းနယ်မြေ၏ အကြောက်စရာအကောင်းဆုံး အဖွဲ့အစည်းဖြစ်သည့် အမှောင်နေမင်း ရှိနေလိမ့်မည်ဟု ထင်မှတ်မိမည်မဟုတ်ပေ။

ကျိယွမ်သည် တောအုပ်အတွင်းသို့ဆင်းသက်ကာ တည်ငြိမ်စွာ ရပ်နေသည်။

“အသုံးမကျတဲ့ လေမုန်တိုင်းချိုင့်ဝှမ်း၊ ငါ အထဲဝင်ချင်ရင် ဒီမှာ လေးရက်တောင် စောင့်ရဦးမယ်”

ထိုကျင့်ကြံသူ၏ ပြောပြချက်အရ လေမုန်တိုင်းချိုင့်ဝှမ်းသို့ ဝင်ရန် နည်းလမ်းနှစ်မျိုးသာ ရှိသည်။ လေမုန်တိုင်းချိုင့်ဝှမ်းသည် ကန်းလန်လောက၏ အဓိကကမ္ဘာတွင် တည်ရှိခြင်းမဟုတ်ဘဲ လျှို့ဝှက်နယ်မြေအတွင်း၌ ရှိနေခြင်း ဖြစ်သည်။

ပထမနည်းလမ်းမှာ လေမုန်တိုင်းချိုင့်ဝှမ်းအတွင်းမှလူများက ဝင်ခွင့်ပြုရန် ဖြစ်သည်။ သို့သော် ကျိယွမ် ရောက်စက ဤနေရာတွင် မိနစ်အနည်းငယ်ကြာ ဆဲဆိုခဲ့သော်လည်း လေမုန်တိုင်းချိုင့်ဝှမ်းမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲပင် ဖြစ်ပြီး မည်သည့်တုန့်ပြန်မှုမှ မရှိပေ။

အမှန်တကယ်တွင် ချိုင့်ဝှမ်းအထဲမှ ရှင်းဟွာဂိုဏ်းချုပ်သည် ကျိယွမ် ရောက်နေသည်ကို သိသော်လည်း၊ သူသည် ရုပ်သေးများကို ကောင်းစွာ အသုံးမပြုတတ်သေးသောကြောင့် အလျင်စလို ဝင်ခွင့်မပေးဘဲ ပိတ်ထားခြင်းဖြစ်သည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် ဒဏ္ဍာရီမှတ်တမ်းတွင် နာမည်မရှိသော်လည်း၊ တကယ်တမ်းတွင် ဒဏ္ဍာရီအဆင့် စွမ်းအား ရှိနေခဲ့လျှင် မည်သို့လုပ်မည်နည်း။

ထို့ကြောင့် သူသည် သတိထားသောအားဖြင့် ဝင်ပေါက်ကို ချက်ချင်းမဖွင့်ပေးပါ။

ထို့ကြောင့် ကျိယွမ်သည် ဒုတိယနည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။

အတင်းအဓမ္မ ဝင်ရောက်ခြင်း။

"သူတို့သတ်မှတ်ချက်က ဆန်းတော့ ဆန်းသား "

ကျိယွမ်က ကျောက်တန်းလျားပေါ်မှ စစ်တုရင်ခုံအား ကြည့်ကာ မျက်မှောင်ကျုံ့၏။

ချိူင့်ဝှမ်းထဲသို့ ဝင်ရောက်ရန်ဆိုလျှင် ထိုစစ်တုရင်ခုံပေါ်တွင် လေးရက်ဆက်တိုက် စစ်တုရင်ကစားရမည် ဖြစ်သည်။ လေးရက်ပြည့်လျှင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လေမုန်တိုင်းချိုင့်ဝှမ်း၏ ဝင်ပေါက် ပွင့်လာလိမ့်မည် ဟု ဆို၏။

"ကစားဆိုတော့လည်း ကစားတာပေါ့"

ကျိယွမ်သည် ကျောက်တန်းလျားတစ်ခုပေါ်၌ ထိုင်နေပြီး မျက်လုံးများကို မှိတ်ထား၏။သူ၏စိတ်ထဲမှာတော့ ကျိယွမ်ကျမ်းကို ပြည့်စုံစေရန် သူရရှိထားသော နည်းစနစ်များကို ခွဲခြမ်းစိတ်ဖြာနေသည်။

သို့သော် သူ၏လက်ကမူ စစ်တုရင်ခုံပေါ်သို့ နယ်ရုပ်များကို ဟိုချဒီချ ချ၏။ရှုံးသည် နိုင်သည် မှန်သည် မှားသည် သူ မစဥ်းစားပါ။ သူက တာဝန်ကျေ ကစားနေခြင်းပင်။

အဝေးမှကြည့်လျှင်တော့ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောသည့်ကျင့်ကြံသူတစ်ဦးသည် စစ်တုရင်ကို အလွန်နက်ရှိူင်းစွာ ကစားနေသည့်အလားရှိ၏။

မျက်လုံးများကို မှိတ်ထား၏ ။ တစ်ခါတစ်ရံ၌ ကျားစေ့ကို ကိုင်ထားပြီး တော်တော်နှင့်မချပေ ၊ အချိန်ကြာမြင့်စွာစဥ်းစားနေပြီးမှ တစ်ကွက်ရွှေ့သည်။

"သူက ဆရာကြီးပဲ..."

တောင်ပေါ်တွင် ထင်းခွေနေသော တောင်သူအချို့သည် ကျိယွမ်ကို အဝေးမှ စပ်စုစွာ ကြည့်နေကြသော်လည်း အနီးသို့မကပ်ရဲကြပေ။

အချိန်အတန်ကြာပြီးနောက် စစ်တုရင်ခုံပေါ်တွင် နယ်ရုပ် ရာပေါင်းများစွာ ချပြီးသောအခါ ကျိယွမ်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။

“ ကျိယွမ်က သေသွားပြီလား”

မှန်ပါသည်။

သူ၏ မူလမျိုးစေ့ဖြင့် ဖန်တီးထားသော ဂိမ်းဇာတ်ကောင်သည် ရုတ်တရက် သေဆုံးသွားလေပြီ။

သူသည် ကျောက်တန်းလျားပေါ်၌ ထိုင်နေရင်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားကာ ဂိမ်းထဲသို့ ဝင်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။

“ဒီဂိမ်းက... အစကတည်းက သေခြင်းနဲ့ စတာလား... ငါက ဘယ်လို ကစားရတော့မှာလဲ”

ထိုအချိန်တွင် အမည်မသိ ကမ္ဘာတစ်ခု၌ဖြစ်သည်။

အုတ်ဂူအသစ်တစ်ခုကို တည်ဆောက်ထားပြီး ကျိယွမ်၏ ရုပ်အလောင်းကို မီးမသင်္ဂြိုဟ်ဘဲ မြေမြှုပ်ထားကြ၏။

သူ၏ ဂူဗိမာန်ရှေ့တွင် QR code နှင့် တူသောအရာတစ်ခု ရှိနေပြီး ၎င်းကို scan ဖတ်ကြည့်လျှင် သူ၏ ဘဝမှတ်တမ်းကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂူဗိမာန်ရှေ့တွင် ပန်းစည်းလေးတစ်ခု ရှိသော်လည်း ညှိုးနွမ်းကာ ခြောက်သွေ့နေခဲ့လေပြီ။

"ကျိယွမ်က တကယ်သေသွားခဲ့တာကိုး"

-------------

All Chapters