← Chapters

ဆွမ်းနီ…..

Vol. 17 Ch. 162

ဆွမ်းနီ…..

Vol. 17 Ch. 162

သေချာ စဉ်းစားပြီးနောက် သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေက ပင်လယ်နှင့် နီးကပ်သောကြောင့် ထိုနေရာရှိ ဂိုဏ်းသားများက ဆိပ်ကမ်း တည်ဆောက်လိုက်ခြင်း ဖြစ်မည်ဟု လီချင်းချိုး ကောက်ချက်ချလိုက်သည်။

သူသည် ဆိပ်ကမ်းအကြောင်းကို အလွန် သိချင်နေသော်လည်း ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ပြန်မလာမချင်း ချင်းရှောင်ဂိုဏ်းမှ ထွက်ခွာ၍ မရနိုင်ချေ။

လီစစ်ကျင်နှင့် ခေတ္တမျှ စကားစမြည် ပြောပြီးနောက် လီချင်းချိုးက မသေမျိုးလိုဏ်ဂူသို့ ပြန်၍ ကျင့်ကြံအားထုတ်ခဲ့သည်။

သူသည် အချိန်ကို အမိအရ ဆုပ်ကိုင်၍ တတ်နိုင်သမျှ စွမ်းအားကြီးအောင် လုပ်ဆောင်ရမည်။

သူ့အနေဖြင့် ပြိုင်ဘက်များကို တတ်နိုင်သမျှ အထင်ကြီးထားလေ့ ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းက ပို၍ စိတ်ချရသော နည်းလမ်း ဖြစ်သောကြောင့်ပင်….

မသေမျိုးလိုဏ်ဂူကို ရှာတွေ့ပြီးချိန်မှစ၍ မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း၏ အရသာကို တွေ့ရှိလာပြီး ရက်ပေါင်းများစွာ ဆက်တိုက် တံခါးပိတ် ကျင့်ကြံလေ့ ရှိလာသည်။

ကမ္ဘာလောကကြီးက ဒီရေအလား ပြောင်းလဲနေပြီး ချင်းရှောင်ဂိုဏ်း၏ လှုပ်ရှားမှုများက သိုင်းလောကကို တုန်လှုပ်စေခဲ့သည်။

ချင်းရှောင်ဂိုဏ်း အနေဖြင့် မိမိတို့ ပျက်စီးမည့်နေ့ကို လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း လူအများ ခန့်မှန်းခဲ့ကြသော်လည်း ချင်းရှောင်ဂိုဏ်းက ဤမျှ ရက်စက်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ဦးဆောင်သော ချင်းရှောင်ဂိုဏ်းသားများက နယ်မြေအသီးသီးရှိ လင်းထျန်းအိမ်တော်များကို ဝင်ရောက် စီးနင်းခဲ့ကြသည်။

နတ်ဆိုးဧကရာဇ်နှင့် လက်ရှိဧကရာဇ်တို့ကို လီချင်းချိုး မသတ်ဖြတ်မီ အချိန်ကတည်းက ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က ချင်းရှောင်ဂိုဏ်း၏ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြပြီး သိုင်းလောကကို တုန်လှုပ်စေခဲ့သော အနှိုင်းမဲ့ ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

သိုင်းလောကသားများ သူတို့ကို မေ့လုနီးပါး ဖြစ်နေချိန်တွင် သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများကို တစ်ဖန် ပြသလာကြပြန်သည်။

မြောက်ဘက်နှင့် တောင်ဘက်တခွင် ကျင်လည်ကျက်စားနေသော လင်းထျန်းဂိုဏ်းမှ ကျွမ်းကျင်သူများအနေနှင့် ဤနှစ်ယောက် ပေါင်းစည်းထားသော အင်အားကို မယှဉ်နိုင်ကြပေ။

လင်းထျန်းအိမ်တော်များက မြို့ကြီးများ အတွင်းတွင် တည်ရှိသောကြောင့် ချင်းရှောင်ဂိုဏ်းနှင့် လင်းထျန်းဂိုဏ်းတို့၏ တိုက်ပွဲကို လူပေါင်းများစွာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။

တစ်ခဏအတွင်းမှာပင် ချင်းရှောင်ဂိုဏ်းကို သိုင်းလောကက မိုးထိအောင် ချီးကျူးလာကြပြီး အချို့က ချင်းရှောင်ဂိုဏ်းသားများ ပျံသန်းနိုင်သည်ဟုပင် ပြောဆိုလာကြသည်။

ဤသို့ဖြင့် ချဲ့ကားထားသော ကောလာဟလ အမျိုးမျိုး ပျံ့နှံ့နေပြီး အမှားနှင့် အမှန်ကို ခွဲခြားရန် ခက်ခဲလှသည်။ သေချာသည့် အချက်တစ်ခုမှာ လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်း၏ ပြိုင်ဘက် မဟုတ်ခြင်းပင်။

လင်းထျန်းဂိုဏ်းက သိုင်းလောကကို ပေါင်းစည်းလိုသော်လည်း ချင်းရှောင်ဂိုဏ်းက သူတို့အတွက် ကျော်ဖြတ်မရနိုင်သော အတားအဆီးကြီး တစ်ခု ဖြစ်နေသည်။ အဖွဲ့အစည်း နှစ်ခု ထိပ်တိုက်တွေ့သောအခါ လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းနှင့် အဆင့်အတန်းချင်း မတူကြောင်း သိုင်းလောကသားများ နားလည်လာကြသည်။

သိုင်းလောက တစ်ခုလုံး ဆူညံပွက်လောရိုက်သွားကာ "တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း" ဟူသော စကားလုံးသည်လည်း သိုင်းလောကသားများ၏ နှုတ်ဖျားတွင် တစ်ဖန် ရေပန်းစားလာပြီး သဘောထားများ ပြောင်းလဲလာကာ တညီတညွတ်တည်းသော အဖြေတစ်ခုဆီသို့ ဦးတည်လာကြသည်။

ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် အခြားသူများ ပြန်မရောက်လာမီမှာပင် သူတို့၏ အောင်မြင်မှု သတင်းများ ချင်းရှောင်တောင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဂိုဏ်းတစ်ခုလုံး စိတ်လှုပ်ရှားနေကြသည်။

ထိုအခါ ရှီးလျန့်ခန်းမတွင် ဖိအားများ ပိုမို များပြားလာသည်။ အကြောင်းမှာ ဂိုဏ်းသား အများအပြားက "တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း" ဖြစ်လာစေရန် ကူညီပေးလိုစိတ်ဖြင့် တောင်အောက်သို့ ဆင်းလိုကြသောကြောင့် ဖြစ်သည်။

မတ်လနှောင်းပိုင်းတွင်….

နေ့လယ်ပိုင်းတွင် ရှီးလျန့်ခန်းမ၏ တံခါးဝသို့ ကျန်းဖိန် ဝင်ရောက်လာပြီး ခြံဝင်းထဲရှိ ရှည်လျားသော လူတန်းကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာလို့ လူတွေ ဒီလောက် များနေရတာလဲ..."

ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏ အောင်မြင်မှုများ ကြားရသောကြောင့် ကျန်းဖိန် ရှီးလျန့်ခန်းမသို့ ရောက်လာခြင်း မဟုတ်ပေ။ သူသည် "တာအိုကံတရား" ရယူလိုရုံ သက်သက်သာ ဖြစ်သည်။

ဂိုဏ်းချုပ်ကဧကရာဇ်ကို သတ်ဖြတ်လိုက်ပြီးနောက် နတ်ဆိုးဂိုဏ်း ပျောက်ကွယ်သွားသည်။ ယခုအခါ ဂိုဏ်းက လင်းထျန်းဂိုဏ်းနှင့် စစ်ပွဲကြီး ဆင်နွှဲနေပြီ ဖြစ်ရာ ချူကျင်းသာ အသက်ရှိနေသေးလျှင်ပင် သူ့ကို စောင့်နေလိမ့်မည် မဟုတ်ဟု ခံစားမိသည်။

သူသည် ကုန့်လင်ခန်းမတွင်ရှိနေသဖြင့် ဂိုဏ်း၏ အဆင့်အသီးသီးမှ တပည့်အရေအတွက်ကိုကောင်းစွာ သိရှိထားပြီး သူ့ထက် ကျော်လွန်သွားသော တပည့်အရေအတွက် များပြားလာခြင်းက သူ့ကို စိုးရိမ်ပူပန်စေသည်။

ကျမ်းစာကြည့်တိုက် စတုတ္ထထပ်ရှိ အထွတ်အထိပ် အမွေအနှစ်ကို လဲလှယ်ရန်အတွက် လုံလောက်သော တာအိုကံတရားများ လိုအပ်ကြောင်းလည်း သူ နားလည်ထားသည်။

သူသည် "မြေကမ္ဘာအဆောင် ရတနာကျမ်း" ပထမပိုင်းနှင့် "ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်" ပညာရပ်များကို သင်ယူထားပြီး ဖြစ်သော်လည်း ဤပညာရပ်နှစ်ခုအတွက် ပါရမီ မလုံလောက်သဖြင့် လက်ရှိတွင် သာမန်မျှသာ တတ်မြောက်ထားသေးသည်။

ဤနှစ်များအတွင်း ကုန့်လင်ခန်းမ၌ နေထိုင်ရင်း သူ့အနာဂတ်ကို မြင်တွေ့နေရပြီး ထိုသို့ မြင်တွေ့နေရခြင်းကြောင့်ပင် စိုးရိမ်စိတ်များ ဖြစ်ပေါ်ကာ ပြောင်းလဲမှု တစ်ခု ပြုလုပ်ချင်လာခြင်း ဖြစ်သည်။

ခန်းမထဲတွင် လူအများအပြား ရှိနေသဖြင့် သင့်တော်သော တာဝန်တစ်ခု မရရှိမည်ကို ကျန်းဖိန် စိုးရိမ်လာသည်။

"ဂျူနီယာညီလေး... တာဝန် ထမ်းဆောင်ချင်ပေမဲ့ ကောင်းတဲ့တာဝန်တွေ လွတ်သွားမှာ စိုးရိမ်နေတာလား..."

သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ကျန်းဖိန် လှည့်ကြည့်လိုက်ရာ လူငယ်တစ်ယောက်က သူ့ကို ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤနေရာသည် ချင်းရှောင်ဂိုဏ်း ဖြစ်သဖြင့် တစ်ဖက်လူက သူ့ကို ဒုက္ခပေးမည်ကို ကျန်းဖိန် မပူပန်ပေ။

"ဟုတ်တယ်... လူတွေ အရမ်းများလွန်းတယ်..."

သူ့ကို စကားလာပြောသူမှာ "ကံကောင်းသူ" ကံကြမ္မာကို ပိုင်ဆိုင်ထားသည့် ပိုင်နင်းအာပင် ဖြစ်သည်။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်သော ပိုင်နင်းအာက ၁၉ နှစ်အရွယ် ကျန်းဖိန်၏ ရှေ့တွင် စီနီယာအစ်ကိုကြီးဟု ပြောဆိုနိုင်သည်။

ကျန်းဖိန်၏ စကားကို ကြားသောအခါ ပိုင်နင်းအာ၏ အပြုံးက ပို၍တောက်ပလာပြီး…

"ငါ့နာမည် ပိုင်နင်းအာ ပါ... ငယ်ငယ်တုန်းက ခန်းမသခင် လီစစ်ဖုန်းနောက်လိုက်ပြီး တောင်အောက်ဆင်း လေ့ကျင့်ဖူးတယ်... နောက်ပိုင်း ဝိညာဉ်ကျောက်တွင်းမှာ နေခဲ့တာ... ငါ အခု တာဝန်တစ်ခု ယူထားတယ်... အဖော်လိုက်မယ့်သူ ရှာနေတာ... ဂျူနီယာညီလေး လိုက်ချင်ရင် ငါနဲ့ လိုက်ခဲ့ပါ... ပြီးသွားရင် တာအိုကံတရား ၃၀၀ ကို တစ်ဝက်စီ ခွဲယူကြမယ်..."

တာအိုကံတရား ၃၀၀…

ထိုစကားကို ကြားသည်နှင့် ကျန်းဖိန် မျက်ခုံးပင့်သွားသည်။ သူ့လက်ရှိ လစာမှာ တစ်လမှ တာအိုကံတရား ၄၀ သာ ရရှိသည်။ တာအိုကံတရား ၁၅၀ ကို တစ်ခါတည်း ရရှိမည့် အခွင့်အရေးကို သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"စီနီယာအစ်ကိုကြီးပိုင်... ဘယ်လို တာဝန်မျိုးလဲ... ဘယ်လောက် ဝေးလဲ ဆိုတာ မေးလို့ရမလား..."ဟု ကျန်းဖိန်က သတိထားပြီး မေးလိုက်သည်။

ထိုအခါ.ပိုင်နင်းအာက ရှေ့သို့ တိုးလာပြီး သူ့ပခုံးကို ရင်းနှီးစွာ ဖက်လိုက်ကာ ….

"တခြားနေရာ သွားပြောကြတာပေါ့... မင်း သဘောတူရင် ငါတို့ ထပ်ပြီး စာရင်းသွင်းကြမယ်... သဘောမတူရင်လည်း မိတ်ဆွေဖွဲ့တယ်လို့ သဘောထားလိုက်ပါ..."

ရှီးလျန့်ခန်းမတွင် စာရင်းသွင်းနိုင်ကြောင်း ကြားလိုက်ရသဖြင့် ကျန်းဖိန် စိတ်သက်သာရာ ရသွားသည်။

ကျီဖှာခန်းမ၏ စည်းကမ်းများအရ တာအိုကံတရားများကို တိုက်ရိုက် လွှဲပြောင်းခွင့် မရှိပေ။ ဂိုဏ်းသား အများအပြားက နည်းလမ်းမျိုးစုံဖြင့် သီးသန့် လဲလှယ်နေကြသော်လည်း ဗြောင်ကျကျ လုပ်ဆောင်ခွင့် မရှိသည်မှာ သေချာသည်။

ပိုင်နင်းအာက စာရင်းမသွင်းဘဲ နောင်မှ နောင်တရသွားလျှင် သူ ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။

"ကောင်းပြီလေ..."

ကျန်းဖိန် သဘောတူလိုက်သည်။ ထူးဆန်းသည်မှာ သူသည် လူတိုင်းကို သတိထားလေ့ ရှိသော်လည်း ပိုင်နင်းအာကို ကြည့်လိုက်သောအခါ ထူးဆန်းသော ခင်မင်မှုမျိုး ခံစားလိုက်ရပြီး သူတို့နှစ်ယောက် အဆင်ပြေမည်ဟု ထင်မြင်မိသည်။

အခြားတစ်ဘက်တွင်…

လင်းရှောင်ခြံဝင်း အတွင်း၌….

လီချင်းချိုးက ပင်လယ်ကမ်းစပ်ရှိ ဆိပ်ကမ်း ကိစ္စနှင့် ပတ်သက်ပြီး အဓိကတပည့် တစ်ယောက်၏ တင်ပြချက်ကို နားထောင်နေသည်။

"ဆိပ်ကမ်းက သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေနဲ့ မဝေးဘူး... ဆိပ်ကမ်း ဆောက်ရတဲ့ အကြောင်းအရင်းက ရေတိမ်ပိုင်းမှာ ဝဲကတော့တစ်ခု တွေ့ထားလို့ပါ... အဲဒီ ဝဲကတော့ကနေ အလွန်အားကောင်းတဲ့ ဝိညာဉ်ချီတွေ ထွက်နေပါတယ်... အကြီးအကဲ ရှန်ယွဲ့က အရင်တုန်းက နှစ်တောင်လောက် ရှည်တဲ့ ငါးတစ်ကောင်တွေ့လို့ ဖမ်းဖို့ ကြိုးစားပေမဲ့ အဲဒီငါးက ဝဲကတော့ထဲ ဝင်ပြီး ပျောက်သွားတော့ အကြီးအကဲ ရှန်ယွဲ့က ဒီဝဲကတော့မှာ တံခါးပေါက်တစ်ခု ရှိမယ်... သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေလိုမျိုး ရတနာနယ်မြေတစ်ခု ဖြစ်နိုင်တယ်လို့ ခံစားမိလိုက်တယ်... ဒါကြောင့် ဆိပ်ကမ်းကို အကာအကွယ်ယူပြီး ရေတိမ်ပိုင်းမှာ နန်းဆောင်တစ်ခု ဆောက်ဖို့ အမိန့်ပေးခဲ့ပါတယ်..."

အဓိကတပည့်၏ တင်ပြချက်ကို နားထောင်ပြီးနောက် ရှန်ယွဲ့က အတွေ့အကြုံ ရင့်ကျက်ပြီး အလွန် စွမ်းဆောင်ရည် ရှိကြောင်းသိလိုက်ရသဖြင့် လီချင်းချိုး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ထိုဝဲကတော့ အတွင်းတွင် အဆင့်နိမ့် မိစ္ဆာနယ်မြေလို နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခု ရှိနေမည်မှာ သေချာကြောင်း လီချင်းချိုး ယုံကြည်လိုက်သည်။ သို့သော် ၎င်း၏ ဦးတည်ရာ နေရာကို လတ်တလော မသိရှိနိုင်သေးပေ။

သို့သော်လည်း ၎င်းသည် သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေ အနီးတွင် ရှိနေသောကြောင့် ဤ ဝဲကတော့က သူ့အတွက် လတ်တလော အန္တရာယ် မရှိကြောင်း ဆိုလိုသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာသည် "တာအိုမျိုးဆက်စနစ်" က သူ့အတွက် ရွေးချယ်ပေးခဲ့သော ကံကောင်းခြင်း နယ်မြေ ဖြစ်သောကြောင့်ပင်။

သို့သော် လီချင်းချိုး ပေါ့ဆနေမည် မဟုတ်ပေ။ ခြိမ်းခြောက်မှု မရှိဘူး ဆိုသည်မှာ အချိန်ကာလ တစ်ခုအတွက်သာ အာမခံချက် ရှိခြင်း ဖြစ်သည်။ ယခင်က အန္တရာယ် မရှိခဲ့သော အရာများက ယခု အန္တရာယ် မရှိနိုင်ဟု ပြောမရသလို အနာဂတ်တွင်မူ ပို၍ မသေချာ မရေရာ ဖြစ်လာနိုင်သည်။

"ပြန်သွားပြီး အကြီးအကဲ ရှန်ယွဲ့နဲ့ တခြား ဂိုဏ်းသားတွေကို မဆင်မခြင် မလုပ်ဖို့ ပြောလိုက်ပါ... အဲဒီထဲမှာ ဖုံးကွယ်နေတဲ့ မိစ္ဆာဆိုး တစ်ကောင်ကောင် ရှိနေပြီး မင်းတို့ကို ဒုက္ခပေးတာမျိုး၊ လွတ်မြောက်လာတာမျိုး ဖြစ်ရင် ကြောက်စရာ ကောင်းလိမ့်မယ်..."

"ထိုက်ခွန်း တောင်တန်းက အရှေ့ဘက် သမုဒ္ဒရာနဲ့ ဆက်စပ်နေတယ်... စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲ တစ်ကောင်ကောင်သာ ထွက်လာရင် ချင်းရှောင်ဂိုဏ်းအတွက် ပထမဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်..."

"ဂိုဏ်းချုပ် စိတ်ချပါ... ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်... ဒါပေမဲ့ အကြီးအကဲ ရှန်ယွဲ့က ကျွန်တော်တို့ရဲ့ စွမ်းရည် မလုံလောက်ဘူးလို့ ထင်နေပြီး ဆိပ်ကမ်း တည်ဆောက်ဖို့ ကုန်းယွမ်ခန်းမက ဂိုဏ်းသား တချို့ကို လွှတ်ပေးစေချင်နေပါတယ်... ကမ်းရိုးတန်း ဒေသမှာ သယံဇာတတွေ ပေါကြွယ်ဝပြီး ရှီးမြစ်က ပင်လယ်နဲ့ ဆက်စပ်နေတယ်ဆိုတော့ အနာဂတ်မှာ ဂိုဏ်းအတွက် ပင်လယ်ငါးတွေ ပံ့ပိုးပေးနိုင်အောင် မြစ်ကြောင်းလမ်း ဖောက်လုပ်နိုင်မယ်လို့ ပြောကြပါတယ်..."

အဓိကတပည့်က ခေါင်းညိတ်၍ အကြံပြုချက် တစ်ခုကို ပေါ့ပေါ့ပါးပါး တင်ပြလိုက်တော့ လီချင်းချိုး ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။

"အကြံကောင်းပဲ... မင်းကို ငါ မှတ်ထားမယ်... ကောင်းကောင်း လုပ်ပါ... ပြန်ပြီး ခဏ နားလိုက်ဦး... မနက်ဖြန် မနက်ကျရင် ကုန့်လင်ခန်းမကို စောစောသွားပြီး စောင့်နေ... မင်းနဲ့အတူ လိုက်ဖို့ ဂိုဏ်းသား တစ်ဖွဲ့ကို ငါ စီစဉ်ပေးမယ်..."

"ဟုတ်ကဲ့ပါ..."

အဓိကတပည့်မှာ ပြုံးရွှင်သွားပြီး အလျင်အမြန် ဦးညွှတ်ကာ ထွက်ခွာသွားသည်။

ဂိုဏ်းနှင့် ဝေးကွာနေသည်မှာ ကြာပြီ ဖြစ်သဖြင့် သူ့တွင်လည်း လွမ်းဆွတ်တမ်းတနေရသော လူများ ရှိပေသည်။

လီချင်းချိုးကတော့ စားပွဲရှည်တွင် ထိုင်၍ တွေးတောနေရင်း မြေပုံတစ်ခု ရေးဆွဲရန် လိုအပ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

သို့သော် ဤမြေပုံကို ဂိုဏ်း၏ အစောပိုင်း ကာလများတွင် ပေါက်ကြား၍ မဖြစ်ပေ။

ခဏမျှ စဉ်းစားပြီးနောက် သူ ထရပ်ကာ ကုန်းယွမ်ခန်းမသို့ သွားလိုက်သည်။

သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေ ဖြစ်စေ၊ ထို လျှို့ဝှက်ဆန်းကြယ်သော ဝဲကတော့ ဖြစ်စေ နှစ်ခုစလုံးက ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသည်။

ထို့ကြောင့် အစီအရင် ကျွမ်းကျင်သော မင်းကွမ်း နှင့် မှော်ရတနာများ ဖန်တီးရာတွင် ကျွမ်းကျင်သော ဝူရှင်းယွဲ့ထိုတို့ကို အတူတူ စေလွှတ်ရန် သူ စီစဉ်လိုက်သည်။

သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေနှင့် ကမ်းရိုးတန်းရှိ သယံဇာတများက ချင်းရှောင်ဂိုဏ်း၏ လက်နက်များနှင့် အစီအရင်များ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ကောင်း ပေးနိုင်သည်မဟုတ်လော။

ထိုညနေတွင် လီချင်းချိုးက ကျန်းယွီချွန်းနှင့် ကျူးယန် တို့ကို ခေါ်ယူလိုက်ပြီး သံသတ္တုရင်းမြစ် ကောင်းချီးနယ်မြေနှင့် ဝဲကတော့ အကြောင်း ပြောပြပြီးနောက်….

"သင်္ဘောဆောက်မယ့် လူတွေ၊ လမ်းကြောင်း ရေးဆွဲမယ့် လူတွေ၊ မြေပုံဆွဲမယ့် လူတွေ လိုတယ်..."

ကျူးယန်က ….

"သင်္ဘောဆောက်တဲ့ လက်မှုပညာရှင်တွေကို ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်... မြေပုံအတွက်တော့ ကျွန်မ ကိုယ်တိုင် သွားပါမယ်... မဟုတ်ရင် စိတ်ချရမှာ မဟုတ်ဘူး... ဒီကိစ္စက အရေးကြီးလွန်းတော့ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး..."

"လမ်းကြောင်းအတွက်တော့ ရှီးမြစ် အောက်ပိုင်းတစ်လျှောက် ဆင်းပြီး ကမ်းရိုးတန်းကို ရှောင်ကွင်းလို့ ရမရ ကြည့်ဖို့ ဂိုဏ်းသား တစ်ဖွဲ့ကို ကျွန်တော် လွှတ်လိုက်ပါ့မယ်..." ဟု ကျန်းယွီချွန်းက ဖြည့်စွက် ပြောကြားလိုက်သည်။

"ဟင်း…အဲဒီ ဝဲကတော့က အဆင့်နိမ့် မိစ္ဆာနယ်မြေလို နေရာမျိုးနဲ့ ဆက်စပ်နေတယ်ဆိုရင် သယံဇာတတွေ အပြင် နောက်ထပ် ကျင့်ကြံလို့ရမယ့် နေရာတစ်ခု ရတာပေါ့... ဂိုဏ်းသားတွေ အရမ်း ကံကောင်းကြမှာပဲ..."

ထိုအခါ ကျူးယန်က ရယ်မောလိုက်ပြီး….

"ထိုက်ခွန်း တောင်တန်း တစ်ခုတည်းမှာတင် ကောင်းချီးနယ်မြေတွေ အများကြီး ရှာတွေ့တာကို ကြည့်ရင် ဒီမြေပေါ်မှာ ဖုံးကွယ်ထားတဲ့ ရတနာတွေ အများကြီး ရှိဦးမယ် ဆိုတာ သိသာပါတယ်... ကျွန်မတို့ ရှာဖွေဖို့ပဲ လိုတာပါ..."

ထိုသို့ပြောနေရင်း သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

ဆိုလိုသည်မှာ ဤကမ္ဘာပေါ်တွင် ချင်းရှောင်ဂိုဏ်း တစ်ခုတည်းသာ မသေမျိုး လမ်းစဉ်ကို ကျင့်ကြံနေခြင်း ဖြစ်နိုင်ပြီး ချင်းရှောင်ဂိုဏ်းသာလျှင် ဤ ရတနာနယ်မြေများကို ရှာဖွေ အသုံးပြုနိုင်မည် ဖြစ်သည်။ လာမည့် နှစ်တစ်ရာသည် ချင်းရှောင်ဂိုဏ်းအတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မည့် ကာလ ဖြစ်လာပေလိမ့်မည်။

သူ့တွင် ပိုမို မြင့်မားသော ရည်မှန်းချက်များ ရှိနေသောကြောင့် ဂိုဏ်းချုပ်က သိုင်းလောကတွင် ယှဉ်ပြိုင်ရန် စိတ်မဝင်စားခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

လီချင်းချိုးက ကျူးယန်ကိုကြည့်ပြီး….

"ခန်းမသခင်ကျူး... ကျွမ်းကျင်မှု အမျိုးမျိုးရှိတဲ့ လက်မှုပညာရှင်တွေကို ချင်းရှောင်ဂိုဏ်းဝင်ဖို့ ရွေးချယ်လိုက်ပါ... ပါရမီရှင်တွေကို ပိုမို ရှာဖွေနိုင်ဖို့ ကုန်းယွမ်းခန်းမ အနေနဲ့ အမည်ခံတပည့် လက်ခံခွင့်ကို ငါ ခွင့်ပြုလိုက်မယ်..."

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."

ဤ အရေးကြီးသော ခန့်အပ်မှုအတွက် ကျူးယန် ဝမ်းသာအားရ ကျေးဇူးစကားဆိုလိုက်သည်။

ကုန့်လင်ခန်းမနှင့် ကုန်းယွမ်ခန်းမတို့၏ လုပ်ပိုင်ခွင့်များ မတူညီခြင်း၊ လူအင်အား အများအပြား မလိုအပ်ခြင်းတို့ကြောင့် ကျန်းယွီချွန်းက အမည်ခံတပည့် တည်ထောင်ခွင့်ကို ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပေ။

ထို့နောက် ကျူးယန်က ….

"ဒါနဲ့ ဂိုဏ်းချုပ်... ကျွန်မတို့ ကျူးမိသားစုရဲ့ စုံစမ်းမှုအရ လင်းထျန်းဂိုဏ်းနဲ့ ချီမိသားစုတို့ ပူးပေါင်း ဆောင်ရွက်နေကြပြီလို့ သတင်းရထားတယ်... နေရာအနှံ့မှာ လင်းထျန်းဂိုဏ်း တည်ထောင်ထားတဲ့ လင်းထျန်းအိမ်တော်တွေက အရင်တုန်းက ချီမိသားစု ဝယ်ထားတဲ့ အိမ်တော်တွေပါ... ချီမိသားစုက ကမ္ဘာကို သိမ်းပိုက်ချင်နေတာ... လင်းထျန်းဂိုဏ်းက သူတို့ရဲ့ လက်နက်ပါပဲ... လင်းထျန်းဂိုဏ်းက သိုင်းလောကကို ပေါင်းစည်းပြီးသွားရင် ချီမိသားစု စစ်တပ် စစ်ချီလာတဲ့အခါ အတွင်းကနေ ကူညီပေးနိုင်မှာပါ..."

"ချီမိသားစုက ဝေကျိုးစီရင်စုကို တိုက်ခိုက်နေတယ်... အခြေအနေ ကြည့်ရတာ ဝေကျိုးစီရင်စုက ခြောက်လထက် ပိုခံနိုင်မှာ မဟုတ်ဘူး..."

လင်းထျန်းဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို လာရောက် ရန်စသည်ဆိုသော သတင်းကိုလည်း သူမ ကြားသိထားပြီး နားမလည်နိုင် ဖြစ်နေသည်။

လင်းထျန်းဂိုဏ်းဘက်က မိုက်မဲသော အမှားတစ်ခုကို ကျူးလွန်နေသည်ဟု သူမ ခံစားမိပေသည်။

လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး….

"ငါ သိတယ်... ချီမိသားစုကိုသာ စောင့်ကြည့်ထား... ဘာမှ လုပ်စရာ မလိုဘူး..."

ကျန်းယွီချွန်းက…

"မြောက်ဘက်ပိုင်းက မိတ်ဆွေတစ်ယောက် ပြောတာတော့ ချန်းကျိုးမှာ စစ်သူကြီးတစ်ယောက် ပေါ်လာတယ်တဲ့... သိုင်းဒဏ္ဍာရီရဲ့ စစ်မှန်တဲ့ ပညာရပ်တွေကို ရထားပြီး လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိတယ်လို့ ပြောကြတယ်... သူ့စီးတော်ယာဉ်က ရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါ ဆွမ်းနီ တဲ့..."

"ဆွမ်းနီ..."

လီချင်းချိုး မျက်ခုံးပင့်သွားပြီး အနည်းငယ် အံ့သြသွားသည်။

ကျူးယန်က မျက်မှောင်ကြုတ်လိုက်ပြီး….

"ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင် ဆွမ်းနီဆိုတာ ကြောင်ကြီးတစ်ကောင်နဲ့ တူပြီး ခေါင်းနဲ့ လည်ပင်းမှာ ထူထဲတဲ့ လည်ဆံမွေးတွေ ရှိတယ်... ကျားတစ်ကောင်လို ထက်ရှတဲ့ ခြေသည်းလက်သည်းတွေ၊ ဝက်ဝံတစ်ကောင်လို ကိုယ်ခန္ဓာနဲ့ နဂါးအမြီးရှိတယ်... ဒဏ္ဍာရီထဲကအတိုင်းသာဆိုရင် အဲဒီ သတ္တဝါကို စီးနင်းထားတဲ့ စစ်သူကြီးက စစ်သည်ထောင်ချီကို ထိုးဖောက်နိုင်မှာ သေချာတယ်..."

ထိုအခါ ကျန်းယွီချွန်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…..

"အဲဒါ ပြောမှ သတိရတယ်...ငရဲချီလင်က ဒီရက်ပိုင်း အတော်လေး ဂနာမငြိမ် ဖြစ်နေတယ်... သာမန် ဂိုဏ်းသားတွေ အနားကပ်လို့ မရအောင် စိတ်ဆတ်နေတယ်လို့ စစ်ကျင် ပြောတယ်..."

All Chapters