← Chapters

ကြီးမားသော ရည်မှန်းချက်များ…..

Vol. 17 Ch. 166

ကြီးမားသော ရည်မှန်းချက်များ…..

Vol. 17 Ch. 166

လီချင်းချိုးက "နှလုံးစား ပျားများ" မွေးမြူနည်းကို ယွင်ချိုင်အား သင်ကြားပေးလိုက်သည်။ ယွင်ချိုင်လည်း ထိုနည်းလမ်းကို အလွန် စိတ်ဝင်စားသွားပြီး အိမ်ပြန်ရောက်လျှင် ပျားမွေးမြူရန် စီစဉ်လိုက်သည်။

နှလုံးစား ပျားများကို သာမန် တောပျားများ အသုံးပြု၍ မွေးမြူနိုင်သည်။ ချင်းရှောင်တောင်ပေါ်တွင် တောပျားများ ပေါများပေသည်။ ရှာမတွေ့လျှင်လည်း ချွမ်ကုန်းခန်းမသို့ တင်ပြနိုင်ပြီး ထိုမှ တဆင့် လောကီကမ္ဘာမှ ဝယ်ယူပေးမည် ဖြစ်သည်။

လီချင်းချိုးစိတ်ထဲ၌ ဤကိစ္စအတွက် အလွန် ကျေနပ်နေမိသည်။ သူသည် ဤတပည့်များကို သင်ကြားပေးခဲ့သော်လည်း သူတို့အားလုံး လမ်းကြောင်းအသီးသီး ခွဲထွက်သွားကြခြင်းက ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုပေလိမ့်မည်။

အနာဂတ်တွင် သူတို့သည်လည်း တပည့်များ လက်ခံလာကြမည် ဖြစ်ပြီး ဂိုဏ်း၏ ဩဇာအာဏာကို ချဲ့ထွင်ကာ တာအိုမျိုးဆက်၏ ကျင့်ကြံခြင်း ကဏ္ဍခွဲများကို တိုးပွားစေမည် ဖြစ်သည်။

တချို့က သုတေသနပြုရင်းနှင့် မတူညီသော နည်းပညာရပ်များကို ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း "ဟွမ်ယွမ်ကျမ်းစာ" လောက် မကောင်းမွန်ကြောင်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျင့်စဉ်ပိုင်းဆိုင်ရာ လေ့လာမှုကို စိတ်ဝင်စားမှု လျော့နည်းလာကြသည်။

ဂိုဏ်းသားများ၏ ကျင့်ကြံမှုကို အာရုံစိုက်ခြင်း အပြင် လီချင်းချိုးအနေနှင့် သူ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအတွက်လည်း အားစိုက်ထုတ်လျက် ရှိသည်။

ခန်းမသခင် အသီးသီးက ဂိုဏ်းကိစ္စ အဝဝကို တာဝန်ယူထားကြသဖြင့် သူ့အဖို့ ပုံမှန်အားဖြင့် အလွန် အလုပ်မများလှပေ။

မူလအားဖြည့်နယ်ပယ် နဝမအဆင့်မှ ဝိညာဉ်အာရုံနယ်ပယ်သို့ ကူးပြောင်းခြင်းဟူသည် တစ်ဆင့်တည်းသာ ကွာခြားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ကွာဟချက် အလွန် ကြီးမားလှသည်။

လီချင်းချိုး၏ ခန္ဓာကိုယ်ထဲ၌ မူလချီစွမ်းအင်များ အကန့်အသတ်မရှိ တိုးပွားနေသော်လည်း ဝိညာဉ်အာရုံနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရှာမတွေ့သေးပေ။

ချိုးဖောက်ဝင်ရောက်မည့် အခွင့်အရေး မရှိသေးသဖြင့် မူလချီစွမ်းအင်များ ထိန်းချုပ်၍ မရနိုင်လောက်အောင် များပြားလာသည်အထိ ဆက်လက် ကျင့်ကြံနေရုံသာ ရှိတော့သည်။

ဇူလိုင်လ နီးကပ်လာသည်နှင့် ချင်းရှောင်ဂိုဏ်းတွင် အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ကြေညာလိုက်သည်။

ချင်းရှောင်တောင်ပေါ်ရှိ ဂိုဏ်းသား ထက်ဝက်ခန့်ကို "ဇီယန်တောင်ထွတ်" သို့ ရွှေ့ပြောင်းရမည် ဖြစ်ပြီး အသေးစိတ် စာရင်းကို တဖြည်းဖြည်း ထုတ်ပြန်ပေးမည် ဖြစ်သည်။

ဤကြေညာချက်က ဂိုဏ်းသားများကြားတွင် ဆွေးနွေးငြင်းခုံစရာ ဖြစ်လာခဲ့သည်။ အချို့က မသွားချင်ကြသော်လည်း အချို့ကမူ နေရာသစ်သို့ ပြောင်းရွှေ့ချင်ကြသည်။ သို့သော် မည်သူမျှ ဤဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲခြင်း မရှိပေ။ မသွားချင်သော ဂိုဏ်းသားများကလည်း ရွှေ့ပြောင်းစာရင်းတွင် မပါအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြရသည်။

နတ်ဆိုးထိန်းကျောင်းရေးခန်းမရှိ ခြံဝင်းတစ်ခု အတွင်း…

အသက် ၂၆ နှစ်အရွယ် ချန်ရှို့က လှေကားထစ်ပေါ်တွင် ထိုင်၍ ခြံဝင်းထဲတွင် ပြည့်နှက်နေသော ယုန်များကို ငေးကြည့်နေသည်။

နတ်ဆိုးထိန်းကျောင်းရေးခန်းမ၏ ခြံဝင်းအသီးသီး ပြီးစီးနေပြီ ဖြစ်သော်လည်း ပင်မခန်းမကို တရားဝင် မဖွင့်လှစ်သေးပေ။

အချိန်ကြာလာသည်နှင့်အမျှ အထက်လူကြီးများက နတ်ဆိုးထိန်းကျောင်းရေးခန်းမကို ဖျက်သိမ်းတော့မည်ဟု ဂိုဏ်းသားများက ပြောဆိုလာကြသည်။

ချန်ရှို့နှင့် အခြား နတ်ဆိုးထိန်းကျောင်းရေးခန်းမမှ ဂိုဏ်းသားများ၏ လစာ လျော့နည်းသွားခြင်း မရှိသော်လည်း နေ့စဉ် လုပ်စရာ ဘာမျှ မရှိခြင်းက သူတို့ကို စိတ်မလုံခြုံမှု ဖြစ်စေသည်။

သူမလည်း အများနည်းတူ လမ်းပျောက်နေသလို ခံစားနေရသည်။ သူမ ကြိုးစား ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်လောက်နှင့် အဓိကတပည့် ဖြစ်လာနိုင်မည်ဟု အာမခံချက် မရှိတော့ချေ။

အဓိကတပည့် ဖြစ်ရန်အတွက် တာအိုကံတရား လိုအပ်ချက်ကို ထပ်တိုးလိုက်ပြီ ဖြစ်သည်။ထို့ကြောင့်

တာဝန်ထမ်းဆောင်ရန် အပြင်ထွက်သင့် မထွက်သင့် သူမ တွန့်ဆုတ်နေမိသည်။

ထိုစဉ် သူမ၏ မောင်ဖြစ်သူ ချန်စန်း သူ့ထံ အလျင်အမြန် ဝင်ရောက်လာသည်။

ချန်စန်းသည်လည်း ယခုဆို ၁၇ နှစ် ရှိပြီ ဖြစ်သည်။ တောင်ပေါ်သို့ စရောက်စဉ်ကနှင့် ယှဉ်လျှင် အရွယ်ရောက်လာပြီး အရပ်ရှည်ကာ ဖြောင့်မတ်လာသည်။ ချောမောသူ မဟုတ်သော်လည်း ကျင့်ကြံသူ တစ်ယောက်၏ အရှိန်အဝါ ရှိနေပြီဖြစ်သည်။

"အစ်မ... ကျွန်တော် သတင်းတစ်ခု ကြားခဲ့တယ်... အစ်မနဲ့ တိုင်ပင်ချင်လို့..."

ချန်စန်းက ချန်ရှို့ ဘေးတွင် ဝင်ထိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဘာလဲ..." ချန်ရှို့က သူမမောင်၏ ပြာပြာသလဲ နိုင်မှုကို ယဉ်ပါးနေပြီ ဖြစ်သဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ဒီရက်ပိုင်း ဂိုဏ်းက မြေတွေ ရောင်းနေတယ်... ဝယ်ပြီးရင် ကိုယ်ပိုင် ဆေးဖက်ဝင်အပင်တွေ စိုက်လို့ရတယ်... တောရိုင်းတိရစ္ဆာန်တွေ မွေးလို့ရတယ်... တခြားဟာတွေလည်း လုပ်လို့ရတယ်... ကျွန်တော်တို့ စမ်းကြည့်ရအောင်... ကျင့်ကြံခြင်း လမ်းစဉ်က ဝိညာဉ်ဆေးပင်တွေနဲ့ မကင်းဘူးလို့ လူတွေ ပြောကြတယ် မဟုတ်လား...... ကျွန်တော်တို့လည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်..."ဟု

ချန်စန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လက်များကို ပွတ်သပ်နေသည်။

ချန်ရှို့က စိတ်ဝင်စားမှု သိပ်မရှိဘဲ….

"ချင်းရှောင်တောင်ပေါ်က မြေကို ရောင်းတာမှ မဟုတ်တာ... တချို့မြေတွေက ချင်းရှောင်တောင်နဲ့ ဝေးလွန်းတယ်... ဂိုဏ်းက ချင်းရှောင်တောင်ပေါ်မှာ လူတွေ ပြွတ်သိပ်မနေအောင် ဂိုဏ်းသားတွေကို ခွဲပြီး နေစေချင်တာ နေမှာပါ..."

"သဘောတရားကို ကျွန်တော် နားလည်ပါတယ်... အနာဂတ်မှာ ထိုက်ခွန်း တောင်တန်း တစ်ခုလုံးက တန်ဖိုး ဖြတ်မရအောင် ဖြစ်လာမှာ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပိုင်တဲ့ မြေတစ်ကွက်လောက်တော့ ရှိထားသင့်တယ်... အခု မသုံးသေးရင်တောင် ဝယ်ထားရမယ်... နောက်ကျမှ မိုင်ထောင်ချီ ခရီးထွက်ပြီး သွားဝယ်ရမှာမျိုး မဖြစ်စေချင်ဘူး..."

"ရှောင်စန်း... နင်က ဘာလို့ အမြဲတမ်း အဝေးကြီး တွေးနေရတာလဲ... ဘာလဲ... နင့်မှာ ကြိုက်နေတဲ့ ကောင်မလေး ရှိနေပြီး အခြေချဖို့ စဉ်းစားနေတာလား..."

ထိုစကားကို ကြားသောအခါ ချန်စန်း၏ မျက်နှာနီရဲသွားသဖြင့် ချန်ရှို့ မျက်လုံးပြူးသွားပြီး အလျင်အမြန် မေးလိုက်သည်။

"သူ့နာမည် ဘယ်သူလဲ... ဂိုဏ်းသားပဲလား..."

"ဂိုဏ်းသားပါ... အတွင်းစည်းတပည့် တစ်ယောက်ပါ... နာမည်တော့ ပြောပြလို့ မရသေးဘူး... သူ့မိသားစု နောက်ခံက ရိုးရှင်းတာ မဟုတ်ဘူး... ကျွန်တော်နဲ့ သူ့အခြေအနေက မသေချာသေးပါဘူး... ကျွန်တော်က ငယ်ပါသေးတယ်... အခု အရေးကြီးဆုံးက ကိုယ့်ဘာသာ ကျင့်ကြံပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့ပါပဲ..."

ချန်စန်း ပြန်ဖြေလိုက်သောအခါ ထိုမိန်းကလေးကို ရည်ညွှန်းလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ စကားဆုံးသောအခါ သူ့မျက်လုံးများက တည်ကြည် ခိုင်မာသွားပြန်သည်။

ချန်ရှို့ ရုတ်တရက် စိတ်မကောင်း ဖြစ်သွားမိသည်။ ချင်းရှောင်ဂိုဏ်း အတွင်း၌ပင် မိသားစု နောက်ခံ ကွာခြားချက်က လက်တွေ့ ဘဝတွင် ရှိနေဆဲ ဖြစ်သည်။ မျိုးနွယ်ကြီးများမှ ဆင်းသက်လာသော ကလေးများက အရင်းအမြစ်များကို ပိုမို ရရှိနိုင်ပြီး ပိုမို မြင့်မားသော နေရာသို့ ရောက်ရှိနိုင်သည်။ သူမနှင့် သူမမောင်တွင် အားကိုးစရာ မည်သူမျှ မရှိပေ။ မျိုးနွယ်ကြီး အဆင့်သို့ တက်လှမ်းရန် သူတို့အတွက် မလွယ်ကူလှချေ။

သူမ မောင်လေးကို တစ်ဖက်မိသားစုက အနိုင်ကျင့်မည်ကို သူမ မပူပန်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ချင်းရှောင်ဂိုဏ်း ဖြစ်သောကြောင့်ပင်…

"ကောင်းပြီလေ... ငါ့ စုဆောင်းငွေတွေနဲ့ တာအိုကံတရားတွေ အကုန် နင့်ကို ပေးမယ်... သွားဝယ်လိုက်..."

ထိုအခါ ချန်စန်း ဝမ်းသာသွားပြီး သူမကို ချက်ချင်း ဖက်လိုက်ကာ ကျေးဇူးတင်စကား အထပ်ထပ် ပြောဆိုလိုက်သည်။

ချန်ရှို့က သူ့ကို တွန်းထုတ်လိုက်ပြီး …

"မှတ်ထား... ကျင့်ကြံဖို့ မမေ့နဲ့... မသေမျိုးကျင့်ကြံတာက အိမ်ထောင်ပြုပြီး ကလေးမွေးတာထက် ပိုအရေးကြီးတယ်..."

"စိတ်မပူပါနဲ့ အစ်မ... ကျွန်တော်က အနာဂတ်မှာ အစ်ကိုကြီးလီလို သူရဲကောင်း ဖြစ်လာမှာ... ဒီလောက် စောစောစီးစီး အိမ်ထောင်မပြုပါဘူး..." ဟု ချန်စန်းက ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။

သူ ပြောသော "အစ်ကိုကြီးလီ" ဆိုသည်မှာ လီစစ်ဖုန်း ဖြစ်သည်။

ချန်ရှို့က ရယ်မောလိုက်ပြီး …

"တော်စမ်းပါ... နင်က သူ့လို လူစွမ်းကောင်းကြီး ဖြစ်လာနိုင်မယ် ထင်နေလား..."

"အစ်မ... အစ်ကိုကြီးလီက တောင်အောက်မှာ စစ်တိုက်နေတယ်လို့ ကြားတယ်... သူက တုန်းလင်းစီရင်စု မြို့စားမင်းအောက်မှာ စစ်သူကြီး ဖြစ်နေပြီတဲ့... သူက ဖေမိသားစု ကမ္ဘာကို အုပ်စိုးအောင် ကူညီပေးလိမ့်မယ်လို့ ထင်လား..."

ချန်စန်းက မျှော်လင့်တကြီး မျက်နှာထားဖြင့် စူးစမ်းစွာ မေးလိုက်တော့ ချန်ရှို့ကလည်း ခေါင်းညိတ်လိုက်ပြီး ….

"သူ သေချာပေါက် လုပ်နိုင်မှာပါ... သူ့လိုလူက ဆန္ဒရှိရင် အောင်မြင်မှာပါပဲ..."

"ဒါတော့ ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် သူက ဂိုဏ်းချုပ်ရဲ့ ဂျူနီယာညီလေးပဲဟာ..."

မောင်နှမ နှစ်ယောက် လီစစ်ဖုန်းအကြောင်း ပြောရင်း အတိတ်က အကြောင်းများကို ပြန်လည် သတိရသွားကြသည်။

လီစစ်ဖုန်းသာ သူတို့ကို မကယ်တင်ခဲ့လျှင် ချင်းရှောင်ဂိုဏ်းတွင် ကျင့်ကြံခွင့်ရဖို့ မဆိုထားနှင့် သေဆုံးနေခဲ့ကြမည်မှာ သေချာသလောက်ပင်။

သို့သော် လက်ရှိတွင် သူတို့နှင့် လီစစ်ဖုန်းတို့ကြားတွင် ကမ္ဘာနှစ်ခု ကွာခြားနေဆဲပင်။

လီစစ်ဖုန်းက အလွန် တောက်ပလွန်းသဖြင့် သူတို့ မော့ကြည့်ရုံသာ တတ်နိုင်ကြသည်။

………….

လူသူကင်းမဲ့သော လွင်ပြင်ပေါ်ရှိ ဖေမိသားစု စစ်တပ်စခန်း အတွင်း၌ လီစစ်ဖုန်းက သဲမြေပုံ စားပွဲရှေ့တွင် လက်နောက်ပစ်၍ ရပ်နေပြီး

ချင်းရှောင်ဂိုဏ်းသား ငါးယောက်ကတော့ သူ့ဘယ်ဘက်တွင် ရပ်နေကြသည်။ ထို့အပြင် တဲအပြင်ဘက်တွင်လည်း အခြား အဓိကတပည့် ငါးယောက်က ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

လီစစ်ဖုန်း၏ တစ်ဖက်တွင် ရပ်နေသော စစ်သူကြီးက တဲအပြင်ဘက်ရှိ အဓိကတပည့် ငါးယောက်ကို ကြည့်၍ ခေါင်းခါလိုက်မိသည်။ သူက လီစစ်ဖုန်းကို ကြည့်ပြီး ….

"စစ်သူကြီးလီ... ဒီဂိုဏ်းတူညီနောင် ၁၀ ယောက်နဲ့ ခင်ဗျား ဘယ်သူ့ကို ကာကွယ်နေတာလဲ... ဒီစစ်တပ်ထဲက တစ်ယောက်ယောက်က ခင်ဗျားကို ဒုက္ခပေးမှာ စိုးလို့လား..."

ချင်းရှောင်ဂိုဏ်း၏ အဓိကတပည့် ၁၀ ယောက် စစ်တပ်နှင့်အတူ လိုက်ပါနေသည်မှာ အချိန်အတော် ကြာပြီ ဖြစ်သည်။ သူတို့အားလုံးက လီစစ်ဖုန်း စစ်ထွက်ရာ နောက်သို့ လိုက်ပါကြသော်လည်း ရန်သူကို သတ်ဖြတ်ခြင်း မရှိဘဲ ဒီအတိုင်းသာ လိုက်ပါနေကြခြင်းဖြစ်သည်။

စစ်သည် ထောင်ပေါင်းများစွာ အလယ်တွင် ရှိနေသော်လည်း မည်သူမျှ သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ကြပေ။ ဤအချက်ကြောင့် စစ်သည်များက ချင်းရှောင်ဂိုဏ်း၏ သိုင်းပညာကို အံ့သြကြသလို သူတို့ ဘာလုပ်နေသလဲ ဆိုသည်ကိုလည်း နားမလည်နိုင် ဖြစ်နေကြသည်။

လီစစ်ဖုန်းက သဲမြေပုံကို စူးစိုက်ကြည့်နေပြီး တိုးတိုးလေး ပြန်ဖြေလိုက်၏။

"သူတို့က အမိန့်အတိုင်း လုပ်နေကြတာပါ... ထားလိုက်ပါ..."

သူ စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ၎င်းသည် စီနီယာအစ်ကိုကြီး (ဂိုဏ်းချုပ်) နှင့် ဒုတိယအစ်ကိုကြီးတို့၏ စီစဉ်မှု ဖြစ်သဖြင့် သူ မငြင်းဆန်နိုင်ပေ။

ဒုတိယအစ်ကိုကြီး တစ်ယောက်တည်း၏ စီစဉ်မှုသာ ဆိုလျှင် သူ မောင်းထုတ်လိုက်ပြီ ဖြစ်သည်။

တဲအတွင်းရှိ အဓိကတပည့် ငါးယောက်က သူတို့၏ စကားဝိုင်းအတွင်း ဝင်ရောက် ပြောဆိုခြင်း မရှိဘဲ မျက်နှာထား မပြောင်းလဲ ရှိနေကြသည်။

လက်တွေ့တွင်မူ သူတို့ငါးယောက်သား "အသံပေးပို့ခြင်းပညာ" ကို အသုံးပြု၍ အချင်းချင်း ဆက်သွယ်နေကြခြင်း ဖြစ်သည်။

အဓိကတပည့်များအားလုံး လီချင်းချိုး၏ အသံပေးပို့ခြင်းပညာကို အပြည့်အဝ တတ်မြောက်ထားကြပြီး ၎င်းသည် တောင်အောက်ဆင်း၍ လှုပ်ရှားရာတွင် အဆင်ပြေစေရန် ဖြစ်သည်။

"ဒီလောက် ကြာနေပြီ... လင်းထျန်းဂိုဏ်းက လူတွေ လာတာ မတွေ့သေးဘူး..."

"လင်းထျန်းဂိုဏ်းကို အကြီးအကဲကျန်းနဲ့ စီနီယာအစ်မကြီးရွှီတို့ ဖျက်ဆီးလိုက်ပြီ ထင်တယ်..."

"စောင့်ကြည့်ရမှာပဲ... တာဝန် ပြီးဆုံးသွားရင် လာပြောမယ့်သူ ရှိမှာပါ..."

"စီနီယာအစ်ကိုကြီး ချင်ယဲ့ ချင်စစ်တပ်စခန်းကို ရောက်နေပြီလို့ ကြားတယ်... စစ်မြေပြင်မှာ ခန်းမသခင်လီ နဲ့ တွေ့မလား မသေချာဘူး..."

"တွေ့ရင်လည်း ဒီအတိုင်း ထားလိုက်ကြတာပေါ့... စိတ်ပူမနေနဲ့..."

သူတို့ ဘာပြောနေကြသည်ကို လီစစ်ဖုန်း မကြားရသော်လည်း သူ့နောက်မှ ဝိညာဉ်ချီ လှုပ်ရှားမှု အနည်းငယ်ကို အာရုံခံမိသဖြင့် ထိုငါးယောက် အသံပေးပို့ခြင်းပညာကို အသုံးပြု၍ တီးတိုးပြောနေကြကြောင်း ခန့်မှန်းမိလိုက်သည်။

စစ်သူကြီးများနှင့် စစ်ဗျူဟာမှူး အများအပြားက ဤ အဓိကတပည့် ၁၀ ယောက်ကို တိုက်ပွဲတွင် ဦးဆောင်ခိုင်းရန် လာရောက် တိုက်တွန်းခဲ့ကြသည်။ ဤလူ ၁၀ ယောက်က သိုင်းပညာ အလွန် ထူးချွန်သဖြင့် စစ်သည်များက အလွန် လေးစားကြသည်။ သူတို့သာ ဦးဆောင်လျှင် စစ်တပ်ကြီးလည်း အတားအဆီး မရှိ ရှေ့ဆက်နိုင်မည်ဟု ယုံကြည်ကြသည်။

သို့သော် လီစစ်ဖုန်း သဘောမတူခဲ့ပေ။ သူ့နေနှင့် အဓိကတပည့် ၁၀ ယောက်ကို အခက်တွေ့အောင် မလုပ်လိုပေ။

စီနီယာအစ်ကိုကြီးသာ ကမ္ဘာကို လိုချင်လျှင် မခက်ခဲကြောင်း လီစစ်ဖုန်း ကောင်းစွာ သိသည်။ သို့သော် စီနီယာအစ်ကိုကြီး၏ ရည်မှန်းချက်ကတော့ အခြားနေရာတွင် ရှိသည်။

သူသည် စီနီယာအစ်ကိုကြီးရှေ့မှောက်တွင် ကြွေးကြော်ထားပြီး ဖြစ်သဖြင့် သူ့ရဲ့ ကိုယ်ပိုင် စွမ်းအားဖြင့် ကြီးမားသော ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

ယခု ဖေမိသားစုအတွက် စစ်သူကြီး လုပ်ပေးနေခြင်းသည် အတွေ့အကြုံ ရှာဖွေခြင်းနှင့် စစ်ပညာ သင်ယူခြင်း သက်သက်သာ ဖြစ်သည်။

အဓိကတပည့်များကို ဝင်ရောက် စွက်ဖက်ခိုင်းခြင်းက သူ့အတွက် အကျိုးမရှိဘဲ ဖေမိသားစု အတွက်သာ အကျိုးရှိစေမည် ဖြစ်သည်။

လီစစ်ဖုန်းဘက်က ဂိုဏ်းသားများကို နားချရန် ဆန္ဒမရှိသလို ဂိုဏ်းသားများ၏ တာဝန်ကို ထုတ်ဖော်ရန် ဆန္ဒမရှိသည်ကို တွေ့ရသဖြင့် ဘေးနားရှိ စစ်သူကြီးက ခေါင်းခါလိုက်ပြီး ဆက်မမေးတော့ပေ။

ထိုစဉ် စစ်သည်တစ်ဦး စစ်တဲအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး…

"သတင်းပို့ပါတယ်... ရိက္ခာဂိုဒေါင် မီးရှို့ခံလိုက်ရပါတယ်... မီးက ပိုပြီး ကြီးလာနေပါတယ်... သခင်ကြီးက စစ်တပ်တစ်ခုလုံး တိုက်ပွဲပြင်ဖို့ အမိန့်ပေးလိုက်ပါတယ်..."ဟု

စစ်သည်က ဦးညွှတ်၍ ကျယ်လောင်စွာ သတင်းပို့လိုက်သည်။

ထိုစကားကို ကြားသောအခါ လီစစ်ဖုန်း၏ ဘေးမှ စစ်သူကြီး မျက်နှာပျက်သွားပြီး တဲအပြင်သို့ ချက်ချင်း ပြေးထွက်သွားသည့်အတွက်

လီစစ်ဖုန်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး တဲအပြင်သို့ ထွက်လိုက်သည်။

"လိုက်သွားကြစို့..."

ယန်တုန်းက ကုန့်လင်ခန်းမ၏ ထိပ်တန်းတပည့် ၁၀ ယောက်စာရင်းဝင် ဖြစ်သောကြောင့် ဤစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်ပြီး အခြား အဓိကတပည့် ၉ ယောက်က သူ့အမိန့်ကို နာခံကြသည်။

ထိုစကားကို ကြားသောအခါ အခြား အဓိကတပည့် ၄ ယောက်စလုံး ကန့်ကွက်ခြင်း မရှိဘဲ သူ့နောက်သို့ ချက်ချင်း လိုက်ပါသွားကြသည်။

မသေမျိုးလိုဏ်ဂူ အတွင်း၌…..

ကြီးမားသော ဒယ်အိုးကြီး တစ်လုံး၏ ရှေ့တွင် လီချင်းချိုး ရပ်နေပြီး လီစစ်ကျင်လည်း သူနှင့်အတူရှိနေသည်။

လီစစ်ကျင်က ဆေးဖက်ဝင်အပင်များကို ဒယ်အိုးထဲသို့ ထည့်ရန် ကူညီပေးရင်း….

"အစကတော့ ဒီဆေးပင်တွေကချီသွေးကို အားဖြည့်ပေးတာပါ... ဝိညာဉ်ချီနဲ့ မွမ်းမံပြီးတဲ့နောက် စီနီယာအစ်ကိုကြီး လိုချင်တဲ့ ခန္ဓာကိုယ် သွန်းလောင်းခြင်း ဆေးဖက်ဝင်အပင်တွေ ဖြစ်လာမှာပါ..."

"စမ်းသပ်ပြီးတဲ့လူ ရှိလား..."

"ဂိုဏ်းထဲမှာ ဘယ်သူမှ ဆေးရည်ပြုတ်ပြီး ခန္ဓာကိုယ် သွန်းလောင်းတာ၊ ဝိညာဉ်သန့်စင်တာမျိုး မလုပ်ဖူးဘူးလေ... ဘယ်သူက စမ်းရဲမှာလဲ..."

"ဒါဆို ငါ့ကို စမ်းသပ်ခံကြွက် အဖြစ် သုံးနေတာပေါ့..."

"ကြွက် ဟုတ်လား...အဲ့တာ ဘာပြောတာလဲ..."

"ဘာမှ မဟုတ်ပါဘူး... ငါသေသွားရင် တခြားလူတွေကို ငါ နင့်လက်ချက်နဲ့ သေတာလို့ ပြောလိုက်..."

"ဘာ... အစ်ကိုကြီး အဲလိုပြောရင် ညီမလေး သွားတော့မယ်..."

"မသွားပါနဲ့... စီနီယာအစ်ကိုကြီးက စနေတာပါ... ဆေးရည်သာ မြန်မြန်ကျိုစမ်းပါ..."

လီချင်းချိုးက အရှက်ပြေ ချောင်းဟန့်လိုက်ပြီး ဘေးနားရှိ ကျောက်စားပွဲတွင် သွားထိုင်လိုက်သည်။

သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်မားနေပြီ ဖြစ်သဖြင့် ဤဆေးပင်များ၏ ဝိညာဉ်စွမ်းအင်များက သိပ်မပြင်းထန်ကြောင်း၊ သူ့ကို အန္တရာယ် မပေးနိုင်ကြောင်း သိထားသောကြောင့် စမ်းသပ်ခံ ဖြစ်ရခြင်းကို သူ မငြင်းဆန်ပေ။

ထိုစဉ် အသိပေးချက် တစ်ခု လီချင်းချိုး၏ မျက်စိရှေ့တွင် ပေါ်လာသည်။

[ ချင်းရှောင်ဂိုဏ်းသား တစ်ဦးက ဂိုဏ်းပြင်ပ၌ ဂိုဏ်းခွဲတစ်ခုကို ပထမဆုံးအကြိမ် တည်ထောင်လိုက်သည့်အတွက် တာအိုမျိုးဆက် ပြန့်ပွားမှုအပေါ် နက်ရှိုင်းသော သက်ရောက်မှု ရှိစေသဖြင့် သင်သည် နတ်ဘုရားစွမ်းရည် အမွေအနှစ် ဆုလာဘ်တစ်ခု ရရှိသည်။ ]

ဂိုဏ်းခွဲတစ်ခု စတင်လိုက်တယ် ဟုတ်လား…

လီချင်းချိုး ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။ ဘယ်သူကများ ဒီလောက် သတ္တိကောင်းနေရတာလဲ…

All Chapters