ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်း…..
Vol. 17 Ch. 163
ကျန်းယွီချွန်းက စကားပြောပြီးသည်နှင့် တစ်စုံတစ်ခုကို စဉ်းစားမိသွားသကဲ့သို့ သူ့မျက်နှာထား ပြောင်းလဲသွားပြီး မေးလိုက်လေသည်။
"စီနီယာအစ်ကိုကြီး... စစ်ဖုန်း တစ်ခုခု ဖြစ်နေတာလား မသိဘူး... အရင်တုန်းက စစ်ဖုန်း အန္တရာယ်ကြုံတုန်းက ငရဒချီလင် တောင်အောက်ဆင်းသွားဖူးတယ်..."
ကျူးယန်သည်လည်း ဂိုဏ်းအတွင်းရှိ ချီလင်နှင့် ပတ်သက်ပြီး အလွန် စူးစမ်းလိုစိတ် ဖြစ်မိသည်။ သို့သော် သံသယ ဖြစ်ခံရမည် စိုးသောကြောင့် လူကိုယ်တိုင် သွားရောက် မကြည့်ရှုခဲ့ပေ။
ချီလင်အနားသို့ ကပ်လျှင် ဂိုဏ်းချုပ်က သံသယ ဝင်လာမည်ကို သူမ ကြောက်ရွံ့သည်။
လီချင်းချိုးက လူများကို ကြင်နာတတ်သော်လည်း မျက်နှာထား တစ်ချက်ကလေးဖြင့် သဘောထား ပြောင်းလဲနိုင်သော "ပြုံးနေသည့် ကျား" တစ်ကောင် ဖြစ်သည်ဟု ကျူးယန် အမြဲ ခံစားရသည်။
"ဒါဆိုရင် ငရဲချီလင် တောင်အောက် ဆင်းမဆင်း စောင့်ကြည့်ကြတာပေါ့..."
လီချင်းချိုးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူ့ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။
သေချာ စဉ်းစားကြည့်လျှင် လင်းထျန်းဂိုဏ်းက ကျန်းမိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လီမိသားစုကို ရှင်းလင်းရန် သူ့အား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လီစစ်ဖုန်းကို ပစ်မှတ်ထားလာခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း လီစစ်ဖုန်းတွင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံခြင်းအပြင် နှစ်ထောင်ချီ ဓားဝိညာဉ်၏ အကူအညီပါ ရှိနေသောကြောင့် လင်းထျန်းဂိုဏ်း အနေဖြင့် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ချေ။
"သွားစစ်ဆေးဖို့ လူလွှတ်လိုက်ရမလား..."
ကျန်းယွီချွန်းက စိတ်မအေးနိုင်ဘဲ ထပ်မေးလိုက်သည်။
လီစစ်ဖုန်းက သူ့ကို အမြဲ စိတ်အနှောင့်အယှက် ပေးပြီး သူ့စကားကို နားမထောင်သော်လည်း အရွယ်ရောက်လာသည်အထိ စောင့်ကြည့်ခဲ့ရသော ဂျူနီယာညီလေး ဖြစ်ပေသည်။
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး ….
"မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိတဲ့ အဓိကတပည့်တွေကို ရွေးပြီး လွှတ်လိုက်ပါ..."
"ကောင်းပြီ..."
ကျန်းယွီချွန်းက ပြောပြီးသည်နှင့် ထရပ်ကာ ထွက်ခွာသွားသည်။
ကျူးယန်က လီချင်းချိုးကို ကြည့်လိုက်ပြီး ….
"ဂိုဏ်းချုပ်... ကျွန်မ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်..."
"ပြောပါ..."
လီချင်းချိုးက လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ အေးသွားအောင် မှုတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း သောက်လိုက်သည်။
ကျူးယန်က သူမ၏ အတွေးများကို စုစည်းလိုက်ပြီး ….
"ဂိုဏ်းချုပ်... ရှင်က ဒီနှစ်ဆို ၂၇ နှစ် ရှိပြီ... ဂိုဏ်းကို ပိုပြီး တည်ငြိမ်မှု ရှိစေဖို့ အိမ်ထောင်ပြုပြီး ကလေးယူဖို့ စဉ်းစားထားတာမျိုး ရှိလား..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ….
"ခင်ဗျားလည်း ၃၂ နှစ် ရှိနေပြီ မဟုတ်လား... ဘာလို့ အခြေချဖို့ မစဉ်းစားသေးတာလဲ..."
ထိုစကားကြောင့် ကျူးယန်၏ မျက်နှာထား ရုတ်ခြည်း တောင့်တင်းသွားပြီး….
"အဲဒါ ကျွန်မရဲ့ ရည်မှန်းချက် မဟုတ်ဘူး..." ဟု အနေခက်စွာ ပြောလိုက်သည်။
"ကျွန်တော်လည်း အတူတူပဲ..."
"ဒါပေမဲ့ ရှင်နဲ့ ကျွန်မနဲ့က မတူဘူးလေ... ကျွန်မက မိန်းမသား တစ်ယောက်မို့ အရေးမပါပေမဲ့ ရှင်က ယောကျာ်းလေး တစ်ယောက် ဖြစ်သလို မိသားစုတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်... ရှင့်မှာသာ သားသမီး ရှိရင် ဂိုဏ်းသားတွေအားလုံး ပိုပြီး စိတ်အေးရလိမ့်မယ်..."
ကျူးယန် ဆိုလိုချင်သည်မှာ "ရှင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" ဟူသောသဘောပင်။
လီချင်းချိုးက လောကီဘဝကို စိတ်မဝင်စားပေ။ဂျူနီယာညီလေးများနှင့် ညီမလေးများတွင် သူတို့ နှစ်သက်သူ ရှိမရှိ မေးမြန်းပေးရမလားဟုသာ တွေးတောနေမိသည်။
သူ့အတွက်မူ အိမ်ထောင်ပြုရန် ဆန္ဒ လုံးဝ မရှိပေ။ သူသည် မသေမျိုး လမ်းစဉ်ကို ရှာဖွေနေသူ ဖြစ်သည်။
"တစ်နေ့ကျရင် ရတနာသိုက်တွေ ပိုပြီး ရှာတွေ့လာတာနဲ့အမျှ ဂိုဏ်းခွဲတွေနဲ့ စခန်းတွေ တည်ထောင်ဖို့ လိုလာလိမ့်မယ်... ဒေသတစ်ခုစီကို အုပ်ချုပ်ဖို့ ယုံကြည်ရတဲ့လူတွေ လိုအပ်လာမှာမို့ ရှင့်ရဲ့ သွေးသားရင်းတွေကသာ အယုံကြည်ရဆုံး ဖြစ်လိမ့်မယ်..." ဟု ဆိုကာ ကျူးယန်က ဆက်လက် စည်းရုံးလိုက်သည်။
လီချင်းချိုးက သူမကို ကြည့်လိုက်ပြီး အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်က….
"ဘာလဲ... ကျူးမိသားစုက ခင်ဗျားကို အောင်သွယ်ခိုင်းလိုက်တာလား..."
ကျူးယန်က သူ့အကြည့်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ပြီး…
"ကျူးမိသားစုက ဂိုဏ်းချုပ်နဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိချင်တာ သဘာဝပါပဲ... ဇနီးမယားကြီး မဟုတ်ရင်တောင် မယားငယ် အဖြစ်နဲ့ဆိုရင်လည်း အဆင်ပြေပါတယ်..."
"ခင်ဗျားဆိုရင်ရော အဆင်ပြေမလား..." ဟု လီချင်းချိုး မေးလိုက်ချင်မိသော်လည်း ထိန်းချုပ်လိုက်သည်။
ကျူးယန်ဆိုသောအမျိုးသမီးက နောက်ပြောင်၍ ရသောသူ မဟုတ်သလို ထိုကဲ့သို့ နောက်ပြောင်လိုက်လျှင် သူတို့ကြားက ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်သည်။
ထို့အပြင် ကျူးယန် အထင်လွဲသွားမည်ကိုလည်း သူ စိုးရိမ်မိသည်။
"ကျွန်တော်တို့က မသေမျိုးလမ်းစဉ် ကျင့်ကြံနေမှန်း ခင်ဗျား သိပြီးသားပဲ... လောကီကိစ္စတွေအပေါ် အာရုံစိုက်တာကို လျှော့ချသင့်တယ်... လောကီလူသားတွေ လုပ်သမျှ ကျွန်တော်တို့ လိုက်လုပ်စရာ မလိုဘူး..."
ထိုစကားကို ကြားပြီးနောက် ကျူးယန် အလွန် စိတ်လှုပ်ရှားသွားသည်။
သူမသည် ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သော်လည်း ဤလောကတွင် အိမ်ထောင်မပြုဘဲ နေသည့်အတွက် သူမ၏ မိသားစုအတွင်း ဝေဖန်မှုများ ရှိနေဆဲ ဖြစ်သည်။ သူမ ထိုပြဿနာများမှ လွတ်မြောက်ရန် ချင်းရှောင်တောင်ပေါ်သို့ ရောက်လာခြင်း ဖြစ်ပြီး ချင်းရှောင်ဂိုဏ်း ပိုမို အင်အားကြီးလာသည်နှင့်အမျှ ထိုပြဿနာများ လျော့ပါးသွားခဲ့သည်။ ယခုဆို သူမ အိမ်ထောင်မပြုလျှင်ပင် မိသားစုအတွင်း မည်သူမျှ သူမကို အထင်မသေးရဲကြတော့ပေ။
သူမ ပို၍ တွေးလေ သူမ မည်မျှ လောကီဆန်ခဲ့ကြောင်း သဘောပေါက်လေပင်။ထိုအခါ သူမ လီချင်းချိုးကို လေးစားသော စိတ်များ ဖြစ်ပေါ်လာပြီး ရေရွတ်လိုက်မိသည်က….
"ဂိုဏ်းချုပ်... မသေမျိုးလမ်းစဉ်က ရှင့်ကို ရွေးချယ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး... ရှင်က လောကီရမ္မက်တွေကို စွန့်လွှတ်နိုင်ပြီး လောကီအရာတွေရဲ့ ထိန်းချုပ်မှုကို မခံရတဲ့အတွက် မသေမျိုးကျင့်ကြံဖို့ အသင့်တော်ဆုံး လူပါပဲ..."
စွန့်လွှတ်တယ် ဟုတ်လား...
ဘယ်နေရာမှာ စွန့်လွှတ်လိုက်တာလဲ...
ငါက လောလောဆယ် မလိုချင်သေးရုံပါကွာ…
လီချင်းချိုးက စိတ်ထဲတွင် ငြင်းဆန်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ ပြုံးနေလိုက်ကာ မသေမျိုးလောကကို ထွင်းဖောက်မြင်နေရသူ တစ်ယောက်အလား ဟန်ဆောင်လိုက်သည်။
အဖြေရပြီးနောက် ကျူးယန်ကလည်း အချိန်ဆွဲမနေဘဲ ထရပ်ကာ နှုတ်ဆက် ထွက်ခွာသွားသည်။
လက်ဖက်ရည် သောက်ပြီးနောက် လီချင်းချိုးတယောက်တည်း မသေမျိုးလိုဏ်ဂူသို့ ပြန်လာခဲ့သော်လည်း ချက်ချင်း ကျင့်ကြံခြင်း မပြုဘဲ အမွေအနှစ် ဆုလာဘ်ကို အသက်သွင်းလိုက်သည်။
ဂိုဏ်းသားများ ဆိပ်ကမ်း တည်ဆောက်ခဲ့စဉ်က ရရှိခဲ့သော အမွေအနှစ် ဆုလာဘ်ကို သူ အသုံးမပြုရသေးပေ။
[ အမွေအနှစ် ဆုလာဘ်ကို ရယူခြင်း ]
[ တာအိုမျိုးဆက် အမွေအနှစ်ကို ဖွင့်လှစ်ခြင်း ]
[ သင်သည် ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်တစ်ခု ရရှိသည် - "ကောင်းကင်ဂိုဏ်း ရွှေခန္ဓာကိုယ်သိုင်း" ]
[ အမွေအနှစ်ကို လက်ခံမလား ]
ဟေ…
ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်တဲ့လား... စိတ်ဝင်စားစရာပဲ…
လီချင်းချိုး အမွေအနှစ်ကို ချက်ချင်း လက်ခံလိုက်ရာ မှတ်ဉာဏ်များ သူ့ခေါင်းထဲသို့ ရေပန်းကဲ့သို့ ဝင်ရောက်လာလေသည်။
ဧပြီလ ရောက်လာသည်နှင့် လောကကြီး၏ အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်။
နောက်ဆုံးတွင် ငရဲချီလင် တောင်အောက်သို့ ဆင်းသွားသဖြင့်
လီချင်းချိုးက ရှောင်ပါးကို လွှတ်၍ လီစစ်ဖုန်းကို ရှာဖွေစေခဲ့သည်။
နှစ်ရက် မကြာမီမှာပင် ရှောင်ပါး ပြန်ရောက်လာပြီး လီစစ်ဖုန်း အဆင်ပြေကြောင်း သတင်းပါးလိုက်သည်။ သူသည် လက်ရှိတွင် စစ်တပ်စခန်း၌ ရှိနေပြီး ကျန်းယွီချွန်း စီစဉ်ပေးလိုက်သော အဓိကတပည့် ဆယ်ယောက်လည်း သူ့ဘေးတွင် ရှိနေပြီ ဖြစ်သည်။
ထိုအဓိကတပည့်များသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိကြသူများ ဖြစ်သည်။ထို့ကြောင့် နတ်ဘုရားအစေခံ လာရောက် တိုက်ခိုက်လျှင်ပင် သူတို့ ပူးပေါင်း၍ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
မနက်စောစော တစ်ရက်တွင်…..
လီချင်းချိုးက ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာနှင့် ရှောင်ဝူတိတို့ကို ခေါ်ဆောင်၍ လူသူကင်းမဲ့သော တောအုပ်တစ်ခုသို့ သွားရောက်ခဲ့သည်။
တောအုပ်ထဲရောက်သည်နှင့် ရပ်တန့်လိုက်ပြီး လေးယောက်သားကို လှည့်ကြည့်ကာ….
"ဒီနေ့ မင်းတို့ကို ပညာရပ်တစ်ခု သင်ပေးမယ်... ဒါက ကျမ်းစာကြည့်တိုက်ထဲ မရောက်သေးတဲ့ ထူးခြားတဲ့ ပညာရပ်တစ်ခု ဖြစ်ပြီး မင်းတို့ နေ့တိုင်း အချိန်ပေး ကျင့်ကြံရလိမ့်မယ်... ဒီပညာရပ်က မင်းတို့ကို နယ်ပယ်တစ်ခုလုံးကို ဖြိုခွင်းနိုင်တဲ့ စွမ်းရည် ပေးစွမ်းနိုင်လိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ယွမ်လီနှင့် အခြားသုံးယောက်၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ကျောက်ကျိန်းက စိတ်လှုပ်ရှားစွာဖြင့်….
"တကယ်လား... ကျွန်တော် အဲဒါကို မွမ်းမံလို့ ရမလား..."
လီချင်းချိုးက စိတ်ပျက်သွားပြီး ….
"အရင်ဆုံး တတ်အောင် သင်စမ်းပါဦးကွာ..." ဟု ပြောလိုက်သည်။
ကျောက်ကျိန်းသည် သိုင်းပညာများကိုသာ မသေမျိုး ကျင့်စဉ်များအဖြစ် ပြောင်းလဲနိုင်ပြီး ကျင့်စဉ်များနှင့် ဂါထာများကို လောလောဆယ် မွမ်းမံနိုင်ခြင်း မရှိသေးပေ။
ကျိယာနှင့် ရှောင်ဝူတိတို့သည်လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။ ဂိုဏ်းတွင် ပါရမီရှင်များ အလွန် များပြားသဖြင့် သူတို့အနေဖြင့် နယ်ပယ်တစ်ခုလုံးကို ဖြိုခွင်းနိုင်မည်ဟု ယုံကြည်မှု မရှိကြပေ။
သူတို့နှစ်ယောက်စလုံး ပြိုင်ဆိုင်လိုစိတ် ရှိကြပြီး သိုင်းစင်မြင့်တွင် ပုံမှန် တွေ့ရလေ့ ရှိသူများ ဖြစ်သည်။
သူတို့နှစ်ယောက်စလုံး နယ်ပယ်တူချင်း တိုက်ခိုက်ရာတွင် မည်သူ့ကိုမျှ မရှုံးနိမ့်ဖူးသော်လည်း အခြား ဂိုဏ်းသားများဆီမှ ဖိအားကို ခံစားနေကြရသည်။
ယွမ်လီ၏ မျက်နှာထားကတော့ အနည်းငယ် သဘာဝမကျ ဖြစ်နေသည်။ သူသည် မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးပြီး ဂါထာစွမ်းအင်များကို လေ့ကျင့်ခြင်းက သူ့ကျင့်ကြံမှုကို အနှောင့်အယှက် ဖြစ်စေမည်ဟု ခံစားနေရသည်။
သို့သော်လည်း ဤသည်မှာ ဆရာသခင်၏ စီစဉ်မှု ဖြစ်သဖြင့် သူ မငြင်းဆန်ရဲပေ။
ထို့နောက် လီချင်းချိုးသည် သူတို့ကို "ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်း" ကို သင်ကြားပေးလိုက်သည်။
ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်းတွင် စုစုပေါင်း အဆင့် ငါးဆင့် ရှိသည်။
ပထမအဆင့်သို့ ရောက်ရှိလျှင် ချီသွေးများ ဆူပွက်လာပြီး ကျားနှင့် ကျားသစ်များကို လက်ဖြင့် ဆွဲဖြဲနိုင်မည်။
ဒုတိယအဆင့်သို့ ရောက်ရှိလျှင် ကြွက်သားနှင့် အရိုးများ သံမဏိကဲ့သို့ မာကျောလာပြီး ရုပ်ခန္ဓာက လက်နက်တစ်ခု ဖြစ်လာမည်။
တတိယအဆင့်သို့ ရောက်ရှိလျှင် အကာအကွယ် အရှိန်အဝါကို စုစည်းနိုင်ပြီး ရုပ်ခန္ဓာ စွမ်းအားများက နဂါးတစ်ကောင်ကဲ့သို့ စွမ်းအားကြီးလာမည်။
စတုတ္ထအဆင့်သို့ ရောက်ရှိလျှင် မပျက်စီးနိုင်သော အခြေအနေသို့ ရောက်ရှိပြီး ဂါထာများနှင့် မှော်ရတနာများကို ခုခံကာကွယ်နိုင်မည်။
ပဉ္စမအဆင့်သို့ ရောက်ရှိလျှင် ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိပြီး သာမန်လူနှင့် မခြားနားသော်လည်း လက်တွေ့တွင် ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်ကို ပိုင်ဆိုင်ထားမည်။
ထိုခန္ဓာပိုင်ရှင်၏ချီသွေးများက ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများကို မိမိအလိုရှိသလို အသုံးပြုနိုင်ရန် ဆွဲဆောင်နိုင်မည်။
ဤ "ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်"က အလွန် စွမ်းအားကြီးမားသဖြင့် လီချင်းချိုး ကိုယ်တိုင်လည်း လေ့ကျင့်ရန် စီစဉ်ထားသည်။
သူ့ရဲ့ "အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓာ" ကြောင့်ကျင့်ကြံမှု အဆင်ပြေ ချောမွေ့သော်လည်း ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်များကို တစ်ညတည်းနှင့် တတ်မြောက်နိုင်ခြင်း မရှိပေ။ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုနှင့် အရင်းအမြစ်များ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ ကျင့်ကြံလေ စွမ်းအားကြီးလေ ဖြစ်ပြီး ထိရောက်မှု အပိုင်းတွင် ကန့်သတ်ချက် မရှိပေ။
လီချင်းချိုးက ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်း၏ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်ကို သင်ကြားပေးပြီးနောက် လေးယောက်သား စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ ဉာဏ်ရည် ဉာဏ်သွေးများက အတော်လေး ကောင်းမွန်ကြပြီး ဤသိုင်းပညာ၏ ထူးခြားမှုကို ခံစားမိကြသည်။
သူတို့အနက် ယွမ်လီ၏ နားလည်သဘောပေါက်နိုင်စွမ်းကတော့ အမြင့်ဆုံး ဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးတွင် အမြင့်ဆုံးဟုပင် ဆိုနိုင်ကာ ရှန်ယွဲ့နှင့် ချူကျင်းတို့ထက်ပင် သာလွန်ပေသည်။
ဤနှစ်များအတွင်း အခြားသူများ၏ ပါရမီနှင့် ဉာဏ်ရည် အကွက်များတွင် "သာမန်ထက်ထူးကဲသော" ဟူသည့် စာသားကို လီချင်းချိုး မမြင်ဖူးခဲ့ပေ။
ယွမ်လီသည် ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်းကို မြည်းစမ်းကြည့်ပြီး ထူးခြားသော ဆွဲဆောင်မှုကို ခံစားလိုက်ရသည်။ ဤပညာရပ်က သူ့အတွက် သီးသန့် ဖန်တီးပေးထားသကဲ့သို့ ခံစားရသည်။
ဤခံစားချက်က အလွန် ကောင်းမွန်ပြီး ပျောက်ဆုံးနေသော မိမိကိုယ်ကို ယုံကြည်မှုကို ပြန်လည် ရရှိစေသည်။
သူသည် ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်းဖြင့် ကြီးကျယ်သော အရာတစ်ခုကို လုပ်ဆောင်နိုင်မည်ဟု ခံစားမိသည်။
ရှောင်ဝူတီသည် "မွေးရာပါ ကိုယ်ခန္ဓာကျင့်ကြံသူ" ကံကြမ္မာကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သူ့ရဲ့ ခံစားချက်သည်လည်း ယွမ်လီနှင့် ဆင်တူပြီး အလွန် စိတ်လှုပ်ရှားကာ ချက်ချင်း စတင် ကျင့်ကြံချင်နေပြီ ဖြစ်သည်။
"မင်းတို့ အရင် ကျင့်ကြံနှင့်ကြ..."
လီချင်းချိုးက မတ်တပ်ထရပ်၍ ထိုစကားကို ပြောပြီးနောက် ထွက်ခွာသွားသည်။
ထို့နောက် လေးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ကာ ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်းကို စတင် ကျင့်ကြံကြလေသည်။
သူတို့ ထုတ်မပြောကြသော်လည်း မည်သူမျှ တစ်ပါးသူထက် အားနည်းကျန်ရစ်ခဲ့ချင်စိတ် မရှိကြပေ။
"တစ်နေ့တည်း အတူတူ ကျင့်ကြံတာချင်း အတူတူ ငါက အဲဒီ သုံးယောက်ထက် ပိုနှေးမယ်လို့ မယုံဘူး..."
ရှောင်ဝူတိက စိတ်ထဲတွင် ထိုသို့ ကြိတ်တွေးလိုက်သည်။ သူ့အနေဖြင့် ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်းကို ဂိုဏ်းချုပ်၏ တပည့်ရင်း သုံးယောက်ထက် ပိုမြန်အောင် ကျင့်ကြံနိုင်မည်ဆိုသည့် အတွေးက သူ့ကို စိတ်လှုပ်ရှားစေသည်။
သူသည် လီချင်းချိုး၏ တပည့် ဖြစ်လိုခဲ့သော်လည်း လက်ရှိ အခြေအနေကို မကျေနပ်ပေ။
ဒါဟာလည်း အာဏာနှင့် ရာထူးနေရာအတွက် မဟုတ်ဘဲ မည်သူ့ထက်မျှ ညံ့ဖျင်းခြင်း မရှိကြောင်း သက်သေပြလိုရုံ သက်သက်သာ ဖြစ်သည်။
မေလ အလယ်ပိုင်းတွင် ……
အဓိကတပည့် ငါးဆယ်နှင့်အတူ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ နောက်ဆုံးတွင် ပြန်ရောက်လာကြသည်။ သူတို့၏ လူအင်အား များပြားမှုကြောင့် တောင်ပေါ်ရှိ ဂိုဏ်းသားများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
လွန်ခဲ့သော နှစ်လအတွင်း သူတို့၏ အောင်မြင်မှု သတင်းများ ချင်းရှောင်ဂိုဏ်းသို့ အဆက်မပြတ် ရောက်ရှိခဲ့ပြီး ဂိုဏ်းသားများကို စိတ်အားတက်ကြွစေခဲ့သည်။ ယခု သူတို့ အောင်ပွဲခံ၍ ပြန်လာကြသောအခါ ဂိုဏ်းသားများ အလွန် ပျော်ရွှင်နေကြသည်မှာ သဘာဝပင်။
ရွှီနင်းတို့ပြန်ရောက်သည့်သတင်း အလွန် လျင်မြန်စွာ ပျံ့နှံ့သွားပြီး
ထိုသတင်းကို ကြားသည်နှင့် ယွမ်ချီက လီချင်းချိုး၏ မသေမျိုးလိုဏ်ဂူသို့ ချက်ချင်း သွားရောက် အကြောင်းကြားခဲ့သည်။
သတင်းကြားပြီးနောက် လီချင်းချိုး သက်ပြင်းချလိုက်ပြီး ထရပ်လိုက်သည်။
ပြောရလျှင် ရွှီနင်းသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ဖြစ်ပြီး ကျန်းကျောက်ရှားကတော့ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရှိသည်။ သူတို့နှစ်ယောက်စလုံးက ကိစ္စရပ်များကို တစ်သီးပုဂ္ဂလ ဖြေရှင်းနိုင်စွမ်း ရှိကြသော်လည်း သူတို့နှစ်ယောက် အတူတူ တွဲလုပ်သည့်အခါ လီချင်းချိုး အဘယ်ကြောင့် စိုးရိမ်နေရသနည်း။
လီချင်းချိုးက လင်းရှောင်ခြံဝင်းတွင် ထိုင်နေပြီး ယွမ်ချီက မီးဖိုချောင်သို့ သွား၍ လက်ဖက်ရည် ဖျော်နေသည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်တွင် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ဝင်ရောက်လာကြသည်။
သူတို့နောက်တွင် ဆံပင်ဖားလျားနှင့် ညစ်ပတ်ပေရေနေသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ပါလာပြီး ထိုလူ၏ ကျောပေါ်တွင် အလွန်ကြီးမားသော ဓားမကြီး တစ်လက်ကို လွယ်ထား၏။ ဓားသွားက ထိုလူ၏ ခေါင်းထက်ပင် ပိုကျယ်နေသေးသည်။
အနက်ရောင် ဝတ်စုံနှင့်လူက လီချင်းချိုးကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ပေါ်လွင်နေသည်။
လီချင်းချိုး မျက်ခုံး အနည်းငယ် ပင့်မိလိုက်ချေပြီ….
ဤလူက ကျင့်ကြံသူ တစ်ယောက်ပါလား…
မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်…
ဒါက နတ်ဆရာကျန်းထက်တောင် ပိုပြီး အထင်ကြီးစရာ ကောင်းနေသေးတယ်…
ကျန်းကျောက်ရှားက စားပွဲရှည်တွင် ဝင်ထိုင်လိုက်ပြီး …
"စီနီယာအစ်ကိုကြီး... ကျွန်တော် မိတ်ဆက်ပေးပါရစေ... ဒီလူနာမည်က မိုကျိုဟုန်ပါ... ကျွန်တော်တို့လိုပဲ ကျင့်ကြံသူ တစ်ယောက်ပါ... သူက ချီမိသားစုနဲ့ တိုက်ခိုက်နေတာ ကြာပြီ... လင်းထျန်းဂိုဏ်းကိုတောင် ဖျက်ဆီးချင်နေတာ... ကျွန်တော်တို့နဲ့ တွေ့ပြီး တိုက်ခိုက်ကြရင်း မိတ်ဆွေ ဖြစ်သွားကြတာပါ..."
ထိုစကားကို ကြားသောအခါ မိုကျိုဟုန်၏ မျက်နှာထား အတော်လေး သဘာဝမကျ ဖြစ်သွားသည်။
တိုက်ခိုက်ရင်း မိတ်ဆွေဖြစ်သွားတာ ဟုတ်လို့လား...
သူ သေလုနီးပါး ဖြစ်ခဲ့တာပါကွာ…
လီချင်းချိုးက သူ့ကို ကြည့်နေသည်ကို သတိထားမိပြီး သူ ချက်ချင်း ချောင်းဟန့်လိုက်ကာ မိတ်ဆက်စကားဆိုလိုက်သည်။
"ကျုပ်နာမည် မိုကျိုဟုန် ပါ... ဘယ်ဂိုဏ်း ဘယ်ဂိုဏ်းခွဲနဲ့မှ မပတ်သက်ပါဘူး... မသေမျိုးဆရာသခင်ရဲ့ အမွေအနှစ်ကို ကံကောင်းထောက်မစွာ ရရှိခဲ့တာပါ... မူလက ဒီမြေပေါ်မှာ ကျုပ်တစ်ယောက်တည်းပဲ ကျင့်ကြံသူ ရှိတယ်လို့ ထင်ထားတာ... မသေမျိုး ကျင့်ကြံခြင်းဂိုဏ်းတစ်ခု လောကထဲ ထွက်လာမယ်လို့ မထင်ထားခဲ့မိဘူး..."
တစ်ယောက်တည်း ဟုတ်လား…
လီချင်းချိုးကတော့ ထိုအချက်ကို မသေချာပေ။ သူ့အရင်က နတ်ဆရာကျန်းနှင့်ကြုံတွေ့ခဲ့ရပြီး သူ့နောက်တွင် မိုကျိုဟုန် ပေါ်လာပြန်သည်။ ဤကမ္ဘာပေါ်တွင် ရှေးဟောင်းကျင့်ကြံခြင်း အမွေအနှစ် ရရှိထားသူ အခြားသူများလည်း ရှိကောင်း ရှိနိုင်သော်လည်း သူတို့အားလုံးက မိမိတို့ကိုယ်ကို တစ်ဦးတည်းသော ကျင့်ကြံသူဟု ထင်မှတ်ပြီး လောကီနှင့် ကင်းကွာစွာ နေထိုင်နေကြခြင်း ဖြစ်နိုင်သည်။
"ခင်ဗျားက ဘာလို့ ချီမိသားစုကို တိုက်ခိုက်ချင်တာလဲ..." ဟု လီချင်းချိုး မေးလိုက်သည်။
"ချီမိသားစုက နတ်ဆိုးသားရဲတွေကို မွေးမြူထားပြီး ရှေးဟောင်းနတ်ဘုရားတွေလို့ ခေါ်နေကြတာ ရယ်စရာ ကောင်းလွန်းလို့ပါ... ကျုပ်သာ အဲဒီ နတ်ဆိုးသားရဲတွေကို ယှဉ်နိုင်ရင် သူတို့ ကပ်ဘေးတွေ မဖြစ်အောင် ဖျက်ဆီးပစ်တာ ကြာပြီ..."
ထိုအခါ လီချင်းချိုးက သရော်သံ ပါသော လေသံဖြင့် မေးခွန်းထုတ်လိုက်ပြန်သည်။
"ခင်ဗျားမှာ အဲဒီလောက် တရားမျှတမှု ရှိရင် ဘာလို့ အရင်တုန်းက ဧကရာဇ်နဲ့ နတ်ဆိုးတာအိုဆရာကို မရှင်းလင်းခဲ့တာလဲ..."
ထိုအခါ မိုကျိုဟုန်က လက်လျော့လိုက်သည့် ပုံစံဖြင့် ….
"ကျုပ် လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး မြောက်ဘက်ပိုင်းမှာ တံခါးပိတ် ကျင့်ကြံနေတာမို့ ဒီကိစ္စတွေကို မသိခဲ့ပါဘူး... ကျုပ် တံခါးပိတ် ကျင့်ကြံရာက ထွက်လာရတဲ့ အကြောင်းရင်းကလည်း နတ်ဆိုးသားရဲက ငလျင်လှုပ်အောင် လုပ်လိုက်လို့ ကျုပ် လန့်နိုးလာရာက စတာပါ..."