← Chapters

ရွှန်းရှန်မြို့…..

Vol. 17 Ch. 165

ရွှန်းရှန်မြို့…..

Vol. 17 Ch. 165

ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ်…

မိုကျိုဟုန်တယောက်တည်း ချီမိသားစုအတွင်းသို့ ဝင်ရောက်၍ သတင်းအချက်အလက်များစွာ စုဆောင်းနိုင်ခဲ့ပြီး နတ်ဘုရားသားတော် ခုနစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။

လီချင်းချိုးက "ထိုးဖောက်ဝင်ရောက်ခြင်း လမ်းစဉ်" ကံကြမ္မာကို အလွန် စိတ်ဝင်စားသွားသော်လည်း မိုကျိုဟုန် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာခြင်းက ဤကံကြမ္မာ၏ အရှိန်အဟုန်ကို မြင့်တက်စေမလားဟု တွေးတောနေမိသည်။

မည်သို့ပင်ဆိုစေကာမူ ဤကံကြမ္မာသည် အလွန် ကောင်းမွန်ပေသည်။ လီချင်းချိုးက မျိုးနွယ်ကြီးများကို အချိန်တိုင်း အားကိုးနေမည့်အစား ချင်းရှောင်ဂိုဏ်းပိုင် သတင်းထောက်လှမ်းရေး ကွန်ရက်တစ်ခု တည်ထောင်ရန် အမြဲ ဆန္ဒရှိခဲ့သည်။

မျိုးနွယ်ကြီးများ၏ အာဏာကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းက သတင်းအချက်အလက် အမှားနှင့် အမှန် ခွဲခြားရ ခက်ခဲစေနိုင်သည်။

မိုကျိုဟုန်၏ သစ္စာရှိမှု ၉၀ ရာခိုင်နှုန်း မပြည့်မချင်း မိုကျိုဟုန်ကို ဗဟိုပြု၍ သတင်းထောက်လှမ်းရေး ကွန်ရက်တစ်ခု တည်ထောင်ရန် မဝံရဲသေးပေ။

ကံကောင်းထောက်မစွာဖြင့် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။ ချင်းရှောင်ဂိုဏ်းနှင့် မိုကျိုဟုန်တို့ကြားတွင် ကြီးမားသော အမုန်းတရား မရှိသလို မိုကျိုဟုန်၏ လုပ်ရပ်များမှာလည်း လောလောဆယ်တွင် ပြဿနာ မရှိပေ။ သူသည် နန်းတော်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူများကို ဆက်လက် မသတ်ဖြတ်ရန် ကျန်းကျောက်ရှားနှင့် အဖွဲ့ကို တားဆီးခဲ့သည်။ ကြည့်ရသည်မှာ သူ့တွင် သူရဲကောင်း စိတ်ဓာတ် ရှိပုံရသည်။

သူသည် ဟိုဘက်ဒီဘက်ပါတတ်သူ တစ်ယောက် ဖြစ်ပုံရသော်လည်း လီချင်းချိုး နားလည်ပေးနိုင်သည်။ အသက်ရှင်ရပ်တည်ရန်အတွက် ဂုဏ်သိက္ခာကို ဘေးဖယ်ထားခြင်းက ပုံမှန်သာ ဖြစ်ပြီး သူသည် လူဆိုးတစ်ယောက် မဟုတ်ပေ။ အသက်ရှင်ရန်အတွက် အပြစ်မဲ့သူများကို သူ ဒုက္ခမပေးခဲ့ချေ။

ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ ပြန်ရောက်လာပြီ ဖြစ်သဖြင့် လီချင်းချိုး စိတ်အေးလက်အေးဖြင့် လေ့လာမှုများကို အာရုံစိုက်နိုင်ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် သစ်ပင်နတ်ဆိုး ပြဿနာကို ဖြေရှင်းရန်မှာ သူ့အပေါ်တွင်သာ မူတည်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်အာရုံနယ်ပယ်နှင့် အနီးစပ်ဆုံး လူဖြစ်သောကြောင့်ဖြစ်ပေသည်။

ဤသို့ဖြင့် လီချင်းချိုး မတ်တပ်ထရပ်ကာ သူ၏ မသေမျိုးလိုဏ်ဂူသို့ လျှောက်သွားလိုက်သည်။

အဓိကတပည့် ငါးဆယ်နှင့်အတူ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ညပြန်ရောက်လာကြသဖြင့် ချင်းရှောင်ဂိုဏ်းတွင် ရက်အတန်ကြာအောင် စည်ကားသွားခဲ့သည်။

ထိုကာလအတွင်း မိုကျိုဟုန်သည်လည်း ချင်းရှောင်ဂိုဏ်းအကြောင်းကို လေ့လာခဲ့ပြီး ပိုမို သိရှိလာလေ ပို၍ ထိတ်လန့်လေ ဖြစ်လာသည်။

သူသည် တစ်ဦးတည်းသော ကျင့်ကြံသူ မဟုတ်ရုံမျှမက ကျင့်ကြံခြင်း အဆင့်သည်လည်း ချင်းရှောင်ဂိုဏ်းတွင် ထိပ်တန်းစာရင်း မဝင်ကြောင်း တွေ့ရှိလိုက်ရသည်။

သိုင်းစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်နေကြသော အဓိကတပည့် နှစ်ယောက်ကို သူ တွေ့လိုက်ရပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရှာသည်။

အဘယ်ကြောင့်ဆိုသော် ထို အဓိကတပည့် နှစ်ယောက်၏ ဂါထာစွမ်းအင် ထုတ်ဖော်မှုက သူ့ထက်ပင် သာလွန်နေသောကြောင့် ဖြစ်သည်။

ထို့နောက်ပိုင်း နေ့ရက်တိုင်းတွင် အသိဉာဏ် ဗဟုသုတပိုင်းဆိုင်ရာ တုန်လှုပ်မှုများကို ကြုံတွေ့နေရတော့သည်။

ချင်းရှောင်ဂိုဏ်း၏ စွမ်းအားကြီးမားမှု အပြင် ဂိုဏ်း၏ လုပ်ဆောင်ချက်များကလည်း သူ့ကို သက်ရောက်မှု ရှိစေသည်။

ချင်းရှောင်ဂိုဏ်း အတွင်း၌ အားကြီးသူက အားနည်းသူကို ကူညီခြင်းသည် ပုံမှန် ဖြစ်ပြီး အားနည်းသူကို အနိုင်ကျင့်သော အားကြီးသူများကိုမူ အထင်သေး ရွံရှာကြသည်။

သာမန်ပြည်သူများက နေ့စဉ် ဆေးကုသမှု ခံယူရန် တောင်ပေါ်သို့ တက်လာကြပြီး ချင်းရှောင်ဂိုဏ်းဘက်ကလည်း ငွေကြေး အများအပြား မယူပေ။ ပြင်းထန်သော ရောဂါ ပျောက်ကင်းသွားသဖြင့် လက်လုပ် ကောက်ရိုးဖိနပ် တစ်ရန်ဖြင့် ဆေးဖိုးပေးသည်ကိုပင် သူ မြင်တွေ့ခဲ့ရသည်။

ဤသို့သောအချက်များကြောင့်

မိုကျိုဟုန်တယောက် ချင်းရှောင်ဂိုဏ်းကို အလွန် စိတ်ဝင်စားနေမိသည်။ အထူးသဖြင့် ဂိုဏ်း၏ အမှန်တကယ် တိုးတက်လာမှုက လီချင်းချိုး ဂိုဏ်းချုပ် ဖြစ်လာပြီးနောက်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ စိတ်ဝင်စားသွားသည်။ ယခင်ကမူ ချင်းရှောင်ဂိုဏ်းက သူ ငယ်စဉ်က ကြားဖူးသလို ဂိုဏ်းသား အနည်းငယ်သာ ရှိပြီး "သိုင်းလောက ဂိုဏ်း" ဟူသော ဂုဏ်ပုဒ်နှင့်ပင် မထိုက်တန်သော အခြေအနေတွင် ရှိခဲ့သည်။

လီချင်းချိုးက ၁၁ နှစ်တာ ကာလတိုအတွင်း ဂိုဏ်းသားများစွာကို စုဆောင်းနိုင်ခဲ့ပြီး ဂိုဏ်းသား အများအပြားကို မသေမျိုးလမ်းစဉ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ကာ ၎င်းတို့အနက် ဒါဇင်နှင့်ချီသော ဂိုဏ်းသားများက မိုကျိုဟုန်ထက်ပင် ကျင့်ကြံမှု မြင့်မားကြပေသည်။

ထိုအချက်ကို မိုကျိုဟုန် နားမလည်နိုင် ဖြစ်နေပြီး လီချင်းချိုးဆိုသူက ကောင်းကင်ဘုံက စေလွှတ်လိုက်သူ ဖြစ်မည်ဟုသာ ခံစားမိတော့သည်။

ဤသို့ဖြင့် သူသည် ထိုလူငယ်အပေါ် စူးစမ်းလိုစိတ်နှင့် လေးစားစိတ်များ ဖြစ်ပေါ်လာရသည်။

မသေမျိုးလမ်းစဉ်ကို ကျင့်ကြံပြီးနောက် ကိုယ်ပိုင်ကံကြမ္မာကို သူ နားလည်လာခဲ့သည်။ ဝိညာဉ်သစ်ပင်ကို အားကိုး၍ နေ့တိုင်း ကြိုးစား ကျင့်ကြံခဲ့သော်လည်း မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့သာ ရောက်ရှိခဲ့သည်။

သို့သော် ချင်းရှောင်ဂိုဏ်းတွင် မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် ရှိသူများ ရှိနေပြီ ဖြစ်ပြီး လီချင်းချိုးဆိုလျှင် ခန့်မှန်း၍ပင် မရနိုင်အောင် နက်ရှိုင်းလှသည်။ ထိုကွာခြားချက်က သူ့ကို ယှဉ်ပြိုင်လိုစိတ် လုံးဝ မရှိတော့အောင် ဖြစ်စေခဲ့သည်။

မဖြစ်ဘူး...

ငါ ချင်းရှောင်ဂိုဏ်းမှာ အမြစ်တွယ်အောင်နေမှ ဖြစ်မယ်…

မိုကျိုဟုန်သည် တာအိုကံတရားများ ရရှိရန်အတွက် အတွင်းစည်းတပည့် တစ်ယောက်အနေဖြင့် ဂိုဏ်းတွင်း တာဝန်များကို စတင် လုပ်ဆောင်လေသည်။

တာအိုကံတရားသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်ရန် နည်းလမ်းတစ်ခု သာမက ဂိုဏ်းသားများ၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် စံနှုန်းတစ်ခုလည်း ဖြစ်သည်ဟု သူ ခံစားမိသည်။

တာအိုကံတရား များလေ ကောင်းလေ ဖြစ်ပြီး များများ ရှိထားရန် လိုအပ်ပေသည်။

ဇွန်လအစောပိုင်းတွင် နေရောင်ခြည် တောက်ပနေပြီး လူအများအပြား ချင်းရှောင်တောင်ပေါ်သို့ စုရုံးရောက်ရှိလာကြသည်။ ယခုအခါ သိုင်းလောက တစ်ခုလုံးက ချင်းရှောင်ဂိုဏ်းကို "တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း" အဖြစ် အသိအမှတ်ပြုလာကြပြီ ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းက နေရာအနှံ့မှ ဧည့်သည်များကို ဆွဲဆောင်လျက် ရှိပြီး ဂိုဏ်းထဲသို့ဝင်ရောက်လိုသူ ဦးရေလည်း များပြားလာသည်။

ယန်ကျွယ်တိန်က သိုင်းစင်မြင့် နှစ်ခု ထပ်မံ တည်ဆောက်ခဲ့သော်လည်း သိုင်းစင်မြင့် သုံးခုစလုံးတွင် လူအုပ်ကြီးက အမြဲ ပြည့်နှက်နေသည်။

ထိုနေ့ မနက်ခင်းတွင် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော မိုကျိုဟုန်တယောက် တောင်ပေါ်တွင် လမ်းလျှောက်နေသည်။ သူသည် ဆံပင်ကို သပ်ရပ်စွာ စည်းနှောင်ထားပြီး မျက်နှာသစ်ထားသဖြင့် တောင်ပေါ်သို့ စရောက်စဉ်ကနှင့် လုံးဝ ကွာခြားသွားပြီး အရှိန်အဝါ တစ်ခု ရှိနေသည်။

သူသည် ယခုချိန်၌ ကိုယ်ပိုင် ဆေးဖက်ဝင်အပင် စိုက်ခင်းတစ်ခု မည်သို့ တည်ထောင်ရမလဲ ဆိုသည်ကို စဉ်းစားနေခြင်းဖြစ်သည်။

သူ တံခါးပိတ် ကျင့်ကြံစဉ်က ဆေးဖက်ဝင်အပင်များစွာ စိုက်ပျိုးခဲ့ဖူးသဖြင့် ချင်းရှောင်ဂိုဏ်း အတွင်း၌ မြေကွက်တစ်ကွက် ဝယ်ယူရန် စီစဉ်နေသည်။ချွမ်ကုန်းခန်းမတွင် ဝိညာဉ်ဆေးပင်များ ရောင်းချနေကြောင်း ကြားသိရသဖြင့် အလွန် အလားအလာ ရှိသည်ဟုလည်း သူ တွေးမိသည်။

ယခုအခါ သူသည် တိုးတက်မှုအပေါ်တွင်သာ တစိုက်မတ်မတ် အာရုံစိုက်နေပြီး ချီမိသားစု၏ ခြိမ်းခြောက်မှုကိုမူ မေ့ထားလိုက်ပြီ ဖြစ်သည်။

ကောင်းကင်ပြိုကျလာလျှင်ပင် လီချင်းချိုးက ထမ်းထားလိမ့်မည်….

သူသည် အတွင်းစည်းတပည့် တစ်ယောက်သာ ဖြစ်သဖြင့် ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရန် မလိုပေ။

မိုကျိုဟုန် မော့ကြည့်လိုက်ရာ လူတစ်ယောက် သူ့ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ အစပထမတွင် သူ သတိမထားမိဘဲ ပေါ့ပေါ့ပါးပါးသာ ကြည့်လိုက်သော်လည်း ချက်ချင်းပင် သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ချင်းရှောင်ဘိုးဘေး... ခင်ဗျားလား..." ဟု မိုကျိုဟုန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဝိုင်အိုးတစ်လုံးကို ပိုက်ထားသော ချင်းရှောင်ဘိုးဘေးက သူ့ကို ကြောင်ငေးကြည့်လိုက်ပြီး ….

"မင်း ရိုင်းလှချည်လား... ငါ့ကို ဘိုးဘေးဆရာသခင်လို့ ခေါ်သင့်တယ်..."

ထိုအခါ မိုကျိုဟုန် ရှေ့သို့ တိုးသွားပြီး….

"ကျွန်တော်ပါ... မိုကျိုဟုန်ပါ... ခင်ဗျား ချန်းကျိုးကို သိုင်းပြိုင်ပွဲသွားတုန်းက ကျွန်တော့်ကို ကယ်ခဲ့ဖူးတယ်လေ... ခင်ဗျားရဲ့ စိတ်ဓာတ်က ကျွန်တော့်ကို လွှမ်းမိုးမှု အများကြီး ရှိခဲ့ပါတယ်... နောက်ပိုင်း ကျွန်တော့်သိုင်းပညာ တိုးတက်လာတဲ့အခါ ခင်ဗျားရဲ့ လုပ်ရပ်တွေကို အားကျပြီး နန်းတော်ထဲ ဝင်သွားမိလို့ သေလုနီးပါး ဖြစ်ခဲ့ရသေးတယ်..."

ချင်းရှောင်ဝါရင့်ပုဂ္ဂိုလ်က မျက်လုံးပြူးကြည့်ပြီး ….

"မင်း ဘာတွေ ပြောနေတာလဲ... မင်းဘာသာ လုပ်ပြီး အခုမှ ငါ့လာပုံချနေတာလား... မင်းမှာ အသိစိတ် မရှိဘူးလား... ငါက မင်းကို ကယ်ခဲ့တယ်လို့ ပြောရဲသေးတယ်ပေါ့..."

"မဟုတ်ပါဘူး... ကျွန်တော် ဆိုလိုတာက ကျွန်တော့်ရဲ့ တွန်းအားတွေက ခင်ဗျားဆီက ရခဲ့တာလို့ ပြောတာပါ... အို... ဒါတွေက အရေးမကြီးပါဘူး... အရေးကြီးတာက ခင်ဗျားက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ... ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ရမယ်..."

မိုကျိုဟုန်က ချင်းရှောင်ဘိုးဘေး၏ ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ပြောရင်းနှင့် စိတ်လှုပ်ရှားလာကာ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။

ထို့ကြောင့် ချင်းရှောင်ဘိုးဘေးလဲ ကြောင်အသွားပြီး သူ့မူးနေသမျှ ချက်ချင်း ပြေပျောက်ကုန်သည်။

"မင်း ဘာလုပ်နေတာလဲ..."

"ကျွန်တော် အရမ်း စိတ်လှုပ်ရှားပြီး ဝမ်းသာလို့ပါ... ဒီဘဝမှာ ခင်ဗျားကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

မိုကျိုဟုန်၏ ရင်ထဲက လာသော ရှိုက်ကြီးတငင် ငိုကြွေးမှုက ချင်းရှောင်ဘိုးဘေးကို ထိရှသွားစေပြီး ဂုဏ်ယူဝင့်ကြွားစေခဲ့သည်။

ကျန်းဟူလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် သူ့နာမည်ကျော်ကြားမှုကို မှတ်မိသူ နည်းပါးလာသော်လည်း သူ ကယ်တင်ခဲ့ဖူးသူများက ကျေးဇူးတင်နေကြသေးသည် ဆိုသောအချက်က လုံလောက်ပေသည်။

"ဟေ့ကောင်... ထပြီး စကားပြောစမ်းပါ... မင်းလည်း အသက်ကြီးနေပြီ... တခြား ဂိုဏ်းသားတွေ မြင်သွားရင် မင်း အရူးလို့ ထင်ခံရလိမ့်မယ်..."

ချင်းရှောင်ဘိုးဘေးက ကိုယ်ကိုကိုင်း၍ မိုကျိုဟုန်ကို ဆွဲထူလိုက်တော့

မိုကျိုဟုန်က မျက်ရည်များကို သုတ်လိုက်ပြီး ….

"ကျွန်တော် အရူးလို့ ထင်ခံရမှာ မကြောက်ပါဘူး... ဒါက အရူးအလုပ်လုပ်တာ မဟုတ်ပါဘူး... သံယောဇဉ်တရား နားလည်တဲ့သူတိုင်း ကျွန်တော့်ကို နားလည်ကြမှာပါ..."

"ကောင်လေး... မင်းက လူကောင်းပဲကွ... လူကောင်းပဲ..."

ချင်းရှောင်ဘိုးဘေး၏ချီးကျုးစကားကိုကြားရသောအခါ မိုကျိုဟုန်၏မျက်နှာပေါ်တွင်တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

ဇွန်လနှောင်းပိုင်းတွင် တောအုပ်တစ်ခု အတွင်း၌ လီချင်းချိုးက ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာ နှင့် ရှောင်ဝူတိ တို့ "ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်း" ကို ကျင့်ကြံနေကြသည်ကို စောင့်ကြည့်နေသည်။

ရှောင်ဝူချင်း၊ ရှောင်ဝူမင်း နှင့် ယွင်ချိုင် တို့ကတော့ အခြား လမ်းစဉ်များကို လိုက်စားကြပြီး အခြား ဂါထာများကို လေ့ကျင့်နေကြသည်။

သူတို့ကို စုစည်း၍ ကျင့်ကြံစေခြင်းကို လီချင်းချိုး နှစ်သက်သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် သူတို့အချင်းချင်း ဆက်ဆံရေး ပိုမို ခိုင်မာစေပြီး အနာဂတ်တွင် အတူတူ လက်တွဲ လုပ်ဆောင်ရာ၌ လွယ်ကူစေမည် ဖြစ်သည်။

ထိုစဉ် ကျန်းယွီချွန်း တောအုပ်ထဲသို့ ဝင်ရောက်လာပြီး လီချင်းချိုး၏ ဘေးသို့ ရောက်လာသည်။ သူသည် ယွမ်လီနှင့် အခြားသူများ၏ ကျင့်ကြံမှု တိုးတက်မှုကို အရင်ဆုံး လေ့လာကြည့်လိုက်ပြီး မနေနိုင်ဘဲ ရေရွတ်လိုက်လေသည်။

"စီနီယာအစ်ကိုကြီး... အစ်ကိုကြီးသာ သူတို့ကို ဒီလို ဆက်ပြီး လေ့ကျင့်ပေးနေမယ်ဆိုရင် နောက်တစ်ကြိမ် ဓမ္မတိုက်ပွဲ ညီလာခံမှာ ထိပ်ဆုံး သုံးနေရာကို သူတို့ပဲ ယူသွားကြလိမ့်မယ်..."

လီချင်းချိုးက သူတို့ထက် သာလွန်ရုံ သာမက ဂိုဏ်းသားများကို သင်ကြားပေးရာတွင်လည်း အချိန်ပိုပေးသည်။ သူ့ရဲ့ ဂိုဏ်းသား ရွေးချယ်နိုင်စွမ်းနှင့် နားလည်သဘောပေါက်နိုင်စွမ်း ပါရမီသည်လည်း သာလွန်နေသည်။

သူ့တပည့်တွေက ပိုတော်နေမှတော့ ဘယ်လိုလုပ် မီနိုင်မှာလဲ…

ကျန်းယွီချွန်း ထိုအတွေးကို လက်လျော့လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ သူ့တပည့်များ အကောင်းဆုံး ကြိုးစားခဲ့ကြသည်ဟုသာ တွေးလိုက်သည်။

ထိုသို့ တွေးလိုက်သည့်အခါ သူ ပိုပြီး စိတ်သက်သာရာ ရသွားသည်။

"တခြား ဂိုဏ်းသားတွေကို လျှော့မတွက်နဲ့..." ဟုသာ လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ဂိုဏ်းတွင်းရှိ ပါရမီအရှိဆုံး သူများအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သူ ကောင်းစွာ သိသည်။ "လူသားလမ်းစဉ် ဘိုးဘေး" ယန်ရွှမ်နှင့် ကျောက်ကျိန်းတို့နှင့် ယှဉ်လျှင်ပင် အခြားသူများက အနည်းငယ် နိမ့်ကျနေသေးသည်။

လူတိုင်းတွင် အတ္တ ကိုယ်စီ ရှိကြစမြဲပင်။ လီချင်းချိုးက အာဏာကို ခွဲဝေပေးထားသော်လည်း သူ့ကိုယ်ပိုင် အင်အားစုကိုလည်း ပျိုးထောင်လျက် ရှိသည်။ ဤသည်မှာ ချင်းရှောင်ဂိုဏ်း ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပင် ဖြစ်သည်။

ကျန်းယွီချွန်းက ….

"ဒါနဲ့... ဂျူနီယာညီလေးကျန်း ခေါ်လာတဲ့ မိုကျိုဟုန်က အခုဆို အချိန်တိုင်း ဘိုးဘေးဆရာသခင်နဲ့ အတူတူ ရှိနေတယ်..."

"ဟုတ်လား..."

"သူ ငယ်ငယ်တုန်းက ဘိုးဘေးဆရာသခင် ကယ်တင်ခဲ့ဖူးတယ်လို့ ကြားတာပဲ... ဟုတ်မဟုတ်တော့ မသိဘူး... ဒါပေမဲ့ အခု ဘိုးဘေးဆရာသခင်က သူ့ကို နေ့တိုင်း ခိုင်းစားပြီး သွားလေရာ ခေါ်သွားနေတယ်..."

"သူ စည်းကျော်တာမျိုး လုပ်သေးလား..."

"မလုပ်ပါဘူး... ဘိုးဘေးဆရာသခင်က သူ့အတွက် ဘာမှ လုပ်မပေးသေးဘူး... ခိုင်းပဲ ခိုင်းနေတာ... အမှန်အတိုင်း ပြောရရင် ဘိုးဘေးဆရာသခင်က သူ့ကို အရူးလုပ်ပြီး ဆော့ကစားနေတယ်လို့ ခံစားရတယ်..."

ပြောရင်းနှင့် ကျန်းယွီချွန်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူတို့၏ ဘိုးဘေးဆရာသခင်သည် သရော်တော်တော် နိုင်ပြီး ကြွားဝါတတ်သော်လည်း အမှန်တကယ်တွင် အတိုင်းအတာ ရှိသူ ဖြစ်သည်။ သူသည် ကြွားဝါရတာ ကြိုက်သော်လည်း မည်သူ့ကိုမျှ ကတိ မပေးတတ်ပေ။ ထို့ကြောင့် ဂိုဏ်းသား အများအပြားက သူ့ကို မုန်းကြသည်။ သို့သော် သူ့လုပ်ရပ်များက လီချင်းချိုးနှင့် အခြားသူများကို ပိုမို စိတ်အေးစေသည်။

အကယ်၍ ဂိုဏ်းသား တစ်ယောက်ယောက်က ချင်းရှောင်ဘိုးဘေး၏ ကတိကို အသုံးပြုပြီး တစ်စုံတစ်ရာ တောင်းဆိုလာလျှင် သူတို့ ငြင်းဆန်ရန် ခက်ခဲမည် ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ဘိုးဘေးဆရာသခင်က မြေခွေးအိုကြီးပါ... သူ့ကို အနိုင်ယူဖို့ မလွယ်ပါဘူး..."

"ဟုတ်တယ်... မိုကျိုဟုန်က မြေဩဇာ လိုက်ကောက်ပေးတယ်... ရေနွေးကြမ်း ငှဲ့ပေးတယ်... တကယ် သည်းခံနိုင်တာ... တခြား ဘယ်သူမှ သူလုပ်သလို မလုပ်နိုင်ကြဘူး..."

"စိတ်မပူပါနဲ့... ဘိုးဘေးဆရာသခင်က စိတ်လှုပ်ရှားမှာ မဟုတ်ပါဘူး... သူ ပိုပြီး မာနကြီးလာရုံပဲ ရှိမှာ..."

ထိုသို့ပြောရင်း လီချင်းချိုး၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။ မိုကျိုဟုန် အနေဖြင့် ချင်းရှောင်ဘိုးဘေးကို အသုံးချပြီး ထိုးဖောက်ရန် ကြိုးစားခြင်းမှာ ခြေလှမ်းမှားခြင်း ဖြစ်သည်ဟု သူ ထင်မြင်မိသည်။

ထို့နောက် ကျန်းယွီချွန်းက ….

"ဒါနဲ့ စီနီယာအစ်ကိုကြီး... အစ်ကိုကြီး ဆောက်ခိုင်းထားတဲ့ မြေအောက်နန်းတော်အတွက် နေရာရွေးပြီးပြီ... လက်မှုပညာရှင်တွေလည်း ရောက်နေပြီ... မှာချင်တာ ရှိသေးလား..."

လွန်ခဲ့သော နှစ်ပတ်ခန့်က ချင်းရှောင်တောင်ပေါ်တွင် မြေအောက်နန်းတော် တစ်ခု တည်ဆောက်ရန် လီချင်းချိုး သူ့ကို ခိုင်းစေခဲ့သည်။ အကျိုးအကြောင်းကို နားမလည်သော်လည်း စတင် ပြင်ဆင်ခဲ့သည်။

"မရှိပါဘူး... မင်းပဲကြည့် စီစဉ်လိုက်ပါ..."

"စီနီယာအစ်ကိုကြီး... ခေတ်ကာလ ပျက်စီးနေပေမဲ့ ကျွန်တော် တောင်အောက်မှာ မြို့တစ်မြို့ တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်... ရွာသားတွေကို စည်းရုံးပြီးပါပြီ... သူတို့ဘက်က အတားအဆီး မရှိတော့ပါဘူး... ဒီမြို့နာမည်ကို အစ်ကိုကြီးပဲ ပေးပေးပါလား..."

လီချင်းချိုးက ခဏမျှ စဉ်းစားလိုက်ပြီး…

"ရွှန်းရှန်မြို့ (မသေမျိုးရှာဖွေမြို့)လို့ ခေါ်လိုက်ကြတာပေါ့..." ဟု ပြောလိုက်သည်။

"ရွှန်းရှန်မြို့... အင်း နာမည်ကောင်းပဲ... မသေမျိုးကို ရှာဖွေခြင်း... ကျွန်တော်တို့က မသေမျိုးတွေ မဟုတ်ဘူးလား... အဓိပ္ပာယ် ရှိပါတယ်... စီနီယာအစ်ကိုကြီး ဖြစ်တာလဲ မပြောနဲ့တော့... အစ်ကိုကြီးရဲ့ မျှော်မှန်းချက်တွေက သိပ်ကြီးမားတာပဲ..."

ကျန်းယွီချွန်း၏ ချီးကျူးစကားကြောင့် လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်သွားသည်။

ထို့နောက် ကျန်းယွီချွန်းက ရှောင်ညီအစ်ကိုသုံးဖော်နှင့် ယွင်ချိုင် တို့ကို ချီးကျူးလိုက်ပြီး လီချင်းချိုး ရှာဖွေတွေ့ရှိထားသော ဤတပည့်လေးယောက်စလုံးက ပါရမီရှင်များ ဖြစ်ကြောင်း၊ အနာဂတ်တွင် ရွှီနင်းလို ဂိုဏ်း၏ ပင်မထောက်တိုင်များ ဖြစ်လာကြလိမ့်မည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

နောက်ဆုံးတွင် သူသည် လီချင်းချိုးထံမှ ထောက်ပံ့ကြေး ရယူနိုင်ခဲ့ပြီး ဂိုဏ်းချုပ်၏ အမိန့်ဖြင့် လင်းစိုင်ခန်းမသို့ ထွက်ခွာသွားလေသည်။

ကျန်းယွီချွန်း ထွက်သွားပြီးနောက် ယွင်ချိုင်က လီချင်းချိုးထံ လျှောက်လာပြီး ….

"ဂိုဏ်းချုပ်... ကျွန်မ တာဝန် ထမ်းဆောင်ချင်ပါတယ်..." ဟု ပြောလိုက်သည်။

လီချင်းချိုးက "ဘာလို့လဲ..." ဟု မေးလိုက်တော့…

"တောင်သခင် နတ်ဘုရားမန္တန် က ကျွန်မအတွက် မလုံလောက်တော့ဘူး... တခြား ဂါထာတွေ လေ့ကျင့်ချင်တယ်... ဒါကြောင့် တာအိုကံတရား လိုအပ်ပါတယ်..."

"မလိုပါဘူး... ငါသင်ပေးမယ်..."

"မဖြစ်ပါဘူး... ဒါက တခြား ဂိုဏ်းသားတွေအတွက် မတရားရာ ကျပါတယ်... ပြီးတော့ ကျွန်မက ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းလည်း မဟုတ်ပါဘူး..."

"ဒါဆို အကြွေး အနေနဲ့ မှတ်ထားလိုက်ပါ... ကျေတဲ့အထိ တာဝန်တွေ အလကား လုပ်ပေးပေါ့..."

"ဒါက..."

ယွင်ချိုင် မည်သို့ ပြန်ငြင်းရမှန်း မသိတော့ဘဲ စိတ်လှုပ်ရှားသွားရှာသည်။

"ပျားမွေးမြူရေး လျှို့ဝှက်နည်းလမ်း တစ်ခု ရှိတယ်... သင်ချင်လား... တတ်မြောက်သွားရင် တိုက်ပွဲမှာ နတ်ဆိုးပျားတွေကို ထိန်းချုပ်နိုင်ပြီး အသုံးဝင်ပုံတွေ အများကြီး ရှိတယ်..."

All Chapters