← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

​အခန်း (၁၃) - မင်း ပြန်လာလို့ရပြီ

​

"ဒါ... ဒါတွေက ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်က ဒီအတိုင်း လာကြည့်တာပါ အဲဒီလူတွေ ကို ကျွန်တော် တစ်ယောက်မှ မသတ်ရသေးပါဘူး"

လီဟွမ် တစ်ယောက် စကားများ ထစ်အငေါ့လျက် ငြင်းဆိုနေတော့သည်။

​သူ့ဘေးရှိ အစောင့်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လီဟွမ်၏ အ နားသို့ တိုးကပ်ကာ ကာကွယ်ရန် အသင့်ပြင်လိုက်ကြသည်။

ဖန့်ချန် က သူ့ကို အချိန်မရွေး သတ်ပစ်နိုင်သည်ဟု သူတို့ စိုးရိမ်နေကြသည်။

​“ဟုတ်လို့လား”

ဖန့်ချန်က နက်နဲသော အပြုံးတစ်ခု ပြုံးလိုက်သည်။

​ချင်စုန်း မှ သိုင်းပညာရှင်များသည်လည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။

သူတို့ ဖန့်ချန်ကို သေချာကြည့်လိုက်မိချိန်တွင်... ရုတ်တရက် သူတို့၏ မျက်လုံးများ တုန်လှုပ်ကာ ထိတ်လန့်သွားကြတော့သည်

​“အဲဒါ ဖန့်ချန်ပဲ”

​“သူ ဒီကို ဘာလာလုပ်တာလဲ”

​အားလုံးက စားသောက်နေသည်များကို ပစ်ချကာ ဓား၊ လှံ၊ လေးမြှား စသည့် မိမိတို့၏ လက်နက်များကို အသီးသီး ဆွဲကိုင်လိုက်ကြသည်။

သူတို့အားလုံး ဖန့်ချန်ကို စူးစိုက်ကြည့်နေကြသည်။

​“ဖန့်ချန် မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ”

ထိုစဉ် လူရိပ်တစ်ခု ချဉ်းကပ်လာသည်။

ထိုသူထံမှ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး လှုပ်ရှားမှုမှာလည်း အလွန်လျင်မြန်ဖျတ်လတ်လှသည်။

သူသည် လမ်းလျှောက်နေသည်ထက် လေထဲတွင် လွင့်မျောနေသကဲ့သို့ပင်။

​သူ၏ ခြေလှမ်းများအရ သူသည် ချီထိန်းချုပ်ခြင်းနယ် ပညာရှင်ဖြစ်ကြောင်း သိသာလှသည်။

​“ဆရာထျယ်မ”

လီဟွမ်၏ မျက်လုံးထဲတွင် အံ့သြဝမ်းသာရိပ်များ ပေါ်လာသည်။ သူ ချက်ချင်း သတိပြန်ဝင်လာပြီး

“ဆရာထျယ်မ.. သတိထားပါ ဆရာရှောင်းကို သူ သတ်လိုက်ပြီ”

ဟု အော်ပြောလိုက်သည်။

​ဘာ

​“ဆရာရှောင်းကို ဖန့်ချန် သတ်လိုက်တာ ဟုတ်လား”

​“ဘယ်လိုဖြစ်နိုင်မှာလဲ”

​“ဖန့်ချန်က ဒုက္ခိတ ဖြစ်နေတာ မဟုတ်ဘူးလား”

​ချင်စုန်းသိုင်းပညာရှင်များမှာ အလွန်အံ့အားသင့်သွားကြသည်။

​ထိုစဉ် ထျယ်မ သည် သူ၏ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ရာ ဓားချီများ မှာ တစ်ကိုက်ခန့်အထိ ပန်းထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လူအုပ်အတွင်းသို့ ဖြတ်သန်း သွားတော့သည်။

​နောက်တစ်စက္ကန့်တွင် ချင်စုန်းသိုင်းပညာရှင် အများအပြား၏ ဦးခေါင်းများ ပြတ်တောက်သွားသည်။

​ထျယ်မ သည် ထိုမျှနှင့် ရပ်မနေဘဲ တစ္ဆေတစ်ကောင်ကဲ့သို့ လေထဲတွင် ဝဲပျံကာ ဓားတစ်ချက်ဝှေ့တိုင်း ချင်စုန်းသိုင်းပညာရှင် တစ်ယောက်စီကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။

​ခဏအတွင်းမှာပင် ချီစုစည်းခြင်းနယ်ပယ်နှင့် ချီပေါက်ကွဲခြင်းနယ်ပယ်မှ ချင်စုန်းသိုင်းပညာရှင် အများအပြားမှာ သူ၏ဓားအောက်တွင် အသက်ပျောက်ကုန်ကြသည်။

​တောက်... တောက်... လတ်ဆတ်သော သွေးစက်များမှာ ထျယ်မ၏ ဓားသွားပေါ်မှ မြေပြင်သို့ စီးကျလာသည်။

​လီဟွမ်သည် ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ ကြောင်ကြည့်နေမိသည်။

ထျယ်မက ဘာကြောင့် မိမိလူ အချင်းချင်း ပြန်သတ်ရသနည်း

​လီဟွမ်၏ အစောင့်များလည်း ထပ်တူ ထိတ်လန့်သွားကြသည်။

ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်တစ်ဦး၏ အစွမ်းကို မြင်လိုက်ရသဖြင့် သူတို့ တုန်လှုပ်နေကြသည်။

အကယ်၍ ထျယ်မ၏ လမ်းတွင် သူတို့သာ ပိတ်ရပ်မိပါက တစ်ချက်တည်းနှင့်ပင် အသတ်ခံရမည်ကို သူတို့ သဘောပေါက်လိုက်ကြသည်။

​"သခင်ကြီး လွန်ခဲ့တဲ့ ရက်တွေက ရှောင်းထျန်းချီက ကျွန်တော့်ကို အနီးကပ် စောင့်ကြည့်နေလို့ လျှို့ဝှက်အိမ်တော် ဆီ မလာနိုင်ခဲ့တာပါ"

ထျယ်မသည် သူ၏လက်မောင်းကို ခါလိုက်ကာ ဓားပေါ်မှ သွေးများကို ခါချပစ်လိုက်သည်။ ထို့နောက် ဖန့်ချန်၏ အနားသို့ ချဉ်းကပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

​"ဒီလို မြင်ကွင်းတွေကို နေ့တိုင်း မြင်တွေ့နေရတာ မင်းအတွက် တော်တော် ခက်ခဲမှာပဲ ဒီ ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းက နာကျည်းမှုတွေ စုဝေးရာနေရာ ဖြစ်လာပြီလို့ မင်းမထင်ဘူးလား"

ဖန့်ချန်က တိုးတိုးလေး မေးလိုက်သည်။

​"မဟုတ်ပါဘူး သခင်ကြီး သခင်ကြီးအတွက်သာ ပိုခက်ခဲမှာပါ သခင်ကြီးက ပိုပြီးတော့ ခံစားခဲ့ရတာပါ"

ဟု ထျယ်မက တိုးတိုးလေး ပြန်ဖြေသည်။

​“ဒါတွေကို ငါသိနေပေမဲ့လည်း ငါ မတားဆီးနိုင်ခဲ့ဘူး”

ဖန့်ချန်က မိမိကိုယ်ကိုယ် အပြစ်တင်သလို ပြောလိုက်သည်။

​ထျယ်မက

“သခင်ကြီး အဲဒီလို မတွေးပါနဲ့ ဒါ သူတို့ရဲ့ ကံကြမ္မာပါပဲ သခင်ကြီးသာ ဒီထက်စောပြီး လှုပ်ရှားခဲ့ရင် အသက်တစ်ချောင်း နှစ်ချောင်းပဲ ကယ်နိုင်မှာပါ ဒါပေမဲ့ မဟာရှက သခင်ကြီးကိုသာ ဆုံးရှုံးလိုက်ရရင် နောက်ထပ် လူပေါင်းများစွာရဲ့ အသက်တွေ အန္တရာယ် ရှိသွားနိုင်ပါတယ်”

ဟု အားပေးလိုက်သည်။

​သူတို့၏ စကားဝိုင်းကြောင့် လီဟွမ်မှာ ကြောင်အမ်းအမ်းဖြစ်ကာ စိတ်ထဲတွင် အတွေးများ ဗရဗွ ဖြစ်နေတော့သည်။

​“မင်း... မင်းတို့တွေက...”

လီဟွမ်၏ လက်ချောင်းများ တုန်ရီလျက် သူတို့နှစ်ဦးကို ညွှန်ပြကာ စကားထစ်နေသည်။

​"မဟာရှ လျှို့ဝှက်အစောင့်တပ်ဖွဲ့ ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီ မင်းရဲ့ တာဝန်လည်း ပြီးဆုံးသွားပြီ ဒီနေ့နောက်ပိုင်း မင်းရဲ့ တပ်ဖွဲ့ဆီ ပြန်သွားလို့ရပြီ"

ဖန့်ချန်က လက်လှမ်းကာ ထျယ်မ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

​“ဟုတ်ကဲ့ပါ သခင်ကြီး”

ဟု ထျယ်မက လေးနက်သော အသံဖြင့် ပြန်ဖြေသည်။

​သူသည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ၏ အသံထဲတွင် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေမှုများ ပါဝင်နေသည်။

​လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖန့်ချန်သည် စစ်သူကြီး ရှောင်းလန်၏ ယုံကြည်မှုကို ရရှိရန် ထျယ်မ အား ချင်စုန်းအင်ပါယာ၏ ဝံပုလွေစစ်တပ်အတွင်းသို့ သူလျှိုအဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

​သူသည် အဖိုးတန်သော လျှို့ဝှက်သတင်းများစွာကို ပေးပို့ခဲ့ပြီး ၎င်းတို့သည် တိုက်ပွဲပေါင်းများစွာ၏ အဖြေကို ပြောင်းလဲစေခဲ့သည်။

​မိမိ၏ တာဝန်မှာ မည်မျှ အရေးကြီးသည်ကို သူ သိသော်လည်း ရန်သူ့နယ်မြေတွင် နေထိုင်ကာ မိမိ၏ ညီအစ်ကိုများကိုယ်တိုင် သတ်ဖြတ်ရန် အတင်းအကျပ် ခိုင်းစေခံရခြင်းမှာ သူ့အတွက် အဆုံးစမဲ့သော နှိပ်စက်မှု ဖြစ်ခဲ့သည်။

​ယခုမူ သူ မိမိတပ်ဖွဲ့ထံသို့ နောက်ဆုံးတွင် ပြန်နိုင်ပြီ ဖြစ်သည်

​ထျယ်မ သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး

“သခင်ကြီး ကျန်တဲ့ တစ်ယောက်ကိုလည်း ကျွန်တော် ရှင်းပစ်လိုက်ပါပြီ အခုဆိုရင် မဟာရှ ထဲမှာ ချင်စုန်းအင်ပါယာက ချီထိန်းချုပ်ခြင်းနယ်ပယ် သိုင်းပညာရှင် တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ပါဘူး ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲ "

ဟု မေးလိုက်သည်။

​“သူတို့ထဲက တစ်ယောက်ကိုမှ အသက်ရှင်လျက် မထားဘူး”

ဟု ဖန့်ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ချင်စုန်းနဲ့ ဟန်ဆောင်နေစရာ မလိုတော့ဘူး ပထမဆုံး အဆင့်က မြို့တော်ထဲမှာရှိတဲ့ ချင်စုန်းသိုင်းပညာရှင်တွေကို အကုန်ရှင်းထုတ်ပစ်ဖို့ပဲ”

​“ဒါဆို ဒီလူတွေကိုရော ဘာလုပ်မလဲ”

ထျယ်မက လီဟွမ်နှင့် ကျန်ရှိနေသူများကို လှည့်ကြည့်ကာ မေးလိုက်သည်။

​လီဟွမ်သည် ဘုန်း ကနဲ ဒူးထောက်ကျသွားပြီး

“စစ်သူကြီးဖန့် ကျွန်တော် မှားပါတယ် ကျွန်တော် မှားပါတယ် ကျွန်တော်ကလည်း မဟာရှရဲ့ နိုင်ငံသားပါပဲ ကျွန်တော့်အဒေါ်နဲ့ မိဖုရားခေါင်ကြီးရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

ဟု အသည်းအသန် အသနားခံကာ ဦးတိုက်တော့သည်။

၎င်းကို မြင်သောအခါ သူ၏ အစောင့်များမှာလည်း ဘာလုပ်ရမည်မှန်း မသိဘဲ ဖန့်ချန်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်နေကြတော့သည်။

​ဖန့်ချန်၏ မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာသည်။

" နောက်ဘဝကျရင် မင်း ချင်စုန်းနိုင်ငံသား ဖြစ်ချင်ဖြစ်နေမှာပါ အကယ်၍ မင်း ပြန်လည်မွေးဖွားလာခဲ့ရင် ငါတို့ မဟာရှ ကို ပြန်လာမိတဲ့ အမှားမျိုးတော့ ထပ်မလုပ်နဲ့တော့"

​ထိုစကားကြောင့် လီဟွမ် ခေါင်းကို ဆတ်ခနဲ မော့လိုက်ရာ သူ၏ မျက်လုံးထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။

“ဖန့်ချန် မင်း ငါ့ကို တကယ် သတ်မှာလား မင်း ငါ့ကို သတ်ရင် ငါ့အဒေါ်က မင်းကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး မင်းက စစ်သူကြီးဆိုပြီး စိတ်ကြိုက် လုပ်လို့ရမယ် မထင်နဲ့ ဧကရာဇ်က မင်းကို ဖယ်ရှားရမယ့် ဆူးတစ်ချောင်းလို သတ်မှတ်ထားတာ ကြာပြီကွ”

​ချွတ်…

​ထျယ်မ၏ ဓားချက်က ကျဆင်းလာပြီး လီဟွမ်၏ ခါးကို ဖြတ်ပစ်လိုက်သည်။

၎င်းက သူ့ကို ချက်ချင်း သေစေခြင်း မရှိသော်လည်း မခံမရပ်နိုင်သော နာကျင်မှုနှင့် မလွဲမသွေ သေရမည်ဟူသော အသိက သူ့ကို ငရဲကျသလို နှိပ်စက်နေတော့သည်။

​“အားးးးး”

လီဟွမ် အသည်းအသန် အော်ဟစ်နေရှာသည်။

​သူ၏ အစောင့်များမှာမူ နဖူးမှ ချွေးစေးများ ကျလာသော်လည်း မလှုပ်မယှက် ရပ်နေကြသည်။

​“ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ကိုမှ မချန်ထားသင့်ဘူး”

ထျယ်မက အေးစက်စွာ ရယ်မောရင်း ၎င်းတို့ကိုလည်း ခေါင်းဖြတ် သတ်ပစ်လိုက်သည်။

​"ဖန့်ချန် ဧကရာဇ် ထင်တာ မမှားဘူး မင်းက ပုန်ကန်ဖို့ ကြံစည်နေတာ ကြာပြီပဲ မင်းရဲ့ စစ်သည်တွေကိုလည်း တိတ်တဆိတ် လေ့ကျင့်ပေးထားတယ်ပေါ့ ဟားဟား ငါ သေပြီး တစ္ဆေဖြစ်ရင်တောင် မင်းနောက်ကို လိုက်နှောင့်ယှက်ဦးမှာပဲ"

လီဟွမ်သည် ဖန့်ချန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ရူးသွပ်စွာ ရယ်မောနေသည်။

"ဧကရာဇ်သာ ဒါကို သိသွားရင် မင်းလည်း ငါ့နောက်ကို မကြာခင် လိုက်လာရမှာ ဧကရာဇ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ မင်း မသိသေးဘူး ဟားဟားဟား”

​သူ၏ ရူးသွပ်သော ရယ်မောသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးတွင် အသက်ပျောက်သွားတော့သည်။

​"မင်း ဒီပတ်ဝန်းကျင်မှာ နာမည်ရပြီးပြီလား"

ဖန့်ချန်က ထျယ်မကို ကြည့်ကာ မေးသည်။

​"မရသေးပါဘူး"

ဟု ထျယ်မက တိုးတိုးလေး ဖြေသည်။

​ဖန့်ချန် ပြုံးလိုက်ပြီး

“ကောင်းပြီ... ငါ့အိမ်တော်က စာကြည့်ဆောင်မှာ လာတွေ့လိုက်ပါ”

ဟု ဆိုသည်။

​“ကျေးဇူးတင်ပါတယ် သခင်ကြီး”

ထျယ်မ စိတ်လှုပ်ရှားသွားသည်။ ယခု ရာထူးနှင့်ဆိုလျှင် သူသည် ဖန့်ချန်ကို ပုံမှန် တွေ့ခွင့်ရတော့မည် မဟုတ်ပါလား

​ထို့နောက် ဖန့်ချန်သည် သင်တန်းကျောင်းအတွင်းမှ တစ်ဦးတည်း လမ်းလျှောက် ထွက်လာခဲ့သည်။

​ထိုအချိန်တွင် မဟာရှ ၏ သာမန်ပြည်သူများနှင့် သိုင်းပညာရှင် အမြောက်အမြား စုရုံးရောက်ရှိနေကြပြီး အထဲတွင် ဘာဖြစ်ပျက်ခဲ့သည်ကို မသိကြသေးပေ။ သို့သော်လည်း သတင်းများက လျင်မြန်စွာ ပြန့်နှက်သွားသည်။

​"ကြားပြီးကြပြီလား စစ်သူကြီးဖန့်က ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းက သိုင်းပညာရှင်တွေကို အကုန်သတ်ပစ်လိုက်ပြီတဲ့ သူတို့ ကျောင်းအုပ်ကြီးတောင် မလွတ်ဘူးတဲ့ဗျ "

​“တကယ်လားဟ”

​“တကယ်ပေါ့ဗျ”

​"ဒါဆို ငါတို့ ဘာစောင့်နေကြဦးမှာလဲ"

ပညာတတ်လူငယ်တစ်ဦးက သူ၏ လက်အင်္ကျီကို လိပ်တင်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

သူသည် သင်တန်းကျောင်းအတွင်းသို့ အရင်ဆုံး ပြေးဝင်သွားသည်။ သူ၏နောက်တွင် ဈေးသည်တစ်ဦးက သူ၏ကလေးကို ဇနီးဖြစ်သူထံ အပ်နှံကာ ပါလာခဲ့သည်။

သူ၏ မျက်လုံးများမှာ နီမြန်းနေပြီး ဘေးရှိ တုတ်တစ်ချောင်းကို ဆွဲကိုင်ကာ လိုက်ပါသွားသည်။

လူအမြောက်အမြား သင်တန်းကျောင်းအတွင်းသို့ အုံလိုက်ကျင်းလိုက် ဝင်ရောက်သွားကြတော့သည်။

သာမန်ပြည်သူများ၊ သားရေချပ်ဝတ် ဝတ်ထားသော စစ်သည်များနှင့် ဓားကိုင်ထားသော သိုင်းပညာရှင်များ အားလုံး အဆောက်အဦအတွင်းသို့ ဝင်ရောက်သွားကြသည်။

​သူတို့သည် မတူညီသော အဆင့်အတန်းနှင့် နောက်ခံများ ရှိကြသော်လည်း ထိုအချိန်တွင်မူ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြသည်။ သူတို့အားလုံးမှာ မဟာရှအင်ပါယာ၏ နိုင်ငံသားများပင် ဖြစ်ကြသည်!

​မကြာခင်မှာပင် ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းအတွင်းမှ မီးလျှံများ ဟုန်းဟုန်းတောက် လောင်ကျွမ်းလာတော့သည်။

အထဲသို့ ဝင်သွားသူများ ပြန်ထွက်လာကြသော်လည်း ချင်စုန်းသိုင်းပညာရှင် တစ်ယောက်ကိုမှ မတွေ့ရတော့ပေ။

​"စစ်သူကြီးဖန့် သင်တန်းကျောင်းထဲမှာရှိတဲ့ ချင်စုန်းသိုင်းပညာရှင် အားလုံးနီးပါးကို သတ်ဖြတ်နိုင်ခဲ့ပါပြီ အနည်းငယ်ပဲ လွတ်သွားပါတယ်"

ယူလုံချန်းက မီးလောင်နေသော သင်တန်းကျောင်းကို ကြည့်ကာ ဖန့်ချန်ကို အစီရင်ခံလိုက်သည်။

​“ဒီညကတော့ အိပ်ပျော်မယ့်ည မဟုတ်ဘူးထင်တယ်”

ဖန့်ချန်က ခပ်ယဲ့ယဲ့ ရယ်မောရင်း ပြန်ပြောလိုက်သည်။

​‌

​အခန်း (၁၄) - လိုအပ်ချက်

​

မြို့တော်၏ ညအချိန်များသည် များသောအားဖြင့် အလွန်စည်ကားလှသည်။

လွန်ခဲ့သော ငါးနှစ်က အင်ပါယာ၏ အခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သော ရှုံးနိမ့်မှုကြီး ရှိခဲ့သော်လည်း အပျော်အပါးနှင့် ကြွယ်ဝချမ်းသာမှုကို ပြသသည့် လူနေမှုပုံစံများမှာ ပိုမိုသိသာထင်ရှားလာခဲ့သည်။

​ညမှောင်လာသည်နှင့်အမျှ မဟာရှ ၏ အကြီးဆုံး မြစ်ကမ်းနားတစ်လျှောက်တွင် စွဲမက်ဖွယ်ကောင်းသော တောက်ပသည့် အလင်းရောင်များ ဝန်းရံသွားတော့သည်။

​မြစ်ထဲတွင် မျောပါနေသော လှေငယ်လေးများဆီမှလည်းကောင်း ကမ်းနားရှိ အဆောက်အဦများဆီမှလည်းကောင်း သာယာနာပျော်ဖွယ် သီချင်းဆိုသံများ ထွက်ပေါ်လာသည်။

​ထိုနေရာသည် ချင်စုန်း သိုင်းပညာရှင်များ အကြိုက်ဆုံးနေရာတစ်ခု ဖြစ်သည်။

​ထူးဆန်းသည်မှာ ယနေ့ညတွင် ထိုနေရာများသို့ ပုံမှန်လာနေကျ ချင်စုန်းအာဏာရှင်များကို မတွေ့ရခြင်းပင်။

​လူများက စတင်၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေစဉ်မှာပင် ဖ န့်ချန် ၏ လှုပ်ရှားမှု သတင်းများ ရောက်ရှိလာသည်။

ထိုသတင်းသည် ပုံမှန်အတိုင်း အေးအေးဆေးဆေး ရှိနေသော ညတစ်ညကို ထူးခြားသော ညတစ်ညအဖြစ် ချက်ချင်း ပြောင်းလဲပစ်လိုက်တော့သည်

​သတင်းများမှာ အရက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအတွင်း လျင်မြန်စွာ ပြန့်နှက်သွားသော်လည်း ရပ်ကွက်များ အတွင်း ပျံ့နှံ့သွားသော အရှိန်အဟုန်ကိုမူ မယှဉ်နိုင်ပေ

​ကောလာဟလတစ်ခု စတင်လိုက်သည်နှင့် ၎င်းသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ မှူးမတ်များမှသည် သာမန်ပြည်သူများအထိ လူတိုင်း သိရှိသွားကြတော့သည်။

​ထိုအချိန်တွင် မြစ်ကြောင်းတစ်လျှောက် အကျော်ကြားဆုံး ပန်းလှေ တစ်စင်းဖြစ်သော ကျောက်စိမ်းမသေမျိုးလှေ ပေါ်တွင် တစ်လှေလုံးကို အပိုင်ငှားထားသော ဂုဏ်သရေရှိ လူငယ်ခုနစ်ဦး၊ ရှစ်ဦးခန့် ထိုင်နေကြသည်။

သူတို့သည် သူတို့၏ မြင့်မြတ်သော မျိုးရိုးနောက်ခံများကြောင့် ငွေကို ရေလို သုံးနိုင်ကြခြင်းဖြစ်သည်။

​"အားလုံးပဲ ဖန့်ချန်ရဲ့ လတ်တလော လုပ်ရပ်တွေအပေါ် ဘယ်လိုမြင်ကြလဲ"

ဟု ချောမောသော လူငယ်တစ်ဦးက အေးအေးလူလူ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ခေါက်ယပ်တောင်ကို ဖြန့်ကာ ခပ်ဖွဖွ ယပ်ခပ်ရင်း ရှေ့တွင် ကပြနေသော ကချေသည်မလေးများ၏ အလှကို ခံစားနေသည်။

​ထိုလူငယ်မှာ ဝန်ကြီး၏ သားဖြစ်သူ ရဲ့ချင်ဟဲ ပင် ဖြစ်သည်။ သူ၏ ဖခင်မှာ မဟာရှတွင် အာဏာကြီးသူဖြစ်သဖြင့် သူသည် ယနေ့ည ဝိုင်း၏ အဓိက အချက်အချာ ဖြစ်နေသည်။

​"သူ့လုပ်ရပ်တွေက အရမ်းကို ရမ်းကားလွန်းတယ် ဖန့်ချန် ဟာ နန်းတော်ထဲမှာ ဝံပုလွေစစ်တပ်က တပ်မှူးတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ်ပြီး နတ်သမီးရှောင်းကို မြို့ပြင်အထိ မောင်းထုတ်ခဲ့တယ်လို့ ငါ့မိသားစုဝင်တစ်ယောက်ဆီက ကြားခဲ့ရပေမဲ့ သူ အစွမ်းထက်ဆုံး အချိန်မှာတောင် စစ်သူကြီး ရှောင်းလန် ကို ရှုံးခဲ့တယ်ဆိုတာကို သူ မေ့နေပုံရတယ်"

​"ဟုတ်တယ် သူ ချင်စုန်းသိုင်းပညာရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ သတင်းသာ စစ်သူကြီးရှောင်းလန်ရဲ့ နားထဲ ရောက်သွားရင် အဲဒီစစ်သူကြီးက ချက်ချင်း လှုပ်ရှားတော့မှာပဲ အဲဒီအချိန်ကျရင် သူ့ဒေါသကို ဖြေဖျောက်ဖို့ ငါတို့ ဘယ်လောက်တောင် ပေးဆပ်ရဦးမလဲ မသိဘူး"

​"အနောက်ကျားတပ်ရင်းက ယူလုံချန်းကလည်း သူ့နောက်ကို လိုက်ဖို့အတွက် ရူးနေတာပဲ ဖြစ်ရမယ် ငါတို့သာ သတ်ခွင့်ရှိရင် ဧကရာဇ်က ဘာလို့ အမိန့်မထုတ်ခဲ့တာလဲဆိုတာကို သူ တစ်စက္ကန့်လောက်တောင် မစဉ်းစားမိဘူးလား ဒါနဲ့ နန်းတော်ဘက်က ဘာလို့ အခုထိ ဘာသံမှ ထွက်မလာတာလဲ"

​"ဧကရာဇ်က ဘာမှမပြောရုံတင်မကဘဲ လူတိုင်းက ဒါကို ပြဇာတ်ကြီးတစ်ခုလို သဘောထားနေကြတာ ဒါက နောက်ဆုံးမှာ ငါတို့ဆီ ပြန်လှည့်လာနိုင်တယ် အစ်ကိုကြီး ရဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့က ဘာပြောလဲ"

​"ငါ့ အဖေ က ငါ့ကို တစ်ခုပဲ ပြောတယ် အသာလေး စောင့်ကြည့်နေပါတဲ့"

ဟု ရဲ့ချင်ဟဲက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​"ကြည့်ရတာ ဖန့်ချန်ရဲ့ အတိတ်က နာမည်ကျော်ကြားမှုကို လူတော်တော်များများက ကြောက်နေကြတုန်းပဲ သူ တကယ်ပဲ ဒုက္ခိတ ဖြစ်သွားရင် တစ်မျိုးပေါ့ အခုက သူ့ရဲ့ ကျင့်ကြံခြင်းက ပြန်ကောင်းလာပုံရနေတာဆိုတော့..."

​"မဟာရှရဲ့ အကြီးမားဆုံး အမှားက ဖန့်ချန်ရဲ့ အာဏာကို စစ်ဝန်ကြီးထက်တင်မကဘဲ ဧကရာဇ်ထက်တောင် သာလွန်အောင် ခွင့်ပြုပေးခဲ့တာပဲလို့ ငါခံစားရတယ် အဲဒါကြောင့် သူ့ရဲ့ လွန်ကဲတဲ့ ရည်မှန်းချက်တွေက နောက်ဆုံးမှာ ငါတို့ရဲ့ စစ်သည်တော် ခြောက်သိန်းကို အသက်ပေးလိုက်ရတာပဲ"

​"အစ်ကိုကြီးရဲ့... အစ်ကိုကြီးရဲ့ သိုင်းပညာက မကြာသေးခင်ကမှ တိုးတက်လာပြီး မြို့တော်ထဲက စစ်သည်တွေကလည်း အစ်ကိုကြီးကို လေးစားကြတယ်လို့ ကျွန်တော် ကြားတယ် အစ်ကိုကြီး ဘာလို့ ရှေ့ထွက်ပြီး ဖန့်ချန်ရဲ့ နေရာကို အစားမထိုးတာလဲ"

ဟု တစ်ဦးက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

​"ငါ့ရဲ့ ကျင့်ကြံခြင်းက တိုးတက်လာတာတော့ အမှန်ပဲ လှည့်လည်သွားလာနေတဲ့ တာအိုဆရာတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူက ငါ့ကို ရွှေရောင်ဆေးလုံးတစ်လုံး လက်ဆောင်ပေးခဲ့တယ် အဲဒါကို သောက်ပြီးနောက်မှာ ငါ့ရဲ့ ကျင့်ကြံခြင်းက တဟုန်ထိုး တက်လာခဲ့တာ"

ရဲ့ချင်ဟဲက ခပ်တိုးတိုး ရယ်လိုက်သည်။

"ဒါပေမဲ့ ဖန့်ချန်နဲ့ ယှဉ်ရင်တော့ ငါက လိုအပ်ချက်တွေ ရှိနေသေးတယ်"

​"လိုအပ်ချက် ......"

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း လွန်ခဲ့သော ငါးနှစ်ဆီသို့ အာရုံရောက်သွားကြသည်။

ထိုစဉ်က မြို့တော်ထဲတွင် အလွန်ရေပန်းစားသော စကားပုံတစ်ခု ရှိခဲ့သည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းဟာ တကယ်ပဲ လိုအပ်ချက်ရှိသူ ဖြစ်မှန်း သိသွားလိမ့်မယ် ဟူ၍ ဖြစ်သည်။

​"ဒါပေမဲ့ ဖန့်ချန်ရဲ့ လုပ်ရပ်တွေက လက်ရှိ အခြေအနေကို ထည့်မစဉ်းစားခဲ့ဘူး ဒါကြောင့် ဒီမှာရှိတဲ့သူအားလုံးကို မေတ္တာရပ်ခံချင်တာက မင်းတို့ရဲ့ မိသားစုတွေကို ကိစ္စတစ်ခု ပြောပေးကြဖို့ပဲ

​လူအုပ်စုမှာ အံ့အားသင့်သွားပြီး စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြသည်။

​"ညီအစ်ကိုရှောင်း ကျေးဇူးပြုပြီး ဝင်လာခဲ့ပါစိတ်ချပါ ဒီမှာရှိတဲ့ ငါ့ညီအစ်ကိုတွေက မင်းကို ဘာမှပြောမှာ မဟုတ်ဘူး"

ဟု ရဲ့ချင်ဟဲက မတ်တပ်ရပ်ရင်း ခန်းမဘက်သို့ လှည့်ပြောလိုက်သည်။

​အသားအရောင် အနည်းငယ် ညိုသော လူငယ်တစ်ဦး ခန်းမထဲမှ ထွက်ပေါ်လာသည်။ သူတို့ ထိုသူကို မြင်လိုက်ရသည်နှင့် အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

​အကြောင်းမှာ ထိုသူမှာ အခြားသူမဟုတ်ဘဲ ရှောင်းထျန်းချီ ၏ သားဖြစ်သူ ရှောင်းအန်း ဖြစ်နေသောကြောင့်ပင်

​ရှောင်းအန်း အသက်ရှင်နေသေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ထို့ပြင် သူ အသက်ရှင်နေလျှင်တောင် ကျောက်စိမ်းမသေမျိုးလှေ ပေါ် ရောက်နေခြင်းက အလွန်အံ့သြစရာ ကောင်းလှသည်။

​သို့သော် ရဲ့ချင်ဟဲ စောစောက ပြောခဲ့သော စကားများကို ပြန်စဉ်းစားကြည့်လျှင် သူတို့ အားလုံး သဘောပေါက်သွားကြသည်။

​"အစ်ကိုကြီးရဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးသာ မရှိရင် ကျွန်တော် ဒီနေ့ လမ်းပေါ်မှာတင် သေသွားနိုင်တယ်"

ဟု ရှောင်အန်းက သူ၏ အားငယ်မှုကို ဖုံးကွယ်ရင်း လက်နှစ်ဖက်ကိုဆုပ်ကာ ပြောလိုက်သည်။

"ကျွန်တော် ချင်စုန်းကို ပြန်ရောက်ရင် ဒီကျေးဇူးကို သေချာပေါက် မှတ်ထားပါ့မယ်။"

​ရဲ့ချင်ဟဲက တိုးညှင်းသော အသံဖြင့် ပြန်ပြောသည်၊

"ညီအစ်ကိုရှောင်း ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး ဒီမှာရှိတဲ့သူတိုင်းဟာ ဖန့်ချန်ရဲ့ လုပ်ရပ်တွေကို လက်မခံကြပါဘူး ငါတို့ အင်ပါယာနှစ်ခုဟာ ရန်သူတွေလို တိုက်ခိုက်မယ့်အစား မိတ်ဆွေတွေလို ပူးပေါင်းသင့်တာပါ နောက်ထပ် သွေးမြေကျဖို့ မလိုအပ်တော့ပါဘူး"

ရဲ့ချင်ဟဲ ခဏရပ်လိုက်ပြီး

"ကျောက်စိမ်းနတ်သမီး ဘာလို့ အခုထိ ရောက်မလာသေးတာလဲ ဒီနေ့ ငါ ဂုဏ်သရေရှိ ဧည့်သည်တွေကို ဖိတ်ထားတာဆိုတော့ သူတို့ကို အကြာကြီး မစောင့်ခိုင်းသင့်ဘူး ပွဲကို စလိုက်ရအောင်"

​သူသည် ရှောင်းအန်းကို ထိုင်ရန် အမူအရာပြကာ ဝိုင်းတွင်ရှိသော အခြားသူများနှင့် မိတ်ဆက်ပေးလိုက်သည်။

ထိုသို့လုပ်နေစဉ်မှာပင် ဝတ်စုံဖြူဝတ်ဆင်ထားသော ခြေဗလာနှင့် အမျိုးသမီးတစ်ဦးသည် အခန်းထဲသို့ အလျင်အမြန် ဝင်လာသည်။

သူမသည် စင်ပေါ်သို့ လှပစွာ လှမ်းတက်လိုက်ပြီး နုပျိုသိမ်မွေ့သော အကနှင့်အတူ ပွဲကို စတင်လိုက်သည်။

​ထိုအမျိုးသမီးသည် ထူးကဲသော အလှတရားကို ပိုင်ဆိုင်ထားပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူဝင်းကာ မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေသည်။

သူမ၏ အမူအရာတိုင်းမှာ ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် သူမ၏ အပြုံးမှာ စွဲမက်ဖွယ်ကောင်းလှသည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ အဆင့်အတန်းရှိလှသည်။

​ရဲ့ချင်ဟဲ၏ မျက်လုံးများမှာ မိန်းမောတွေဝေနေပြီး ဝတ်စုံဖြူဝတ် အမျိုးသမီး၏ လှုပ်ရှားမှုများဆီသို့ စူးစိုက်ကြည့်နေသည်။

​"သူမက ဘာလို့ ဒီပတ်ဝန်းကျင်မှာ အကျော်ကြားဆုံး အမျိုးသမီး ဖျော်ဖြေရေးသမား ဖြစ်နေလဲဆိုတာ မဆန်းပါဘူး။ သူမရဲ့ အကက တကယ့်ကို နတ်သမီးတစ်ပါး ကနေသလိုပဲ"

ဟု ရဲ့ချင်ဟဲက ချီးကျူးလိုက်သည်။

​သူ့ဘေးရှိသူများ၏ စိတ်ကူးယဉ်နေသော အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရှောင်းအန်း၏ အကြည့်များမှာ အေးစက်နေသည်။

ရှေ့တွင်ရှိသော အလှတရားသည် သူ၏ ပင်ပန်းနွမ်းနယ်မှုကို မဖြေဖျောက်ပေးနိုင်ရုံတင်မကဘဲ သင်တန်းကျောင်းကို ဝါးမြိုသွားသော မီးလျှံများကိုပါ ပြန်လည် သတိရစေသည်။

​သူ့လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ပြီး ငါတို့ ချင်စုန်းအင်ပါယာက ဒီ "ကျေးဇူး" ကို နောက်ပိုင်းမှာ သေချာပေါက် ပြန်ဆပ် မယ် ဟု ကျိန်ဆိုလိုက်သည်။

​မဟာရှ မြစ်တစ်လျှောက်ရှိ အဆောက်အဦများတွင် ပျော်ပွဲရွှင်ပွဲများနှင့် ကခုန်သံများ ပြည့်နှက်နေချိန်တွင် မြို့တော်အတွင်း၌မူ ဖရိုဖရဲဖြစ်မှုနှင့် အကြမ်းဖက်မှုများ ပြည့်နှက်နေသော ညတစ်ညကို ဖြတ်သန်းနေရသည်။

ချင်စုန်းမှ သိုင်းပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းရံသတ်ဖြတ်ခြင်း ခံနေရသည်။

​

​အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းများ ထိုးဖောက်လာချိန်တွင် ဖန့်ချန်သည် ကျောက်သားခုံတန်းလေးတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

ထိုခုံတန်းလေးမှာ ချင်စုန်းအဆင့်မြင့်သိုင်းသင်တန်းကျောင်းဟောင်း၏ အပျက်အစီးများကြားတွင် ကျန်ရစ်ခဲ့သော နောက်ဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။

​သူ့ရှေ့တွင် အဆောင်ပစ္စည်းများကို ခင်းကျင်းထားသည်။

​တစ်ညတာအတွင်း သူသည် ခရမ်းရောင်လျှပ်စီးလအဆောင် အချို့ကို ထပ်မံ ဖန်တီးခဲ့သည်။ ယခုဆိုလျှင် သူ့တွင် စုစုပေါင်း တစ်ဆယ့်ခြောက်ခု ရှိနေပြီဖြစ်သည်။

​ခရမ်းရောင်လျှပ်စီးအဆောင်များအပြင် ၊ သူသည် ဝိဇ္ဇာအဆောင် ၊ နတ်ဘုရားအဆောင် နှင့် ခွန်အားအဆောင် တို့ကိုလည်း တစ်မျိုးလျှင် သုံးခုစီ စမ်းသပ်ပြုလုပ်ခဲ့သည်။

ထိုအဆောင် သုံးမျိုးကို ပြုလုပ်ရန် ခက်ခဲမှုမှာ ခရမ်းရောင်လျှပ်စီးအဆောင်ထက် သိသိသာသာ လျော့နည်းကြောင်း သူ သိရှိခဲ့ရသည်။

​ငါ့ရဲ့ ဝိညာဉ်ချီ က အရင်ကထက် နှစ်ဆလောက် ပိုပြီး ထူထဲလာပြီ ကြည့်ရတာ မနက်ဖြန်ကျရင် ဒုတိယမြောက် မသေမျိုးသွေးကြော ကို စုစည်းဖို့ ကြိုးစားပြီး ချီသန့်စင်ခြင်းနယ်ပယ် ရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်ထင်တယ်

​ထိုသို့ တွေးတောရင်း သူ့ရှေ့တွင် ချထားသော လအဆောင်များကို ပြန်လည် သိမ်းဆည်းလိုက်သည်။

ရုတ်တရက် သွေးအလိမ်းလိမ်းနှင့် လူရိပ်တစ်ခုမှာ အဝေးမှ အပြေးအလွှား ချဉ်းကပ်လာသည်။

​

​ယူလုံချန်းသည် အိပ်မက်တစ်ခုမက်နေသကဲ့သို့ ခံစားနေရသည်။

​ဖန့်ချန်နောက်သို့ လိုက်၍ ချင်စုန်းသိုင်းပညာရှင်များကို အင်ပါယာအတွင်းမှ အမြစ်ပြတ် ရှင်းထုတ်ရမည့်နေ့မျိုး ရောက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

​"စစ်သူကြီးဖန့် ချင်စုန်းက သိုင်းပညာရှင်တွေရဲ့ အစအနကို ထပ်မတွေ့တော့ပါဘူး စစ်သူကြီးပေးထားတဲ့ စာရင်းအတိုင်း စစ်ဆေးကြည့်တော့ လူနှစ်ယောက် လိုနေပါတယ်"

ဟု ယူလုံချန်းက တိုးတိုးလေး အစီရင်ခံသည်။

"တစ်ယောက်ကတော့ ချီထိန်းချုပ်ခြင်းနယ်ပယ်က ကျွမ်းကျင်သူ ထျယ်မ ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ရှောင်ထျန်းချီရဲ့ သား ရှောင်းအန်း ဖြစ်ပါတယ် သူတို့နှစ်ယောက်က လေထဲကို ပျောက်ကွယ်သွားသလိုပါပဲ၊ ဘယ်လိုမှ ရှာမတွေ့တော့ဘူး။"

​"သူတို့ ဘယ်မှာလဲဆိုတာ ငါ သိပြီးသားပါ သူတို့ကို ငါ့လက်ထဲမှာပဲ ထားလိုက်ပါ စစ်သူကြီးယူ မင်း ပင်ပန်းနေမှာပဲ ပြန်ပြီး အနားယူလိုက်ပါဦး"

ဖန့်ချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

All Chapters