အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) - ရှအင်ပါယာ၏ လျှို့ဝှက်အစောင့်အရှောက်များ
“အစ်ကိုကြီး... ဘာဖြစ်လို့လဲ”
ဖန့်ကျိရွှီ လန့်သွားသည်။ သူမ၏ အစ်ကိုဖြစ်သူက ဘာကြောင့် လေဟာနယ်ကို ဦးညွှတ်နေရသနည်းဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။
ဘေးပတ်ဝန်းကျင်ရှိ အစေခံများပင်လျှင် ဤအပြုအမူကို အတော်လေး ထူးဆန်းသည်ဟု မြင်ကြသည်။ ၎င်းတို့က ဖန့်ချန် ကို တစ်မျိုးကြီး ကြည့်နေကြသည်။
ဖန့်ချန်းဟိုင် က သက်ပြင်းတစ်ချက်ကို အသာအယာချရင်း “ချန်အာ ...” ဟု လှမ်းခေါ်လိုက်သည်။
ဖန့်ချန်က လှည့်ကြည့်လိုက်ပြီး “အဖေ... ဘာလို့ အားလုံး ဒီမှာ ရောက်နေကြတာလဲ” ဟု မေးလိုက်သည်။
ခဏတာမျှ သူတို့အားလုံးသည် ဖန့်ချန်၏ မွဲပြာနေသော မျက်လုံးများထဲတွင် အလင်းတန်းတစ်ခုကို မြင်လိုက်ကြရသည်။
သို့သော် ချက်ချင်းပင် ထိုအတွေးကို ဖျောက်လိုက်ကြသည်။ အကြောင်းမှာ ဖန့်ချန်သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး လုံးဝ မျက်မမြင် ဖြစ်နေခဲ့သောကြောင့်ပင်။
“မင်းအတွက် စိတ်ပူလို့ပါ။ မင်း ဒီမှာ ရပ်နေတာ တစ်နေ့လုံး ရှိနေပြီ မင်း စိတ်ထဲမှာ တစ်ခုခု ရှိနေရင် အဖေ့ကို ပြောပြလို့ရပါတယ်။”
ဖန့်ချန်းဟိုင်က အံကြိတ်ကာ “ဘာပဲဖြစ်ဖြစ် အဖေ မင်းကို ကူညီမှာပါ” ဟု ထပ်လောင်းပြောကြားသည်။
ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“အဖေက ကျွန်တော် လက်ထပ်ပွဲအတွက် စိတ်ပူနေတယ်လို့ ထင်နေတာလား”
“အဲဒါကြောင့် မင်း တစ်ညလုံး ဒီမှာ တစ်ယောက်တည်း ရပ်နေတာ မဟုတ်ဘူးလား”
ဖန့်ချန်းဟိုင်က အံ့သြရိပ်အချို့ဖြင့် သူ့ကို စိုက်ကြည့်သည်။
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွခါယမ်းကာ သူ့ကို စိတ်အေးအောင် ပြောလိုက်သည်။
“အဲဒါကြောင့် မဟုတ်ပါဘူး ကျွန်တော် တချို့အရာတွေကို နားလည်သွားလို့ပါ အဖေ ကျွန်တော့် လက်ထပ်ပွဲအတွက် စိတ်မပူပါနဲ့ ကျွန်တော် သင့်တော်သလို ဖြေရှင်းပါ့မယ်”
ဖန့်ချန်က လက်သီးဆုပ်ကာ ဦးညွှတ်ရင်း “ကျွန်တော် သွားခွင့်ပြုပါဦး” ဟု ဆိုကာ ထွက်ခွာသွားသည်။
ထွက်ခွာသွားသော သူမအစ်ကို၏ ကျောပြင်ကို ကြည့်ရင်း ဖန့်ကျိရွှီ အတွေးထဲ နစ်ဝင်သွားသည်။
“အဖေ... သူ ဘာကို ဆိုလိုတာလဲ”
“မင်းအစ်ကိုရဲ့ အတွေးအခေါ်က သူ့အသက်ထက် ပိုရင့်ကျက်တယ်၊ ပြီးတော့ သူ့အတွေးတွေက ငါတို့လို သာမန်လူတွေနဲ့ မတူဘူး ဖြစ်နိုင်တာက သူ ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု စဉ်းစားမိသွားတာ ဖြစ်မယ်”
ဖန့်ချန်းဟိုင်၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။ သူ၏သားသည် အခြေအနေအရပ်ရပ်ကို မစဉ်းစားဘဲ မည်သည့်အခါမျှ စကားမပြောတတ်ပေ။
အခု သူကိုယ်တိုင် ဖြေရှင်းမည်ဟု ပြောလိုက်ပြီဆိုလျှင် သူတို့ စိတ်ပူစရာ သိပ်မရှိတော့ဟု ယူဆရမည်။
ဖန့်ချန် အမှားလုပ်မိသည့် တစ်ခုတည်းသော အချိန်မှာ လွန်ခဲ့သော ငါးနှစ်က ‘သုံးလောက တောင်တန်း’တိုက်ပွဲတွင်သာ ဖြစ်သည်။
သာမန်လူများက ဖန့်ချန် ရှုံးနိမ့်ရခြင်း၏ စစ်မှန်သော အကြောင်းရင်းကို မသိကြသော်လည်း သူကတော့ ကောင်းကောင်းသိသည်။
ထို အဌမတန်းစားအင်ပါယာမှ ပညာရှင်သည် အခြေအနေကို ထိန်းချုပ်မရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ချန်အာ ဘာလုပ်ဖို့ စီစဉ်နေလဲဆိုတာ ငါ သိချင်မိတယ် သူ အဲဒီလူတွေကို အားကိုးဖို့ ရွေးချယ်လိုက်တာများလား ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက ပျက်စီးသွားပြီလေ သူကိုယ်တိုင် လေ့ကျင့်ပေးထားတာ မှန်ပေမဲ့ ဒီကိစ္စမှာတော့ သူတို့က အခြေအနေကို ပြောင်းပြန်လှန်နိုင်ပါ့မလား”
အတွေးထဲ နစ်ဝင်နေသဖြင့် ဖန့်ကျိရွှီက သူ့အမည်ကို ခေါ်နေသည်ကိုပင် ဖန့်ချန်းဟိုင် သတိမထားမိပေ။
သူမ၏ဖခင်က သူမကို အာရုံမစိုက်မှန်း သိလိုက်သောအခါ ဖန့်ကျိရွှီက ခြေဆောင့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားတော့သည်။
ဖန့်ချန်သည် စစ်သူကြီးအိမ်တော်မှ ထွက်လာစဉ် မျက်လုံးများ ပိတ်ထားသော်လည်း အခြားလူများကဲ့သို့ပင် လမ်းမပေါ်တွင် သာမန်အတိုင်း လျှောက်လှမ်းနေသည်။
သူသည် ပတ်ဝန်းကျင်ကို အလွန်အမင်း အာရုံခံနိုင်စွမ်း ရှိနေသည်။
၎င်းမှာ မျက်စိကွယ်ပြီးနောက် ရရှိလာသော စွမ်းရည်တစ်ခု ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ထို မသေမျိုးနတ်သမီးနှင့် ဆုံတွေ့ပြီးနောက် ရရှိလာခြင်းလည်း ဖြစ်နိုင်သည်။
သူ၏ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲ၌ပင် ရှိနေသော်လည်း သူ့စိတ်ထဲတွင် ပတ်ဝန်းကျင် ပုံရိပ်မှာ ရှင်းလင်းစွာ ရှိနေသည်။
“စစ်သူကြီး ဖန့် နောက်တစ်ခါ လမ်းလျှောက်ထွက်လာပြန်ပြီ။”
“ဟဲဟဲ ငါတို့ ရှအင်ပါယာဟာ လွန်ခဲ့တဲ့ ငါးနှစ်က ချင်စုန်းအင်ပါယာလက်ထဲမှာ ရှုံးနိမ့်ခဲ့တဲ့ အရှက်ရမှုကို အောင့်အီးနေရတာ စစ်သူကြီး ဖန့်ကတော့ ဘာမှမဖြစ်သလိုပဲ ခဏခဏ လက်ဖက်ရည်သောက်ဖို့တောင် ထွက်လာသေးတယ် သူ နည်းနည်းလေးမှ မရှက်ဘူးလား”
“ငါတို့ စစ်သည်တော် ခြောက်သိန်းလောက် သုံးကမ္ဘာတောင်တန်းအောက်မှာ မြေမြှုပ်ခံခဲ့ရတာ သူကတော့ အေးအေးဆေးဆေး လမ်းလျှောက်ပြီး လက်ဖက်ရည်သောက်နိုင်သေးတယ်”
လမ်းပေါ်တွင် လျှောက်သွားနေသူ အားလုံးက သူ့ကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုကြသည်။
ရုတ်တရက် သားရေအင်္ကျီများ ဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့် လူအချို့ ပေါ်လာပြီး ဖန့်ချန်၏ လမ်းကို ပိတ်လိုက်ကြသည်။
ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်များသာ သားရေဖြင့်လုပ်သော အင်္ကျီများကို ဝတ်ဆင်တတ်သည့် အလေ့အထ ရှိကြသည်။
“အို... ဒါ မဟာစစ်သူကြီး ဖန့် မဟုတ်ပါလား နေဦး နောက်ရက်အနည်းငယ်နေရင် ငါတို့ ချင်စုန်းကလူတွေက မင်းကို ခေါ်တဲ့ပုံစံ ပြောင်းရတော့မယ် နောက်ဆို မင်းကို ‘ဦးလေးတော်’ လို့ ခေါ်ရတော့မှာကိုး”
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာတွင် မထေမဲ့မြင်ပြုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ပါးစပ်ကလည်း အထင်သေးသော အမူအရာဖြင့် ပြုံးလိုက်သည်။
ရှအင်ပါယာသားများသည် လမ်းပေါ်တွင် ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်များကို မြင်သောအခါ မျက်လုံးထဲတွင် မုန်းတီးမှုများ ရှိနေသော်လည်း ချက်ချင်းပင် ဘေးသို့ ဆုတ်ပေးလိုက်ကြသည်။
သူတို့က ထိုမုန်းတီးမှုကို ကောင်းကောင်း ဖုံးကွယ်ထားကြပြီး မည်သူမျှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။
“သူတို့ ဘာတွေ ပြောနေတာလဲ”
“စစ်သူကြီး ဖန့်ကို ‘ဦးလေးတော်’ လို့ ခေါ်မယ် ဟုတ်လား သူ ဘာကို ဆိုလိုတာလဲ”
လေထုထဲတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပြည့်နှက်လာသည်။
ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်တစ်ဦးက ဂုဏ်ယူစွာဖြင့် အော်ပြောလိုက်သည်။
“အို မင်းတို့ မကြားသေးဘူးလား စစ်သူကြီး ရှောင်းလန်က မင်းတို့ ရှအင်ပါယာ ဧကရာဇ်ဆီမှာ လက်ထပ်ဖို့ ကမ်းလှမ်းထားတယ် မကြာခင်မှာ မင်းတို့ရဲ့ မဟာစစ်သူကြီး ဖန့်ဟာ ရှောင်းမိသားစုထဲကို သမက်အဖြစ် ဝင်ရတော့မယ် သူက စစ်သူကြီး ရှောင်းလန်ရဲ့ အချစ်တော်သမီး ‘နတ်သမီးရှောင်း’ နဲ့ လက်ထပ်ရမှာ”
‘သူက... နတ်သမီးရှောင်းနဲ့ လက်ထပ်မှာလား’
ဘေးမှ ကြည့်နေသူများမှာ ဖန့်ချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများမှာ နက်ရှိုင်းစွာ နာကျင်သွားကြသည်။
“မင်း လျှောက်ပြောနေတာ စစ်သူကြီး ဖန့်က ရှောင်မိသားစုထဲကို သမက်အဖြစ် ဝင်စရာ အကြောင်းမရှိဘူး”
အနီးအနားရှိ ပညာရှိတစ်ဦး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာပြီး အော်ဟစ်လိုက်သည်။
“အသုံးမကျတဲ့ ပညာရှိတစ်ယောက်က ငါ့ကို အဲဒီလို ပြန်ပြောရဲတယ်ပေါ့ မင်းမှာ ဘယ်လောက် သတ္တိရှိလို့လဲ”
ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်သည် ထိုပညာရှိထံသို့ လျှောက်သွားပြီး ကော်လာမှ ဆွဲကိုင်လိုက်သည်။ ထို့နောက် ပညာရှိ၏ ခေါင်းမူးသွားသည်အထိ ပါးကို အချက်ပေါင်းများစွာ ရိုက်နှက်လိုက်သည်။
ဖြစ်ပျက်နေသည်ကို မြင်သောအခါ ဖန့်ချန် အံကြိတ်လိုက်မိသည်။
ရှအင်ပါယာသားများမှာ ဒေါသထွက်နေကြသော်လည်း မည်သူမျှ စကားတစ်လုံးမျှ မဟရဲကြပေ။
ထိုသိုင်းပညာရှင်သည် ပညာရှိကို ရိုက်နှက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကာ လက်ညှိုးထိုးလိုက်သည်။
“မင်းတို့ မယုံရင် မင်းတို့ စစ်သူကြီးကိုပဲ မေးကြည့်လိုက်ကြ ငါ လိမ်နေတာလားလို့”
“စစ်သူကြီး.. စစ်သူကြီး ဖန့် သူ လိမ်နေတာလို့ ကျေးဇူးပြုပြီး ပြောပေးပါ ရှောင်းမိသားစုက အစ်စစ်သူကြီးကို သမက်အဖြစ် ရဖို့ အရည်အချင်း ရှိလို့လား”
ရိုက်နှက်ခံထားရသော ပညာရှိသည် မျက်နှာတစ်ခုလုံး သွေးများပေကျံကာ ပါးများ ရောင်ကိုင်းနေသော်လည်း မလျှော့သော ဇွဲဖြင့် ဖန့်ချန်ကို စိုက်ကြည့်နေသည်။ သူက အဖြေတစ်ခုကို စောင့်မျှော်နေခြင်း ဖြစ်သည်။
“ရှောင်မိသားစုက လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တာ အမှန်ပါပဲ” ဟု ဖန့်ချန်က အသာအယာ ပြန်ဖြေလိုက်သည်။
ထိုပညာရှိသည် သိုင်းပညာရှင်၏ ရိုက်နှက်မှုကို ခံခဲ့ရစဉ်က မလဲအောင် တောင့်ခံနိုင်ခဲ့သော်လည်း ဖန့်ချန်၏ စကားကို ကြားလိုက်ရချိန်တွင်မူ သူ၏ ခန္ဓာကိုယ်မှာ မခံစားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ရှအင်ပါယာသားများမှာလည်း ရုတ်တရက် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
အကယ်၍ စစ်သူကြီးဟောင်းပင်လျှင် ရှောင်းမိသားစုထဲကို သမက်အဖြစ် ဝင်ရမည်ဆိုပါက သူတို့ ရှအင်ပါယာအတွက် ဘာမျှော်လင့်ချက် ရှိတော့မည်နည်း
“ဟားဟားဟားဟား ကောင်းကင်ကြီးကတောင် ငါ့မဟာရှကို ဖျက်ဆီးချင်နေပြီပဲ ငါ့မဟာရှအင်ပါယာတော့ ပျက်စီးရတော့မယ်”
ပညာရှိသည် ကောင်းကင်ကို မော့ကြည့်ကာ မကျေမနပ် ရယ်မောရင်း အော်ဟစ်လိုက်သည်။ သူပြောသမျှမှာ ပြစ်မှားစော်ကားသလို ဖြစ်နေသော်လည်း မည်သူမျှ မတားဆီးကြပေ။
မမျှော်လင့်ဘဲ ဖန့်ချန်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာပြီး သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ငါတို့ မဟာရှ ပျက်စီးမယ်လို့ ဘယ်သူပြောလဲကောင်းကင်ကြီးက ငါတို့ကို ဖျက်ဆီးချင်ရင်တောင် အရင်ဆုံး ငါ့ဆီက ခွင့်ပြုချက် ရအောင် ယူရလိမ့်မယ်...”
ဖန့်ချန်၏ စကားကို ကြားလိုက်ရသဖြင့် ပညာရှိ၏ ရူးသွပ်သော ရယ်သံမှာ ရပ်တန့်သွားပြီး ဖန့်ချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။
ဖန့်ချန်က ဘာမှ ထပ်မပြောတော့ဘဲ ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“မင်း... နာမည် ဘယ်သူလဲ”
“ကောင်းကင်ကြီးတောင် မဟာရှကို ဖျက်ဆီးဖို့ မင်းဆီက ခွင့်ပြုချက် ယူရမယ် ဟုတ်လား ဟက် မင်းက အရမ်း ထောင်လွှားတာပဲ ဘာပဲဖြစ်ဖြစ် ငါ့နာမည်က ဟယ်လုံရှန်း လို့ ခေါ်တယ် ဦးလေးတော်က ငါ့ကို ဘာများ ညွှန်ကြားချင်လို့လဲ”
သူက ထူးဆန်းသော အပြုံးဖြင့် ပြန်ဖြေသည်။
ဖန့်ချန်၏ နှုတ်ခမ်းဖျားမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက် သူက လှည့်ထွက်သွားသည်။
“ငါ့ဓားကို နောက်တစ်ကြိမ် ပြန်ကိုင်တဲ့နေ့ကျရင် မင်းက ငါ ပထမဆုံး သတ်မယ့်သူ ဖြစ်လာလိမ့်မယ်။”
ချင်စုန်းအင်ပါယာမှ သိုင်းပညာရှင်များသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြင့် သူ့ဆီသို့ ပြေးသွားချင်ကြသော်လည်း ဖန့်ချန်က ရုတ်တရက် ရပ်လိုက်ပြီး လှည့်ကြည့်ကာ သူတို့၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
သူ၏ မွဲပြာနေသော မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထွက်ပေါလာသဖြင့် သူတို့အားလုံး နေရာမှာတင် တောင့်ခဲသွားကြသည်။
သူတို့ သတိပြန်ဝင်လာချိန်တွင်မူ ဖန့်ချန်မှာ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။
“ကြွားလှချည်လား သူက မသန်မစွမ်း တစ်ယောက်ပဲကို”
ချင်စုန်းသိုင်းပညာရှင်က လှောင်ပြောင်လိုက်သည်။ သို့သော် သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကိုမူ သူ မဖျောက်ဖျက်နိုင်ပေ။
ဖန့်ချန်၏ မျက်လုံးများသည် သူ့ကို အကဲခတ်နေသကဲ့သို့ ခံစားခဲ့ရသောကြောင့်ပင်။
အတန်ကြာ လမ်းလျှောက်ပြီး လက်ဖက်ရည် သောက်ပြီးနောက် ဖန့်ချန်သည် မြို့ပြင်ရှိ ခြံဝင်းငယ်လေးတစ်ခုသို့ ရောက်ရှိလာသည်။
ထိုခြံဝင်းငယ်လေးမှာ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ပုံရသည်။ ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ရုတ်တရက် စကားပြောလိုက်သည်။
“မင်းတို့ ရောက်နေကြပြီပဲ"
“သခင်ကြီး”
စိတ်လှုပ်ရှားနေသော အကြည့်ပေါင်းများစွာ ဖန့်ချန်ပေါ်သို့ ကျရောက်လာသည်။ မည်သည့်အချိန်က ရောက်လာကြသည်မသိ ဝင်းထဲတွင် လူပေါင်း ဒါဇင်ပေါင်းများစွာ ပေါ်လာသည်။
သူတို့အားလုံးမှာ ဝတ်စားဆင်ယင်ပုံ မတူကြပေ အချို့မှာ လမ်းဘေး ဈေးသည်များနှင့် တူပြီး အချို့မှာ ပညာရှိအဝတ်အစားများ ဝတ်ထားကြကာ အချို့ကမူ ခါးတွင် ဓားများ ချိတ်ဆွဲထားကြသည်
သူတို့သည် သူကိုယ်တိုင် လေ့ကျင့်ပေးထားသော ရှ၏ လျှို့ဝှက်အစောင့်အရှောက်များ ပင် ဖြစ်ကြတော့သည်။
အခန်း (၄) - ခရမ်းရောင်လျှပ်စီး အဆောင်
“လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ မင်းတို့အားလုံး နေကောင်းကြရဲ့လား”
ရောက်ရှိလာကြသည့် အဖွဲ့ဝင်များကိုကြည့်ကာ ဖန့်ချန် ပြုံးလိုက်သည်။
သူက မေးမြန်းလိုက်သော်လည်း အဖြေကို မသိ၍တော့ မဟုတ်ပေ။ ရှအင်ပါယာ မြို့တော်ကြီးသည် သူ့မျက်စိရှေ့တွင် မည်သည့်လျှို့ဝှက်ချက်မျှ မရှိပေ။
သူ ပျင်းရိသည့်အခါတိုင်း သူ၏ဝိညာဉ်ကို အသုံးပြု၍ မြို့ထဲတွင် လှည့်လည်ကြည့်ရှုလေ့ရှိသောကြောင့်ပင်။
“ကျွန်တော်တို့ထဲက ဘယ်သူမှ အဆင်မပြေကြပါဘူး သခင်ကြီး” တစ်စုံတစ်ယောက်က လွှတ်ခနဲ ပြောလိုက်သည်။
“ဟုတ်တယ် ကျွန်တော်တို့ အဆင်မပြေကြဘူး အဲဒီကောင်တွေ သခင်ကြီးကို စော်ကားနေတာ ကြားရတိုင်း ကျွန်တော်တို့ သူတို့ကို ပိုင်းဖြတ်ပစ်ချင်စိတ်ပဲ ရှိတယ် ဒါပေမဲ့ သခင်ကြီးရဲ့ အမိန့်က ကျွန်တော်တို့ကို ခွင့်မပြုထားဘူးလေ”
“သခင်ကြီး... သခင်ကြီး ဒီဝင်းထဲကို နောက်ဆုံးလာခဲ့တာ ငါးနှစ်ရှိပြီ အခု သခင်ကြီး ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့ တစ်ကျော့ပြန် လှုပ်ရှားရတော့မယ်လို့ ဆိုလိုတာလား”
နောက်တစ်ယောက်ကလည်း မေးလိုက်ပြန်သည်။
ထိုနေရာတွင် ရှိနေသူအားလုံး၏ မျက်နှာများမှာ ချက်ချင်းပင် မျှော်လင့်ချက်များဖြင့် တောက်ပလာပြီး ဖန့်ချန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းက လုံးဝပျက်စီးသွားပြီအကယ်၍ ငါ မင်းတို့ကို နောက်တစ်ကြိမ် အသုံးချချင်တယ်ဆိုရင်တောင် မင်းတို့က ငါ့အမိန့်ကို နာခံဖို့ ဆန္ဒရှိကြသေးရဲ့လား အခုဆိုရင် မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ်ဆိုတာ မင်းတို့ သိသင့်တယ်”
ဟု ဖန့်ချန်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
“သခင်ကြီး ကျွန်တော်တို့ သခင်ကြီးကို မနာခံဘဲ မနေရဲပါဘူး သခင်ကြီး စကားတစ်လုံး ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ ကမ္ဘာအဆုံးအထိ လိုက်ပါဖို့ အသင့်ပါပဲ ကျွန်တော်တို့က သခင်ကြီးရဲ့ သစ္စာရှိတဲ့ ရှလျှို့ဝှက်အစောင့်အရှောက်တွေ ဖြစ်နေတုန်းပါပဲ”
ဝင်းထဲတွင် အသံတစ်ခု ပဲ့တင်ထပ်သွားပြီး လူအုပ်ထဲမှ လူတစ်ယောက် ထွက်လာသည် သူ၏ မျက်လုံးများမှာ ပြင်းထန်သော အရှိန်အဝါများဖြင့် တောက်ပနေသည်။
သူ၏ ရဲဘော်ရဲဘက်များကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ အရှိန်အဝါမှာ ‘ချီပေါက်ကွဲခြင်းနယ်ပယ်’ ၏ ထိပ်ဆုံးသို့ ရောက်ရှိနေကြောင်း ထင်ရှားသည်။
သူသည် ရှဆိုအင်ပါယာအတွင်းရှိ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
“ရွှီဂီ ပြောတာ မှန်ပါတယ် သခင်ကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ လိုက်ပါဖို့ ဆန္ဒရှိပါတယ် သခင်ကြီး အမိန့်သာ ပေးလိုက်ပါ ဓားတောင်ကို ကျော်ရကျော်ရ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ ကျွန်တော်တို့ ပြီးမြောက်အောင် လုပ်ပါ့မယ်”
အပြင်လူကြားမည်ကို စိုးရိမ်သဖြင့် သူတို့အသံကို နှိမ့်ထားသော်လည်း သူတို့၏ ပြတ်သားသော စိတ်ဓာတ်ကိုမူ ဖုံးကွယ်ထား၍ မရပေ။
“သခင်ကြီး စစ်သူကြီး ရှောင်းလန်ရဲ့ သမီးက မနက်ဖြန် မြို့တော်ကို ရောက်လာလိမ့်မယ် အကယ်၍ ကျွန်တော်တို့ လှုပ်ရှားမယ်ဆိုရင် သူမ လမ်းမှာတင် သတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”
" ကျွန်တော်တို့ဘက်က အထိအခိုက်ကိုလည်း သုံးဆယ်ရာခိုင်နှုန်းအတွင်းမှာ ထိန်းထားနိုင်ပါတယ်”
ဟု ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့ ပျင်းနေကြတာ မဟုတ်ဘူးပဲ အဲဒီသတင်းကိုတောင် မင်းတို့ ကြားထားသေးတယ်”
ဟု ဖန့်ချန်က နှုတ်ခမ်းအစွန်းကို ကွေးညွှတ်ကာ ပြုံးလိုက်ပြီး
“ဒါပေမဲ့ မင်းတို့ တစ်ခု မေ့နေပုံရတယ် မင်းတို့ကို ရှလျှို့ဝှက်အစောင့်အရှောက်များ လို့ ခေါ်ရတဲ့ အကြောင်းရင်းက မင်းတို့ရဲ့ တစ်ခုတည်းသော တာဝန်က အင်ပါယာကို ကာကွယ်စောင့်ရှောက်ဖို့ပဲ မင်းတို့က လုပ်ကြံသတ်ဖြတ်သူတွေ မဟုတ်ဘူး”
"ငါ့အတွက် ဘယ်သူ့ကိုမှ သတ်ပေးဖို့လည်း မလိုဘူး မင်းတို့ လုပ်ရမှာက အင်ပါယာကို ကာကွယ်ဖို့ပဲ မင်းတို့ရဲ့ ပါရမီတွေနဲ့ဆိုရင် မင်းတို့အားလုံး လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် အဆင့်နိမ့်သွားမှာ နှမြောစရာပဲ” ဟု ပြောလိုက်သည်။
“ဒါဆို သခင်ကြီး ကျွန်တော်တို့ ဘာလုပ်ရမလဲ ” ရွှီဂီက တိုးတိုးလေး မေးသည်။
“ငါ ဒီနေ့ လာတာက မင်းတို့အားလုံးကို ပြန်လည်တာဝန်ပေးဖို့ပဲ ဒါပေမဲ့ အခုလောလောဆယ်တော့ မင်းတို့ စောင့်ကြည့်ပြီး အသာလေး နေရုံပဲ အခုလောလောဆယ် ငါ မင်းတို့ကို အသုံးမလိုသေးဘူး”
ဖန့်ချန်က ရွှီဂီဘက်သို့ လှည့်ကာ “ရွှီဂီ... မင်း ခဏနေခဲ့ဦး” ဟု ပြောလိုက်သည်။
ထို့နောက် ကျန်တဲ့သူတွေကို ကြည့်ပြီး
“ကျန်တဲ့သူတွေကတော့ လာရာလမ်းအတိုင်း ပြန်ကြပါ မြို့ထဲမှာ မရှိတဲ့သူတွေကိုလည်း ဒီသတင်း သွားဖြန့်ပေးပါ” ဟု ဖန့်ချန်က ပြုံးလျက် ပြောလိုက်သည်။
အစောင့်အရှောက်များသည် သူ၏စကားကြောင့် အနည်းငယ် အံ့သြသွားကြသော်လည်း သူတို့၏ လေ့ကျင့်မှုများက အမိန့်ကို မေးခွန်းမထုတ်ရန် စည်းကမ်းရိုက်သွင်းထားပြီးသား ဖြစ်သည်။ သူတို့က ဒီအတိုင်း ထွက်မသွားချင်ကြသော်လည်း ရွေးချယ်စရာ မရှိပေ။
“သခင်ကြီး ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ”
ရွှီဂီက မေးလိုက်သည် သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုမှာ ထင်ရှားနေသည်။
“ငါ့ကို ဝံပုလွေမွေးစုတ်တံ အဆင့်မြင့် ဟင်သာပြဒါးနဲ့ အဆင့်မြင့် အဆောင်စာရွက် တွေ လိုချင်တယ် ပြီးတော့ လျှို့ဝှက်ခြံဝင်း က နည်းနည်း ညစ်ပတ်နေပြီ သန့်ရှင်းရေးလုပ်ဖို့ လိုတယ်”
ဟု ဖန့်ချန်က ပြုံးလျက် ညွှန်ကြားလိုက်သည်။
ရွှီဂီ ကြောင်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ခဏလေး စောင့်ပေးပါ၊ အားလုံးရအောင် သွားဝယ်လိုက်ပါ့မယ်။"
သူ ချက်ချင်း ထွက်သွားပြီး တစ်နာရီခန့်အကြာတွင် လိုအပ်သည်များ အားလုံးနှင့် ပြန်ရောက်လာသည်။
သူက ပစ္စည်းများကို ဖန့်ချန်ထံသို့ ပေးလိုက်ပြီးနောက် လက်အင်္ကျီများကို လိပ်ကာ ဝင်းအတွင်း သန့်ရှင်းရေး စတင်လုပ်ဆောင်သည်။
သို့သော်လည်း ဖန့်ချန် ဘာလုပ်နေသနည်းဆိုသည်ကို စူးစမ်းလိုစိတ်ဖြင့် ခိုးကြည့်လိုက်မိသည်။
ဖန့်ချန်သည် အဆောင်စာရွက် ပေါ်တွင် ပေါ့ပေါ့ပါးပါး ရေးခြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
“သခင်ကြီးက မျက်မမြင် မဟုတ်ဘူးလား သူ လအဆောင်ကို ဘယ်လိုရေးနေတာလဲ ထားလိုက်ပါတော့ စဉ်းစားရင် ခေါင်းကိုက်တယ် သူလုပ်သမျှမှာ အကြောင်းပြချက် တစ်ခုခုတော့ ရှိမှာပဲ”
ရွှီဂီ ထပ်မစဉ်းစားတော့ဘဲ သူ၏ အလုပ်ဖြစ်သော သန့်ရှင်းရေးကိုသာ အာရုံစိုက်လိုက်သည်။ လျှို့ဝှက်ခြံဝင်းကြီး ပြန်လည်နိုးထလာခြင်းက သူ့အတွက်တော့ အောင်ပွဲခံရမည့် ကိစ္စပင် တခြား ဘာမှ အရေးမကြီးတော့
တာအိုသုံးထောင် မိတ်ဆက်ကျင့်စဉ် ထဲမှာ ဖော်ပြထားတဲ့ အဆောင်ပြုလုပ်နည်း လေးမျိုး ရှိတယ် အဲဒါတွေကတော့ ဝရဇိန်အဆောင် ၊ နတ်ဘုရားအဆောင် ခွန်အား အဆောင် နဲ့ ခရမ်းရောင်လျှပ်စီး အဆောင် တို့ပဲ အဲဒါတွေအားလုံးက အဆင့်နိမ့် အဝါရောင် အဆင့်တွေပဲ ပထမ သုံးမျိုးကတော့ သာမန်ပါပဲ အာနိသင်ကလည်း သင့်တင့်ရုံပဲ ဒါပေမဲ့ စတုတ္ထမြောက် အဆောင်ကတော့ လျှပ်စီးဂုဏ်သတ္တိ ပါဝင်ပြီး အံ့သြစရာကောင်းတဲ့ စွမ်းအား ရှိတယ်။
"ခရမ်းရောင်လျှပ်စီး အဆောင် ”
ဖန့်ချန်သည် ပထမဆုံး မူကြမ်းကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေသည်။ အားလုံး အဆင်သင့်ဖြစ်ပြီဟု ခံစားရသောအခါ သူ၏ ဝိညာဉ်ချီကို စတင် လည်ပတ်စေလိုက်သည်။
ဝိညာဉ်ချီကို အသုံးပြု၍ ရေးဆွဲမှသာ အဆောင်မှာ အာနိသင် ရှိမည်ဖြစ်သည်။
ဖန့်ချန်၏ ယနေ့ အဓိက ရည်မှန်းချက်မှာ ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုကို အောင်မြင်အောင် ရေးဆွဲရန် ဖြစ်သည်။
ကျင့်ကြံခြင်း ခရီးလမ်း၏ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပြီဖြစ်ရာ သူသည် သိုင်းပညာရှင် တစ်ယောက် မဟုတ်တော့ကြောင်း သူ သိသည်။
ကံကြမ္မာ၏ လမ်းကြောင်းကို ပြောင်းလဲရန်နှင့် ချင်စုန်းအင်ပါယာ၏ လေးစားမှုကို ရရှိရန်အတွက် သူ့တွင် လွှမ်းမိုးနိုင်သော ခွန်အား လိုအပ်သည်
သာမန် မှင်ဖြင့် ရေးဆွဲစဉ်က အားလုံး အဆင်ပြေမည်ဟု ထင်ခဲ့သော်လည်း သူ၏ ဝိညာဉ်ချီကို အမှန်တကယ် စတင်အသုံးပြုသည့်အခါတွင်မူ သူ အကြီးအကျယ် မှားသွားကြောင်း သိလိုက်ရသည်။
၎င်းမှာ အလွန်ခက်ခဲလှသည် မှင်ဖြင့် ရေးဆွဲထားသော ပုံစံအတိုင်း သူ၏ချီကို အသုံးပြု၍ လိုက်ရေးရာတွင် သူ၏ ဝိညာဉ်ချီ စုဆောင်းမှု ထက်ဝက်ခန့်မှာ ချက်ချင်းပင် ကုန်ဆုံးသွားသည်။
ထိုအခါမှသာ အဆောင် ရေးဆွဲခြင်းသည် ဝိညာဉ်ချီကို အလွန်အမင်း ကုန်ခန်းစေကြောင်း သူ နားလည်သွားသည်။
ဖန့်ချန် မတွန့်ဆုတ်တော့ဘဲ ခရမ်းရောင်လျှပ်စီး အဆောင် ကို တစ်ချက်တည်းနှင့် အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးအတွက် သူ၏ ဝိညာဉ်ချီ လုံလောက်လိမ့်မည်ဟု မျှော်လင့်ရင်း အလုပ်ကို အာရုံစိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ ကြိုးပမ်းမှုမှာ ကျရှုံးသွားခဲ့သည်။
သူ၏ ဝိညာဉ်ချီများ ကုန်ခန်းသွားရုံသာမက စုတ်တံကိုပင် သူ မထိန်းချုပ်နိုင်တော့ပေ။ အဆောင်ကလည်း ပျက်စီး သွားတော့သည်
“အဆောင် ရေးဆွဲရတာ မလွယ်ကူပါလား” ဖန့်ချန် သက်ပြင်းချလိုက်သည်။
သို့သော်လည်း အံ့သြစရာကောင်းသည်မှာ သူ၏ ကုန်ဆုံးသွားသော ဝိညာဉ်ချီများသည် ပုံမှန်ထက် ပိုမိုမြန်ဆန်သော နှုန်းဖြင့် ပြန်လည် ပြည့်ဝလာခြင်းပင်။
‘ငါ့ရဲ့ ဝိညာဉ်ချီတွေ ဒီလောက်မြန်မြန် ပြန်ပြည့်လာတာက ငါ့ရဲ့ စစ်မှန်တဲ့ ဝိညာဉ်က သာမန်လူတွေထက် ပိုသန်မာလို့များလား’ ဟု သူ တွေးလိုက်မိသည်။
ထို တွေ့ရှိချက်အသစ်ကြောင့် ဖန့်ချန်၏ အတွေးများ ပြောင်းလဲသွားပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် နောက်ထပ် ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုကို ရေးဆွဲရန် ချက်ချင်း ပြန်လည် စတင်လိုက်သည်။
သူ တစ်နေ့လုံး ကြိုးစားနေခဲ့သည် မိုးချုပ်သွားသော်လည်း ဖန့်ချန်အတွက် ဘာမှ မထူးခြားပေ။ အကြောင်းမှာ သူက မူလကတည်းက မျက်မမြင် ဖြစ်နေသောကြောင့်ပင်။
သူ့ဘေးရှိ စားပွဲပေါ်တွင် ပျက်စီးသွားသော အဆောင်စက္ကူ ရာနှင့်ချီ၍ ပုံနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ရွှီဂီသည် ဝင်းအတွင်း သန့်ရှင်းရေး အားလုံး ပြီးသွားပြီ ဖြစ်ရာ သူ၏ ကြိုးပမ်းမှုကြောင့် ဝင်းတစ်ခုလုံး အစက်အပြောက်မရှိ ပြောင်စင်နေသည်။
အခု သူက ဝင်းအတွင်းရှိ အရိပ်ထဲတွင် ရပ်ကာ ဖန့်ချန်အတွက် အစောင့်အရှောက်အဖြစ် တာဝန်ယူနေသည်။
"သခင်ကြီး ဘယ်တော့မှ အလုပ်ပြီးမှာလဲ မနက်ဖြန် စစ်သူကြီး ရှောင်းလန်ရဲ့ သမီး မြို့တော်ကို ရောက်လာတော့မှာ"
ရွှီဂီ စိတ်ထဲတွင် စိုးရိမ်နေမိသည်။
“ပြီးခါနီးပြီ ဒီတစ်ခါတော့ အောင်မြင်ရမယ် ”
ဖန့်ချန်သည် အဆောင်စက္ကူ အသစ်တစ်ရွက်ကို ကောက်ကိုင်လိုက်သည်။
ပျက်စီးသွားသော အဆောင်ပေါင်း ရာကျော်မှ ရရှိလာသည့် အတွေ့အကြုံများဖြင့် သူသည် ခရမ်းရောင်လျှပ်စီးအဆောင် ရေးဆွဲခြင်း နည်းစနစ်ကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ ဖြစ်သည်။
တစ်နေ့လုံး သူ၏ ဝိညာဉ်ချီကို အကြိမ်ကြိမ် အကုန်ခံခဲ့ရသော်လည်း သူ၏ ထူးကဲသော ဝိညာဉ်ချီ ပြန်လည် ပြည့်ဝနှုန်းကြောင့် ခဏချင်းမှာပင် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
ထို့တင်မကသေးပေ သူ၏ ဝိညာဉ်ချီကို အကုန်သုံးလိုက်သည့် အကြိမ်တိုင်းတွင် ၎င်းပြန်လည် ပြည့်ဝလာသောအခါ သူ၏ ချီစုဆောင်းနိုင်မှု ပမာဏမှာ အနည်းငယ် ပို၍ တိုးလာသည်ကို သူ တွေ့ရှိခဲ့သည်။
ဒီနေ့ တစ်နေ့တည်းမှာတင် သူ၏ ဝိညာဉ်ချီမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်
ဖြစ်နိုင်သည်မှာ သူ၏ ဒုတိယမြောက် မသေမျိုးသွေးကြောကို ပေါင်းစည်းရန်နှင့် ချီသန့်စင်ခြင်းနယ်ပယ်၏ ဒုတိယအဆင့်သို့ တက်လှမ်းရန် အချိန်အများကြီး လိုတော့မည် မဟုတ်ပေ
ဖန့်ချန်သည် မျက်မမြင် ဖြစ်နေသော်လည်း စုတ်ချက်တိုင်းမှာ ပြည့်စုံနေပြီး သူ၏ စိတ်ဆန္ဒများ ပါဝင်နေသကဲ့သို့ ရှိသည်။
ဝံပုလွေမွေးစုတ်တံ၏ ထိပ်ဖျားမှာ သူ၏ ဝိညာဉ်ချီများဖြင့် ဖုံးလွှမ်းနေပြီး အဝါရောင် စက္ကူပေါ်တွင် ချောမွေ့စွာ စီးဆင်းနေသည်။ စက္ကူပေါ်သို့ ထိလိုက်သည့် အကြိမ်တိုင်းတွင် ထူထပ်သော ဝိညာဉ်ချီများ ထွက်ပေါ်လာသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဖန့်ချန်သည် သူ၏ ပထမဆုံးသော ခရမ်းရောင်လျှပ်စီးအဆောင်ကို မည်သည့် အမှားအယွင်းမျှ မရှိဘဲ နောက်ဆုံးတွင် အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည်
သူ နောက်ဆုံး စုတ်ချက်ကို ဆွဲလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး၏ လျှပ်စီးဓာတ် ပါဝင်သော ဝိညာဉ်ချီများ စုစည်းလာသည်။
၎င်းတို့သည် အဆောင်အတွင်းသို့ စိမ့်ဝင်သွားပြီး မှောင်မည်းနေသော ဝင်းအတွင်း လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားသည်။
“အဲဒါ လျှပ်စီးလား ဒါမှမဟုတ် ငါ မျက်စိမှားတာလား"
ရွှီဂီ ရုတ်တရက် ခါးကို မတ်လိုက်ပြီး မျက်လုံးကို ပွတ်လိုက်သည်။ ဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး အလယ်တွင် ထိုင်နေသော ပုံရိပ်ကိုသာ သူ မြင်ရသည်။
စောစောက သူ လျှပ်စီးလက်တာကို သေချာပေါက် မြင်လိုက်ရသည်။ သူ စိတ်ချောက်ခြားနေတာလား
ဖန့်ချန်၏ အမူအရာမရှိသော မျက်နှာတွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဘယ်လောက်တောင် ကြွယ်ဝတဲ့ လျှပ်စီးအရှိန်အဝါလဲ လျှပ်စီးအဆောင် နောက်ဆုံးတော့ ပြီးသွားပြီ။"
ယခင် အတွေ့အကြုံများကြောင့် အခု သူသည် တစ်နာရီအတွင်း ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
မိုးမလင်းခင်အထိ ဆယ်နာရီလောက် ကျန်သေးသည်။ သူ အနည်းဆုံး ရှစ်ခု သို့မဟုတ် ကိုးခုလောက် ထပ်ပြီး ဖန်တီးနိုင်ပါသေးသည်။