ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ်……
Vol. 17 Ch. 164
"ဆယ်နှစ် ဟုတ်လား... ဒါဆို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ခင်ဗျား ဘာလို့ တံခါးပိတ် ကျင့်ကြံခဲ့တာလဲ..."
လီချင်းချိုးက မိုကျိုဟုန်ကို စိုက်ကြည့်ပြီး အဖြေရရန် ဖိအားပေးလိုက်သည်။ လွန်ခဲ့သော ဆယ်နှစ်က သူ ချင်းရှောင်ဂိုဏ်းကို စတင် တာဝန်ယူချိန် ဖြစ်သည်။ ထိုအချိန်က မိုကျိုဟုန်နှင့် တွေ့ခဲ့လျှင် အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလော။
ကံကောင်းစွာပင် ချင်းရှောင်ဂိုဏ်းဘက်က အစောပိုင်းကာလများတွင် အနေအထိုင် ဆင်ခြင်ခဲ့သည်။
"ကျုပ် သူ့ကို သိတယ်..."
ကောင်းကင်သက်တံဓား အတွင်းမှ ချူကျင်း ရုတ်တရက် ထွက်ပေါ်လာပြီး မိုကျိုဟုန်ကို စိုက်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး….
"ခင်ဗျား သိတယ် ဟုတ်လား..."
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့သည်လည်း ချူကျင်းကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသည် ချူကျင်း ရှိနေကြောင်း သိထားပြီး ဖြစ်သော်လည်း သူ့ကို မြင်ရတိုင်း အနေခက်သလို ခံစားရစမြဲပင်။
လီချင်းချိုး၏ နောက်တွင် တစ္ဆေတစ်ကောင် ဝဲပျံနေခြင်းကို သူတို့ မယဉ်ပါးသေးပေ။ အထူးသဖြင့် နေ့ခင်းကြောင်တောင် အချိန်မျိုးတွင်အခုလိုမြင်ရသည်မှာ ကြက်သီးထစရာ ကောင်းလှပေသည်။
လီချင်းချိုး၏ အကြည့်က လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ရောက်သွားသည်ကို မြင်သောအခါ မိုကျိုဟုန် ကြောင်အသွားသည်။
"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဒီကောင် ကျောက်ကျိကို သတ်ဖို့ ကြိုးစားခဲ့ဖူးတယ်... သူ နန်းတော်ထဲ ဝင်လာတုန်းက ကျုပ်လက်ချက်နဲ့ ဒဏ်ရာအကြီးအကျယ် ရသွားခဲ့တာ..."
ချူကျင်းက နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးသော လေသံဖြင့် ပြောလိုက်တော့ လီချင်းချိုးက အံ့သြစွာ မေးလိုက်ပြန်သည်။
"ခင်ဗျားက အရင်တုန်းက သူ့ထက် ပိုစွမ်းခဲ့တာလား..."
"လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူက ဒီလောက် မတော်သေးဘူး... ကျုပ်အထင် သူ အလွန်ဆုံးရှိမှ မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်လောက်ပဲ ရှိဦးမှာ..."
ချူကျင်းသည် ယခုအခါ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မိုကျိုဟုန် ပိုမို စွမ်းအားကြီးလာကြောင်း ပြသနေသည်။
"ခင်ဗျား ဘယ်သူနဲ့ စကားပြောနေတာလဲ..."
မိုကျိုဟုန် မနေနိုင်ဘဲ မေးလိုက်ချေတော့သည်။
အားလုံးက ကျင့်ကြံသူတွေပဲဟာ... ဘာတွေ လုပ်ပြနေတာလဲ...
ကျုပ်ကို လာခြောက်နေတာလား…
လီချင်းချိုးက ….
"ကျွန်တော်က ကျွန်တော့်ရဲ့ ဓားဝိညာဉ်နဲ့ စကားပြောနေတာပါ... သူက ပြောတယ်... ခင်ဗျား တံခါးပိတ် ကျင့်ကြံရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ခင်ဗျား နန်းတော်ထဲ ဝင်လာပြီး သူ့လက်ချက်နဲ့ ဒဏ်ရာ အကြီးအကျယ် ရသွားလို့တဲ့..."
ထိုစကားကို ကြားသောအခါ မိုကျိုဟုန် လန့်ဖျပ်ပြီး နောက်ဆုတ်လိုက်ကာ တုန်လှုပ်စွာဖြင့်….
"အဓိပ္ပာယ် မရှိတာ... ဘာ ဓားဝိညာဉ်လဲ..."
ထိုအခါ လီချင်းချိုး၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး…
"သူ့နာမည်က လျှို့ဝှက်မြို့စားမင်း တဲ့... ခင်ဗျား မှတ်မိလား..."
သူ ရုတ်တရက် စိတ်ကူးပေါက်သွားပြီး ချူကျင်းကို ဆင့်ခေါ်လိုက်သည်။
တစ္ဆေကျင့်ကြံသူ ဖြစ်လာပြီးနောက် ချူကျင်းသည် နေ့ခင်းကြောင်တောင်တွင် ကိုယ်ထင်ပြနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ချူကျင်းက ဝိညာဉ်ပုံသဏ္ဌာန်ကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်ရာ မိုကျိုဟုန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ထို့နောက် မိုကျိုဟုန်၏ မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်ဟစ်လေတော့သည်။
"တိရစ္ဆာန်ကောင်... မင်း ငါ့ရဲ့ တာ့လီမင်းဆက် အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့တာပဲ... မင်း သေချင်နေတာလား..."
သူသည် ကျောပေါ်မှ ဓားမကြီးကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မြှောက်ကာ ချူကျင်းကို ခုတ်ပိုင်းရန် ပြင်လိုက်သည်။
ချွင်…
ဓားထုတ်လိုက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ဓားတစ်လက်က မိုကျိုဟုန်၏ လည်ပင်းကို ထောက်ထားလိုက်ရာ သူ ချက်ချင်း ငြိမ်ကျသွားသည်။ထို့နောက် မိုကျိုဟုန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး….
"ကျုပ် တကယ် စိတ်ရှုပ်သွားတာပါ... သူက ဓားဝိညာဉ်ဖြစ်နေပြီဆိုတော့ သေပြီးသားပဲ ဖြစ်မှာပေါ့... ဘဝဟောင်းက အငြိုးအတေးတွေ အားလုံး ပြေပျောက်သွားပါပြီ..."
ထိုစကားကိုကြားရသောအခါ ရွှီနင်း၏ မျက်နှာထားက ထူးဆန်းနေသည်။
ကျန်းကျောက်ရှား၏ မျက်နှာထားမှာမူ အေးစက်နေပြီး မနှစ်မြို့သော အကြည့်များ ရှိနေသည်။
ချူကျင်းကတော့ ကျန်းကျောက်ရှားကို လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့လက်အောက်တွင်သာ ထိုကဲ့သို့ သစ္စာရှိပြီး ရဲရင့်သော စစ်သူကြီးမျိုး ရှိခဲ့လျှင် သူ့ဘဝ ဤမျှ ခက်ခဲခဲ့မည် မဟုတ်ချေ။
လီချင်းချိုးက… .
"တာအိုမိတ်ဆွေ... ခင်ဗျားရဲ့ တာအိုစွမ်းရည်က အဆင့်မမီသေးဘူး ထင်တယ်... တစ္ဆေတောင် မမြင်ရဘူးဆိုတော့..."
ဆယ်နှစ်အတွင်း သူ့ကျင့်ကြံမှုက အဆင့်နှစ်ဆင့် တက်လာခဲ့သည်။ ဤလူ၏ တံခါးပိတ် ကျင့်ကြံရာ နေရာသည် သာမန် မဟုတ်တန်ရာ။
ရှေးဟောင်းနတ်ဘုရားကြောင့် ငလျင်လှုပ်ရခြင်းမှာ ရှေးဟောင်းနတ်ဘုရားက သူ့နေရာကို မျက်စိကျနေ၍ ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် တာ့လီမင်းဆက်၏ မြောက်ဘက်အကျဆုံး စီရင်စု ဖြစ်သော ချန်းကျိုး နယ်စပ်ဒေသတွင် တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
မိုကျိုဟုန် ရှက်ရွံ့သွားပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ သူ ဘာလို့ ဒီလောက် ကံဆိုးပြီး ကျန်းကျောက်ရှားနဲ့ သွားတိုးရသနည်း။
အဓိကအချက်မှာ သူသည် မူလကတည်းက ကျန်းကျောက်ရှားနှင့် မတိုက်ခိုက်သင့်ပေ။
သူတို့နှစ်ယောက်စလုံး လင်းထျန်းဂိုဏ်းကို ရှင်းလင်းချင်ကြသူများ ဖြစ်သည်။ သူက ချင်းရှောင်ဂိုဏ်းသားများ လူသတ်လွန်းသည်ကို မြင်ပြီး ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လက်ပိုက်ကြည့်မနေနိုင်သောကြောင့် ဝင်ပါမိခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ကျန်းကျောက်ရှား၏ ခေါင်းဖြတ်သတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး ကြောက်လွန်းသဖြင့် ဒူးထောက် အသနားခံခဲ့ရသည်။
"ဟုတ်ပါတယ်... ခင်ဗျားတို့ ချင်းရှောင်ဂိုဏ်းနဲ့ ယှဉ်ရင် ကျုပ်က သာမန်ညောင်ညကျင့်ကြံသူ တစ်ယောက်ပါပဲ... အရာအားလုံးကို ကိုယ့်ဘာသာ လေ့လာခဲ့ရတာပါ..."
မိုကျိုဟုန်က အတင်းဟန်ဆောင် ပြုံး၍ ပြောလိုက်တော့ လီချင်းချိုး မရယ်ဘဲ မနေနိုင်တော့ချေ။
ဤလူသည် အမှန်တကယ်ပင် "အလိုက်သင့် နေထိုင်တတ်ခြင်း" စွမ်းရည် ရှိပေသည်။
သို့သော် ထိုအချက်ကြောင့် မိုကျိုဟုန်ကို လျှော့မတွက်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် မိုကျိုဟုန်သည် လွန်ခဲ့သော ဆယ်နှစ်က မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သာ ရှိသော်လည်း နန်းတော်ထဲသို့ တစ်ယောက်တည်း ဝင်ရောက်ရဲခဲ့သူ ဖြစ်သည်။
"ပြောပါဦး... ရှေးဟောင်းနတ်ဘုရားတွေ အကြောင်း ခင်ဗျား ဘယ်လောက် သိထားလဲ... ခင်ဗျားအဖြေကို ကျွန်တော် မကျေနပ်ရင် ခင်ဗျားရဲ့ ဝိညာဉ်ကို ရှာဖွေရလိမ့်မယ်..."ဟု လီချင်းချိုးက မိုကျိုဟုန်ကို စိုက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဝိညာဉ်ရှာဖွေခြင်း…
မိုကျိုဟုန် ကြက်သီးထသွားချေပြီ။ ထိုစကားလုံးကို ကြားရုံနှင့် ဘာကို ဆိုလိုကြောင်း သူ သိသည်။
"ကျုပ်ရဲ့ တာအိုပညာရပ်က တောင်ပေါ်လိုဏ်ဂူတစ်ခုကနေ ရတာပါ... အဲဒီလိုဏ်ဂူထဲမှာ လျှို့ဝှက်ကျမ်းစာ အနည်းငယ် ရခဲ့တယ်... အဲဒီထဲက တစ်အုပ်မှာ ကိုးခရိုင်နယ်မြေထဲက သစ်ပင်နတ်ဆိုး တစ်မျိုးအကြောင်း ပါတယ်... သူ့မှာ ရှေးဟောင်းသမိုင်းကြောင်းရှိပြီး ဘယ်လိုသတ်သတ် မသေနိုင်ဘူးတဲ့... ဝိညာဉ်ချီ ရှားပါးတဲ့ နေရာမှာတောင် သူက ကြီးထွားနိုင်တယ်... ဘာလို့လဲ ဆိုတော့ သူက အသွေးအသားတွေကို စားသုံးပြီး ကြီးထွားနိုင်သလို အရာအားလုံးရဲ့ အသွေးအသားထဲကနေ ဝိညာဉ်ချီကို ရှာဖွေနိုင်လို့ပဲ..."
"ဒီသစ်ပင်နတ်ဆိုးက မွေးရာပါ လောဘကြီးတယ်... သူ့ကို အသွေးအသားတွေ ကျွေးလေ သူက ပိုပြီး ရက်စက်လေပဲ... ဒါ့အပြင် ဒီသစ်ပင်နတ်ဆိုးက ကောက်ကျစ်ပြီး လူတွေကို ပြုစားတတ်တယ်... သူ့ရဲ့နွယ်ပင်တွေက ကျုပ်ရဲ့ တံခါးပိတ် ကျင့်ကြံရာ နေရာထိ ရောက်လာပြီး ကျုပ် အားထားနေရတဲ့ ဝိညာဉ်သစ်ပင်ကို ဝါးမြိုလိုက်တဲ့အချိန်ထိ ကျုပ်က အဲဒါ အတုလို့ပဲ ထင်ခဲ့တာ..."
"ဒီသစ်ပင်က အရမ်း ထူးဆန်းတယ်... သူ ရွေ့လို့ မရပေမဲ့ သူ့ရဲ့ အမြစ်တွေက မိုင်ပေါင်းရာချီ ရှည်လျားတယ်... ဒီအတိုင်းသာ ဆက်သွားရင် တာ့လီမင်းဆက် တစ်ခုလုံးကို သူ စုပ်ယူပစ်လိမ့်မယ်... ဒါကြောင့် ကျုပ်က သူ့ကို ထောက်ပံ့မယ့်သူ မရှိအောင်နဲ့ တဖြည်းဖြည်း အားနည်းသွားအောင် ချီမိသားစုကို ဖျက်ဆီးချင်တာ…”
မိုကျိုဟုန် ဝိညာဉ်သစ်ပင်အကြောင်း ပြောပြလိုက်သောအခါ သူ အမှန်တိုင်း ပြောနေကြောင်း လီချင်းချိုး ယုံကြည်လိုက်သည်။
အမြစ်က မိုင်ပေါင်းရာချီ ရှည်လျားသည် ဆိုသော အချက်က လီချင်းချိုးကို ထိတ်လန့်သွားစေသည်။
ဒါ ဘယ်လို စွမ်းအားကြီးတဲ့ နတ်ဆိုးမျိုးလဲ...
ချီမိသားစု ဒီလောက် မကြောက်မရွံ့ ဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး…
လီချင်းချိုး သာမက ကျန်းကျောက်ရှား၊ ရွှီနင်နှင့် ချူကျင်းတို့ပါ မျက်မှောင်ကြုတ်သွားကြသည်။
"သစ်ပင်နတ်ဆိုးက ချီမိသားစုရဲ့ စွမ်းအားကို မြှင့်တင်ပေးပေမဲ့ သူတို့ရဲ့ သက်တမ်းကိုလည်း ကုန်ဆုံးစေတယ်... ချီမိသားစုက သူ့ကို ကျေးဇူးတင်နေပေမဲ့ ကမ္ဘာကြီးအတွက် စိုးရိမ်ပြီး နာမည်ဆိုးနဲ့ အကျော်ကြား မခံချင်ကြဘူး... ဒါကြောင့် သူတို့က သစ်ပင်နတ်ဆိုးကို သူတို့ရဲ့ ကိုယ်ပိုင် အသွေးအသားတွေနဲ့ပဲ တိတ်တဆိတ် ကျွေးမွေးနေကြတာ... သစ်ပင်နတ်ဆိုးက ယုတ်မာတော့ ချီမိသားစုရဲ့ သတိထားလွန်းတဲ့ လုပ်ရပ်ကို မကျေနပ်ဘဲ ပူးကပ်ဖို့ ကိုယ်ခန္ဓာတွေကို ရှာဖွေတော့တာပဲ..."
"ချီမိသားစု မွေးမြူထားတဲ့ နတ်ဘုရားသားတော်တွေက ကျုပ်ရဲ့ လှုပ်ရှားနိုင်စွမ်းကို ပြန်လည် ကောင်းမွန်စေခဲ့တယ်... ပြီးတော့ ကိုယ်ပွားတွေက ကျုပ်ရဲ့ မူလခန္ဓာကိုယ်အတွက် အသွေးအသားတွေ လိုက်စုပေးကြတယ်... ကံကောင်းလို့ ကျုပ်က နတ်ဘုရားသားတော် ၇ ယောက်ကို သတ်နိုင်ခဲ့တယ်... ကျန်တဲ့ ၂ ယောက်ကတော့ ခြေရာပျောက်သွားကြတယ်..."
"ဒီသစ်ပင်နတ်ဆိုးက ချီမိသားစုကိုတောင် လိမ်ထားသေးတယ်... သူက ချီမိသားစု ကမ္ဘာကို သိမ်းပိုက်ပြီး တိုင်းပြည် ပြန်လည် တည်ထောင်နိုင်အောင် ကူညီဖို့ ရှိနေတာပါတဲ့... သူ့ကိုယ်သူ ရှေးဟောင်းနတ်ဘုရားလို့ ပြောပြီး သက်ရှိသတ္တဝါတွေ အားလုံးအပေါ် ကရုဏာထားပါတယ်... အခုက အားမွေးနေတာပါ... သူ အပြည့်အဝ ပြန်ကောင်းလာရင် သူ စုပ်ယူထားတဲ့ လူတွေကို ပြန်ရှင်အောင် လုပ်ပေးပါမယ် ဆိုပြီး ပြောတယ်... အဓိပ္ပာယ် မရှိလိုက်တာ... ချီမိသားစုက ဒါကို ယုံလောက်အောင်အထိ တုံးအတာလား..."
မိုကျိုဟုန် ပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာပြီး ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာကာ သူ့လည်ပင်းက ကျန်းကျောက်ရှား၏ ဓားသွားနှင့် မတော်တဆ ထိမိသွားတာတောင် သူ မတွန့်ဆုတ်ပေ။
လီချင်းချိုးက….
"သစ်ပင်နတ်ဆိုးရဲ့ ထူးခြားချက်တွေအကြောင်း ထပ်ပြောပြပါဦး... သူ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ ကျွန်တော် သိဖို့ လိုတယ်..."
ထိုစကားကို ကြားသောအခါ မိုကျိုဟုန်၏ မျက်လုံးများ အရောင်လက်သွားပြီး…..
"တာအိုမိတ်ဆွေ... ခင်ဗျား အဲဒီ သစ်ပင်နတ်ဆိုးကို ရှင်းလင်းမလို့လား..."
ထိုအခါ လီချင်းချိုးက လေးနက်စွာ ကြေညာလိုက်လေသည်။
"ဒီလောက် ယုတ်မာပြီး ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ... ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းက လောကလူသားတွေရဲ့ မျက်လုံးထဲမှာ ဖြောင့်မတ်တဲ့ လမ်းစဉ် မဟုတ်ပေမဲ့ ကျွန်တော်တို့ ချင်းရှောင်ဂိုဏ်းက ကောင်းကင်အောက်က သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်... အမှားနဲ့ အမှန် ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာပဲ ရှိပါတယ်..."
ထိုစကားများကို ကြားသောအခါ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏ မျက်လုံးများ တောက်ပလာပြီး ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထသွားကြသည်။
ချူကျင်းက သူ့ကို ကြည့်လိုက်ပြီး သူပြောတာ အမှန်လား အလိမ်လား မဝေခွဲနိုင် ဖြစ်နေသည်။ အကယ်၍ လိမ်ညာခြင်းသာ ဖြစ်လျှင် ချင်းရှောင်ဂိုဏ်းက ကျောက်ကျိကို အဘယ်ကြောင့် တစ်ကြိမ် နှစ်ကြိမ်မက ဆန့်ကျင်ခဲ့သနည်း။
မိုကျိုဟုန်လည်း အလွန် စိတ်ထိခိုက်သွားပြီး ….
"တာအိုမိတ်ဆွေ... ကျုပ်ကို ချင်းရှောင်ဂိုဏ်းထဲဝင်ခွင့်ပေးပါ... ခင်ဗျား ချင်းရှောင်ဂိုဏ်းကို တာဝန်ယူတာ ၁၁ နှစ်ပဲ ရှိသေးတယ်... ကျုပ်သာ ဝင်ခွင့်ရရင် ခင်ဗျားကို သေချာပေါက် ကူညီပေးနိုင်မှာပါ..."
လီချင်းချိုးက ပြုံးလိုက်ပြီး ….
"ကောင်းပြီလေ... ခင်ဗျားကို အတွင်းစည်းတပည့် အနေနဲ့ စတင်ခွင့် ပြုမယ်... ဘာပဲဖြစ်ဖြစ် ခင်ဗျားက ချင်းရှောင်ဂိုဏ်းကို အရမ်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့တာကိုး..."
အတွင်းစည်းတပည့် ဟုတ်လား...
ခံစားချက်က ကောင်းသားပဲ…
မိုကျိုဟုန် ချက်ချင်း သဘောတူလိုက်ပြီး သစ်ပင်နတ်ဆိုး၏ အကြောင်းကို ဆက်လက် ပြောပြလေသည်။
အချိန်အတော်ကြာပြီးနောက်…
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က မိုကျိုဟုန်ကို ခေါ်၍ တောင်အောက်သို့ ဆင်းရန် ပြင်လိုက်ကြသည်။
"နေဦး... မေးဖို့ မေ့နေတာ... မင်းတို့ ကိစ္စ ဘယ်လိုနေလဲ..." ဟု လီချင်းချိုးက ကျန်းကျောက်ရှားနှင့် ရွှီနင်းကို လှမ်းခေါ်ပြီး မေးလိုက်သည်။
ကျန်းကျောက်ရှား လှည့်ကြည့်လိုက်ရာ သူ့မျက်နှာထား အနည်းငယ် သဘာဝမကျ ဖြစ်နေသည်။
ရွှီနင်းက ….
"မအောင်မြင်ပါဘူး... ကျွန်မတို့ လင်းထျန်းအိမ်တော် တစ်ခုလုံးကို ဝင်စီးခဲ့ပေမဲ့ သူတို့ ဂိုဏ်းချုပ်ကို မတွေ့ခဲ့ရဘူး... အစောင့်အရှောက် သုံးယောက်နဲ့ တွေ့လို့ သတ်ပစ်လိုက်တယ်... ချီမိသားစု အကြောင်း တွေးမိလို့ စောစော ပြန်လာခဲ့တာ... မနက်ဖြန်ကျမှ တောင်အောက် ပြန်ဆင်းမယ်... မြေကြီးကို သုံးပေလောက် တူးရရင်တောင် လင်းထျန်းဂိုဏ်း ဂိုဏ်းချုပ်ကို ရှာပြီး အပြစ်ပေးရမယ်..."
လီချင်းချိုးက ခေါင်းခါလိုက်ပြီး ….
"မလိုတော့ဘူး... ဒီတာဝန် ပြီးဆုံးပြီ... မင်းတို့နောက် လိုက်သွားတဲ့ ဂိုဏ်းသားတွေအတွက်တော့ အောင်မြင်တယ်လို့ သတ်မှတ်ပြီး တာဝန်ကြေးတွေ အကုန် ပေးလိုက်မယ်... ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကတော့ ကျရှုံးတယ်လို့ သတ်မှတ်ပြီး ဘာဆုလာဘ်မှ ရမှာ မဟုတ်ဘူး..."
"ကောင်းပါပြီ..."
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ပြိုင်တူ ဖြေလိုက်ကြပြီး လီချင်းချိုးက လက်ဝှေ့ယမ်းပြလိုက်သဖြင့် သူတို့ ထွက်ခွာသွားကြသည်။
သူတို့နှစ်ယောက် မိုကျိုဟုန်နှင့်အတူ ထွက်သွားကြသည့်အခါ လီချင်းချိုးတယောက်တည်း ကုလားထိုင်ပေါ်တွင် ထိုင်၍ အတွေးထဲတွင် နစ်မြောနေသည်။
"သခင်... အဲဒီ သစ်ပင်နတ်ဆိုးက သိပ် စွမ်းအားကြီးတယ်... ကျုပ်တို့ ထိပ်တိုက် ရင်ဆိုင်လို့ မရဘူး... သူ ပြန်ကောင်းလာဖို့ အချိန်လိုတယ်... ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းကလည်း ဖွံ့ဖြိုးဖို့ အချိန်လိုတယ်... တကယ်တော့ ကျုပ်တို့သာ ချီမိသားစုကို တားဆီးနိုင်ရင် သူ့ရဲ့ ပြန်လည် သက်သာလာမှုကို နှေးကွေးသွားအောင် လုပ်နိုင်လိမ့်မယ်... အချိန်က ကျုပ်တို့ဘက်မှာ ရှိတယ်လို့ ထင်ပါတယ်..."ဟု ချူကျင်းက ပြောလိုက်သည်။
မိုကျိုဟုန်၏ အဆိုအရ သစ်ပင်နတ်ဆိုးက သူ့အရွက်များကို ပျံသန်းစေပြီး လူများကို ဒဏ်ရာရစေနိုင်သည်ဟု သိရသည်။ သူ့နွယ်ပင်များက နဂါးတစ်ကောင်လို ထူထဲပြီး အမြစ်များက တောင်တန်းကြီး တစ်ခုလောက် ကြီးမားသည်။ သူသာ လှုပ်ရှားလိုက်လျှင် မိုးနှင့် မြေကြီး ပြိုကျသွားလိမ့်မည်။
လီချင်းချိုး အပါအဝင် ချင်းရှောင်ဂိုဏ်း အတွင်း၌ ဤမျှ စွမ်းအားကြီးသောသူကို ချူကျင်း မတွေ့ဖူးသေးပေ။
လီချင်းချိုးက သက်ပြင်းချလိုက်ပြီး…
"ဟုတ်တယ်... အချိန်က ကျူပ်တို့ဘက်မှာ ရှိတယ်... ဒါပေမဲ့ အဲဒီအချိန်အတွင်းမှာ အပြစ်မဲ့တဲ့ လူဘယ်နှယောက် သေရဦးမလဲ..."
ချူကျင်းက ….
"လူတွေ နေ့တိုင်း သေနေကြတာပါပဲ... ဒီသစ်ပင်နတ်ဆိုး မရှိရင်တောင် ကမ္ဘာပေါ်မှာ အနိုင်ကျင့်တဲ့လူတွေ၊ လူယုတ်မာတွေ အများကြီး ရှိပါတယ်... သူတို့က အချိန်တိုင်း လူတွေကို ဒုက္ခပေးနေတာပါ... ကမ္ဘာကြီးကို ကယ်တင်ဖို့ အင်အား စုဆောင်းတာ ရှက်စရာ မဟုတ်ပါဘူး..."
လီချင်းချိုးအနေနှင့် မည်သူ့ နှစ်သိမ့်မှုကိုမျှ မလိုအပ်ပေ။
သူ မသေမျိုးလမ်းစဉ်ကိုသာ မကျင့်ကြံခဲ့လျှင် ကံကြမ္မာ၏ စီမံမှုကိုသာ ထိုင်စောင့်နေရမည် ဖြစ်ကြောင်း ညည်းတွားမိရုံ သက်သက်သာ ဖြစ်သည်။
ချင်းရှောင်ဂိုဏ်း အနေဖြင့်လည်း အရာအားလုံးကို မစီမံနိုင်ပေ။ အလွန်ဆုံးမှာ ဂိုဏ်းသားများနှင့် တောင်အောက်ရှိ လူများကိုသာ ကာကွယ်ပေးနိုင်သည်။ သို့သော် ချင်းရှောင်ဂိုဏ်းသာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်လျှင် သက်ရှိသတ္တဝါ အားလုံးကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
သူ မျှော်မှန်းထားသည်မှာ အာဏာကို အသုံးပြုပြီး အရာအားလုံးကို လွှမ်းခြုံရန် မဟုတ်ဘဲ ကမ္ဘာအနှံ့တွင် ချင်းရှောင်ဂိုဏ်းသားများက မသေမျိုးလိုဏ်ဂူများ တည်ဆောက်ပြီး မြို့တိုင်းတွင် နေရာရွှေ့ပြောင်းခြင်း အစီအရင်များ ရှိလာစေရန် ချင်းရှောင်ဂိုဏ်းကို တည်ဆောက်ရန် ဖြစ်သည်။
အာဏာဖြင့် ကမ္ဘာကို ထိန်းချုပ်ခြင်းသည် မင်းဆက်များနှင့် မခြားနားပေ။ အကယ်၍ တစ်စုံတစ်ယောက်က အာဏာမရှိဘဲနှင့် ကမ္ဘာကို လွှမ်းခြုံနိုင်လျှင် အာဏာရှိသူများကို ဟန့်တားနိုင်မည် ဖြစ်ပြီး ပြည်သူများ၏ နှလုံးသားထဲတွင် ကောင်းကင်ဘုံ ဖြစ်လာကာ ကမ္ဘာကြီးကို ထောက်ပံ့နိုင်မည် ဖြစ်သည်။
သို့သော် ထိုအဆင့်ထိ ရောက်ရှိရန် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ဖြင့် မည်သို့မျှ မဖြစ်နိုင်ပေ။
လီချင်းချိုးကလည်း စိတ်မြန်လက်မြန် မလုပ်တတ်ပေ။သို့မဟုတ်လျှင် ချင်းရှောင်ဂိုဏ်းကို ချောက်ကမ်းပါးထဲ တွန်းပို့လိုက်သလို ဖြစ်သွားနိုင်သည်။
စောင့်ဆိုင်းနေစဉ်အတွင်း ချီမိသားစုကို မည်သို့ ထိန်းချုပ်ရမလဲ ဆိုသည်ကို သူ စဉ်းစားနေမိသည်။
မိုကျိုဟုန်ကို ယုံကြည်ရမလား ဆိုသည်မှာ သူ့သစ္စာရှိမှုအပေါ် မူတည်သည်။ သစ္စာရှိမှု နည်းပါးနေလျှင် တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေရန် လိုအပ်သည်။
နာရီဝက် ကြာပြီးနောက် တာအိုမျိုးဆက်စနစ်တွင် မိုကျိုဟုန်၏ ပုံရိပ်ကို သူ ရှာတွေ့လိုက်သည်။
[ အမည် - မိုကျိုဟုန် ]
[ ကျား/မ - ကျား ]
[ အသက် - ၄၂ နှစ် ]
[ သစ္စာရှိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၆၇/၈၂ (အမြင့်ဆုံး ၁၀၀) ]
[ ကျင့်ကြံခြင်းပါရမီ - သာမန် ]
[ ဉာဏ်ရည် - သာမန် ]
[ ကံကြမ္မာ - အခြေအနေအလိုက် ပြုမူတတ်ခြင်း၊ ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ် ]
[ အခြေအနေအလိုက် ပြုမူတတ်ခြင်း - ရှင်သန်ရပ်တည်ရန်အတွက် ဂုဏ်သိက္ခာကို ဘေးဖယ်ထားနိုင်သော်လည်း သူတစ်ပါး နင်းချေ၍ မရသော ကိုယ်ပိုင် ခံယူချက်များ ရှိသည်။ ]
[ ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ် - ရန်သူ့တပ်ဖွဲ့ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ရာတွင် ကျွမ်းကျင်ပြီး ရန်သူ့ယုံကြည်မှုကို ရယူနိုင်သည်၊ ထိုးဖောက်ဝင်ရောက်ခြင်း အတွေ့အကြုံများကို လက်ဆင့်ကမ်း သင်ကြားရာတွင်လည်း ကျွမ်းကျင်သည်။ ]