သွေးထိုးလှုံ့ဆော်ခြင်း
Vol. 9 Ch. 90
အဖွားကု၏ မျက်လုံးများသည် အခန်းတစ်ခန်းပြည့်နေသော နှစ်သစ်ကူး လက်ဆောင်များပေါ်သို့ ရောက်သွားပြီး မေးလိုက်သည်။
“ဘယ်ဟာတွေက အိမ်ကြီးအတွက်လဲ... ဘယ်ဟာတွေက သုံးခန်းတွဲအတွက်လဲ...”
ကုမင်တာ့က ညွှန်ပြလိုက်ရာ ကျန်းယွင်နန်က အမြန် ခွဲခြားပေးလိုက်၏။
အဘွားအို၏ တိုက်တွန်းမှုကြောင့် ကလေးငယ်များအတွက် ပေးမည့် ပစ္စည်းများကိုပါ သီးသန့် ဖယ်ထားလိုက်လေသည်။
ဒုတိယအိမ်မှ လင်မယားနှစ်ယောက် အဘွားအို၏ အခန်းမှ ထွက်လာသည်နှင့် ချန်ချွန်းဟွာနှင့် လျူအာနီတို့သည် ကလေးများနှင့်အတူ ဝိုင်းရံလာကြသည်။
ချန်ချွန်းဟွာက ကုတာ့ယာကို တွန်းလိုက်၏။ ကုတာ့ယာက ခြေလှမ်းနှစ်လှမ်း ရှေ့တိုးလာသော်လည်း ပါးစပ်ကို တင်းတင်းစေ့ထားသည်။
ချန်ချွန်းဟွာသည် တာ့ယာကို ကြည့်ပြီး တိုက်ရိုက် တောင်းဆိုရန် ဝန်လေးနေသဖြင့် သမီးအစား ဝင်ပြောလိုက်သည်။
“သူ့ဒုတိယဦးလေး... မတ်လေး မရှိတဲ့ ရက်အနည်းငယ်အတွင်း... ကျွန်မတို့ သမီးကြီးက နေ့တိုင်း မတ်လေးအကြောင်း ပြောနေတာ... မနေ့ညကဆိုရင် ဒုတိယဦးလေးကို လွမ်းလို့ ငိုတောင် ငိုတယ်...”
ကုတာ့ယာက လှည့်ကြည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။
“အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုလည်း ဒုတိယဦးလေးကို လွမ်းတာပဲ... ဘာလို့ အစ်ကိုကြီးကို မပြောခိုင်းတာလဲ...”
ကလေးများလည်း မိဘများ၏ မျက်နှာလိုက်မှုကို ခံစားမိကြသည်။ မိဘများက သူမကို ဒိုင်းလုပ်ပြီး ကုမင်တာ့ဆီက ပစ္စည်းတောင်းခိုင်းနေမှန်း သိသဖြင့် သူမ မကျေမနပ် ဖြစ်နေ၏။
ချန်ချွန်းဟွာ အံကြိတ်ပြီး သမီးဖြစ်သူကို စိုက်ကြည့်လိုက်သည်။
“ဟုတ်တယ် အမေ... ဘာလို့ ရှောင်ပေါင်ကို မခေါ်တာလဲ... ရှောင်ပေါင်က ဒုတိယဦးလေးကို ပိုလွမ်းနေတာ...”
ကုရှောင်ယာကလည်း အစ်မဝမ်းကွဲ၏ စကားကို ထောက်ခံပြီး လျူအာနီကို ကြည့်ကာ ပြောလိုက်သည်။
ယောက်မနှစ်ယောက် ဆက်ဆံရေး မကောင်းသဖြင့် မကြာခဏ ရန်ဖြစ်လေ့ ရှိသော်လည်း သမီးများကမူ ဆက်ဆံရေး ကောင်းမွန်ကြပေသည်။ ယခု ကလေးမလေးနှစ်ယောက်က သားယောကျ်ားလေးကို ဦးစားပေးသော မိခင်များကို တပြိုင်နက် ဆန့်ကျင်နေကြ၏။
ချန်ချွန်းဟွာနှင့် လျူအာနီတို့သည် ပုန်ကန်နေသော သမီးများကို ကြည့်ပြီး ဒေါသထွက်လုနီးပါး ဖြစ်နေစဉ် အခန်းထဲမှ အဖွားကု၏ ဆဲဆိုသံ ထွက်ပေါ်လာသည်။
“အမြင်ကျဉ်းတဲ့ ဟာတွေ... ဒီထဲ ဝင်ခဲ့...”
မိသားစု ခွဲလိုက်ခြင်းက ရက်စက်လွန်းသဖြင့် အဖွားကု၏ ချွေးမနှစ်ယောက်အပေါ် ထားရှိသော နောက်ဆုံး သံယောဇဉ် အနည်းငယ်ကိုပါ ဖြတ်တောက်လိုက်သလို ဖြစ်သွားဟန် ရှိသည်။
သူမ၏ သားနှစ်ယောက်ကို ကြည့်လိုက်သောအခါ အရင်ကလောက် မျက်စိထဲ မတွေ့တော့ပေ။
လျူအာနီကတော့ အရှက်မရှိ မျက်နှာပြောင်တိုက်နေဆဲပင်။ သူမ ရှေ့တိုးလာပြီး မေးလိုက်သည်။
“အမေ... ပစ္စည်းတွေအကုန်လုံး အမေ့အခန်းထဲ ရောက်နေတယ်... နောက်ကျရင် ပြန်ခွဲပေးမှာမလား...”
အဖွားကု ခေါင်းညိတ်လိုက်ပြီး အချို့ပစ္စည်းများကို ညွှန်ပြကာ ကုမင်တာ့က သူတို့ကို ပေးရန် ရည်ရွယ်ထားကြောင်း ပြသလိုက်သည်။
လျူအာနီ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာပြီး ပြောလိုက်၏။
“အမေ... ကျွန်မတို့ သားငယ်က အမေ့ကို အမြဲတမ်း အချစ်ဆုံးလေ... အိမ်က ကလေးနှစ်ယောက်ကလည်း ငယ်ပါသေးတယ်... သူတို့က အဘွားကို အချစ်ဆုံး... အမေ မျက်နှာမလိုက်နဲ့နော်...”
ယောက်မဖြစ်သူက အသာစီး ရနေသည်ကို မြင်သောအခါ ချန်ချွန်းဟွာ ချက်ချင်း စိတ်လောသွားပြီး အကောင်းပြောရန် ပြေးဝင်လာသည်။
အဖွားကု နားငြီးလာသဖြင့် ပြောလိုက်သည်။
“နင်တို့ကို ပေးသင့်မပေးသင့် ဆိုတာ... သားကြီးနဲ့ သားငယ် ပြန်လာမှ ပြောကြတာပေါ့...”
ထိုစကားကို ကြားသောအခါ ချန်ချွန်းဟွာနှင့် လျူအာနီတို့သည် အလျင်အမြန် ထွက်ခွာသွားကြသည်။ ယခု နှစ်သစ်ကူး နီးနေပြီ ဖြစ်၍ နှစ်သစ်ကူး ပြင်ဆင်ခြင်းမှလွဲ၍ အရေးကြီးကိစ္စ မရှိပေ။ သူတို့ တုံ့ဆိုင်းမနေဘဲ အပြင်ရောက်နေသော ခင်ပွန်းသည်များကို သွားပြန်ခေါ်ကြလေသည်။
အဖွားကု၏ အခန်းထဲတွင် လူပြန်ပြည့်သွားပြန်သည်။ သို့သော် ကောင်းသော ပစ္စည်းအားလုံးကို အဘွားအိုက သိမ်းဆည်းထားပုံ ရသည်။
“အမေ... လူစုံပြီဆိုတော့ ပစ္စည်းခွဲပေးပါတော့...”
လျူအာနီ စိတ်လောနေသည်။
သူမတို့ တတိယအိမ်က ကုမင်တာ့ဆီက အခွင့်အရေး ယူဖို့ စောင့်နေတာတင် မဟုတ်ဘဲ သူမ၏ မိဘအိမ်ကလည်း ဒီလက်ဆောင်တွေကို ယူပြီး အပြင်မှာ ကြွားဝါဖို့ စောင့်နေကြသည်။
ဘယ်လိုလုပ် စိတ်မလောဘဲ နေနိုင်ပါ့မလဲ။
အဖွားကုက သူမကို မျက်စောင်းပင် မထိုးတော့ဘဲ ညီလေးကုကို မေးလိုက်သည်။
“သားငယ်... မင်းက အမြဲတမ်း ကိစ္စကြီးရင် တွေဝေပြီး ကိစ္စသေးရင် ဉာဏ်များတတ်တယ်... မင်းမိသားစု အခြေအနေ ဘယ်လောက်ကောင်းလဲဆိုတာ မင်း သိရဲ့လား...”
လျူအာနီက ကွယ်ရာတွင် ကုရှောင်ပေါင်ကို မြှောက်ပေးခဲ့ပြီးနောက် အဖွားကု ရက်အနည်းငယ်ကြာ စဉ်းစားခဲ့သည်။ ယခု သူမ နားလည်သွားလေပြီ။ လျူအာနီကို မဖိနှိပ်လျှင် ညီလေးကု၏ မိသားစုသည် ကုမင်တာ့နှင့် တဖြည်းဖြည်း ဝေးကွာသွားလိမ့်မည်။
သူမ သားသုံးယောက် မွေးခဲ့သည်။ ကုမင်တာ့ တစ်ယောက်သာ အလားအလာ အရှိဆုံးပင်။ မိသားစု ခွဲလိုက်ခြင်းသည် ညီအစ်ကို ဆက်ဆံရေး အက်ကွဲသွားခြင်းနှင့် တူသည်။ လျူအာနီကို ဆက်ပြီး လွှတ်ထားလိုက်လျှင် ညီလေးကုတော့ တကယ် သွားပြီဟု တွေးမိလေသည်။
“အမေ... ကျွန်တော်တို့ တတိယအိမ်မှာ အာနီ ဦးစီးနေတာပဲ... ကျွန်တော်က စကားသိပ်မပြောရုံပါပဲ...”
ညီလေးကုက ပြုံးလျက် ပြောလိုက်သည်။
“မင်း မိသားစုခွဲတုန်းက ငွေ အစိတ်ယူသွားတယ်မလား... အခု ဘယ်လောက် ကျန်သေးလဲ...”
အဖွားကုက မေးလိုက်သည်။
ပိုက်ဆံကိစ္စ ဖြစ်နေသဖြင့် လျူအာနီက ဘယ်သူ့ထက်မဆို စိတ်လောနေပြီး ဦးအောင် ပြောလိုက်၏။
“အမေက ဘာလို့ ရုတ်တရက် ဒါကို မေးရတာလဲ... ဒုတိယအစ်ကို ပိုက်ဆံလိုနေလို့လား... သူက နောက်နှစ် စာမေးပွဲ သွားဖြေရမှာလေ... ပိုက်ဆံလိုမယ့်အချိန်ပဲ... ဘာလို့ ပစ္စည်းတွေ အများကြီး ဝယ်လာသေးလဲ...”
ညီလေးကု၏ မျက်လုံးများထဲတွင် သံသယ ဝင်လာသည်ကို မြင်သောအခါ အဖွားကု ဒေါသထွက်သွားသည်။ ဒေါသထွက်လွန်းလို့ ရယ်ချင်စိတ်ပင် ပေါက်သွား၏။ လျူအာနီက ညီလေးကုကို သူ့အမေအပေါ် သတိထားဖို့ မျက်နှာချင်းဆိုင် မြှောက်ပေးနေသည်။
သူမ ကွယ်ရာမှာ ဘယ်လောက်တောင် ပြဿနာရှာထားမလဲ ဆိုတာ ဘယ်သူသိမလဲ။
“သားငယ်... မင်းကိုယ်မင်း ပြန်မေးကြည့်... မင်းရဲ့ ဒုတိယအစ်ကိုက မင်းပိုက်ဆံကို ဘယ်တုန်းက ယူဖူးလို့လဲ... မင်းကသာ သူ့ဆီက အကျိုးအမြတ် ရဖူးတာ... သူက မင်းဆီက ဘယ်တုန်းက အခွင့်အရေး ယူဖူးလို့လဲ...”
အဖွားကုက မေးခွန်းထုတ်လိုက်သည်။
ညီလေးကု ချက်ချင်း တိတ်ဆိတ်သွားလေသည်။
လျူအာနီက တိုးတိုးလေး ပြောလိုက်၏။
“အရင်က မယူဖူးတာနဲ့... နောက်ကျရင် မယူဘူးလို့ ပြောလို့မရဘူးလေ...”
ညီလေးကု၏ မျက်နှာထား ပြန်လည် ရှုပ်ထွေးသွားသည်။
အဖွားကု ရုတ်တရက် သူမ တွေးတာ မှားနေကြောင်း ခံစားလိုက်ရ၏။ သူမလည်း လျူအာနီကို အတုယူသင့်ပေသည်။
သွေးထိုးလှုံ့ဆော်တာပဲ မဟုတ်လား... ဘယ်သူက မလုပ်တတ်လို့လဲ။
“မင်းမိန်းမက သူ့မိဘတွေကို ပိုက်ဆံ ထပ်ပေးလိုက်တာ အမေ မြင်လိုက်တယ်... သူ့မောင်အငယ်ဆုံး မိန်းမယူတော့မယ် ထင်တယ်... မင်းပိုက်ဆံနဲ့ မိန်းမတင်တောင်းပေးမလို့လား မသိဘူး...”
ထိုစကားကို ကြားသောအခါ ညီလေးကု ချက်ချင်း ခုန်ထလိုက်သည်။
လျူအာနီက အမြန် ပြောလိုက်သည်။
“မဆိုင်ပါဘူး... ယောက်ျား... ရှင် ကျွန်မကို ယုံရမယ်...”
သို့သော် ညီလေးကုက အိမ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားပြီး မွှေနှောက် ရှာဖွေနေလေပြီ။
“ယောက်ျား... ပိုက်ဆံက ဒီမှာ ဝှက်မထားဘူး... ကျွန်မ နေရာပြောင်းထားတယ်... ရှင် ကျွန်မကို ယုံပါ...”
လျူအာနီက နောက်မှ လိုက်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။
ညီလေးကုက မေးလိုက်၏။
“ဘယ်မှာ ဝှက်ထားတာလဲ... မြန်မြန် ရှာပေး... မရှာပေးရင် မင်းနဲ့ငါ မပြီးဘူးနော်...”
လျူအာနီ တုံ့ဆိုင်းနေသည်။
ဇနီးသည်၏ အပြစ်ရှိသော မျက်နှာကို ကြည့်ပြီး ညီလေးကု ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ။ သူ နေရာမှာတင် ဒေါသထွက်သွားပြီး လက်သီးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်း မင်းမိဘအိမ်ကို ပို့လိုက်ပြီမလား... မင်းက ကိုယ့်သားသမီး နှစ်ယောက်ကို ဂရုမစိုက်တော့ဘူးပေါ့...”
လျူအာနီသည် အဖွားကုကို ကြောက်ရွံ့သော်လည်း ညီလေးကုကို ချက်ချင်း ပြန်အော်လိုက်သည်။
“ကျွန်မ မောင်လေး မိန်းမယူတာ တင်တောင်းငွေ ၃၀ တောင်းတယ်... ကျွန်မ ဘာလုပ်ရမလဲ... ကျွန်မမောင်လေး လူပျိုကြီး လုပ်နေတာကို ထိုင်ကြည့်နေရမှာလား... ကျွန်မ ရှင်နဲ့ ပေါင်းလာတာ နှစ်တွေကြာပြီ... ကလေးနှစ်ယောက်တောင် မွေးပေးထားတယ်... ကောင်းကောင်းမွန်မွန် နေရတာ တစ်ရက်မှ မရှိဘူး... ရှင့်မှာ သုံးစရာ မလိုသေးတဲ့ ပိုက်ဆံကို ဘာလို့ ဒီလောက် စာရင်းရှင်းနေရတာလဲ...”
ညီလေးကု နေရာမှာတင် ကြောင်သွားလေသည်။
အဖွားကု ဘာမှမပြောရသေးခင် ပွဲကြည့်နေသော ချန်ချွန်းဟွာက ရယ်မောလိုက်သည်။
“မတ်လေး... နင့်ယောက်ဖက နင့်ပိုက်ဆံနဲ့ မိန်းမယူမှာ... ပိုက်ဆံအလကားဖြစ်မယ့်အတူ လျူအာနီကို ကန်ထုတ်လိုက်ပြီး နင့်ယောက်ဖရဲ့ မိန်းမကို ယူလိုက်ပါလား... ဒါဆို အပျိုစင် စစ်စစ်တစ်ယောက် အလကား ရမှာပေါ့...”
ချန်ချွန်းဟွာက ရယ်မောကာ နောက်ပြောင်လိုက်သည်။
ပြောသူက ရည်ရွယ်ချက် မရှိသော်လည်း နားထောင်သူက ရည်ရွယ်ချက် ရှိနေ၏။ ညီလေးကု၏ မျက်နှာပေါ်တွင် တကယ် စိတ်ဝင်စားသွားသော ပုံစံ ပေါ်လာသည်။
ဒီတစ်ခါ လျူအာနီ ခုန်ထလိုက်ပြီး ချန်ချွန်းဟွာ၏ မျက်နှာကို ကုတ်ဖဲ့ရန် ပြေးဝင်သွားသည်။
“အရှက်မရှိတဲ့ ကောင်မ... နင့်ကို ကုတ်သတ်ပစ်မယ်...”
ချန်ချွန်းဟွာက အစ်ကိုကြီးကု၏ နောက်ကျောတွင် အမြန် ဝင်ပုန်းလိုက်သည်။
လျူအာနီ ခြေလှမ်း ရပ်လိုက်သဖြင့် သူမ၏ ခဲအိုဖြစ်သူအပေါ်သို့ ခုန်မအုပ်မိလိုက်ပေ။
ချန်ချွန်းဟွာ၏ ပါးစပ်က မရပ်သေးချေ။ သူမက စျေးပေါသော စကားများ ပြောတတ်ပြီး လူကို သေလောက်အောင် ရိုက်ချင်စိတ် ပေါက်စေသည်။
“မတ်လေး... ဒီနေ့ နင့်ယောက်ဖက မင်္ဂလာဆောင်ဖို့ ပိုက်ဆံမရှိဘူး... မနက်ဖြန်ကျရင် နင့်ယောက်ဖက နေစရာမရှိဘူး ဖြစ်လာလိမ့်မယ်... နင့်ရဲ့ အုတ်တိုက်အိမ်ကြီးကို သဘောကျပြီး ကိုယ်ပိုင် လျှို့ဝှက်ချက်ပြုတ်နည်းကိုတောင် မိဘအိမ်ကို ပို့ပေးရဲတာ... နင့်ယောက်ဖအိမ်က သားတွေ တစ်ယောက်ပြီးတစ်ယောက် မွေးလာရင်... နောင်ကျရင် နင့်သားအတွက် တင်တောင်းငွေရအောင် နင့်သမီးကို ရောင်းစားမပစ်ဘူးလို့တောင် ပြောလို့မရဘူး...”