← Chapters

ငါ့ကို ကူညီကြစမ်း

Vol. 24 Ch. 273

ငါ့ကို ကူညီကြစမ်း

Vol. 24 Ch. 273

အမှောင်နေမင်း နိဂုံးချုပ်သွားခြင်းနှင့် ရှင်းဟွာအဖွဲ့၏ခေါင်းဆောင် အပြောင်းအလဲတို့ကြောင့် ကန်းလန်နယ်မြေတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်နေပြီး ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့နေရသည်။

ယခုအချိန်တွင် အဖွဲ့အစည်းနှစ်ခုမှာ လူအာရုံစိုက်မှုကို အခံရဆုံး ဖြစ်နေ၏။

ပထမတစ်ခုမှာ မူလနတ်ဘုရားမျှဝေရေးအသင်း ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ရှင်းဟွာအဖွဲ့ ဖြစ်သည်။

ယခုအခါ ထိုအဖွဲ့အစည်းကြီးနှစ်ခုလုံး၏ အမှန်တကယ် ထိန်းချုပ်သူမှာ သွေးဝတ်ရုံစုံဓားနတ်ဘုရားဖြစ်၏။

ယခင်က သွေးဝတ်စုံဓားနတ်ဘုရား၏ ကျော်ကြားမှုမှာ ဖုန်းထျန်းနယ်မြေနှင့် အရှေ့ပိုင်းဒေသများတွင်သာ ပျံ့နှံ့နေခဲ့သော်လည်း ယခုအခါ သူ၏အမည်မှာ ကန်းလန်ကမ္ဘာရှိ နယ်မြေပေါင်း ၂၀ ကျော်သို့ ပျံ့နှံ့သွားခဲ့လေပြီ။

သို့သော် ဤကျော်ကြားမှုမှာ ရှင်းဟွာအဖွဲ့၏ ကိုယ်ပိုင်တိုးတက်ရေးဘားကို အပြန်အလှန်ကူညီခြင်းနှင့် မျှဝေရေးအသင်း၏ သူငယ်ချင်းဖိတ်ခေါ်ဆုလာဘ်များနှင့် ပတ်သတ်သည့်

ပတ်သက်သည့် ဟိုးလေးတကျော် ဖြစ်ရပ်များနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သေးပေ။

ရှင်းဟွာအဖွဲ့ကြီး၏ နယ်မြေခွဲအသီးသီးတို့သည် သွေးဝတ်စုံ ဓားနတ်ဘုရား၏ ဖိအားပေးမှုအောက်တွင် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည်။

အစီအစဥ်အသစ်အနေနှင့် ရှင်းဟွာအဖွဲ၏ ယာယီသုံးကျောက်စိမ်းပြား များကို အရင်းစျေးနီးပါးဖြင့် ရောင်းချပေးခဲ့သည်။

ဤယာယီကျောက်စိမ်းပြားများသည် အခြေခံဗားရှင်းများသာ ဖြစ်ပြီးမည်သူမဆိုဝယ်ယူနိုင်၏။ ကျောက်စိမ်းပြားများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများသည် ရှင်းဟွာအဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်များ မဟုတ်ကြသော်လည်း၊ ၎င်းတို့သည် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း၊ တိုးတက်မှုဘားတန်းကို တိုးမြှင့်နိုင်ခြင်းနှင့် ဆုလာဘ်များထုတ်ယူနိုင်ခြင်းတို့ကို ပြုလုပ်နိုင်၏။

အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် အခြားကျင့်ကြံသူများကို ကူညီပံ့ပိုးပေးနိုင်ခြင်းပင်။

ထို့ကြောင့် ရှင်းဟွာအဖွဲ့ဝင်အချို့သည် သူတို့၏ မိသားစုဝင်တိုင်းအတွက် ကျောက်စိမ်းပြားတစ်ပြားစီ ဝယ်ပေးကာ ၎င်းတို့၏ တိုးတက်မှုဘားကို အရှိန်မြှင့်တင်ရန် ကူညီခိုင်းကြကုန်သည်။

ထို့ကြောင့် အပြင်မှကျင့်ကြံသူများသည်လည်း ရှင်းဟွာအဖွဲ့အစည်းအတွင်းရှိ နည်းစနစ်များကို သူတို့လည်း လဲလှယ်နိုင်ကြောင်း သိရှိသွားသည့်အခါ နတ်ဘုရားအဆင့် နည်းစနစ်အတွက်များအတွက် ရန်ပုံငွေရှာသည့် လုပ်ငန်းစဉ်တွင် စိတ်အားထက်သန်စွာ ပါဝင်လာကြသည်။

ကိုယ်ပိုင်ဆုလာဘ်များစွာ ရနိုင်သည်ကို ထားဦးတော့၊ အကယ်၍ နတ်ဘုရားအဆင့် နည်းစနစ်အတွက် စုပေါင်းဘားတန်း ပြည့်သွားခဲ့လျှင်.။

လူတိုင်း ထိုနည်းစနစ်ကို ရနိုင်မည် မဟုတ်ပါလား။

နှစ်ပေါင်းတစ်ထောင်ကြာ တံခါးပိတ်ကျင့်ကြံနေသည့် အဖိုးအိုကြီးများပင်လျှင် သူတို့၏တပည့်များ သို့မဟုတ်ဘိုးဘေးများ၏ ခေါ်ယူခြင်းကို ခံခဲ့ရသည်။

သူတို့က သေရေးရှင်ရေးကိစ္စထင်၍ ရောက်သွားသော်လည် သူတို့၏ဆရာသခင်များ ပထမဆုံး ပြောလိုက်သည့် စကားမှာ ..

"မြန်မြန်ထပြီး ငါ့ဘားတန်းကို အရှိန်မြှင့်ပေးစမ်း" ဟူသည်။

လူတစ်ယောက်သည် တစ်ကြိမ်သာ အရှိန်မြှင့်ပေးနိုင်သောကြောင့် ရနိုင်သမျှလူများကို ပုခတ်တွင်းမှစ၍ သခ်ျိုင်းဝအထိ အရွယ်သုံးပါးမရွေး ခေါ်ထုတ်နေကြကုန်၏။

ထိုအခါ တံခါးပိတ်ကျင့်ကြံနေသူများလည်း အေးအေးချမ်းချမ်း မနေရတော့ဘဲ တိုးတက်မှုဘားများကို အရှိန်မြှင့်ပေးရန် ထွက်ပေါ်လာရတော့သည်။

ထို့ကြောင့် ကန်းလန်နယ်မြေသည် ထူးထူးခြားခြား သက်ဝင်လှုပ်ရှားလာပြီး နေရာတိုင်း၌ ကျောက်စိမ်းပြားပွတ်နေသူများ များပြားလာ၏။

အစပိုင်းတွင် တံခါးပိတ်ကျင့်ကြံနေသည်ကို နှိုးခြင်းခံရသော ကျင့်ကြံသူများသည် ဒေါသထွက်ကာ မလိုလားဖြစ်သွားကြသော်လည်း၊ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးများနှင့် နတ်ဘုရားနည်းစနစ်များကို သူတို့လည်း လဲလှယ်နိုင်မှုတို့ကို နားလည်သွားသည့်အခါ အံ့အားသင့်သွားကြသည်။

ထို့နောက် သူတို့ ဝမ်းသာသွားကြကုန်၏။

ကောင်းကင်အဆင့်နည်းစနစ်ကိုကျင့်ဖို့ နှစ် ၁၀၀၀ အကုန်ခံပြီး တရားထိုင်နေရအောင် ငါတို့ကအရူးတွေလား ၊ နတ်ဘုရားနည်းစနစ်ကို အရင်ယူရမှာပေါ့ ။

ယခုအခါ ကန်းလန်နယ်မြေရှိ ကျင့်ကြံသူများ အချင်းချင်း နှုတ်ဆက်ပုံမှာ ပင် ပြောင်းလဲသွားပြီ ဖြစ်သည်။

"မင်း တစ်ယောက်ယောက်ကို အရှိန်မြှင့်ပေးပြီးပြီလား"

"မင်းရဲ့ တိုးတက်မှုဘားတန်း က ဘယ်လောက်ရောက်နေပြီလဲ"

"ငါဘာလို့မှန်းမသိဘူး၊ ၉၉% မှာ တန့်နေတာ သုံးရက်ရှိပြီ"

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤအလုပ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်လာကြကုန်၏။

အဆုံးတွင်တော့ ကျင့်ကြံခြင်းတွင် နည်းစနစ်များမှာ အခြေခံအကျဆုံး မဟုတ်ပါလား။

ထို့ကြောင့် ယင်နတ်ဘုရားကြီးများပင်လျှင် ဤအရာမှ မလွတ်ကင်းနိုင်ပေ။

ဤအချိန်တွင် ကျိယွမ်သည် ဖုန်းထျန်းနယ်မြေရှိ ချင်းဟုန်မြို့သို့ အပြန်လမ်းတွင် ရှိနေခဲ့သည်။

ခရီးသွားနေစဉ်တွင် သူသည် ပို့စ်အသစ်တစ်ခု တင်လိုက်သည်။

[ကောင်းကင်အဆင့်နည်းစနစ်ကို ရရှိပြီးနောက်၊ ရင်သားထွားသောဂျူနီယာညီမလေးနှင့် ဂိုဏ်းချုပ်၏ သမီးတော်ကြားတွင် ကျွန်ုပ် ရွေးချယ်လိုက်သည်မှာ...]

မှန်ပါသည်၊ ခေါင်းစဉ်ဆိုသည်မှာ စိတ်လှုပ်ရှားစရာ ဖြစ်နေရမည်ဖြစ်ပြီး အဖြေကို တိုက်ရိုက်မပေးထားရပေ။

ဤနည်းဖြင့်သာ အဖွဲ့ဝင်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည်ဖြစ်၏။

ပါဝင်သည့် အကြောင်းအရာများကတော့ သူပုံမှန်တင်နေကျ ကြော်ငြာများကဲ့သို့ပင် ဖြစ်သည်။

"ကျောက်စိမ်းအဆင့် အတတ်ပညာ အနည်းငယ်ကို တင်လိုက်ပြီးတဲ့နောက် ငါ့ရဲ့ တိုးတက်မှုဘားတန်းက ၅၀% ရောက်သွားတယ်။ ငါ ကျောက်စိမ်းအဆင့် အတတ်ပညာတစ်ခုပဲ ရမယ် ထင်ထားတာ။"

"ဘယ်သူသိမှာလဲ၊ တကယ်တမ်းကျတော့ ကောင်းကင်အဆင့်နည်းစနစ်ကို ရခဲ့တာပဲ"

"အဲဒါ ကောင်းကင်အဆင့်တဲ့၊ ယင်နတ်ဘုရားတွေ ကျင့်ကြံတဲ့ အတတ်ပညာလို့ ပြောကြတယ်။"

"ဟူး... ငါက ကြွားရတာ ဝါသနာပါတဲ့သူဆိုတော့ ညနေရောက်တော့ တစ်ဂိုဏ်းလုံး သိသွားတာပေါ့။"

"ဂိုဏ်းချုပ်ရဲ့သမီးတော်က ညသန်းခေါင်ကြီး ငါ့တံခါးကို လာခေါက်ပြီး ငါ့ကြောင်ကို ဝင်ကြည့်ချင်တယ်တဲ့။ "

"သူမသိတာက ရင်သားထွားထွား ဂျူနီယာညီမလေးက အထဲမှာ ကြောင်ကြည့်ဖို့ရောက်နေပြီလေ ၊ သူကို ဘယ်လိုလုပ် ပေးဝင်လို့ရမလဲ"

"အဲဒီနှစ်ယောက် ဆုံသွားရင် ငါတော့ ဒုက္ခလှလှတွေ့မှာ။"

"ဟူး... တစ်ခါတလေ ကံကောင်းလွန်းပြီး ကောင်းကင်အဆင့်နည်းစနစ်ကို ရတာကလည်း ကောင်းတဲ့အရာတော့ မဟုတ်ဘူးပဲ။"

"တစ်ယောက်က ငယ်သူငယ်ချင်း၊ လူသားဘုရင်မျိုးနွယ်ရဲ့ မင်းသမီးလေး။ နောက်တစ်ယောက်က ဂိုဏ်းချုပ်ရဲ့ သမီးတော်၊ အဆင့်အတန်း မြင့်မားသူ။"

"ငါ ဘယ်သူ့ကို ရွေးရမလဲ ၊ အရမ်းတွေ ဝေခွဲမရဖြစ်နေပြီ။ ကျင့်ကြံသူကြီးတို့ အကြံပေးကြပါဦး"

ဤကာလအတွင်း ကျိယွမ်သည် သူ၏ တိုးတက်မှုများကို အစဉ်တစိုက် မျှဝေနေခဲ့သည်။

ရက်အနည်းငယ်အတွင်း သူ၏ဘဝဇာတ်လမ်းမှာ မယုံနိုင်လောက်အောင် ဖြစ်ရပ်များဖြင့် ပြည့်နှက်နေ၏။

ကြီးကြပ်ရေးမှူးကို ရိုက်နှက်ခြင်း၊ စီနီယာအစ်ကိုကြီးကို နှိမ်နှင်းခြင်း၊ ရန်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ စီနီယာအစ်မ၏ မျက်နှာသာပေးမှုကို ရရှိလာခြင်း၊ အကြီးအကဲများ၏ တန်ဖိုးထားမှုကို ခံရခြင်းနှင့် ဂျူနီယာညီမလေး ရေချိုးနေစဉ် အပြင်ကနေ စောင့်ကြည့်ပေးခြင်း။

သူ၏ဘဝမှာ စိတ်လှုပ်ရှားစရာ ကောင်းပြီး အနိမ့်အမြင့် အတက်အကျများဖြင့် တကယ့် အောင်မြင်သူတစ်ယောက်၏ ဘဝကဲ့သို့ပင်။

ထိုကဲ့သို့သော အကြောင်းအရာများသည် ပန်းတိုင်ဆီသို့ ကြိုးစားနေသော ကျင့်ကြံသူများကို စိတ်အားတက်ကြွစေပြီး နည်းစနစ်များကို ရူးသွပ်စွာ ရှာဖွေစုဆောင်းကာ အပ်လုတ်တင်စေရန် တွန်းအားပေးနေသည်။

သူ ပို့စ်တင်ပြီးသည်နှင့် လူများစွာက လာရောက် မှတ်ချက်ပေးကြ၏။

“၅၀% နဲ့ ကောင်းကင်အဆင့်နည်းစနစ်ကို ရတာလား ၊ တာအိုမိတ်ဆွေ၊ မင်းရဲ့ကံက ကောင်းလွန်းတယ်”

“ငါဆို ၈၀% ရောက်မှ ကောင်းကင်အဆင့်ကို ရတာ”

“အရွေးမမှားစေနဲ့ ..ငါဆိုရင်တော့ ဂျူနီယာညီမလေးကိုပဲ ရွေးမယ် ၊ ဘာလို့ရွေးသင့်လဲဆိုတာ မင်းသိမှာပါ... ဟဲဟဲဟဲ "

“စီနီယာအစ်မကိုပဲ ရွေးပါ”

“ဘာလို့ရွေးနေမလဲ ၊ နှစ်ယောက်လုံးကို ယူလေ”

“တကယ်တော့ ဂိုဏ်းချုပ်ကတော်ကလည်း တော်တော်လေး လှတုန်းပဲလို့ ငါထင်တယ်။ အခွင့်အရေးသာရှိရင် ငါလည်း ဂိုဏ်းချုပ်နဲ့ လမ်းကြောင်းတူ လျှောက်ချင်တယ် (ဂိုဏ်းချုပ်ကတော်ကို လိုချင်တယ်)။”

“ငါ့မှာ အကြံကောင်းတစ်ခု ရှိတယ်၊ မင်းကိုယ်မင်း သင်းကွတ်လိုက်၊ ဒါဆို ဘာမှ ပူစရာမလိုတော့ဘူး။”

“နည်းစနစ်တွေကို စျေးကောင်းပေးဝယ်မယ် ၊ အရှိန်မြှင့်ပေးမယ့်သူ ရှာနေတယ်နော် ၊ သီးသန့်စာပို့ပေးပါ"

မှတ်ချက်များကို ကြည့်ရင်း ကျိယွမ်သည် ၂၁ ရာစုကမ္ဘာ သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

“ဒါပေမဲ့ သူတို့က အင်တာနက်ပေါ်က ကီးဘုတ်ဖိုက်တာတွေလောက်တော့ မတော်သေးဘူး၊ ဟာသလေးတွေတောင် မပြောတတ်ကြဘူး။”

သူက ဖိုရမ်ထဲရှိ ပိုစ့်များကို လိုက်လံစစ်ဆေးကြည့်လိုက်ပြီး သူ့ကို ဆဲဆိုနေသူ တစ်ယောက်မှ မရှိသည်ကို တွေ့ရသောအခါ စိတ်သက်သာရာ ရသွားသည်။ သို့မဟုတ်လျှင် သူ၏ စိတ်အခြေအနေ ပျက်စီးသွားပေလိမ့်မည်၊ ၎င်းမှာ အကောင့်ပိတ် (ban) ရမည့် ကြီးလေးသော ပြစ်မှုပင်။

“ဆရာတူအစ်ကိုကြီး ၊ ဟီးဟီး၊ ညီမလေးရဲ့ တိုးတက်မှုဘားတန်း က ၇၀% ရောက်နေပြီ၊ နိုင်ငံပေါင်းတစ်ရာ အဆင့်သတ်မှတ်ချက်မှာ ပထမရနေတယ်"

" ညီမလေး ကောင်းကင်အဆင့်နည်းစနစ်တစ်ခု ရထားတယ်၊ အဲဒါကို အစ်ကို့ကြီးဆီ ပို့ပေးလိုက်မယ်”

ကျန်းလင်းစုက စာတစ်စောင်နှင့်အတူ သူမပထမဆုံးရလာသော ကောင်းကင်အဆင့် နည်းစနစ်တစ်ခု ပို့လာသည်။

အမှန်တကယ်ဆိုလျှင် ကောင်းကင်အဆင့်နည်းစနစ်များသည် ကျန်းမိသားစုအတွက် အလွန်တန်ဖိုးရှိ၏။

သို့သော် သူမ၏ ဆရာတူအစ်ကိုကြီးသည် နည်းစနစ်မျိုးစုံကို အသည်းအသန် လိုအပ်နေသည်ကိုတွေးမိကာ သူမ၏အိမ်အတွက် မသိမ်းထားတော့ဘဲ ကျိယွမ်ထံ ချက်ချင်း ပို့လိုက်မိသည်။

(သြော် သမီးတွေများ..၊ မိုက်ပါ့ ပရိတ်သတ်)

ကျိယွမ်၏စိတ်ထဲတွင် နွေးထွေးသွားသည်။ တကယ်တော့ သူ၏ညီမလေးကသာ အကောင်းဆုံးပင်။

သူတင်ပေးထားသော နည်းစနစ်ကို ခက်ခက်ခဲခဲရအောင်ကြိုးစားပြီး သူ့အားပြန်ပေးနေရှာ၏။

“ကျေးဇူးပဲ ညီမလေး၊ အစ်ကိုကြီး အရမ်း စိတ်လှုပ်ရှားသွားပြီ”

“အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့။ နည်းစနစ်လေးတစ်ခု ပို့ပေးတာက အေးဆေးပါ။အခုဆို ညီမလေးက တိုင်းပြည်တစ်ရာ အဆင့်မှာ နံပါတ်တစ် ဖြစ်နေတာ”

အသုံးပြုသူများ၏ ကိုယ်ပိုင်တိုးတက်မှုဘားတွင်ပင် ကျိယွမ်သည် အဆင့်သတ်မှတ်ချက်များကို ထည့်သွင်းထားသည်။

ဥပမာအားဖြင့် ကျန်းလင်းစု၏ ကိုယ်ပိုင်တိုးတက်မှုသည် ၇၀% ကျော်လွန်နေပြီး သာ့ရှန်းတိုငိးပြည်တွင် အဆင့်တစ်ပံ့ပိုးသူ ဖြစ်၏။

မည်သည်လောကမဆို လူတို့သည် အဆင့်သတ်မှတ်ချက်များကို အမြဲဂုဏ်ယူတတ်ကြသည် မဟုတ်ပါလား။

အထူးသဖြင့် နောက်ကျကျန်နေသူများမှာ အဆင့်တစ်ဆင့် တက်သွားတိုင်း အလွန်ပျော်ရွှင်ကြသည်။

“ငါ့ညီမလေးက တော်လိုက်တာ”

ကျိယွမ်က ချီးကျူးပေးရန်မမေ့ပါ။

“အစ်ကိုကြီး ..ဒီလထဲ ပြန်မလာနဲ့ဦး၊ ဒါမှမဟုတ်ရင် အစ်ကို အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်”

ကျန်းလင်းစုက ထိုကိစ္စကို ထပ်မံသတိပေးလိုက်သည်။

သူမ၏ ဖခင်က မနားတမ်းခရီးထွက်လာသဖြင့် မကြာမီ ရောက်ရှိလာ​တော့မည်။

“စိတ်မပူနဲ့ ညီမလေး ၊ နင့်ရဲ့ ဆရာတူအစ်ကိုကြီးက နောက်လိုက်ပေါင်း မရေမတွက်နိုင်အောင်ရှိတဲ့ စိတ်ဝိညာဥ်အရှင်သခင်ဖြစ်နေပြီ။ ငါက ဘာကိုမှ မကြောက်တတ်ဘူး။”

ကျန်းလင်းစု စိတ်ပူနေသော်လည်း ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါးပင်။

“သွားစမ်းပါ၊ အစ်ကိုကြီးမှာနောက်လိုက်တွေ အများကြီး တကယ်ရှိရင် သူတို့ကို ညီမလေးအတွက် အရှိန်မြှင့်ပေးခိုင်းလေ”

ကျန်းလင်းစုက အခွင့်အရေးကို အရယူလိုက်သည်။

“ကောင်းပြီလေ ၊ ချက်ချင်းပဲ တစ်ယောက်ယောက်ကို အရှိန်မြှင့်ခိုင်းလိုက်မယ်”

ကျိယွမ်က သူ၏ညီမလေးကျေနပ်စေရန်ပြောရင်းမှ အခြားနည်းလမ်းတစ်ခုကို သတိရသွား၏။

“ညီမလေး၊ ငါ ဟာကွက်တစ်ခု တွေ့ထားတယ်။ အခုထိ ဘယ်သူမှ သတိမထားမိသေးဘူး”

သူ၏ညီမလေးက တိုးတက်မှုဘားတန်း မြန်မြန်တက်တာကို မြင်ချင်နေသဖြင့် သူ ကူညီရန် ဆုံးဖြတ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကျန်းလင်းစုသည် ကျိယွမ်၏ စာကို မြင်လိုက်ရသည့်အခါ ကြည်လင်သောမျက်လုံးလေးများ ဝိုင်းသွားပြီး စိတ်လှုပ်ရှားစွာပြန်မေး၏။

“ဘာဟာကွက်လဲ”

“ကျင့်ကြံခြင်းနည်းစနစ်တွေတင်မကဘဲ သာမန်လူတွေရဲ့ ကိုယ်ခံပညာ လက်စွဲစာအုပ်တွေတင်ရင်လည်း တိုးတက်မှုဘားတန်းက တက်လာတယ်ဆိုတာ ငါတွေ့လိုက်ရတယ်...”

ကျိယွမ်က မတော်တဆသိရသလို ရှင်းပြလိုက်သည်။

လက်ရှိတွင် သူသည် ရှင်းဟွာအဖွဲ့အစည်းမှ ယင်နတ်ဘုရားအချို့နှင့် မဟာအုပ်စိုးရှင်များကိုသာ လူသားလောကသို့ သွားရောက်ကာ ကိုယ်ခံပညာစာအုပ်များ စုဆောင်းရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ထိုအချက်ကို လူသိရှင်ကြား မထုတ်ပြန်သေးပါ။

သူက ကျန်းလင်းစုကို အရင်ဆုံး ပြောပြလိုက်ခြင်းပင်။

“တကယ်လား”

ကျန်းလင်းစု အံ့အားသင့်သွား၏။

အခြားသူများပြောလျှင်တော့ သူမယုံကြည်မည်မဟုတ်ပါ ။ သူမ၏ ဆရာတူအစ်ကိုကြီးကတော့ မတူပေ ။ သူက ပေါက်ကရများပြောတတ်သော်လည်း ဘယ်သောအခါမှ မလိမ်တတ်သူဖြစ်၏။

“တကယ်ပေါ့၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနဲ့ဦး။”

ကျိယွမ်က အထူးမှာကြားလိုက်သည်။

သို့သော် ဤလျှို့ဝှက်ချက် ပေါက်ကြားသွားသော်လည်း ဘာမှတော့မဖြစ်ပေ။

“ညီမလေး သွားစမ်းကြည့်လိုက်ဦးမယ်... တကယ်သာ ဖြစ်ရင် အစ်ကိုကြီးအတွက် ညီမလေးကိုယ်တိုင် ချက်ကျွေးမယ်”

ကျိယွမ်က ကျန်းလင်းစု၏ ရောဂါကို ကုသပေးပြီးကတည်းက သူတို့၏ ဆက်ဆံရေးမှာ အနည်းငယ် ပိုမိုနွေးထွေးလာခဲ့သည်။

“ငါ အမဲသား မစားဘူးနော်။”

“ဒါဆို အစ်ကို မွေးထားတဲ့ ငါးကိုပဲ ချက်လိုက်ရမလား”

“မလုပ်ပါနဲ့၊ အဲဒါက အရိုးများတယ်။ အရိုးမပါတာ တစ်ခုခုပေါ့။”

“ညီမလေး စိတ်ကောင်းဝင်လို့ ချက်ကျွေးမယ်ဆိုတာကို အစ်ကိုကြီးက ဂျေးများနေတာလား"

"သွားတော့၊ ညီမလေးအတွက် အရှိန်မြှင့်ပေးမယ့်သူတွေ သွားရှာချေ၊ ဟိုနောက်လိုက် အများကြီးဆိုတာတွေကိုလည်း ခေါ်လိုက်ဦး”

ထိုသို့ အပြန်အလှန် စာပို့ရင်း သူတို့၏ စကားဝိုင်း ပြီးဆုံးသွားသည်။

ကျိယွမ် ခဏမျှ စဉ်းစားပြီး ဝူကျွင်းထံသို့ စာတစ်စောင် ပို့လိုက်၏။

“ကျုပ်အတွက် ရှင်းဟွာကျောက်စိမ်းပြား ခြောက်ထောင်လောက် ယူလာခဲ့။ ပြီးတော့ မူလနတ်ဘုရားမျှဝေရေးအသင်းက ဘယ်သူ့ကိုမှ အရှိန်မမြှင့်ပေးရသေးတဲ့သူတွေကို အကုန်ခေါ်လာပြီး ကျုပ်အတွက် လူတစ်ယောက်ကို အရှိန်မြှင့်ပေးခိုင်းလိုက်။”

ညီမလေးက အရှိန်မြှင့်ချင်နေမှတော့၊ သူမကို ပေးလိုက်ရုံပေါ့။

ချစ်စရာကောင်းပြီး ချမ်းသာသော သူ၏ညီမလေးသည် သူ့အတွက် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံပေးခဲ့သူလည်း မဟုတ်ပါလား။

ကျိယွမ်၏ အစောပိုင်း စုဆောင်းခဲ့သော အရင်းအမြစ် အများစုမှာ သူမထံမှ ရရှိခဲ့ခြင်းဖြစ်၏။

ကျိယွမ်သည် ကျန်းလင်စု၏ အရှိန်မြှင့်တင်ရေးလင့်ခ် (boost link) ကို ဝူကျွင်းထံသို့ တစ်လက်စတည်းပို့ပေးလိုက်သည်။

ဝူကျွင်းကလည်း တောင်းဆိုချက်ကို ချက်ချင်း လက်ခံလိုက်၏။

“စီနီယာ ဘယ်တော့ ပြန်လာမှာလဲ”

ဝူကျွင်းက မေးလိုက်သည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် ယူထျန်းနယ်မြေသို့ တစ်ကိုယ်တော် သွားရောက်ကာ အမှောင်နေမင်းကို စိန်ခေါ်ခဲ့၏။

၎င်းမှာ ကန်းလန်နယ်မြေတွင် အတော်လေး ဂယက်ရိုက်သွားခဲ့သည်။

လမ်းစဉ်ရှာဖွေရေးနန်းတော်မှ ယင်နတ်ဘုရားများသည် ကန်းလန်နယ်မြေရှိ အစွမ်းထက် ကျင့်ကြံသူများစွာနှင့် ဆက်သွယ်ခဲ့ကြသည်။

ထိုစဉ်က သူတို့ထဲမှ မည်သူမျှ သွေးဝတ်ရုံဝတ် ဓားနတ်ဘုရား၏ ကံကြမ္မာကို အကောင်းမမြင်ခဲ့ကြပေ။

အမှောင်နေမင်းသည် လျှို့ဝှက်သည်နှငိ့အမျှ သူတို့ တွင် ဒဏ္ဍာရီအဆင့် စွမ်းအားရှင်များလည်း ရှိနေသည့်အတွက် ထိုသို့ယူဆကြခြင်းမှာ သဘာဝကျပါသည်။

ထို့ပြင် သူတို့ သိရသည့် အချိန်တွင် သွေးဝတ်စုံ ဓားနတ်ဘုရားသည် ယူထျန်းနယ်မြေသို့ ရောက်လုနီးနေပြီဖြစ်ရာ တားဆီးရန်လည်း အချိန်မမီတော့ပေ။

"သွေးဝတ်စုံဓားနတ်ဘုရား ကံကောင်းပါစေ"

သို့သော် ရလဒ်က သူတို့ထင်ထားသလိုဖြစ်မလာခဲ့ပါ။

သွေးဝတ်စုံ ဓားနတ်ဘုရားက အနိုင်ရရှိရုံသာမက အမှောင်နေမင်းကိုပါ အမြစ်ပြတ် သုတ်သင်ပစ်၏။

ထိုအစည်းအဝေးတွင် ရှိနေခဲ့သော ယင်နတ်ဘုရားများ မည်သို့ အံ့အားမသင့်ဘဲ နေနိုင်မည်နည်း။

သွေးဝတ်စုံဓားနတ်ဘုရားသည် အမှောင်နေမင်းကို ဖျက်ဆီးပြီးနောက် အပြန်ခရီးကို စတင်ခဲ့သည်။

ယခုအခါ ယင်နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင်များစွာသည် ဤသတင်းကို ကြားသိရပြီး ချင်းဟုန်မြို့သို့ ဦးတည်လာနေကြကာ ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရားကို တွေ့ဆုံချင်နေကြ၏။

ဖုန်းနန်းတော်ဖြစ်စဥ်တွင် ဖုန်းထျန်းနယ်မြေမှ ယင်နတ်ဘုရားအားလုံးနီးပါး အသတ်ခံခဲ့ရသဖြင့် ဖုန်းထျန်းနယ်မြေရှိ ယင်နတ်ဘုရား အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

သို့သော် ယခုအခါ ယင်နတ်ဘုရား တစ်ရာနီးပါးသည် ဖုန်းထျန်းနယ်မြေသို့ ရောက်ရှိလာကြပြီး ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရားကို တွေ့ဆုံရန် လမ်းစဉ်ရှာဖွေရေးနန်းတော်တွင် တည်းခိုရန် တောင်းဆိုနေကြ၏။

သူတို့သာ ကျိယွမ်လက်အောင်သို့ရောက်လာပါက ဖုန်းထျန်းနယ်မြေ၏ ယင်နတ်ဘုရားအင်အားက ပြန်လည်တောင့်တင်းသွားနိုင်ပေသည်။

“ငါ ပြန်လာနေပြီလေ။ မကြာခင်ပဲ ရောက်တော့မှာပါ။ အချိန်အားဖြင့်... အမွှေးတိုင်တစ်ဝက်စာလောက်ပဲ လိုတော့တာ”

"ဟင်. "

ဒီလောက်မြန်မြန်ကြီး ရောက်လာမှာလား။

ဝူကျွင်း၏နှလုံးသားမှာ တုန်လှုပ်သွားရသည်။

သူသည် ကျိယွမ် ခိုင်းထားသော တာဝန်ကို အမြန်ဆုံး ပြီးအောင်လုပ်ဆောင်ပြီး ယင်နတ်ဘုရားများ၏ လာရောက်လည်ပတ်မှုအကြောင်းကို လည်း ချက်ချင်းအကြောင်းကြားလိုက်၏။

အမွှေးတိုင်တစ်ဝက်ခန့် ကြာပြီးနောက်။

လမ်းစဉ်ရှာဖွေရေးနန်းတော်တွင် ယင်နတ်ဘုရား ၁၁၂ ပါး စုဝေးနေကြသည်။

သူတို့အားလုံး အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံလည်း ရ၏။

လမ်းစဉ်ရှာဖွေရေးနန်းတော်၏ ဂိုဏ်းချုပ်ကြီးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

မဟာအုပ်စိုးရှင်ယွီဟွာကတော့ ပြုံးရွှင်နေ၏ ။သူက အစည်းအဝေးတွင် ကျိယွမ်ဘက်မှ ပထမဆုံးရပ်ခဲ့သူပင်။

“သူ့နာမည်က ဒဏ္ဍာရီမှတ်တမ်း မှာ မပါပေမဲ့ ဒဏ္ဍာရီအဆင့်တွေကို သတ်နိုင်တယ်ဆိုတာ တကယ့်ကို ထူးခြားလွန်းတယ်။”

သူ၏ချီးကျူးစကားကို ကြားသောအခါ ရောက်ရှိနေသည့် ယင်နတ်ဘုရားများ အားလုံး သဘောတူစွာ ခေါင်းငြိမ့်ကြသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် ဒဏ္ဍာရီမှတ်တမ်းတွင် စာရင်းမဝင်သည့်အတွက် ဒဏ္ဍာရီအဆင့် မဟုတ်သော်လည်း အမှောင်နေမင်းကို သုတ်သင်နိုင်ခဲ့ခြင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်လှသော လုပ်ရပ်ကြီးတစ်ခုဖြစ်ပြီး ကန်းလန်ကမ္ဘာတွင် မည်သူကမှ ထိုသို့ မလုပ်နိုင်ပေ။

တွေးမိလေလေ သွေးဝတ်စုံ ဓားနတ်ဘုရားအပေါ် သူတို့၏ စိတ်ဝင်စားမှုမှာ ပိုမိုနက်ရှိုင်းလာလေလေပင်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက ကန်းလန်နယ်မြေ တစ်ကြိမ် ကျရှုံးခဲ့ဖူးတယ်၊ ဒီတစ်ခါတော့...”

အဘိုးအိုတစ်ဦးက သက်ပြင်းချလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက ကန်လန်နယ်မြေတွင် ယန်နတ်ဘုရား တစ်ပါး ပေါ်ထွက်ခဲ့၏။

၎င်းမှာ ကန်းလန်နယ်မြေအတွက် ကပ်ဘေးဆိုးကြီးကို ပြန်လည်တိုက်ထုတ်ရန် အကြီးမားဆုံး မျှော်လင့်ချက်လည်း ဖြစ်ခဲ့သည်။

ကံမကောင်းစွာဖြင့် ထိုကြိုးပမ်းမှုမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရ၏။

ထိုရှုံးနိမ့်မှုက ကန်းလန်နယ်မြေ၏ အင်အား ထက်ဝက်နီးပါးကို ချေမှုန်းလိုက်သလို ဖြစ်ခဲ့သည်။

ယနေ့တိုင် ကန်းလန်နယ်မြေသည် နဂိုအတိုင်း ပြန်မဖြစ်သေးပေ။

အကယ်၍ သွေးဝတ်စုံ ဓားနတ်ဘုရားကလည်း ဤတစ်ကြိမ်တွင် တရားမျှတမှုအတွက် အလံလွှင့်ထူမည်ဆိုလျှင် သူတို့ နောက်လိုက်သင့်သလား။

ရှုံးနိမ့်သွားလျှင်တော့ ကန်းလန်၏အင်အားက လုံးဝ ပျက်စီးသွားပေလိမ့်မည်။

အမျိုးမျိုးသော အတွေးများ သူတို့စိတ်ထဲတွင် ပြည့်နှက်နေသည်။

ထိုအချိန်တွင် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်တွင် ပေါ်လာပြီး သူ၏ရောက်ရှိမှုက ပြာလွင်နေသော ကောင်းကင်ကိုပင် သွေးရောင် ပြောင်းသွားစေ၏။

ကောင်းကင်ရှိ နေမင်းပင်လျှင် သူ၏ရှေ့တွင် မှိန်ဖျော့သွားပုံရသည်။

ကျိယွမ်ကို မြင်လိုက်ရသည့် ယင်နတ်ဘုရားတိုင်းသည် သူ၏ထံမှ အတိုင်းအဆမရှိသော နက်ရှိုင်းမှုကို ခံစားလိုက်ရပြီး တုန်လှုပ်သွားကြ၏။

“နှုတ်ခွန်းဆက်သပါတယ် စီနီယာ”

နယ်ပယ်အသီးသီးမှ ထိပ်တန်းကျင့်ကြံသူများ၊ ယင်နတ်ဘုရားများနှင့် မဟာအုပ်စိုးရှင် ၁၂၂ ပါးတို့သည် သူတို့၏ မြင့်မြတ်သော ခေါင်းများကို ညွှတ်ကာ သစ္စာခံများက သူတို့၏ အရှင်သခင်ကို တွေ့ဆုံသကဲ့သို့ အလေးပြုကြသည်။

ဤအနေအထားက သူတို့၏ ရည်ရွယ်ချက်နှင့် ဆုံးဖြတ်ချက်ကို ကိုယ်စားပြုသည်။

သွေးဝတ်စုံ ဓားနတ်ဘုရားအပေါ် သစ္စာစောင့်သိမည်ဟူသော တိတ်ဆိတ်သည့် ကြေညာချက်ပင် မဟုတ်ပါလား။

ကျိယွမ်က ထိုယင်နတ်ဘုရားများကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်၏။

ကန်းလန်နယ်မြေသည် ဆင်းရဲနေဆဲပင်။

ဤစုဝေးမှုမှာ အဝေးမှ ခရီးနှင်လာကြသော ယင်နတ်ဘုရားများ ဖြစ်နိုင်ပေသည်။ သို့သော်လည်း သူဖန်ထုန်ကမ္ဘာတွင် ရှိစဉ်က စားသောက်ပွဲသို့ တက်ရောက်ခဲ့သူများထက် အရေအတွက် က အဆများစွာနည်းနေသေးသည်။

“မင်းတို့ နေရာမျိုးစုံကနေ လာကြတာဖြစ်မယ်... ဘာကိစ္စရှိလို့လဲ”

ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်၏။

လမ်းစဉ်ရှာဖွေရေးနန်းတော်၏ ဂိုဏ်းချုပ်ကြီးမှာ ခေတ္တမျှ မှင်တက်သွားလေသည်။

သွေးဝတ်စုံ ဓားနတ်ဘုရားက ဤမျှ တိုက်ရိုက်ဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူအနေဖြင့် အရင်ဆုံး အမှောင်နေမင်း အကြောင်း၊ ကပ်ဘေးဆိုးကြီးအကြောင်းတို့ကို ပြောဆိုပြီးမှ ရန်သူအပေါ် ဘုံမုန်းတီးမှုကို နှိုးဆော်ကာ သစ္စာခံရန် လွယ်ကူအောင် လုပ်သင့်သည် မဟုတ်ပါလား။

သို့သော် ဝူကျွင်းထံမှ သွေးဝတ်စုံဓားနတ်ဘုရား၏ စရိုက်ကို သိထားသဖြင့် သူ စိတ်မရှိပေ။

သူကပင် ဦးဆောင်လျှက် ညင်သာစွာ ပြန်ဖြေလိုက်သည်။

“ကပ်ဘေးဆိုးကြီးဆိုတာ ကန်းလန်နယ်မြေအတွက် ကြောက်စရာဆိုးကျိုးတစ်ခုပါ၊ ပြီးတော့ အမှောင်နေမင်းကလည်း အပြစ်မဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။"

"သွေးဝတ်စုံ ဓားနတ်ဘုရားက အမှောင်နေမင်းကို အမြစ်ပြတ် သုတ်သင်လိုက်တာက လူတွေကို အရမ်း ကျေနပ်အားရစေပါတယ်။ ကျွန်တော်တို့အားလုံးလည်း အံ့သြချီးကျူးမိပါတယ်။"

"ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်တော်တို့က အဝေးမှာရှိနေပြီး ကူညီဖို့ နောက်ကျသွားခဲ့တာကို ခွင့်လွှတ်ပေးပါ ၊၊"

"အခု ကပ်ဘေးဆိုးကြီးကလည်း နီးကပ်လာပြီဆိုတော့ ဒီတစ်ခါမှာတော့ နောက်မကျခင် ကျွန်တော်တို့ရဲ့ အင်အားကို စီနီယာ့ဆီမှာ လာရောက် အပ်နှံတာပါ"

နန်းတော်ဂိုဏ်းချုပ်ကြီူက အမှန်တကယ်ပင် ပြောတတ်ဆိုတတ်၏။ကျန်သော ယင်နတ်ဘုရားများအတွက် အပြစ်ဖြေပြီးသားလည်းဖြစ်သလို သူတို့၏ရည်ရွယ်ချက်များကိုလည်း ဖြည့်ဆည်းပြီးဖြစ်အောင် ပြောနိုင်ပါပေသည်။

အခြားယင်နတ်ဘုရားများကလည်း ပြာပြာသလဲဖြင့် ချက်ချင်း ထောက်ခံကြ၏။

“ကျွန်တော်တို့ရဲ့ အင်အားကို စီနီယာ့ဆီမှာ လာရောက် အပ်နှံပါတယ်”

သူတို့၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

သွေးဝတ်စုံဓားနတ်ဘုရားက ကပ်ဘေးကို တိုက်ထုတ်ရန် အလံလွှင့်ထူသရွေ့ သူတို့ နောက်လိုက်ရန် အသင့်ရှိနေကြမည်။

ကျိယွမ်သည် သူတို့၏စကားကို ကြားသည့်အခါ မျက်လုံးများ တောက်ပသွားသည်။

“မင်းတို့အားလုံးက ကူညီဖို့ လာကြတာလား”

သူ့မှာ တကယ်ပဲ အကူအညီ လိုအပ်နေ၏။

နည်းစနစ်များ စုဆောင်းခြင်းကဲ့သို့သော အလုပ်များတွင် ယင်နတ်ဘုရားများ ပါဝင်လာလျှင် ပို၍ မြန်ဆန်သွားပေလိမ့်မည်။

“ကောင်းပြီလေ၊ ငါ့မှာ အခု လူတိုင်းရဲ့ အကူအညီ လိုအပ်နေတဲ့ အလုပ်ကြီးတစ်ခု ရှိတယ်”

ကျိယွမ်က ဝေ့ဝိုက်နေတတ်သူမဟုတ်သဖြင့် လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။

သူ၏ စကားကြောင့် ယင်နတ်ဘုရားများ၏ မျက်နှာများမှာ တည်ကြည်သွားကြ၏။

သွေးဝတ်စုံဓားနတ်ဘုရားကပင် အလုပ်ကြီးတစ်ခုဟု ခေါ်ဆိုလျှင် ၎င်းမှာ အလွန် အရေးကြီးပေလိမ့်မည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် မည်သည့်အရာများကို လုပ်ဆောင်ခဲ့သနည်း။

မူလနတ်ဘုရားမျှဝေခြင်းအသင်းကို တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ နည်းစနစ်အားလုံးကို စုဆောင်းခဲ့သည်။

ကန်းလန်ကမ္ဘာတွင် မည်သူမှမကြားဖူး မမြင်ဖူးသော နတ်ဘုရားအဆင့် နည်းစနစ်ကို ထုတ်ပေးခဲ့သည်။

လေ့မိသားစု၏ စစ်သူကြီး လေးဦးကို ဖျက်ဆီး၏ ၊ဖုန်းနန်းတော် သခင်မ မဟာအုပ်စိုးရှင်မိုလီကို သတ်ခဲ့သည်၊ ရှင်းဟာအဖွဲ့အစည်းကို နှိမ်နှင်းခဲ့ပြီး အမှောင်နေမင်းကိုလည်း တစ်ယောက်တည်းနှင့် အမြစ်ပြတ် သုတ်သင်ခဲ့၏။

လုပ်ရပ်တိုင်းသည် ကန်းလန်ကမ္ဘာတွင် ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်စေခဲ့သည် မဟုတ်ပါလား။

သူတို့သည် ထိုအဖြစ်အပျက်များကြောင့် အကြိမ်ကြိမ် အံ့အားသင့်ခဲ့ကြပြီး ကန်းလန်နယ်မြေ၏ လေထုကို အခါခါတုန်လှုပ်စေခဲ့သူပင် ။

ယခု ထိုမျှကြီးကျယ်ခမ်းနားသော သွေးဝတ်စုံ ဓားနတ်ဘုရားကပင် သူတို့၏အကူအညီ လိုအပ်ပါသည်ဟု ဆိုလာ၏။

၎င်းမှာ အလားတူ အလွန်ကြီးကျယ်သော ကိစ္စကြီးတစ်ခု ဖြစ်ရမည်ဖြစ်ပြီး၊ ကပ်ဘေးဆိုးကြီးနှင့်လည်း ပတ်သက်နေနိုင်ပေသည်။

ဘာကိစ္စပဲဖြစ်ဖြစ် ငါနောက်မဆုတ်တော့ဘူး ။

သေရင်လည်း သေပါစေတော့ သမိုင်းတွင်မဲ့ ကိစ္စကြီးမှာ ရဲရဲဝံ့ဝံ့ပါဝင်ဖို့ ငါဆုံးဖြတ်လိုက်ပြီ။

သူတို့သည် စိတ်အားထက်သန်စွာဖြင့် ကျိယွမ်၏ စကားကို စောင့်မျှော်နေကြစဉ် ကျိယွမ်၏ ပေါ့ပေါ့ပါးပါး အသံကို ကြားလိုက်ရသည်။

“မင်းတို့အားလုံးမှာ ရှင်းဟွာအဖွဲ့အစည်းရဲ့ ကျောက်စိမ်းပြား ရှိကြလား”

“ကျွန်တော့်မှာ ရှိပါတယ်။”

“ကျွန်တော့်မှာ မရှိပါဘူး။”

ယင်နတ်ဘုရား အများစုက သူတို့တွင် မရှိကြောင်း ပြန်ဖြေကြသည်။

“ဝူကျွင်း၊ သူတို့ တစ်ယောက်ချင်းစီကို ကျောက်စိမ်းပြား တစ်ပြားစီ ဝေပေးလိုက်။”

ကျိယွမ်က ညွှန်ကြားလိုက်ရာ

မဟာအုပ်စိုးရှင် ဝူကျွင်းသည် ထိုယင်နတ်ဘုရားများကို ရှင်းဟွာအဖွဲ့အစည်း၏ ကျောက်စိမ်းပြားများအား အမြန်ဝေပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျိယွမ် တောင်းဆိုထားသည့် အပိုကျောက်စိမ်းပြားများကိုလည်း သူ့ထံသို့ ပေးအပ်လိုက်သည်။

------------------

All Chapters