← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

​အခန်း (၉) - မင်းအဖေအတွက် စိတ်မကောင်းပါဘူး

​

“နင် ငါ့အဖေကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ”

နတ်သမီးရှောင်း၏ မျက်လုံးများ အေးစက်သွားပြီး ဝံပုလွေစစ်တပ် ခေါင်းဆောင်ကို တစ်ချက် ကြည့်လိုက်သည်။

​ချီထိန်းချုပ်ခြင်းနယ်ပယ် ကျင့်ကြံခြင်းရှိသော ထိုခေါင်းဆောင်သည် ချက်ချင်း တုံ့ပြန်ပြီး သူ၏ လေးမြှားဖြင့် ဖန့်ချန် ကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

​ဖန့်ချန်သည် ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး သူ၏ ဝိညာဉ်ချီဖြင့် အသက်သွင်းထားသော ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုကို ဝှေ့ယမ်းလိုက်သည်။

​ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းကြီးတစ်ခု လူတိုင်း၏ မျက်စိရှေ့တွင် ဝင်းခနဲ လက်သွားသည်။

​ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဝံပုလွေစစ်တပ် ခေါင်းဆောင်သည် ချက်ချင်းပင် မီးကျွမ်းနေသော အရိုးစုပုံဘဝသို့ ရောက်ရှိသွားတော့သည်။

​ထိုမျှမကသေးဘဲ သူ၏ဘေးတွင် ရှိနေသော စစ်သည်အချို့လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

​အစွမ်းထက်သော ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်တစ်ဦးနှင့် ချီပေါက်ကွဲခြင်းနယ်ပယ် ပညာရှင်အချို့ သေဆုံးသွားကြပြီဖြစ်သည်။

အားလုံး ငရဲပြည်သို့ ပို့ဆောင်ခံလိုက်ရသည်။ သူတို့စီးနင်းသည့် ငွေရောင်ဝံပုလွေများပင် မလွတ်ခဲ့ချေ

​

မျှော်လင့်မထားသော ထိုအလှည့်အပြောင်းကြောင့် လူတိုင်း မှင်သက်သွားကြသည်။

​ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ နည်းလမ်းမျိုးလဲ ဖန့်ချန်က ကျင့်ကြံခြင်း ပျက်စီးသွားပြီ မဟုတ်လား သူက လူမစွမ်းမသန် ဖြစ်နေတာ မဟုတ်လား ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်တစ်ဦးကို အနိုင်ယူဖို့ ဒီလို ကြောက်စရာကောင်းတဲ့ နည်းလမ်းကို သူ ဘယ်လို သုံးနိုင်တာလဲ ၎င်းကလည်း တစ်ကွက်တည်းနှင့်တင်

​“မဖြစ်နိုင်တာ...”

ယူလုံချန်း ရေရွတ်လိုက်သည်။ သူ ဖန့်ချန်ကို ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ဖြတ်ပြေးသွားသည်။

​“စစ်သူကြီးဖန့်ရဲ့...စစ်သူကြီးဖန့်ရဲ့ ကျင့်ကြံခြင်းက မပျက်စီးသေးဘူးပဲ”

အရာရှိတစ်ဦးက အော်ဟစ်လိုက်သည်။

​ရောက်ရှိနေသော အရာရှိများ၏ မှေးမှိန်နေသော မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပေါ်လာပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့၏ ပုခုံးများမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရီနေကြသည်။ လီကော်ကျူး သည် ဖန့်ချန်ကို စိုက်ကြည့်ရင်း တုန်တုန်ရင်ရင် ဖြစ်နေသည်။

သူ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး

“ငါတို့ ရှအင်ပါယာရဲ့ ကံကြမ္မာကို စောင့်ရှောက်နိုင်ခဲ့ပြီ...”

ဟု တစ်ဦးတည်း ရေရွတ်နေမိသည်။

​ဧကရာဇ်သည်လည်း အမူအရာ အမျိုးမျိုး ပြောင်းလဲလျက် ဖန့်ချန်ကို စိုက်ကြည့်နေသည်။

​မိဖုရားခေါင်ကြီးမှာမူ လက်ဖြင့် ပါးစပ်ကို အုပ်ထားပြီး သူမ၏ နီမြန်းနေသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

​“ရှင့်ရဲ့ ကျင့်ကြံခြင်းက...”

နတ်သမီးရှောင်၏ မျက်နှာ ဖြူဖျော့သွားသည်။

​“မင်းအဖေကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းက ပျက်စီးမသွားခဲ့ဘူး”

သူ၏ မွဲပြာရောင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သောအခါ သူ၏ အကြည့်မှာ နတ်သမီးရှောင်ထံသို့ ကျရောက်သွားသည်။

“ငါ မျက်စိမမြင်ရပေမဲ့ ငါ့ရဲ့ ရှ ရန်သူတွေကို တိုက်ခိုက်ဖို့ ငါ့တပ်တွေကို ဦးဆောင်ရတာ ဘာပြဿနာမှ မရှိဘူး”

​နတ်သမီးရှောင်း ယုံရခက်နေသည်။

“ရှင်က ငါးနှစ်တောင် ဖုံးကွယ်ထားခဲ့တာလား ဘာလို့လဲ...”

​သူမသည် သူ့ကို ခဏမျှ စိုက်ကြည့်နေသော်လည်း အဖြေကို စောင့်မနေတော့ဘဲ

“သတ်ကြစမ်း”

ဟု ဟိန်းဟောက် အမိန့်ပေးလိုက်သည်။

​သူမ၏ အမိန့်ကို ကြားသည်နှင့် ဝံပုလွေစစ်တပ် စစ်သည်များသည် လေးမြှားများကို တင်းကျပ်စွာ ဆွဲကာ ချိန်ရွယ်လိုက်ကြသည်။

​ဝံပုလွေစီး စစ်သည်များက ရှေ့သို့ ပြေးဝင်တိုက်ခိုက်ကြသည်။

​သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ အထင်အရှား ပေါ်ထွက်လာပြီး နန်းတော်တစ်ခုလုံးကို သွေးညှီနံ့များဖြင့် လွှမ်းမိုးသွားစေသည်။

​လျှပ်စီးတန်းများ ထပ်မံ ဝင်းခနဲ လက်သွားပြီး ဖန့်ချန်ထံသို့ ပြေးဝင်လာသော စစ်သည်များမှာ ပြာအဖြစ်သို့ ပြောင်းလဲကုန်သည်။

ဤမြင်ကွင်းက လေးမြှားချိန်ထားသော စစ်သည်များကို ထိတ်လန့်သွားစေပြီး သူတို့၏ လက်မောင်းများပင် အနည်းငယ် တုန်ရီလာကြသည်။

​“နတ်သမီးရှောင်း မင်းအဖေက အဲဒီတုန်းက ငါ့ကို အသက်ချမ်းသာပေးခဲ့သလို ဒီနေ့ ငါလည်း မင်းကို အသက်ချမ်းသာပေးမယ် မင်းလူတွေကို ခေါ်ပြီး အခုချက်ချင်း ထွက်သွားတော့”

ဖန့်ချန်က အေးစက်သော အသံဖြင့် ဆိုလိုက်သည်။

​သူသည် ခရမ်းရောင်လျှပ်စီးအဆောင် ငါးခုကို အသုံးပြုပြီးပြီဖြစ်ရာ ကျန်ရှိသော ငါးခုမှာ ကျန်နေသည့် စစ်သည်အားလုံးကို ရှင်းပစ်ရန် မလုံလောက်ပေ။

အကယ်၍ တစ်ဖက်က ဆက်တိုက်ချင်လျှင် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးရပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ နည်းပါးသည်။

​နတ်သမီးရှောင်၏ အမူအရာမှာ မတည်မငြိမ် ဖြစ်နေသည်။

​နောက်ဆုံးတွင် သူမက ဒေါသတကြီး သွားကြိတ်ကာ

“ငါတို့ ပြန်မယ်”

ဟု အော်လိုက်သည်။ ထို့နောက် သူမသည် ဝံပုလွေစစ်တပ်ကို ဦးဆောင်ကာ နန်းတော်မှ ထွက်ခွာသွားတော့သည်။

​ဧကရာဇ်သည် ခဏမျှ တွေးတောပြီးနောက် ယူလုံချန်းဘက်သို့ လှည့်လိုက်သည်။

“စစ်သူကြီးယူ မိန်းကလေးရှောင်းကို လိုက်ပို့လိုက်ပါ”

​ယူလုံချန်းက အလျင်အမြန် ခေါင်းညိတ်ပြီး သူ၏လူများကို ခေါ်ကာ ထွက်သွားသည်။

​“ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် စစ်သူကြီးဖန့်ကို ကျေးဇူးအများကြီး တင်ပါတယ်”

မြေပြင်ပေါ်ရှိ လူများက ဖန့်ချန်ကို အလျင်အမြန် ဦးချကာ သူတို့၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြကြသည်။

​“ဖန့်ချန် စာကြည့်ဆောင်ဆီ လိုက်ခဲ့ပါဦး”

ဧကရာဇ်က စကားအနည်းငယ် ချန်ထားခဲ့ပြီး လှည့်ထွက်သွားသည်။

ထိုအလှည့်အပြောင်းကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ခဲ့ကြပေ။

အရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဘာပဲဖြစ်ဖြစ် ဖန့်ချန်၏ ကျင့်ကြံခြင်း ရှိနေသေးသည်ဟူသော သတင်းက သူတို့အတွက် အလွန်ပင် ခွန်အားဖြစ်စေသည်။

​မိဖုရားခေါင်ကြီးက ဖန့်ချန်ထံ အပြေးအလွှား ရောက်လာသည်။

“ချန်အာ... မင်းရဲ့ ကျင့်ကြံခြင်းက တကယ်ပဲ ပြန်ကောင်းလာတာလား”

​“အဒေါ် ဒါက ပြောရရင် အရှည်ကြီးပဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နန်းတော်မှာ အဒေါ် ဘယ်လိုနေထိုင်ခဲ့လဲ အိမ်ကိုလည်း လာမလည်ဖြစ်ဘူးနော်”

ဖန့်ချန်က ပြုံးရင်း မေးလိုက်သည်။

​မိဖုရားခေါင်ကြီး၏ မျက်လုံးထဲမှ အလင်းရောင်များ မှေးမှိန်သွားပြီး ခေါင်းညိတ်ပြသည်။

"အဆင်ပြေပါတယ် နေ့စဉ်ကိစ္စတွေနဲ့ ရှုပ်နေလို့ မထွက်နိုင်ခဲ့တာပါ"

​သူမသည် စိတ်ထဲမှ စိတ်ဓာတ်ကျမှုကို အမြန်ဖုံးကွယ်ကာ အပြုံးတစ်ခု ပြလိုက်သည်။

"အခု မင်းရဲ့ ကျင့်ကြံခြင်း ပြန်ရပြီဆိုတော့ ငါ အရမ်း စိတ်အေးသွားပါပြီ မင်း စာကြည့်ဆောင်က ပြန်လာရင် မင်းကြီးကို ငါ့မိသားစုအိမ်တော်ကို ပြန်ခွင့်ပေးဖို့ တောင်းဆိုလိုက်မယ် "

​“ဟုတ်ကဲ့”

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်။

​

​“သခင်ကြီးဖန့် ကျေးဇူးပြုပြီး ကြွပါ”

စောစောက ဖန့်ချန်ရှေ့တွင် ရိုင်းစိုင်းခဲ့သော မိန်းမစိုးယူသည် အခုတော့ မျက်လွှာချထားသည်။

သူက စာကြည့်ဆောင်တံခါးကို ရိုသေစွာ ဖွင့်ပေးပြီး ဘေးသို့ ကပ်ရပ်လျက် ခါးကို ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်သည်။

​သူက ဖန့်ချန် အထဲဝင်သည်အထိ စောင့်နေသည်။

​ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး အထဲသို့ လှမ်းဝင်လိုက်သည်။

​မိန်းမစိုးယူသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး တံခါးကို ဂရုတစိုက် ပိတ်ကာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။

​စာကြည့်ဆောင်အတွင်း၌ ဧကရာဇ်သည် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ အကြည့်မှာ ဖန့်ချန်ပေါ်၌သာ ရှိသည်။

​ဖန့်ချန်ကလည်း ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။

​အချိန်အနည်းငယ် ကြာပြီးနောက် ဧကရာဇ်က နောက်ဆုံးတွင် စကားစလာသည်။

​“ဖန့်ချန် မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်တုန်းက ပြန်ကောင်းလာတာလဲ မင်း စောစောက သုံးသွားတာက မင်းတို့ ဖန့်မိသားစုရဲ့ ‘နက်နဲသော ကောင်းကင်သိုင်းပညာ’ နဲ့ မတူသလိုပဲ”

​“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်မျိုး တာအိုဆရာတစ်ယောက်နဲ့ ဆုံခဲ့ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးတဲ့ ကျမ်းစာတစ်စောင် ရခဲ့ပါတယ် အဲဒါက သာမန် ကိုယ်ခံပညာ လေ့ကျင့်ခန်းတစ်ခုလို့ပဲ ထင်ခဲ့တာပါ ”

"ဒါပေမဲ့ အဲဒီကနေတစ်ဆင့် ကျင့်ကြံခြင်းကို ပြန်ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ပြီးတော့ ထူးခြားတဲ့ သိုင်းပညာတစ်ခုဖြစ်တဲ့ ‘ခရမ်းရောင်လျှပ်စီးလက်ဝါး’ ကိုလည်း နားလည်သွားခဲ့ပါတယ်”

ဖန့်ချန်က အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြင့် ရှင်းပြလိုက်သည်။

​“တာအိုဆရာ ဟုတ်လား အဲဒီ တာအိုဆရာ အခု ဘယ်မှာလဲ”

ဧကရာဇ်သည် ထိုစကားကို ကြားသည်နှင့် ထရပ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားနေပုံရသည်။

​“ကျွန်တော်မျိုး သူ့ကို တစ်ခါပဲ ဆုံဖူးတာပါ၊ သူကတော့ လောကကြီးကို လှည့်လည်ဖို့ ထွက်သွားပုံရပါတယ်”

ဟု ဖန့်ချန်က ဆိုသည်။

​“နှမြောစရာပဲ၊ နှမြောစရာပဲ နောင်ကျရင် အဲဒီ တာအိုဆရာကို တွေ့ရင် ငါနဲ့ မိတ်ဆက်ပေးဖို့ မမေ့နဲ့ဦး ငါက တာအိုကျင့်စဉ်တွေကို အမြဲ စိတ်ဝင်စားနေတာ”

ဟု ဧကရာဇ်က ပြန်ဖြေသည်။

​သူ ပြန်ထိုင်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြန်သည်။

​"ချင်စုန်းက မင်းကို ရှောင်းမိသားစုထဲ လက်ထပ်ဝင်ခိုင်းဖို့ ငါ့ကို ဖိအားပေးခဲ့တယ် ငါတို့ ရှ အတွက် ငါ သဘောတူခဲ့ရတယ် အခု မင်းရဲ့ ကျင့်ကြံခြင်း ပြန်ရပြီဆိုတော့ စစ်သူကြီး ရှောင်းလန်ကလည်း အရင်ထက် ပိုသတိထားလာလိမ့်မယ် သူ ငါတို့နဲ့ မကြာခင်မှာ စစ်ဖြစ်မှာ မဟုတ်တော့ဘူး"

သူက ဖန့်ချန်ကို စူးစိုက်ကြည့်လိုက်သည်။

“မင်း ငါ့ကို အပြစ်မတင်ပါဘူးနော် ဟုတ်တယ်မလား”

​“ကျွန်တော်မျိုး ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ အရှင်မင်းကြီးရဲ့ စေတနာကို နားလည်ပါတယ် ဒါက ရှ ကို အားကိုးနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက်ပဲ မဟုတ်လား အကယ်၍ ကျွန်တော်မျိုး ကျင့်ကြံခြင်း ပြန်မရခဲ့ရင် နတ်သမီးရှောင်းနောက်ကို ချင်စုန်းအထိ လိုက်သွားမှာပါ”

ဖန့်ချန်က လက်သီးဆုပ်ကာ ပြောလိုက်သည်။

​“မင်း နားလည်ပေးတာ ဝမ်းသာပါတယ် မင်း ကျင့်ကြံခြင်း ပြန်ရခါစဆိုတော့ အနားယူဖို့ လိုအပ်လိမ့်မယ် အပြင်တွေ အရမ်း မသွားဘဲ စစ်သူကြီးအိမ်တော်မှာပဲ အနားယူနေပါ”

ဟု ဧကရာဇ်က အကြံပေးသည်။

​ဖန့်ချန်က ခေါင်းညိတ်သဘောတူလိုက်သည်။

“အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါပဲ”

​ဖန့်ချန်၏ အမူအရာကို တစ်ချိန်လုံး စောင့်ကြည့်နေသော ဧကရာဇ်က ပြုံးပြီး

“ကောင်းပြီ၊ မင်း သွားနိုင်ပြီ”

ဟု ဆိုသည်။

​ဖန့်ချန် စာကြည့်ဆောင်မှ ထွက်လာသောအခါ မိန်းမစိုးယူက ယဉ်ကျေးစွာဖြင့် လိုက်လံပို့ဆောင်ပေးသည်။

​အပြန်လမ်းတွင် သူတို့သည် မြင်းစီးလာသော အဖွဲ့တစ်ဖွဲ့နှင့် ဆုံကြသည်။ ဦးဆောင်လာသူမှာ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာရှိပြီး ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။

သူက မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

​“အိမ်ရှေ့မင်းသား ဘာကိစ္စရှိလို့ ဒီဘက် ကြွလာတာလဲ”

မိန်းမစိုးယူ လန့်သွားပြီး အရိုအသေပေးလိုက်သည်။

​ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်မှာ အိမ်ရှေ့မင်းသား ဖြစ်သည်။ သို့သော် သူသည် မိဖုရားခေါင်ကြီး၏ သားမဟုတ်ဘဲ ဟွာကြင်ယာတော် ၏ သားဖြစ်သည်။

​“စစ်သူကြီးဖန့် မင်း ကျင့်ကြံခြင်း ပြန်ရပြီလို့ ငါကြားတယ် ငါ အရမ်းဝမ်းသာသွားလို့ မင်းကို ချက်ချင်း လာတွေ့တာပါ”

​အိမ်ရှေ့မင်းသားသည် မိန်းမစိုးယူကို လျစ်လျူရှုကာ ဖန့်ချန်ထံသို့ လျင်မြန်စွာ လျှောက်လာသည်။

သူက နှုတ်ဆက်သော်လည်း သူ၏ မျက်လုံးများကမူ မုသားပါနေသည်။ သူက ဖန့်ချန်၏ မျက်နှာကို စူးစမ်းကြည့်နေပြီး မျက်လုံးထဲတွင် ဒေါသရိပ်အချို့ ဖြတ်ပြေးသွားသည်။

သူက သူ၏ အမူအရာကို ဖုံးကွယ်ရန်ပင် မကြိုးစားပေ။ မျက်စိမမြင်ရသူတစ်ယောက်ရှေ့မှာ ဘာကို ဖုံးကွယ်နေစရာ လိုဦးမလဲ

​“အိမ်ရှေ့မင်းသား မတွေ့ရတာ ကြာပါပြီ ဒီနေ့ ကျွန်တော်မျိုး နည်းနည်း ပင်ပန်းနေလို့ အိမ်တော်ကို ပြန်ပြီး အနားယူချင်ပါတယ် တခြားနေ့မှပဲ စကားပြောကြရအောင်”

ဖန့်ချန်က ပြုံးပြီး အိမ်ရှေ့မင်းသားဘေးမှ ဖြတ်လျှောက်သွားသည်။

​အိမ်ရှေ့မင်းသားမှာ အနည်းငယ် ကြောင်သွားပြီး ထွက်ခွာသွားသော ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။

သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ဖြတ်ပြေးသွားပြီး သူ၏လူများကို တိုးတိုးလေး အမိန့်ပေးလိုက်သည်

“လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဖန့်ချန်နဲ့ ဆက်သွယ်ခဲ့တဲ့သူ အားလုံးကို စုံစမ်းစမ်း သူ ဘယ်လိုနည်းနဲ့ ကျင့်ကြံခြင်း ပြန်ရလာတာလဲဆိုတာ ငါ သိချင်တယ်”

​“ဟုတ်ကဲ့ပါ”

​

​အခန်း (၁၀) - မင်းကို အရင်ဆုံး ခေါင်းဖြတ်မယ်

​

ဖန့်ချန် နန်းတော်မှ ထွက်လာချိန်တွင် မိဖုရားခေါင်ကြီး၏ ရထားလုံးမှာ စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

သူမက သူ့ကို တက်လာရန် ခေါ်ပြီးနောက် ဖန့်မိသားစုအိမ်တော်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

​“ချန်အာ အရှင်မင်းကြီးက မင်းရဲ့ ရာထူးကို ပြန်ပေးပြီလား”

မိဖုရားခေါင်ကြီးက တိုးတိုးလေး မေးလိုက်သည်။

​ဖန့်ချန်က ပြုံးပြီး

“အရှင်မင်းကြီးက ကျွန်တော့်ကို အိမ်တော်မှာပဲ အနားယူဖို့ ပြောပါတယ် ကျင့်ကြံခြင်း ပြန်ရခါစဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုတယ်တဲ့”

ဟု ဆိုသည်။

​“ဒါပဲလား”

မိဖုရားခေါင်ကြီးမှာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။

​"အဒေါ် ဟွာကြင်ယာတော် က အဒေါ်ကို ပြဿနာရှာနေသေးလား"

ဖန့်ချန်က မေးလိုက်သည်။

​“အိမ်ရှေ့မင်းသားက ငါ့ကို မိဖုရားခေါင်ကြီးတစ်ယောက်အနေနဲ့ ရိုသေပေမဲ့ နောက်ဆုံးတော့ သူက ဟွာကြင်ယာတော်ရဲ့ သားပဲလေ သူမက သားဖြစ်သူရဲ့ အိမ်ရှေ့မင်းသား အဆင့်အတန်းကို အသုံးချပြီး နန်းတွင်းထဲမှာ ပြဿနာတွေ၊ ကောလာဟလတွေ ဖန်တီးနေတယ် ”

"ငါ့ကို အတိအလင်းတော့ မစော်ကားရဲပေမဲ့ ငါ့ရဲ့ သည်းခံနိုင်စွမ်းကို အမြဲ စမ်းသပ်နေတာ သူမက ငါ့ရဲ့ ရာထူးကိုတောင် မျက်စိကျနေပြီထင်တယ်...”

မိဖုရားခေါင်ကြီးက ခပ်ယဲ့ယဲ့ ပြုံးရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ ခဏမျှ တိတ်သွားပြီး

“အို... ငါကလည်း ဒါတွေကို မင်းကို ဘာလို့ ပြောနေမိတာလဲ မင်းက နန်းတွင်းနိုင်ငံရေးတွေကို ဘယ်တုန်းကမှ မကြိုက်ခဲ့တာပဲ အရှင်မင်းကြီးက အိမ်မှာ အနားယူခိုင်းတယ်ဆိုတော့လည်း မင်း ကျန်းမာရေးကိုပဲ အာရုံစိုက်ပါ”

ဟု ဆိုသည်။

​ဖန့်ချန် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ထပ်မပြောတော့ပေ။

​သူသည် ဧကရာဇ်၏ စရိုက်ကို ကောင်းကောင်းသိသည်။

​အတိတ်က သူ၏ ဂုဏ်သတင်းမှာ တောက်ပလွန်းခဲ့သည်။ သူသည် ရှ အင်ပါယာ၏ ကြည်ညိုလေးစားခံရသော မဟာစစ်သူကြီး ဖြစ်ခဲ့သည်။

ပြည်သူလူထု၏ နှလုံးသားထဲတွင် သူ၏ နေရာမှာ ဧကရာဇ်ထက်ပင် မြင့်မားနေခဲ့သည်။ ထိုအချက်ကပင် စည်းကျော်သွားခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်သည် ထိုအချက်အပေါ် ဘယ်တုန်းကမှ မကျေနပ်ခဲ့ပေ။

​ဖန့်ချန်တွင်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။ အကယ်၍ သူသာ ချင်စုန်းအင်ပါယာနှင့် အင်ပါယာကို ရန်ပြုလိုသူများကို အနိုင်ယူလိုလျှင်၊ စစ်တပ်ကို တစ်သွေးတစ်သံတစ်မိန့် အမိန့်ပေးနိုင်ရန် ထိုကဲ့သို့သော ဂုဏ်သတင်းမျိုး လိုအပ်ခဲ့သည်။

​ယခုအခါ သူ၏ ဂုဏ်သတင်းမှာ အောက်ဆုံးသို့ ကျဆင်းသွားပြီဖြစ်ရာ ဧကရာဇ်သည် ၎င်းကို ပြန်လည် တည်ဆောက်ခွင့် ပေးတော့မည် မဟုတ်ပေ။

စစ်တပ်၏ အမြင့်ဆုံး အာဏာကိုလည်း သူ့ထံ ပြန်ပေးလိမ့်မည် မဟုတ်ချေ။

​လူအနည်းငယ်သာ သိသည့် အချက်မှာ လွန်ခဲ့သော ငါးနှစ်အတွင်း သူ့အပေါ် ကျရောက်ခဲ့သော ရက်စက်သည့် ကောလာဟလများကို ဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

တစ်နေ့တွင် ဖန့်ချန်၏ ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာသွားချိန်၌ သုံးလောကတောင်တန်း တိုက်ပွဲတွင် ရှုံးနိမ့်ရခြင်းမှာ ဖန့်ချန်၏ ကိုယ်ကျိုးစီးပွား ဂုဏ်ပုဒ်ကို မက်မောမှုကြောင့် နန်းတော်၏ အမိန့်ကို ဖီဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟူသော ကောလာဟလကို လွှင့်ရန် ဧကရာဇ်က အိမ်ရှေ့မင်းသားကို ညွှန်ကြားနေသည်ကို သူ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ရသည်။

​ငါ့လက်အောက်မှာ စစ်တပ်ကြီး မရှိရင်တောင် ငါ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားနဲ့ ချင်စုန်းရဲ့ ကျူးကျော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

နောင်ကျရင် နန်းတွင်းကိစ္စတွေမှာ ငါ ပါဝင်ပတ်သက်မှာ မဟုတ်တော့ဘူး။ အခြေခံတည်ဆောက်ခြင်းနယ်ပယ် ကို ရောက်တာနဲ့ အလယ်ပိုင်းတိုက်ကြီးဆီ သွားပြီး ‘တာအိုသုံးထောင်ဂိုဏ်း’ ကို ဝင်မယ် ဟု ဖန့်ချန်က စိတ်ထဲမှ တွေးတောနေမိသည်။

​သူသည် ယခုမှ ချီသန့်စင်ခြင်းနယ်ပယ် ပထမအဆင့်မှာသာ ရှိသေးသော်လည်း ခရမ်းရောင်လျှပ်စီး အဆောင် များကို ပြုလုပ်နိုင်သည်။

ထိုလက်ဖွဲ့များဖြင့် သူသည် ချီထိန်းချုပ်ခြင်းနယ်ပယ် ပညာရှင်များကို အလွယ်တကူ အနိုင်ယူနိုင်သည်။

ထိုအစွမ်းများသည် သာမန်သိုင်းပညာ လေ့ကျင့်ခြင်းထက် များစွာ သာလွန်သည်။

​သူသည် သူ၏ ကျင့်ကြံခြင်း တိုးတက်လာလျှင် ရရှိမည့် အစွမ်းများကို မျှော်လင့်နေမိသည်။

တာအိုဆရာ ယွမ်ဟယ် ကဲ့သို့ သူ၏ ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာပြီး မိုင်ပေါင်းထောင်ချီ ခရီးလှည့်လည်နိုင်မည့် လွတ်လပ်သော နေ့ရက်များကို သူ တောင့်တနေမိသည်။

​"ကျွန်တော် မှားပါတယ် ကျွန်တော် မှားပါတယ် ကျေးဇူးပြုပြီး သနားပါဦး သခင်ကြီး ကျွန်တော့်ကလေးကို သေချာ မကြည့်မိတာ ကျွန်တော့်အမှားပါ ကျွန်တော့်ကိုပဲ ရိုက်ပါ ကျွန်တော့်ကလေးကိုတော့ အပြစ်မပေးပါနဲ့ဗျာ"

ရုတ်တရက် အပြင်ဘက်မှ တစ်စုံတစ်ဦး၏ အသည်းအသန် အသနားခံသံများ ကြောင့် ဆူညံသွားသည်။

​မိဖုရားခေါင်ကြီး မျက်မှောင်ကြုတ်သွားသည်။

“အပြင်မှာ ဘာဖြစ်နေတာလဲ”

​နန်းတွင်းသူလေးတစ်ဦးက လိုက်ကာကို လှန်ကြည့်ပြီး တိုးတိုးလေး ပြောသည်၊

"ချင်စုန်းက သိုင်းပညာရှင်တစ်ယောက် လမ်းဘေးဈေးသည်တစ်ယောက်ကို လူပုံအလယ်မှာ ရိုက်နှက်နေလို့ပါ"

​သူမ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ မြင်နေရသည်။

​“ချင်စုန်းက သိုင်းပညာရှင် ဟုတ်လား”

မိဖုရားခေါင်ကြီး၏ အမူအရာ တည်တင်းသွားသည်။

​ဖန့်ချန် ထရပ်လိုက်သည်။

​သူက ရထားလုံးပေါ်မှ ဆင်းရင်း

“ကျွန်တော် သွားကြည့်လိုက်ဦးမယ်” ဟု ဆိုသည်။

​မိဖုရားခေါင်ကြီး အနည်းငယ် လန့်သွားသော်လည်း ဖန့်ချန် ကျင့်ကြံခြင်း ပြန်ရနေပြီကို သတိရသွားသဖြင့် သက်ပြင်းချကာ စိတ်အေးသွားသည်။

​သူမက လိုက်ကာကို အနည်းငယ်ဟကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။

​ဈေးသည်တစ်ဦးသည် သိုင်းပညာရှင်တစ်ဦး၏ ခြေထောက်ကို ဖက်တွယ်ကာ အသည်းအသန် အသနားခံနေသည်ကို သူမ မြင်လိုက်ရသည်။

သူမဘေးတွင် ပါးလေးတွေ နီရဲနေသော သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးမှာ ကျယ်လောင်စွာ ငိုယိုနေသည်။ ထိုကလေးမှာ ပြင်းထန်သော ပါးရိုက်ချက်အချို့ ခံထားရပုံရသည်။

​ပတ်ဝန်းကျင်ရှိ လူအားလုံးက ထိုမြင်ကွင်းကို ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြသော်လည်း မည်သူမျှ ဝင်ရောက် စွက်ဖက်ရန် သတ္တိမရှိကြပေ။

​“မင်းရဲ့ကလေးက ငါ့ဖိနပ်ကို ပေအောင်လုပ်တယ် ဒါကြောင့် မင်းရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်တာ တရားမျှတတယ် မဟုတ်လား”

​"သခင်ကြီး ကျေးဇူးပြုပြီး သနားပါဦး ကျွန်တော့် ခြေထောက်သာ မရှိရင် မိသားစုကို ဘယ်သူမှ မကျွေးနိုင်တော့ဘဲ အားလုံး ငတ်သေကုန်ကြပါလိမ့်မယ် သနားပါဦးဗျာ"

ဈေးသည်က အသနားခံနေရှာသည်။

​“အဲဒါ ငါနဲ့ မဆိုင်ဘူး ရှ က အဆင့်နိမ့်တဲ့ သာမန်လူတချို့ သေသွားတော့ ဘာဖြစ်လဲ”

​ပတ်ဝန်းကျင်ရှိ လူများ၏ နှလုံးသားထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားပြီး၊ အနီးအနားရှိ အစောင့်များမှာလည်း လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

​“စစ်သူကြီးဖန့်”

အစောင့်အကြီးအကဲက ဖန့်ချန်ကို မြင်သဖြင့် ချက်ချင်း လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

​ဖန့်ချန်က ခပ်အေးအေး ခေါင်းညိတ်ပြပြီး ချင်စုန်းသိုင်းပညာရှင်ထံ လျှောက်သွားကာ

"မင်းကို ငါမှတ်မိတယ် မင်းနာမည်က ဟဲလုံရှန်း မဟုတ်လား"

​“စစ်သူကြီးဖန့် ပြန်လာပြီ”

ပတ်ဝန်းကျင်ရှိ လူများမှာ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။

​လွန်ခဲ့သော နှစ်များအတွင်း သူ့ကို လှောင်ပြောင်ခဲ့ကြသော်လည်း၊ သူ ပေါ်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း သူတို့ သိကြသည်။

​"အို... ဒါ ရှောင်lမိသားစုရဲ့ ဦးလေးတော် မဟုတ်လား နတ်သမီးရှောင်းနဲ့ လက်ထပ်ပွဲကိစ္စ အဆင်ပြေသွားပြီလား ဘယ်တော့ လက်ထပ်မှာလဲ "

ဟဲလုံရှန်းက ဖန့်ချန်ကို မြင်သည်နှင့် လှောင်ပြောင်လိုက်သည်။

​ဖန့်ချန်က သူ့ကို လျစ်လျူရှုထားသည်။

​သူက မြေပြင်တွင် ဒူးထောက်နေသော ဈေးသည်ကို ကြည့်ကာ

“မင်း မသွားသေးဘူးလား” ဟု ဆိုသည်။

​“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ဈေးသည်က သူ့ကို အထပ်ထပ် ကျေးဇူးတင်ကာ ကလေးကို ချီပြီး အမြန်ထွက်ခွာသွားသည်။

​ဟဲလုံရှန်း၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

သူက သူတို့ကို တားရန် ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း၊ ရုတ်တရက် ကျောရိုးထဲအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

​သေလူကဲ့သို့ အေးစက်နေသော မွဲပြာရောင် မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသဖြင့် သူ နောက်ဆုတ်သွားမိသည်။

​“ မင်းက ကိုယ်နဲ့မဆိုင်တာ ဝင်ပါလွန်းတယ်လို့ မထင်ဘူးလား အခုကစပြီး မင်းက ငါတို့ ချင်စုန်းအင်ပါယာရဲ့ နိုင်ငံသား ဖြစ်တော့မှာဆိုတာ မှတ်ထားဦး ပြင်ပလူတွေဘက်က မပါနဲ့”

သူက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

​“ဟားဟား မင်းတို့တွေ မသိသေးဘူးထင်တယ် မင်းတို့ရဲ့ သူရဲကောင်းကြီး စစ်သူကြီးဖန့်က ရှောင်းမိသားစုရဲ့ သမက်ဖြစ်တော့မှာ နောက်ကျရင် မဟာစစ်သူကြီး ရှောင်းလန်ကို အဖေ လို့ ခေါ်ရတော့မှာ”

​“သူက မင်းတို့ဘက်က ရပ်တည်ပေးမယ်လို့ တကယ်ထင်နေတာလား မင်းတို့ သိတဲ့ ချစ်တဲ့ စစ်သူကြီးဖန့်က လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သေသွားပြီ”

​ဟဲလုံရှန်း၏ ဘေးမှ ချင်စုန်းသိုင်းပညာရှင်များကလည်း လှောင်ပြောင် သရော်စကားများ ဝိုင်းပြောကြသည်။

​ရှ ပြည်သူများမှာ ဆွံ့အသွားကြသည်။ ဘာပြောရမှန်း မသိဘဲ သူတို့၏ မျက်နှာပေါ်တွင် ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများသာ ပေါ်လာတော့သည်။

​ထိုစဉ် ယူလုံချန်းသည် သူ၏ တပ်ဖွဲ့နှင့်အတူ ရုတ်တရက် ရောက်ရှိလာသည်။

​ဖန့်ချန်ကို မြင်သောအခါ သူ အနားသို့ လျှောက်လာပြီး

“စစ်သူကြီးဖန့် ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” ဟု စပ်စုမေးမြန်းလိုက်သည်။

​“နတ်သမီးရှောင်းကို မြို့ပြင်အထိ လိုက်ပို့ပေးခဲ့ပြီလား”

ဖန့်ချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း မေးသည်။

​“ဟုတ်ကဲ့ ပို့ပေးခဲ့ပါပြီ”

ယူလုံချန်းက ခေါင်းညိတ်ပြသည်။

​နတ်သမီးရှောင်း ပြန်သွားပြီ ဟုတ်လား သူက ဘာလို့ လိုက်မသွားတာလဲ နတ်သမီးရှောင်းက ဒီမနက်မှ မြို့ထဲ ရောက်တာ မဟုတ်လား ဘာလို့ ဒီလောက် စောစော ပြန်သွားတာလဲ

​ဟဲလုံရှန်းနှင့် သူ၏လူများမှာ သံသယများဖြင့် ပြည့်နှက်သွားသည်။

​"မင်းက ငါ့ကို ဦးလေးလို့ ခေါ်တာကိုတော့ ငါ နည်းနည်း သဘောကျမိပါတယ်"

ဖန့်ချန်က ခပ်အေးအေး ပြုံးလိုက်သည်။

“ဒါပေမဲ့ နှမြောစရာပဲ၊ ငါက ရှောင်းမိသားစုထဲ လက်ထပ်ဝင်မှာ မဟုတ်ဘူး ဒါကြောင့် ငါက ငါပဲ၊ မင်းရဲ့ ဦးလေး မဟုတ်ဘူး ”

​“ဘယ်လိုဖြစ်နိုင်မှာလဲ...” ဟဲလုံရှန်း အံ့အားသင့်သွားသည်။

​“ယူလုံချန်း မင်းရဲ့ ဓားကို ငါ့ကို ခဏပေး”

ဟု ဖန့်ချန်က လက်ကမ်းရင်း ပြောလိုက်သည်။

​ယူလုံချန်း ကြောင်သွားသည်။ သူက ထိတ်လန့်သွားသော ဟဲလုံရှန်းကို တစ်ချက်ကြည့်လိုက်သည်။

​“စစ်သူကြီးဖန့်”

​“ဘာမှ မပြောနဲ့တော့”

​“ဟုတ်ကဲ့”

ယူလုံချန်းက သူ၏ ဓားကို ဆွဲထုတ်ကာ ဖန့်ချန်ထံ ကမ်းပေးလိုက်သည်။

​“ငါ အရင်က ပြောခဲ့ဖူးတယ် ငါ ဓားကို ကိုင်တဲ့နေ့မှာ ဟဲလုံရှန်း မင်းက ငါ အရင်ဆုံး သတ်မယ့်သူ ဖြစ်လိမ့်မယ်လို့”

ဖန့်ချန်က ဓားကို သေချာစွာ ဆုပ်ကိုင်ပြီး လေထဲသို့ မြှောက်လိုက်သည်။

​စစ်သူကြီးဖန့်က ချင်စုန်းသိုင်းပညာရှင်တစ်ယောက်ကို သတ်တော့မှာလား

​ပတ်ဝန်းကျင်ရှိ ပြည်သူများက ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ မြင်နေရသည်ကို သူတို့ကိုယ်တိုင် မယုံနိုင်ကြပေ။ မိဖုရားခေါင်ကြီးပင်လျှင် အံ့သြလွန်း၍ မျက်လုံးများ ပြူးသွားသည်။

​ဟဲလုံရှန်းမှာမူ အံ့သြသွားသော်လည်း ရယ်ချင်ပတ်ကျိ ဖြစ်သွားကာ ဟားဟားတိုက် ရယ်မောလိုက်သည်။

“မင်းက ငါ့ကို သတ်ချင်တယ် ဟုတ်လား ငါ့အနောက်မှာ ချင်စုန်းအင်ပါယာ တစ်ခုလုံး ရှိတယ်ကွ”

​“ဟားဟား”

​ဟဲလုံရှန်း ဘေးရှိ ချင်စုန်းသိုင်းပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝိုင်းရယ်ကြသည်။ ဖန့်ချန်၏ စကားမှာ သူတို့အတွက်တော့ လွန်ခဲ့သော ငါးနှစ်အတွင်း သူတို့ ကြားခဲ့ရသမျှ အကောင်းဆုံး ဟာသတစ်ခု ဖြစ်နေပုံရသည်။

ဟဲလုံရှန်းက သူ၏ခေါင်းကို စောင်းကာ လည်ပင်းကို ဆန့်ထုတ်ပေးလိုက်ပြီး လှောင်ပြောင်လိုက်သည်၊

“စစ်သူကြီးဖန့် လာလေ သတ်စမ်းပါ ငါသာ အသံတစ်ချက် ထွက်လိုက်ရင် ငါ...”

​ချွတ်…

​ဓားချက်က လျှပ်စီးကဲ့သို့ ကျဆင်းသွားပြီး ဟဲလုံရှန်း၏ ဦးခေါင်းမှာ ကိုယ်ထည်မှ ပြတ်တောက်သွားသည်။

၎င်းသည် မြေပြင်ပေါ်သို့ ‘ဘုန်း’ ကနဲ ကျသွားပြီးနောက် ပေတစ်ဆယ်ခန့်အကွာအထိ လိမ့်သွားတော့သည်။ သူ၏ လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာခဲ့သည်။

END.

All Chapters