ကံကြမ္မာတောင်တန်း
Vol. 24 Ch. 274
ယင်နတ်ဘုရားအားလုံးသည် ကျောက်စိမ်းပြားများကို လက်ခံရရှိပြီးသော်လည်း အများစုက၎င်း၏ အရေးပါပုံကို သေချာမသိကြသဖြင့် စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်သန်းသွားကြသည်။
ထိုစဉ် မူလနတ်ဘုရားမျှဝေရေးအသင်း၏ လတ်တလောက်ဆောင်ရွက်ချက်များကို အနည်းငယ်သိထားသော ယင်နတ်ဘုရားတစ်ပါးက ကျောက်စိမ်းပြားကို အနည်းငယ်လေ့လာပြီး တဟားဟားရယ်မောကာ အံ့သြသလို စတင်လိုက်၏။
"ရှင်းဟွားအဖွဲ့ ထဲမှာ သွေးဝတ်စုံဓားနတ်ဘုရား လုပ်ဆောင်ခဲ့တဲ့ အကွက်တွေက တကယ်ကို အံ့သြကြည်ညိုဖို့ ကောင်းတာပဲ"
သူ၏လေသံတွင် ဖားယားလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ထိုအသင်း၏ လှုပ်ရှားမှုများအကြောင်း သိရှိထားကြသည့် အခြားသော ယင်နတ်ဘုရားများကလည်း ဝိုင်းဝန်းချီးကျူးကြတော့သည်။
"တစ်လောကလုံးကို ဆွဲဆောင်ဖို့ နတ်ဘုရားအဆင့် နည်းစနစ်ကို အသုံးပြုတာ... စီနီယာ့ရဲ့ ဗျူဟာက တကယ်ကို ပြောင်မြောက်ပါတယ်"
"ဒါက ပြောင်မြောက်ရုံတင် မဟုတ်ဘူး၊ အတ္တကင်းတဲ့ တရားမျှတမှုပဲ ၊ နတ်ဘုရားအဆင့်နည်းစနစ်ဆိုတာ အနှိုင်းမဲ့ အဖိုးတန်တာလေ၊ သာမန် နည်းစနစ်တွေနဲ့ မနှိုင်းယှဉ်နိုင်ဘူး ၊ သွေးဝတ်စုံဓားနတ်ဘုရားက ကပ်ဘေးဆိုးကြီးကို ခုခံဖို့အတွက် ဒါကို လောကသားအားလုံးဆီ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခဲ့တာပဲ"
"အရမ်းမွန်မြတ်ပြီး အတ္တကင်းတယ်ဗျာ "
ယင်နတ်ဘုရားတစ်စုမှာ တစ်ယောက်တစ်ပေါက် ဖားယားပြောဆိုနေကြသဖြင့် ကျိယွမ်ပင် အတန်ငယ် ဘဝင်ခိုက်သွားရသည်။
'ငါက တကယ်ပဲ အဲ့ဒီလောက် တရားမျှတပြီး ဖြောင့်မတ်နေတာလား'
'ကြည့်စမ်း ...ငါ့ရဲ့ လုပ်ရပ်တွေက ဒီလောက်တောင် နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေတာကိုး'
'ရှေးခေတ် ဧကရာဇ်တွေ ဘာလို့ ချီးမွမ်းခန်းတွေကို နားထောင်ရတာ ဝါသနာပါလဲဆိုတာ မဆန်းတော့ဘူး'
ကျိယွမ်မှာ အနည်းငယ် ဂုဏ်ယူမိသော်လည်း စိတ်ကိုတော့ တည်ငြိမ်အောင် ထားလိုက်၏။
သူသည် အတိတ်က အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ အက်ဆေးတစ်ပုဒ်အကြောင်းကို ပြန်လည်သတိရမိသည်။ လယ်ကွင်းထဲရှိ စာခြောက်ရုပ်အကြောင်း ဖော်ပြထားသည့် ထိုအက်ဆေးတွင် "လယ်ကွင်းထဲက စာခြောက်ရုပ်က ဘာကို ကိုယ်စားပြုသလဲ" ဟူသော မေးခွန်းပါရှိ၏။ အဖြေမှန်မှာ "စာခြောက်ရုပ်သည် စာရေးသူ၏ ဖခင်ကို ကိုယ်စားပြုပြီး ဖခင်အပေါ် လွမ်းဆွတ်မှုကို ဖော်ပြသည်" ဟူ၍ ဖြစ်သည်။
သို့သော် စာရေးသူကိုယ်တိုင် ထိုအဖြေကို သိလိုက်ရသောအခါ ဒေါသတကြီးဖြင့် မေးခွန်းထုတ်သူအား "လယ်ထဲက စာခြောက်ရုပ်က မင်းအဖေကွ" ဟု ပြန်ပြောချင်စိတ် ပေါက်သွားခဲ့သော ဟူသည်။
ယခုလည်း ကျိယွမ်သည် လူအများ၏ မြှောက်ပင့်စကားများကို တိတ်တဆိတ် ခံယူနေပြီး သူတို့ အနက်ဖွင့်ဆိုနေသည့် "နက်နဲသော အဓိပ္ပာယ်များ" ကို မှတ်သားထားလိုက်သည်။ နောင်တွင် တစ်နေရာရာ၌ ပြန်သုံး၍ ရနိုင်သည်ဟု သူတွေးမိသောကြောင့်ဖြစ်၏။
"အားလုံးပဲ..ကျောက်စိမ်းပြားတွေရှိနေမှတော့. အကောင့်တစ်ခုစီ ဘာလို့ မဖွင့်ကြတာလဲ"
ကျိယွမ်က လက်မြောက်ပြကာ အကြံပြုလိုက်၏။
ယင်နတ်ဘုရားများသည် ကျိယွမ် ညွှန်ကြားသည့်အတိုင်း အကောင့်များကို အလျင်အမြန် စတင်ဖွင့်လှစ်ကြတော့သည်။
ကျိယွမ် တော်တော်လေးကျေနပ်သွားလေ၏။ မည်သည့် မက်လုံးမျှ မပေးရဘဲ ဤလူများကို အကောင့်ဖွင့်ခိုင်းနိုင်ခဲ့ပြီ။
အကယ်၍ သူသာ ၂၁ ရာစုကမ္ဘာမြေရှိ အဆက်အသွယ်များနှင့် ချိတ်ဆက်၍ ရဦးမည်ဆိုလျှင်၊ ကြီးမားသော လောကကြီးတစ်ခု၏ ကျောထောက်နောက်ခံဖြင့် အကောင့်ဖွင့်ခိုင်းပြီး ပိုက်ဆံရှာရသည်မှာ အလွန်လွယ်ကူလိမ့်မည်ဟုပင် သူတွေးမိသည်။
ကျိယွမ်၏ အမိန့်အရ ယင်နတ်ဘုရားများ အားလုံး အကောင့်ဖွင့်လိုက်ကြသည်။
သို့သော် သွေးဝတ်စုံ ဓားနတ်ဘုရား အကူအညီတောင်းမည့် ကိစ္စကိုတော့ သူတို့မမေ့ပါ ။ ထို့ကြောင့် သူတို့ကို မည်သည့် အရေးကြီးသော တာဝန်များ ပေးတော့မည်နည်းဟု မျှော်လင့်နေကြသည်။
ထိုအချိန်မှာပင် ကျိယွမ်က သူ၏ကိစ္စကို ဖွင့်ပြောလိုက်၏။
"ကဲ... မင်းတို့ကို ကူညီခိုင်းချင်တဲ့ အလုပ်ကတော့ အပေးအယူ လုပ်ဖို့. မဟုတ်ဘူး၊ ငါဆိုလိုတာက ငါ့ရဲ့ ဂျူနီယာညီမလေးရဲ့ တိုးတက်မှုဘားတန်း အဆင့်တက်အောင် ဝိုင်းကူပေး (boost) ဖို့ပဲ"
"ဗျာ.."
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် ရှင်းဟွာအသင်း၏ ဂိုဏ်းချုပ်ကျောက်စိမ်းပြားကို အသုံးပြု၍ ကျန်းလင်းစု၏ တိုးတက်မှုကို ကူညီပေးရန် လင့်( link) တစ်ခု ပေးပို့လိုက်သည်။
ယင်နတ်ဘုရားများမှာ ကြောင်တောင်တောင်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အထူးသဖြင့် အရှိန့်မြှင်(boost)လုပ်သည့် စနစ်နှင့် ရင်းနှီးသူများကတော့ ဆွံ့အသွားကြကုန်၏။
မျိုးဆက်သစ်လူငယ်များအကြားတွင် အကူအညီတောင်းကာ boost လုပ်ခြင်းမှာ ထုံးစံဖြစ်သော်လည်း၊ သူတို့ကဲ့သို့ အဆင့်အတန်းရှိသည့် ယင်နတ်ဘုရားများကို မည်သူကမျှ ထိုကဲ့သို့ အကူအညီမျိုး မတောင်းရဲကြပေ။
ထို့ကြောင့် ဤသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ် "boost" ပေးရခြင်း ပင်။
ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရား ပေးသော ကြီးလေးသည့်တာဝန်မှာ သူ၏ ဂျူနီယာညီမလေးကို boost လုပ်ပေးရန်မျှသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့အားလုံးမှာ ယုတ္တိမရှိသလို ခံစားရပြီး မယုံနိုင်အောင် ဖြစ်သွားကြသည်။
"စီနီယာဓားနတ်ဘုရား... ကျွန်တော် အောင်အောင်မြင်မြင် boost ပေးလိုက်ပါပြီ"
မဟာအုပ်စိုးရှင်ယွီဟွာက ပထမဆုံးပြောလိုက်၏။
"ကျွန်တော်တို့ကို တခြား လုပ်ခိုင်းချင်တာ ရှိပါသေးသလား"
အခြားသော ယင်နတ်ဘုရားများလည်း သူတို့၏ ခံစားချက်များကို ဘေးဖယ်ကာ ကျန်းလင်းစုကို ကူညီပေးလိုက်ကြသည်။ တစ်ဖက်တွင်လည်း ဓားနတ်ဘုရား၏ ဂျူနီယာညီမလေးသည် မဟာအုပ်စိုးရှင်အဆင့်ရှိသည့် အစွမ်းထက်သူတစ်ဦး ဖြစ်နေမလားဟု သူတို့ သိချင်စိတ် ပြင်းပြနေကြ၏။
ဒဏ္ဍာရီလာသွေးဝတ်စုံဓားနတ်ဘုရားရဲ့ ဂျူနီယာညီမဆိုတော့ သာမန်ကျင့်ကြံသူမဖြစ်နိုင်တာ သေချာတယ်။
"ဒီလောက်ဆို ရပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျိယွမ်က လေးနက်စွာ ပြန်ပြောလိုက်သည်။
"တကယ်လို့ ကူညီချင်တယ်ဆိုရင်တော့ နည်းစနစ်တွေကို စုဆောင်းပြီး ဒီထဲမှာ တင်ပေးဖို့ ပိုကြိုးစားကြပါ"
သူ့အတွက်တော့ နည်းစနစ်များ စုဆောင်းခြင်းကသာ အရေးကြီးဆုံး တာဝန်ဖြစ်သည်။
လမ်းစဥ်ရှာဖွေရေးနန်းတော်၏ ဂ်ုဏ်းချုပ်ကြီးကတော့ အနည်းငယ် အံ့အားသင့်သွား၏။
ကျိယွမ်ပြောသည့် နည်းစနစ်များ စုဆောင်းသည့် အလုပ်မှာ သူတို့ နန်းတော်၏လုပ်ဆောင်နေကျဖြစ်ပြီး ရှိသမျှ နည်းစနစ်အများအပြားကိုလည်း မူလနတ်ဘုရားမျှဝေခြင်းအဖွဲ့ ထဲသို့ တင်ပေးထားပြီးဖြစ်သည်။
သူတို့အတွက်မူ ဤသည်မှာ အသေးအဖွဲကိစ္စများသာဖြစ်ပြီး အရေးမပါလှပါ။
သူတို့က ကပ်ဘေးကြီးကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည့် ညွှန်ကြားချက်များကိုသာ ရရှိရန် မျှော်လင့်နေကြခြင်းဖြစ်၏။
"စီနီယာ... ကပ်ဘေးဆိုးကြီးကို ဘယ်တော့ တိုက်ခိုက်ဖို့ အစီအစဉ် ရှိပါသလဲ ၊ ကျွန်တော်တို့ စီနီယာ့အမိန့်အောက်မှာ အမှုထမ်းဖို့ အသင့်ပါပဲ"
လမ်းစဥ်ရှာဖွေရေးနန်းတော် ဂိုဏ်းချုပ်ကြီးက အရဲစွန့်မေးလိုက်သည်။
ကပ်ဘေးဆိုးကြီးတွင် လက်အောက်ခံ အဖွဲ့အစည်းများ ရှိနေပြီး အမှောင်နေမင်းအဖွဲ့မှာ အင်အားအကြီးဆုံးထဲက တစ်ခုဖြစ်သော်လည်း ၄င်းအပြင် အခြားသော အင်အားကြီး၊ အင်အားနည်း အဖွဲ့အစည်းများလည်း ရှိနေသေးသည်။
ထိုအထဲကမှ အင်အားနည်းသော အဖွဲ့များကိုမူ သွေးဝတ်စုံဓားနတ်ဘုရားကူညီစရာမလိုဘဲ သူတို့ဘာသာ ကိုင်တွယ်နိုင်၏။
ထို့ကြောင့် သူတို့က ထိုအဖွဲ့အစည်းများကို တိုက်ခိုက်ဖျက်ဆီးပစ်ရန် စိတ်အားထက်သန်နေကြသည်။
ကျိယွမ်က တက်ကြွနေသောလူအုပ်ကို ကြည့်ကာ ခေါင်းခါလိုက်၏။
"မလိုဘူး ၊မင်းတို့အားလုံးက သိပ်ပျော့လွန်းတယ်"
သူကဒီအတိုင်း ပြောလိုက်သောစကားဖြစ်သော်လည်း ကြားနေရသူများ နားထဲသို့ ရောက်သွားသောအခါ၊ နိမ့်ကျသည့် ခံစားချက် အပါအဝင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။
သူတို့ထဲမှ အများစုမှာ နယ်မြေအသီးသီး၏ အရှင်သခင်များ ဖြစ်ကြ၏ ။ ယခုတွင် သွေးဝတ်စုံဓားနတ်ဘုရားကို ထောက်ခံအားပေးရန် လာရောက်ကြသော်လည်း ဤသို့သော နှိပ်ချသည့်စကားနှင့် ကြုံတွေ့ရသောအခါ လက်ခံရန် ခက်ခဲနေကြ၏။
"စိတ်မကောင်းမဖြစ်ပါနဲ့"
ကျိယွမ်က ယင်နတ်ဘုရားများ မျက်နှာပျက်သွားသည်ကို မြင်သောအခါ EQ မြင့်မားသူပီသစွာ နှစ်သိမ့်ပေးလိုက်၏။
"မင်းတို့က ငါ့ရဲ့ နာရေးတီးဝိုင်းမှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မီပေမယ့်၊ ငါ ကပ်ဘေးကြီးကို သွားဖျက်ဆီးတဲ့အခါ ဘေးကနေတော့ အားပေးလို့ ရပါတယ်"
ယင်နတ်ဘုရားများမှာ စကားမပြောနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြကုန်သည်။
သွေးဝတ်စုံဓားနတ်ဘုရား၏ နာရေးတီးဝိုင်းမှာ အမှန်တကယ်ပင် နာမည်ကြီးလေ၏။ အခြားကျင့်ကြံသူများလုံးဝလုပ်လေ့မရှိသည်ကို သူကလုပ်ထားခြင်းပင်။ တိုက်ပွဲများအတွင်း သူသည် တေးဂီတတီးခတ်ပေးမည့် တီးဝိုင်းကို ထားရှိလေ့ရှိသည်။
ငါတို့ နာရေးတီးဝိုင်းမှာ အသုဘတီးလုံးလေး ဝင်တီးဖို့တောင် အရည်အချင်း မပြည့်မီဘူးတဲ့လား။
မဟာအုပ်စိုးရှင်ယွီဟွာ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး မနေနိုင်စွာ ထုတ်မေးမိသည်။
"စီနီယာ... ကျွန်တော်တို့မှာ တကယ်ပဲ အဲ့ဒီလောက်တောင် အရည်အချင်း မရှိတာလား"
အခြားသော ယင်နတ်ဘုရားများလည်း ထပ်တူ ခံစားရသည်။
သို့သော် သေချာတွေးကြည့်မှ ယင်နတ်ဘုရားများက နာရေးတီးဝိုင်းတွင် အသုဘတေးတီးခတ်ခွင့် မရသဖြင့် ဝမ်းနည်းနေကြသည်မှာ အတော်လေး ရယ်စရာကောင်းလှသည်ဟု သဘောပေါက်သွားကြ၏။
"ငါ ကပ်ဘေးဆိုးကြီးကို တိုက်ရင် တိုက်ပွဲရဲ့ ရိုက်ခတ်မှုလှိုင်းတွေက သိပ်ပြင်းထန်လိမ့်မယ်။ အနားမှာ ရှိနေရင် ရိုက်ခတ်မှုလှိုင်းတွေကြောင့်တင် မင်းတို့ ပြာဖြစ်သွားလိမ့်မယ်။ အဝေးမှာ ရှိနေရင်လည်း မင်းတို့ အစွမ်းကုန် တီးခတ်နေရင်တောင် ငါ ကြားရမှာ မဟုတ်ဘူးလေ"
ကျိယွမ်က တည်တည်တံ့တံ့ ရှင်းပြသည်။
"ပြီးတော့ ငါ့ရဲ့ နာရေးတီးဝိုင်းက လူပြည့်နေပြီ၊ သူတို့က သန်မာကြတယ်။ ပြီးခဲ့တဲ့ အခေါက်က လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက် လာတုန်းက တီးဝိုင်းထဲက နှဲသမားလေးငါးယောက်ကိုပဲ လွှတ်လိုက်တာ၊ အားလုံးကို အပြတ်ရှင်းလိုက်နိုင်တယ်"
ဖန်ထုန်နယ်မြေတွင် သူ၏ တီးဝိုင်း၊ ငိုချင်းအဖွဲ့၊ ချက်ပြုတ်ရေးအဖွဲ့နှင့် အခေါင်းထမ်းအဖွဲ့တို့မှာ အစုံအလင် ရှိနေပြီသားဖြစ်သည်။ ထို့ကြောင့် အမှန်တကယ်အစွမ်းထက်သူများနှင့် မဆုံမချင်း ကျိယွမ်သည် လူသစ်စုဆောင်းရန် စိတ်မဝင်စားပေ။
ပြီးတော့ ငါ့ရှေ့က ဒီယင်နတ်ဘုရားတွေက အရမ်းအားနည်းလွန်းတယ်။
သို့သော် ကျိယွမ်၏ စကားကို ကြားလိုက်ရသောအခါ ယင်နတ်ဘုရားများ၏ စိတ်ထဲတွင် မုန်တိုင်းထန်သွားရသည်။
"နာရေးတီးဝိုင်းကနှဲသမားတွေက... လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက်ကို သတ်လိုက်တာတဲ့လား"
"ဒါဆို သွေးဝတ်စုံ ဓားနတ်ဘုရားဆီမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ လက်အောက်ငယ်သားတွေ ရှိနေတာပေါ့"
ယင်နတ်ဘုရားများ တုန်လှုပ်သွားကြပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
သွေးဝတ်စုံဓားနတ်ဘုရားကိုယ်တိုင်ကပင် သူတို့ ထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းနေလေပြီ ၊ ယခုသူက တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ သူ၏ တီးဝိုင်းကပင် လေ့မိသားစု စစ်သူကြီးများကို သတ်နိုင်သည်ဟု ဆို၏။
သူတို့ တကယ်ပင် ယှဉ်နိုင်မည် မဟုတ်တော့ပါ။
"တကယ်လို့ ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင် မူလနတ်ဘုရားမျှဝေခြင်း အသင်းကို ဝင်ပြီး ထောက်ပို့ တာဝန်ယူပါ"
ကျိယွမ်က သူလိုအပ်နေသောအရာကို ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ဤယင်နတ်ဘုရားများသည် နယ်မြေပေါင်း ၂၀ ကျော်ရှိ အင်အားစုများ၏ လေးပုံတစ်ပုံကို ကိုယ်စားပြုနေကြသည်။ သူတို့က အားပျော့ချင်ပျော့မည်ဖြစ်သော်လည်း အသုံးတော့ ဝင်နိုင်သေးသည် မဟုတ်ပါလား။
ယင်နတ်ဘုရားများသည် ဝန်လေးနေကြသော်လည်း ခက်ခက်ခဲခဲပင် ခေါင်းငြိမ့်လိုက်ကြ၏။
အချို့မှာမူ သက်ပြင်းပင် ကြိတ်ကာချလိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် ကပ်ဘေးဆိုးကြီးနှင့် တိုက်ရိုက်ရင်ဆိုင်ရမည်ကို သူတို့ ကြောက်နေကြသေးသည်။ ထောက်ပံ့ပို့ဆောင်ရေး လုပ်ရသည်မှာ အနည်းဆုံးတော့ ပို၍ ဘေးကင်းသည်ဟု ထင်ရ၏။
"အမိန့်အတိုင်းပါပဲ"
ယင်နတ်ဘုရားတစ်စုက ညီညီညာညာ ဦးညွှတ်လိုက်ကြသည်။
သူတို့၏ စိတ်ထဲတွင်လည်း သွေးဝတ်စုံဓားနတ်ဘုရားအပေါ် ကြည်ညိုလေးစားမှုများ ပို၍ ပြည့်နှက်လာသည်။ အကယ်၍ သူသာ အလိုရှိလျှင် ဤမျှများပြားသော ယင်နတ်ဘုရားများ၏ သစ္စာခံမှုကို အသုံးပြုကာ ကန်းလန်ကမ္ဘာ၏ အကြီးဆုံးအင်အားစုကြီးကို ထူထောင်အုပ်ချုပ်သူ ချက်ချင်း ဖြစ်လာနိုင်သည်။
သို့သော် သွေးဝတ်စုံဓားနတ်ဘုရားမှာ ထိုကဲ့သို့သော ရာထူး အာဏာနှင့်အခွင့်အလမ်းဆိုသော အရာများကို ဂရုမစိုက်သလိုပင်။
"ကောင်းပြီ"
ကျိယွမ် ခေါင်းငြိမ့်လိုက်၏။
လက်အောက်ငယ်သား အသစ်အချို့ ရရှိလာပြီးနောက် သူသည် တာဝန်အချို့ ပေးအပ်လိုက်သည်။ အဓိကအားဖြင့် နည်းစနစ်များနှင့် ကိုယ်ခံပညာသိုင်းကျမ်းများကို စုဆောင်းရန်နှင့် နေရာအနှံ့အပြားရှိ အခြေအနေများကို ရှင်းလင်းရန်ကိစ္စများပင်။
အထူးသဖြင့် နယ်မြေများတွင် ကင်းလှည့်ရန်နှင့် ရှင်းဟွာအဖွဲ့ ဖိုရမ်ကို စောင့်ကြည့်ရန်ဖြစ်သည်။ သွေးဝတ်စုံ ဓားနတ်ဘုရားကို မကောင်းပြောသူ မည်သူမဆို တရားမျှတသော စီရင်မှုကို ခံရပေလိမ့်မည်။
သူက ဆောင်ပုဒ်တစ်ခုကိုပင် ပြောပြလိုက်သေးသည်။
"ဒီနေ့ သွေးဝတ်စုံဓားနတ်ဘုရားကို မကောင်းပြောရဲရင် မနက်ဖြန် ကန်းလန်နယ်ပယ်ကို သစ္စာဖောက်နိုင်တယ် "
ကျိယွမ်သည် ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ယင်နတ်ဘုရား ၁၂၀ ကျော်သာ ထိုနေရာတွင် ကျန်ရစ်ခဲ့လေ၏။
လမ်းစဥ်ရှာဖွေရေး နန်းတော်ဂိုဏ်းချုပ်ကြီးမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပါ ။
"ဟူး....သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ကို နတ်ဘုရားတစ်ပါးလို ပုဂ္ဂိုလ်ပဲ"
ယွီဟွာကလည်း ခေါင်းညိတ်၏။
"သူက သာမန်လူ မဟုတ်ဘူး။ ကပ်ဘေးဆိုးကြီးကို အနိုင်ယူဖို့ ငါတို့ကို ဦးဆောင်နိုင်မယ့်သူ ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းတုန်းက..."
မဟာအုပ်စိုးရှင်အဘိုးအိုကြီးတစ်ပါးက ထိုသို့စကားစပြီးမှ သတိရသွားပြီး ပါးစပ်ပိတ်သွားလေသည်။
ငါခုနကလည်း ဒါကို ပြောပြီးပြီပဲ ။
......
တစ်ချိန်တည်းမှာပင်၊ ချင်းဟုန်မြို့၌ ဖြစ်သည်။
လူငယ်၊ လူရွယ်များမှာ ကောင်းကင်ယံတွင် ခဏတာ ဖြတ်သန်းသွားသည့် ပုံရိပ်ကို ပြန်လည်အမှတ်ရနေကြပြီး မျက်လုံးများထဲရှိ ရှုပ်ထွေးသော ခံစားချက်များမှာ မပျောက်ပျက်သေးပေ။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်မှာ သွေးဝတ်စုံ ဓားနတ်ဘုရား ဖြစ်နေသောကြောင့်ပင်။
လွန်ခဲ့သော ခဏကပင် သွေးဝတ်စုံဓားနတ်ဘုရားသည် ချင်းဟုန်မြို့သို့ ပြန်ရောက်လာခဲ့၏။
ထိုသွေးရောင်လွှမ်းသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည့် ကျင့်ကြံသူတိုင်းမှာ သူတို့၏ လုပ်ရပ်များကို ရပ်တန့်ကာ ဦးညွှတ်အလေးပြု၍ အားကောင်းသူအပေါ် လေးစားမှုကို ပြသခဲ့ကြသည်။
ထိုစဉ် ရှီရုလန်၏ နားထဲတွင် အသံတစ်သံ ကြားလိုက်၏။
"ညီမလေး ရှီ၊ သွေးဝတ်စုံ ဓားနတ်ဘုရားက ဒဏ္ဍာရီတွေထဲမှာလိုပဲ တကယ် ပညာရှိပြီး အစွမ်းထက်တာလား"
အမျိုးသမီး ကျင့်ကြံသူတစ်ဦးက မေးလိုက်ခြင်းပင်။
ရှီရုလန်နှင့် ရှီရုရှန်းတို့မှာ အခြားနယ်မြေတစ်ခုမှ ရောက်လာသူများဖြစ်ပြီး ချင်းဟုန်မြို့သို့ လာရာလမ်းတွင် ဤစကားများသော အမျိုးသမီး ကျင့်ကြံသူနှင့် ဆုံခဲ့ခြင်းဖြစ်သည်။
ရှီရုလန်မှာ အနည်းငယ် စိတ်မဝင်စားဟန်ဖြင့် ခေါင်းငြိမ့်၏။
"ဟုတ်တယ်"
စကားများသော အမျိုးသမီး ကျင့်ကြံသူက ဆက်လက်၍ စပ်စု၏။
"ရှင်းဟွာအဖွဲ့ထဲက အဲ့ဒီ နတ်ဘုရားအဆင့်နည်းစနစ်ကို ဒီအရှင်က ပေးခဲ့တာတဲ့။ ဒါနဲ့ ညီမလေး ရှီ၊ ဘယ်သူ့ကို boost ကူပေးပြီးပြီလဲ ၊၊ငါ့ကို ကူပေးပါဦးလား"
ထိုစကားကို ကြားလိုက်ရသောအခါ ရှီရုလန်၏ မျက်လုံးထဲတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားပြီး မျက်နှာမှာ အလွန်အေးစက်သွားသည်။
"ဒီလိုမျိုးတွေကို ကျွန်မ တကယ် စက်ဆုပ်တယ်"
ဘေးတွင် ရပ်နေသော ရှီရုရှန်းမှာလည်း အားနာသည့် အမူအရာပြသော်လည်း သူ့မျက်လုံးများမှာ အေးစက်ကာ အလှမ်းဝေးနေသည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ သွားစရာ ရှိသေးလို့ပါ"
မောင်နှမ နှစ်ယောက်က စားသောက်ဆိုင်ထဲမှ အလျင်အမြန် ထွက်ခွာသွားကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
စကားများသော အမျိုးသမီးမှာ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့ပြီး၊ လမ်းခရီးတစ်လျှောက်တွင် သိမ်မွေ့ကာ ကြင်နာတတ်သည့် ရှီမောင်နှမများ၏ သဘောထားမှာ အဘယ်ကြောင့် ရုတ်တရက် အေးစက်သွားရသနည်းဆိုသည်ကို နားမလည်နိုင်ဖြစ်နေတော့သည်။
ထိုစဉ် ရှီရုရှန်းနှင့် ရှီရုလန်တို့မှာ အလျင်အမြန် လျှောက်လှမ်းရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြ၏။
"ရလိုက်ရဲ့လား"
ရှီရုရှန်းက မေးသည်။
"ရတယ်၊ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ရဲ့အရှိန်အဝါကို မှတ်မိသွားပြီ"
ရှီရုလန်က ယုံကြည်ချက်ရှိစွာ ပြန်ဖြေ၏။
"ကောင်းပြီ။ ဒီလို အန္တရာယ်ရှိတဲ့သူမျိုးကို ဖယ်ရှားပစ်ရမယ်။ တကယ်လို့ သူ့ကို လွှတ်ထားမယ်ဆိုရင် ကန်းလန်ကမ္ဘာအတွက် ဘယ်လို ဘေးဒုက္ခတွေနဲ့ မသေချာမှုတွေ သယ်ဆောင်လာဦးမလဲ ဘယ်သူသိမှာလဲ ၊ ကံကြမ္မာ ဗေဒင်ဆရာတွေအနေနဲ့ ဒါမျိုးတွေကိုတားပေးဖို့က ငါတို့ရဲ့ တာဝန်ပဲ"
ရှီရုရှန်းက ပြတ်သားသော သန္နိဋ္ဌာန်ဖြင့် ပြောလိုက်၏။
ရှီရုရှန်းနှင့် ရှီရုလန်တို့မှာ ခရမ်းရောင်နန်းတော်အဆင့်တွင်သာ ရှိကြသည်။ သူတို့၏ ကျင့်ကြံဆင့်မှာ အထူးတလည် မမြင့်မားသော်လည်း၊ သူတို့သည် ရှေးကျပြီး ဆန်းကြယ်သော ကံကြမ္မာတောင်တန်းမှ လာသူများ ဖြစ်၏။
ကံကြမ္မာတောင်တန်းသည် ကန်းလန်နယ်မြေတွင် ကပ်ဘေးဆိုးကြီးမတိုင်မီကပင် ရှေးယခင်ကတည်းက တည်ရှိခဲ့သည်။ ကံကြမ္မာတောင်တန်းမှ ကျင့်ကြံသူများကို ကံကြမ္မာဗေဒင်ဆရာများဟု ခေါ်ဝေါ်ကြပြီး၊ သူတို့ကိုယ်သူတို့ လောကကြီး၏ ကံကြမ္မာကို တည့်မတ်ပေးသူများအဖြစ် မှတ်ယူထားကြ၏။
သူတို့၏ အယူအဆအရ ကောင်းကင်ဘုံ၏ လုပ်ဆောင်မှုများတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိပြီး သတ်မှတ်ထားသော လမ်းစဉ်အတိုင်း သွားရမည်ဖြစ်သည်။
မည်သည့် ပြောင်းလဲမှု သို့မဟုတ် အနှောင့်အယှက်မဆို ထိုစည်းမျဉ်းများကို ချိုးဖောက်ခြင်းဟု ယူဆပြီး အဆုံးတွင် လောကကြီးကို ထိခိုက်စေသည်ဟုလည်း ယုံကြည်ကြ၏။
"ဒီသွေးဝတ်စုံ ဓားနတ်ဘုရားက လူအများကို လှည့်ဖြားနေတာ၊ သူသွားတဲ့ လမ်းတစ်လျှောက်မှာ မရေတွက်နိုင်တဲ့ ဘေးဒုက္ခတွေကို ဖန်တီးနေတယ်။ ဒီကိုလာတဲ့လမ်းမှာ ကျင့်ကြံသူတွေက နည်းစနစ်တွေ စုဆောင်းဖို့အတွက် သူတို့ ချစ်ခင်ရသူတွေကိုတောင် ပြန်လှည့်စားနေတာ ငါ မြင်ခဲ့ရတယ်။ ဒီရှုပ်ထွေးမှုတွေ အားလုံးက သူ့ကြောင့်ပဲ။"
" ဒါတောင်မှ ဒီမိုက်မဲတဲ့ ကျင့်ကြံသူတွေက သူ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်နေကြသေးတယ်! ရယ်စရာပဲ"
ရှီရုလန်၏ အသံမှာ ဒေါသနှင့်အတူ နားမလည်မှုများဖြင့် ပြည့်နှက်နေသည်။
"လူအများက အသိဉာဏ်မဲ့ကြတယ်လေ"
ရှီရုရှန်းက သက်ပြင်းချ၏။
"ငါတို့လို ကံကြမ္မာချည်မျှင်တွေကို မြင်နိုင်တဲ့သူတွေက သိပ်နည်းတယ်။ တကယ်လို့ သွေးဝတ်စုံ ဓားနတ်ဘုရားက ဆက်ပြီးအတားအဆီးမရှိ ကြီးထွားလာပြီး ကပ်ဘေးဆိုးကြီးကို စိန်ခေါ်မယ်ဆိုရင်၊ အဲ့ဒါက ကန်းလန်နယ်မြေအတွက် ကြီးမားတဲ့ ဘေးဒုက္ခကို ယူဆောင်လာလိမ့်မယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းတုန်းက ကံကြမ္မာတောင်တန်းက ငါတို့ ဘိုးဘေးတွေသာ ဝင်မကယ်ခဲ့ရင် အပြစ်မဲ့တဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရမှာ"
လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက ကံကြမ္မာတောင်တန်း၏ ဘိုးဘေးများသည် ကပ်ဘေးဆိုးကြီးကို ကြိုတင်မြင်ခဲ့ကြ၏။
ကမ္ဘာမြေကြီးက ပင်လယ်ရေအောက် နစ်မြုပ်သွားခြင်း၊ကန်းလန်ကမ္ဘာကြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခြင်းနှင့် သက်ရှိများ ပျက်သုဉ်းကာ တစ်လောကလုံး တိတ်ဆိတ်သွားခြင်းတို့ကို မြင်မက်ခဲ့ကြသည်။
ထိုပျက်သုဉ်းမှုကို တားဆီးရန်အတွက် ကံကြမ္မာတောင်တန်းမှ ဘိုးဘေးများသည် ကပ်ဘေးဆိုးကြီးနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြပြီး၊ ဘေးဒုက္ခ၏ အရင်းအမြစ်ဖြစ်သော အစွမ်းထက် ယန်နတ်ဘုရားကျင့်ကြံသူ ၏တည်ရှိမှုကို ကပ်ဘေးနောက်ကွယ်မှ သတ္တဝါများထံ ထုတ်ဖော်ခဲ့ကြသည်။
(လွန်ခဲ့သောနှစ်သုံးသောင်းက ပါရမီရှင်ယန်နတ်ဘုရားအကြောင်းကို ကပ်ဘေးကြီး၏သခင်များထံ ကြိုတင်သတင်းပေးခဲ့သည်)
သူတို့အတွက်မူ ဤလုပ်ရပ်သည် သန်းပေါင်းများစွာသော အသက်များကို ကယ်တင်ခြင်းဖြစ်ပြီး ကြီးမားသော ဂုဏ်ယူစရာတစ်ခုဟု မှတ်ယူကြ၏။
"အခု ငါတို့အလှည့်ပဲ၊ လောကကြီးကို ကယ်တင်ဖို့ ငါတို့ကိုယ်ငါတို့ စတေးရမယ်"
ရှီရုလန်၏ မျက်လုံးများက ပြတ်သားနေ၏။
"လောကကြီးအတွက် ငါတို့ကိုယ်ငါတို့ စတေးတာက ငါတို့ရဲ့ တာဝန်ပဲ"
ရှီရုရှန်း၏ မျက်လုံးများမှာလည်း ထက်သန်မှုများဖြင့် တောက်လောင်နေပြီး လောကကြီးအတွက် သေရခြင်းမှာ ဂုဏ်ယူစရာ လုပ်ရပ်တစ်ခုဟုလည်း လုံးဝယုကြည်ထားလေသည်။
"ငါတို့က အားနည်းပေမယ့် 'ကံကြမ္မာတံခါး' နဲ့ သူ့ကို လွှမ်းမိုးနိုင်တယ်။ ကံမကောင်းတာက သူက သိပ်အစွမ်းထက်လွန်းတယ်။ ကံကြမ္မာတံခါးကို သုံးရင်တောင် သူ့ကို သတ်လို့မရဘူး။ ဒါပေမဲ့ ကံကြမ္မာတံခါးကို ကသောင်းကနင်းငှက် နဲ့ ပေါင်းစပ်လိုက်ရင် သူ့ကို ရူးသွပ်သွားအောင် လုပ်လို့ရတယ်။ ရူးသွပ်သွားတဲ့ ကျင့်ကြံသူတစ်ယောက်က လောကကြီးရဲ့ လမ်းစဉ်ကို မပြောင်းလဲနိုင်သလို၊ ကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ အင်အားလည်း ရှိမှာမဟုတ်ဘူး။ ဒါဆို ပျက်သုဉ်းခြင်းကလည်း ဖြစ်လာမှာ မဟုတ်တော့ဘူး"
ရှီရုလန်က သူမ၏အစီအစဥ်ကို ခိုင်မာစွာ ကြေညာလိုက်သည်။
ရှီရုရှန်းကလည်း လေးနက်စွာ ခေါင်းငြိမ့် သဘောတူ၏။
ကံကြမ္မာတွင် ကိုယ်ပိုင်လမ်းစဉ် ရှိပြီး အရာအားလုံးသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သွေးဝတ်စုံဓားနတ်ဘုရား၏ အဆင်အခြင်မဲ့ လုပ်ရပ်များဖြစ်သော အမှောင်နေမင်းကို ဖျက်ဆီးခြင်း၊ နည်းစနစ်များကို စုဆောင်းခြင်းနှင့် ယခုလို ကသောင်းကနင်း ဖြစ်အောင် လုပ်ခြင်းတို့သည် ကန်းလန်နယ်ပယ်တွင် ဆူပူမှုများကို ဖြစ်ပေါ်စေခဲ့၏။
အကယ်၍ သူကသာ ကပ်ဘေးဆိုးကြီးကို ရန်စလိုက်လျှင် ၎င်း၏ နောက်ကွယ်မှ အင်အားစုများ၏ ကြောက်မက်ဖွယ် လက်စားချေမှုကို ခံရမည်ဖြစ်ပြီး၊ အပြစ်မဲ့သော အသက်ပေါင်းများစွာမှာ သူတို့ မရှင်သန်နိုင်သည့် ပဋိပက္ခထဲသို့ ဆွဲသွင်းခံရပေတော့မည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက သူတို့ ဘိုးဘေးများသာ ကြားဝင်မတားဆီးခဲ့လျှင် ကန်းလန်နယ်ပယ်ရှိ သက်ရှိများ၏ တစ်ဝက်ခန့်မှာ သေကြေပျက်စီးသွားခဲ့ပေလိမ့်မည်။
ထို့ကြောင့် ကံကြမ္မာ၏ချည်မျှင်များ အနှောင့်အယှက် ဖြစ်နေကြောင်း ကံကြမ္မာတောင်တန်းမှ ခံစားမိသောအခါ၊ သွေးဝတ်စုံဓားနတ်ဘုရားဟု ခေါ်သော ထိုထူးဆန်းသည့် အရာကို ကိုင်တွယ်ရန် တောင်ပေါ်မှ ဆင်းလာခဲ့ကြခြင်းပင်။
သို့သော် သူတို့၏ အင်အားအရ တိုက်ရိုက်သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့ လုပ်နိုင်သော အကောင်းဆုံးမှာ ကံကြမ္မာတံခါးနှင့် ကသောင်းကနင်းငှက်ရေစင်ကို ပေါင်းစပ်ကာ သွေးဝတ်စုံဓားနတ်ဘုရားကို ရူးသွပ်သွားအောင် ပြုလုပ်ရန်သာဖြစ်သည်။
ရူးသွပ်သွားသော ယင်နတ်ဘုရားတစ်ပါးမှာ နယ်မြေတစ်ခုအတွင်း ရှုပ်ထွေးမှုများ ဖြစ်စေနိုင်ပြီး သတ္တဝါများစွာကို သေကျေစေနိုင်သော်လည်း၊ ကန်းလန်ကမ္ဘာကြီး တစ်ခုလုံးပျက်ဆီးမှုနှင့် နှိုင်းယှဉ်လျှင် ဤစတေးမှုမှာ လက်ခံနိုင်စရာပင် မဟုတ်ပါလား။
မောင်နှမက ပြတ်သားစွာ ကြွေးကြော်လိုက်ကြသည်။
"ကံကြမ္မာအတွက်"
"သတ်မှတ်ထားတဲ့ လမ်းစဉ်အတွက်"
-----------------