နတ်ဆိုးဝိညာဉ်နှင့် မိစ္ဆာသန္ဓေသား……
Vol. 17 Ch. 161
ချောက်ကမ်းပါးထိပ်တွင် လီချင်းချိုး တစ်ယောက်တည်း ရပ်နေပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်၌ စွမ်းအင်များ လည်ပတ်နေ၏။ သူ မျက်လုံးဖွင့်၍ လက်ယာဘက်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးဖြန့်လိုက်သည်နှင့် ငွေရောင် ဓားရိပ်ကလေးများ ဝဲပျံ ထွက်ပေါ်လာသည်။
ဝိညာဉ်နှုတ်ဓားပျံ…
သုတေသနပြုမှုမှတဆင့် ဝိညာဉ်နှုတ်ဓားပျံသည် နောက်ဆုံးတွင် လုံးဝကွဲပြားခြားနားသော နယ်ပယ်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တဖြည်းဖြည်းနှင့်သူ့လက်ထဲမှ ဝိညာဉ်နှုတ်ဓားပျံ အရေအတွက် ဒါဇင်နှင့်ချီ၍ တိုးပွားလာပြီး ပိုးကောင်အုပ်ကြီး တစ်ခုအလား လှည့်ပတ် ပျံသန်းနေကြသည်။
ဝိညာဉ်နှုတ်ဓားပျံသည် ဓားသိုင်းကွက် တစ်ခုတည်း မဟုတ်ဘဲ ဝိညာဉ်အမျိုးအစား ဂါထာစွမ်းအင်လည်း ပါဝင်သည်။ ကျန်းကျောက်ရှား ပင်လျှင် ဤပညာရပ်ကို လျင်မြန်စွာ တတ်မြောက်နိုင်မည် မဟုတ်ချေ။
လီချင်းချိုးက "မွေးရာပါ ဓားရူးသွပ်သူ"၊ "လူသားတစ္ဆေနတ်ဘုရား" နှင့် "အကြိမ်တစ်ထောင် တူထုခံရခြင်း" စသည့် ကံကြမ္မာများကို အသုံးပြု၍ ဝိညာဉ်နှုတ်ဓားပျံကို ပိုမို ပြည့်စုံကောင်းမွန်အောင် မွမ်းမံထားခြင်း ဖြစ်သည်။
လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားပျံ ဒါဇင်ပေါင်းများစွာ သူ့လက်ဖဝါးမှ တိုးထွက်လာပြီး လေထဲတွင် လျင်မြန်စွာ ကြီးထွားလာကာ သူ့ရှေ့၌ ဝဲပျံနေကြသည်မှာ ငွေရောင်သက်တံ ဒါဇင်ပေါင်းများစွာ စီးဆင်းနေသကဲ့သို့ အလွန်တရာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်စေသည်။
ထိုအခါ လီချင်းချိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဝိညာဉ်နှုတ်ဓားပျံကို အပြည့်အဝ မတတ်မြောက်သေးသော်လည်း ဤအဆင့်သို့ ရောက်ရှိခြင်းကပင် အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်နေပေပြီ။
ဝိညာဉ်နှုတ်ဓားပျံ၏ အမြန်နှုန်းနှင့် ဖိနှိပ်နိုင်စွမ်းတို့တွင်လည်း ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။သူ စိတ်ကူးလိုက်သည်နှင့် ဝိညာဉ်နှုတ်ဓားပျံက အရာအားလုံးကို ထွင်းဖောက်နိုင်သော အမြန်နှုန်းဖြင့် ရန်သူကို မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
လီချင်းချိုးစိတ်ထဲ၌ ချီမိသားစု မွေးမြူထားသော ရှေးဟောင်းနတ်ဘုရား အကြောင်းကို တွေးတောမိပြီး ယခုအချိန်တွင် ထိုရှေးဟောင်းနတ်ဘုရားကို အနိုင်ယူနိုင်မလားဟု စဉ်းစားခန်း ဝင်နေမိသည်။
ကံကောင်းသည့် တစ်ချက်မှာ ထိုရှေးဟောင်းနတ်ဘုရားက လှုပ်ရှား၍ မရခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ချီမိသားစုဘက်က မဆင်မခြင် မလုပ်ရဲခြင်း ဖြစ်တန်ရာ၏။
ရှေးဟောင်းနတ်ဘုရားများသာ မရှိလျှင် ချီမိသားစုက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။
ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် အခြားသူများ လင်းထျန်းဂိုဏ်းကို ဖျက်ဆီးပြီးသည်အထိ စောင့်ဆိုင်းရန် သူ စီစဉ်ထားပြီး ထိုကာလအတွင်း ကျင့်ကြံခြင်းကို စုဆောင်းရန် အချိန်ယူရပေမည်။
"ဒီမြေပေါ်မှာ မင်္ဂလာနိမိတ်ကောင်တွေ၊ နတ်ဆိုးသားရဲတွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေ ရှိနေတယ်... အနာဂတ်မှာ ဘယ်လို ထူးဆန်းတဲ့ အရာတွေ ထပ်ပေါ်လာဦးမလဲ..."
ချင်းရှောင်ဂိုဏ်း အမှန်တကယ် စွမ်းအားကြီးလာသော်လည်း မလုံလောက်သေးကြောင်း၊ သူ စိတ်လျော့၍ မဖြစ်သေးကြောင်း လီချင်းချိုး တွေးတောမိသည်။
ထို့နောက် ဝိညာဉ်နှုတ်ဓားပျံကို ချက်ချင်း ပြန်လည် သိမ်းဆည်းလိုက်ပြီး ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းလိုက်၏။
…
ကျုံးထျန်းစီရင်စု၊ လော့ချန်မြို့….
ဓားကို ကိုင်ဆွဲလျက် လမ်းမရှည်ကြီး အတိုင်း ကျန်းကျောက်ရှား လျှောက်လှမ်းလာနေ၏။
သူ့နောက်တွင် အလောင်းများ ပုံထပ်နေပြီး ဓားထိပ်ဖျားမှ သွေးများ တစက်စက် ကျနေသည်။
အခြား နေရာများကို ကြည့်လိုက်လျှင် ချင်းရှောင်ဂိုဏ်းသားများ တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရပြီး အချို့မှာ ဓားပျံစီး၍ ဂါထာများ မန္တန်များ အဆက်မပြတ် ထုတ်ဖော်နေကြသည်။ အရပ်မျက်နှာ အသီးသီးမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံး ထိတ်လန့်ဖွယ်ရာ ဖြစ်နေတော့သည်။
ရှေ့နားတွင် လော့ချန်မြို့ရှိ လင်းထျန်းအိမ်တော်၏ သခင်ဖြစ်သူက ကျန်းကျောက်ရှားကို ဒေါသတကြီး စိုက်ကြည့်နေပြီး….
"လူတွေ ဒီလောက် အများကြီး သတ်ပြီးတာတောင် မင်းတို့ ချင်းရှောင်ဂိုဏ်းက ဖြောင့်မတ်တဲ့ လမ်းစဉ်လို့ ပြောရဲသေးလား..."
အိမ်တော်သခင်က အံကြိတ်၍ ဟိန်းဟောက်လိုက်ရင်း လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဓားချီစွမ်းအင်များ လမ်းမပေါ်သို့ ကျရောက်ကာ အဖြူရောင် ချီလှိုင်းများအဖြစ် ဘေးဘက်သို့ ပျံ့နှံ့သွားသည်။
ကျန်းကျောက်ရှား၏ မျက်နှာထားက တည်ငြိမ်နေပြီး လေပြေညှင်း တစ်ချက်ကြောင့် သူ့ဆံပင်များ လှုပ်ခါသွားသော်လည်း သူ့မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။
"ချင်းရှောင်ဂိုဏ်းက ဖြောင့်မတ်တဲ့ လမ်းစဉ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ..."
"မင်း..."
အိမ်တော်သခင်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ကျန်းကျောက်ရှားကို ပြန်လည် အော်ဟစ်လိုက်ပြန်သည်။
"မင်းတို့ကို ကောင်းကင်ဘုံက အပြစ်ပေးမှာ မကြောက်ကြဘူးလား..."
"ခင်ဗျားတို့ ကျန်းမိသားစုကို ဖျက်ဆီးတုန်းကရော အဲဒီအကြောင်း တွေးခဲ့ဖူးလား..."
"ကျန်းမိသားစု... ဘယ်ကျန်းမိသားစုလဲ... ငါ ဘာမှ မသိဘူး..."
"အောက်ရောက်ရင် နားလည်သွားမှာပါ..."
တစ်ဘက်လူ၏ စကားကို ကြားသောအခါ ကျန်းကျောက်ရှား စကားဆက်ပြောရန် စိတ်မပါတော့ဘဲ ခြေလှမ်းများကို ချက်ချင်း အရှိန်မြှင့်လိုက်သည်။
သူ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်ကို မြင်သောအခါ အိမ်တော်သခင်ကလည်း ဒေါသကို ဘေးဖယ်၍ ဓားကို မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။ သူ့ရဲ့ ဓားချက်က အလွန် လျင်မြန်ပြီး လခြမ်းကွေး ပုံသဏ္ဌာန် ဓားချီစွမ်းအင်များက မုန်တိုင်းတစ်ခုအလား ထွက်ပေါ်လာသည်။
သို့သော်လည်း ဓားရောင်တစ်ချက် လက်ခနဲ ဖြစ်သွားချိန်တွင် အိမ်တော်သခင်မှာ တောင့်ခနဲ ဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားရှာသည်။
ထို့နောက် အိမ်တော်သခင်၏ ခေါင်းပြတ် လေထဲသို့ လွင့်စဉ်သွားပြီး သွေးများ စမ်းချောင်းသဖွယ် ပန်းထွက်လာကာ သူ့ခန္ဓာကိုယ် တစ်ခုလုံး ရွှဲနစ်သွားလေသည်။
ကျန်းကျောက်ရှားကမူ ရပ်တန့်မနေဘဲ မြို့ထဲရှိ လင်းထျန်းဂိုဏ်းသားများကို ဆက်လက် လိုက်လံ ရှင်းလင်းနေသည်။
နေဝင်ရီတရော အချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အဓိကတပည့် ငါးဆယ်ခန့် လင်းထျန်းအိမ်တော်ရှေ့တွင် စုဝေးရောက်ရှိလာကြကာ သူတို့၏ ဓားများမှ သွေးများကို သုတ်သင် နေကြသည်။
"လင်းထျန်းဂိုဏ်းက သိပ်အားနည်းတာပဲ... ဒီလောက် အင်အားလေးနဲ့များ ငါတို့ ချင်းရှောင်ဂိုဏ်းကို လာစိန်ခေါ်ရဲတယ်..."
"တကယ်တော့ ဒါက သိုင်းလောက ထိပ်တန်းဂိုဏ်းတွေရဲ့ ပုံမှန် အင်အားပါလေ.. ငါတို့ ချင်းရှောင်ဂိုဏ်းကသာ သိပ်ပြီး စွမ်းအားကြီးလွန်းနေတာ... အဲဒီလူတွေက ဂိုဏ်းချုပ် ဧကရာဇ်ကို ခေါင်းဖြတ်သတ်တာ မမြင်ဖူးကြတော့ မယုံကြဘူးပေါ့..."
"လင်းထျန်းဂိုဏ်းက လူတွေကို ဘာလို့ အများကြီး ဖမ်းပြီး ချန်းကျိုးကို ပို့နေရတာလဲ..."
"မပြောတတ်ဘူး... လင်းထျန်းဂိုဏ်းက မသေဆေး ဖော်စပ်ချင်နေတာလား..."
"ငါ့အမြင်တော့ လင်းထျန်းအိမ်တော်က သိမ်းလို့ရတဲ့ ငွေတွေကို ပြည်သူတွေကို ဝေပေးလိုက်သင့်တယ်... ဒေသခံ အာဏာပိုင်တွေကလည်း ဘာမှ လုပ်ပေးနေတာ မဟုတ်ဘူး..."
အဓိကတပည့်များက သူတို့အချင်းချင်း ဆွေးနွေးနေကြပြီး သဘောထားများ ကွဲပြားနေကြသည်။ သူတို့သည် ရန်သူများကို သတ်ဖြတ်ရန် ဝန်မလေးကြသော်လည်း လင်းထျန်းအိမ်တော် ဌာနခွဲများကို ဝင်ရောက်စီးနင်းလေ လင်းထျန်းဂိုဏ်းကို ပို၍ ရွံရှာလေ ဖြစ်လာကြသည်။
လင်းထျန်းဂိုဏ်းက သိုင်းလောကကို ပေါင်းစည်းပြီး ကမ္ဘာလောကကို ငြိမ်းချမ်းစေမည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ စစ်အင်အား စုဆောင်းခြင်း၊ ပြည်သူများကို တိုက်ခိုက်လုယက်ခြင်းနှင့် အရပ်သားများကို ဖမ်းဆီးပြီး မြောက်ဘက်သို့ ပို့ဆောင်ခြင်းများကို ပြုလုပ်နေကြပြီး သူတို့၏ ရည်ရွယ်ချက်ကလည်း မရှင်းလင်းပေ။
ထိုစဉ် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ကောင်းကင်ယံမှ ဆင်းသက်လာပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာကြသည်။
"သတ်သင့်တဲ့လူတွေ သတ်ပြီးပြီ... လွှတ်သင့်တဲ့လူတွေ လွှတ်ပေးလိုက်ပြီ..."
ဟု ရွှီနင်းက ပြောလိုက်သည်။
ဤစစ်ဆင်ရေးသည် ယခင်ကနှင့် မတူဘဲ ကျန်းကျောက်ရှား၏ ဦးဆောင်မှုကို သူမ အပြည့်အဝ ခံယူထားသည်။
ကျန်းကျောက်ရှားက ခေါင်းညိတ်လိုက်ပြီး….
"ငါတို့ နောက်ထပ် ချန်းကျိုးကို သွားကြမယ်... ငါ စဉ်းစားနေတာ... အဲဒီရောက်ရင် ချီမိသားစုကို သွားကြည့်ရင် ကောင်းမလားလို့..."
ရွှီနင်းက မျက်မှောင်ကြုတ်လိုက်ပြီး….
"ဆရာ မခိုင်းတာတွေ မလုပ်တာ ပိုကောင်းမယ်...ကျွန်မတို့ လက်တွဲ လုပ်ဆောင်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး... ဒီတစ်ခါ ထပ်ပြီး ကျရှုံးရင် တကယ့် ဟာသ ဖြစ်လိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား၏ မျက်နှာထား ပျက်ယွင်းသွားသည်။
သူနှင့် ရွှီနင်းသည် ချင်းရှောင်ဂိုဏ်း၏ ထိပ်သီးလေးယောက် စာရင်းဝင်များ ဖြစ်ကြသည်။ ရှန်ယွဲ့ကို ဖယ်လိုက်လျှင် သူတို့သည်သာ လီချင်းချိုးပြီးလျှင် စွမ်းရည်အမြင့်ဆုံး သူများ ဖြစ်ကြပြီး ဂိုဏ်း၏ သတ်ဖြတ်ရေး ယန္တရားများကို ကိုယ်စားပြုသည်။
သို့သော် သူတို့နှစ်ယောက် အတူတူ လှုပ်ရှားသည့် အခါတိုင်း ဆက်တိုက် ကျရှုံးမှုများ ကြုံတွေ့ရလေ့ ရှိသဖြင့် နာမည်ကောင်းမရနိုင်ဖြစ်နေရသည်။
"ကောင်းပြီလေ... မင်းစကား နားထောင်ပါ့မယ်..."
ကျန်းကျောက်ရှားက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်စဉ် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လမ်းမပေါ်ရှိ ချင်းရှောင်ဂိုဏ်းသားများ၏ ဝတ်ရုံများ လွင့်ပျံသွားသည်။
ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် အဓိကတပည့် ငါးဆယ်တို့ လှည့်ကြည့်လိုက်ကြရာ လမ်းမကြီး၏ အဆုံးတွင် ဆံပင်ဖားလျားနှင့် လူတစ်ယောက်က ဓားမကြီး တစ်လက်ကို ဆွဲ၍ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူက အနက်ရောင် အဝတ်အစား အစုတ်အပြတ်များကို ဝတ်ဆင်ထားပြီး ခြေဗလာနှင့် ဖြစ်ကာ ခြေမျက်စိတွင် ရွှေကွင်းများ ဝတ်ဆင်ထားသည်။ ဓားမကြီးက မြေပြင်နှင့် ပွတ်တိုက်၍ ကျွီကျွီမြည်သံများ ထွက်ပေါ်နေကာ ရှည်လျားသော ဓားရာလမ်းကြောင်းကြီး တစ်ခု ကျန်ရစ်ခဲ့သည်။
ထိုလူဘက်က သတ်ဖြတ်လိုသော အငွေ့အသက်များကို ဖုံးကွယ်ထားခြင်း မရှိပေ။ ပေပေါင်း ဒါဇင်ချီ အကွာမှပင် ဂိုဏ်းသားများက သူ၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိကြသည်။ သို့သော် သူတို့ မထိတ်လန့်ကြဘဲ ထူးဆန်းသော ဧည့်သည်ကို စိတ်ဝင်တစားနှင့် ပြုံးရွှင်စွာ ကြည့်နေကြသည်။
"သူ့ပုံစံကြည့်ရတာ လင်းထျန်းဂိုဏ်းက မဟုတ်လောက်ဘူး..."
ကျန်းကျောက်ရှား၏ နောက်တွင် ရပ်နေသော အဓိကတပည့် တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။
လင်းထျန်းဂိုဏ်းသားများက သူတို့ မည်မျှ ချမ်းသာကြွယ်ဝကြောင်း သူတပါး မသိမည် စိုးရိမ်သကဲ့သို့ တန်ဖိုးကြီး အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ ရှိကြသည်။
ကျန်းကျောက်ရှားက ထိုလူကို အေးစက်စွာ ကြည့်လိုက်ပြီး အရေးမစိုက်ပေ။
သူတို့ စောင့်ကြည့်နေစဉ်မှာပင် အနက်ရောင် ဝတ်စုံနှင့် လူက ခြေလှမ်းများကို စတင် အရှိန်မြှင့်လာပြီး လမ်းလျှောက်ရာမှ ပြေးလွှားလာကာ တဖြည်းဖြည်း ပို၍ မြန်ဆန်လာသည်။ ဓားမကြီးက သူ့နောက်ရှိ မြေပြင်ကို ခြစ်ဆွဲလာသဖြင့် မီးပွားများ လွင့်ပျံလာသည်။ထိုစဉ် သူ့ထံမှ အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လှောင်အိမ်ထဲမှ လွတ်လာသော ကျားရိုင်းတစ်ကောင်နှယ် ဖြစ်လာသည်။
"မလှုပ်နဲ့..."
တိုက်ခိုက်ရန် ပြင်နေကြသော ဂိုဏ်းသားများကို ကျန်းကျောက်ရှားက တားမြစ်လိုက်ပြီး သူကိုယ်တိုင် ရှေ့သို့ တိုး၍ အနက်ရောင် ဝတ်စုံနှင့် လူထံသို့ လျှောက်သွားလိုက်သည်။
ဤလူက ရိုးရှင်းသောသူ မဟုတ်ချေ။ အဓိကတပည့်များသာ သွားရောက်ရင်ဆိုင်လျှင် အလွယ်တကူ ဒဏ်ရာရသွားနိုင်သည်။
…
ကြည်လင်ပြာလဲ့သော ကောင်းကင်အောက်တွင် လီချင်းချိုးတယောက် လင်းရှောင်ခြံဝင်း အတွင်းရှိ စားပွဲရှည်တွင် ထိုင်၍ လျှို့ဝှက်ကျမ်းစာ တစ်အုပ် ရေးသားနေသည်။
ဤကျမ်းစာမှာ ဝူရှင်းယွဲ့ ပထမဆုံးအကြိမ် မှော်ရတနာ ဖန်တီးနိုင်ခဲ့စဉ်က ရရှိခဲ့သော အမွေအနှစ် ဆုလာဘ် ဖြစ်သည်။ လီချင်းချိုးက ၎င်းကို အသက်သွင်းလိုက်ပြီးနောက် ရရှိလာသော အမွေအနှစ် ဆုလာဘ်မှာ "နှလုံးစား ပျားများ မွေးမြူနည်း" ဖြစ်သည်။
နှလုံးစား ပျားများသည် အလွန် အဆိပ်ပြင်းသော ပျားများ ဖြစ်ပြီး ရန်သူ၏ နှလုံးထဲသို့ တိုးဝင်ကာ ပိုင်ရှင်၏ အမိန့်အတိုင်း နှိပ်စက်နိုင်စွမ်း ရှိသည်။
ဤသည်မှာ လီချင်းချိုး ပထမဆုံးအကြိမ် အမွေအနှစ် ပုံစံ ဂါထာစွမ်းအင်ကို ရေးသားခြင်း ဖြစ်သည်။ တိုက်ခိုက်ရေးထက် မွေးမြူရေး နည်းလမ်းနှင့် ပိုတူသဖြင့် သူ စိတ်မဝင်စားပေ။ ထို့ကြောင့် သူ ရေးချလိုက်ပြီး ကျမ်းစာကြည့်တိုက်ထဲတွင် ထားရှိရန် စီစဉ်လိုက်ပြီး စိတ်ဝင်စားသူ ရှိမရှိ စောင့်ကြည့်ရပေမည်။
ကျမ်းစာရေးသားပြီးနောက် လီချင်းချိုးက စုတ်တံကို ချ၍ လက်ရေးလက်သားကို ပြန်လည် သဘောကျနေမိသည်။
နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူ့လက်ရေးများ ပိုမို လှပလာပြီး ဆရာသခင် တစ်ဆူ၏ ဟန်ပန် ပေါ်လာပြီဟု ထင်မြင်နေမိသည်။
ခဏကြာသောအခါ လင်းရှောင်ခြံဝင်း အတွင်းသို့ လီစစ်ကျင် ဝင်ရောက်လာပြီး စားပွဲရှည်နားသို့ ရောက်လာသည်။
ထိုအခါ လီချင်းချိုးက ပြီးစီးသွားသော လျှို့ဝှက်ကျမ်းစာကို သူမကို ကမ်းပေးလိုက်သည်။ သူမက တစ်ချက်ကြည့်လိုက်ပြီး စိတ်ဝင်တစားဖြင့်….
"ဒါက မှော်ပညာလား... လျှို့ဝှက်နည်းလမ်းလား..."
"လျှို့ဝှက်နည်းလမ်း တစ်ခုပါပဲ... နှလုံးစား ပျားတွေရဲ့ ကျင့်ကြံမှု အဆင့်ပေါ် မူတည်ပြီး တိုက်ခိုက်စွမ်းရည် ကွာခြားသွားလိမ့်မယ်... ကျမ်းစာကြည့်တိုက် စတုတ္ထထပ်မှာ ထားလိုက်ပါ..."
"ဟား ဟား စတုတ္ထထပ်မှာ လျှို့ဝှက်ကျမ်းစာ နောက်တစ်အုပ် ရောက်လာတော့ ဂိုဏ်းသားတွေ အများကြီး စူးစမ်းချင်ကြမှာပဲ..."
အချိန်ကြာလာသည်နှင့်အမျှ ကျမ်းစာကြည့်တိုက် စတုတ္ထထပ်ရှိ လျှို့ဝှက်ကျမ်းစာများက အောက်ထပ် သုံးထပ်နှင့် အဆင့်အတန်းချင်း မတူကြောင်း ဂိုဏ်းသားများ နားလည်လာကြသည်။
ထိုအခါ ဂိုဏ်းသားများက သိုင်းပညာများ လဲလှယ်ခြင်းကို လျှော့ချလာကြပြီး စတုတ္ထထပ်ရှိ ကျင့်ကြံခြင်းဆိုင်ရာ လျှို့ဝှက်ကျမ်းစာများကို လဲလှယ်နိုင်ရန် "တာအိုကံတရား"များကို စုဆောင်းလာကြသည်။
လီချင်းချိုးက…..
" ကျင်းကျီလင်း ဘယ်လိုနေလဲ..."
ကျင်းကျီလင်းသည် ရွှယ်ကျင်း ပြန်ခေါ်လာသော ချီမိသားစုမှ နတ်ဘုရားသားတော် ဖြစ်ပြီး လီချင်းချိုးက သူ့ကို ချွမ်ကုန်းခန်းမတွင် နေရာချပေးထားခြင်း ဖြစ်သည်။
ထိုကလေးအကြောင်း တွေးမိသည်နှင့် လီချင်းချိုးက မျိုးဆက်စနစ်ကို ဖွင့်၍ ကျင်းကျီလင်း၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်မိသည်။
[ အမည် - ကျင်းကျီလင်း ]
[ ကျား/မ - ကျား ]
[ အသက် - ၁၃ နှစ် ]
[ သစ္စာရှိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၇၉/၆၆ (အမြင့်ဆုံး ၁၀၀) ]
[ ကျင့်ကြံခြင်းပါရမီ - ကောင်းမွန်သည် ]
[ ဉာဏ်ရည် - သာမန် ]
[ ကံကြမ္မာ - သစ်သားဝိညာဉ်ခန္ဓာ၊ နတ်ဆိုးဝိညာဉ်နှင့် မိစ္ဆာသန္ဓေသား ]
[ သစ်သားဝိညာဉ်ခန္ဓာ - သစ်သားဓာတ် သဘာဝရှိသော တာအိုပညာရပ်များကို နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားပြီး သစ်သားဓာတ် ဝိညာဉ်ချီကို အလွယ်တကူ အာရုံခံနိုင်သည်။ ]
[ နတ်ဆိုးဝိညာဉ်နှင့် မိစ္ဆာသန္ဓေသား - လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဝိညာဉ်တစ်ခုက မိစ္ဆာသန္ဓေသား မျိုးစေ့ကို စိုက်ပျိုးထားသည်။ ဖယ်ရှား၍ မရနိုင်။ မိစ္ဆာသန္ဓေသားမှ မွေးမြူလိုက်သော နတ်ဆိုးဝိညာဉ်၏ အစားထိုး နေရာယူခြင်းကို ခံရနိုင်သလို၊ ထိုနတ်ဆိုးဝိညာဉ်ကို ပြန်လည် ဝါးမြိုပစ်နိုင်သည်။ လူသားတပိုင်း၊မိစ္ဆာတစ်ပိုင်း အဖြစ် ဝင်စားခြင်း ဖြစ်သည်။ ]
…
ထိုကောင်လေး၏ "သစ်သားဝိညာဉ်ခန္ဓာ" ကြောင့်သာ လီချင်းချိုးက သူ့ကို ချွမ်ကုန်းခန်းမတွင် လီစစ်ကျင်နှင့်အတူ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
သို့သော်လည်း "နတ်ဆိုးဝိညာဉ်နှင့် မိစ္ဆာသန္ဓေသား" ဆိုသည့် အချက်က တွေးမိတိုင်း လီချင်းချိုးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ကျင်းကျီလင်းသာ နတ်ဆိုးဝိညာဉ်၏ ပူးကပ်ခြင်းကို ခံရပါက ချင်းရှောင်ဂိုဏ်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်ပြီး မည်သည့်အချိန်တွင် ပူးကပ်ခံရမည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော် ကျင်းကျီလင်းသာ ဤအခက်အခဲကို ကျော်ဖြတ်နိုင်ပါက ချင်းရှောင်ဂိုဏ်းတွင် နောက်ထပ် ပါရမီရှင်တစ်ယောက် ပိုင်ဆိုင်ရမည် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းတွင် ထူးခြားသော ကံကြမ္မာပိုင်ရှင် ပါရမီရှင်များစွာ ရှိသော်လည်း လီချင်းချိုးအတွက်မူ မည်မျှများများ မလုံလောက်နိုင်ပေ။
"သူ အဆင်ပြေပါတယ်... သူ့စိတ်သဘောထားက အရမ်းကောင်းတယ်... ယောကျာ်းလေးနဲ့တောင် မတူဘူး... မိန်းကလေးနဲ့ ပိုတူတယ်... ခန်းမထဲက ဂိုဏ်းသားတွေအားလုံး သူ့ကို ခင်ကြတယ်... အလုပ်လုပ်တာလည်း အရမ်း စေ့စပ်သေချာတယ်... သူ့မှာ ပါရမီကောင်းရှိတယ်လို့ ကျွန်မ ခံစားရတယ်... အနာဂတ် ဓမ္မတိုက်ပွဲ ညီလာခံမှာ ထူးချွန်လာနိုင်မလားပဲ..."
လီစစ်ကျင်က ပြုံး၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကျင်းကျီလင်းသည် ယွင်ချိုင်ကဲ့သို့ ထူးချွန်သော ပါရမီရှင် မဟုတ်သော်လည်း ဂိုဏ်းသား အများစုနှင့် ယှဉ်လျှင် အတော်လေး ပါရမီကောင်းသူ ဖြစ်သည်။
ချွမ်ကုန်းခန်းမ အနေဖြင့် အခြေခံအုတ်မြစ် ခိုင်မာစေရန် သူမလို ဂိုဏ်းသားများ လိုအပ်နေသည်။
လီချင်းချိုး ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အသိပေးချက် တစ်ခု သူ့ရှေ့၌ ရုတ်တရက် ပေါ်လာသည်။
[ ချင်းရှောင်ဂိုဏ်းသား တစ်ဦးက ပထမဆုံးအကြိမ် ဆိပ်ကမ်းတစ်ခု တည်ထောင်နိုင်ခဲ့ပြီး မသိနားမလည်သေးသော အရာများကို ရှာဖွေရန် တာအိုမျိုးဆက်အတွက် လမ်းကြောင်းသစ် ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် သင်သည် အမွေအနှစ် ဆုလာဘ်တစ်ခု ရရှိသည်။ ]
ဆိပ်ကမ်း...
လီချင်းချိုး၏ မျက်နှာထား ထူးဆန်းသွားသည်။
ချင်းရှောင်တောင်ခြေတွင် ရှီးမြစ် ရှိသော်လည်း ရှီးမြစ်အတွက် ဆိပ်ကမ်းတစ်ခု မလိုအပ်ချေ။
ဂိုဏ်းပြင်ပမှ လူတစ်ယောက်ယောက်များ လုပ်ဆောင်လိုက်ခြင်း ဖြစ်မည်လော။
မဟုတ်ဘူး... ဒီဆိပ်ကမ်းက ရိုးရှင်းမှာ မဟုတ်ဘူး... သူ အဆောက်အဦးတွေ အများကြီး ဆောက်ခဲ့ပေမဲ့ အမွေအနှစ် ဆုလာဘ် မရခဲ့ဘူးလေ…