အစီအစဥ်သစ်
Vol. 24 Ch. 271
ရှင်းဟွာအသင်းဖိုရမ်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်နေ၏။
ယခင်က သွေးဝတ်စုံဓားနတ်ဘုရားက ပိုစ့်တစ်ခု တင်ခဲ့စဉ်က ဖိုရမ်အတွင်း ဆွေးနွေးမှုလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
သို့သော်လည်း သွေးဝတ်စုံဓားနတ်ဘုရားအကောင့် ပိတ်ပင်ခံရပြီးနောက် သူ၏ပို့စ်များ ပျောက်ကွယ်သွားရာ ထိုလှိုင်းလုံးကြီးမှာ ပြန်လည်ငြိမ်သက်သွား၏။
လတ်တလောတွင် "သွေးဝတ်စုံဓားနတ်ဘုရား ပရိသတ်အဖွဲ့" ဟု အမည်ပေးထားသော စကားပြောဂရုတစ်ခုအတွင်း မြေခွေးဂူမှ လီလေးက စိတ်အားထက်သန်စွာ ပြောဆိုနေသည်။
"သွေးဝတ်စုံဓားနတ်ဘုရား ပြောတာ အမှန်ပဲ ဖြစ်ရမယ်။ ငါတို့ ကျင့်ကြံနေတဲ့ နည်းစနစ်တွေက အဆိပ်အတောက်တွေ ဖြစ်နေတာ သေချာတယ်"
သူမသည် ဤပရိတ်သတ်ဂရုကို သွေးဝတ်စုံဓားနတ်ဘုရား၏ လမ်းညွှန်မှုနှင့် အကြံပြုချက်ကြောင့် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကျင့်ကြံသူ တစ်ရာခန့် ပါဝင်နေလေပြီ။
ယခုအဖွဲ့က အမာခံဖန်အဖွဲ့ဖြစ်ပြီး နောက်ထပ်ဝင်လိုသူ အများအပြားရှိသေးသော်လည်း အမာခံအဖွဲ့ဝင်ဖြစ်ရန် စမ်းသပ်ချက်ကို သူတို့ မအောင်မြင်ကြသေးပေ။
လက်ရှိတွင် မြေခွေးဂူမှ လီလေးသည် သွေးဝတ်စုံဓားနတ်ဘုရား ပရိသတ်များ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
"ဟုတ်တယ်၊ သွေးဝတ်စုံဓားနတ်ဘုရား ပြောတာ အမှန်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူ့ပို့စ်က ဘာလို့ ဒီလောက် နားမလည်နိုင်အောင် ပျောက်သွားရမှာလဲ၊ ပြီးတော့ တစ်ယောက်ယောက်က အဲ့ဒီအကြောင်း မေးတိုင်းလည်း သူတို့ပို့စ်တွေပါ ပျောက်ကုန်တာပဲ"
"ရှင်းဟွာအဖွဲ့အစည်းထဲမှာ ရန်သူတွေရှိနေတယ်၊ ပြီးတော့ သူတို့က ရာထူးကြီးကြီးတွေ ရထားကြတာပဲ နေမှာ"
"မင်းတို့ ထင်လား... အဲ့ဒါ ရှင်းဟွာဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ဖြစ်နိုင်မလား"
ကျင့်ကြံသူတစ်ဦးက ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းလိုက်သည်။
အရှေ့ပိုင်းဒေသရှိ ရှင်းဟွာအဖွဲ့အစည်း၏ ဌာနခွဲမှူးမှာ သွေးဝတ်စုံဓားနတ်ဘုရား၏ လက်အောက်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သောကြောင့် ဓားနတ်ဘုရားကို ပိတ်ပင်ရန် ဘယ်သောအခါမှ လုပ်ဝံ့မည်မဟုတ်ပေ။
သွေးဝတ်စုံဓားနတ်ဘုရားကို ပိတ်ပင်ရန် အခွင့်အာဏာနှင့်လုပ်ဝံ့သူမှာ လူနည်းစုသာ ရှိနိုင်၏။
"တကယ်လို့ အဲ့ဒါ သူသာဆိုရင်တော့ ငါတို့ ဒုက္ခရောက်ပြီ"
ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည်။
သွေးဝတ်စုံဓားနတ်ဘုရားသည် အဆင့်မြင့် ယင်နတ်ဘုရားတစ်ဦး ဖြစ်ပြီး
ယင်နတ်ဘုရားများကြားတွင် အတော်လေး အစွမ်းထက်သည်မှာ မှန်ပါသည်။
သို့သော်လည်း ရှင်းဟွာအဖွဲ့အစည်း၏ ဂိုဏ်းချုပ်ကြီးကဲ့သို့ နောက်ခံအင်အားကြီးမားသောပုဂ္ဂိုလ်မျိုးနှင့် နှိုင်းယှဉ်လျှင် သွေးဝတ်စုံဓားနတ်ဘုရားမှာ မျိုးဆက်သစ်တစ်ယောက်မျှသာ ရှိသေး၏။
"ငါ့မျိုးနွယ်စုထဲက စီနီယာယင်နတ်ဘုရား တစ်ယောက် ပြောဖူးတာကတော့ ယင်နတ်ဘုရားအဆင့်တွေရဲ့ အဆင့်တစ်ခုချင်းစီကြားက ကွာဟချက်ဟာ ယင်နတ်ဘုရား နယ်ပယ်အောက်က အဓိကနယ်ပယ်တွေကြားက ကွာဟချက်ထက်တောင် ပိုကြီးတယ်တဲ့"
"တကယ်လို့ သွေးဝတ်စုံဓားနတ်ဘုရားက ရှင်းဟွာအဖွဲ့အစည်း ဂိုဏ်းချုပ်ကို စော်ကားမိတယ်ဆိုရင် သူ အရမ်း အန္တရာယ်များနေပြီ"
"တောက်...ခက်နေတာက ၊ အခု သွေးဝတ်စုံဓားနတ်ဘုရားနဲ့ ဆက်သွယ်လို့ မရတော့ဘူး"
"စီနီယာ သတိထားနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်"
"ကန်းလန်လောကထဲမှာလည်း ရန်သူတွေ ရှိနေတယ်၊ ရှင်းဟွာအဖွဲ့အစည်းထဲမှာလည်း လူယုတ်မာတွေ ရှိနေတယ်။ သွေးဝတ်စုံဓားနတ်ဘုရား တစ်ယောက်ပဲ ဖြူစင်တဲ့ နှလုံးသား ရှိတာ"
"ဟုတ်တယ်..လောကကြီးထဲက လူဆိုးတွေ အကုန်လုံး ပေါင်းပြီး ငါတို့စီနီယာ့ကို ဝိုင်းအနိုင်ကျင့်နေကြတာ"
"နှမြောစရာပဲ၊ ငါက စီနီယာ့အတွက် ဘာမှ လုပ်မပေးနိုင်လောက်အောင် အသုံးမကျဖြစ်နေတယ်"
" စီနီယာ့အတွက် အရမ်း စိတ်မကောင်းဘူး။ သူ့နေရာမှာ ငါသာ အဲ့ဒီနာကျင်မှုတွေကို ခံစားပေးနိုင်ရင် ကောင်းမှာပဲ။ သူ အခု အခက်အခဲတွေ တွေ့နေမှာ သေချာတယ်"
"ဂိုဏ်းချုပ်ကြီးနဲ့ ဆက်သွယ်ဖို့ အဆက်အသွယ် ရှိတဲ့သူ ရှိလား၊ ငါတို့ စီနီယာ့ကိုယ်စား တောင်းပန်ပေးလို့ ရမလား"
"မလုပ်ဘူး၊ ငါတို့က ဘယ်တော့မှ မကောင်းတဲ့အင်အားစုတွေရှေ့မှာ ဒူးမထောက်နိုင်ဘူး"
အုပ်စုလိုက်စကားပြောခန်းအတွင်း၌ ကျိယွမ်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး အစွန်းရောက်သော ကြည်ညိုကိုးကွယ်မှု အငွေ့အသက်များ လွှမ်းမိုးနေ၏။
ထိုစဉ်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလာသည်။
"မင်းတို့ ..ကြည့်ကြဦး...သွေးဝတ်စုံဓားနတ်ဘုရား ပြန်ပေါ်လာပြီ"
"ဘာ.. စီနီယာ ပြန်လာပြီလား"
"အား...တကယ်ကြီး"
အဖွဲ့ဝင်များသည် သွေးဝတ်စုံဓားနတ်ဘုရား၏ ပို့စ်ကို စစ်ဆေးရန် ဖိုရမ်သို့ အလုအယက် ဝင်ရောက်ကြသည်။
လီလေးသည်လည်း သူမ၏အိုင်ဒေါအတွက် ဝမ်းသာအားရနှင့် စိုးရိမ်တကြီး ဖြစ်နေ၏။
သွေးဝတ်စုံဓားနတ်ဘုရားအကောင့် ပိတ်ပင်ခံရခြင်းမှာ သာမန်ကိစ္စမဟုတ်ဘဲ အလွန်ကြီးမားသော ကိစ္စဖြစ်ကြောင်း သူမ သိထားသည်။
ခြေလှမ်းတစ်ချက် မှားရုံနှင့် သွေးဝစုံဓားနတ်ဘုရားသည် ကုစား၍မရသော အခြေအနေသို့ ကျဆင်းသွားနိုင်၏။
ထိုအချိန်တွင် ဖိုရမ်၏ ထိပ်ဆုံး၌ ပင် (pin) လုပ်ထားသော ပို့စ်တစ်ခုက အားလုံး၏ မျက်လုံးကို ဆွဲဆောင်လိုက်သည်။
[ငါ သွေးဝတ်စုံဓားနတ်ဘုရားဟာ၊ ငါ့ရဲ့ အကောင့် အပိတ်ခံရတာကို ဖယ်ရှားဖို့အတွက် ရှင်းဟွာအဖွဲ့ရဲ့ဂိုဏ်းချုပ်ကို ဒေါသတကြီး သတ်ဖြတ်လိုက်ပြီ]
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ဒီနေရာမှာ ကန်းလန်လောကရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ဖော်ခဲ့တယ်၊ ကျင့်စဉ်တွေက အဆိပ်အတောက်တွေ ဖြစ်နေတယ်ဆိုတာလေ"
"ရလဒ်အနေနဲ့ ငါ ပိတ်ပင်ခံလိုက်ရတယ်။ ငါ အရမ်း ဒေါသထွက်သွားတာပေါ့။"
"ကန်းလန်လောကမှာ နေထိုင်နေကြတဲ့ ရှင်းဟွာအဖွဲ့အစည်းက ညီအစ်ကို မောင်နှမတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ် မဟုတ်လား"
" ငါ မကျေမနပ်လို့ စုံစမ်းကြည့်လိုက်တော့ ငါ့ကို ပိတ်ပင်ခဲ့တာ ရှင်းဟွာအဖွဲ့ဂိုဏ်းချုပ်ဆိုတဲ့ ခွေးအိုကြီး ဖြစ်နေတာကို တွေ့ခဲ့ရတယ်လေ"
"ငါ အရမ်း စိတ်တိုသွားတယ်။
အဲ့ဒီခွေးအိုကြီးဟာ မကောင်းဆိုးဝါးဘက်က ရပ်တည်ပြီး ရက်စက်မှုတွေ လည်း ကျူးလွန်ခဲ့သေးတယ်။ ငါ အဲ့ဒါကို သည်းမခံနိုင်ဘူး"
" ဒါကြောင့် ငါ တရားမျှတမှုအလံကို လွှင့်ထူပြီး ဝူထျန်းနယ်မြေဆီ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့တယ်။
အဲဒီနယ်မြေက ယင်နတ်ဘုရားတွေကလည်း ရှင်းဟွာဂိုဏ်းချုပ်နဲ့ ပူးပေါင်းနေကြတာပဲ"
"ယင်နတ်ဘုရား ၃၀ ကျော် ပေါင်းစည်းပြီး သူတို့ရဲ့ ယုံကြည်ချက်ကို သစ္စာဖောက် ၊ အမှောင်နေမင်းကို အလုပ်အကျွေး ပြုခဲ့ကြတယ်။
ဒါကြောင့် ငါ တစ်ကိုယ်တော် တိုက်ခိုက်ပြီး အဲ့ဒီ ယင်နတ်ဘုရားတွေ အကုန်လုံးကို သတ်ပစ်လိုက်ပြီ"
" တရားမျှတမှုက မတရားမှုကို အနိုင်ယူသွားပြီ၊ အခုတော့ ငါ ဖိုရမ်ပေါ်မှာ လွတ်လွတ်လပ်လပ် ပြန်ပြောလို့ ရပြီ"
"ဒါပေမဲ့ ဒီမကောင်းဆိုးဝါးတွေကို လုံးဝ အမြစ်ပြတ် မချေမှုန်းနိုင်သေးဘူး။ မင်းတို့ရဲ့ အကူအညီ လိုအပ်တယ်။ မင်းတို့ရဲ့ နည်းစနစ်တွေကို အပ်လုဒ် လုပ်ပြီး ငါ ကပ်ဘေးကြီးကို အနိုင်ယူဖို့ ကူညီပေးကြပါ"
ကျိယွမ်သည် စီကာပတ်ကုံးအရှည်ကြီး ရေးသားလိုက်ပြီးနောက် အလွန်ကျေနပ်သွားသည်။
ပို့စ်ကိုတင်ပြီးနောက် မှတ်ချက်များ တက်လာမည့်အချိန်ကို သူ စောင့်ဆိုင်းနေလိုက်၏။
"စီနီယာ တကယ်ပဲ ဂိုဏ်းချုပ်ကို သတ်လိုက်တာလား"
"မင်းတို့ အယုံမလွယ်နဲ့ ၊ ဒီပို့စ်ရဲ့ လေသံက တစ်မျိုးပဲ။ သွေးဝတ်စုံဓားနတ်ဘုရား အတုများ ဖြစ်နေမလား"
ကျိယွမ်သည် ထိုမှတ်ချက်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားသည်။
"ပေါက်ကရတွေ၊ မင်းကို ဘမ်းလိုက်ပြီ"
သူ့ရဲ့ ရေးသားမှု ညံ့ဖျင်းသည်ဟု ပြောသောသူကို သူ ချက်ချင်း ဘမ်းလိုက်သည်။
လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်းကို ပြောတာက သွေးဝတ်စုံဓားနတ်ဘုရားအကောင့်ကလေ ။ အခုဘမ်းတာက ဂိုဏ်းချုပ်ကြီးရဲ့အကောင့်က ဘမ်းတာ ။ ဒီတော့ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ ဘာမှတော့ မဆိုင်ဘူးမှတ်လား။
သွေးဝတ်စုံဓားနတ်ဘုရားသည် ဖြူစင်ရိုးသားသူ၊ နတ်ဘုရားကဲ့သို့သော ကြာဖြူလေးပင်။
ကျိယွမ်က သူအမြင်ကပ်သူအား ဘမ်းပြီးနောက် ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။
သူ၏ ပို့စ်သည် ရှင်းဟွာအဖွဲ့ဝင်များကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်ကတော့ အမှန်ဖြစ်၏။
ရှင်းဟွာအသင်းသည် လမ်းစဉ်ရှာဖွေရေးနန်းတော်နှင့် အဆင့်တူသော အင်အားစုကြီးတစ်ခုဖြစ်သည်။
နယ်မြေပေါင်း ၂၀ နီးပါးအထိ ဖြန့်ကြက်ထားပြီး အဖွဲ့ဝင် တစ်သောင်းကျော် ရှိ၏။
အရေးကြီးဆုံးမှာ ယင်နတ်ဘုရား အများအပြားနှင့် သူတို့၏ မျိုးဆက်များသည်လည်း ရှင်းဟွာအဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်နေကြခြင်းပင်။
သို့သော် ယင်နတ်ဘုရား အများအပြားက အဖွဲ့ဝင်ဖြစ်နေသော်လည်း သူတို့၏ အဆင့်အတန်းကြောင့် ဖိုရမ်တွင် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မထုတ်ဖော်ကြပါ။
ယခုအခါမှာတော့ သွေးဝတ်စုံဓားနတ်ဘုရား၏ပို့စ်က ယင်နတ်ဘုရား အများအပြား၏ မျက်လုံးထဲသို့ ရောက်သွားပြီး သူတို့အားလုံး မှင်တက်သွားကြသည်။
ယခုအချိန်မှာတော့ သူတို့သည် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မိမည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
"ဒါ တကယ်လား ၊ အဲ့ဒါ ရှင်းဟွာအသင်းရဲ့ ဂိုဏ်းချုပ်ကြီးနော်"
"စီနီယာဓားနတ်ဘုရား ၊ သင် အမှောင်နေမင်းဆီ သွားတာ မဟုတ်ဘူးလား"
"အဲ့ဒါဆို စီနီယာက ရှင်းဟွာအသင်းဂိုဏ်းချုပ်ကို အရင်ရှင်းထုတ်လိုက်တာပေါ့"
"စီနီယာ၊ မူလနတ်ဘုရား မျှဝေရေး အသင်းက နတ်ဘုရား နည်းစနစ်တွေက အရမ်း ဈေးကြီးတယ်။ ငါ့ရဲ့ နည်းစနစ်တွေ အကုန်လှူရင်တောင် ငါ မဝယ်နိုင်သေးဘူး။"
ယင်နတ်ဘုရားများ၏ မေးခွန်းများက ဖိုရမ်တွင် ပြည့်လျှံနေတော့သည်။
အဆင့်နိမ့်သူများ မသိသော်လည်း သွေးဝတ်စုံဓားနတ်ဘုရားသည် အမှောင်နေမင်း နှင့် ရင်ဆိုင်ရန် ယူထျန်းနယ်မြေသို့ သွားခဲ့ကြောင်း သူတို့ထဲမှ အများအပြားက သိထားကြ၏။
ယူထျန်းနယ်မြေမှ အသက်ရှင်လျှက် ပြန်လာနိုင်ရန် သူ့အတွက် အခွင့်အရေးရှိလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။
အမှောင်နေမင်း၌ ဒဏ္ဍာရီအဆင့်ရှိသူများ ရှိနေပြီး သွေးဝတ်စုံဓားနတ်ဘုရားကတော့ ဒဏ္ဍာရီမှတ်တမ်းတွင်ပင် နာမည်စာရင်းမရှိသေးသည့် မဟာအုပ်စိုးရှင်တစ်ဦးဖြစ်၏။
ထို့ကြောင့် မဟာအုပ်စိုးရှင်တစ်ဦးနှင့်ဒဏ္ဍာရီအဆင့်များ၏ တိုက်ပွဲတွင် မဟာအုပ်စိုးရှင်သာရှုံးနိမ့်သွားမည်ဟု သူတို့ခန့်မှန်းထားကြသည်မှာ သဘာဝကျပါသည်။
ကျိယွမ်သည် မှတ်ချက်များကို ဖတ်ပြီးနောက် အချို့ကို ရွေးချယ်၍ ပြန်လည် ဖြေကြားခဲ့သည်။
"ငါ အမှောင်နေမင်းဆီ ကိုယ်တိုင် သွားခဲ့တာပါ၊ ကံကောင်းချင်တော့ ရှင်းဟွာ ဂိုဏ်းချုပ်ကလည်း အဲ့ဒီမှာ ရှိနေတာနဲ့ အကုန်လုံးကို တစ်ခါတည်း သတ်ပစ်လိုက်တာ။"
"အဆင်ပြေပါတယ်၊ အမှောင်နေမင်းရဲ့ အစွမ်းက ပျမ်းမျှလောက်ပါပဲ။ သူတို့မှာ ဒဏ္ဍာရီအဆင့် လေးယောက်လောက်နဲ့ ကောင်းကင်ဘုံသို့ ခြေခြောက်လှမ်းအဆင့် မဟာအုပ်စိုးရှင် ၃၀ လောက်ပဲ ရှိတာ၊ တော်တော် အားနည်းပါတယ်"
"အဲ့ဒါက အားမနည်းဘူးလို့ ထင်နေကြတာလား ၊ သွေးနေမင်း မဟာသူတော်စင်ကြီးတို့ သားအဖနဲ့ နှိုင်းယှဉ်ရင် အမှောင်နေမင်းက ရယ်စရာသပ်သပ်ပဲ"
"မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။ အဲ့ဒီတော့ ဒီလိုလုပ်ကြရအောင်- ရှင်းဟွာအဖွဲ့ကနေတစ်ဆင့် ရက်ပေါင်း ၂၀ အတွင်း ကောင်းကင်အဆင့် နည်းစနစ်တစ်ထောင် အပ်လုဒ် လုပ်နိုင်တဲ့သူတွေရှိရင်... တိုးတက်မှုဘားကို ၁၀၀% လို့သတ်မှတ်တယ်၊ အဲ့ဒီအခါ နတ်ဘုရားနည်းစနစ်တွေကို အခမဲ့ ပေးမယ်"
ယင်နတ်ဘုရားတစ်ဦး၏ မှတ်ချက်ကို မြင်သောအခါ ကျိယွမ် အကြံတစ်ခု ရလာသည်။
ရှင်းဟွာအဖွဲ့အစည်းတွင် ယင်နတ်ဘုရားအများအပြား မရှိသော်လည်း အဖွဲ့ဝင်များစွာ ရှိသည်။ အများစုမှာ အထက်တန်းလွှာ မိသားစုများမှ လာကြသူများဖြစ်ပြီး အံကြိတ်ကာ ကြိုးစားလျှင် ကောင်းကင်အဆင့် နည်းစနစ် တစ်ခုစီ ပံ့ပိုးပေးနိုင်ကြပေလိမ့်မည်။
အကယ်၍ သူတို့ကသာ ကောင်းကင်အဆင့် နည်းစနစ် တစ်ထောင်နှင့် နက်နဲသောအဆင့်နည်းစနစ်များကို စုပေါင်းလှူဒါန်းနိုင်ပါက နတ်ဘုရား နည်းစနစ်များကို ထုတ်ဖော်ပေးလိုက်ရန် သူကတွန့်တိုနေစရာမရှိပါ ။
ထိုသို့ တွေးပြီးနောက် ကျိယွမ်သည် ဂိုဏ်းချုပ်၏ ကျောက်စိမ်းပြားကို အသုံးပြု၍ ဖိုရမ်တွင် ရိုးရှင်းသော ပြုပြင်မွမ်းမံမှု အချို့ကို ပြုလုပ်လိုက်၏။
ပြုပြင်မွမ်းမံမှုက ရိုးရှင်းပါသည်။
တစ်စုံတစ်ယောက်သည် နည်းစနစ်တစ်ခုကို အင်တာဖေ့စ်မှတစ်ဆင့် အပ်လုဒ် လုပ်လိုက်လျှင် အောက်ခြေ၌ တိုးတက်မှုဘားတန်းတစ်ခု ပေါ်လာပေလိမ့်မည်။
ထိုတိုးတက်မှုဘားတန်းက ၁၀၀% ပြည့်သွားပါက ကျိယွမ်သည် နတ်ဘုရား အဆင့်နည်းစနစ်များကို ထုတ်ဖော်ပြသမည်ဖြစ်သည်။
ကျိယွမ်သည် ရှင်းဟွာအဖွဲ့သားများ၏ နည်းစနစ်များကို စုဆောင်းရန်အတွက် နတ်ဘုရားအဆင့်နည်းစနစ်များကို အသုံးချကာ ဆွဲဆောင်လိုက်ခြင်းပင်။
"လူတွေက တစ်ကိုယ်ကောင်းဆန်ကြတယ်၊ အချို့ကမတင်သေးဘဲ တခြားသူတွေ အရင် ပံ့ပိုးပေးမလားဆိုပြီး စောင့်ကြည့်နေကြလိမ့်မယ်။"
သူ၏အစီအစဉ်တွင် အားနည်းချက်တစ်ခုရှိသည်ကို ကျိယွမ် တွေးမိလိုက်သည်။
နတ်ဘုရာအဆင့် နည်းစနစ်များက သေချာပေါက် ဆွဲဆောင်မှု ရှိသော်လည်း အချို့က တခြားသူများအပေါ် အခွင့်ကောင်းယူရန် အပါးခိုးနေဦးမည်သာ။
"ဒီတော့ အကုန်လုံးပေါင်းတိုးတက်မှုဘားအပြင် လူတိုင်းမှာ ကိုယ်ပိုင် တိုးတက်မှုဘား ရှိမှရမယ်"
ကျိယွမ်က ခေါင်းတဆတ်ဆတ်ညိတ်သွားပြီး စဥ်းစားနေ၏။
သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက် ၎င်းတို့ကို လျင်မြန်စွာ အကောင်အထည်ဖော်လိုက်သည်။
ယခင်ကအတိုင်းပင် ကျောက်စိမ်းပြားထဲသို့ နောက်ထပ် လုပ်ဆောင်ချက်တစ်ခု ထပ်ထည့်လိုက်၏။
ဖိုရမ်ပေါ်သို့ နည်းစနစ်များ အပ်လုဒ် လုပ်လိုက်သောအခါ ၎င်းတို့သည် အများဆိုင်အခန်းထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော် ၎င်းတို့သည် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်တိုးတက်မှုဘားတန်းနှင့်အတူ ကိုယ်ပိုင်အခန်းထဲသို့လည်း ရောက်ရှိသွားမည်လည်းဖြစ်၏။
ထို့အပြင် ကျိယွမ်သည် နည်းစနစ်များ အပ်လုဒ်လုပ်ရန်နှင့် ဆုလာဘ်များ ရယူနိုင်ရန် အားပေးသည့်အနေဖြင့် ၁%၊ ၅%၊ ၂၀% မှ ၁၀၀% အထိ ဆုလာဘ်များကို သေချာစွာ သတ်မှတ်ပေးခဲ့သည်။
ထိုအခါမှသာ အသင်းထဲမှ အဖွဲ့ဝင်များက ပါဝင်ရန် ပိုမို စိတ်အားထက်သန်ကြပေလိမ့်မည်။
ဥပမာအားဖြင့် ၂၀% အတွက် ကျောက်စိမ်းအဆင့်ဆုလာဘ်၊ ၄၀% အတွက် နက်နဲသောအဆင့် ဆုလာဘ် စသည်ဖြင့် ဖြစ်သည်။
"ဒါတစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ပြဿနာက ငါ့မှာအချိန်က အရမ်း အကန့်အသတ် ဖြစ်နေတာ။ ကျင့်ကြံသူအများစုက တစ်ကိုယ်တည်း တရားအားထုတ်ရတာ ကြိုက်ကြတယ်"
" ဒီမက်ဆေ့ချ်ကို သူတို့ မြင်ဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ကြာသွားနိုင်တယ်။ အဲ့ဒီအချိန်ကျရင် အချိန်နှောင်းသွားပြီ။"
"ဘယ်လိုလုပ်ရမလဲ"
ကျိယွမ်က စဉ်းစားနေသည်။
အချိန်သည် ငွေဖြစ်၏။ အထူးသဖြင့် သူ၏အချိန်သည် အဖိုးတန်ပြီး အလဟဿ မဖြုန်းတီးသင့်ပေ။
အတန်ကြာမှ သူလက်ဖျစ်တီးကာ ရေရွတ်လိုက်သည်။
"အိုး...အကြံရပြီ ၊ ဆုလာဘ်တွေ ရဖို့အတွက် နည်းစနစ်တွေ အပ်လုဒ် လုပ်ရုံနဲ့ မလုံလောက်ဘူး၊ သူတို့က သူတို့ရဲ့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး အပေးအယူလုပ်ဖို့ အကူအညီ တောင်းရမယ်"
သူငယ်ချင်းဖိတ်ခေါ်ဆုလာဘ်ထက်ကောင်းတဲ့ ဗျုဟာဘယ်ရှိဦးမလဲ ။
သူကိုယ်သူ ပါရမီရှင်တစ်ဦးဟုပင် ကျိယွမ် တွေးလိုက်မိသည်။
ဆုလာဘ်တွေ ရချင်သလား။
ရိုးရှင်းပါတယ် ၊ တခြားသူတွေကို ဖိတ်ခေါ်ပြီး မင်းရဲ့တိုးတက်မှုဘာတန်းကို အရှိန်မြင့်ပေးဖို့ အကူအညီ တောင်းလိုက်ပါ။
ထို့အပြင် တစ်စုံတစ်ယောက်ကို ဖိတ်ခေါ်လိုက်သောအခါတိုင်း တိုးတက်မှုဘားသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးလာမည်ဖြစ်သည်။
သို့သော် လူတစ်ယောက်က နောက်ထပ် လူတစ်ယောက်ကို တစ်ကြိမ်သာ ကူညီနိုင်ရမည်။
"ကောင်းပြီ၊ ဒီအစီအစဉ်နဲ့ပဲ သွားကြစို့"
ထိုသို့ တွေးတောပြီးနောက် ကျိယွမ် အလုပ်ပြန်စသည်။
မကြာမီမှာပင် သူ၏စနစ်အသစ်ကို အပြီးသတ်နိုင်ခဲ့၏။
ထို့နောက် ကျိယွမ်သည် သူ၏မူလနတ်ဘုရားအကောင့်သို့ ပြန်ပြောင်းကာ နောက်ထပ် မက်ဆေ့ချ်တစ်ခု တင်လိုက်သည်။
[ပြောလိုက်ရင် လန့်သွားမယ် ၊ သွေးဝတ်စုံဓားနတ်ဘုရားက အကျိုးကျေးဇူးတွေ ပေးနေပြီနော် ၊ နတ်ဘုရားအဆင့် နည်းစနစ်တွေကို အဆင့်အတန်းမရွေး မျှဝေနေတယ်]
"၉၉၉ လည်း မဟုတ်၊ ၉၉၈ လည်း မဟုတ်ဘူး၊ သွေးဝတ်စုံဓားနတ်ဘုရား ပြောထားတဲ့ သာမန်နည်းစနစ်တွေကို စုဆောင်းပေးရုံနဲ့ သူက နတ်ဘုရားအဆင့် နည်းစနစ်တွေကို အခမဲ့ ပေးသွားမှာတဲ့"
" ငါ နည်းစနစ်အချို့ လှူဒါန်းပြီးသွားပြီ၊ ပြီးတော့ ငါ အရမ်း အစွမ်းထက်ပြီး ပေါက်ကွဲစေနိုင်တဲ့ နည်းစနစ်တစ်ခု ရခဲ့တယ်။"
"ဒါကို ဘာလို့ စောစော မသိခဲ့ရတာလဲ ၊ အသိနောက်ကျလို့ ခံပြင်းမိတယ်"
" ဘယ်လိုလဲရမလဲ သိချင်လား ၊ ငါ့ဆီ လာပြီး ငါနဲ့အပြန်အလှန်ကူညီပြီး ရမှတ်တွေယူကြပါ "
ကျိယွမ်သည် သူ့ကိုယ်သူ ကိုယ်ပိုင်လူယုံအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
ပထမဦးစွာ သူသည် မိမိကိုယ်တိုင်အတွက် ဇာတ်ကောင်စရိုက်တစ်ခု ဖန်တီးမည်ဖြစ်သည်။
ဆင်းရဲနွမ်းပါးစွာ မွေးဖွားလာပြီး ကြိုးစားအားထုတ်ခဲ့ရသည်၊ စီနီယာ အစ်ကိုက သူ့ကို အနိုင်ကျင့်၏။ အကြီးအကဲများကလည်း သူ့ကို မျက်နှာသာမပေး၊ နတ်ဘုရားမနှင့်တူသော စီနီယာအစ်မကလည်း သူ့ကို လျစ်လျူရှုသည်။ ဂိုဏ်း၏ အုပ်ချုပ်ရေးမှူးများကလည်း အခက်အခဲများ ဖြစ်အောင် လုပ်ကြ၏။
သို့သော် ရှင်းဟွာအဖွဲ့မှ သူလဲလှယ်ခဲ့သော နည်းစနစ်များဖြင့် နောက်ဆုံးတွင် ကြွယ်ဝချမ်းသာလာပြီး ကောင်းကင်အဆင့် နည်းစနစ်များကို ရရှိကာ ဂိုဏ်းခေါင်းဆောင်၏ သမီး၊ သူ၏ ဂျူနီယာ ညီမလေး၏ ကြည်ညိုမှုနှင့် အကြီးအကဲများ၏ မျက်နှာသာပေးမှုကို ရရှိခဲ့သည်။
ထိုအချိန်မှစ၍ သူသည် သူ၏ အတွေ့အကြုံများကို နေ့စဉ် မျှဝေနိုင်တော့သည်။
"ဟီး ဟီး ..ဒါဆိုရင် လူတွေကို နည်းစနစ်တွေလဲဖို့ သေချာပေါက် လှုံ့ဆော်ပေးမှာပဲ။"
"လူအင်အား များလေလေ ခွန်အား ရှိလေလေဆိုတဲ့အတိုင်း ငါ့ရဲ့ အရင်ဘဝတုန်းက အဲ့ဒီ အွန်လိုင်းဈေးဝယ် ပလက်ဖောင်းက ကြောက်စရာကောင်းအောင် ရေပန်းစားခဲ့တာ။"
"ရှင်းဟွာအဖွဲ့မှာ လူတွေ ဒီလောက် အများကြီးရှိတာ၊ နတ်ဘုရားအဆင့် နည်းစနစ်တစ်ခုအတွက် စုပေါင်းလှူဒါန်းဖို့ဆိုတာ ပြဿနာ မရှိနိုင်ဘူး မဟုတ်လား"
ပို့စ်တင်ပြီးနောက် ကျိယွမ် လန်းဆန်းသွားသည်။
"အားလုံး အဆင်ပြေသွားပြီ"
လေမုန်တိုင်းချိုင့်ဝှမ်းတွင် ကျိယွမ် အနည်းငယ် အမြတ်ထွက်ခဲ့သည်ဟု ဆိုနိုင်၏။
ပထမဦးစွာ သူသည် ရှင်းဟွာဂိုဏ်းချုပ်၏ ကျောက်စိမ်းပြားကို ရရှိခဲ့သည်၊ နောက်ပိုင်းတွင် နည်းစနစ်များစွာကို စုဆောင်းနိုင်ခဲ့သည်။
အမှောင်နေမင်းဌာနချုပ်တွင်လည်း နည်းစနစ်များစွာ ရှိ၏။ ကောင်းကင်အဆင့်နည်းစနစ်များကို ရေတွက်လျှင်ပင် ကျိယွမ်သည် ရာနှင့်ချီ၍ ရရှိခဲ့သည်။
ထိုအထဲတွင် အဆင့်မြင့် ကောင်းကင်အဆင့် နည်းစနစ်များပင် ပါဝင်၏။
ကျိယွမ်သည် ထိုနည်းစနစ်များကို မူလနတ်ဘုရားမျှဝေရေး အသင်းနှင့် ရှင်းဟွာအဖွဲ့အစည်း၏ ဆုလာဘ်စာရင်းထဲသို့ ထည့်သွင်းပေးလိုက်သည်။
"သွားရမယ့် အချိန်ရောက်ပြီ။"
အားလုံးကို ဆောင်ရွက်ပြီးနောက် ကျိယွမ်သည် လေမုန်တိုင်းချိုင့်ဝှမ်းမှ ထွက်ခွာသွားခဲ့တော့သည်။
...........
ရှန်ကွမ်းဂိုဏ်း၊ ကျိစယ်တောင်ထိပ်တွင်ဖြစ်သည်။
ကျန်းလင်းစုသည် ငါးစွပ်ပြုတ်တစ်ငုံ သောက်လိုက်ပြီး ကျေနပ်စွာဖြင့် လေတက်လိုက်၏။
"ငါ ထပ်မစားနိုင်တော့ဘူး။ ငါ့ရဲ့ ကိုယ်အလေးချိန်နဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းရဦးမယ်"
လုံ့လစိုက်ကာ ကြိုးစားကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ကျန်းလင်းစုသည် အခြေတည်အဆင့် အလယ်အလတ်သို့ ရောက်ရှိသွားခဲ့သည်။
သူမ၏ မိသားစုဝင်များကပင် သူမသည် အလွန်လျင်မြန်စွာ တိုးတက်နေသူဟု ချီးမွမ်းကြ၏။
"ဆရာတူအစ်ကိုကြီး အခု ဘယ်လိုနေလဲ မသိဘူး"
ကျန်းလင်းစုသည် ကျိယွမ်၏အိမ်အသစ်ကို တစ်ချက်ကြည့်ကာ သူ့အား သတိရကာ အလွန် လွမ်းဆွတ်နေမိသည်။
ယနေ့တွင် သူမ၏ မိသားစုသည် အစ်မ ကျန်းယာမှတစ်ဆင့် သူမကို ဆက်သွယ်ခဲ့၏။
ဆက်သွယ်လိုက်ရသည့် အကြောင်းအရာမှာ ရိုးရှင်းပါသည်။
သူမကို အိမ်ပြန်ရန် နားချခြင်းပင်။
သူမတို့၏ ကျန်းမိသားစုအတွက် ရှန်ကွမ်းဂိုဏ်းမှာ ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်ပြီး ကျန်းလင်းစုကလည်း တိုက်ရိုက်မျိုးဆက် ဖြစ်သောကြောင့်ဂိုဏ်းငယ်လေးတွင် နေခြင်းထက် မိသားစုတွင်နေခြင်းက ပိုမိုကောင်းမွန်သော လမ်းညွှန်မှုများကို ရရှိမည်မှာ သေချာပါသည်။
ထို့ကြောင့် ကျန်းမိသားစုက ကျန်းလင်းစုကို ပြန်လာရန် တိုက်တွန်းနေ၏။
ထို့တင်မကသေးဘဲ သူတို့သည် သူမအတွက် မျိုးရိုးနိမ့်သော်လည်း ချောမောပြီး ပါရမီ အလွန်မြင့်မားသော ခင်ပွန်းလောင်းတစ်ဦးကိုပါ သေချာစွာ ရွေးချယ်ပေးထားသေးသည်ဟု ဆို၏။
လက်ထပ်ပြီး ကျန်းမိသားစုထဲသို့ ဝင်ရောက်လာမည့် အိမ်ပါသမက်ကို သူတို့ကသေချာ ရှာဖွေထားကြသည်။
၎င်းက ကျန်းမိသားစုသည် သူမ ကို မည်မျှ တန်ဖိုးထားကြောင်း ပြသနေ၏။
ထိုလူငယ်သည် အလွန်ချောမောပြီး ပါရမီ မြင့်မားကာ နှစ်ပေါင်းတစ်ရာအတွင်း စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်းကိုလည်း ကျန်းမိသားစုက ပြောသည်။ ထိုပါရမီရှင် သမက်လောင်းသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ ဖြစ်လာရန်ပင် အခွင့်အရေး အနည်းငယ် ရှိသည်ဟု ပိုပိုသာသာ ပြောနေကြတော့သည်။
သို့သော် ကျန်းလင်းစုကတော့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
သူမက ရိုးရိုးတန်းတန်းငြင်းရုံမျှ မကပါ။အောက်ပါအတိုင်း အတွန့်တက်လိုက်သေးသည်။
"ကျွန်မရဲ့ ဆရာတူအစ်ကိုကြီးကလည်း စိတ်ဝိညာဥ်အဆင့်ကို ရောက်နေပြီ၊ အဲ့ဒီလူက ကျွန်မ အစ်ကိုကြီးရဲ့ ခြေသလုံးမွေး တစ်ချောင်းစာတောင် မတန်ဘူး"
ထိုစကားက သူမ၏ဖခင် ကျန်းသခင်ကြီးကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။
ငါ့သမီးက အသက် ၁၆ နှစ်ပဲ ရှိသေးတာလေ ၊သူ့ရဲ့ စီနီယာအစ်ကိုကြီးက စိတ်ဝိညာဥ်အဆင့်တဲ့လား ၊ ဘယ်လိုမှ လူကြားမကောင်းဘူး ။
ကန်းလန်းနယ်မြေတွင် စိတ်ဝိညာဥ်အဆင့်ကို မည်သည့်အသက်အရွယ်မှ ရောက်ကြသနည်း ။
ဒီကောင်က အနည်းဆုံး အသက် ၁၀၀၀ ရှိတဲ့ အဘိုးကြီးပဲ ၊ ငါ့ သမီးက ၁၆ နှစ် သမီး နုနုထွတ်ထွတ်လေးကွ ။
သူ့သမီး၏ လေသံကို နားထောင်ရသည်မှာ ထိုစီနီယာအစ်ကိုကြီးဆိုသော အဘိုးကြီးအပေါ် အထင်အမြင်ကောင်းများ ရှိနေပုံရသည်။
ဒီအဘိုးကြီးက ငါ့သမီး မနူးမနပ်လေးကို လှည့်စားနေတာ သေချာတယ်။
ကျန်းသခင်ကြီး ကျန်းကျိဟွာအနေဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
သူကိုယ်တိုင်ပင် အသက် ၃၀၀ ကျော်မျှသာ ရှိသေးသော ချောမောသည့် လူရွယ်တစ်ဦး ဖြစ်နေဆဲဖြစ်၏ ယခုတော့ အသက်တစ်ထောင်အရွယ် မိစ္ဆာအိုကြီးတစ်ဦးက သူ၏ ၁၆ နှစ်သမီး
အလှပဂေး နုနုထွတ်ထွတ်လေးကို
ခေါ်ထုတ်သွားချင်နေသည်တဲ့။
တောက်...ကြားလို့မှ ကောင်းကြသေးရဲ့လား။
ကျန်းသခင်ကြီးသည် ဒေါသတကြီးဖြင့် မိုးလင်းထိပင်မစောင့်နိုင်ဘဲ ညသန်းခေါင်ယံမှာပင် သာ့ရှန်းပြည်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ကျန်းကျိဟွာသည် သူ၏ ကျင့်ကြံခြင်းခရီးကို စတင်ခဲ့စဥ် ဂျူနီယာညီမလေးနှင့် လက်ထပ်ခဲ့သောအချိန်ကို ပြန်လည်သတိရမိ၏။ ထိုစဥ်က သူကိုယ်တိုင်မှာပင် အသက်တစ်ရာကျော် အမြုတေအဆင့်ကျင့်ကြံသူ ဖြစ်နေခဲ့ပြီး သူ၏ဂျုနီယာညီမလေးက အသက် ၂၀ ပင်မပြည့်သေးပါ ။
သူ့သမီး၏ စီနီယာအစ်ကိုဆိုသော အဘိုးကြီးသည်လည်း ထိုအတွေးမျိုး ရှိနေမှာ သေချာ၏။
နွားအို မြက်နုကြိုက်ဆိုတာ ဒါကိုပြောတာပဲ။
ထိုမြေခွေးအိုကြီးကို သင်ခန်းစာတစ်ခု ပေးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
သူမ၏ဖခင်ကိုယ်တိုင်း သာ့ရှန်းတိုင်းပြည်သို့ ခရီးထွက်လာကြောင်း သတင်းရကတည်းက ကျန်းလင်းစုအလွန် စိတ်ပျက်နေတော့သည်။
"ထားတော့ .."
ထိုအကြောင်းများကို ဆက်မစဉ်းစားတော့ဘဲ ကျန်းလင်းစုသည် သူမ၏ အသိစိတ်ကို ရှင်းဟွာအဖွဲ့ ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်၏။
ထိုခနမှာပင် သူမ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"နတ်ဘုရားအဆင့် နည်းစနစ်တွေလား"
"ဟုတ်ပါ့မလား"
သို့သော် သူမသည် ၁% ပြနေသော အများဆိုင် တိုးတက်မှုဘားတန်းကို လျစ်လျူရှုလိုက်၏။
နတ်ဘုရားအဆင့် နည်းစနစ်များမှာ သူမနှင့် အလှမ်းဝေးလွန်းလှသည် မဟုတ်ပါလား။
သူမ၏ စိတ်ဝင်စားမှုမှာ သူမ၏ ကိုယ်ပိုင် တိုးတက်မှုဘားတန်းပေါ်သို့ ကျရောက်သွားသည်။
"ငါသာ နည်းစနစ်တစ်ခု လဲလှယ်ပြီး ဆရာတူအစ်ကိုကြီးကို ပေးလိုက်ရင် သူ သေချာပေါက် ဝမ်းသာသွားမှာပဲ"
ထို့အပြင် နည်းစနစ်များ လှူဒါန်းခြင်းဖြင့် ဆုလာဘ်များပြန်လည်ထုတ်ယူနိုင်ခြင်းကလည်း မဆိုးဟု သူမခံစားရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ပို့စ်တစ်ခုကို မြင်လိုက်ရသောအခါမှာတော့ သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြန်၏။
[ညီအစ်ကိုတို့၊ ငါ နောက်ထပ် နည်းစနစ်တစ်ခု လဲလှယ်လိုက်ပြန်ပြီ]
---------------