အစွန်းရောက် ရွေ့လျားမှုပညာ…..
Vol. 17 Ch. 167
ထိုသူသည် ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ခဲ့ပြီး တာအိုမျိုးဆက် ပြန့်ပွားမှုအပေါ် နက်ရှိုင်းသော သက်ရောက်မှု ဖြစ်စေခဲ့သည်။
ဤသည်မှာ ကောင်းသော ကိစ္စလော၊ သို့တည်းမဟုတ် ဆိုးသော ကိစ္စလော…
ဤကိစ္စတွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုးစလုံး ရှိနေသော်လည်း ကောင်းကျိုးက ဆိုးကျိုးထက် သာလွန်နေသောကြောင့် ဆုလာဘ်ကို ရရှိခြင်း ဖြစ်မည်ဟု လီချင်းချိုး၏ အာရုံဆဌမက ပြောပြနေသည်။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် လိုအပ်ပေသည်။ အကယ်၍ မတားဆီးနိုင်လျှင် သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ မချမှတ်နိုင်လျှင် ချင်းရှောင်ဂိုဏ်း၏ အမွေအနှစ်များက အနာဂတ်တွင် ဟာကွက်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။
လီချင်းချိုးတယောက် လီစစ်ကျင် ဆေးရည်ကျိုချက်နေသည်ကို စောင့်ဆိုင်းရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
လီစစ်ကျင်က နာရီဝက်ကျော်ခန့် အကြာတွင် ဆေးရည်ကျိုချက်ခြင်းကို အဆုံးသတ်လိုက်သည်။
လီချင်းချိုးက ဒယ်အိုးကြီးထဲတွင် ဆူပွက်နေသော ဆေးရည်များကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ….
"ကောင်းပြီ... နင် အပြင်ထွက်တော့... ငါ ဖြည်းဖြည်းချင်း စိမ်လိုက်မယ်..." ဟု ပြောလိုက်တော့ လီစစ်ကျင် အံ့သြသွားပြီး….
"စီနီယာအစ်ကိုကြီး... ညီမလေး စောင့်ကြည့်ပေးဖို့ မလိုဘူးလား..."
"မလိုပါဘူး... အဆိပ်ဖြစ်နေရင်တောင် ဆေးအာနိသင်က ငါ့ကို မသေစေနိုင်ပါဘူး..."
"အစ်ကိုကြီးရှက်နေတာလား..."
"ယောကျာ်းနဲ့ မိန်းမ ကွာခြားမှု ရှိတာ ပုံမှန်ပဲ မဟုတ်လား..."
"ညီမလေး ငယ်ငယ်တုန်းက အစ်ကိုကြီး ရေချိုးပေးတုန်းကကျတော့ ယောကျာ်းလေးနဲ့ မိန်းကလေး ကွာခြားချက်ကို ဘာလို့ မပြောခဲ့တာလဲ..."
"နင် ဘာတွေ လာပြောနေတာလဲ... စတုတ္ထဂျူနီယာညီမလေး... နင့်ကိုယ်နင် ပြန်ကြည့်ပါဦး... နင်က မိန်းကလေးနဲ့ တူလို့လား..."
လီစစ်ကျင် ပြန်ပြောရန် ပြင်လိုက်သည်ကို မြင်သောအခါ လီချင်းချိုးက သူမကို မသေမျိုးလိုဏ်ဂူ၏ ကျောက်တံခါးဝဆီသို့ အတင်း တွန်းထုတ်လိုက်သည်။
အတန်ကြာ နားချပြီးနောက် လီစစ်ကျင်ကို မသေမျိုးလိုဏ်ဂူ အပြင်ဘက်သို့ ပို့ဆောင်နိုင်ခဲ့သည်။ ထိုအခါမှသာ လီချင်းချိုး ဒယ်အိုးကြီး၏ ရှေ့သို့ ရောက်လာခဲ့သည်။ အတွင်း၌ ဆူပွက်နေသော ဆေးရည်များကို ကြည့်ရင်း သူ စိုးရိမ်စိတ် မဖြစ်မိပေ။
သူသည် အဝတ်အစားများကို ချွတ်လိုက်ပြီး မူလချီစွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ဒယ်အိုးကြီးထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လိုက်သည်။
ထိုစဉ် ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့ ပေါ်လာကြပြီး သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
ဒယ်အိုးထဲသို့ ဝင်ရောက်ပြီးနောက ပူလောင်သော အပူရှိန်ကို မခံစားရပေ။ သူသည် ခန္ဓာကိုယ် မျက်နှာပြင်ရှိ မူလချီစွမ်းအင်ကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး အပူချိန်ကို စတင် ခံစားလိုက်သည်။
"သခင်... ဘယ်လို ခံစားရလဲ..."
နန်ကုန်းအာက စပ်စုကာ မေးလိုက်တော့
လီချင်းချိုးက မျက်လုံးများကို မှိတ်ထားပြီး ….
"ဒီ ခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းလမ်းက ချက်ချင်း အကျိုးရှိမှာ မဟုတ်ဘူး... အရင်ဆုံး အသားကျအောင် လုပ်ရမယ်..." ဟုသာ ပြန်ဖြေလိုက်သည်။
ချူကျင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ….
"ခန္ဓာကိုယ် သွန်းလောင်းခြင်းက ဆေးလုံးတွေလောက် ထိရောက်မှု မမြန်ပေမဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှု နည်းတယ်... ချီသွေးကြောတွေကိုလည်း အမြဲတမ်း ထိခိုက်စေမှာ မဟုတ်ဘူး..." ဟု ပြောလိုက်သည်။
လီချင်းချိုးက သူတို့ကို အရေးမစိုက်ဘဲ ဒယ်အိုးထဲရှိ ဆေးရည်၏ အာနိသင်ကို အာရုံခံနိုင်ရန်သာ အာရုံစိုက်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်…
သူ့ပတ်ဝန်းကျင်ရှိ မူလချီစွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားပြီး အပူချိန် မြင့်မားမှုကို အပြည့်အဝ ခံစားနေရပြီ ဖြစ်သည်။ သူ့အရေပြားများ နီရဲလာပြီး အနည်းငယ် နာကျင်သော်လည်း သူ အသားကျနေပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အခြေအနေ မရှိသည်ကို တွေ့ရသဖြင့် လီချင်းချိုးက တာအိုမျိုးဆက်စနစ်ကို ဖွင့်လိုက်ပြီး အမွေအနှစ် ဆုလာဘ်ကို လက်ခံရန် ပြင်ဆင်လိုက်သည်။
နတ်ဘုရားစွမ်းရည်နှင့် ဂါထာမန္တာန်တို့ကြားက ကွာခြားချက်ကို သူ အလွန် သိချင်နေမိသည်။
[ နတ်ဘုရားစွမ်းရည် အမွေအနှစ် ဆုလာဘ်ကို ရယူခြင်း ]
[ တာအိုမျိုးဆက် နတ်ဘုရားစွမ်းရည် အမွေအနှစ်ကို ဖွင့်လှစ်ခြင်း ]
[ သင်သည် နတ်ဘုရားစွမ်းရည် တစ်ခု ရရှိသည် - "အစွန်းရောက် ရွေ့လျားမှုပညာ" ]
[ အမွေအနှစ်ကို လက်ခံမလား ]
လက်ခံမယ်…
ထိုအတွေး လီချင်းချိုး၏ စိတ်ထဲသို့ ဝင်ရောက်လာသည်နှင့် အမွေအနှစ် ဆုလာဘ်များနှင့် မတူညီသော၊ ပိုမို နက်ရှိုင်းပြီး ရှုပ်ထွေးသော မှတ်ဉာဏ်များ သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
…
လူသူကင်းမဲ့သော လွင်ပြင်တွင် ဖေမိသားစု စစ်တပ်စခန်းမှ မီးခိုးငွေ့များ လွင့်ပျံတက်နေသည်။ စစ်စခန်း ဧရိယာ အတွင်း၌ တဲများစွာ ပြိုကျနေပြီး မီးတောက်များ နေရာအနှံ့ လောင်ကျွမ်းနေကာ မြေပြင်ပေါ်တွင် အလောင်းများစွာ လဲကျနေသည်။
လီစစ်ဖုန်းက အဓိကတပည့် ၁၀ ယောက်နှင့်အတူ တန်းစီ ရပ်နေပြီး သူတို့၏ ရှေ့တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူ ၁၀ ယောက် ရပ်နေကြသည်။ ထိုလူများအားလုံး သစ်သားမျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး မျက်နှာဖုံး၏ ဘေးဘက်တွင် နဂါးဂျိုများ ဖြာထွက်နေသကဲ့သို့ သစ်ကိုင်းငယ်လေးများ ထွက်နေသည်။
မျက်နှာဖုံးများက မျက်နှာ၏ အပေါ်တစ်ဝက်ကိုသာ ဖုံးအုပ်ထားပြီး မျက်လုံးများကို ဖော်ပြထားသည်။
ထိုလူ ၁၀ ယောက်သည် မတူညီသော လက်နက်များကို ကိုင်ဆောင်ထားကြပြီး ခေါင်းဆောင် ဖြစ်သူက သစ်သားတောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထားကာ သူ့ရဲ့ ဝတ်ရုံကလည်း လေထဲတွင် လွင့်ပျံနေသည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ…”
လီစစ်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။ တစ်စုံတစ်ယောက်က စစ်တပ်စခန်းထဲထိ ဝင်ပြီး သူ့ကို လာဖမ်းဝံ့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယန်တုန်းနှင့် အခြားသူများလည်း သတိထားနေကြသည်။ ထိုလူ ၁၀ ယောက်၏ စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သာမန်လူများ မဟုတ်ကြပေ။ ထို့အပြင် သူတို့ထံမှ မသက်မသာ ဖြစ်စေသော အငွေ့အသက်များကိုလည်း ခံစားနေကြရသည်။
တောင်ဝှေးကိုင်ထားသော လူက …
"လီစစ်ဖုန်း... မင်းရဲ့ ချီလင် ဘယ်မှာလဲ..."
ထိုစကားကို ကြားသောအခါ လီစစ်ဖုန်း ပို၍ မျက်မှောင်ကြုတ်လိုက်မိပြီး
ဂိုဏ်းအတွင်း၌ သစ္စာဖောက် ရှိနေပြီဟု သူ ပထမဆုံး တွေးလိုက်မိသည်။ သို့မဟုတ်လျှင် ဤကိစ္စကို သူတို့ မည်သို့ သိနိုင်မည်နည်း။ သူ ဤသတင်းကို လူသိရှင်ကြား မထုတ်ပြန်ခဲ့ဖူးပေ။
ထိုစဉ် တောင်ဝှေးကိုင်ထားသော လူက သစ်သားတောင်ဝှေးဖြင့် မြေကြီးကို ဆောင့်လိုက်တော့ ဘုန်းခနဲ အသံနှင့်အတူ မြေပြင် စတင် အက်ကွဲသွားပြီး ပင့်ကူအိမ်ကဲ့သို့ လျင်မြန်စွာ ပြန့်ကားသွားကာ လီစစ်ဖုန်းနှင့် အခြားသူများထံသို့ တိုးဝင်လာသည်။
လီစစ်ဖုန်းက တီရွှမ်းဓားကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး သူ့ရှေ့ရှိ မြေကြီးထဲသို့ ထိုးစိုက်လိုက်ကာ မူလချီစွမ်းအင်ကို အသုံးပြု၍ ကာကွယ်လိုက်သည်။
ဘုန်း…
ထိုအခါ မျက်စိဖြင့် မြင်နိုင်သော အကာအကွယ် ဒိုင်းတစ်ခု လီစစ်ဖုန်း၏ ရှေ့တွင် ပေါ်လာပြီး စွမ်းအင်လှိုင်းများကို တားဆီးလိုက်သည်။ မြေကွဲအက်မှုများ ထိုနေရာတွင် ရပ်တန့်သွားသော်လည်း အက်ကြောင်းတစ်ခုစီတိုင်းက ဆက်လက် ကျယ်ပြန့်လာပြီး
မြေကြီးထဲမှ နွယ်ပင်များ ထွက်ပေါ်လာပြီး စပါးအုံးမြွေအုပ်ကြီး တစ်ခုအလား လီစစ်ဖုန်းနှင့် သူ့အဖွဲ့ထံသို့ တိုးဝင်လာကာ ချီအကာအကွယ် ဒိုင်းကို လျင်မြန်စွာ ရစ်ပတ်လိုက်ကြသည်။
အရပ်လေးမျက်နှာရှိ စစ်သည်များသည် ဤမြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေကြပြီး ကြောက်လန့်နေကြသည်။
ဒါ ဘာကြီးလဲ…
"မိစ္ဆာပညာ... သေချာပေါက် မိစ္ဆာပညာပဲ..."
"ဒီလူတွေက ဘယ်သူတွေလဲ... ဒါက သိုင်းပညာ မဟုတ်တာ သေချာတယ်..."
"တစ်ယောက်ယောက်က စစ်သူကြီးလီကို လာဖမ်းမယ်လို့ ထင်မထားဘူး... လင်းထျန်းဂိုဏ်းနဲ့ ပတ်သက်နေမလား..."
"ဖြစ်နိုင်တယ်... လွန်ခဲ့တဲ့ ခြောက်လအတွင်း ချင်းရှောင်ဂိုဏ်းနဲ့ လင်းထျန်းဂိုဏ်းတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ... သူတို့က စစ်သူကြီးလီကို ဖမ်းပြီး ချင်းရှောင်ဂိုဏ်းချုပ်ကို ခြိမ်းခြောက်ချင်တာနေမှာ..."
စစ်သည်များက အံ့သြထိတ်လန့်စွာ ပြောဆိုနေကြပြီး မည်သူမျှ အနားသို့ မကပ်ရဲကြပေ။
သံချပ်ကာ ဝတ်ဆင်ထားသော ဖေကျန်းကျစ်က စစ်သူကြီးများနှင့် စစ်ဗျူဟာမှူးများ ခြံရံလျက် လျှောက်လာသော်လည်း ခမ်းနားထည်ဝါသော တိုက်ပွဲမြင်ကွင်းကို မြင်လိုက်ရသောအခါ ခြေလှမ်းတုံ့သွားသည်။
သူ့မျက်နှာထား လေးနက်နေပြီး နဖူးပေါ်တွင် ချွေးစများ ထွက်လာသည်။
ဤကဲ့သို့သော တိုက်ပွဲမျိုးကို မြင်ရတိုင်း သူ စိုးရိမ်ပူပန်မိသည်။
ဤလောကတွင် သိုင်းပညာထက် ကျော်လွန်သော စွမ်းအားတစ်မျိုး ရှိနေကြောင်း၊ ထိုစွမ်းအားကို သာမန်လူများ မယှဉ်နိုင်ကြောင်း သူ ပို၍ သေချာလာသည်။
"ဒီစွမ်းအားကို မပိုင်ဆိုင်နိုင်ရင် ကမ္ဘာကို ထိန်းချုပ်နိုင်ရင်တောင် ချင်းရှောင်ဂိုဏ်းရဲ့ ရုပ်သေးရုပ်ပဲ ဖြစ်လာလိမ့်မယ်..."
ထိုသို့တွေးမိသောအခါ ဖေကျန်းကျစ်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူ့မျက်စိရှေ့တွင် ယန်တုန်းတို့ဆယ်ယောက်က နွယ်ပင်များကို ခုတ်ပိုင်းပြီး အဖြူရောင် ဝတ်စုံနှင့် လူ ၁၀ ယောက်ကို အရပ်မျက်နှာ အသီးသီးမှ တိုက်ခိုက်လိုက်ကြသည်။
ကြီးကျယ်သော တိုက်ပွဲကြီး ဖြစ်ပွားလေပြီ…
အဓိကတပည့် တစ်ယောက်က လက်ကို မြှောက်၍ ဂါထာ ရွတ်ဆိုလိုက်ရာ ကြီးမားသော ကျားဖြူ တောင်သခင် တစ်ကောင် ပေါ်လာသည်။ အခြား အဓိကတပည့် တစ်ယောက်ကလည်း လေပြင်းများ ဝန်းရံလျက် ဓားပျံ နှစ်လက်ကို ထိန်းချုပ် တိုက်ခိုက်သည်။ နောက်ထပ် တပည့်တစ်ယောက်က လေထဲသို့ ခုန်တက်ပြီး လက်ဝါး ရိုက်ချလိုက်သည်။ အခြား အဓိကတပည့်များသည်လည်း သူတို့၏ ကိုယ်ပိုင် နည်းလမ်းများကို ထုတ်သုံးလိုက်ကြရာ သူတို့၏ အရှိန်အဝါများက လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင် ဝတ်စုံနှင့် လူ ၁၀ ယောက်ကို ချက်ချင်း လွှမ်းမိုးသွားသည်။
ထိုအခါ ဖေတပ်ဖွဲ့မှ စစ်သည်များ တုန်လှုပ်သွားကြသည်။ ယခင်က အဓိကတပည့်များ၏ တည်ငြိမ်မှုကို အံ့သြခဲ့ကြသော်လည်း ယခုအခါ သူတို့၏ အရှိန်အဝါ အပြည့်အဝ ထုတ်ဖော် တိုက်ခိုက်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
အဓိကတပည့် တစ်ယောက်စီတိုင်းသည် သူတို့ တွေ့ဖူးသမျှ အစွမ်းထက်သော သိုင်းပညာရှင်များထက် များစွာ သာလွန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
"တမိုးအောက် အနှိုင်းမဲ့ဂိုဏ်း" ရဲ့ အဓိကတပည့်တွေ ဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး…
လီစစ်ဖုန်းကလည်း ဓားကို ဆွဲထုတ်၍ သူ့ရှေ့မှ ရှုပ်ထွေးနေသော နွယ်ပင်များကို လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။ သူသည် အဓိကတပည့်များနှင့် အဖြူရောင် ဝတ်စုံနှင့် လူ ၁၀ ယောက် တိုက်ခိုက်နေသည်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်မိသည်။
ဂိုဏ်းတွင် ပါရမီရှင်များစွာ ပေါ်ထွက်လာသော "ဓမ္မတိုက်ပွဲ ညီလာခံ" ကျင်းပခဲ့သည်ဟု သူ ကြားသိထားသော်လည်း ယနေ့ မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ ဤ အဓိကတပည့်များ၏ စွမ်းရည်ကို လျှော့တွက်မိကြောင်း သဘောပေါက်လိုက်သည်။
တောင်အောက် ဆင်းလာပြီးနောက် သူ့စွမ်းအား တိုးတက်မှုနှုန်း နှေးကွေးသွားသည်ဟု သူ ဘာကြောင့် ခံစားနေရသနည်း…..
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အတွေးများကို ရပ်တန့်ကာ အဖြူရောင် ဝတ်စုံနှင့် လူများကို ရင်ဆိုင်ရန် ဓားကို ကိုင်၍ ရှေ့သို့ တိုးလိုက်သည်။
စစ်ဆေးမေးမြန်းဖို့ တစ်ယောက်ပဲ အရှင်ထားရင် လုံလောက်တယ်…
…
နေ့လယ်ပိုင်း ရောက်သောအခါ ….
ယွမ်ချီက ဟန်လန်ကို လင်းရှောင်ခြံဝင်း အတွင်းသို့ ခေါ်ဆောင်လာသဖြင့်
ဟန်လန် အတော်လေး စိတ်လှုပ်ရှားနေသည်။ သူသည် ဓားဂိုဏ်း၏ ထိပ်တန်းတပည့် ဖြစ်လာသော်လည်း ဂိုဏ်းချုပ်ကို ကြောက်ရွံ့လေးစားနေဆဲဖြစ်ပြီး ယခု ဂိုဏ်းချုပ်နှင့် တစ်ယောက်တည်း တွေ့ဆုံရမည် ဖြစ်သောကြောင့်ပို၍ပင်ရင်တုန်နေသည်။
ခြံဝင်းထဲသို့ဝင်ရောက်လာသည်နှင့် လီချင်းချိုးက စားပွဲရှည်တွင် ထိုင်၍ လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး စားပွဲနားသို့ ကပ်ကာ လီချင်းချိုးကို ဦးညွှတ်လိုက်သည်။ ယွမ်ချီကတော့ လှည့်ထွက်သွားပြီး ညွှန်ကြားချက်ကို စောင့်ဆိုင်းရန် ခြံဝင်းအပြင်ဘက်သို့ ထွက်သွားချေပြီ။
"မဆိုးဘူး... မင်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ကို တကယ် ရောက်လာတာပဲ... ဓားဂိုဏ်းရဲ့ ထိပ်တန်းတပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်..."
ဟန်လန်သည် ၁၈ နှစ်သာ ရှိသေးပြီး ၁၈ နှစ်အရွယ် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ရှိသူတယောက်က သာမန်လူ မဟုတ်ပေ။
ဟန်လန်သည် ကိုယ်ပိုင် ပါရမီပိုင်းတွင် မဆိုးလှသလို ဉာဏ်ရည်နှင့် နားလည်သဘောပေါက်နိုင်စွမ်းလည်း ကောင်းမွန်သည်။ ထို့ကြောင့်
ဂိုဏ်းအတွင်း၌ ထိပ်တန်း ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ခံရသည်။
လီချင်းချိုး၏ အရင်းအမြစ် ထောက်ပံ့မှုဖြင့် သူ့အောင်မြင်မှုတိုင်းက လီချင်းချိုး မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာပေသည်။
ဂိုဏ်းတွင် အရင်းအမြစ်များနှင့် ကျင့်ကြံရန် ကောင်းချီးနယ်မြေများကို ပိုမို ရရှိလာသည်နှင့်အမျှ ဂိုဏ်းသားများ၏ ကျင့်ကြံမှုနှုန်း ပိုမို မြန်ဆန်လာမည် ဖြစ်ပြီး အထူးသဖြင့် ထိပ်တန်း တပည့်များအတွက် ဖြစ်သည်။
ဓားဂိုဏ်း စတင် တည်ထောင်ချိန်မှစ၍ ဓားဂိုဏ်းသားများအားလုံး သိုင်းပညာများကို အဆက်မပြတ် လေ့ကျင့်ခဲ့ကြသည်။ အင်အားနှင့် အခြေခံအုတ်မြစ် အပိုင်းတွင် ခန်းမကြီး ၇ ခုကို မယှဉ်နိုင်သော်လည်း သူတို့၏ ကျင့်ကြံမှုနှုန်းကတော့ ခန်းမကြီး ၇ ခုကို ကျော်လွန်နေချေပြီ။
ဟန်လန်က….
"ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အဆင့်တက်သွားတာပါ... ဦးရီးတော် ဂိုဏ်းချုပ်သာ ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံးတွေ အများကြီး မပေးသနားခဲ့ရင်၊ ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေမှာ အကြာကြီး ကျင့်ကြံခွင့် မပေးခဲ့ရင် ကျွန်တော် ဒီနေ့လို အောင်မြင်မှုမျိုး ဘယ်ရပါ့မလဲ..."
လီချင်းချိုးက သူ့ကို စိုက်ကြည့်လိုက်ပြီး…
"ဘာ ဂိုဏ်းချုပ်လဲ... မင်း ငါ့ကို ဂိုဏ်းတူဦးလေးကြီးလို့ ခေါ်သင့်တာ မဟုတ်ဘူးလား..."
ဟန်လန်သည် ကျန်းကျောက်ရှား၏ တပည့်ရင်း ဖြစ်ပြီး ကျန်းကျောက်ရှား၏ စစ်မှန်သော ပညာများကို တတ်မြောက်ထားကာ ယခင် ဓမ္မတိုက်ပွဲ ညီလာခံတွင်လည်း စတုတ္ထနေရာ ရရှိခဲ့သူဖြစ်သည်။
ထိုစကားကို ကြားသောအခါ ဟန်လန် ပို၍ စိတ်လှုပ်ရှားသွားပြီး… "ဟုတ်ကဲ့... ဂိုဏ်းတူဦးလေးကြီး..." ဟု အလျင်အမြန် ပြန်ဖြေလိုက်သည်။
ဂိုဏ်းချုပ်နှင့် ပိုမို ရင်းနှီးခွင့်ရမည့် အခွင့်အရေးကို သူ မည်သို့ ငြင်းပယ်မည်နည်း….
လီချင်းချိုးက ဓားဂိုဏ်း၏ အခြေအနေကို မေးမြန်းရာ ဟန်လန်ကလည်း အမှန်အတိုင်း တင်ပြလိုက်သည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့၏ ဦးဆောင်မှုအောက်တွင် ဓားဂိုဏ်း လျင်မြန်စွာ ကြီးထွားလာပြီး ဓားဂိုဏ်းသားများက သူတို့ သင်ယူထားသည်များကို သက်သေပြရန်အတွက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြင်းပြနေကြသည်။
စကားစမြည် ပြောပြီးနောက် လီချင်းချိုးက လိုရင်းကို ပြောလိုက်လေတော့သည်။
"ဂိုဏ်းသား တစ်ယောက်က အပြင်မှာ ဂိုဏ်းခွဲတစ်ခု တိတ်တဆိတ် တည်ထောင်ထားတယ်... မင်း ဓားဂိုဏ်းသား ၁၀ ယောက် ခေါ်ပြီး တောင်အောက်ဆင်းပြီး စုံစမ်းပါ... ပြီးရင် အဲဒီလူကို ငါ့ရှေ့ ခေါ်လာခဲ့..." ဟု လီချင်းချိုးက ဟန်လန်ကို ညွှန်ကြားလိုက်သည်။
ဓားဂိုဏ်းသားများ၏ သစ္စာရှိမှုက ၉၀ အထက်တွင် ရှိကြသဖြင့် ယုံကြည်စိတ်ချရသည်။ မည်သူ့ကို စေလွှတ်သည် ဖြစ်စေ သစ္စာဖောက်မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ဟန်လန်၏ မျက်နှာ မည်းမှောင်သွားပြီး….
"ဘယ်သူကများ ဒီလောက် မိုက်ရူးရဲဆန်ရတာလဲ... ဦးရီးတော် စိတ်ချပါ... ကျွန်တော် သေချာပေါက် ရှာတွေ့အောင် လုပ်ပါ့မယ်..."
ဦးရီးတော်က ဒီကိစ္စကို ဘယ်လို သိသလဲ ဆိုတာ မရှင်းလင်းသော်လည်း သူ့အမြင်တွင် ဦးရီးတော် အရာအားလုံးကို သိရှိနိုင်သည်မှာ ပုံမှန်သာ ဖြစ်သည်။
လီချင်းချိုးက ညွှန်ကြားချက် အနည်းငယ် ပေးလိုက်ပြီးနောက် ဟန်လန်ကို လူသွားစုရန် ပြောလိုက်သည်။
ဂိုဏ်းသစ်တစ်ခု တည်ထောင်ခြင်း ဖြစ်သောကြောင့် တပည့်များ လက်ခံရမည် ဖြစ်ပြီး နောက်ဆုံးတွင် သတင်း ပေါက်ကြားလာမည်မှာ သေချာသည်။
ထိုကိစ္စကို စီစဉ်ပြီးနောက် လီချင်းချိုးက "အစွန်းရောက် ရွေ့လျားမှုပညာ" ကို ဆက်လက် လေ့ကျင့်ရန် နောက်ဘက်တောင်တန်းသို့ ထွက်ခွာသွားခဲ့သည်။
အစွန်းရောက် ရွေ့လျားမှုပညာသည် သတ်မှတ်ထားသော အကွာအဝေး အတွင်း လျင်မြန်စွာ ရွေ့လျားနိုင်သော ပညာရပ် ဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်းနှင့် ဆင်တူသည်။ အရေးကြီးဆုံး အချက်မှာ ဤနတ်ဘုရားစွမ်းရည်သည် ဂါထာ ရွတ်ဆိုရန် မလိုအပ်ဘဲ စိတ်ဆန္ဒ ရှိသည်နှင့် ခန္ဓာကိုယ်က လိုက်ပါ လှုပ်ရှားခြင်း ဖြစ်သည်။ တုံ့ပြန်မှု မြန်ဆန်လေ ရွေ့လျားမှု မြန်ဆန်လေပင်။
လက်ရှိတွင် သူသည် ပေ ၁၀၀ ပတ်လည် အတွင်း လွတ်လပ်စွာ ရွေ့လျားနိုင်ပြီ ဖြစ်သည်။ အစွန်းရောက် ရွေ့လျားမှုပညာကို ပိုမို ကျွမ်းကျင်လာသည်နှင့်အမျှ ရွေ့လျားနိုင်သော အကွာအဝေး ကျယ်ပြန့်လာမည် ဖြစ်သည်။
နတ်ဘုရားစွမ်းရည် ပေါင်းထည့်လိုက်ခြင်းဖြင့် လီချင်းချိုး၏ တိုက်ခိုက်ရေး စွမ်းရည်များ များစွာ တိုးတက်လာမည် ဖြစ်သည်။
နတ်ဘုရားစွမ်းရည်နှင့် ဂါထာတို့၏ ကွာခြားချက်ကို သူ နားလည်သွားပြီ ဖြစ်သည်။ နတ်ဘုရားစွမ်းရည်သည် အားစိုက်ထုတ်ရန် မလိုသလို ကြိုတင် ပြင်ဆင်မှုလည်း သိပ်မလိုပေ။
နတ်ဘုရားစွမ်းရည် အမှတ်အသားကို ကျွမ်းကျင်သွားသည်နှင့် သူ အလိုရှိသော အချိန်တိုင်း မွေးရာပါ ပင်ကိုယ်အသိစိတ်ကဲ့သို့ ချက်ချင်း အသုံးပြုနိုင်သည်။
ပြောရလျှင် နတ်ဘုရားစွမ်းရည် အမွေအနှစ် ရယူခြင်းက ဂါထာ အမွေအနှစ် ရယူခြင်းထက် ပို၍ ခံစားရ ခက်ခဲသည်။ ၎င်းသည် ပျင်းရိဖွယ်ကောင်းပြီး ရှည်လျားသော အိပ်မက်တစ်ခု မက်ရသကဲ့သို့ ခံစားရသည်။ သို့သော် အမွေအနှစ် ရယူခြင်း ပြီးဆုံးသွားသည်နှင့် နတ်ဘုရားစွမ်းရည်ကို ချက်ချင်း ထုတ်ဖော် အသုံးပြုနိုင်သည်။ ဂါထာ အမွေအနှစ်ကဲ့သို့ ကိုယ်တိုင် ပြန်လေ့ကျင့်ပြီး အစပျိုးရန် ရှာဖွေနေစရာ မလိုပေ။
လီချင်းချိုးတယောက် အစွန်းရောက် ရွေ့လျားမှုပညာကို လေ့ကျင့်ရာတွင် နစ်မြောနေစဉ် ဂိုဏ်းအတွင်း၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ဂိုဏ်းသား အများအပြားက တောင်ခါးပန်းရှိ သိုင်းစင်မြင့်သို့ ဦးတည်သွားနေကြသည်။
ကျန်းကျောက်ရှားက ရွှီနင်းကို စိန်ခေါ်လိုက်ပြီ…
ထိုအချိန်တွင် ကျန်းကျောက်ရှား မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းများ ဂိုဏ်းအတွင်း ပျံ့နှံ့နေသည်။
အဋ္ဌမအဆင့် ဟုတ်လား...
မယုံနိုင်စရာပဲ…