← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

​အခန်း (၁) - တစ်ခါက မသေမျိုးတစ်ဦးနှင့် ဆုံခဲ့ဖူးသည်

​

အဆင့်(9)ရှိသော မဟာရှအင်ပါယာ သည် လွန်ခဲ့သော ငါးနှစ်ခန့်က သုံးလောကတောင်တန်း တိုက်ပွဲတွင် ချင်းစုန်းအင်ပါယာ ကို အရှက်တကွဲ အရေးနိမ့်ခဲ့သည်။

​ထိုစစ်ရှုံးမှုကြောင့် နိုင်ငံ၏အင်အားမှာ များစွာဆုတ်ယုတ်သွားခဲ့ရပြီး မတရားသော စာချုပ်များစွာကိုလည်း အတင်းအကျပ် လက်ခံခဲ့ရသည်။

ထို အခြေအနေများကြောင့် နိုင်ငံအတွင်း၌ ဝေဖန်ကဲ့ရဲ့မှုများ လှိုင်းလုံးသဖွယ် ရိုက်ခတ်လာခဲ့သည်။

အရာရှိကြီးများမှအစ သာမန်ပြည်သူများအဆုံး လူတိုင်း၏နှုတ်ဖျားတွင် ပြောမဆုံးဖြစ်နေသည့် နာမည်တစ်ခုရှိသည်။ ထိုသူမှာ စစ်သေနာပတိချုပ် ဖန့်၏ အိမ်တော်မှ သားကြီး ဖန့်ချန် ပင် ဖြစ်သည်။

​လွန်ခဲ့သော ငါးနှစ်က အသက် ၁၈ နှစ်အရွယ်ဖြင့် မဟာရှအင်ပါယာ၏ အတောင့်တင်းဆုံးသော ပညာရှင်အဖြစ် ဖန့်ချန်သည် စစ်တပ်ကို ဦးဆောင်ကာ ချီတက်ခဲ့သည်။

သူသည် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်သည့် စစ်ဗျူဟာရှင်တစ်ဦးဖြစ်ပြီး ရာထူးရယူသည့်နေ့မှစ၍ တစ်ခါမျှ မရှုံးနိမ့်ဖူးသူလည်း ဖြစ်သည်။

ပြည်သူများက သူ့ကို “နတ်စစ်သူကြီး” ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါများရှိခဲ့သည်။

​သို့သော် သူ၏နောက်ဆုံးတိုက်ပွဲတွင် မယုံနိုင်စရာ အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ သူဦးဆောင်လာသော စစ်သည် ရှစ်သိန်းအနက် ခြောက်သိန်းမှာ အသက်ဆုံးရှုံးခဲ့ရသည်။

စစ်သေနာပတိချုပ်ဖြစ်သူ သူကိုယ်တိုင်ပင် မျက်စိနှစ်ဖက်စလုံး ကွယ်ခဲ့ရပြီး သူ၏ ချီပင်လယ် လည်း ရိုက်ခွဲဖျက်ဆီးခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူသည် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ရလေသည်။

​ခမ်းနားလှသော စစ်သေနာပတိအိမ်တော်အတွင်း၌...

​လူငယ်တစ်ဦးသည် ကောင်းကင်ယံကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ ဓားသွားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံနှင့် မာန်ပါသော နှာတံတို့ကြောင့် သူသည် ထူးခြားသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။

​အမှန်စင်စစ် သူသည် မည်သည့်အရာကိုမျှ မမြင်ရပေ။ သူ၏မျက်လုံးအိမ်တွင် မီးခိုးရောင်ဖျော့ဖျော့ အလွှာတစ်ခု ဖုံးလွှမ်းနေပြီး သူငယ်အိမ်များကိုပင် ကွယ်လုနီးပါး ဖြစ်နေသည်။

​လွန်ခဲ့သော ငါးနှစ်က သူသည် ချင်းစုန်းနိုင်ငံ၏ အဆင့်မြင့်ဆုံး စစ်သူကြီး ရှောင်းလန် နှင့် တိုက်ပွဲဝင်ခဲ့သည်။ အောင်ပွဲမှာ လက်တစ်ကမ်းအလိုဟု သူယုံကြည်နေချိန်တွင် အခြေအနေများမှာ ရုတ်တရက် ပြောင်းပြန်လှန်သွားခဲ့သည်။

ချင်းစုန်းနိုင်ငံသည် သူတို့ကို ခြုံခိုတိုက်ခိုက်ရန် အဋ္အဆင့် (၈) အင်ပါယာတစ်ခုမှ အစွမ်းထက်ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားခဲ့ခြင်းဖြစ်ပြီး၊ အဆုံးသတ်တွင် သူသည် အရေးနိမ့်ကာ ချီ ပင်လယ် အဖျက်ဆီးခံရပြီး ဒုက္ခိတဘဝသို့ ရောက်ခဲ့ရသည်။

​ပြင်းထန်သော ဒဏ်ရာများဖြင့် သေလုမျောပါး ဖြစ်နေချိန်တွင် သူသည် ကောင်းကင်ယံထက်တွင် ရပ်နေသည့် မသေမျိုး နတ်သမီးတစ်ပါး၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်ဟု ထင်မှတ်ခဲ့သည်။

သူက ထိုနတ်သမီးကို ကြည့်နေစဉ် သူမကလည်း သူ့ကို ပြန်လည်စိုက်ကြည့်ခဲ့သည်။ ထို့နောက်တွင်တော့ တောက်ပသော နတ်အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မမြင်နိုင်တော့ပေ။

​ထိုစဉ်က ရှောင်းလန်သည် သူ့ကို သတ်မည့်အစား လွှတ်ပေးခဲ့သည်။ သူ့ကို အသက်ရှင်ခွင့်ပေးစဉ် ရှောင်းလန် ပြောခဲ့သောစကားများကို သူ ဝေဝေဝါးဝါး မှတ်မိနေသေးသည်။

​“မင်း မဟာရှကို ပြန်ရောက်တာနဲ့ သေတာထက်ဆိုးတဲ့ ဘဝဆိုတာ ဘာလဲဆိုတာ တကယ်နားလည်သွားလိမ့်မယ်။ မင်းကို အသက်ရှင်ခွင့်ပေးတာက မင်းအတွက် အဆိုးဝါးဆုံး နှိပ်စက်မှုပဲ”

​အမှန်ပင် ပြီးခဲ့သော ငါးနှစ်ပတ်လုံး သူသည် အသရေဖျက်မှုနှင့် စော်ကားမှုပေါင်းစုံကို သည်းခံခဲ့ရသည်။ တစ်ချိန်က သူနှင့် မိတ်ဆွေဖြစ်ရန် အလုအယက် ကြိုးစားခဲ့သူများမှာ ယခုအခါ သူ့ကို ကူးစက်ရောဂါသည်သဖွယ် ရှောင်ဖယ်နေကြသည်။

​“ညီမလေး နင် ဒီနှစ်ဆို ၁၈ ပြည့်ပြီ မဟုတ်လား အိမ်ထောင်ပြုရမယ့် အရွယ်ရောက်နေပြီ နင်က အခုထိ မင်းရဲ့ အစ်ကိုကြီးကို လာနောက်ပြီး ဒုက္ခပေးနေတုန်းပဲလား”

ဖန့်ချန်က ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

​သူ့နောက်မှ တိတ်တဆိတ် ချဉ်းကပ်လာသော ဖန့်ကျီရွှယ် မှာ နှုတ်ခမ်းဆူသွားပြီး မကျေမနပ်ဖြစ်သွားသည်။

“အစ်ကိုကြီး အစ်ကိုက ဘယ်လိုလုပ်ပြီး ညီမလေးလာတာကို အမြဲသိနေတာလဲ ညီမလေးက ချီပေါက်ကွဲခြင်း အဆင့်ကို ရောက်နေပြီလေ”

​လူသားနယ်ပယ် တွင် အဆင့်လေးဆင့် ရှိသည် ချီစုစည်းခြင်း ၊ ချီပေါက်ကွဲခြင်း ၊ ချီထိန်းချုပ်ခြင်း ယနှင့် ချီအမြုတေ တို့ ဖြစ်သည်။

​ချီပေါက်ကွဲခြင်း အဆင့်သို့ ရောက်ရှိသူကို မဟာရှနိုင်ငံ၌ ပထမတန်းစား ပညာရှင်အဖြစ် သတ်မှတ်ကြသည်။ ချီထိန်းချုပ်ခြင်း အဆင့်သို့ ရောက်ရှိသူများမှာမူ ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်နိုင်သည့် အမြင့်ဆုံး အာဏာရှိသူများ ဖြစ်ကြသည်။

​ဖန့်ချန်သည် သူ၏ ပြိုင်ဘက်ကင်းသော ပါရမီကြောင့် အသက် ၁၈ နှစ်တွင် ချီထိန်းချုပ်ခြင်း အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

ထို့နောက် သူသည် ချီအမြုတေ အဆင့်သို့ ဆက်လက်တက်လှမ်းနိုင်ခဲ့ပြီး မဟာရှအင်ပါယာ၏ တစ်ဦးတည်းသော ချီအမြုတေ အဆင့်ရှိ ပညာရှင် ဖြစ်လာခဲ့သည်။

​“တစ်ခုခု ဖြစ်လို့လား”

ဖန့်ချန်က သူမကို ခပ်တိုးတိုး မေးလိုက်သည်။

​“အစ်ကိုကြီး ဧကရာဇ်မင်းက အစ်ကို့အတွက် အိမ်ထောင်ဖက် စီစဉ်ပေးထားတယ်...”

ဖန့်ကျီရွှယ်၏ မျက်ဝန်းမှ အရောင်အဝါများ ရုတ်တရက် မှိန်ဖျော့သွားသည်။

​“ အိမ်ထောင်ဘက် စီစဥ်ပေးတာလား ငါလို ဒုက္ခိတတစ်ယောက်ကို ဧကရာဇ်က ဘာလို့ အိမ်ထောင်ချပေးချင်ရတာလဲ ပြီးတော့ ငါလိုလူမျိုးကို ဘယ်မိန်းကလေးက သဘောကျမှာလဲ”

ဖန့်ချန်က ရယ်မောလိုက်ရင်း

“ဒါက တစ်ခုခုတော့ လွဲနေပြီ”

​“မဟာရှ နဲ့ ချင်းစုန်းနိုင်ငံကြား တင်းမာမှုတွေကို လျှော့ချဖို့အတွက် အစ်ကိုကြီးကို ရှောင်း မိသားစုဆီ လက်ထပ်စေချင်နေတာ"

"မကြာသေးခင်က သူတို့ဘက်က လှုပ်လှုပ်ရှားရှား ရှိနေတော့ ဧကရာဇ်က စိုးရိမ်နေပြီလေ ”

ဖန့်ကျီရွှယ်က လက်သီးကို တင်းတင်းဆုပ်ထားရင်း မျက်ရည်ဝဲလာသည်။

“အဖေက... အဖေကလည်း သဘောတူလိုက်ပြီ"

​“နင်ပြောတဲ့ ရှောင်းမိသားစုဆိုတာ ချင်းစုန်းနိုင်ငံမှာ အင်အားအကြီးဆုံး မိသားစုလား စစ်သူကြီးရှောင်းလန် ရဲ့ မိသားစု မဟုတ်လား”

ဖန့်ချန် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ၏ တည်ငြိမ်မှုကို ချက်ချင်းပြန်ထိန်းလိုက်ပြီး

“ဘာလို့ ငါလဲ ငါက အသုံးမကျတဲ့ ဒုက္ခိတတစ်ယောက်ပဲလေ ငါ့ကို ဘာလို့ ပစ်မှတ်ထားတာလဲ... ပြီးတော့ ငါက ရှောင်းလန်ရဲ့ ရန်သူဟောင်းလေ”

​ဖန့်ကျီရွှယ်က တိုးတိုးလေး ပြောပြသည်

“ရှောင်းမိသားစုက သမီးကြီးကိုယ်တိုင် ဒီလက်ထပ်ပွဲကို အဆိုပြုခဲ့တာ သူမက ယောက်ျားတွေ အများကြီး မြင်ဖူးပေမယ့် မဟာရှရဲ့ နတ်စစ်သူကြီးဟောင်းရဲ့ ဆွဲဆောင်မှုကို ကိုယ်တိုင် မြင်တွေ့ချင်သေးတယ်တဲ့"

"ဒါက ဧကရာဇ်ကို အညံ့ခံဖို့ ဖိအားပေးတာလည်း ပါတာပေါ့ အကယ်၍ ငြင်းဆန်ရင် ချင်းစုန်းက နောက်တစ်ကြိမ် ကျူးကျော်လာလိမ့်မယ် ဒီတစ်ခါတော့ ငါတို့ရဲ့ မြို့တော်အထိ ရောက်အောင် တိုက်မယ်လို့ ပြောနေကြတယ်”

​ထိုစကားကို ကြားသောအခါ ဖန့်ချန်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာပြီး သူက သဘောကျစွာ ရယ်မောလိုက်သည်။

“ငါ့ရန်သူ့သမီးက ငါ့ကို သူတို့ဆီ လက်ထပ်ခိုင်းတယ်ပေါ့... ဟားဟား...”

​“အစ်ကိုကြီး ညီမလေး အစ်ကို့ကို မြို့တော်ကနေ ခေါ်ထုတ်သွားပါရစေ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ တောင်ပေါ်မှာ သွားပုန်းနေလို့ ရတာပဲ”

ဖန့်ကျီရွှယ်က အတင်းအကျပ် တိုက်တွန်းသည်။

​“ညီမလေး ငါသာ ထွက်သွားရင် ငါတို့ ဖန့်မိသားစု ဘာဖြစ်သွားမယ် ထင်လဲ ဧကရာဇ်က ငါတို့မိသားစုကို လွှတ်ပေးမယ် ထင်လို့လား”

ဖန့်ချန်က ခေါင်းယမ်းလိုက်ပြီး

“ငါက အခု ဒုက္ခိတတစ်ယောက်ပဲ ငါ့ရဲ့ ဒီအသုံးမကျတဲ့ ခန္ဓာကိုယ်ကို သုံးပြီး မဟာရှအတွက် နောက်ထပ် နှစ်အနည်းငယ် အချိန်ဝယ်ပေးနိုင်ရင် အခြေအနေ ပြောင်းလဲဖို့ အခွင့်အရေး ရှိကောင်းရှိဦးမှာပါ။ ငါတို့နိုင်ငံ ပျက်စီးမသွားဖို့ တစ်ခုခု ဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ”

​“အစ်ကိုကြီး အဲဒီ အရာရှိတွေနဲ့ ပြည်သူတွေ အစ်ကို့ကို ဘယ်လောက် စော်ကားနေလဲဆိုတာ အစ်ကို မသိဘူးလား ဘာလို့ အခုထိ သူတို့အတွက် တွေးပေးနေရတာလဲ အစ်ကို့နောက်ကွယ်မှာ ကျိန်ဆဲနေတဲ့ အဲဒီလို လူတွေကို ကာကွယ်ပေးရတာ တကယ်ရော တန်လို့လား”

ဖန့်ကျီရွှယ် စိတ်တိုလာသည်။

​“အဲဒီလို ဖြစ်နေရင်တောင် နင်ရှိနေတယ် ၊ အဖေရှိတယ် ၊ အမေရှိတယ်၊ တခြားလူတွေလည်း ရှိသေးတယ် မင်းတို့အတွက်နဲ့တင် ဒါက တန်ပါတယ်"

" ပြီးတော့ ဘာမှမသိတဲ့ အပြစ်မဲ့တဲ့ ငတ်မွတ်နေတဲ့ ကလေးလေးတွေ အပြင်မှာ အများကြီးရှိသေးတယ် သူတို့ကရော ငါ့ကို ကျိန်ဆဲခဲ့လို့ အပြစ်ရှိလို့လား”

ဖန့်ချန်က လက်ယမ်းပြလိုက်ပြီး

“သွားတော့. ငါ ဒီမှာ ခဏလောက် ထပ်နေဦးမယ်”

​သူ့အစ်ကို၏ တုန့်ပြန်မှုကြောင့် သူမ အံ့သြသွားပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ လှည့်ထွက်သွားခဲ့သည်။ သူမ အစ်ကို၏ စိတ်ဓာတ်ကို သူမ ကောင်းကောင်းသိသည်။ သူ တစ်ခုခု ဆုံးဖြတ်ပြီးလျှင် မည်သူမျှ တားဆီး၍ မရပေ။

​ဖန့်ကျီရွှယ် ထွက်သွားပြီးနောက် ဖန့်ချန်သည် အဝေးက ကောင်းကင်ယံကို ဆက်လက်ငေးကြည့်နေသည်။

ကံမကောင်းစွာဖြင့် ထိုနေ့က ဆုံတွေ့ခဲ့ပြီးနောက် သူသည် မသေမျိုး နတ်သမီးကို တစ်ခါမျှ ပြန်မတွေ့ရတော့ပေ။

​သူသည် အရာအားလုံးကို အဖြေရှာချင်သည်။ ထိုနေ့နောက်ပိုင်းတွင် ဘာကြောင့် သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာနိုင်စွမ်း ရရှိလာခဲ့သည်ကို သိချင်သည်။

​အချိန်တစ်ခုတွင် ဖန့်ချန်၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး မြို့တော်၏ အထက် ကောင်းကင်ယံမှ အရာအားလုံးကို ငုံ့ကြည့်နေသည်။

​နန်းတော်အတွင်းမှ ရယ်မောသံများမှအစ လမ်းမပေါ်မှ ဈေးရောင်းဈေးဝယ် အော်ဟစ်သံများအထိ အသေးစိတ်ကအစ သူ မြင်နေ၊ ကြားနေရသည်။

​လမ်းမပေါ်တွင် ရမ်းကားနေသော ချင်းစုန်းအင်ပါယာမှ စစ်သည်များကိုလည်း သူ မြင်နေရသည်။ သူတို့သည် လမ်းသွားလမ်းလာများကို စိတ်အလိုမကျတိုင်း ထိုးကြိတ်နေကြသည်။

အရာရှိများပင်လျှင် သူတို့လက်မှ အနိုင်ကျင့် ခံနေရသည်။

​ဒါတွေကို ကြည့်နေရတဲ့ ပြည်သူတွေရဲ့ မျက်လုံးထဲက ဒေါသတွေကို သူ မြင်နေရသည်။ ဘာမှမလုပ်နိုင်တဲ့ စစ်သည်တွေရဲ့ မျက်လုံးထဲက နာကျင်မှုတွေကို သူ တွေ့နေရသည်။

ပြီးတော့ တဖက်လူရဲ့ ရိုက်နှက်မှုကို ခံနေရတဲ့ အရာရှိတွေရဲ့ အရှက်ရမှုကိုလည်း သူ သတိထားမိသည်။

​“ဟားဟားဟား မင်းတို့ မဟာရှကတော့ မျှော်လင့်ချက် မရှိတော့ပါဘူးကွာ အခုကစပြီး ချင်းစုန်းကလူတွေကို တွေ့ရင် သေချာ ဂါရဝပြုကြ မဟုတ်ရင် ငါတို့ စစ်သူကြီး ရှောင်းလန်က စစ်တပ်နဲ့လာပြီး မင်းတို့ မြို့တော်ကို မြေလှန်ပစ်လိမ့်မယ်”

​သူတို့၏ ရိုင်းစိုင်းသော ရယ်မောသံများကြောင့် လူအများ၏ စိတ်ထဲတွင် နာကျည်းမှုများ ဖြစ်ပေါ်လာသည်။ သို့သော် သူတို့ လုပ်နိုင်သည်မှာ တိတ်ဆိတ်စွာ သည်းခံနေရုံသာ ဖြစ်သည်။

​“အို... ဒီလို နိုင်ငံငယ်လေးမှာတောင် ဒီလောက် ထိုးထွင်သိမြင်မူ့ရနေတဲ့ မိတ်ဆွေတစ်ယောက် ရှိနေပါလား”

ရုတ်တရက် အံ့သြနေသော အသံတစ်ခု ဖန့်ချန်၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

​ဖန့်ချန် အံ့အားသင့်ကာ လှည့်ကြည့်လိုက်ရာ လေဟာနယ်ထဲတွင် ရပ်နေပြီး သူ့ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေသည့် တစ်ပိုင်းတစ်စ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

​ဖန့်ချန်၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားသည်။ လွန်ခဲ့သော ငါးနှစ်ပတ်လုံး သူ ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ထွက်လာချိန်တွင် သူ့ကို မည်သူမျှ မမြင်ခဲ့ဖူးပေ ယခုမူ တစ်ဖက်လူက သူ့ကို မြင်ရရုံသာမက တိုက်ရိုက်ပင် စကားပြောနေသည်။

​သို့သော် သူသည် တုန်လှုပ်မှုကို ထိန်းချုပ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။

“ဂါရဝပြုပါတယ် မိတ်ဆွေ သင့်ကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ”

​အခန်း (၂) - တစ်ရက်တည်းဖြင့် မသေမျိုးသွေးကြောကို ပေါင်းစည်းခြင်း

​

"ငါက ယွမ်ဟယ် ပါ။ အလယ်ပိုင်းတိုက်ကြီးက လာတာ မိတ်ဆွေကော ဒီနေရာကို ဝိညာဉ်နဲ့ လှည့်လည်ကြည့်ရှုနေတာလား"

​“အလယ်ပိုင်းတိုက်ကြီး” ဖန့်ချန် ၏ နှလုံးခုန်သံ မြန်သွားသည်။

​“အလယ်ပိုင်းတိုက်ကြီး” ဆိုသည့် အမည်မှာ သူနှင့် ရင်းနှီးပြီးသားဖြစ်သည်။

သူ မှတ်မိသလောက် တိမ်တိုက်များကဲ့သို့ များပြားလှသော ပညာရှင်များရှိသည့် နယ်မြေ၊ အလွန်ကျယ်ပြောလှသော စစ်မှန်သည့် ပထမတန်းစား အင်ပါယာကြီးအကြောင်း ဒဏ္ဍာရီများကို အမြဲကြားခဲ့ရသည်။

​သို့သော် ထိုအရာများသည် နောက်ဆုံးတွင် ဒဏ္ဍာရီများသာ ဖြစ်ခဲ့သည်။ အလယ်ပိုင်းတိုက်ကြီးအင်ပါယာမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ မမြင်ဖူးခဲ့ပေ။ ထို့အပြင် အချို့လူများကမူ ထိုသို့သောနေရာမျိုး လုံးဝမရှိဟုပင် ဆိုကြသည်။

​“နေဦး မင်းရဲ့ ဝိညာဉ်က နည်းနည်း ထူးဆန်းနေတယ်။ မင်းက.. ဟမ် မင်းက မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ မူလဝိညာဉ် နဲ့ ထွက်လာတာ မဟုတ်ဘဲ စစ်မှန်တဲ့ဝိညာဉ် နဲ့ ထွက်လာတာလား”

တာအိုဆရာ ယွမ်၏ ပါးစပ်မှ အံ့သြတုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။

​သူက ချက်ချင်းပင် လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။

​ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဖန့်ချန် အံ့သြသွားပြီး အလိုအလျောက် ရှောင်တိမ်းရန် ကြိုးစားသော်လည်း အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိပေ။ သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

​“သူက တကယ်ပဲ သာမန်လူသားတစ်ယောက်လား ဒါက... ထူးဆန်းလိုက်တာ။ သာမန်လူသားတစ်ယောက်က ဒီလောက်အင်အားကြီးတဲ့ ဝိညာဉ်ကို ဘယ်လိုပိုင်ဆိုင်နိုင်ရတာလဲ ဒါ့အပြင် သူက အဲဒီဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ စိတ်တိုင်းကျ ထွက်ခွာနိုင်အောင် ထိန်းချုပ်နိုင်စွမ်းလည်း ရှိသေးတယ်...”

တာအိုဆရာ ယွမ်၏ အတွေးများ မြန်ဆန်နေသည်။

​ဖန့်ချန်သည် သူ၏လက်သီးကို ဆုပ်ကိုင်ကာ တာအိုဆရာကို ရှာမတွေ့သဖြင့် ကျပန်းဦးတည်ချက်တစ်ခုသို့ ဦးညွှတ်လိုက်သည်။

"စီနီယာကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ် ကျွန်တော်က ချီပင်လယ် ပျက်စီးနေတဲ့ ဒုက္ခိတတစ်ယောက်ပါပဲ"

​တာအိုဆရာ ယွမ်ဟယ်က အားရပါးရ ရယ်မောလိုက်သည်။

“စိတ်ပျက်ရမယ် ဟားဟားဟား ငါက ဘာလို့ စိတ်ပျက်ရမှာလဲ ငါက ကမ္ဘာအနှံ့ နှစ်ပေါင်းတစ်ရာကြာ လှည့်လည်ပြီးရင် ပြန်ဖို့ ပြင်နေတာ။ ဒါပေမဲ့ မင်းလို ရွှံ့ထဲက စိန်တစ်ပွင့်ကို တွေ့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ဒါကိုပဲ ကံကြမ္မာလို့ ခေါ်ရမှာပေါ့။ မင်းရဲ့ ဝိညာဉ်က သန်မာပြီး ခိုင်ခံ့တယ်။ မင်းက ကျင့်ကြံခြင်းအတွက် တကယ့် မျိုးစေ့ကောင်းပဲ။”

​ယွမ်ဟယ်သည် မူလဝိညာဉ် အခြေအနေတွင် ရှိနေသောကြောင့် ဖန့်ချန်မှလွဲ၍ စစ်သူကြီးအိမ်တော်ရှိ မည်သူမျှ သူ၏ ကျယ်လောင်သော ရယ်သံကို မကြားနိုင်ကြပေ။

​“ကျင့်ကြံခြင်းလား မသေမျိုးကျင့်ကြံခြင်း လား စီနီယာ ဒီလောကမှာ တကယ်ပဲ မသေမျိုးတွေ ရှိတာလား”

တာအိုဆရာ ယွမ်၏ စကားများကြောင့် ဖန့်ချန်၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး တောက်ပသော နေမင်းကိုပင် မှေးမှိန်စေသည့် မသေမျိုး နတ်သမီး၏ ပုံရိပ်ကို အမှတ်ရသွားသည်။

​“မင်းက နဝမတန်းစားအင်ပါယာက လာတာဆိုတော့ ကျင့်ကြံသူတစ်ယောက်နဲ့ မဆုံဖူးတာ မဆန်းပါဘူး။”

တာအိုဆရာ ယွမ်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။ “ဒီလောကမှာ မသေမျိုးတွေ ရှိမရှိ ငါမသိပေမဲ့ မင်းအတွက်တော့ ငါက မသေမျိုးတစ်ယောက်လို ဖြစ်နေမှာပဲ။”

​သူက ဖန့်ချန်ကို အနီးကပ်ကြည့်ကာ ဆက်ပြောသည်။

"မင်းကို ငါ့ရဲ့ တိုက်ရိုက်တပည့် အဖြစ် လက်ခံချင်တယ်။ မင်း ငါ့ကို ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိလား"

​ထိုကမ်းလှမ်းမှုကို ကြားသော် ဖန့်ချန် ချက်ချင်း အဖြေမပေးနိုင်ခဲ့ပေ။

"ကျွန်တော့်ရဲ့ ချီပင်လယ်က ပျက်စီးနေပြီ။ ကျွန်တော် နောက်ထပ် ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်"

​"ချီပင်လယ်လား အဲဒါက သိုင်းပညာရှင်တွေရဲ့ လမ်းစဉ်ပါ။ ငါတို့ ကျင့်ကြံသူတွေက ချီပင်လယ်ကို မကျင့်ကြံဘူး။ ငါသိသလောက်တော့ မင်းတို့လို သိုင်းပညာရှင်တွေက လူသားအဆင့် ၊ ကမ္ဘာမြေအဆင့် နဲ့ ကောင်းကင်အဆင့် ဆိုပြီး အဆင့်သုံးဆင့်နဲ့ ကျင့်ကြံကြတယ်၊ တစ်ဆင့်ချင်းစီမှာ အဆင့်ငယ် လေးဆင့်စီ ခွဲထားတယ်၊" ဟု သူက ဂုဏ်ယူသော အမူအရာဖြင့် ပြောသည်။

"ဒါပေမဲ့ ကျင့်ကြံသူတွေအတွက်တော့ အဲဒီလောက် မရှုပ်ထွေးပါဘူး။ ချီသန့်စင်ခြင်း ၊ အခြေခံတည်ဆောက်ခြင်း ၊ ရွှေအမြုတေ နဲ့ မူလဝိညာဉ် နယ်ပယ်တွေ ဆိုပြီး ရှိတယ် ကောင်းကင်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ဟာ ချီသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက်နဲ့ အလွန်ဆုံး တိုက်ကွက်အနည်းငယ်ပဲ ယှဉ်နိုင်လိမ့်မယ်။"

​သူ၏ ရှင်းပြချက်ကို ကြားလိုက်ရသဖြင့် ဖန့်ချန်၏ နှလုံးခုန်သံ မြန်သွားသည်။

​“ငါ အင်ပါယာကို ကိစ္စတချို့ ဖြေရှင်းဖို့ အမြန်ပြန်ရမယ်။ အကယ်၍ မင်းက ငါ့ကို ဆရာအဖြစ် လက်ခံမယ်ဆိုရင် ငါ မင်းကို တစ်ပါတည်း ခေါ်သွားပေးမယ်၊” ဟု တာအိုဆရာ ယွမ်ဟယ်က တိုက်တွန်းသည်။

​'အလယ်ပိုင်းတိုက်ကြီးအင်ပါယာကို သွားရမယ်'

ဖန့်ချန်၏ အတွေးများ လှုပ်ခတ်သွားသော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ အကယ်၍ သူသာ အခု ထွက်သွားခဲ့လျှင် ရှနိုင်ငံ က ရှုပ်ထွေးမှုတွေကို ဘယ်သူ ရှင်းပေးမည်နည်း

​သူက လက်သီးကို နောက်တစ်ကြိမ် ဆုပ်ကိုင်ကာ ဦးညွှတ်လိုက်သည်။

"စိတ်မကောင်းပါဘူး စီနီယာ၊ ကျွန်တော် ထွက်မသွားနိုင်ပါဘူး..."

​သူ၏ဖခင်မှာ အသက်ကြီးနေပြီဖြစ်ပြီး၊ သူ၏အဘိုးမှာလည်း သေရေးရှင်ရေး တံခါးပိတ်ကျင့်ကြံနေရသည်။

သူ၏ ဒုတိယဦးလေးပင်လျှင် လွန်ခဲ့သည့် ငါးနှစ်လုံးလုံး မိသားစုနှင့် အင်ပါယာအတွက် မမောမပန်း လုပ်ဆောင်ခဲ့ပြီးနောက် ကုသ၍မရသော အတွင်းဒဏ်ရာများ ခံစားနေရသည်။ သူ၏ ဒုတိယဦးလေးမှာ ဝှီးချဲမပါဘဲ သွားလာ၍ပင် မရတော့ပေ။

​“မင်းက ငါနဲ့လိုက်ဖို့ တကယ်ပဲ ငြင်းတာလား ဒီလို သေးငယ်တဲ့နေရာမှာ ဘာရှိလို့လဲ မင်းသာ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် နှစ်ပေါင်းတစ်ရာအတွင်း ရွှေအမြုတေအဆင့် ကို အမြန်ဆုံး ရောက်အောင် ငါ အာမခံတယ်။ အဲဒီအချိန်ကျရင် မင်း စိတ်ကြိုက် သွားလာနိုင်ပြီ”

တာအိုဆရာ ယွမ်က အံ့သြတုန်လှုပ်စွာဖြင့် ဖျောင်းဖျရန် ကြိုးစားသည်။

​သက်ပြင်းချရင်း ဖန့်ချန်က ပြန်ပြောသည်။

“ကျွန်တော့် မိဘတွေ ဒီမှာ ရှိနေတယ် သူတို့ကို ထားခဲ့လို့ မရဘူး ပြီးတော့ ကျန်ခဲ့တဲ့ ပြဿနာတွေကိုလည်း ကျွန်တော် ရှင်းရဦးမယ် စီနီယာကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ် အဲဒါကြောင့် ကျွန်တော် တကယ် ထွက်မသွားနိုင်ပါဘူး”

​သူက ဖန့်ချန်ကို ကြည့်ပြီး လျှာသပ်လိုက်သည်။

“ဒီလောကမှာရှိတဲ့ လူတိုင်းက ကျင့်ကြံနိုင်တဲ့သူတွေကို အားကျကြတယ် အကယ်၍ တခြားသူသာ ငါ့ရဲ့ တိုက်ရိုက်တပည့် ဖြစ်ခွင့်ရမယ်လို့ ကြားရင် ခြေထောက်ကျိုးနေရင်တောင် အလယ်ပိုင်းတိုက်ကြီးအင်ပါယာကို တွားသွားပြီး လာကြမှာ ဒါပေမဲ့ မင်းကတော့ ဒီမှာ ထိုင်ပြီး ငြင်းနေတယ်။

​“ကံမကောင်းတာက ငါ့ဂိုဏ်းရဲ့ စည်းကမ်းတွေက တင်းကျပ်တယ် တိုက်ရိုက်တပည့်တွေက ဂိုဏ်းအတွင်းမှာပဲ ကျင့်ကြံရမယ်လို့ ပြဋ္ဌာန်းထားတယ် မင်း ငါနဲ့အတူ ပြန်မလိုက်ရင် မင်းကို တိုက်ရိုက်တပည့်အဖြစ် ငါ လက်မခံနိုင်ဘူး မင်းလို ထူးချွန်တဲ့ ပါရမီရှင်ကို ဖြုန်းတီးပစ်ရမှာကတော့ နှမြောစရာပဲ ဒါဆိုရင် ဒီလိုလုပ်ရအောင် ငါ မင်းကို ‘တာအိုသုံးထောင်ဂိုဏ်း’ ရဲ့ မိတ်ဆက်ကျင့်စဉ်ကို ပေးခဲ့မယ် အဲဒါဆိုရင် နောင်တစ်ချိန်မှာ မင်းကို အလယ်ပိုင်းတိုက်ကြီးအင်ပါယာရဲ့ တာအိုသုံးထောင်ဂိုဏ်းက အပြင်စည်းတပည့် တစ်ယောက်အဖြစ် သတ်မှတ်လို့ရမယ်။ မင်း ဒီမှာပဲ ဆက်ပြီး ကျင့်ကြံနေပါ အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်တာနဲ့ မင်း ကြိုက်တဲ့အချိန် ဂိုဏ်းကို လာခဲ့လို့ရတယ်။”

​ထို့နောက် သူက လက်ကိုမြှောက်ကာ ဖန့်ချန်၏ နဖူးဆီသို့ ရွှေရောင် အလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။

​ထိုခဏချင်းမှာပင် ဖန့်ချန်နှင့် မသက်ဆိုင်သော မှတ်ဉာဏ်လှိုင်းများ သူ၏ စိတ်ထဲတွင် ပေါ်လာပြီး ရွှေရောင်တောက်ပနေသော ကျမ်းစာအုပ်တစ်အုပ်အဖြစ် စုစည်းသွားသည်။ ၎င်း၏ ခေါင်းစဉ်မှာ “တာအိုသုံးထောင် မိတ်ဆက်ကျင့်စဉ်” ဖြစ်သည်။

​ဖန့်ချန်သည် ကျင့်ကြံခြင်းတွင် နှစ်မြှုပ်လိုက်စဉ် သူ၏ စိတ်ဓာတ်များ တက်ကြွလာသည်ကို ခံစားလိုက်ရသည်။

မသိလိုက်ဘဲနှင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီ များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သွေးကြောများတစ်လျှောက် စီးဆင်းကာ သူ၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည်။

​သူ သိုင်းပညာကို နောက်ဆုံး လေ့ကျင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေခဲ့သည်။ သို့သော် ဝိညာဉ်ချီ၏ အာဟာရပေးမှုအောက်တွင် သူ၏ သွေးချီများ ပြန်လည် နိုးထလာသည်။

​ဝိညာဉ်ချီများသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဆက်လက်စီးဆင်းသွားပြီး မကြာမီ ပျက်စီးနေသော ချီပင်လယ်သို့ ရောက်ရှိသွားသည်။ သို့သော် ၎င်းသည် ထိုနေရာတွင် ရပ်တန့်သွားမည့် အလားအလာ မရှိဘဲ ခန္ဓာကိုယ်တစ်လျှောက် ဆက်လက် လည်ပတ်နေသည်။

​လမင်းသည် ထွက်ပေါ်လာလိုက် ဝင်သွားလိုက်နှင့် နောက်တစ်နေ့၏ လတ်ဆတ်သော နေရောင်ခြည်ကို နေရာပေးလိုက်သည်။ သို့သော် ဖန့်ချန်မှာမူ တစ်နေ့နှင့် တစ်ညလုံး မလှုပ်မယှက် ရှိနေခဲ့သည်။

​အစေခံများ နိုးလာပြီး နေ့စဉ်အလုပ်များ လုပ်ဆောင်ကြသောအခါ ဖန့်ချန် တစ်နေရာတည်းတွင် အမြစ်တွယ်နေသကဲ့သို့ ရှိနေသည်ကို သတိပြုမိကြပြီး တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ သို့သော် ဖန့်ကျိရွှီ နှင့် သူမ၏ အဖော်များ လျှောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြသည်။

​ဖန့်ကျိရွှီက အံ့သြတုန်လှုပ်စွာဖြင့် “အစ်ကိုကြီး၊ အစ်ကို ဒီမှာ မနေ့ကတည်းက ရပ်နေတာလား” ဟု အော်ဟစ်လိုက်သည်။

​“အာ သူ့ရဲ့ လက်ထပ်ပွဲ သတင်းက သူ့ကို ဂနာမငြိမ် ဖြစ်စေတာနေမှာပါ မင်းအစ်ကိုက သဘာဝအရ မာနကြီးတဲ့သူပဲ ရှောင်းမိသားစုထဲကို သမက်အဖြစ် ဝင်ရမယ်ဆိုတဲ့ အချက်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ” ဟု သက်ပြင်းချရင်း လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။

သူက ဖန့်ချန်ကို ဝမ်းနည်းရိပ်များဖြင့် ကြည့်နေသည်။

​သူသည် ဖန့်မိသားစု၏ အကြီးအကဲ ဖန့်ချန်းဟိုင် ဖြစ်သည်။

​ချီထိန်းချုပ်ခြင်းအဆင့် ပညာရှင်တစ်ယောက်အနေဖြင့် ငယ်ရွယ်သော ရုပ်ရည်ကို ထိန်းသိမ်းထားသင့်သော်လည်း သူ၏ နားထင်မှ ဆံပင်များမှာ ဖြူနေပြီဖြစ်ပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

၎င်းမှာ အသက်လေးဆယ်အရွယ် ပညာရှင်တစ်ဦးအတွက် မဖြစ်သင့်သော အခြေအနေမျိုးဖြစ်သည်။

​“အဖေ လက်ထပ်ဖို့ ကမ်းလှမ်းချက်ကို ငြင်းလို့မရဘူးလား အကယ်၍ အစ်ကိုကြီးသာ ချင်စုန်း အင်ပါယာကို သွားရမယ်ဆိုရင် သူ တိရစ္ဆာန်ထက်တောင် ဆိုးတဲ့ ဘဝမျိုးကို ကြုံရလိမ့်မယ်” ဖန့်ကျိရွှီက သူမ၏ ဖခင်ကို တုန်ရီသော အသံဖြင့် တောင်းပန်နေသည်။

​သူမ၏ တုန်ရီနေသော အသံကို ကြားလိုက်ရသဖြင့် ဖန့်ချန်းဟိုင်၏ မျက်လုံးများ နီမြန်းလာသည်။

"လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ချင်စုန်းရဲ့ အင်အားက ပိုတောင့်တင်းလာတယ် တစ်ဖက်မှာလည်း ငါတို့ရဲ့ ရှဆိုအင်ပါယာက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာတယ်။ ဒါ့အပြင် စစ်သူကြီး ရှောင်းလန် က သူ့သမီးအတွက် ပြောလာတယ်”

”မင်းအစ်ကိုက သူတို့မိသားစုထဲကို သမက်အဖြစ် ဝင်ရင်ဝင် မဝင်ရင် သူက သူ့စစ်တပ်နဲ့ ငါတို့ မြို့တော်ကို လာတိုက်လိမ့်မယ် သူက နောက်ပြောင်တတ်တဲ့ လူမျိုးမဟုတ်ဘူး”

”အကယ်၍ ငါတို့ ငြင်းလိုက်ရင် အင်ပါယာ ပျက်စီးကိန်း ဆိုက်လိမ့်မယ် ငါတို့ ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက ဒါကို သဘောတူဖို့ပဲ" သူက သက်ပြင်းချလိုက်သည်။

"ငါတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ ရှိတယ်..."

​"ဒါပေမဲ့ ကျွန်မတို့ အဒေါ်ကော သူမ လုပ်ပေးနိုင်တာ တစ်ခုမှ မရှိဘူးလား" သူမက ထပ်မေးသည်။

​“မင်းအဒေါ်က မိဖုရားခေါင်ကြီးဖြစ်လို့ ရှအင်ပါယာကို အရာအားလုံးထက် ဦးစားပေးရမယ် ဘာလုပ်ရမလဲဆိုတာ သူနားလည်တယ်”

” သူ ကူညီမှာ မဟုတ်ဘူး။” ခေါင်းခါရင်း ဖန့်ချန်းဟိုင်က ဆက်ပြောသည်။

"မနက်ဖြန်ကျရင် စစ်သူကြီး ရှောင်းလန်ရဲ့ သမီးက သူမရဲ့ လူတွေနဲ့အတူ မင်းအစ်ကိုနဲ့ တွေ့ဖို့ ရောက်လာလိမ့်မယ်။"

​သူက ရပ်နေသော ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်

"ကျေးဇူးပြုပြီး သူ့ကို အခု နားဖို့ ပြောလိုက်ပါဦး။"

​ထိုအချိန်တွင် ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်း၌ ကြည်လင်တောက်ပသော မသေမျိုးသွေးကြော တစ်ခုမှာ ပုံဖော်ပြီးသား ဖြစ်နေပြီဖြစ်ရာ ဝိညာဉ်ချီများကို အဆုံးမဲ့ ဒီရေလှိုင်းများကဲ့သို့ စီးဝင်စေသည်။ ၎င်းသည် နောက်ဆုံးတွင် ၎င်း၏ အိမ်ကို ရှာတွေ့သွားပုံရသည်။

​ချီသန့်စင်ခြင်းနယ်ပယ်၏ အဆင့် (၁၂) ဆင့်သည် တစ်ဦးချင်းစီ၏ မသေမျိုးသွေးကြောကို ဖန်တီးသည့် လုပ်ငန်းစဉ်နှင့် ဆက်စပ်နေပြီး သူ၏ ပထမဆုံး မသေမျိုးသွေးကြောကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ခြင်းဖြင့် ဖန့်ချန်သည် ကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ နောက်တစ်ကြိမ် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

​

​တာအိုဆရာ ယွမ်သည် ကောင်းကင်ယံ၌ သူ၏ အားရပါးရ ရယ်မောသံများ ပဲ့တင်ထပ်နေသည်။

"တစ်ရက်တည်းနဲ့ မသေမျိုးသွေးကြောကို ပေါင်းစည်းနိုင်တာလား ဟားဟားဟားဟား.. မင်းရဲ့ ပါရမီက တကယ်ကို အထင်ကြီးစရာပဲ။ မှတ်ထားပါ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့အခါ ငါ့ရဲ့ တာအိုသုံးထောင်ဂိုဏ်းကို လာခဲ့ပါ။"

​ထို့နောက် သူက လှည့်ထွက်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပျောက်ကွယ်သွားသည်။

​

​သူ၏ မိန်းမောနေမှုမှ နိုးလာသောအခါ ဖန့်ချန်သည် တာအိုဆရာ ယွမ် ပျောက်ကွယ်သွားသည့် ဦးတည်ချက်သို့ ဦးညွှတ်ရန် မမေ့ခဲ့ပေ။ သူ၏ နှလုံးသားမှာ ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်နေသည်။

​တာအိုဆရာ ယွမ်ဟယ် ပေးခဲ့သော အရာသည် သူ၏ ကံကြမ္မာကိုသာမက ရှအင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာကိုပါ ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။

All Chapters