ရင်းနှီးသော မိတ်ဆွေ
Vol. 9 Ch. 88
မြို့ဝန်မင်း ဝူသည် ဒီလို ဆက်နွယ်မှုမျိုး ရှိနေလိမ့်မည်ဟု မထင်ထားသဖြင့် ချက်ချင်းပင် အံ့သြသွားလေ၏။
ကုမင်တာ့ ပေးပို့လိုက်သော နှစ်သစ်ကူး လက်ဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီလိုဆိုရင် ဒီအရက်အိုးက အကောင်းစား ပစ္စည်း ဖြစ်သွားပြီပေါ့...”
ရှိနေသူများထဲတွင် အရက်ကြိုက်သူ အများအပြား ပါဝင်ပြီး ထိုစကားကို ကြားသောအခါ အရက်အိုးကို မက်မောသော မျက်လုံးများဖြင့် ကြည့်လိုက်ကြကုန်၏။
အရက်အိုးအဖုံး ဖွင့်လိုက်သည်နှင့် စွဲမက်ဖွယ်ကောင်းသော အရက်ရနံ့ကို လူတိုင်း ရလိုက်ကြပေသည်။ ကြည်လင်သော အရက်ရောင်ကို မြင်လိုက်ရသောအခါ လူတစ်ကိုယ်လုံး နစ်မြောသွားသလို ခံစားလိုက်ရလေသည်။
“အရက်ကောင်းပဲ...”
မြို့ဝန်မင်း ဝူ ချီးကျူးလိုက်သည်။
တစ်ငုံသောက်ပြီးသည်နှင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အလကား နေခဲ့ရသလို ခံစားလိုက်ရ၏။ ဘယ်အရက်အိုးကမှ သူ့ကို ဒီလောက် စွဲဆောင်နိုင်ခြင်း မရှိခဲ့ဖူးပေ။
ဆယ်နှစ်ကျော်ကြာသည့်တိုင်အောင် ကောက်ညှင်းအရက်၏ ဒဏ္ဍာရီ ဘာကြောင့် ကွမ်အန်းမြို့နယ်တွင် ပျံ့နှံ့နေရသလဲ ဆိုတာကို နောက်ဆုံးတွင် သူ နားလည်သွားတော့သည်။ စားသောက်ပွဲသို့ ဒီအရက်ကို ယူလာမိသည့်အတွက် နောင်တရသွားမိလေ၏။
ဒီအရက်က ဒီလောက် စွဲမက်စရာ ကောင်းမှန်း သိလျှင် တိတ်တဆိတ် သိမ်းထားပြီး ဖြည်းဖြည်းချင်း မြည်းစမ်းသင့်တာ ဖြစ်ပေသည်။
သို့သော် အခုတော့ ပြီးသွားပြီ ဖြစ်၍ အရက်က ဘယ်လောက်ပဲ တန်ဖိုးရှိရှိ မြို့ဝန်မင်း ဝူ သည် နာကျင်မှုကို ကြိတ်မှိတ်ခံစားပြီး လူတိုင်းနှင့် မျှဝေလိုက်ရတော့သည်။
“ကျွန်တော်က ညံ့ပါတယ်... မြို့ဝန်မင်းရဲ့ လမ်းညွှန်မှုကြောင့်သာ အခုလို တိုးတက်လာရတာပါ... ကျွန်တော့်အဖေက ကျွန်တော့်ကို စာမေးပွဲ အောင်မြင်စေချင်ခဲ့တာ ကြာပါပြီ... တကယ်လို့ သူသာ သတိပြန်ရလာရင် မြို့ဝန်မင်းကို အရက်တစ်ခွက်လောက် တိုက်ချင်နေဦးမှာ...”
ကုမင်တာ့က တိုးတိုးလေး ပြောလိုက်သည်။
မြို့ဝန်မင်း ဝူ သည် အရက်ကောင်း သောက်ထားပြီးပြီ ဖြစ်ရာ ထိုစကားကို ကြားသောအခါ သူ့တစ်ကိုယ်လုံး ပျော့ပျောင်းသွားသည်ကို သိသာစွာ မြင်တွေ့လိုက်ရလေသည်။ သူသည် ကုမင်တာ့ကို ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး နွေးထွေးစွာ ပြောလိုက်၏။
“ကျုံးတယ် .. မင်းက အရမ်း နှိမ့်ချနေစရာ မလိုပါဘူး... တကယ်တော့ မင်းရဲ့ ဆောင်းပါးတွေက အရမ်း ကောင်းပါတယ်... မတော်တဆမှုတွေ မရှိရင် နောက်နှစ်ကျရင် ဂုဏ်ထူးဆောင်ဘွဲ့ ရဖို့ သေချာသလောက်ပါပဲ...”
ကုမင်တာ့သည် ကြီးမားသော အားပေးမှုကို ရရှိလိုက်သကဲ့သို့ စိတ်လှုပ်ရှားသွားဟန် ရှိလေသည်။
စားသောက်ပွဲတွင် ရှိနေသူ အများစုမှာ စာသင်သားများ ဖြစ်ကြပြီး ဒီအကြောင်းအရာနှင့် ပတ်သက်လျှင် အလွန် ခံစားလွယ်ကြကုန်၏။
“ပြောရမှာ ရှက်ပေမဲ့... ကျွန်တော့်မိသားစုက ကျွန်တော် စာမေးပွဲ အောင်မြင်ဖို့ အမြဲ မျှော်လင့်နေကြတာပါ... ကံဆိုးစွာနဲ့ပဲ ကျွန်တော်က ပါရမီမပါတော့ စာမေးပွဲဖြေပြီးတိုင်း ဘာမှ ထူးမလာဘူး...”
စာရေးတစ်ဦးက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
ကုမင်တာ့ ပြောချင်ရာကို မပြောရသေးမီ နတ်ဘုရား မစသကဲ့သို့ ခေါင်းစဉ်က ပညာသင်စာမေးပွဲဆီသို့ ရောက်ရှိသွားလေသည်။
မြေကြီးအောက်တွင် ဆယ်နှစ်ကျော် မြှုပ်နှံထားသော ကောက်ညှင်းအရက်က အရှိန်ပြင်းလွန်းသဖြင့် ခွက်အနည်းငယ် သောက်ပြီးနောက် အခြားစာရေးတစ်ဦးက ပေါက်ကရတွေ စပြောလာတော့၏။
“မင်းက အနည်းဆုံး ပညာသင်စာမေးပွဲတော့ အောင်ထားသေးတယ်... ငါက နှစ်ပေါင်းများစွာ စာသင်ခဲ့တာတောင် ပညာသင်စာမေးပွဲ မအောင်ဘူး... စာမေးပွဲဖြေဖို့ အလွယ်ကူဆုံး နှစ်တွေမှာတောင် မအောင်ခဲ့ဘူး...”
စာအုပ်ထဲတွင် အရာရှိဟု ခေါ်သော်လည်း တကယ်တမ်းတွင် အရာရှိနှင့် ဝန်ထမ်း ဆိုသည်မှာ အလွန် ကွာခြားလှပေသည်။ သာမန် ဝန်ထမ်းများသည် အာဏာရှိသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် မြို့ဝန်ရုံးမှ စာဖတ်တတ်သော စစ်သည်တော်ကြီးများသာ ဖြစ်လေသည်။
“စာမေးပွဲဖြေဖို့ အလွယ်ကူဆုံး နှစ်တွေ ဟုတ်လား... ဘယ်နှစ်ကို ပြောတာလဲ...”
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
မြို့ဝန်ရုံးမှ စာရေးများနှင့် ဝန်ထမ်းအချို့သည် မွေးရာပါ လူရည်လည်ကြပြီး စကားပြောဆိုရာတွင် အမှားအယွင်း မရှိအောင် ဂရုစိုက်တတ်ကြ၏။ အချို့ကမူ ပေါ့ပေါ့ဆဆ နေတတ်ပြီး ဟာကွက်များ ပြည့်နှက်နေတတ်လေသည်။
ယခု အခွင့်ကောင်းယူပြီး ရင်ဖွင့်နေသူမှာ သိသိသာသာပင် စကားအရာ မကျွမ်းကျင်သူ ဖြစ်ပေသည်။
“ဘယ်နှစ် ဖြစ်ရမှာလဲ... သခင်ကြီးကောင်း ပညာသင်စာမေးပွဲကို ဦးစီးခဲ့တဲ့ နှစ်တွေပေါ့... အဲ့ဒီတုန်းက ဘယ်သူမဆို ပညာသင်စာမေးပွဲ အောင်နိုင်တယ်... ဝမ်းနည်းစရာ ကောင်းတာက... အဲ့ဒီလို လူတွေက အစိုးရစာမေးပွဲကျမှ သရုပ်မှန် ပေါ်ကုန်ကြတာ...”
ပြောသူက ရည်ရွယ်ချက် မရှိသော်လည်း နားထောင်သူက ရည်ရွယ်ချက် ရှိနေ၏။
မြို့ဝန်မင်း ဝူ နှင့် သခင်ကြီးချန်တို့ အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် သခင်ကြီးချန်က အမိန့်တစ်ခု ရလိုက်သကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပညာသင်စာမေးပွဲက အရမ်း အရေးကြီးတာလေ... ဘယ်သူက ဒီလိုကိစ္စမျိုးမှာ ပြဿနာ ရှာရဲမှာလဲ... အစ်ကိုဝမ်.. ခင်ဗျား အရက်မူးနေပြီလား...”
အရက်မူးသမားက ထိုစကားမျိုးကို မကြားချင်ပေ။ ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျွန်တော် မမူးပါဘူး... အဲ့ဒီနှစ်တွေတုန်းက ဒါက လူသိရှင်ကြားသိကြတဲ့ လျှို့ဝှက်ချက်မမည်တဲ့ လျှို့ဝှက်ချက်လေးလေ.. ပိုက်ဆံရှိတဲ့သူတိုင်း ပညာသင် ဖြစ်နိုင်တယ်... ကံဆိုးတာက ကျွန်တော့်အိမ်မှာ ပိုက်ဆံမရှိလို့... မဟုတ်ရင် ကျွန်တော်လည်း စာမေးပွဲ အောင်မှာပေါ့...”
ကုမင်တာ့ ပြန်မဖြေရသေးခင် အရက်မူးနေသော စာရေးက သူ့ဘက်သို့ လက်ညှိုးထိုးပြီး ရုတ်တရက် ပြောလိုက်လေသည်။
“ခင်ဗျား... ခင်ဗျားလည်း အတူတူပဲ...”
ရှိနေသူအားလုံး ကြောင်သွားကြပြီး ကုမင်တာ့ကို ကြည့်သော မျက်လုံးများ ပြောင်းလဲသွားကြကုန်၏။
“အစ်ကိုဝမ်... ကျွန်တော်က ဖုန်းချီ ၁၀ နှစ်မြောက် စာမေးပွဲမှာ ဖြေခဲ့တဲ့ ပညာသင်ပါ...”
ကုမင်တာ့က ရှင်းပြလိုက်သည်။
အရက်မူးသမားက ပြောလိုက်သည်။
“ကျွန်တော် ပြောတာ ခင်ဗျားကို မဟုတ်ဘူး... ခင်ဗျားရဲ့ ယောက်ဖကို ပြောတာ... မျိုးရိုးနာမည်က ကျန်း... အရမ်း စိတ်ပျက်ဖို့ကောင်းတဲ့ လူလေ... ခင်ဗျားကို မတွေ့ရင် သူ့ကို သတိရမှာ မဟုတ်ဘူး...”
ကုမင်တာ့သည် ယခုအချိန်တွင် အလွန် အံ့သြဖွယ်ကောင်းသည်ဟု ခံစားနေရ၏။ ကြိုတင် စီစဉ်ထားသော ဇာတ်ကွက်တစ်ခုတွင် ပါဝင်နေရသလို ဖြစ်နေလေသည်။ ဇာတ်လမ်းသွားကို လုံးဝ စိတ်ပူစရာ မလိုဘဲ အချိန်မှန် ပေါ်လာရုံဖြင့် အရာရာ အဆင်ပြေသွားတော့သည်။
သူက စားသောက်ပွဲမှာ ကျန်းကွမ်ကျုံးရဲ့ မသမာမှုတွေကို ဖော်ထုတ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ဆွေမျိုးသားချင်းကို တိုင်ကြားတယ်ဆိုတဲ့ နာမည်ဆိုး ရရင်တောင် ကျန်းကွမ်ကျုံးကို ဖိနှိပ်ထားမည်ဟု တွေးထားခဲ့လေသည်။
သို့သော် ဘုရားသခင်မှာ ကိုယ်ပိုင် အစီအစဉ် ရှိနေပြီး တစ်စုံတစ်ယောက်က ဦးဆောင် လမ်းပြပေးကာ ကုမင်တာ့ကို ဒီကိစ္စထဲကနေ ပြီးပြည့်စုံစွာ ဆွဲထုတ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကျန်းမျိုးရိုးဆိုတဲ့ကောင်က အရက်မူးပြီး အပြင်မှာ ကြွားလုံးထုတ်နေတာ... တကယ်လို့ အစိုးရစာမေးပွဲကိုလည်း သခင်ကြီးကောင်း ဦးစီးခဲ့မယ်ဆိုရင် သူ ပညာရှိ ဖြစ်တာ ကြာပြီတဲ့... ဘယ်ကရမှန်းမသိတဲ့ ညစ်ပတ်တဲ့ ပိုက်ဆံနည်းနည်းနဲ့ ပညာရှိ ဖြစ်ချင်နေသေးတယ်... ထွီ...”
အရက်မူးသမားက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
မြို့ဝန်မင်းဝူ သည် အရက်မူးသမားကို ရတနာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။ အထက်လူကြီးများထံမှ လျှို့ဝှက်အမိန့် မရခဲ့လျှင် သူသည် နှစ်ကုန်ခါနီးတွင် ယခင် မြို့ဝန်မင်း၏ အပြစ်အနာအဆာများကို ရှာဖွေရန် ခေါင်းစားခံနေမည် မဟုတ်ပေ။
ကွမ်အန်းမြို့နယ်သည် ဝေးလံခေါင်သီသော်လည်း နန်းတွင်း အာဏာပြိုင်ဆိုင်မှုများသည် ဒီနေရာထိ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်လေသည်။
မြို့ဝန်မင်းဝူ သည် မြို့တော်ရှိ လူများ၏ မျက်လုံးထဲတွင် အခန်းကဏ္ဍ သေးသေးလေးသာ ပါဝင်သော်လည်း သူ့ရှေ့က မြို့ဝန်မင်းကောင်းသည် ကွမ်အန်းမြို့နယ်မှ ထွက်ခွာပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးသွားခဲ့သည်။ ယခုအခါ သခင်ကြီးကောင်းသည် နှစ်ကုန်ပြီးနောက် အရေးကြီးသော ရာထူးတစ်ခုကို ရယူတော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေ၏။
အရာရှိလောကတွင် ရာထူးကြီးတစ်ခုသည် အသားတုံးတစ်တုံးကဲ့သို့ ဖြစ်ပြီး လူတိုင်းက တစ်ကိုက်လောက် ကိုက်ချင်ကြလေသည်။
တစ်စုံတစ်ယောက်က သခင်ကြီးကောင်း ရာထူးတက်အောင် ကူညီပေးနေလျှင် တစ်စုံတစ်ယောက်က သူ့ကို ဖြုတ်ချရန် အသည်းအသန် ကြိုးစားနေမည်မှာ သေချာပေသည်။
နန်းတော်သည် ပညာရေးကို တန်ဖိုးထားပြီး အစိုးရစာမေးပွဲ မသမာမှု ပြစ်ဒဏ်သည် အကျင့်ပျက်ခြစားမှုထက် ပိုမို ပြင်းထန်လေသည်။
ပြစ်မှုက ကြီးမားလွန်းသဖြင့် အကျိုးစီးပွား ဆက်စပ်နေသူ အများအပြား ရှိနေပြီး ဒေသခံ အများစုသည် သိလျက်နှင့် နှုတ်ပိတ်နေကြကုန်၏။
အရက်မူးလွန်ခြင်း မရှိခဲ့လျှင် မည်သူမျှ ဒီကိစ္စကို စားပွဲဝိုင်းပေါ် တင်လာမည် မဟုတ်ပေ။
မြို့ဝန်မင်းဝူ၏ လူယုံတစ်ဦးအနေဖြင့် သခင်ကြီးချန်သည် ယခင် မြို့ဝန်မင်းကောင်း၏ အပြစ်အနာအဆာ ကြီးကြီးမားမားကို ဖမ်းမိလိုက်ပြီ ဖြစ်သည်။ သူတို့အားလုံးက ပြင်ပလူများ ဖြစ်ကြသဖြင့် ကွမ်အန်းမြို့နယ်မှ ဒေသခံများ ပါဝင်ပတ်သက်မည်ကို ဂရုမစိုက်ကြပေ။
“ကျုံးတယ်... မင်းရဲ့ ယောက်ဖနဲ့ ရင်းနှီးလား...”
သခင်ကြီးချန်က ကုမင်တာ့ဆီကနေ တစ်ခုခု နှိုက်ထုတ်ရန် ကြိုးစားလိုက်သည်။
ကုမင်တာ့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“သခင်ကြီးချန်... အမှန်အတိုင်း ပြောရရင် ကျွန်တော်မိန်းမက သူ့နဲ့ အမေတူအဖေကွဲ မောင်နှမ မဟုတ်ပါဘူး... ကျွန်တော့်မိန်းမအမေ ရောဂါနဲ့ ဆုံးသွားပြီးနောက် သူ့အဖေက ကျန်းကွမ်ကျုံးကို မွေးစားလိုက်တာပါ... ငယ်ငယ်တုန်းက ကျွန်တော့်မိန်းမမိသားစုက စားဝတ်နေရေး ခက်ခဲတော့ မိထွေးနဲ့ သဘောထားကွဲလွဲမှုတွေ အများကြီး ရှိခဲ့ပါတယ်... အဖုအထစ်တွေ ရှိနေတော့ မောင်နှမတွေကြားမှာလည်း...”
သခင်ကြီးချန်က ကုမင်တာ့၏ ဆိုလိုရင်းကို သဘောပေါက်လိုက်လေသည်။ ဒါက ကျန်းကွမ်ကျုံးနဲ့ ပတ်သက်မှု ရှင်းရှင်းလင်းလင်း ဖြစ်အောင် စည်းတားလိုက်တာလားဟု တွေးမိသည်။
“ကျုံးတယ်... စိတ်မပူပါနဲ့... မင်းယောက်ဖ မသမာမှု လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ... ဒီကိစ္စက မင်းနဲ့ မပတ်သက်ပါဘူး...”
သခင်ကြီးချန်က ကုမင်တာ့ကို စိတ်အေးဆေးဆေး တစ်လုံး အရင် တိုက်ကျွေးလိုက်သည်။
ကုမင်တာ့က တမင် ဟန်ဆောင်ပြီး စိတ်အေးသွားသလို ပြောလိုက်သည်။
“သခင်ကြီးချန်... တကယ်တော့ ကျွန်တော့်ယောက်ဖက အဲ့လိုကိစ္စမျိုး လုပ်မယ့်လူ မဟုတ်ဘူးလို့ ခံစားရပါတယ်... သူက ဂုဏ်ထူးဆောင်ဘွဲ့ လိုချင်ပေမဲ့... အမြဲတမ်း ကြောက်တတ်တဲ့သူပါ...”
ထိုစကားကို ကြားသောအခါ သခင်ကြီးချန်၏ မျက်လုံးများ အရောင်တောက်လာလေသည်။ ကြောက်တတ်တယ် ဆိုရင် ခြောက်လိုက်တာနဲ့ အကုန် အန်ထွက်လာမှာ သေချာသည်။
ကုမင်တာ့သည် စကားများရင် အမှားများတယ် ဆိုသော မူဝါဒကို ကောင်းကောင်း နားလည်လေ၏။ သူက ကျန်းကွမ်ကျုံး မကောင်းကြောင်း ဦးဆောင်ပြီး မပြောဘဲ သူ့အတွက် မကောင်းသော အချက်အလက် အချို့ကိုသာ ပြောပြလိုက်သည်။
“သနားစရာပါပဲ... ဒီကာလအတွင်း သူ အတော် ဒုက္ခရောက်နေတာ... ဖူချိန်မြို့ကို သွားတော့ သူ့မိန်းမက သူများနောက် လိုက်ပြေးတယ်... မြို့ထဲ ရောက်တော့ ရက်နည်းနည်းလောက် နေပြီး အရိုက်ခံရတယ်... ငွေလည်း အညှစ်ခံလိုက်ရတယ်...”
သခင်ကြီးချန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ လျှံကျမတတ် ဖြစ်နေလေသည်။ ကြောက်လည်း ကြောက်တတ်၊ ဘဝကလည်း ဆိုးရွားနေတဲ့ ဒီလို အားနည်းတဲ့သူဆီကနေ သက်သေထွက်ဆိုချက် ရဖို့ လွယ်ကူမှာ သေချာသည်ဟု တွေးမိသည်။ သူ လုပ်ခဲ့တာတွေတင် မကဘဲ၊ သူ မလုပ်ခဲ့တာတွေကိုပါ ဝန်ခံခိုင်းလို့ ရနိုင်သည်ဟု ယုံကြည်သွားလေသည်။
ယခုအချိန်တွင် ချင်းရွှေရွာရှိ ကျန်းမိသားစု အိမ်တွင် ကျန်းကွမ်ကျုံးသည် ကုတင်ပေါ်၌ မျက်လုံးများ အသက်မဲ့ကာ လှဲနေပြီး ဘာတွေ တွေးနေလဲ မသိနိုင်ပေ။
အဖွားစိုင် အိမ်ထဲသို့ ဝင်လာပြီး သားဖြစ်သူကို ပြောလိုက်သည်။
“ကွမ်ကျုံး... နင့်ဆီမှာ ပိုက်ဆံရှိသေးလား... ကျင်းပေါင်က အသားစားချင်တယ်တဲ့... ကလေးက အသားမစားရတာ ကြာပြီ...”
ကျန်းမိသားစုက နျိုနျိုကို မွေးစားခဲ့သည့် ပထမဆုံးနှစ်သည် ကျန်းကွမ်ကျုံး၏ ဘဝတွင် အပျော်ရွှင်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့လေသည်။
နှစ်ပေါင်းများစွာ မြုံနေသော ဇနီးသည် ကိုယ်ဝန်ရလာရုံသာမက သူ တောင်ပေါ်တွင် ဂျင်ဆင်းတစ်ပင် ကောက်ရခဲ့သည်။
ဂျင်ဆင်းရောင်းလို့ရတဲ့ ငွေ နဲ့ အိမ်ဆောက်တယ် ဆိုတာက တကယ်တော့ ပြင်ပလူတွေကို သူ တမင် လိမ်ပြောထားသော ကောလဟာလသာ ဖြစ်ပေသည်။
ကံကောင်းစေတဲ့ ငါးကြင်းလေး အိမ်ရောက်လာမှတော့ ဂျင်ဆင်းတစ်ပင်တည်း ဘယ်ကပါ့မလဲ။
တာ့ချင်းတောင်တွင် ပျက်စီးနေသော ဘုရားကျောင်းတစ်ကျောင်း ရှိပြီး ထိုဘုရားကျောင်း အပြင်ဘက် သစ်ပင်အောက်တွင် ရွှေငွေ အိုးတစ်လုံးကို သူ တူးဖော်ရရှိခဲ့သည်။
သို့သော် ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ သုံးရင် ကုန်တာပင်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ အလုပ်လုပ်စရာ မလိုဘဲ တစ်နေ့ကုန် စားသောက်နေခဲ့လေသည်။ ငွေညှစ်ခံရတာတွေ ဆက်တိုက် ဖြစ်လာပြီး ဝင်ငွေမရှိဘဲ ထွက်ငွေသာ ရှိနေခဲ့ရာ နောက်ဆုံးတွင် တောင်ပြိုပြီး မြစ်ရေခမ်းသွားသည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။
“သူ အသားစားချင်တာ ဟုတ်လား... ကျွန်တော်လည်း စားချင်တာပဲ...”
ကျန်းကွမ်ကျုံးက ရက်စက်စွာ ပြောလိုက်သည်။
အဖွားစိုင်က မြေးလေးကို သနားပြီး ထပ်မံ ဖျောင်းဖျချင်သေးသည်။
ကျန်းကွမ်ကျုံး စိတ်မရှည်တော့ဘဲ ပြောလိုက်၏။
“ဘာကို သနားနေတာလဲ... သူက ကျွန်တော့်သွေးသားရင်း ဟုတ်မဟုတ်တောင် မသေချာဘူး...”