မူလချီ ဖန်တီးခြင်း….
Vol. 17 Ch. 168
ချင်းရှောင်တောင်ခါးပန်းရှိ သိုင်းစင်မြင့်ပေါ်တွင် ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့ မျက်နှာချင်းဆိုင် ရပ်နေကြပြီး ၅ တောင်ခန့်သာ ကွာဝေးသည်။
စင်ဘေးတွင် ပရိသတ်များ ပြည့်ကျပ်နေပြီး လူအုပ်ကြီးက ပို၍ များပြားလာသည်။ အချို့က တောင်အောက်မှ တက်လာကြပြီး အချို့က တောင်ထိပ်မှ ဆင်းလာကြသည်။ အချို့ဆိုလျှင် ဇီယန်တောင်ထွတ်မှ ဓားပျံစီး၍ လာကြသည်။ သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် အမောတကောဖြင့် ရှေ့သို့ တိုးလာကြပြီး ပွဲကောင်းကို လွတ်သွားမည် စိုးရိမ်နေကြသည်။
ကျန်းကျောက်ရှားနှင့် ရွှီနင်း မည်သူ ပိုတော်သလဲဆိုသည်မှာ ဂိုဏ်းအတွင်း ကာလကြာရှည် ငြင်းခုံနေကြသော ခေါင်းစဉ်တစ်ခု ဖြစ်သည်။
ကျန်းကျောက်ရှားက အသက်ပိုကြီးသဖြင့် ပိုတော်မည်ဟု လူအများက ထင်ကြသည်။ သို့သော် ရွှီနင်း၏ ပါရမီက ထူးကဲပြီး ကျန်းကျောက်ရှားထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်သဖြင့် သူမ ပိုတော်မည်ဟု ယုံကြည်သူများလည်း ရှိကြသည်။
ကျန်းကျောက်ရှားက ရွှီနင်းကို ကြည့်ပြီး ….
"ဒီတိုက်ပွဲကို ငါ စောင့်နေတာ ကြာပြီ..."
"စီနီယာအစ်ကိုကြီးက မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်ကို ရောက်တာ မကြာသေးဘူး...ဒီတော့ ရှင်နဲ့ တိုက်ရတာ မတရားဘူးလို့ ခံစားရတယ်..."
"မင်း တော်တော် မာနကြီးတာပဲ..."
ကျန်းကျောက်ရှား ပြုံးလိုက်မိသည်။
သူနှင့် ရွှီနင်း သိုင်းစင်မြင့်ပေါ် ရပ်လိုက်သောအခါ သူ့စိတ်ထဲရှိ မကျေနပ်မှုများ လျော့ပါးသွားပြီး ပို၍ ကျေနပ်အားရသလို ခံစားလိုက်ရသည်။
"ကျွန်မ မာနကြီးတာ မဟုတ်ပါဘူး... ဒါက ဓမ္မဓိဋ္ဌာန်ကျတဲ့ အမှန်တရားပါ... ပြီးတော့ ကျင့်ကြံခြင်း အဆင့်အရ ရှင့်အတွက် မတရားဘူးဆိုပေမဲ့ ရှင့်ကို နိုင်မယ်လို့ ကျွန်မမှာ ရာနှုန်းပြည့် ယုံကြည်ချက် မရှိပါဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား စိတ်သက်သာရာ ရသွားသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာလည်း ကိုယ်ပိုင်မာန ရှိပေသည်။
"ဂိုဏ်းတူဦးလေးကျန်း... ရှင်က အရင်တုန်းက ကျွန်မကို ကယ်ခဲ့ဖူးတယ်... အဲဒီ ကျေးဇူးကို ကျွန်မ အမြဲ မှတ်ထားပါတယ်... ဒါပေမဲ့ နောက်နောင် ကျွန်မတို့ အတူတူ တာဝန် ထမ်းဆောင်တာမျိုးကို ရှောင်ကြရင် ကောင်းမယ်..." ဟု ရွှီနင်က လေးနက်စွာ ပြောလိုက်တော့ ကျန်းကျောက်ရှား၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း မငြင်းဆန်ခဲ့ပေ။ထိုအစား သဘောတူကြောင်း ပြသသည့် အနေဖြင့် ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
ထိုစကားကို ကြားသောအခါ အောက်မှ ဂိုဏ်းသားများ စူးစမ်းလိုစိတ် ဖြစ်သွားကြသည်။
ဘာဖြစ်တာလဲ...
သူတို့နှစ်ယောက် တာဝန်ထမ်းဆောင်ရင်း ရန်ဖြစ်ခဲ့ကြတာလား…
ထိုစဉ် ကျန်းကျောက်ရှားက ဓားကို ဆွဲထုတ်လိုက်သဖြင့် ဓားသွား၏အရောင်က နေရောင်အောက်တွင် ငွေရောင် တောက်ပနေသည်။ ဓားချီစွမ်းအင်များ ဓားလက်ကိုင်မှတဆင့် သူ့လက်မောင်း တစ်လျှောက် ရစ်ပတ်လာပြီး သူ့ပခုံးပေါ်တွင် ပုံရိပ်တစ်ခု အဖြစ် လျင်မြန်စွာ စုစည်းသွားသည်။
ထိုမြင်ကွင်းကြောင့် ဂိုဏ်းသားများ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်က ကျန်းကျောက်ရှားနှင့် ထပ်တူနီးပါး တူညီပြီး ပိုမို ထက်မြက်သော အရှိန်အဝါ ရှိနေသောကြောင့် ဖြစ်သည်။
ရွှီနင်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ….
"ဓားဝိညာဉ်... ရှင်လည်း ဓားကျင့်ကြံသူ ဖြစ်သွားပြီပဲ..."
ကျန်းကျောက်ရှားက ဓားကို မြှောက်၍ သူမကို ချိန်လိုက်ပြီး….
"အရည်အချင်း တစ်ခုတည်းကို အထူးပြုတဲ့ ငါနဲ့ အားနည်းချက် မရှိတဲ့ မင်း... ဘယ်သူ ပိုစွမ်းလဲ ကြည့်ကြတာပေါ့..."
ထိုအခါ ရွှီနင်းလည်း ဓားကို ဆွဲထုတ်လိုက်သော်လည်း ဓားဝိညာဉ် မစုစည်းရသေးသဖြင့် ဓားသိုင်းအရှိန်အဝါတွင် ကျန်းကျောက်ရှားကို မယှဉ်နိုင်သေးချေ။
သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြကာ ဓားများ ထိပ်တိုက် တွေ့ဆုံသွားပြီး ပုံရိပ်များ ရောထွေးသွားကာ ပြင်းထန်သော တိုက်ပွဲ စတင်လေသည်။
ဓားစွမ်းအင်များ ဘေးဘက်သို့ လှိုင်းဂယက်ထကာ ပျံ့နှံ့သွားပြီး လေပြင်းများ တိုက်ခတ်လာသဖြင့် သိုင်းစင်မြင့် ဘေးရှိ ဂိုဏ်းသားများမှာ မျက်နှာကို လက်ဖြင့် ကာကွယ်လိုက်ရသည်။
မျက်တောင် တစ်ခတ်စာ အတွင်း၌ သိုင်းစင်မြင့်ပေါ်တွင် သေးငယ်သော လျှပ်စီးကြောင်းများ ပေါ်လာသည်။ ၎င်းသည် ရွှီနင်း၏ "ကောင်းကင်လျှပ်စီး ခြေလှမ်း" ကြောင့် ကျန်ရစ်ခဲ့သော အရာများ ဖြစ်သည်။
သူတို့နှစ်ယောက် ရွေ့လျားမှု မြန်ဆန်လွန်းသဖြင့် မည်သူမျှ သေချာ မမြင်ရပေ။
ကျောက်ကျိန်း၊ ယွမ်လီနှင့် ရှောင်ညီအစ်ကိုသုံးဖော်တို့လည်း လာရောက် ကြည့်ရှုကြပြီး နှစ်ယောက်သား၏ တိုက်ပွဲကို ကြည့်၍ အံ့သြနေကြသည်။
ဓမ္မတိုက်ပွဲ ညီလာခံကို ကြည့်ရှုခဲ့ဖူးသူများက ရွှီနင်း ယခင်က အစွမ်းကုန် မထုတ်ခဲ့ကြောင်း သဘောပေါက်လိုက်ကြသည်။
ဤနှစ်ယောက်၏ တိုက်ပွဲနှင့် ယှဉ်လျှင် အခြား မှော်စွမ်းအင် တိုက်ပွဲများက ကလေးကစားစရာ သက်သက်သာ ဖြစ်နေသည်။
သူတို့နှစ်ယောက် လေထဲသို့ ခုန်တက်လိုက်ကြပြီး ကျန်းကျောက်ရှားက ကိုယ်ကို လှည့်၍ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ သူ့ဓားဝိညာဉ်ကလည်း လိုက်ပါ တိုက်ခိုက်သည်။ထို့ကြောင့် ဓားချီစွမ်းအင်များ ကြက်ခြေခတ်သဏ္ဌာန် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းသွားသော အဖြူရောင် ဖဲကြိုးများအလား ဖြစ်ပေါ်လာသည်။
ရွှီနင်းကလည်း ဓားကို ဆွဲထုတ်လိုက်ရာ ဓားသွားပေါ်တွင် မရေမတွက်နိုင်သော လျှပ်စီးများ တဖျပ်ဖျပ် လက်လာပြီး ကျန်းကျောက်ရှား၏ ဓားချီစွမ်းအင်များကို ကောင်းကင်နှင့် မြေကြီး ကွန်ရက်အလား ဖုံးအုပ်လိုက်သည်။
ထိုအခါ ကျန်းကျောက်ရှား မျက်ခုံးပင့်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တစ်ခဏချင်းပင် အောက်ဘက်ရှိ လူအုပ်ကြီးထဲမှ ဓားများစွာ ပျံတက်လာပြီး ရွှီနင်းထံသို့ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်သွားကြလေသည်။
"ဓားတစ်သောင်း မူလသို့ပြန်လည်ခြင်း..."ဟု
တစ်စုံတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။
"ဒါက ဂိုဏ်းချုပ် ဓားနတ်ဘုရားနဲ့ တိုက်တုန်းက သုံးခဲ့တဲ့ လျှို့ဝှက်သိုင်းကွက်ပဲ... ကျန်းကျောက်ရှားလည်း ဒါကို တတ်နေပါလား..."
ဓားရာပေါင်းများစွာ ကောင်းကင်သို့ ပျံတက်လာပြီး ရွှီနင်းထံသို့ ကြီးမားသော အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသော်လည်း ရွှီနင်းကတော့ အောက်သို့ ငုံ့မကြည့်ပေ။ သူမ၏ မျက်လုံးများတွင် လျှပ်စီးများ ပြည့်နှက်နေပြီး သူမကိုယ်တိုင် လျှပ်စီးတန်း တစ်ခုအသွင် ပြောင်းလဲကာ ကျန်းကျောက်ရှားထံသို့သာ တိုးဝင်သွားသည်။
ဤလှုပ်ရှားမှုကြောင့် လေထုထဲတွင် လျှပ်စီးများ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော ဓားပျံများကို ရိုက်ချိုးပစ်လိုက်သည်။
ထိူအခါ ကျန်းကျောက်ရှား၏ မျက်လုံးအိမ်များ ကျယ်သွားပြီး ဘေးဘက်သို့ ရုတ်တရက် ရှောင်တိမ်းလိုက်ရာ ရွှီနင်း၏ ဓားပျံကို သီသီလေး ရှောင်လွဲနိုင်ခဲ့သည်။
"မြန်လိုက်တဲ့ ဓား..."
သူ့ရှေ့ရှိ ရွှီနင်းကို ကြည့်ရင်း ကျန်းကျောက်ရှား အံ့သြသွားသည်။
ရွှီနင်း၏ ဓား အဘယ်ကြောင့် ဤမျှ မြန်ဆန်နေသည်ကို သူ နားမလည်နိုင်ပေ။
ဒီလောက် စွမ်းအားကြီးတဲ့ လျှပ်စီးက ဘာဂါထာလဲ…
စီနီယာအစ်ကိုကြီး သူ့ကို မသင်ပေးဖူးဘူး…
ကျန်းကျောက်ရှား၏ စိတ်ထဲတွင် မကျေနပ်မှုများ ဖြတ်သန်းသွားသည်။ သူသည် ထူးချွန်သော တိုက်ခိုက်ရေး အာရုံခံစားမှု ရှိသဖြင့် ရှောင်တိမ်းပြီးသည်နှင့် ချက်ချင်း ဓားကို ဆွဲထုတ်လိုက်သည်။ သို့သော် ရွှီနင်းက ကြောက်မက်ဖွယ်ရာ လျှပ်စီးများကို ထုတ်လွှတ်လိုက်ရာ သူ လွင့်ထွက်သွားသည်။
လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး သိုင်းစင်မြင့် ဘေးရှိ လူတိုင်း၏ မျက်နှာများကို အလင်းရောင် ပေးလိုက်ရာ လူအများ စကားမပြောနိုင် ဖြစ်သွားကြသည်။
"ဒါ ဘာဂါထာလဲ..."
"ဂါထာနဲ့ မတူဘူး... စီနီယာအစ်မကြီးရွှီ သုံးလိုက်တဲ့ ဂါထာတိုင်းမှာ လျှပ်စီးတွေ ပါနေသလို ခံစားရတယ်..."
"ကျင့်စဉ်ကြောင့် ဖြစ်နိုင်မလား..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူလည်း ဟွမ်ယွမ်ကျမ်းစာကိုပဲ ကျင့်ကြံတာ နေမှာပေါ့..."
"သူက ယုံနိုင်စရာ မရှိအောင် စွမ်းအားကြီးတာပဲ... အကြီးအကဲကျန်း သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ဂိုဏ်းသားများက ရွှီနင်း၏ လျှပ်စီးဓာတ် ပါဝင်သော မူလချီစွမ်းအင်ကို ကြည့်၍ အံ့သြချီးကျူးနေကြသည်။
ကျန်းနျန်သည်လည်း လူအုပ်ကြီး၏ နောက်ဆုံးတွင် ရပ်လျက် အများနည်းတူ ကျန်းကျောက်ရှားနှင့် ရွှီနင်တို့၏ တိုက်ပွဲကို မော့ကြည့်နေပြီး သူ့လက်များကို လက်မောင်းကြားတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သူသည် ယခုအခါ ကျန်းကျောက်ရှားကို မုန်းတီးနေပြီ ဖြစ်သော်လည်း ကျန်းကျောက်ရှား ရှုံးနိမ့်မည်ကို မလိုလားပေ။
"ဂိုဏ်းတူအစ်မကြီးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တကယ် ထူးခြားတယ်... ဒါက ဂါထာ မဟုတ်ဘူး... သူမရဲ့ မူလချီစွမ်းအင်မှာ လျှပ်စီးဓာတ်ပါလာတာ..."
ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် ကျန်းနျန် လှည့်ကြည့်လိုက်ရာ ယခင်က သူ့ကို နှစ်သိမ့်ပေးခဲ့ဖူးသော ယွမ်လီ သူ့ဘေးတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ ယွမ်လီကို အလွန် ကျေးဇူးတင်မိသည်။ ယွမ်လီ အကြံပေးသည့် အတိုင်း သူ ကြိုးစား ကျင့်ကြံခဲ့ရာ ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားရသည်။ သူ့ကို ဆွဲဆောင်နိုင်သော အရာသစ်များစွာ ရှိလာသဖြင့် လက်စားချေလိုစိတ်များ လျော့ပါးသွားခဲ့ချေပြီ။
"ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟုတ်လား... လူတိုင်းရဲ့ မူလချီစွမ်းအင်က မတူကြဘူးလား..."ဟု ကျန်းနျန် အံ့သြစွာ မေးလိုက်သည်။
သူသည်လည်း ဟွမ်ယွမ်ကျမ်းစာကို စတင် ကျင့်ကြံနေပြီ ဖြစ်ရာ မူလချီစွမ်းအင်အကြောင်း အနည်းငယ် နားလည်ထားသည်။ လူတိုင်း မူလချီစွမ်းအင် တူညီပြီး နယ်ပယ်ကွာခြားမှုကသာ စွမ်းအား ကွာခြားမှုကို ဖြစ်စေသည်ဟု သူ ထင်မှတ်ခဲ့သည်။
"လူအများစုက တူညီကြပေမဲ့ လူနည်းစုကတော့ ကွဲပြားကြတယ်... ဂိုဏ်းတူအစ်မကြီးလိုပေါ့..."
ယွမ်လီသည် ကောင်းကင်ယံရှိ ရွှီနင်ကို ကြည့်နေပြီး သူ့မျက်လုံးများ လှုပ်ရှားသွားသည်။ သူသည်လည်း သူ့အတွက် ထူးခြားသော မူလချီစွမ်းအင်ကို ဖန်တီးနိုင်မလားဟု ရုတ်တရက် တွေးမိလိုက်သည်။
မကြာသေးမီက သူ လေ့ကျင့်နေသော "ကောင်းကင်ဂိုဏ်း ရွှေခန္ဓာသိုင်း"က ကိုယ်ခန္ဓာကျင့်ကြံသူ လမ်းစဉ်နှင့် ပတ်သက်ပြီး သူ့ကို အကြံဉာဏ်များစွာ ပေးစွမ်းခဲ့သည်။
ထိုစဉ် ကျန်းကျောက်ရှား၏ ဓားချက်က ရွှီနင်းကို ထိမှန်သွားပြီး သိုင်းစင်မြင့်ပေါ်သို့ ပြုတ်ကျသွားစေရာ လူအုပ်ကြီး ဆူညံသွားပြန်သည်။ထို့ကြောင်ြ မြေပြင် အက်ကွဲသွားပြီး သိုင်းစင်မြင့် တစ်ခုလုံး တုန်ခါသွားခဲ့သည်။
တိုက်ပွဲက သရေကျဖို့ နီးစပ်နေတုန်းပါပဲ…
………
ပူပြင်းသော နွေရာသီနေ့တစ်နေ့တွင် ….
ဝါးခြင်းတောင်းများကို ကိုယ်စီ လွယ်ပိုးထားသော ကလေး ၁၄ ယောက် တောင်ပေါ်သို့ တက်လာကြသည်။
အကြီးဆုံးကလေးမှာ ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိသေးပြီး အငယ်ဆုံးမှာ ၃ နှစ်၊ ၄ နှစ် အရွယ်သာ ရှိသေးသည်။
သူတို့အားလုံး ချွေးများကို သုတ်၍ မောပန်းကြောင်း၊ ဒုက္ခရောက်ကြောင်း မညည်းညူကြပေ။ အငယ်ဆုံးကလေးပင်လျှင် နားပါရစေဟု မတောင်းဆိုရှာပေ။
တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် တောအုပ်နောက်တွင် ဖုံးကွယ်နေသော ခြံဝင်းတံတိုင်းကို မြင်လိုက်ရသဖြင့် အားလုံး ပြုံးပျော်သွားကြသည်။
"ဆရာ... ကျွန်တော်တို့ ပြန်ရောက်ပါပြီ..."
ခေါင်းဆောင် ကောင်လေးက အော်ဟစ်လိုက်ရာ သစ်ပင်ပေါ်ရှိ မျောက်များ လန့်သွားပြီး အသံပြုကာ ထွက်ပြေးသွားကြသည်။
အော်ဟစ်ပြီးနောက် ခြေလှမ်းသွက်သွက်ဖြင့် တောင်ပေါ်သို့ တက်သွားပြီး ခြံဝင်းတံခါးဝတွင် ဝါးခြင်းတောင်းကို ချကာ ဂျူနီယာမောင်နှမများ၏ ခြင်းတောင်းများကို ကူသယ်ရန် တောင်အောက်သို့ ပြန်ဆင်းသွားသည်။
ခဏကြာသောအခါ ကလေး ၁၄ ယောက်စလုံး ခြံဝင်းတံခါးဝတွင် ထိုင်၍ မောဟိုက်နေကြသည်။
သူတို့နောက်ရှိ ခြံဝင်းတံတိုင်းက သိပ်မမြင့်လှပေ။ ကျောက်တုံးများဖြင့် စီထားခြင်း ဖြစ်ပြီး ကြားထဲရှိ အဟများကို အပြည့်အဝ မဖာထေးရသေးပေ။
တံခါးအတွင်းဘက်တွင် ခွေးဝါ ခွေးဖြူ နှစ်ကောင် လိုက်တမ်းပြေးတမ်း ဆော့ကစားနေကြသည်။ ခြံဝင်းထဲတွင် အိမ် ၅ လုံး ရှိပြီး ဘေးဘက်တွင် ၂ လုံး၊ ယှဉ်လျက် ၃ လုံး ရှိသည်။
ထိုစဉ် အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက် ခြံဝင်းထဲမှ ထွက်လာသည်ကိုမြင်လိုက်ရသည်။ထိုသူက ချောမောပြီး မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိသည်။ ဤကလေးများနှင့် ယှဉ်လျှင် သူသည် တောင်ပေါ်တွင် တိတ်ဆိတ်စွာ နေထိုင်သော မသေမျိုးတစ်ပါးနှင့် တူနေသည်။
သူ့နာမည်မှာ ကျိုးယာ ဖြစ်သည်။ သူသည် "ချင်းရှားဂိုဏ်း" ၏ ဂိုဏ်းချုပ် ဖြစ်သလို ချင်းရှောင်ဂိုဏ်း၏ အဓိကတပည့် တစ်ယောက်လည်း ဖြစ်သည်။ သူ့ကျင့်ကြံမှု အဆင့်မှာ မူလအားဖြည့်နယ်ပယ် တတိယအဆင့် ဖြစ်သည်။
"ဆရာ... ကျွန်တော်တို့ ရလာတာတွေ ကြည့်ပါဦး... ဟင်းသီးဟင်းရွက်တွေရော အသားတွေရော ပါတယ်..."
အသက် ၁၀ နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်က စတင် ပြောလိုက်ခြင်းဖြစ်သည်။ သူ အလွန် မောပန်းနေသော်လည်း အလွန် စိတ်လှုပ်ရှားနေသည်။
အခြားသူများလည်း ဝင်ရောက် ပြောဆိုကြသဖြင့် ခြံဝင်းတံခါးဝတွင် ဆူညံပွက်လောရိုက်သွားသည်။
ကျိုးယာကတော့ ကျေနပ်သော အပြုံးဖြင့် သူတို့ကို ကြည့်နေသည်။ သူ ဤကလေးများကို ပို၍ ချစ်ခင်လာပြီး ကမ္ဘာလောက၏ ဖရိုဖရဲ အခြေအနေများကြားတွင် သူတို့ကို ကာကွယ်ပေးချင်စိတ် ဖြစ်မိသည်။
သို့သော် သူ တောင်အောက်ဆင်းလာသည်မှာ ကြာပြီ ဖြစ်ကြောင်း တွေးမိသောအခါ စိတ်မကောင်း ဖြစ်မိသည်။ သူ ပျောက်ဆုံးနေသည်ဟု ဂိုဏ်းက မထင်မှတ်စေရန် နောက်ထပ် နှစ်လအကြာတွင် ပြန်လည် သတင်းပို့ရမည် ဖြစ်သည်။
"ဒီည ညစာကို ဆရာ တာဝန်ယူမယ်... မင်းတို့ ကောင်းကောင်း နားလိုက်ကြ..."
ကျိုးယာက ရှေ့သို့ တိုးသွားပြီး မြေပြင်ပေါ်မှ ဝါးခြင်းတောင်းကို ကောက်ယူကာ ခြံဝင်းထဲသို့ ဝင်သွားတော့ ခေါင်းဆောင် ကောင်လေးက ချက်ချင်း ထရပ်ပြီး သူ့ဘေးသို့ လျှောက်သွားကာ…
"ဆရာ... ဆရာ သင်ပေးတဲ့ သိုင်းပညာတွေက ကျွန်တော်တို့ကို တကယ်ပဲ သိုင်းလောက ကျွမ်းကျင်သူတွေ ဖြစ်စေမှာလား... ဒီနေ့ တောင်အောက်က ရွာမှာ သိုင်းသမား နှစ်ယောက် တိုက်ခိုက်နေတာ တွေ့ခဲ့တယ်... သူတို့က သိပ်တော်တာပဲ..."
"တိုက်ခိုက်တယ် ဟုတ်လား... ဘာဖြစ်ကြတာလဲ..."
"သူတို့က ရွာကို ဖြတ်သွားရင်း ခဏ တည်းကြတာ... သူတို့ ဂိုဏ်းတွေ အချင်းချင်း အငြိုးအတေး ရှိပုံရတယ်... ခဏလောက် တိုက်ခိုက်ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတယ်... ဆရာ စိတ်မပူပါနဲ့... ကျွန်တော်တို့ ချင်းရှားဂိုဏ်းရဲ့ တည်နေရာကို မပြောခဲ့ပါဘူး..."
သို့သော်ကျိုးယာ၏ မျက်မှောင်ကြုတ်ထားမှု မပြေလျော့သေးပေ။
"ချိုးတဟူ... ဂျူနီယာမောင်နှမတွေကို အန္တရာယ်ရှိတဲ့ နေရာတွေ မခေါ်သွားဖို့ ငါ ဘယ်နှခါ သတိပေးရမလဲ... ဘာလို့ နားမထောင်တာလဲ... ဓားတွေက မျက်စိ မပါဘူး... အဲဒီလူတွေက မင်းရဲ့ ဂျူနီယာမောင်နှမတွေကို ထိခိုက်အောင် လုပ်လိုက်ရင် မင်း တစ်သက်လုံး နောင်တရပြီး အပြစ်ရှိစိတ်နဲ့ နေသွားရလိမ့်မယ်..."
ချိုးတဟူဟု ခေါ်သော ကောင်လေးက ဝမ်းနည်းစွာဖြင့် ….
"ဆရာ... ကျွန်တော်က အပျော်သဘောနဲ့ ဝင်ပါတာ မဟုတ်ပါဘူး... သူတို့က လမ်းမပေါ်မှာ ရုတ်တရက် ထတိုက်ကြတာပါ..."
"ဒါဆိုရင်လည်း မင်းက ဂျူနီယာမောင်နှမတွေကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးခဲ့သင့်တာပေါ့..."
ကျိုးယာ၏ စကားလုံးများက ကြမ်းတမ်းသဖြင့် ချိုးတဟူပို၍ ဝမ်းနည်းသွားပြီး မျက်ရည်များ ဝဲလာသည်။
ကျိုးယာက ဒေါသထိန်းရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး….
"တဟူ... ဆရာက မင်းတို့နဲ့အတူ တစ်သက်လုံး ရှိနေနိုင်မှာ မဟုတ်ဘူး... ဒါက ချင်းရှားဂိုဏ်းပဲ... ဂိုဏ်းချုပ် ရာထူးက တစ်နေ့ကျရင် မင်းရဲ့ ရာထူး ဖြစ်လာမှာ... မင်းက ဂိုဏ်းချုပ် တစ်ယောက်ရဲ့ တာဝန်တွေကို ယူရမယ်..."
ထိုစကားကို ကြားသောအခါ ချိုးတဟူ ချက်ချင်း စိုးရိမ်သွားပြီး ….
"ဆရာ ဘယ်သွားမလို့လဲ... ကျွန်တော်တို့နဲ့အတူ တစ်သက်လုံးနေလို့ မရဘူးလား... ကျွန်တော်တို့ ဆရာ့ကို သေချာပေါက် ကောင်းကောင်း စောင့်ရှောက်ပါ့မယ်..."
"ငါ ဒီကို လာတာ တာဝန်တစ်ခု ရှိလို့... မင်းတို့နဲ့ မတွေ့ခဲ့ရင် ငါ ဒီမှာ ရှိနေမှာ မဟုတ်ဘူး..."
"တာဝန်ပြီးရင် ပြန်လာမှာလား..."
"ငါက စည်းကမ်းဖောက်ဖျက်ပြီးသား ဖြစ်နေပြီ... ငါ ဒီမှာ ဆက်နေရင် မင်းတို့ကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်... ကြီးမားတဲ့ ဒုက္ခကြီး ဖြစ်လာလိမ့်မယ်..."
"ဘာဒုက္ခကြီးလဲ ဆရာ... ဆရာက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးပဲ... ဘယ်သူကမှ ဆရာ့ကို ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး..."
"ကမ္ဘာကြီးက မင်း ထင်ထားတာထက် ပိုကျယ်ပြောတယ်... မင်းမျက်လုံးထဲမှာ ငါက အရမ်း စွမ်းအားကြီးတယ်လို့ ထင်ရပေမဲ့ ငါ့ထက် စွမ်းအားကြီးတဲ့လူတွေ အများကြီး ရှိတယ်..."
ကျိုးယာက ခေါင်းခါလိုက်ပြီး ဝါးခြင်းတောင်းကို ခြံဝင်းထဲတွင် ချထားလိုက်ပြီး တံခါးဝသို့ လျှောက်သွားလိုက်သည်။
ချိုးတဟူက နောက်မှ ကပ်လိုက်လာပြီး…
"ဆရာ့မှာ ရန်သူတွေ ရှိလို့လား... ကျွန်တော်တို့ သိုင်းပညာ တတ်မြောက်သွားရင် ဆရာ့အတွက် လက်စားချေပေးမယ်..."