နတ်ဆိုးကပ်ဘေး…..
Vol. 17 Ch. 170
ညအချိန် ရောက်သောအခါ လီချင်းချိုး၊ ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစစ်ကျင်၊ ယန်ကျွယ်တိန်၊ ကျူးယန်၊ ကျန်းယွီ၊ ချိုင်ယွင်ရှန်း၊ ရှန်ယွဲ့ နှင့် ရွှီနင်း တို့ လင်းရှောင်ခြံဝင်း အတွင်း၌ စုဝေးရောက်ရှိနေကြသည်။
ကျန်းကျောက်ရှားကတော့ ရွှီနင်းကို စိန်ခေါ်ပြီးနောက် ရှန်ယွဲ့၏ နေရာတွင် တာဝန်ယူရန် သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေသို့ ထွက်ခွာသွားပြီဖြစ်သည်။
သူသည် ဓားဂိုဏ်းသားများကို သင်ကြားပေးခြင်းထက် တစ်သီးတသန့် နေထိုင်ခြင်းကို ပိုနှစ်သက်သည်။
ရွှီနင်းနှင့် သရေကျခြင်းက သူ့ကို မကျေနပ်စေပေ။
အဘယ်ကြောင့်ဆိုသော် ရွှီနင်းက သူ့မျက်နှာကို ထောက်ထားပြီး လျှော့ကစားခဲ့သည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် လီချင်းချိုးနှင့် ကျန်းယွီချွန်းမှ လွဲ၍ ကျန်လူအားလုံးက ဒဏ္ဍာရီ မှတ်တမ်းတင်ထားသော စာရွက်တစ်ရွက်စီကို ကိုင်ထားကြသည်။
အားလုံး ဖတ်ပြီးသောအခါ သူတို့၏ မျက်နှာထားများ လေးနက်သွားကြသည်။
ကျူးယန်က…
"ကျိမျိုးနွယ်နာမည်က ရှေးဟောင်း ဧကရာဇ် မျိုးနွယ်နာမည်တွေထဲက တစ်ခုဆိုတာ အမှန်ပါပဲ... အဲဒီတုန်းက တာ့ယန်မင်းဆက်က သိပ်ကို အင်အားကြီးခဲ့တာ... ပြည်တွင်း ပြည်ပ ပြဿနာတွေ၊ သဘာဝ ဘေးအန္တရာယ်တွေသာ မကြုံခဲ့ရရင် တာ့ဝေမင်းဆက်နဲ့ ဘယ်တော့မှ အစားထိုးခံရမှာ မဟုတ်ဘူး... ဒါပေမဲ့ တာ့ယန်မင်းဆက် ပြိုလဲသွားရတာနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေတုန်းပဲ... ဒီဒဏ္ဍာရီသာ မှန်မယ်ဆိုရင် အရာအားလုံးက အဓိပ္ပာယ် ရှိသွားပြီ..."
နန်ကုန်းအာနှင့် ချူကျင်းတို့က လီချင်းချိုး၏ နောက်တွင် ဝဲပျံနေကြပြီး ဤပြောဆိုချက်ကို သဘောမတူကြသော်လည်း နှုတ်ဆိတ်နေကြသည်။ သူတို့ စကားပြောလျှင်လည်း ကျူးယန် ကြားရမည် မဟုတ်ပေ။
ရှန်ယွဲ့က ….
"တာ့ယန်မင်းဆက် ပြိုလဲရတာက ကောင်းကင်ဘုံကို စော်ကားမိလို့ ကောင်းကင်ရဲ့ အမျက်ဒေါသ သင့်ပြီး သဘာဝ ဘေးအန္တရာယ်တွေ ဆက်တိုက် ဖြစ်ပေါ်ပြီး ပြည်သူတွေ မကျေမနပ် ဖြစ်လာကြလို့ တခြား ရည်မှန်းချက်ကြီးသူတွေ အခွင့်ကောင်း ယူသွားကြတာလို့ ကောလာဟလ တချို့ ကြားဖူးပါတယ်..."
ကျန်းယွီက …
"ဒီဒဏ္ဍာရီအရ ဆိုရင် နတ်ဆိုးတွေရဲ့ ကျူးကျော်မှုကြောင့် တာ့ယန်မင်းဆက်က ကြီးမားတဲ့ ပေးဆပ်မှုတွေ ပေးဆပ်ခဲ့ရတာပဲ... ဒါသာ အမှန်ဆိုရင် တာ့ယန်မင်းဆက်က အားနည်းပြီး ကုန်ခမ်းသွားတဲ့ အချိန်ကို ရောက်သွားလို့ ပြိုလဲသွားရတာ နားလည်လို့ ရပါတယ်... ဒါပေမဲ့ နတ်ဆိုးတွေ ဘယ်က ရောက်လာသလဲ ဆိုတာကိုတော့ ဒဏ္ဍာရီမှာ မပြောထားဘူး..."
လီတုန်းယွဲ့ က မျက်မှောင်ကြုတ်ပြီး …
"အဲဒါက ချီမိသားစု မွေးမြူထားတဲ့ နတ်ဆိုး ဖြစ်နိုင်မလား..."
အားလုံးက တာ့ယန်မင်းဆက်၏ ဒဏ္ဍာရီအကြောင်း ဆွေးနွေးနေကြသော်လည်း ဆွေးနွေးမှုက ချီမိသားစုအပေါ်တွင်သာ လည်ပတ်နေသည်။
အဘယ်ကြောင့်ဆိုသော် ချီမိသားစုတွင် လူသားတို့၏ အသွေးအသားကို စားသုံးသော ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ကောင်ကို မွေးမြူထားသောကြောင့် ဖြစ်သည်။
သူတို့ကို ခဏတာ ဆွေးနွေးခွင့် ပြုပြီးနောက် လီချင်းချိုးက…
"ဒီဒဏ္ဍာရီက ချီမိသားစုရဲ့ နတ်ဆိုးကို ရည်ညွှန်းတာ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဒီမြေပေါ်မှာ ဖုံးကွယ်နေတဲ့ ပိုကြီးမားတဲ့ အန္တရာယ်တစ်ခု ရှိနေတယ် ဆိုတာကို ကြိုတင် နိမိတ်ပြနေတာပဲ... ငါတို့က ဒါကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်... ဂိုဏ်းကို တည်ဆောက်တဲ့ အပြင် ဂိုဏ်းသားတွေရဲ့ ကျင့်ကြံမှုကိုလည်း အာရုံစိုက်ဖို့ လိုတယ်... ဂိုဏ်းသား အားလုံးကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ပါဝင်ခိုင်းလို့ မဖြစ်ဘူး... အဓိကတပည့်တွေ အပြင် နောက်ထပ် ဂိုဏ်းသား တစ်ဖွဲ့ကို ရွေးချယ်ပြီး ဝိညာဉ်ကျောက်တုံး အရင်းအမြစ်တွေ၊ ကောင်းချီးနယ်မြေတွေနဲ့ ကျင့်ကြံဖို့ အချိန်တွေ ပေးပြီး အဓိကတပည့် အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးဖို့ စီစဉ်ထားတယ်... နောက်နောင် အဓိကတပည့် ဖြစ်မယ့် သတ်မှတ်ချက်ကို မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်အထိ တိုးမြှင့်လိုက်မယ်..."
ထိုစကားကို ကြားပြီးနောက် မည်သူမျှ မကန့်ကွက်ကြပေ။ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သည် သိုင်းလောကကို လွှမ်းမိုးရန် လုံလောက်သော်လည်း သူတို့၏ ရည်မှန်းချက်က ပို၍ ကြီးမားသည်။
ချိုင်ယွင်ရှန်းက….
"ဒီဂိုဏ်းသားတွေကို ဂိုဏ်းချုပ်ကပဲ ရွေးမှာလား... ဒါမှမဟုတ် ကျွန်မတို့က အသုတ်လိုက် ရွေးပေးရမလား..." ဟု မေးလိုက်သည်။
သူမက အဓိကကျသော မေးခွန်းကို မေးလိုက်ရာ အားလုံးက လီချင်းချိုးကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
"ခန်းမ ၇ ခုနဲ့ ဓားဂိုဏ်းက လူ ၂၀ စီ ရွေးချယ်ပေးပါ... နတ်ဆိုးထိန်းကျောင်းရေးခန်းမ အတွက် လူ ၂၀ ကိုတော့ ငါကိုယ်တိုင် ရွေးမယ်..."
တစ်သုတ်လျှင် လူ ၂၀ ဆိုသည်မှာ မများသလို ထင်ရသော်လည်း ဤသည်မှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်ကို စိန်ခေါ်ရန် ဖြစ်သည်။ အနာဂတ်တွင် နောက်ထပ် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိသူ ၁၈၀ ပေါ်ထွက်လာပေလိမ့်မည်။ ဤအင်အားက ရိုးရှင်းသည် မဟုတ်ဘဲ လောကီနယ်စားပယ်စားများကို အလွယ်တကူ ရှင်းလင်းပစ်နိုင်သည်။
ထိုအမိန့်ကြောင့်အားလုံး ဝမ်းသာသွားကြသည်။ အဘယ့်ကြောင့်ဆိုသော်
နည်းလွန်းသည်ဟု မထင်ကြဘဲ အနည်းငယ် များလွန်းသည်ဟုပင် ထင်နေကြသည်။ ပြောရလျှင် ယမန်နှစ်က မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်ဆိုသည်မှာ ဓမ္မတိုက်ပွဲ ညီလာခံတွင် ထိပ်ဆုံး ၁၀ နေရာ စာရင်းဝင်ရန် ယှဉ်ပြိုင်နိုင်သော အဆင့် ဖြစ်သည်။
လီချင်းချိုးက ညွှန်ကြားချက် အချို့ ထပ်ပေးလိုက်ပြီး အဓိကအားဖြင့် ချီမိသားစု၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းသားများ၏ လှုပ်ရှားမှု ဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ ကင်းလှည့်ရမည့် ဧရိယာလည်း ပိုများလာသည်။ အားလုံးက မိမိတို့၏ အမြင်များကို တင်ပြကြပြီး မဟာဗျူဟာများကို အဆက်မပြတ် ချမှတ်ခဲ့ကြသည်။
...
ဆောင်းဦးရာသီ ကုန်ဆုံး၍ ဆောင်းရာသီ ရောက်ရှိလာသောအခါ ထိုက်ခွန်း တောင်တန်း တစ်ခုလုံး နှင်းများ ဖုံးလွှမ်းသွားပြီး ကမ္ဘာတခွင် အဖြူရောင် နယ်မြေအဖြစ် ပြောင်းလဲသွားသည်။
ဇီယန်တောင်ထွတ်ရှိ ခြံဝင်းတစ်ခု အတွင်း…
ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသား တစ်ယောက် ဝင်ရောက်လာပြီး မိုးကာအင်္ကျီကို ချွတ်၍ ဝရန်တာ၏ လက်ရန်းပေါ်တွင် တင်လိုက်တော့
ကလေး ၃ ယောက် အိမ်ထဲမှ ပြေးထွက်လာပြီး သူ့ကို ဝိုင်းရံကာ ခုန်ပေါက် ဆော့ကစားနေကြသည်။
"အဖေ... အဖေ... စားစရာကောင်းတာတွေ ပါလာလား..."
"အဖေ... သားရဲ့ သစ်သားဓားရော..."
"အဖေ... သားတို့နဲ့ ကစားပါဦး..."
ကျာယီက သူ့သားနှစ်ယောက်နှင့် သမီးကို ပြုံး၍ ကြည့်လိုက်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး ….
"ဒီရက်ပိုင်း အဖေ အလုပ် အရမ်းများနေလို့ပါ... အလုပ်ပြီးရင် သားတို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်... နေ့တိုင်း အဖေ အချိန်ပေးပြီး ကစားပေးမယ် ဟုတ်ပြီလား..."
သူ့ဇနီးနှင့် ကလေးများနှင့်အတူ ချင်းရှောင်ဂိုဏ်းတွင် နေထိုင်လာသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သဖြင့် ယခင် ကောင်းကင်ကာကွယ်ရေး အစောင့်တပ်ဖွဲ့ဝင်ဟောင်းကြီးအဖြစ်ကနေ လက်ရှိဘဝကို ယဉ်ပါးနေပြီ ဖြစ်သည်။လက်ရှိဘဝက ရိုးရှင်းသော်လည်း သူ ကျေနပ်နေပြီး ကျန်းယန်ဧကရာဇ်မြို့တော်တွင် နေထိုင်စဉ်ကထက် ပို၍ စိတ်အေးချမ်းရသည်။
အထူးသဖြင့် ကလေးများ ကြီးပြင်းလာသည်ကို ကြည့်ရင်း မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
သူ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနိုင်ပြီး ဇနီးနှင့် ကလေးများ သူ့ဘေးတွင် ရှိနေသည်... ဘာများ ထပ်လိုချင်စရာ ရှိဦးမည်နည်း…
ထိုအချိန်တွင် သူ့ဇနီးဖြစ်သူ ကျန်းကတော် အိမ်ထဲမှ ထွက်လာပြီး ကလေး ၃ ယောက်ကို ခေါ်ထုတ်သွားကာ သူ့ကို အိမ်ထဲသို့ ခေါ်၍ ဝိုင်ပူပူ တစ်ခွက် ငှဲ့ပေးလိုက်သည်။
ကျာယီက အိတ်ကပ်ထဲမှ မြေဂရန် တစ်စောင် ထုတ်၍ စားပွဲပေါ် တင်လိုက်တော့ ကျန်းကတော်က ကောက်ယူကြည့်လိုက်ပြီး…
"ကြိုးကြာတောင်ထွတ် က ဘယ်နားမှာလဲ..." ဟု စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
"မြောက်ဘက်ပိုင်းမှာ... အတော်လေး ဝေးတယ်... ဇီယန်တောင်ထွတ်ကနေ မိုင် ၂၀၀ လောက် ဝေးတယ်..."
"ဒီလောက် ဝေးတာလား... ဒါဆို နောက်ကျရင် ကျွန်မတို့ အဲဒီကို ပြောင်းရမှာလား... ခေတ်ပျက်ကြီးထဲမှာ ထိုက်ခွန်း တောင်တန်းက ချင်းရှောင်ဂိုဏ်းပိုင် နယ်မြေဆိုပေမဲ့ သူခိုးဓားပြတွေ မဝင်လာနိုင်ဘူးလို့ အာမမခံနိုင်ဘူးလေ..."
"ဘယ်လိုလုပ် ပြောင်းရမှာလဲ... ချင်းရှောင်တောင်နဲ့ ဝေးလေ ကလေးတွေရဲ့ အနာဂတ် မှေးမှိန်လေပဲ... ဒီမြေကို တခြားလူကို ပေးပြီး စီမံခိုင်းမလို့... ဂိုဏ်းထဲမှာ တခြားလူတွေအတွက် ဆေးဖက်ဝင်အပင် စိုက်ခင်းတွေ၊ ဥယျာဉ်တွေကို စီမံပေးချင်တဲ့ ဂိုဏ်းသားတွေ ရှိပါတယ်... သူတို့ကို လစာ လုံလောက်အောင် ပေးရင် ရပြီ... ကျင့်ကြံခြင်းခန်းမကို သွားပြီး ဝိညာဉ်ဆေးပင် တချို့ ဝယ်ဖို့ စီစဉ်ထားတယ်... ကလေးတွေ ကျင့်ကြံခြင်း စတင်တဲ့အခါ တခြားလူတွေနောက် မကျန်ခဲ့အောင် အခြေခံကောင်း ပေးနိုင်ဖို့ ကြိုးစားရမယ်..."
ထိုစကားကို ကြားသောအခါ ကျန်းကတော်၏ မျက်နှာ ကြည်လင်သွားသည်။
"ယောကျာ်း... ရှင် တကယ် ပင်ပန်းနေပြီ..."
"ဘာ ပင်ပန်းစရာ ရှိလို့လဲ... မင်းတို့ကို စောင့်ရှောက်တာ ငါ့လို ယောကျာ်းတစ်ယောက် လုပ်သင့်တဲ့ အလုပ်ပဲ..."
"ဒီရက်ပိုင်း ယောကျာ်း ပြဿနာ တစ်စုံတစ်ရာ ကြုံနေရသေးလား..."
"ပြဿနာ နည်းနည်းတော့ ရှိတယ်... မျိုးနွယ်ကြီး တစ်ခုက လူတစ်ယောက်နဲ့ ပြဿနာ ဖြစ်ထားတာ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... အဲဒီကောင်က ငါ့ကို ပြန်ပြောရဲတယ်... သူ့ကို ဘယ်လို ပညာပေးရမလဲ စောင့်ကြည့်နေလိုက်... ငါက ဂိုဏ်းချုပ်အတွက် အလုပ်လုပ်ပေးခဲ့တာ... ကုသိုလ်မှတ်နဲ့ ပြောရရင် သူက ငါ့ကို ယှဉ်နိုင်လို့လား... သူ့ကို ချင်းရှောင်ဂိုဏ်းကနေ ထုတ်ပစ်အောင် ငါ သေချာပေါက် လုပ်မယ်..."
ကျာယီ ထိုစကားကို ပြောသောအခါ လေသံမာကျောသွားသဖြင့်
ကျန်းကတော်က စိုးရိမ်တကြီးဖြင့်…
"ယောကျာ်း... ချင်းရှောင်ဂိုဏ်းထဲမှာ ပြဿနာ မဖြစ်တာ အကောင်းဆုံးပါပဲ..."
"ငါက ပြဿနာရှာတာ မဟုတ်ဘူး... ငါ့ကို အနိုင်ကျင့်တဲ့လူတွေ အမြဲ ရှိနေလို့... ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်း ပါရမီက မဆိုးပါဘူး... ငါက မူလအားဖြည့်နယ်ပယ် တတိယအဆင့် ရောက်နေပြီ... ငါသာ အဓိကတပည့် ဖြစ်လာရင် သူတို့ကို ဖြေရှင်းရတာ သီဟိုဠ်စေ့ စားသလို လွယ်သွားလိမ့်မယ်..."
ကျန်းကတော်သည် ခင်ပွန်းဖြစ်သူ၏ စိတ်သဘောထားကို နားလည်သလို သူက ကလေးများကို တန်ဖိုးထားတတ်လာခြင်းသည်ပင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ကြောင်း နားလည်ထားသည်။
"သေချာ စဉ်းစားပြီးမှ လုပ်ပါ... ရှင့်မှာ ကလေးတွေ ရှိသေးတယ်... သူတို့ကို အန္တရာယ် မဖြစ်စေနဲ့..."
"မင်းတို့ မိန်းမတွေက ဆံပင်သာ ရှည်တာ ဉာဏ်က တိုတယ်... နောက်ဆုတ်နေရုံနဲ့ တစ်သက်လုံး အေးချမ်းမှာ မဟုတ်ဘူး... ကလေးကိုသာ ကောင်းကောင်း ပျိုးထောင်... မိုးဒဏ် လေဒဏ်ကို ငါ ကာကွယ်ပေးမယ်..."
ကျာယီက ပြောပြောဆိုဆိုနှင့် ဝိုင်ပန်းကန်လုံးကို ကောက်ယူပြီး တစ်ရှိန်ထိုး မော့လိုက်ကာ ထရပ်လိုက်သည်။
"မပြောတော့ဘူး... မင်းက ငါ့စိတ်ကို ရှုပ်အောင် လုပ်တာပဲ... ကြိုးကြာတောင်ထွတ် ကို သွားကြည့်လိုက်ဦးမယ်... မနက်ဖြန်မှ ပြန်လာခဲ့မယ်..."
ပြောပြီးသည်နှင့် ကျာယီ လှည့်ထွက်သွားသည်။ ကျန်းကတော် တားသော်လည်း သူ နားမထောင်ပေ။
ခြံဝင်းထဲသို့ ရောက်သောအခါ ကျာယီ မိုးကာအင်္ကျီ ဝတ်ဆင်လိုက်စဉ် ကလေး ၃ ယောက်က သူ့ကို ထပ်မံ ဝိုင်းရံလာကြသည်။ သူသည် ကလေးများကို သိသိသာသာ ပို၍ သည်းခံတတ်လာသည်။ သူ ဒူးထောက်ထိုင်ချလိုက်ပြီး သမီးဖြစ်သူနှင့် ခေတ္တ စကားပြောပြီးမှ ထွက်ခွာသွားခဲ့သည်။
နှင်းမုန်တိုင်း ပိုမို ပြင်းထန်လာပြီး မကြာမီ ကျာယီတယောက် အဖြူရောင် နယ်မြေကြီးထဲတွင် ပျောက်ကွယ်သွားချေတော့သည်။
…………..
ကျာယီသည် ဇီယန်တောင်ထွတ်မှ ကြိုးကြာတောင်ထွတ်သို့ သွားရန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။
တောင်ထိပ်တွင် တည်ရှိသော ကြိုးကြာတောင်ထွတ်က ကြိုးကြာတစ်ကောင်နှင့် တူသောကြောင့် ထိုအမည်ကို ပေးထားခြင်း ဖြစ်သည်။ ဤနေရာရှိ သစ်တောများက သိပ်သည်းခြင်း မရှိဘဲ တောင်များနှင့် လွင်ပြင်များကို နှင်းဖြူများဖြင့် ဖုံးလွှမ်းနေသည်။ လှမ်းကြည့်လိုက်လျှင် ကြိုးကြာတောင်ထွတ်ကြီးက ရှေးဟောင်း နတ်ဘုရား တစ်ပါးအလား နှင်းမြူများကြားတွင် ဖုံးကွယ်နေပြီး ဖိနှိပ်သော အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေသည်။
ကျာယီ ခမ်းနားထည်ဝါသော ကြိုးကြာတောင်ထွတ်ကို မော့ကြည့်လိုက်ရာ သူ့မျက်နှာတွင် မျှော်လင့်ချက်များ ပေါ်လာသည်။
"ဆေးဖက်ဝင်အပင် စိုက်ခင်းကို ကောင်းကောင်း လုပ်ပြီး ကျင့်ကြံခြင်းခန်းမနဲ့ ရင်းရင်းနှီးနှီး နေနိုင်ရင် အနာဂတ်မှာ ဂိုဏ်းထဲ ခြေကုပ်ယူနိုင်လိမ့်မယ်..."
ထိုအတွေးကြောင့်
ဆောင်းရာသီ ဖြစ်သော်လည်း ကျာယီ၏ ရင်ထဲတွင် နွေးထွေးမှုများ လှိုင်းထလာပြီး အားအင်များ ပြည့်ဖြိုးလာသည်။
သူ ဝယ်ယူထားသော မြေကွက် မည်သို့ ရှိသည်ကို ကြည့်ရှုရန် စိတ်လောနေသဖြင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ရင်း
ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ အနောက်ဘက်မှ အရပ်ရှည်ရှည် လူတစ်ယောက် သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူ ခဏ တွန့်ဆုတ်သွားပြီးနောက် ရပ်တန့်၍ တစ်ဖက်လူ အနားရောက်လာသည်ကို စောင့်ဆိုင်းလိုက်သည်။
ဤနေရာသည် ချင်းရှောင်ဂိုဏ်းပိုင် နယ်မြေ ဖြစ်သဖြင့် မည်သူမျှ ပြဿနာ လာမရှာရဲပေ။ တစ်ဖက်လူက မကောင်းသော ရည်ရွယ်ချက် ရှိလျှင်လည်း သူ မကြောက်ပေ။
သူသည်လည်း ယခင်က လူဆိုးတစ်ယောက် ဖြစ်ခဲ့ဖူးသည်မဟူတ်ပေလော….
တစ်ဖက်လူ နီးကပ်လာသောအခါ ကျာယီသည် ထိုလူ၏ မျက်နှာကို သေချာ မြင်လိုက်ရပြီး သတိထားမှုကို လုံးဝ လျှော့ချလိုက်သည်။
သူ့ထံလာနေသူမှာ ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ကောင်လေးတစ်ယောက် ဖြစ်သည်။ သူသည် ပိန်လှီပြီး အားနည်းပုံရကာ ထောင်မှ ထွက်ပြေးလာသူ တစ်ယောက်ကဲ့သို့ စုတ်ပြတ်နေသော အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ထူးဆန်းသည်မှာ သူ့တွင် ဆံပင်ဖြူများ ရှိနေခြင်း ဖြစ်သည်။
အရွယ်မတိုင်ခင် ဆံပင်ဖြူတာလား…
ရောဂါဆိုး တစ်ခုခု ဖြစ်နေလို့ ဆေးကုဖို့ တောင်ပေါ်တက်လာတာများလား…
တစ်ဖက်လူ နီးကပ်လာသောအခါ ကျာယီ စဉ်းစားနေမိသည်။
"မင်း ချင်းရှောင်တောင်ကို သွားမလို့လား... လမ်းမှားနေပြီ... ငါ့နောက်လိုက်ခဲ့..." ဟု ကျာယီက ပြောလိုက်တော့
ဆံပင်ဖြူလူငယ်က ပြုံးလိုက်သော်လည်း သူ့အပြုံးက ယုတ်မာသော အပြုံး ဖြစ်နေသည်။
ကောင်လေးက ရုတ်တရက် လက်ကို မြှောက်၍ ကျာယီ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်တော့ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် ကျာယီ တုံ့ပြန်ချိန် မရလိုက်ပေ။
"မင်း..."
ကျာယီခင်မော ဆံပင်ဖြူလူငယ်၏ မခြင်းကို ခံလိုက်ရပြီး လေထဲသို့ မြောက်တက်သွားသည်။ သူသည် ဆံပင်ဖြူလူငယ်၏ လက်ကို ဖယ်ရှားရန် ကြိုးစားသော်လည်း သံညှပ်ဖြင့် ညှပ်ထားသကဲ့သို့သာ ခံစားရသည်။ သူ့မျက်နှာ လျင်မြန်စွာ နီရဲလာပြီး မျက်လုံးများ သွေးရောင် လွှမ်းလာသည်။
ဆံပင်ဖြူလူငယ်က ကျာယီကို စိုက်ကြည့်ပြီး အေးစက်သော အသံဖြင့်… "လီချင်းချိုး ချင်းရှောင်တောင်ပေါ်မှာ ရှိလား..." ဟု မေးလိုက်တော့ ကျာယီ ကြောက်ရွံ့သွားသည်။
ဆံပင်ဖြူလူငယ်၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။ တတိယအဆင့် ကျင့်ကြံသူ ဖြစ်သော သူသည်ပင် ပြန်လည် မခုခံနိုင်ပေ။
သူ အလိုအလျောက် ဖြေလိုက်ချင်သော်လည်း ချင်းရှောင်တောင်သို့ သွားရန် ဇီယန်တောင်ထွတ်ကို ဖြတ်ကျော်ရမည် ဖြစ်ကြောင်း တွေးမိသောအခါ အမှန်တိုင်း မဖြေရဲတော့ပေ။
"သူ... သူ မရှိဘူး..." ကျာယီက တုန်ရီသော အသံဖြင့် ဖြေလိုက်တော့…
"မရှိဘူးလား... ဒါဆို အတော်ပဲ... ငါ သတ်ဖြတ်ပြီး လမ်းဖောက်လိုက်မယ်... ပြီးရင် အရိုးတောင်ပုံကြီးပေါ် ထိုင်ပြီး လီချင်းချိုး ပြန်လာတာကို စောင့်နေလိုက်မယ်... မင်း လမ်းပြပေးရမယ်... ချင်းရှောင်ဂိုဏ်းသားတွေ နေတဲ့ တောင်တိုင်းကို လိုက်ပြ..."
ထိုစကားကို ကြားသောအခါ ကျာယီ၏ မျက်လုံးအိမ်များ တုန်ခါသွားပြီး လက်များကို လွှတ်ချကာ ရုန်းကန်ခြင်းကို ရပ်တန့်လိုက်သည်။
ဆံပင်ဖြူလူငယ်က သူ့ကို ထိုအတိုင်း မထားပြီး ရှေ့ဆက်သွားနေသည်။
ရုတ်တရက်…
ကျာယီက ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး လက်ချောင်းနှစ်ချောင်းတွင် မူလချီစွမ်းအင်များ လည်ပတ်စေကာ ဆံပင်ဖြူလူငယ်၏ မျက်လုံးများကို တည့်တည့် ထိုးဖောက်လိုက်သည်။
ဘုန်း…
ကျာယီ၏ ခေါင်းပြတ်က လေထဲသို့ လွင့်စဉ်သွားပြီး ဆံပင်ဖြူလူငယ်၏ နောက်ဘက် နှင်းပြင်ပေါ်သို့ ကျသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာပေါ်တွင် ရက်စက်သော အမူအရာ ရှိနေဆဲ ဖြစ်ကာ မျက်လုံးထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။
ဆံပင်ဖြူလူငယ်ကတော့ တချက်မှ လှည့်မကြည့်ဘဲ ကျာယီ၏ အလောင်းကို နှင်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး မျက်နှာပေါ်မှ သွေးများကို အင်္ကျီလက်မောင်းဖြင့် သုတ်ကာ ချင်းရှောင်တောင်ဘက်သို့ ဆက်လက် လျှောက်သွားလိုက်သည်။
နှင်းမုန်တိုင်းက ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် တိုက်ခတ်နေသည်။ ဆံပင်ဖြူလူငယ်၏ ပုံရိပ် နှင်းမြူများကြားတွင် ပျောက်ကွယ်သွားသောအခါ ကျာယီ၏ မျက်နှာတစ်ဝက် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းသွားပြီး သူ့မျက်လုံးများတွင် အရောင်အဝါ လုံးဝ ပျောက်ကွယ်သွားတော့သည်။