ဒဏ္ဍာရီ…
Vol. 17 Ch. 169
ချင်းရှောင်ဂိုဏ်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း…..
"ငါ့မှာ ရန်သူမရှိပေမဲ့ မင်းကြောင့် ဒုက္ခတွေ အများကြီး ရောက်ရတယ်..."
ကျိုးယာက ချိုးတဟူကို စိုက်ကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်လေသည်။
ဒီကောင်လေးက တစ်ခါတစ်ရံ သူ့ကို ဂုဏ်ယူဝမ်းမြောက်စေသော်လည်း တစ်ခါတစ်ရံတွင်မူ သူ့အသက်ကို အန္တရာယ် ပေးနိုင်လောက်သည်အထိ ဒုက္ခပေးတတ်သည်။
ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရတာ ဒီလိုခံစားချက်မျိုးပါလား…
ဂိုဏ်းချုပ်က ခန်းမသခင်ကျန်းနဲ့ တခြားသူတွေကို ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ... ချင်းရှောင်ဂိုဏ်းကို ဒီလောက် စည်ပင်ဝပြောတဲ့ အဆင့်ရောက်အောင် ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ…
သူ့လုပ်ရပ်က မှန်ကန်ရဲ့လားဟု ကျိုးယာ ရုတ်တရက် နောင်တရစိတ်ဖြင့် တွေးတောမိသည်။
ဤကလေးများအတွက် သာမန်လူအဖြစ် နေထိုင်ခြင်းက မကောင်းသော ကိစ္စ မဟုတ်တန်ရာ။
သို့သော်လည်း သူ ကယ်တင်ခဲ့သော ဤကလေးများ၏ ဘဝအတွေ့အကြုံကို ပြန်စဉ်းစားလိုက်သောအခါ ထိုသို့ မတွေးသင့်ကြောင်း နားလည်လိုက်သည်။
ဤမျှ ဖရိုဖရဲ ဖြစ်နေသော ခေတ်ကာလကြီးတွင် အင်အားမရှိလျှင် ကြက်တစ်ကောင်၊ ခွေးတစ်ကောင်လောက်ပင် တန်ဖိုးရှိမည့် ဘဝမျိုး မဟုတ်ချေ။
တောတောင်ထဲတွင် တစ်သက်လုံး ပုန်းအောင်းနေလျှင်ပင် အန္တရာယ်နှင့် ကြုံတွေ့နိုင်သေးသည်။
ချိုးတဟူက ထပ်မေးရန် ပြင်လိုက်သော်လည်း ကျိုးယာက သူ့ကို လျစ်လျူရှုလိုက်ပြီး ပစ္စည်းများ ကူသယ်ခိုင်းကာ မောင်းထုတ်လိုက်သည်။
ကျိုးယာက ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားစေရန် နောက်ထပ် နှစ်လထက် ပိုမနေဘဲ ချင်းရှောင်ဂိုဏ်းသို့ ပြန်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
……
ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏ တိုက်ပွဲက သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့ပြီး သူတို့၏ နည်းလမ်းမျိုးစုံ ထုတ်ဖော် တိုက်ခိုက်မှုက ဂိုဏ်းသားများ၏ ကျင့်ကြံလိုစိတ်ကို များစွာ တက်ကြွစေခဲ့သည်။
ဤလူနှစ်ယောက်ကြောင့် မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်း၏ အဓိပ္ပာယ်ကို ဂိုဏ်းသားများ အမှန်တကယ် နားလည်သွားကြသည်။
သူတို့ ကောင်းကင်ယံတွင် ရှိနေခြင်းက ကျင့်ကြံခြင်းနှင့် သိုင်းပညာအကြား ကျော်ဖြတ်မရနိုင်သော ကွာဟချက်ကို ကိုယ်စားပြုနေသည်။
ဤသည်မှာလည်း ကျန်းကျောက်ရှား၏ ရည်ရွယ်ချက် ဖြစ်သည်။ ပထမအချက်မှာ ရွှီနင်းနှင့် အမှန်တကယ် ယှဉ်ပြိုင်လိုခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်၏ စွမ်းဆောင်ရည်ကို ဂိုဏ်းသားများအား ပြသလိုခြင်း ဖြစ်သည်။
လီချင်းချိုးက "အစွန်းရောက် ရွေ့လျားမှုပညာ" ကိုသာ အာရုံစိုက် လေ့ကျင့်နေသဖြင့် သူတို့နှစ်ယောက်၏ တိုက်ပွဲကို အာရုံမစိုက်အားပေ။
နတ်ဘုရားစွမ်းရည်ကိုအသုံးပြုခြင်းက မူလချီစွမ်းအင် အများအပြား ကုန်ဆုံးစေသဖြင့် လောလောဆယ်တွင် ဂိုဏ်းသားများအား ဤပညာကို သင်ပေးရန် အစီအစဉ် မရှိသေးပေ။ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ရှိသူက အစွန်းရောက် ရွေ့လျားမှုပညာကို အသုံးပြုလျှင်ပင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် အသုံးပြုရုံဖြင့် မူလချီစွမ်းအင် ကုန်ခမ်းသွားနိုင်ကြောင်း သူ ခန့်မှန်းမိသည်။
ထို့အပြင် နတ်ဘုရားစွမ်းရည် အမှတ်အသားကို ကျင့်ကြံရန်မှာ ဂါထာ အမှတ်အသားကို ကျင့်ကြံသည်ထက် များစွာ ခက်ခဲသည်။ မူလအားဖြည့်နယ်ပယ် အဆင့်ရှိသော ဂိုဏ်းသားများအတွက် ကျင့်ကြံရန် ပို၍ ခက်ခဲပေလိမ့်မည်။ အမှန်တကယ် ပါရမီရှင် မဟုတ်လျှင် နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံခြင်းက အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်နေပေလိမ့်မည်။
လီချင်းချိုး တတ်မြောက်နိုင်ခြင်းမှာ နတ်ဘုရားစွမ်းရည် အမွေအနှစ်ကို ရရှိထားသောကြောင့် ဖြစ်သည်။ အမွေအနှစ်သည် ဖြတ်လမ်းနည်း တစ်ခု ဖြစ်သည်။
လီချင်းချိုး ကိုယ်ပိုင် ကျင့်ကြံမှုတွင် နစ်မြောနေစဉ် ချင်းရှောင်ဂိုဏ်းကတော့ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက် ရှိပြီး ဂိုဏ်းသား အများအပြား ဇီယန်တောင်ထွတ်သို့ ပြောင်းရွှေ့သွားကြသည်။ သို့သော် ချင်းရှောင်ဂိုဏ်းတွင် ခြောက်ကပ်မသွားဘဲ ဆက်လက် စည်ကားနေဆဲပင်။
ဇီယန်တောင်ထွတ်အပြင် ဂိုဏ်းသား အများအပြားက မြေကွက်များ ဝယ်ယူလာကြပြီး သူတို့၏ လှုပ်ရှားမှုများကလည်း ထိုက်ခွန်း တောင်တန်း တစ်ခုလုံးသို့ ပြန့်နှံ့လာသည်။
ရွှန်းရှန်မြို့ တည်ဆောက်ရေး လုပ်ငန်းခွင်သည်လည်း အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ ကျန်းယွီချွန်းက ယခုလောက် အလုပ်ရှုပ်ဖူးခြင်း မရှိသော်လည်း ပျော်ရွှင်နေသည်။ယခုလို လုပ်ငန်းဆောင်တာများက ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေသော်လည်း နေ့စဉ် စိတ်လှုပ်ရှားနေသည်။
နွေရာသီ ကုန်ဆုံး၍ ဆောင်းဦးပေါက် ရောက်လာသောအခါ ထိုက်ခွန်း တောင်တန်း တစ်လျှောက် ဆောင်းလေပြည် တိုက်ခိုက်လာသည်။
ကုန့်လင်ခန်းမအတွင်း၌…
ကျန်းယွီချွန်းက ကုလားထိုင်ပေါ်တွင် ထိုင်၍ စာရင်းများကို စစ်ဆေးရင်း ဂိုဏ်းသားတစ်ယောက်၏ တင်ပြချက်ကို နားထောင်နေသည်။
"သတင်းတွေက နေရာအနှံ့ ပြန့်နေပါပြီ... နယ်စားပယ်စားတွေက ချီမိသားစုက နောက်ထပ် ကျောက်ကျိ ဖြစ်လာမှာ စိုးရိမ်နေကြပြီး ပူးပေါင်းမယ့် အလားအလာ ရှိနေပါတယ်..."
"အဲဒီလောက်နဲ့ မလုံလောက်သေးဘူး... သတင်းတွေကို ဆက်ပြီး ဖြန့်ရမယ်... ချီမိသားစုကို မိစ္ဆာမျိုးနွယ်လို ပုံဖော်တာ အကောင်းဆုံးပဲ... သူတို့က ကမ္ဘာကို လိုချင်တာ မဟုတ်ဘူး... ကမ္ဘာပေါ်က လူတိုင်းကို သူတို့ရဲ့ သားကောင် ဖြစ်စေချင်တာလို့ သတင်းဖြန့်..."
"နားလည်ပါပြီ... အခုထိတော့ ကျွန်တော် လွှတ်ထားတဲ့ သတင်းဖြန့်သူတွေ ဘယ်သူမှ အဖမ်းမခံရသေးပါဘူး..."
ကျန်းယွီချွန်းက လက်ဝှေ့ယမ်းပြလိုက်ရာ ဂိုဏ်းသားက ချက်ချင်း ဦးညွှတ်၍ ထွက်ခွာသွားသည်။
မကြာမီ အမျိုးသမီး ဂိုဏ်းသားတစ်ယောက် ဝင်ရောက်လာပြန်သည်။
"ချင်မိသားစု ရှုံးနိမ့်သွားပါပြီ... တုန်းလင်းစီရင်စု စစ်တပ်က ကုကျိုးစီရင်စုကို ကျူးကျော် ဝင်ရောက်နေပါပြီ... ချင်မိသားစုက ကျွန်မတို့ရဲ့ အကူအညီကို မျှော်လင့်နေပါတယ်..."
"အချိန်ဆွဲထားလိုက်... ငါ အလုပ်ရှုပ်နေတယ်လို့ ပြောလိုက်..."
"ဟုတ်ကဲ့ပါ..."
အမျိုးသမီး ဂိုဏ်းသားကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်း လှည့်ထွက်သွားသည်။
ဘယ်သူမှမရှိတော့သောအခါ
ကျန်းယွီချွန်း မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နောက်ထပ် စာရင်းစာအုပ် တစ်အုပ်ကို ကောက်ယူ၍ လှန်လှော ကြည့်ရှုလိုက်သည်။ မကြာမီ ခြေသံများကို ထပ်ကြားလိုက်ရပြန်သည်။
သို့သော် ဧည့်သည်က စားပွဲရှေ့သို့ ရောက်လာသော်လည်း စကားမပြောပေ။
ကျန်းယွီချွန်း မော့ကြည့်လိုက်ရာ သူ့အတွက် အလုပ်လုပ်ပေးနေသော ယုံကြည်ရသည့် ဂိုဏ်းသား မဟုတ်ဘဲ ကုန့်လင်ခန်းမမှ သာမန် ဂိုဏ်းသားတစ်ယောက် ဖြစ်နေသည်။
ကျန်းဖိန်…
ထိုအချိန်တွင် ကျန်းဖိန်က ကျန်းယွီချွန်းကို ကြည့်နေပြီး စကားပြောချင်သော်လည်း မျိုသိပ်ထားသည့် ပုံစံ ဖြစ်နေသည်။
ကျန်းယွီချွန်းက သူ့ကို ကြည့်ပြီး "ဘာကိစ္စ ရှိလို့လဲ..." ဟု မေးလိုက်တော့..
"ဆရာ... ဆရာ့ကို ကျွန်တော် ယုံလို့ ရမလား..."
"ဟား ဟား ဟား မင်း ငါ့ကိုတောင် မယုံရင် ဘယ်သူ့ကို ယုံမှာလဲ..."
သူ ဂိုဏ်းဝင်စကတည်းက ကျန်းယွီချွန်း သူ့ကို အမြဲ ဂရုစိုက်ခဲ့ပြီး တစ်ခါမျှ ကြမ်းတမ်းစွာ မပြောဆိုဖူးကြောင်း ကျန်းဖိန် ပြန်တွေးမိသည်။ သို့သော် သူ့သဘာဝက လူများနှင့် ရင်းနှီးရန် ခက်ခဲသူ ဖြစ်နေခြင်းသာ ဖြစ်သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး အိတ်ကပ်ထဲမှ အပြာရောင် စာအုပ်တစ်အုပ်ကို ထုတ်၍ စားပွဲပေါ် တင်လိုက်ကာ ….
"ဒါက စီနီယာအစ်ကိုကြီး တစ်ယောက်နဲ့ တောင်အောက်ဆင်းတုန်းက ကျွန်တော် ရခဲ့တာပါ... လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ဖြစ်ပေမဲ့ ဒဏ္ဍာရီတစ်ခုနဲ့ ပတ်သက်နေတယ်... သေချာ စဉ်းစားပြီးတဲ့နောက် ဂိုဏ်းကို ပေးတာ ပိုကောင်းမယ်လို့ ထင်လို့ပါ..."
ကျန်းယွီချွန်းက သိပ်အလေးမထားဘဲ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... နောက်မှ ငါ ကြည့်လိုက်မယ်..." ဟု ပြောလိုက်သည်။
ကျန်းဖိန်က …
"ဆရာ... ပိုင်နင်းအာကို သိလား... ဒီတစ်ခေါက် လေ့ကျင့်ရေးခရီးမှာ ကျွန်တော် သူ့နောက် လိုက်သွားခဲ့တာ..."
"ပိုင်နင်းအာ ဟုတ်လား... သိတာပေါ့... ဂိုဏ်းချုပ်က သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားတာ... သူ့ကို မျက်နှာသာတွေ အများကြီး ပေးထားတာလေ... ဘာလဲ... သူ မင်းကို အနိုင်ကျင့်လို့လား..."ဟု ကျန်းယွီချွန်းက သူ့လက်ထဲမှ စာရင်းစာအုပ်ဆီသို့ အကြည့်ပြန်ပို့ရင်း ပြန်ဖြေလိုက်သည်။
ကျန်းဖိန်က ဘေးပတ်ဝန်းကျင်ကို ကြည့်၍ လူရှင်းကြောင်း သေချာအောင် လုပ်ပြီးမှ တီးတိုးလေသံဖြင့်..
"ဆရာ... ပိုင်နင်းအာက အရမ်း ထူးဆန်းတယ်လို့ ကျွန်တော် ထင်တယ်... လူတွေက သူ့ကို အလွယ်တကူ ခင်မင်သွားကြတယ်... ပြီးတော့ သူက ကောင်းတဲ့အရာတွေနဲ့ အလွယ်တကူ ကြုံရတတ်တယ်... ဒီ လျှို့ဝှက်သိုင်းကျမ်းကို ကျွန်တော် ရခဲ့တာလည်း သူ့ကြောင့်ပဲ... လူတစ်ယောက်ရဲ့ ကံတရားက ဒီလောက်ထိ ကောင်းမယ်လို့ ကျွန်တော် မယုံဘူး..."
ထိုအခါ ကျန်းယွီချွန်းက မော့ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် …
"မင်း ဘာဆိုလိုချင်တာလဲ... ကံကောင်းတာက မကောင်းလို့လား..."
"ကျွန်တော် သေချာ မရှင်းပြတတ်ဘူး... သူ ပြဿနာတက်မှာကို ကျွန်တော် စိုးရိမ်တယ်... ဂိုဏ်းကို ဒုက္ခပေးမှာကိုလည်း ကြောက်တယ်... ပြီးတော့ သူက စိတ်မြန်လက်မြန် လုပ်တတ်တယ်... နောက်ဆက်တွဲ အကျိုးဆက်ကို မစဉ်းစားဘဲ ထင်ရာ လုပ်တတ်တယ်..."
သူ မပြောခဲ့သော အရာတစ်ခု ရှိသေးသည်။ ပိုင်နင်းအာဆိုသူက အန္တရာယ်ရှိသည်ဟု သူ ခံစားရခြင်း ဖြစ်သည်။
တောင်အောက် ဆင်းစဉ်က သူတို့နှစ်ယောက် အဆိပ်ရှိသော သတ္တဝါ တစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။ သူသည် ပင်ကိုယ်အသိစိတ်ဖြင့် ပိုင်နင်းအာကို တွန်းထုတ်လိုက်မိရာ သူ့ကိုယ်တိုင် အကိုက်ခံလိုက်ရသည်။ နောက်ဆုံးတွင် အန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း ပြန်စဉ်းစားမိတိုင်း ကြောက်လန့်နေမိသည်။
ထို့ကြောင့် ပိုင်နင်းအာက လူ့စိတ်ကို ဖမ်းစားနိုင်သော မိစ္ဆာဝိညာဉ် ဝင်စားသူ ဖြစ်လောက်သည်ဟု သူ ထင်မြင်မိသည်။
မည်သို့ပင်ဆိုစေကာမူ နောက်နောင် ပိုင်နင်းအာနှင့် ဝေးဝေးနေရန် သူ ဆုံးဖြတ်လိုက်သည်။
"စိတ်မြန်လက်မြန် လုပ်တယ် ဟုတ်လား... ဒါဆိုရင် မင်းရဲ့ စိတ်နေသဘောထားကို ပြုပြင်ဖို့ လိုနေပြီ..."
"ဆရာ့ကို သူ့ကို ဖိနှိပ်ခိုင်းတာ မဟုတ်ပါဘူး... သူ့ကို တောင်အောက် ပေးမဆင်းတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်လို့ပါ... သူ့စိတ်ရင်းကတော့ ကောင်းပါတယ်... ဖြောင့်မတ်ပြီး ကူညီတတ်ပါတယ်..."
ကျန်းယွီချွန်း နားထောင်ရင်း ခေါင်းကိုက်လာပြီး….
"ခဏနေကျ သူ့ကို ထူးဆန်းတယ် ပြောလိုက်... ခဏနေကျ သူ့ကို ချီးကျူးလိုက်နဲ့... မင်း ငါ့ကို လာရှုပ်နေတာလား..."
ကျန်းယွီချွန်း လက်ဝှေ့ယမ်းလိုက်သည်ကို မြင်သောအခါ သူ ဦးညွှတ်နှုတ်ဆက်ပြီး လှည့်ထွက်သွားရုံသာ ရှိတော့သည်။
ကျန်းယွီချွန်းကတော့ စာရင်းများကို ဆက်လက် စစ်ဆေးနေရသေးသည်။ ချင်းရှောင်ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ ဂိုဏ်းသား စာရင်းများအပြင် အခြား ဝန်ထမ်းစာရင်းများကိုပါ သူ စစ်ဆေးရသည်။ တောင်ပေါ်သို့ ခေတ္တ လာရောက် တည်းခိုသော ဘုရားဖူးများကိုပင် ပြဿနာ မဖြစ်စေရန် စာရင်းမှတ်တမ်း တင်ရသည်။
ပြတင်းပေါက် အပြင်ဘက်တွင် နေဝင်သွားပြီး ညအချိန် ရောက်လာတော့မှသာ
ကျန်းယွီချွန်းက လက်ထဲမှ စာရင်းစာအုပ်ကို ချလိုက်ပြီး အကြောဆန့်ကာ သက်ပြင်းရှည် ချလိုက်သည်။ သူ့အကြည့်က ကျန်းဖိန် ထားခဲ့သော အပြာရောင် စာအုပ်ပေါ်သို့ ရောက်သွားသဖြင့် ကောက်ယူလိုက်သည်။
ကျန်းဖိန်သည် တည်ငြိမ်ပြီး စေ့စပ်သေချာသူ ဖြစ်သဖြင့် ဤ လျှို့ဝှက်သိုင်းကျမ်းကို သူ အထူးတလည် လာပေးခြင်းက အကြောင်းထူး ရှိ၍ ဖြစ်ပေမည်။
"ဧကရီ၏ နတ်ဘုရားစွမ်းရည်..."
နာမည်က အတော်လေး ခမ်းနားနေသဖြင့် ကျန်းယွီချွန်း သဘောကျစွာ ရယ်မောလိုက်မိသည်။
သူ စာအုပ်ကို ဖွင့်ပြီး သေချာ ဖတ်ရှုလိုက်တော့ နိဒါန်းပိုင်းက ကျင့်ကြံနည်းများအကြောင်း မဟုတ်ဘဲ ရှေးဟောင်း ဒဏ္ဍာရီတစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဖတ်ရှုရင်းနှင့် သူ့မျက်နှာထား လေးနက်လာပြီး နောက်ဆုံးတွင် စာအုပ်ကို ကိုင်ထားသော သူ့လက်များ တုန်ရီလာသည်။
…………..
တိမ်တိုက်မည်းများက ကြယ်များနှင့် လမင်းကို ဖုံးကွယ်ထားသည်…..
ခန်းမကြီး တစ်ခုအတွင်း၌ ဘေးတစ်ဖက်တစ်ချက်စီရှိ ဆီမီးခွက်များက အတွင်းပိုင်းကို မလင်းတလင်းသာ အလင်းပေးထားသည်။
လှေကားထစ်များ၏ ထိပ်တွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ရွှေရောင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေ၏။
ပလ္လင်၏ လက်ရန်းများကို သက်ရှိနှင့် တူသော နဂါးခေါင်းများဖြင့် ပြုလုပ်ထားသည်။
ရွှေရောင်ဝတ်စုံနှင့် လူသည် အသက် ၄၀၊ ၅၀ အရွယ်ခန့် ရှိပုံရပြီး ဆံပင်ဖြူများ ပြည့်နှက်နေသည်။ အေးစက်သော မျက်လုံးများနှင့် မုတ်ဆိတ်မွေးအောက်မှ သွေးရောင်လွှမ်းသော နှုတ်ခမ်းများကြောင့် သူသည် လက်စားချေလိုသော တစ္ဆေတစ်ကောင်နှင့် တူနေသည်။
သူ့နာမည်မှာ ချီထျန်းချွမ် ဖြစ်ပြီး ချီမိသားစု၏ ခေါင်းဆောင် ဖြစ်သည်။
သူသည် ခန်းမထဲရှိ အဖြူရောင် ဝတ်စုံနှင့် လူ ၁၀ ယောက်ကို စိုက်ကြည့်နေသည်။ ထို ၁၀ ယောက်က လီစစ်ဖုန်းကို ဖမ်းဆီးရန် ကြိုးစားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အဖြူရောင် ဝတ်စုံဝတ် လူများ ဖြစ်ကြသည်။
ယခုအခါ သူတို့အားလုံး ခန်းမထဲတွင် ခေါင်းငုံ့၍ ဒူးထောက်နေကြရသည်။
"ငါ သေချာ ပျိုးထောင်ထားတဲ့ နတ်ဘုရားအစေခံ ဆယ်ပါးက လီချင်းချိုးရဲ့ ဂျူနီယာညီလေးကိုတောင် မနိုင်ဘူးတဲ့လား... ဟားဟား..."
ချီထျန်းချွမ်က သရော်လိုက်စကားဆိုလိုက်သော်လည်း သူ့မျက်လုံးများကတော့ ရေခဲတမျှ အေးစက်နေပြီး နဂါးခေါင်းကို ဆုပ်ကိုင်ထားသော သူ့လက်များမှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
တောင်ဝှေး ကိုင်ဆောင်ထားသော အဖြူရောင် ဝတ်စုံနှင့်လူက အသံနက်ကြီးဖြင့် ….
"သခင်ကြီး... ကျွန်တော်တို့ ညံ့ဖျင်းလို့ မဟုတ်ပါဘူး... လီစစ်ဖုန်းရဲ့ သိုင်းပညာက အလွန် မြင့်မားပြီး ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ပါတယ်... သူ့လက်ထဲက တီရွှမ်းဓားမှာလည်း ထူးခြားတဲ့ စွမ်းအားတွေ ပါဝင်နေပါတယ်... ဒါ့အပြင် ချင်းရှောင်ဂိုဏ်းက အဓိကတပည့် ၁၀ ယောက် စေလွှတ်ထားပါတယ်... ကျွန်တော်တို့ တကယ်ပဲ သူတို့ကို မယှဉ်နိုင်ခဲ့ပါဘူး..."
ထိုအခါ.ချီထျန်းချွမ်၏ အပြုံးက ပို၍ အေးစက်လာသည်။
"ချင်းရှောင်ဂိုဏ်းမှာ အဓိကတပည့် ၃၀၀ ကျော် ရှိတယ်... ဒါဆို ငါတို့ ချီမိသားစုက ချင်းရှောင်ဂိုဏ်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ဆိုလိုတာလား..."
နတ်ဘုရားအစေခံ ဆယ်ပါး တိတ်ဆိတ်နေကြသည်။ သူတို့ ပြန်မဖြေနိုင်သော်လည်း ချင်းရှောင်ဂိုဏ်းထံမှ ဖိအားကို သေချာပေါက် ခံစားနေကြရသည်။
ရွှီး... ရွှီး... ရွှီး…
ထိုစဉ် ရုတ်တရက် အမှောင်ထုထဲမှ နွယ်ပင်များ ထွက်ပေါ်လာပြီး နတ်ဘုရားအစေခံ ဆယ်ပါးကို လျင်မြန်စွာ ရစ်ပတ်၍ အမှောင်ထဲသို့ ဆွဲခေါ်သွားသည်။ ထို့နောက် အော်ဟစ်သံများ ထွက်ပေါ်လာပြီး မကြာမီ အရိုးကျိုးသံများဖြင့် အစားထိုးသွားသည်။
ချီထျန်းချွမ်ကတော့ သာယာသော ဂီတသံကို နားထောင်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက်...
ခန်းမကြီးထဲတွင် မည်သည့်အသံမျှ မရှိတော့ပေ။
"ချင်းရှောင်ဂိုဏ်းက သာမန် လောကီသိုင်းလောက ဂိုဏ်း မဟုတ်ဘူး... ဒီဂိုဏ်းက မသေမျိုးကျင့်ကြံတဲ့ ဂိုဏ်း ဖြစ်လောက်တယ်... ဒီလောက် နှစ်တွေ ကြာပြီးတာတောင် ဒီမြေကြီးက မသေမျိုး ကျင့်ကြံခြင်းဂိုဏ်းတစ်ခုကို မွေးထုတ်ပေးနိုင်သေးမယ်လို့ ငါ ထင်မထားခဲ့ဘူး..."
အေးစက်ပြီး အိုမင်းသော အသံတစ်သံ အမှောင်ထုထဲမှ ထွက်ပေါ်လာတေယ့
ချီထျန်းချွမ် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ…
"မသေမျိုး ကျင့်ကြံခြင်းဂိုဏ်း ဟုတ်လား..."
"ဟုတ်တယ်... ရှေးဟောင်း မသေမျိုး ကျင့်ကြံခြင်းဂိုဏ်းတွေက ကပ်ဘေးတွေ များတဲ့ ဒီမြေကို စွန့်ခွာသွားကြပေမဲ့ သူတို့ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေက ဒီမြေပေါ်က လူတွေကို အခါအားလျော်စွာ အမွေအနှစ် ရရှိစေခဲ့တယ်... သိုင်းဒဏ္ဍာရီ ဆိုတဲ့လူက အဲဒီထဲက တစ်ယောက်ပဲ... ဧကရာဇ်ကို ပြုစားခဲ့တဲ့ နတ်ဆရာကျန်း ဆိုတဲ့လူကလည်း အဲဒီလိုလူမျိုးပဲ... ဒါပေမဲ့ သူတို့က ဧကရာဇ် မဖြစ်ခဲ့ကြဘူး... ချင်းရှောင်ဂိုဏ်းကတော့ မတူဘူး... အဲဒီ လီချင်းချိုးဆိုတဲ့ကောင်က သူတစ်ယောက်တည်း ကျင့်ကြံတာ မဟုတ်ဘဲ ဂိုဏ်းသား အများကြီးကိုပါ ဦးဆောင်ပြီး ကျင့်ကြံနေတာ... သူက တကယ် ရိုးရှင်းတဲ့လူ မဟုတ်ဘူး..."
အိုမင်းသော အသံက ထပ်မံ ထွက်ပေါ်လာပြီး လေသံတွင် စိတ်လှုပ်ရှားမှုနှင့် လောဘရိပ်များ ပါဝင်နေသည်။
ချီထျန်းချွမ်က မျက်မှောင်ကြုတ်ပြီး….
"ချင်းရှောင်ဂိုဏ်းက ကုကျိုးစီရင်စုမှာ ရှိတာ... ချန်းကျိုးနဲ့ဆို အရမ်း ဝေးတယ်... ခင်ဗျား ရွေ့လို့ မရဘူးလေ... ကျွန်တော်တို့ ချီမိသားစုက သူတို့ကို ဘယ်လို ဖယ်ရှားနိုင်မှာလဲ..."
"ကိစ္စ မရှိပါဘူး... ဟို နတ်ဘုရားသားတော်လေးက ငါ ဝင်ပူးဖို့ အရည်အချင်း ပြည့်မီနေပြီ... ဒီခန္ဓာကိုယ်က ငါ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ခံနိုင်ရည် ရှိမယ် ဆိုရင်တောင် ချင်းရှောင်ဂိုဏ်းကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ငါ ယုံကြည်ချက် ရှိတယ်..."
"မင်း နယ်ပယ်တွင်း ကျွမ်းကျင်သူ ၁၀၀ ကို အမြန်ဆုံး စုစည်းပေးရမယ်... အချိန် မရှိတော့ဘူး..."
ချီထျန်းချွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး …
"နောက်ဆုံး ၁၀ ရက် အတွင်းမှာ ခင်ဗျား လိုချင်တာ ရစေရမယ်... ဒါပေမဲ့ ကျွန်တော့် တောင်းဆိုမှုကို ခင်ဗျား သဘောမတူသေးဘူး..."
သူ့စကားလုံးများက မေးခွန်းထုတ်စရာ မလိုလောက်အောင် ပြတ်သားပြီး အလွန် အားကောင်းလာသည်။
"အဲဒါ မတိုင်ခင် မင်းရဲ့ မျိုးဆက် ၇ ယောက်ကို ရွေးပြီး ငါ့ရှေ့ ခေါ်လာခဲ့... ငါ သူတို့ကို နတ်ဘုရား သိုင်းပညာတွေ သင်ပေးမယ်... သူတို့ တတ်မြောက်မလား ဆိုတာကတော့ သူတို့ရဲ့ ကံတရား အပေါ်မှာပဲ မူတည်တယ်..." ဟု အိုမင်းသော အသံက တိုးတိုးလေး ပြောလိုက်လေသည်။