← Chapters

– ဒိုင်းသူတော်စင်

Vol. 4 Ch. 229

– ဒိုင်းသူတော်စင်

Vol. 4 Ch. 229

အရိုးစုကြီးနှစ်ခုက သူတို့ရဲ့ဆိုင်ရာရည်ရွယ်ချက်တွေကို ရှင်းပြပြီးတဲ့နောက် သူတို့ရဲ့နောက်မျိုးဆက်တွေဖြစ်တဲ့ နက်ဆန်နဲ့ရူဘီတို့ကို အသီးသီးဆွဲယူလိုက်ကြပါတယ်။ ကိုယ်ပိုင်အဖော်တွေကတော့ အပြင်မှာကျန်ရစ်ခဲ့ပြီး အမွေခံတွေကတော့ အရိုးစုကြီးတွေရဲ့ကိုယ်ပိုင် စွမ်းအင်အလွှာတွေထဲ ဆွဲသွင်းခံရကာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံလိုက်ရတယ်။

“ကောင်လေး၊ ငါတို့အမှောင်ကျောင်းတော်က အယ်ဒါတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ အားနည်းသွားရတာလဲ။”

အရိုးစုနီအယ်ဒါက နက်ဆန်ကို သူ့ရဲ့မျက်တွင်းဟောက်ပက်တွေနဲ့ သေချာကြည့်ရှုပြီးတဲ့နောက် မေး​မြန်းလိုက်တယ်။ နက်ဆန်ရဲ့ တစ္ဆေမီးအိမ်က အယ်ဒါဆက်ခံသူတွေမှာသာရှိရမယ့် အထွတ်အမြတ်အရာတစ်ခုပါ။ ဖုတ်ကောင်အစေခံတွေကလည်း သခင်လေးအစား သခင်လို့ခေါ်နေတဲ့အတွက်ကြောင့် အယ်ဒါမှန်း သိနိုင်တယ်လေ။

“ဘိုးဘေး၊ ဒီထောင်စုနှစ်အတွင်းမှာ နတ်ကိုးကွယ်သူအရေအတွက် အများကြီးကျဆင်းသွားပြီ။ ကျောင်းခြောက်ကျောင်းမှာ ရိုမြူလက်ချက်ကျောင်းကလွဲလို့ ဘယ်သူမှ ဘိုးဘေးတို့လိုမျိုး စံချိန်မီတဲ့ အယ်ဒါအဆင့်တွေမရှိတော့ပါဘူး။ အားလုံးက ထိပ်တန်းအရည်အသွေးရှိတဲ့ မာစတာတွေအနေနဲ့ပဲ အယ်ဒါရာထူးကို ဆက်ခံနေကြတာ။”

နက်ဆန်က ချက်ချင်းပဲ နားလည်ရအလွယ်ကူဆုံးနည်းလမ်းနဲ့ ရှင်းပြလိုက်တယ်။ နက်ဆန်တို့ခေတ်က အယ်ဒါတွေနဲ့ အရင် ထောင်စုနှစ်ကအယ်ဒါတွေရဲ့စွမ်းအားက ကွာခြားလွန်းတဲ့အတွက် ဒီအယ်ဒါတွေကို ရှေးအယ်ဒါတွေလို့ကို အဆင့်ခွဲ ခေါ်ရတဲ့အထိဖြစ်နေတာပါ။

“နားလည်ပြီ၊ ကိုးကွယ်ယုံကြည်မှုစွမ်းအား နည်းပါးလာတာနဲ့တင် ငါ့အဆင့်ကို မင်းမရောက်နိုင်တော့တာတော့ မဟုတ်ပါဘူး။ ငါမင်းကို မင်းတို့ခေတ်မှာပျောက်ကွယ်သွားပြီဖြစ်တဲ့ မှော်ပညာတွေ သင်ပေးနိုင်တယ်။ မင်းဘာတွေတတ်ထားလဲ ကြည့်ရအောင်...”

အရိုးစုနီကြီးက နက်ဆန်ရဲ့ခေါင်းကို သူ့အရိုးစုလက်တွေနဲ့ ဆုပ်ကိုင်လိုက်တယ်။ အေးစက်စက်စွမ်းအင်လှိုင်းတွေက နက်ဆန့်တစ်ကိုယ်လုံးကို ဖြန့်ကျက်သွားပြီးနောက်မှာတော့ သူ့ခေါင်းကို ပြန်လွှတ်ပေးလိုက်တယ်။

“ထူးဆန်းလိုက်တာ... တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းနဲ့ သွေးနတ်ဘုရားအတတ်တွေကို မင်းလေ့ကျင့်မထားဘူးပဲ။ ငါကျရှုံးသွားပြီးနောက်မှာ အဲဒီအထွတ်အမြတ်ဂါထာတွေပါ ပျောက်ဆုံးသွားတာလား။ ငါမင်းကို သင်ပေးလိုက်မယ်ဆိုရင် အဲဒီနည်းလမ်းတွေကိုသုံးပြီး ငါ့လိုအယ်ဒါမျိုး အချိန်တိုအတွင်း မင်းဖြစ်လာလိမ့်မယ်။

နားထောင်စမ်း၊ ဒီချောက်ကြီးထဲမှာသေသွားတဲ့ လေလွှင့်တစ္ဆေတွေကို တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းအတွက် မင်းစုပ်ယူလိုက်။ သွေးနတ်ဘုရားဂါထာကိုသုံးပြီးတော့ မင်းပြိုင်ဖက်ကောင်မလေးနှစ်ယောက်ရဲ့သွေးတွေကို စုပ်ယူလိုက်။

တစ္ဆေပေါင်းသောင်းချီကိုထိန်းချုပ်ပြီး မင်းရဲ့အရိုးတွေက ထောင်စုနှစ်ချီတာတောင်မပျက်စီးနိုင်တဲ့ သွေးသလင်းရိုးအဖြစ် ပြောင်းလဲသွားတဲ့အခါ မင်းက သေခြင်းတရားကိုတောင်မှ ငါ့လိုမျိုး ဆန့်ကျင်နိုင်လိမ့်မယ်။”

လွန်ခဲ့တဲ့ထောင်စုနှစ်က ကျဆုံးခဲ့တဲ့ ရှေးအယ်ဒါကြီးက သိပ်ကို စွမ်းအားကြီးတဲ့သူတစ်ယောက်ဆိုတာ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ သူသေဆုံးပြီးတဲ့နောက်မှာတောင်မှ ကိုယ့်ကိုယ်ကိုယ် Lichဖုတ်ကောင်အဖြစ်ပြောင်းပြီး ရာစုနှစ်များစွာ သူတို့ကို စောင့်ခဲ့တယ်။ ဒီချောက်ကြီးတစ်ခုလုံးကိုလည်း သူတို့ပဲ ဖန်တီးခဲ့တာပါ။

တစ္ဆေစစ်တပ်ကြီးကို အမိန့်ပေးပြီး မသေနိုင်တဲ့တည်ရှိမှုအဖြစ် ပြောင်းလဲနိုင်စွမ်းဟာ သိပ်ကိုဆွဲဆောင်မှုရှိပါတယ်။ ဒါပေမဲ့...

နက်ဆန်က ခေါင်းကိုခါယမ်းလိုက်တယ်။

“တကယ်တော့ တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းက ပျောက်ကွယ် မသွားခဲ့ပါဘူး။ ကျုပ်တို့ကျောင်းတော်မှာ ရှိပါသေးတယ်။ မလေ့ကျင့်ခဲ့တာပါ။”

အမှန်အတိုင်းပြောရရင် နက်ဆန်မဟုတ်တဲ့ တခြားအဆင့်မြင့် အဖွဲ့ဝင်တွေက ဒါကိုအသုံးများကြတယ်။ ဆီနိတ်တာရော့ဝဲလ်ဟာ တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းကိုသုံးပြီး ရိုမြူလက် ဘုရားကျောင်းကို တစ်ယောက်တည်းဝင်တိုက်ရဲတဲ့အထိ အတင့်ရဲခဲ့ပါတယ်။ ကျောင်းတော်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ စွမ်းအားအကြီးဆုံးဂါထာ ဖြစ်နိုင်ပေမဲ့...

“တစ္ဆေတွေက အမှောင်သတ္တဝါတွေဖြစ်ပေမဲ့ သူတို့ဆန္ဒကို အထင်းဖိနှိပ်ထိန်းချုပ်ပြီး ကျုပ်မသုံးချင်လို့ပါ။”

နက်ဆန်ရဲ့အမှောင်ကျောင်းတော်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လမ်းစဥ်ဟာ အတော်လေးရိုးရှင်းတယ်။ အမှောင်ထုကို အခွင့်ကောင်းယူပြီး မကောင်းမှုပြုလုပ်နေသူတွေကို နှိမ်နင်းဖို့ ဖြစ်ပြီးတော့ သူတို့ရဲ့အုပ်ချုပ်သူဖြစ်လာဖို့မဟုတ်ခဲ့ပါဘူး။ ကျွန်ပြုဖို့ဆိုရင် ပိုတောင်ဝေးသေး။

“ သွေးနတ်ဘုရားဂါထာကိုရော... မင်းသင်မယ်မဟုတ်လား။ ဒါနဲ့ဆိုရင် မင်းက ရန်သူတွေကိုသတ်လေ ပိုသန်မာလာလေပဲ။”

အရိုးစုနီကြီးက နက်ဆန်ကိုသွေးဆောင်လိုတဲ့လေသံနဲ့ ပြောလိုက်ပြန်တယ်။ ဒါပေမဲ့ နက်ဆန်ရဲ့မျက်နှာကတော့ အေးစက်​နေဆဲပါ။

“ခင်ဗျားရဲ့အရိုးတွေ အနီရောင်သလင်းအဖြစ်ပြောင်းသွားဖို့ လူဘယ်နှစ်ယောက်သတ်ခဲ့ရလဲ... တစ်သောင်းလား၊ တစ်သိန်းလား။ အဲဒီမှော်ဂါထာကို ကျုပ်အဘေးလက်ထက်က တိုက်ပွဲမှာ ရိုမြူလက်ချက်ကျောင်းဘက်ကရသွားပြီး သွေးစွန်းဘုန်းတော်ကြီးလို့ခေါ်တဲ့ စံမမီတဲ့အယ်ဒါတစ်ယောက်ကို ဖန်တီးခဲ့တယ်။ သူက လူသုံးထောင်သတ်ပြီးမှ အဲဒီအဆင့်ကို ရောက်လာတာ။ ကျုပ်က အဲဒီလိုလူသတ်ကောင်မျိုး မဖြစ်ချင်ဘူး။”

ဘုန်း....

ဒီတစ်ခါ ငြင်းပယ်ပြီးနောက်မှာတော့ အရိုးစုနီကြီးဆီကနေ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ပေါက်ထွက်လာပြီး နက်ဆန်ကိုဖိနှိပ်လိုက်တယ်။ ကွာခြားချက် ကြီးလွန်းတဲ့အတွက် နက်ဆန်ဟာ ဒူးထောက်ကျရုံမကဘဲ နဖူးနဲ့ကြမ်းပြင်ပါ တိုက်မိသွားခဲ့တယ်။

“မိုက်မဲတဲ့နောက်မျိုးဆက်... စွမ်းအားဆိုတာ စွမ်းအားဘဲ။ ဘယ်နည်းနဲ့ရလာလဲဆိုတာ အရေးမကြီးဘူး။ တိုက်ပွဲမှာ မင်းရန်သူကိုမသတ်နိုင်ရင် ရန်သူက မင်းကိုသတ်မှာပဲ။ မင်းက ဒီပညာတွေကို ကျိန်စာတစ်ခုလိုငြင်းဆန်နေတဲ့အချိန် ဟိုကောင်မလေးက မင်းကိုသတ်ဖို့ပြင်နေလောက်ပြီ။”

နက်ဆန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါနေပြီး အရိုးတွေ ကျိုးပဲ့သွားတော့မလို ခံစားနေရပေမဲ့ နက်ဆန်က သူ့ဆုံးဖြတ်ချက်ကို ပြင်မယ့်ပုံစံမရှိဘူး။ နောက်ဆုံးတော့ အရိုးစုနီကြီးက လက်လျှော့လိုက်ပြီး ဖိအားတွေကို လျော့ချလိုက်တယ်။

“ထားတော့... မင်းဒီကိုရောက်လာတယ်ဆိုကတည်းက မင်းမှာ ကိုယ့်အမြင်နဲ့ကိုယ်ရှိနေပြီးသားဆိုတဲ့သဘောပဲ။ မင်းငါ့ဆီက ဘာသိချင်တာလဲ...”

ဒီတော့မှ နက်ဆန်က ရွှေလဝန်းမျက်နှာဖုံးကို ထုတ်ပြလိုက်တယ်။ “ကျုပ်ဒီဟာကို သုံးနည်းသိချင်တယ်....”

အရိုးစုနီကြီးက မျက်နှာဖုံးကို တစ်ချက်ကြည့်လိုက်ပြီးတော့ ဟဲ့ဟဲ့ပဲ့ပဲ့ရယ်မောလိုက်တယ်။

“ကောင်လေး... မင်းဒီဟာကိုသုံးဖို့ဆိုရင် လူမှန်နေရာမှန် ရောက်လာတယ်လို့ပြောရမယ်။ ငါ့ခေတ်တုန်းကတောင် ဒီအရာကို အယ်ဒါတိုင်း အသုံးပြုနိုင်တာမဟုတ်ဘူး။ ငါသာလျှင် အသုံးပြုနိုင်ခဲ့တာ။”

နက်ဆန်ရဲ့မျက်နှာပေါ်မှာ အပြုံးယဲ့ယဲ့ပေါ်လာပြီ။ နောက်တော့ အများကြီးနူးညံ့သွားတဲ့လေသံနဲ့ သူသိချင်တဲ့အရာကိုမေးခဲ့တယ်။

“မျက်နှာဖုံးကို စွပ်လိုက်တာနဲ့... အရာအားလုံးပိန်းပိန်းပိတ် မှောင်နေတဲ့နေရာကိုရောက်သွားပြီး အမှောင်ထုရဲ့ဝါးမျိုခြင်းကို ခံစားရတယ်။ ဒါကိုဘယ်လိုကျော်ဖြတ်ရမလဲ။”

အရင်တစ်ခါ နက်ဆန်ကြိုးစားခဲ့ချိန်တုန်းက သေမလိုဖြစ်ခဲ့တာ။ အဲဒီအရာက သူ့အသိစိတ်ကိုပါတိုက်စားနေခဲ့တာလေ။ အရိုးစုနီက သူ့မေးကိုလက်နဲ့ထောက်လိုက်ပြီး ထိုင်နေရာကနေ ကိုယ်ကိုတစ်ဖမ်ယိမ်းလိုက်တယ်။

“စိတ်ပဲကွ... မင်းရဲ့စိတ်ဓာတ်ခိုင်မာမှုက အရေးအကြီးဆုံးပဲ။ အဲဒီအထဲကိုရောက်သွားပြီး မင်းအနေနဲ့ရှေ့ဆက်လျှောက်ဖို့ပဲ ရှိတော့တယ်။ ရပ်နေရင်တော့ သေမှာပဲ။ ငါ့တုန်းကတော့ ရှင်းရှင်းလင်းပဲ... ပေါ်လာသမျှရန်သူအသေသတ်မယ်ဆိုတဲ့ ခေါင်းမာတဲ့စိတ်နဲ့သတ္တိကိုသုံးပြီး ရှေ့ဆက်ခဲ့တာ။”

“.....” ‘ဒါက ဘယ်လိုဖြေရှင်းနည်းကြီးလဲ။' သူ့ရှေ့က အရိုးစုက ကြွက်သားဦးနောက်မှန်းသိပေမဲ့ အဲဒီအဆင့်ဗလာနတ္တိဖြစ်မှုကို ခေါင်းမာမှုတစ်ခုတည်းနဲ့ ဖြေရှင်းနိုင်ခဲ့မယ်ထင်မထားဘူး။ ဒီနည်းလမ်းက သူ့ဘိုးဘေးအတွက် အလုပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့လို့...

“ကောင်လေး၊ လက်လျှော့လိုက်တော့။ မင်းမှာ ငါ့လိုစိတ်ဓာတ်မျိုး မရှိဘူး။ မင်းက ကိုယ့်ရန်သူကိုယ်တောင် သတ်နိုင်တဲ့စိတ်ထားမျိုး မမွေးနိုင်တဲ့သူပဲ။ မင်းမျက်နှာဖုံးကိုစွပ်လိုက်ရင် သေသွားလိမ့်မယ်။ ငါပြောတဲ့ဂါထာနှစ်ပုဒ်ကိုလည်း မသင်ဘူးဆိုရင် မင်းနဲ့ငါနဲ့ရေစက်က ဒီလောက်ပဲဆိုရမယ်။”

“အချိန်စေ့ပြီ။” မကြာခင်မှာပဲ တစ်ဖက်ခြမ်းက အသံကျယ်ကြီး တစ်ခုက သူတို့စကားဝိုင်းကို ဝင်စွတ်ဖက်လိုက်ပြီး စွမ်းအင်ဒိုင်းလွှာကြီးတွေ ပြန့်ကျဲကုန်ပါတယ်။

“သခင်....” နာတာရှာနဲ့ မော်လီတို့က နက်ဆန့်အနားကို ရောက်လာပြီး အသင့်ကာကွယ်ပေးထားလိုက်တယ်။ သူတို့နဲ့ ဆန့်ကျင်ဘက်မှာတော့ ရူဘီနဲ့လီချင်းချင်းက တိုက်ခိုက်ဖို့အတွက် အသင့်စောင့်နေလေရဲ့။

“ညအရှင်... ရှင့်ရဲ့အရှိန်အဝါက ဝင်သွားတုန်းကနဲ့ယှဥ်ရင် ဘာမှမခြားပါလား။ ဒီတစ်ခါတော့ ကျွန်မနိုင်လိမ့်မယ်ထင်တယ်။”

ရူဘီက ခနဲ့တဲ့တဲ့ပြောရင်း ရယ်မောလိုက်တယ်။ သူ့ဆီကနေ မျက်စိကျိန်းလောက်စရာ ရွှေရောင်အလင်းတွေဖြာထွက်နေပြီး အယ်ဒါအဆင့်ကိုရောက်သွားတာ သေချာတယ်။ ချက်ချင်း လက်ငင်းဆိုသလို စံမီအယ်ဒါတစ်ယောက်ဖြစ်သွားနိုင်ဖို့ ခက်ခဲပေမဲ့ လက်ရှိနက်ဆန်ထက်မနိမ့်ဘဲ သာဖို့ရာသာရှိပါတော့တယ်။

“မင်းတို့နှစ်ယောက် တိုက်ပွဲစပြီ။ တစ်ယောက်ယောက် မသေသေးခင် ထွက်ပြေးဖို့တော့မစဥ်းစားနဲ့။ ဒီအဖိုးကြီးတွေ စောင့်ကြည့်နေတယ်။”

ရှေးဘိုးဘေးကြီးနှစ်ပါးက သူတို့စွမ်းအားတွေကိုအသုံးပြုပြီး ချောက်ကြီးတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တယ်။ အခုဆိုရင် နှစ်ဖွဲ့လုံး အပြင်ထွက်ဖို့မဖြစ်နိုင်တော့ဘူး။

“သခင်... အသုံးဝင်တာ တစ်ခုခုရရဲ့လား....” နာတာရှာက လေဓားသွားဒါဇင်နဲ့ချီဆင့်ခေါ်ပြီး မေးလိုက်ပေမဲ့ နက်ဆန်က ခေါင်းခါပြလိုက်တယ်။

“မဖြစ်နိုင်တာ....” နာတာရှာက မယုံနိုင်သလိုဖြစ်သွားပေမဲ့ တကယ်လည်း အဲဒီအတိုင်းဖြစ်ခဲ့တာပါ။ မျက်နှာဖုံးကို အသုံးပြုနိုင်တဲ့နည်းလမ်းကို သိခွင့်ရခဲ့ပေမဲ့ အဲဒီနည်းက သူ့အတွက်အသုံးမဝင်ပါဘူး။

“အာရုံလွင့်မနေနဲ့....”

ဘုန်း...

နက်ဆန်တို့အာရုံများနေတုန်း ရူဘီက တိုက်ကွက်စဖော်ပါတယ်။ သူက ဧရာမဒိုင်းကြီးကိုကိုင်ပြီး နက်ဆန်ကိုဆောင့်တွန်းဖို့ကြံတယ်။ ဒါပေမဲ့ မော်လီက ကြားဖြတ်ဝင်လိုက်ပြီး ကြိုးတပ်တံစဥ်တွေနဲ့ စတင်တိုက်ခိုက်တယ်။

“ပေါက်ကွဲစမ်း....” လီချင်းချင်းကလည်း လှံပုဆိန်ကို လှော်တက်တစ်ခုလို ဝေ့ယမ်းကာ မိုးကြိုးအဆောင်တွေနဲ့အတူ ရှေ့တက်လာတယ်။ နာတာရှာကတော့ လေဓားသွားတွေကို တန်ပြန်ပစ်လွှတ်ပြီး မိုးကြိုးအဆောင်တွေကို ပစ်ချတယ်။

ဘုန်း....

တိုက်ပွဲက ချက်ချင်းဆိုသလိုပဲ ပြင်းထန်စွာဖြစ်ပွားတယ်။ နက်ဆန်ကလည်း အာရုံလွင့်မနေတော့ဘဲ လူအင်အားများမှုကို အခွင့်ကောင်းယူဖို့အတွက် မှောင်ရိပ်နဲ့တသားတည်းဖြစ်စေပြီး ရူဘီနောက်မှာ စုံတွဲဓားနဲ့အတူပြန်ပေါ်လာတယ်။

“ပိုင်းဖြတ်စမ်း....”

ထန်း...

နက်ဆန်က ရူဘီရဲ့လည်ပင်းကို ဓားနဲ့ထိုးချလိုက်ပေမဲ့ မီးပွားတွေသာပွင့်သွားပြီး ဓားက ပြန်ကန်ထွက်လာတယ်။ ဒါတင်မကသေးဘဲ သူ့လည်ပင်းနားက အေးစက်သွားသလို ခံစားရတဲ့အတွက် ရှောင်ထွက်လိုက်တယ်။

ဝေါ... ဖရော....

သူ့နောက်က ဂူနံရံဟာ တစ်ခုခုနဲ့ ပိုင်းဖြတ်ချရသလိုဖြစ်သွားပြီး ကျောက်တုံးတွေပြုတ်ကျလာတော့တာပေါ့။

“ရှင့်ရဲ့ဓားချက် ရှင့်ဆီကိုတန်ပြန်အောင် လုပ်လိုက်တာလေ။ သဘောကျရဲ့လား....”

ရူဘီက ပြုံးနေရင်းနဲ့ ဒိုင်းကိုမြှောက်လိုက်တယ်။ ဒိုင်းကနေ ရွှေရောင်အလင်းတွေတောက်ပလာပြီး လီချင်းချင်းကိုရော သူ့ကိုယ်သူပါလွှမ်းခြုံသွားတယ်။

“အဖွဲ့လိုက် အလုံးစုံစွမ်းအားမြှင့်တင်ခြင်း.... ခွန်အားနဲ့အလျင်”

ရုတ်ချည်းဆိုသလိုပဲ လီချင်းချင်းနဲ့အမြန်နှုန်းက လေးငါးဆ တက်သွားပြီး နာတာရှာရဲ့လေဓားတွေကိုအလွယ်တကူရှောင် ခံစစ်ကိုထိုးဖောက်လာတယ်။

“မကောင်းတော့ဘူး....” နာတာရှာက ကျိန်ဆဲလိုက်ပြီး လေနတ်ဘုရားခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်ရပါတယ်။ အတောင်ပံသုံးစုံပေါက်လာပြီး လီချင်းချင်းကိုတိုက်ခိုက်ပေမဲ့ ရူဘီရဲ့ထောက်ပံပေးမှုကြောင့် တန်းတူလိုသာဖြစ်နေတော့တယ်။

ဘုန်း... ဘုန်း... ဘုန်း...

“သခင်... ဂရုစိုက်...” မော်လီက ပြောပြောဆိုဆိုနဲ့ ဟာကွက်ပေါ်လာတဲ့ နက်ဆန်ကို တွန်းဖယ်လိုက်တယ်။ ရူဘီကိုယ်တိုင်က သံမဏိတိုက်တန်ကြီးတစ်ကောင်လိုမျိုး တိုက်ခိုက်နေပြီးတော့ သူ့ခြေလှမ်းတွေကတင် ချောက်ကြမ်းပြင်ကို အက်ကွဲစေကာ ချောက်ကြီးပြိုကျတော့မလိုဖြစ်နေပါပြီ။ အရိုးစုကြီးနှစ်ခုရဲ့အကာအကွယ်ကြောင့်သာမဟုတ်ရင် ပြိုကျပြီးနေလောက်ပါပြီ။

ဒိုင်း....

မော်လီက နက်ဆန်ကိုကာကွယ်ဖို့ကြိုးစားနေတုန်း ရူဘီက စုံလည် သေနတ်ကိုသုံးပြီး မော်လီရဲ့ခြေထောက်ကိုပစ်ခတ်လိုက်တယ်။ သေနတ်ကျည်ဆန်မှာအလင်းမှော်စွမ်းအင်တချို့ပါဝင်နေတာမလို့ မော်လီရဲ့ဒူးဆစ်အက်ကွဲသွားပြီး ဒူးတစ်ဖက်ထောက်ကျသွားပြီ။

“ချင်းချင်း... အခုပဲ....”

ကာကွယ်ပေးမယ့်သူ မရှိတော့တဲ့နောက်မှာတော့ ရူဘီကချက်ချင်း အချက်ပြလိုက်တယ်။ လီချင်းချင်းကတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ဧရာမစာလိပ်ကြီးတစ်ခုကိုဖွင့်လိုက်ပါပြီ။ စာလိပ်အတွင်းထဲမှာ တရုတ်မင်စာလုံးတွေအများကြီးရှိနေပြီး သူ့လက်ကိုကိုက်ဖောက် သွေးစက်ချလိုက်ချိန်မှာတော့ စာလိပ်ထဲကနေ အမြီးနှစ်ခွကြောင်နက်ကြီး ထွက်ပေါ်လာပါတော့တယ်။

“ရှန်းလီ... သူ့ကိုသတ်.....”

“မရဘူး...”

ကြောင်နက်ကြီးကို နာတာရှာက တားဆီးဖို့အတွက် ကြိုးစားပေမဲ့ လီချင်းချင်းက လှံကိုအသုံးပြုကာ သူ့ကိုပိတ်ဆို့ထားလိုက်တယ်။

“နင့်ပြိုင်ဘက်က ငါပဲ။​”

မော်လီကလည်း ပြန်ထဖို့ကြိုးစားလိုက်ပေမဲ့ သူ့ကို​အေးစက်စွာနဲ့ ကြည့်နေခဲ့တဲ့ရူဘီက ဒိုင်းနဲ့ရိုက်ချလိုက်တယ်။

“တောင်ပြိုဒိုင်း....”

ဝုန်း....

ဧရာမတောင်တန်းပုံရိပ်ယောင်ကြီးတစ်ခုက မော်လီကိုဖိနှိပ် ထားလိုက်ပါပြီ။ မော်လီကိုယ်တိုင်က ကြောက်ရွံခြင်းနယ်ပယ်ကို အသုံးပြုပြီးခုခံပေမဲ့ အလကားပါပဲ။

ကြောင်နက်က သူနဲ့နီးသည်ထက်နီးလာတာကို နက်ဆန် ကြည့်နေတယ်။ ဒီကြောင်က သာမန်ကြောင်နက်မဟုတ်ဘဲ မိုးကြိုးစွမ်းအားတွေနဲ့ပြည့်နေတဲ့ကြောင်ပါ။ မြန်သလို ကြောက်စရာကောင်းတဲ့ လက်သည်းတွေလည်းရှိတယ်။ တစ္ဆေစုံတွဲဓားက သူ့ကိုကူညီနိုင်မှာမဟုတ်ဘူး။

“ကြည့်ရတာ အရေအတွက်အားသာချက် ဆုံးရှုံးသွားပုံပဲ၊ ပြန်လာခဲ့ကြ....”

နက်ဆန်က အမိန့်ပေးလိုက်တယ်။ မော်လီက တံစဥ်ရှည်အဖြစ် ပြန်ပြောင်းလဲသွားပြီး နက်ဆန်ရဲ့လက်ထဲရောက်ရှိလာတယ်။ နာတာရှာကတော့ နက်ဆန့်ရဲ့ကျောနောက်မှာ တောင်ပံသုံးစုံအနေနဲ့ ပြန်ပေါ်လာတယ်။

“မင်းတို့ကို လေးလေးစားစား ယှဥ်ပြိုင်တိုက်ရမယ့်အချိန် ရောက်လာပြီပဲ။”

လက်ရှိရူဘီတို့ပြသနေတဲ့စွမ်းအားအရ တစ်ယောက်ချင်းစီက ထိပ်တန်းအယ်ဒါတွေဖြစ်လာပြီမှန်းသိနိုင်တယ်။ ဒါပေမဲ့ နက်ဆန်ကို အပြည့်အဝမလွှမ်းမိုးနိုင်သေးသလို နက်ဆန်ကိုယ်တိုင်လည်း အရှုံးမပေးချင်သေးဘူး။

‘ ဒီနှစ်ယောက်ပေါင်းစွမ်းအားက ဆားဗီးရပ်အောက် အများကြီး အားနည်းတယ်။ ငါ့မှာအခွင့်အရေးရှိသေးတယ်။'

ဒီနှစ်ယောက်က အယ်ဒါတွေထဲမှာတောင် အတော်သန်မာတဲ့ မော်လီနဲ့ အသစ်အဆင့်တက်လာတဲ့နာတာရှာကိုနိုင်ပြီးပါပြီ။ ဒါပေမဲ့ စွမ်းအားအပြည့်နဲ့ နက်ဆန်ကိုနိုင်ဖို့ကတော့ တခြားကိစ္စတစ်ခုပါ။

All Chapters