မတူပါ
Vol. 9 Ch. 89
ထိုစကားကို ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ အဖွားစိုင် ကြောင်အသွားလေ၏။
ကျင်းပေါင်သည် ကျန်းကွမ်ကျုံးနှင့် ရှောင်စိုင်တို့၏ ကလေး ဖြစ်သော်လည်း အချိန်အတော်ကြာအောင် အဘွားဖြစ်သူက ပြုစုပျိုးထောင်ပေးခဲ့သည်။
ငါ့သားက အိမ်ထောင်ကျတာ နှစ်ပေါင်းများစွာ ကြာမှ ဒီသားရတနာလေး တစ်ယောက်တည်း ရတာဟု အမြဲတွေးကာ အဖွားစိုင်က ကျင်းပေါင်ကို မျက်လုံးအိမ်လို သဘောထားသည်ဟု ပြောနိုင်ပေသည်။
သူမ၏ အသက်နှင့် လဲရမယ်ဆိုရင်တောင် ကျင်းပေါင်အတွက်ဆို စွန့်လွှတ်ရဲသည်။
သားဖြစ်သူက ဒီလိုစကားမျိုး ပြောထွက်သည်ကို ရုတ်တရက် သိလိုက်ရသဖြင့် ရင်ဘတ်ကို ဖိကာ မတ်တပ်မရပ်နိုင် ဖြစ်သွားလေသည်။
သို့သော် ကျန်းကွမ်ကျုံးသည် မိခင်ဖြစ်သူ၏ အခြေအနေကို လုံးဝ သတိမထားမိပေ။ ဒီစကားကို ပြောပြီးနောက် သူ့စိတ်ထဲမှ သံသယများ ပျောက်ကွယ်မသွားဘဲ ပို၍ ကြီးထွားလာ၏။ ကြည့်လေ ကြည့်လေ ကျင်းပေါင်က သူ့ပုံစံနှင့် မတူလေဟု ခံစားနေရသည်။
“အမေ... ကျင်းပေါင်က ဘယ်သူနဲ့ တူတယ်လို့ ထင်လဲ...”
ကျန်းကွမ်ကျုံးက ရုတ်တရက် မေးလိုက်သည်။
အဖွားစိုင် တုန်တုန်ယင်ယင်ဖြင့် ကုလားထိုင်တစ်လုံး ဆွဲယူပြီး မျက်နှာဖြူဖပ်ဖြူရောဖြင့် ထိုင်ချလိုက်လေသည်။
“အမေ... အမေ မသိဘူး... မဖြစ်နိုင်ပါဘူး... ကျင်းပေါင်က ဘယ်လိုလုပ် အမေ့မြေး မဟုတ်ရမှာလဲ...”
အဖွားစိုင်က အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်၏။
ကျန်းကွမ်ကျုံး၏ မျက်လုံးများ ဗလာဖြစ်နေပြီး သူ့ခေါင်းထဲတွင် မျက်နှာများစွာ ဖြတ်သန်းသွား၏။ ဒီလူတွေအားလုံးက အတိတ်က ရှောင်စိုင်နှင့် အတော်လေး ရင်းနှီးခဲ့သော အမျိုးသားများ ဖြစ်ကြသည်။
ရုတ်တရက် သူ့မျက်လုံးများ မလှမ်းမကမ်းရှိ မြေပဲပန်းကန်ပေါ်သို့ ရောက်သွားသည်။
“ဒီမြေပဲကို ဘယ်သူ လာပေးတာလဲ... မှတ်မိလား...”
ကျန်းကွမ်ကျုံးက မေးလိုက်သည်။
အဖွားစိုင်၏ နှုတ်ခမ်းများ တုန်ယင်နေသည်။
“အမေ... အမေ မှတ်မိတယ်... ယုံးဇီလာပေးတာ ထင်တယ်... ကျင်းပေါင် စားချင်နေမှာစိုးလို့ လာပေးတာတဲ့...”
ယုံးဇီ ဆိုသည်မှာ တခြားသူ မဟုတ်ဘဲ အဖွားစိုင်၏ ညီမဖြစ်သူ၏ သားအကြီးဆုံး ဖြစ်ပေသည်။ ကျန်းကွမ်ကျုံးထက် တစ်နှစ်ကြီးပြီး လီတာ့ယုံးဟု ခေါ်သည်။ သူသည် ကျန်းကွမ်ကျုံးနှင့်ရော ရှောင်စိုင်နှင့်ပါ ဝမ်းကွဲ တော်စပ်သူ ဖြစ်လေသည်။
ကျန်းကွမ်ကျုံး၏ အသံသည် မီးခိုးငွေ့လို လွင့်ပျံနေသည်။
“အမေ... ကျင်းပေါင်နဲ့ ယုံးဇီ တော်တော် တူတယ်လို့ မထင်ဘူးလား...”
အဖွားစိုင် ရုတ်တရက် တုန်လှုပ်သွားလေသည်။
ခြံဝင်းထဲမှ ကျင်းပေါင်သည် မြေကြီးပေါ် လူးလှိမ့်ပြီး အသားစားချင်ကြောင်း အော်ဟစ်နေဆဲ ဖြစ်၏။
အိမ်ထဲမှ သားအမိနှစ်ယောက်သည် ပြတင်းပေါက်နား ကပ်သွားပြီး ရုပ်ဆိုးအကျည်းတန်နေသော ကလေး၏ မျက်နှာကို ကြည့်လိုက်ကြသည်။ ကြည့်လေ ကြည့်လေ လီတာ့ယုံးနှင့် တူလေဟု ခံစားလာရသည်။
“သူတို့မျက်လုံးတွေက တစ်ပုံစံတည်းပဲ... အကုန်လုံးက မျက်ရစ်နှစ်ထပ်နဲ့...”
“နှာခေါင်းမြင့်တာကို ကြည့်ပါဦး... ငါက နှာခေါင်းပြားတယ်... ဘာလို့ နှာတံပေါ်တဲ့ သားကို မွေးလာရတာလဲ...”
“အိမ်တိုင်းက မလွယ်ကူကြဘူး... သူက မုန့်တွေကို ချွေတာပြီး လာပို့ပေးတယ်... မြေပဲက ပစ္စည်းကောင်းလေ... ကိုယ့်ဘာသာ ဆီကြိတ်စားရင် မကောင်းဘူးလား... မြေပဲ လာပို့တုန်းက ကျင်းပေါင်ကို ပေးချင်တယ်လို့ နာမည်တပ်ပြီး ပြောသွားတာ...”
ကျန်းကွမ်ကျုံး၏ မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။
အဖွားစိုင်၏ ယနေ့ ခံစားရသော နာကျင်မှုသည် သားဖြစ်သူထက် ပိုဆိုးနေ၏။
တကယ်တမ်းကျတော့ ဘယ်သူပဲ မုန့်လာပို့ပို့ "ကလေး စားချင်နေမှာစိုးလို့" ဆိုသော ယဉ်ကျေးစကားမျိုး ပြောတတ်ကြသည်မှာ ထုံးစံပင်။
ကျင်းပေါင်နှင့် လီတာ့ယုံး တူညီမှုနှင့် ပတ်သက်ပြီး ပြောရလျှင်မူ သေချာ ကြည့်ပါက လီတာ့ယုံး၊ ကျင်းပေါင်နှင့် ရှောင်စိုင်တို့ အလွန် တူညီကြပေသည်။
တူက ဦးလေးနဲ့ တူတယ် ဟု ပြောကြသော်လည်း ကျန်းကွမ်ကျုံးက ဦးလေးနှင့် မတူဘဲ လီတာ့ယုံးနှင့် သူ့ဦးလေးတို့က ပုံစံခွက်တစ်ခုတည်းက ထွက်လာသလို တူညီနေသည်။ သူတို့ဦးလေးသည် ရှောင်စိုင်၏ ဖခင်အရင်း ဖြစ်နေပြန်သည်။
ဒီ "သားအကြီးဆုံး" တွေကြားက ရှုပ်ထွေးနေတဲ့ သွေးသားတော်စပ်မှုတွေကြောင့် ကျင်းပေါင်က ကျန်းကွမ်ကျုံးရဲ့ သားအရင်း ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ခက်ခဲနေလေ၏။
သို့သော် သံသယ မျိုးစေ့တစ်ခု ရင်ထဲတွင် စိုက်ပျိုးမိပြီ ဆိုလျှင် အချို့ကိစ္စများကို ထိန်းချုပ်၍ မရတော့ပေ။
ခြံဝင်းထဲမှ ဆူညံသံများကို နားထောင်ရင်း ကျန်းကွမ်ကျုံး မတ်တပ်ရပ်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ပြေးထွက်သွားကာ ကျင်းပေါင်ကို ခြေထောက်ဖြင့် ကန်လိုက်တော့သည်။
ကျင်းပေါင်သည် မူလက မြေကြီးပေါ် လူးလှိမ့်ပြီး ဟန်ဆောင် ငိုနေသော်လည်း တကယ် အရိုက်ခံလိုက်ရသောအခါ ကြောက်လန့်သွားလေသည်။ လွန်ခဲ့သော လအနည်းငယ်က ဖခင်ဖြစ်သူ ရိုက်နှက်ခဲ့သည်ကို နာကျင်စွာ ပြန်သတိရသွားသည်။
ဒီနေ့က ဒုတိယအကြိမ် အရိုက်ခံရခြင်း ဖြစ်၏။
သူ နောက်ဆုတ်လိုက်ပြီး ကမ္ဘာပျက်မတတ် အော်ဟစ်ငိုယိုလိုက်သည်။
“အဘွား... အဘွား...”
သူ အရူးအမူး အော်ခေါ်နေကျ၊ အချိန်မရွေး ရောက်လာတတ်သော အဖွားစိုင်သည် ဒီတစ်ခါတော့ အသံထွက်မလာတော့ပေ။
အဖွားစိုင် အိမ်ထဲတွင် ကွေးကွေးလေး ထိုင်နေပြီး မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ပြည့်နှက်နေလေသည်။
“မိန်းမပျက်ရဲ့ သား... မင်းက အသားစားချင်သေးတယ်ပေါ့... စိတ်ကူးယဉ်နေလိုက်...”
ကျန်းကွမ်ကျုံးက ဆဲဆိုလိုက်သည်။
ကျင်းပေါင်လေးသည် မြေကြီးပေါ်တွင် လဲနေလျက် အောက်မှနေ၍ မော့ကြည့်လိုက်ရာ တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။ သူ လုပ်နိုင်တာကတော့ အဆက်မပြတ် အော်ဟစ်နေဖို့သာ။
“အဘွား ကယ်ပါဦး... အဖေ သားကို သတ်တော့မယ်...”
သူ အော်လေလေ အဖွားစိုင်က ပို၍ သည်းထန်စွာ ငိုလေလေ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် လေးနှစ်လုံးလုံး ပြုစုပျိုးထောင်ခဲ့ရသော ကလေးပင်။ ဘယ်လောက်ပဲ ခံစားရခက်ခက် အဖွားစိုင် ထပြီး မတားခဲ့ပေ။
ဘယ်လောက်ကြာအောင် ရိုက်နှက်ခဲ့လဲ မသိပေ။ ခြံဝင်းထဲမှ အသံများ နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။ မောသွားလို့ ဖြစ်မည်။ ကျန်းကွမ်ကျုံးက ကလေးကို မြေကြီးပေါ်မှ မ လိုက်ပြီး ထင်းတဲထဲသို့ ပစ်ထည့်လိုက်လေသည်။
“ကောင်မစုတ်ရဲ့ သား... ဒီနေ့ကစပြီး ထင်းတဲထဲမှာ ငြိမ်ငြိမ်နေ...”
ကျန်းကွမ်ကျုံးက ရက်စက်စွာ ဆဲဆိုလိုက်သည်။
ကျင်းပေါင်သည် ထင်းတဲထောင့်တွင် တစ်ကိုယ်လုံး ကွေးပြီး နေလိုက်ရှာသည်။ သူသည် မိသားစုဝင် အားလုံး၏ ဂရုတစိုက် ပြုစုမှုကို ခံခဲ့ရပြီး ယခုမှ ထင်းဆိုင်က အလွန် အေးစက်ကြောင်း သိလိုက်ရ၏။
ဒါက တကယ် လူနေတဲ့နေရာ ဟုတ်ရဲ့လား။ ဒီမှာ အမြဲ နေရင် သေသွားမှာလား။
နျိုနျို၏ မျက်နှာက ကျင်းပေါင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ဒီနေရာမှာ နျိုနျို၏ အိပ်ရာခင်းလည်း ရှိနေသည်။ ထောင့်တစ်နေရာတွင် ညစ်ပတ်စွာ ပုံထားသည်။ ဘယ်သူမှ မသန့်ရှင်းတာ ကြာပြီဖြစ်သလို ထင်းဆိုင်က မိုးယိုနေသဖြင့် ယခုအချိန်တွင် အလွန်အမင်း ချဉ်စော်နံနေသည်။
ကျင်းပေါင်သည် လှုပ်ရှားလိုက်ရုံဖြင့် နာကျင်နေသဖြင့် မှိန်းပြီး အိပ်ပျော်သွားလေတော့သည်။
“ဒုတိယဦးလေး ပြန်လာပြီ... ဒုတိယဦးလေး ပြန်လာပြီ...”
ကလေးငယ်များ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
ကုမင်တာ့၏ မြင်းလှည်းသည် ကုမိသားစု ခြံဝင်းထဲသို့ ဝင်ရောက်လာပြီး မြင်းလှည်းတစ်ဝက်ခန့် ရှိသော နှစ်သစ်ကူး လက်ဆောင်များ ပါလာသည်။
ကုမိသားစု ကလေးများ အားလုံး ကုမင်တာ့ကို ဝိုင်းရံလိုက်ကြသည်။
“ဒုတိယဦးလေး... ဒုတိယဦးလေး... မြို့နယ်ထဲမှာ ပျော်ဖို့ကောင်းလား...”
“ဒုတိယဦးလေး... သွားနေတာ ကြာလိုက်တာ... သမီးတို့ အိမ်မှာ လွမ်းနေကြတာ...”
ကလေးငယ်များသည် အစာတောင်းနေသော စာကလေးအုပ်လေးများကဲ့သို့ ကုမင်တာ့ဘေးတွင် တတွတ်တွတ် ပြောနေကြသည်။
ကုမင်တာ့သည် ဒီအခြေအနေကို လုံးဝ မစိမ်းတော့ဘဲ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ပေါ်လာသည်။ ပစ္စည်းများ ဝေပေးရန် ပြင်လိုက်စဉ် အဖွားကု ထွက်လာပြီး ပြောလိုက်၏။
“သားလတ်... ပစ္စည်းတွေကို အမေ့ဆီမှာ အရင် ထားလိုက်... ပြောစရာ ရှိတယ်...”
ထိုစကားကို ကြားသောအခါ ကုမင်တာ့ အံ့သြသွားလေသည်။ ဘာပဲဖြစ်ဖြစ် အမေက ပစ္စည်းမက်တတ်တဲ့ အဘွားအိုမျိုး မဟုတ်ခဲ့ပေ။ သို့သော် လူအများကြီးရှေ့မှာ အခုလို လုပ်လိုက်သည်။
ကျန်းယွင်နန်နှင့် အခြားသူများ ပစ္စည်းများကို အိမ်ထဲသို့ ကူသယ်ပေးပြီးနောက် အဖွားကုက အခြားအခန်းများမှ လူကြီးများနှင့် ကလေးများ အားလုံးကို မောင်းထုတ်လိုက်သည်။
“အမေ... ဘာပြောစရာ ရှိလို့လဲ... နေမကောင်းလို့လား...”
ကုမင်တာ့က အမေ့ကျန်းမာရေး တစ်ခုခု ဖြစ်မှာစိုး၍ စိုးရိမ်တကြီး မေးလိုက်သည်။
သားဖြစ်သူ၏ ဂရုစိုက်မှုကို ခံရသဖြင့် အဖွားကု ကျေနပ်သွားသည်။ သူမ ပြုံးလျက် ခေါင်းခါပြပြီး ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး... ဘာဖြစ်ရမှာလဲ...”
သားဖြစ်သူ၏ နားမလည်နိုင်သော မျက်လုံးများကို ကြည့်ပြီး အဖွားကု ဆက်ပြောလိုက်သည်။
“အမေက သားအတွက် မတန်လို့ပါ... သားက ဒီမိသားစုအတွက် ဘယ်လောက် ပေးဆပ်ခဲ့ရလဲ... အိမ်ကြီးနဲ့ သုံးအိမ်လုံးက သားဆီက အကျိုးအမြတ် ဘယ်လောက် ရခဲ့လဲ မသိဘူး... ဒါပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အလို မပြည့်နိုင်ကြဘူး...”
ထိုစကားကို ကြားသောအခါ ကုမင်တာ့ နားလည်လိုက်သည်။ သူ အိမ်က ထွက်သွားပြီး ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေ ဖြစ်ရမည်။ သူက ကျန်းယွင်နန်ကို လှည့်ကြည့်လိုက်သည်။
ကျန်းယွင်နန် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“တတိယယောက်မလေးက သူ့မိဘအိမ်ကို ကူညီချင်လို့ ပြဿနာ ရှာတာပါ...”
အကြောင်းစုံကို နားထောင်ပြီးနောက် ကုမင်တာ့ လုံးဝ မအံ့သြပေ။
“အမေ... ကျွန်တော် ဒီပစ္စည်းတွေကို ပေးတာက တတိယခယ်မလေယ မျက်နှာကြောင့် မဟုတ်ပါဘူး... ညီလေးနဲ့ ကလေးတွေ မျက်နှာကြောင့်ပါ... အမေက ဘာလို့ သူ့စကားကို ဂရုစိုက်နေရတာလဲ...”
ကုမင်တာ့က မိခင်ကို နှစ်သိမ့်လိုက်သည်။
သို့သော် သူ သဘောထားကြီးလေ အဖွားကုက ပိုပြီး မကျေမနပ် ဖြစ်လေ ဖြစ်၏။
“နားထောင်ကြည့်စမ်းပါဦး... အဲ့ဒီကောင်မစုတ် ပြောတာတွေကို... ကိုယ်တိုင် ပေးချင်လို့ ပေးတာကို... နောက်ဆုံးကျတော့ ရှောင်ပေါင်ကို မြှောက်ပေးပြီး ဒုတိယဦးလေးက တာဝန်မကျေဘူးလို့ ပြောခိုင်းတယ်...”
ကုမင်တာ့ ဆက်ပြီး ပြောနေသေးသည်။
“အမေ... အဲ့ဒါတွေက ညီလေးရဲ့ သဘောထား မဟုတ်ဘူးလေ...”
အဖွားကုက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။
“လူတစ်ယောက်က အမျိုးအစားမတူတဲ့ လူတစ်ယောက်နဲ့ အတူအိပ်လို့ မရဘူး... မင်းညီက ဘယ်လောက်ပဲ ကောင်းကောင်း... ဒီမိန်းမက နှစ်ပေါင်းများစွာ နားနားမှာ ရွတ်နေမှတော့... နောက်ဆုံးကျရင် သံယောဇဉ်တွေ ပျက်စီးကုန်မှာပဲ...”
ကုမင်တာ့သည် အခုအချိန်တွင် မိခင်ဖြစ်သူ စိတ်ဆိုးမှာကို အကြောက်ဆုံး ဖြစ်သဖြင့် အမြန် နှစ်သိမ့်လိုက်သည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... အမေ ပြောတာ မှန်ပါတယ်... အမေ ဘာလုပ်ချင်လဲ... ကျွန်တော် ပူးပေါင်းဆောင်ရွက်ပါ့မယ် အမေရဲ့...”