အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အပိုင်း (၂၇) - ဝိညာဉ်သွေးကျမ်းစာ
ဖန်ချန်သည် ပုလင်းထဲတွင် ပုံမှန်မဟုတ်သော အရာများ ရှိမရှိကို သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် အရင်စစ်ဆေးလိုက်သည်။
ထူးခြားမှု မတွေ့ရတော့မှ ပုလင်းကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် အဖြူရောင် ဝတုတ်တုတ် ပိုးကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်းမှာ နတ်ဘုရားမရှောင်း၏ ခန္ဓာကိုယ်ထဲမှ တွေ့ရသော ပိုးကောင်ထက် အဆပေါင်းများစွာ ပိုကြီးသည်။ ၎င်းမှာ မျိုးဆက်ပိုးကောင် တို့၏ မိခင်ပိုးကောင် ဖြစ်ဖို့ များသည်။
သူ၏ ဝိညာဉ်စွမ်းအင်ကို တစ်ချက် တုန်ခါလိုက်ရုံဖြင့် ထိုပိုးကောင်နှင့် ပုလင်းမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက် သူသည် သားရေအိတ်ကို ဖွင့်ကြည့်လိုက်ရာ လက်မခန့်ရှိသော အဖြူရောင်ကျောက်တုံး တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရပြီး တစ်တုံးချင်းစီတွင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။
"ဝိညာဉ်ကျောက်တုံးတွေလား ဒါ တကယ့် ပစ္စည်းကောင်းပဲ"
ဖန်ချန်၏ မျက်လုံးများ တောက်ပသွားသည်။
တာအို သုံးထောင် အခြေခံ စာအုပ်ထဲတွင် ဝိညာဉ်ကျောက်တုံးများအကြောင်း သီးသန့် အခန်းကဏ္ဍတစ်ခု ပါရှိသည်။
ဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို မြန်ဆန်စေပြီး ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးနိုင်သဖြင့် ကျင့်ကြံသူများအတွက် အရေးပါလှသည်။
ထို့အပြင် ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံခြင်းလောက၏ ငွေကြေးလည်း ဖြစ်သည်။ ကျင့်ကြံသူများ၏ မျက်စိတွင် ရွှေနှင့် ငွေမှာ ဝိညာဉ်ကျောက်တုံးများနှင့် ယှဉ်လျှင် တန်ဖိုးမရှိသလောက်ပင်။
ဖန်ချန်တွေ့ရှိသော ကျောက်တုံးများသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ၏ ဖော်ပြချက်နှင့် ကိုက်ညီနေသည်။ ဝိညာဉ်ကျောက်တုံးများအပြင် ဝိညာဉ်သွေးကျမ်းစာဟု ရေးသားထားသော လက်စွဲစာအုပ် တစ်အုပ်ကိုလည်း သူ တွေ့ရှိခဲ့သည်။
"ဒါက သူ့ရဲ့ ကျင့်စဉ်စာအုပ်ပဲ"
ဖန်ချန်၏ မျက်လုံးများ မှေးသွားသည်။
ဖန်ချန်သည် အိတ်ထဲတွင် ထပ်မံရှာဖွေကြည့်ရာ ကျမ်းစာအုပ်ဘေး၌ ထူးခြားသော တံဆိပ်ပြားတစ်ခုကို တွေ့ရသည်။
၎င်းပေါ်တွင် "နဂါးကျောရိုးလမ်းကြား" ဟု ရေးထိုးထားသည်။
နဂါးကျောရိုးလမ်းကြား ဒါက အထူးတံဆိပ်ရှိမှ ဝင်လို့ရတဲ့ ဈေးတစ်ခုခု ဖြစ်နိုင်တယ်။
ကျင့်ကြံသူတွေ စုဝေးရာနေရာလား ဒါမှမဟုတ် ဝိညာဉ်သွေးဂိုဏ်းသားတွေ စုတဲ့နေရာလား ဟု ဖန်ချန် တွေးတောနေမိသည်။
တာအိုဆရာ သေဆုံးသွားပြီ ဖြစ်သော်လည်း သူ ချန်ထားခဲ့သော ပစ္စည်းများမှတစ်ဆင့် ဖန်ချန်မှာ လိုက်လံစုံစမ်းရန် သဲလွန်စတစ်ခု ရရှိခဲ့သည်။
ဝိညာဉ်သွေးကျမ်းစာကို လှန်လှောကြည့်လိုက်သောအခါ ဖန်ချန်၏ မျက်နှာမှာ တဖြည်းဖြည်း လေးနက်သွားသည်။ ၎င်းမှာ မိစ္ဆာကျင့်စဉ် လမ်းစဉ်ဖြစ်ကြောင်း သူ သတိပြုလိုက်မိသည်။
ထိုကျင့်စဉ်ကို စတင်ရန်အတွက် ဝိညာဉ်သွေး မသေမျိုးသွေးကြော ကို တည်ဆောက်ရန် လူသားသွေး အပုံတစ်ရာ လိုအပ်သည်ဟု ဆိုထားသည်။
ထိုသွေးကြောကို တည်ဆောက်ပြီးသည်နှင့် လူသားများ၏ သွေးအဆီအနှစ်နှင့် ပို၍အဆင့်မြင့်သော ကျင့်ကြံသူများ၏ သွေးအဆီအနှစ်များကိုပါ စုပ်ယူနိုင်မည် ဖြစ်သည်။
"ထူးဆန်းတယ် ဒီဝိညာဉ်သွေးဂိုဏ်းက မိစ္ဆာဂိုဏ်းတစ်ခု မဟုတ်သင့်ဘူး သူတို့ရဲ့ နောက်ခံက ဘာလဲ ပိုအရေးကြီးတာက သူတို့ရဲ့ ကျင့်ကြံသူတွေက မြို့တော်ထဲမှာ ဘာလို့ ပုန်းအောင်းနေရတာလဲ"
ဖန်ချန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဝိညာဉ်သွေးဂိုဏ်း၏ ကျင့်စဉ်အရဆိုလျှင် ထိုတာအိုဆရာသည် မြို့တော်တွင် နေထိုင်စဉ်အတွင်း လူသားများ၏ သွေးအဆီအနှစ် အမြောက်အမြားကို စုပ်ယူခဲ့ဖွယ် ရှိသည်။ ဖန်ချန်အနေဖြင့် မြို့တော်အတွင်း ထိုကဲ့သို့သော ရက်စက်ယုတ်မာမှုမျိုးကို သည်းမခံနိုင်ပေ။
သူသည် ထျဲမဘက်သို့ လှည့်ကာ
"ရွှီဂီ ကို သွားခေါ်လိုက်"
ဟု ညွှန်ကြားလိုက်သည်။
ထျဲမာက ခေါင်းညိတ်ပြီး ထွက်သွားသည်။
ထိုကိစ္စမှာ မရိုးရှင်းကြောင်း သူ ရိပ်မိသည်။ မဟုတ်လျှင် ဖန်ချန်၏ မျက်မှောင်များ တစ်ချိန်လုံး ကြုတ်နေမည် မဟုတ်ပေ။
မကြာမီ ရွှီဂီ အပြေးအလွှား ရောက်လာသည်။ မြေပြင်ပေါ်ရှိ တာအိုဆရာ၏ အလောင်းကို မြင်သောအခါ သူ အံ့အားသင့်သွားပြီး
"သခင်လေး... ဒါ ဘယ်သူလဲ"
ဟု စူးစမ်းစွာ မေးလိုက်သည်။
"သူ့မျက်နှာကို မှတ်ထားပါ ပြီးတော့ ငါ့စကားကို တခြားလူတွေကို ပါးလိုက်၊ ဒီတာအိုဆရာရဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းကို အားလုံး ဝိုင်းပြီး စုံစမ်းကြပါ"
ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။
ရွှီကော်က ချက်ချင်း ခေါင်းညိတ်ကာ
"စိတ်ချပါ သခင်လေး ကျွန်တော် ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်လိုက်ပါ့မယ်"
ဟု ဖြေသည်။
ခဏအကြာတွင် သူ ထွက်သွားပြီး ထျဲမက အလောင်းကို ဖျောက်ပစ်ရန်နှင့် နေရာရှင်းလင်းရန် တာဝန်ယူလိုက်သည်။ ဖန်ချန်ကမူ သူ၏ အခန်းထဲသို့ ပြန်သွားခဲ့သည်။
အခန်းထဲတွင် ဖန်ချန်သည် ဝိညာဉ်ကျောက်တုံးများကို ကိုင်တွယ်ကြည့်နေစဉ် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်မှ ခွာထွက်သွားပြန်သည်။
မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ မြင်နိုင်သည့်အထိ သူ၏ ဝိညာဉ်မှာ အထက်သို့ ပျံတက်သွားသည်။
မဟာရှမြစ်နှင့် နန်းတော်မှအပ ကျန်နေရာအားလုံးမှာ မှောင်အတိ ကျနေသည်။
ဖန်ချန်သည် သဲလွန်စတစ်ခုခု ရလိုရငြား မြို့တော်တစ်ခုလုံးကို ဝိညာဉ်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။
သံသယဖြစ်ဖွယ် ဘာမှမရှိ...
နောက်ဆုံးတွင် ဖန်ချန်၏ ဝိညာဉ်သည် နန်းတော်အထက်သို့ ရောက်ရှိသွားသည်။
ရုတ်တရက် သူ၏ ရင်ခုန်သံ မြန်လာသည်။ အနီးအနားတွင် သူ့ကို အန္တရာယ်ဖြစ်စေသည့် အရာတစ်ခု ရှိနေသည်။
ထိုခံစားချက်၏ ရင်းမြစ်ကို တိတိကျကျ မသိရသော်လည်း နန်းတော်ထဲတွင် တစ်ခုခု ပုန်းအောင်းနေသည်ကိုမူ သူ ခပ်ရေးရေး သိလိုက်သည်။
ဖန်ချန်၏ ဝိညာဉ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
သူသည် နန်းတော်ရှိရာ ဘက်သို့ ကြည့်လိုက်ရင်း
"နန်းတော်ထဲမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေရမယ်"
ဟု ရေရွတ်လိုက်သည်။
အကယ်၍ ဝိညာဉ်သွေးဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးသာ နန်းတော်ထဲတွင် ပုန်းအောင်းနေပါက ၎င်းမှာ ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ဖန်ချန်သည် ရန်သူကို ရုတ်တရက် မထိတ်လန့်စေရန် ဆုံးဖြတ်လိုက်သည်။ နန်းတော်နှင့် ဝိညာဉ်သွေးဂိုဏ်းကြား ဆက်နွှယ်မှု ရှိမရှိကို သူ တဖြည်းဖြည်းချင်း စုံစမ်းသွားမည် ဖြစ်သည်။
သူသည် ချီသန့်စင်ခြင်း ဒုတိယအဆင့်မှာသာ ရှိသေးသည် မဟုတ်ပါလား။
သူ၏ ခရမ်းရောင်လျှပ်စီးအဆောင် များ ရှိသော်လည်း ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်ရန်မှာ မသေချာသေးပေ။
'ဒီငါးနှစ်အတွင်းမှာ ငါ တစ်ခါမှ ဒီလိုမျိုး မခံစားခဲ့ရဖူးဘူး ကျင့်ကြံခြင်းက ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို ပြောင်းလဲစေခဲ့တာ ဖြစ်မယ်။'
၎င်းမှာ တိုက်ဆိုင်မှုတစ်ခုဟု သူ မယုံကြည်ပေ။
ပြီးခဲ့သော ငါးနှစ်လုံး နန်းတော်တွင် အန္တရာယ်ရှိကြောင်း သူ တစ်ခါမှ မခံစားခဲ့ရသော်လည်း အခုမှ ခံစားရခြင်းမှာ သူသည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
နောက်တစ်နေ့ နံနက်
ဖန်ချန်သည် နတ်ဘုရားမရှောင်း၏ အခန်းသို့ ရောက်လာသည်။ သူမ အဝတ်အစား သေသေသပ်သပ် ဝတ်ထားသည်ကို မြင်သောအခါ
"ငါတို့အိမ်တော်က ရထားလုံးနဲ့ မင်းကို မြို့ပြင်အထိ လိုက်ပို့ပေးမယ်"
ဟု အေးဆေးစွာ ပြောလိုက်သည်။
"ငါ ပြောပြီးပြီလေ အားလုံးကို ရှင်းရှင်းလင်းလင်း မသိရမချင်း ငါ မထွက်သွားဘူး"
ဟု သူမက ပြန်ဖြေသည်။
"အဲဒီလူမှာ နောက်လိုက်တွေ ရှိသေးတယ် မင်း ဒီမှာ ရှိနေတာကို သူတို့ သိသွားရင် အသက်ရှင်လျက် ထွက်သွားနိုင်မယ် ထင်လို့လား"
ဖန်ချန်က ခနဲ့လိုက်သည်။
"ဒါ့အပြင် မင်းရဲ့ အစွမ်းနဲ့ဆိုရင် တစ်ခုခုကို ရှာတွေ့ရင်တောင် မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"နင်နဲ့ တတိယမင်းသားက တော်တော်ရင်းနှီးတယ်လို့ ငါ ကြားထားတယ် သူ အခု ငါတို့ ချင်းစုန်းမှာ အကျဉ်းသား ဖြစ်နေတာ မဟုတ်လား မင်းတို့နှစ်ယောက် အဆက်အသွယ် ပြတ်နေတာ ကြာပြီပဲ"
နတ်ဘုရားမရှောင်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။
ဖန်ချန်၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပေါ်လာသည်။
"မင်းက သူ့ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား
"
"မဟုတ်ပါဘူး ခြိမ်းခြောက်တာ မဟုတ်ဘူး စဉ်းစားကြည့်ပါဦး၊ နင်က ချင်းစုန်းက စစ်သည်တွေ အများကြီးကို သတ်ခဲ့တာလေ အဲဒါကို သူတို့ သိသွားရင် မရှက အကျဉ်းသားကို ဘယ်လိုဆက်ဆံမလဲ အခု ငါက မင်းလက်ထဲမှာ ရှိနေတော့ အနည်းဆုံးတော့ ငါ့အဖေက မင်းတို့မင်းသား ဘေးကင်းဖို့အတွက် ကြားဝင်ပေးမှာပေါ့"
ဟု နတ်ဘုရားမရှောင်းက မျက်လုံးကစားရင်း ပြောလိုက်သည်။
သူမ မဟာရှမြို့တော်တွင် နေချင်ရသည့် အဓိက အကြောင်းရင်းမှာ ထိုတာအိုဆရာ၏ နောက်ခံကို သိချင်ရုံသက်သက် မဟုတ်ပေ။
သူမသည် ရှေးဟောင်းဒဏ္ဍာရီတစ်ခုကို သတိရသွားခြင်း ဖြစ်သည်။
သန်မာသော အင်ပါယာများတွင် သိုင်းကျင့်ကြံခြင်းနည်းစနစ်ထက် သာလွန်သော အစွမ်းထက်နည်းစနစ်တစ်ခု ရှိသည်ဟု ဆိုကြပြီး ယနေ့ သူမ ကြုံတွေ့ခဲ့ရသည်မှာ ထိုအစွမ်း ဖြစ်နိုင်သည်ဟု သူမ ယူဆလိုက်သည်။
'ဖန်ချန် ရုတ်တရက် ကျန်းမာလာတာကလည်း အဲဒါကြောင့် ဖြစ်မယ်'
ဟု တွေးလိုက်ရင်း သူမ စိတ်လှုပ်ရှားသွားသည်။
အကယ်၍ သူမသာ ထိုကဲ့သို့သော အစွမ်းကို ရရှိခဲ့ပါက ချင်းစုန်းအင်ပါယာအတွက် ကြီးမားသော အောင်မြင်မှု ဖြစ်လာမည်ဖြစ်ပြီး အဆင့်(၈)အင်ပါယာဖြစ်ရန်လည်း နီးစပ်လာမည် ဖြစ်သည်။
"နတ်ဘုရားမရှောင်း မင်း သိထားဖို့က မင်းသာ သေသွားရင် တတိယမင်းသားလည်း အသတ်ခံရမှာပဲ မဟုတ်လား"
ဖန်ချန်က မေးလိုက်သည်။
နတ်ဘုရားမရှောင်း၏ မျက်နှာတွင် သတိထားရိပ်များ ချက်ချင်း ပေါ်လာသည်။
"ဖန်ချန်... မဆင်မခြင် မလုပ်နဲ့ဦး..."
"ငါ့ကို ဖြေပါ။"
ဖန်ချန်က သူမကို စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ငါ သေရင် အကျဉ်းသားလည်း ငါနဲ့အတူ သေမှာပဲ"
ဟု နတ်ဘုရားမရှောင်းက လေးနက်စွာ ပြောလိုက်သည်။
"အဲဒါပဲလေ ဒါဆို ဘယ်သူက တတိယမင်းသားကို သေစေချင်တာလဲ"
ဖန်ချန်က တွေးတောရင်း ရေရွတ်လိုက်သည်။
"မင်း ပြောချင်တာက... ငါ့ကို သတ်ချင်တဲ့သူက အိမ်ရှေ့မင်းသားနဲ့ ပတ်သက်နေတာလို့ ပြောတာလား သူက ငါ့ကို သတ်ပြီး ချင်းစုန်းအင်ပါယာက တတိယမင်းသားကို သတ်အောင် လုပ်ချင်နေတာလား"
နတ်ဘုရားမရှောင်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူမသည် မဟာရှ၏ အခြေအနေကို ကောင်းကောင်းသိထားပြီး အိမ်ရှေ့မင်းသားနှင့် တတိယမင်းသားကြား ရှုပ်ထွေးသော ပတ်သက်မှုများကိုလည်း သိရှိထားပုံရသည်။
"ဒါက ခန့်မှန်းချက်တစ်ခုပဲ ဒါပေမဲ့ အဲဒါက အကျိုးအကြောင်း အညီညွတ်ဆုံး မဟုတ်ဘူးလားအိမ်ရှေ့မင်းသားက ငါ ကျင့်ကြံခြင်း ပြန်ရပြီဆိုတာ သိတာနဲ့ မင်းကိုသတ်ဖို့ လူလွှတ်လိုက်တာလေ ငါ ချင်းစုန်းကို သွားပြီး တတိယမင်းသားကို ပြန်ခေါ်လာမှာကို သူ ကြောက်နေလို့ မဟုတ်လား"
ဖန်ချန်က ပြုံးလိုက်သည်။
"ဒါ့အပြင် အဲဒီတာအိုဆရာကို ဘယ်မှာ မြင်ဖူးသလဲဆိုတာ ငါ အခု မှတ်မိပြီ။"
"နင်တို့ မဟာရှက အပြင်ပန်း မြင်ရသလို မရိုးရှင်းဘူးပဲ..."
ဟု သူမက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
'ဒါပေမဲ့ မင်းတို့ဆီမှာ ဒီလောက် အစွမ်းရှိရင် သုံးလောကတောင်တိုက်ပွဲမှာ ဘာလို့ အရှုံးကြီး ရှုံးခဲ့ရတာလဲ'
သူမ တွေးလေလေ ပို၍ စိတ်မသက်မသာ ဖြစ်လေလေ ဖြစ်နေတော့သည်
အပိုင်း (၂၈) - စစ်ပွဲများချုပ်ငြိမ်းရာ ကဗျာဝိုင်း
ဖန်ချန် သည် နတ်ဘုရားမရှောင်း ကို မြို့ပြင်သို့ မနှင်ထုတ်ဘဲ သူမနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့သည်။
သူမသည် အစေခံမိန်းကလေးတစ်ဦး၏ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ မျက်နှာကို အနည်းငယ် ပြင်ဆင်ပြီး ဖန်ချန်၏ အိမ်ဖော်မလေးအဖြစ် ဟန်ဆောင်ကာ မဟာရှ မြစ်သို့ လိုက်ပါလာခဲ့သည်။
ထိုနေရာတွင် ကုဟယ် ၊ လုံတူး နှင့် ယီကျိုး အင်ပါယာများမှ ပညာရှိများ တက်ရောက်မည့် ကဗျာဝိုင်းတစ်ခု ကျင်းပနေခြင်း ဖြစ်သည်။
မဟာရှ မြို့တော်ရှိ မိသားစုကြီးများမှ လူငယ်ပညာရှိများနှင့် အမျိုးသမီးငယ်များလည်း တက်ရောက်ကြသည်။
ထိုကဗျာဝိုင်းကို အိမ်ရှေ့မင်းသားကိုယ်တိုင် ဦးစီးကျင်းပခြင်း ဖြစ်သည်။
ကဗျာဝိုင်း၏ ခေါင်းစဉ်မှာ “စစ်ပွဲများချုပ်ငြိမ်းရာ” ဖြစ်ပြီး အင်ပါယာအသီးသီးကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“ဟားဟား ရှင်တို့တွေက ဘာမှလုပ်စရာမရှိရင် ကဗျာစပ်ရတာကို တော်တော်ဝါသနာပါတာပဲ ချင်းစုန်း က လူတွေကတော့ အားလပ်ချိန်ရှိရင် သိုင်းပညာကိုပဲ ပိုလေ့ကျင့်ကြတယ်”
ဟု နတ်ဘုရားမရှောင်းက လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဖန်ချန်က ပြုံးရုံသာ ပြုံးပြီး ဘာမှပြန်မပြောခဲ့ပေ။
မဟာရှမြစ်ကမ်းတစ်လျှောက်တွင် ရာနှင့်ချီသော ပညာရှိများနှင့် အမျိုးသမီးငယ်များ စုဝေးနေကြပြီး တစ်ဦးချင်းစီက သူတို့၏ ကဗျာများကို ရွတ်ဆိုနေကြသည်။
တိကျသော အကြောင်းအရာ သတ်မှတ်ထားပုံမရပေ။ အချို့က လှပသော တောင်တန်းနှင့် မြစ်ချောင်းများကို ချီးမွမ်းကြပြီး အချို့ကမူ အင်ပါယာများ၏ လက်ရှိအခြေအနေကို ဝေဖန်နေကြသည်။
ထိာနေရာတွင် စုဝေးနေသူ အများစုမှာ ပညာရှိများ ဖြစ်ကြသော်လည်း အများစုမှာ သိုင်းပညာကိုလည်း လေ့ကျင့်ထားကြသည်။
သို့သော် သူတို့မှာ ချီစုစည်းခြင်းအဆင့် တွင်သာ ကန့်သတ်ခံထားရပြီး ချီပေါက်ကွဲခြင်းအဆင့် သိုင်းသမားတစ်ဦးကို ရှာရန်ပင် ခဲယဉ်းလှသည်။
အစပိုင်းတွင် ဖန်ချန် ရောက်ရှိလာသည်ကို မည်သူမှ သတိမထားမိကြပေ။
သို့သော် သူသည် လူအုပ်ကြီး၏ အလယ်ဗဟိုသို့ တဖြည်းဖြည်း တိုးဝင်သွားသောအခါ တစ်စုံတစ်ယောက်က သူ့ကို မြင်သွားခဲ့သည်။
“ဖန်ချန်”
“သူက ဘာလို့ ကဗျာဝိုင်းကို လာတာလဲ”
“သိုင်းသမားတစ်ယောက်က ကဗျာဝိုင်းကို ဘာလာလုပ်တာလဲ တစ်ယောက်ယောက်ကို သတ်ဖို့ လာတာလား လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ လီဟွမ် တောင် သူ့လက်ထဲမှာ သေသွားတာလေ”
“လီညီနောင်က စာပေဗဟုသုတ အလွန်ကြွယ်ဝပြီး အလားအလာရှိတဲ့သူပါ။ ကံမကောင်းစွာနဲ့ပဲ ဒီသိုင်းသမားကို သွားစော်ကားမိလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရရှာတယ်၊ တကယ့်ကို နှမြောစရာပဲ”
လူအုပ်ကြားတွင် တီးတိုးစကားများ ပျံ့နှံ့သွားသည်။
ပညာရှိအများစုမှာ ဖန်ချန်အပေါ် ကောင်းမွန်သော အမြင်မရှိကြပေ။
လွန်ခဲ့သော ငါးနှစ်က သူ ရှုံးနိမ့်ခဲ့စဉ်ကလည်း ထိုသူများမှာ အပြင်းထန်ဆုံး ဝေဖန်ခဲ့ကြသူများ ဖြစ်သည်။
ဖန်ချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိခဲ့သော်လည်း နန်းတွင်းသို့ ဝင်ရောက်ခွင့်နှင့် စစ်တပ်ကို ဦးဆောင်ခွင့်ကို ထာဝရ ပိတ်ပင်ခံထားရသဖြင့် သူ၏ နိုင်ငံရေးအာဏာမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
သူတို့က သူ့ကို မထီမဲ့မြင် ကြည့်လိုက်ကြသည်။ နိုင်ငံရေးအာဏာမရှိလျှင် သူသည် သာမန်သိုင်းသမားတစ်ဦးမျှသာ ဖြစ်သည်။
“သူ ဘာလို့ ဒီမှာ ရှိနေတာလဲ”
ရဲ့ချင်ဟဲ သည် အဝေးမှ ဖန်ချန်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ရဲ့ချင်ဟဲ ၏ ဘေးတွင် အထက်တန်းလွှာ မိသားစုများမှ လူငယ်ပညာရှိများနှင့် အမျိုးသမီးငယ် အချို့ ရပ်နေကြသည်။
“ဒီနေ့က ‘စစ်ပွဲများချုပ်ငြိမ်းရာ’ ကဗျာဝိုင်း ကျင်းပတဲ့နေ့လေ မဟာ ရှရဲ့ အဆိုးဆုံးရာဇဝတ်သားက ဒီမှာ ဘာလာလုပ်တာလဲ သူက ဝန်းကျင်တစ်ခုလုံးကို ညစ်နွမ်းအောင် လုပ်နေတာပဲ”
ဟု ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာရှိသည့် လူငယ်တစ်ဦးက နှာခေါင်းရှုံ့လိုက်သည်။
သူကား အခမ်းအနားရေးရာဝန်ကြီး၏ သား ထောင်ယွီ ဖြစ်သည်။ သူသည် မြို့တော်တွင် ထင်ရှားသော ပညာရှိတစ်ဦးဖြစ်ပြီး အိမ်ရှေ့မင်းသား၏ အကြိုက်ဆုံးသူလည်း ဖြစ်သည်။
ရဲ့ချင်ဟဲ နှင့်အတူ သူတို့ကို အိမ်ရှေ့မင်းသား၏ စာပေနှင့် စစ်ရေး အစောင့်အရှောက်များဟု လူသိများကြသည်။
“ထောင်ညီနောင်... ငါတို့ သွားပြီး အဲဒီလူကို နှုတ်ဆက်ကြရအောင်”
ဟု ရဲ့ချင်ဟဲ က ပြုံးလျက် ပြောလိုက်သည်။
ထောင်ယွီက မောက်မာစွာ ပြုံးလိုက်သည်။
“ကောင်းပြီလေ”
ထိုအုပ်စုမှာ ဖန်ချန်ရှိရာသို့ လျှောက်လာကြသည်။
၎င်းကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ ပညာရှိများနှင့် အမျိုးသမီးငယ်များကလည်း သူတို့နောက်မှ လိုက်လာကြသည်။
“ဒါ နတ်စစ်သူကြီးဖန် မဟုတ်ပါလား ဒီနေ့ ကဗျာဝိုင်းမှာ ခင်ဗျားကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါမှမဟုတ် ခင်ဗျားက ကျွန်တော်တို့ကို ကဗျာအကြောင်း အလင်းပြဖို့ လာတာလား”
ဟု ထောင်ယွီက ဖန်ချန်အနား ရောက်သောအခါ ခနဲ့တဲ့တဲ့ မေးလိုက်သည်။
လူအုပ်ကြီးမှာ တခိခိ ရယ်မောလိုက်ကြသည်။
ဖန်ချန်သည် ယခင်က မည်သည့် ကဗျာဝိုင်းတွင်မှ မပါဝင်ဖူးကြောင်း လူတိုင်း သိကြသည်။
ပညာရှိတစ်ဦးဖြစ်ဖို့ နေနေသာသာ သူသည် စာပင် အများကြီး သင်ခဲ့ရသူ မဟုတ်ပေ။
ငယ်စဉ်ကတည်းက စစ်တပ်ထဲတွင်သာ အချိန်ကုန်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဤနေရာရှိ မည်သည့် သာမန်လူမဆို သူ့ကို ကဗျာအကြောင်း သင်ပြနိုင်သည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ထောင်ယွီ၏ လှောင်ပြောင်စကားများကို ကြားရသောအခါ နတ်ဘုရားမရှောင်းမှာ အနည်းငယ် စိတ်ဝင်စားသွားသည်။
ဖန်ချန်က ထိုအခြေအနေကို ဘယ်လို တုံ့ပြန်မလဲ စစ်မြေပြင်မှာလိုပဲ ဓားဆွဲထုတ်လိုက်မလား
“သူသာ ဒီလူတွေအားလုံးကို သတ်ပစ်လိုက်ရင် တကယ့်ကို ကြည့်ကောင်းမှာပဲ”
ဟု နတ်ဘုရားမရှောင်း၏ မျက်လုံးထဲတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
“မင်းက ဘယ်သူလဲ”
ဖန်ချန်က စဉ်းစားဟန်ဖြင့် ထောင်ယွီကို ကြည့်ကာ မေးလိုက်သည်။
ဖန်ချန်က သူ့ကို မမှတ်မိနိုင်လိမ့်မည်ဟု မထင်ထားသဖြင့် ထောင်ယွီမှာ အနည်းငယ် ကြောင်သွားသည်။
သူ၏ မျက်နှာပေါ်မှ အပြုံးမှာ တောင့်ခဲသွားပြီး ပတ်ဝန်းကျင်မှ လူများကလည်း ဇဝေဇဝါဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
“ဖန်ချန်... မင်းက မြို့တော်ရဲ့ နံပါတ်တစ် ပညာရှိ ထောင်ယွီကိုတောင် မသိဘူးလား ဒါပေမဲ့ မင်းက တိုက်ခိုက်ဖို့ပဲ သိတဲ့သူဆိုတော့လည်း မဆန်းပါဘူးလေ”
ဟု ရဲ့ချင်ဟဲ က ထောင်ယွီအတွက် ကြားဝင်ညှိနှိုင်းပေးရင်း ဖန်ချန်ကိုပါ တစ်လက်စတည်း လှောင်ပြောင်လိုက်သည်။
တစ်ခုခုကို သတိရသွားသကဲ့သို့ ဖန်ချန်က
“အော်... မင်းက မဟာရှမြို့တော်ရဲ့ နံပါတ်တစ် ပညာရှိကိုး ငါလည်း အခုတလော အားနေတာနဲ့ အိမ်ရှေ့မင်းသားက ဒီမှာ ကဗျာဝိုင်း ကျင်းပနေတယ်ဆိုတာ ကြားလို့ လာကြည့်တာပါ ပျော်စရာလေး ဖြစ်မယ်ထင်လို့လေ တစ်ခါတလေ ကဗျာလေး ဘာလေး ရွတ်ရတာက စိတ်ကို ကြည်လင်စေတာပဲ မဟုတ်လား”
ဟု ပြောလိုက်သည်။
ဖန်ချန်က အပျော်သဘောဖြင့် လာခြင်းဖြစ်ကြောင်း ကြားရသောအခါ လူများ၏ ရန်လိုသော အကြည့်များမှာ အနည်းငယ် လျော့ပါးသွားသည်။
အနည်းဆုံးတော့ သူသည် သူ့အခြေအနေကို သူ သိပုံရသည်။
ထို့အပြင် ယခင် နတ်စစ်သူကြီးဟောင်း တစ်ဦး ယနေ့ ကဗျာဝိုင်းတွင် ပါဝင်ခြင်းက အခမ်းအနားအတွက် တန်ဖိုးကို ပိုမိုမြင့်တက်စေသည်။
အခြေအနေများမှာ ယဉ်ကျေးသိမ်မွေ့စွာ တိုးတက်နေသည်ကို မြင်ရသဖြင့် နတ်ဘုရားမရှောင်မှာမူ စိတ်ပျက်သွားသည်။
“ဘာဖြစ်လို့လဲ ငါ့ကို ဒီမှာ မကြိုဆိုဘူးလား”
ဖန်ချန်က ပြုံးလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ ခင်ဗျားက အရင်က ကဗျာဆိုရင် နှာခေါင်းရှုံ့ခဲ့တာလေ၊ အခုတော့ နှစ်အနည်းငယ်ကြာ ဆင်ခြင်သုံးသပ်ပြီးနောက်မှာ ခင်ဗျားရဲ့ အမြင်တွေ ပြောင်းလဲသွားပုံရတယ်”
ထောင်ယွီက ပြုံးလျက် သူ၏ လက်စွပ်များကို ခါလိုက်သည်။
“နတ်စစ်သူကြီးဖန်... ကျေးဇူးပြုပြီး ထိုင်ပါဦး”
ထိုအပိုင်းတွင် ထိုင်နိုင်သူများမှာ ထူးခြားသော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
ဖန်ချန်က ပြုံးပြီး သာမန်နေရာတစ်ခုတွင် ထိုင်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး
“အိမ်ရှေ့မင်းသားက ဘာလို့ ရောက်မလာသေးတာလဲ” ဟု မေးလိုက်သည်။
“အိမ်ရှေ့မင်းသားက နတ်မိမယ်ယွီ ကို သွားပင့်နေတာပါ”
ဟု ရဲ့ချင်ဟဲ က တည်ငြိမ်စွာ ပြောလိုက်သည်။
“နတ်မိမယ်ယွီ”
ဟူသော အမည်ကို ကြားလိုက်သည်နှင့် လူများစွာ၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ဝင်းလက်သွားသည်။
မဟာရှမြို့တော်တွင် အကျော်ကြားဆုံး အမျိုးသမီးမှာ ကျောက်စိမ်းနတ်မင်းလှေ မှ နတ်မိမယ်ယွီ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
သာမန်လူများအနေဖြင့် သူတို့၏ အရာအားလုံးကို စတေးလျှင်ပင် သူမကို တွေ့ဆုံရန်မှာ မဖြစ်နိုင်သလောက်ပင်။
“သူမလို အဆင့်အတန်းမရှိတဲ့ အမျိုးသမီးကတောင် ဒီနေ့ ကဗျာဝိုင်းမှာ ပါချင်နေတာလား”
ဟု အမျိုးသမီး ပညာရှိတစ်ဦးက မကျေမနပ် ရေရွတ်လိုက်သည်။ သို့သော် ကဗျာဝိုင်းကို အိမ်ရှေ့မင်းသားက အိမ်ရှင်အဖြစ် ကျင်းပခြင်း ဖြစ်သောကြောင့် သူတို့၏ မကျေနပ်မှုကို ဗြောင်မပြဝံ့ကြပေ။
ထိုအချိန်တွင် လူအုပ်စုတစ်စုမှာ အဝေးမှ လျှောက်လာကြသည်။
ရဲ့ချင်ဟဲ နှင့် အခြားသူများက သူတို့ကို ကြိုဆိုရန် မတ်တပ်ရပ်လိုက်ကြသည်။
ရောက်ရှိလာသူမှာ အိမ်ရှေ့မင်းသား ဖြစ်သော်လည်း လူတိုင်း၏ အကြည့်မှာမူ သူ၏ဘေးမှ လူအပေါ်သို့သာ ကျရောက်သွားကြသည်။
“တကယ်ပဲ နတ်မိမယ်ယွီပါလား”
“သူမရဲ့ ရုပ်ရည်က တကယ်ကို လှပတာပဲ မဟာရှတင် မကဘူး ချင်းစုန်း၊ ကုဟယ်၊ လုံတူး၊ ယီကျိုး နဲ့ တခြား အင်ပါယာ အားလုံးမှာတောင် သူမနဲ့ ယှဉ်နိုင်တဲ့ အမျိုးသမီး ရှိမှာ မဟုတ်ဘူး”
ဟု တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
နတ်မိမယ်ယွီ၏ လှပသော ရုပ်ရည်ကို မြင်တွေ့ရခြင်းက အခြား အင်ပါယာများမှ ရောက်ရှိနေသော ပညာရှိများကိုပါ ဖမ်းစားသွားခဲ့သည်။
၎င်းကို ကြားသောအခါ နတ်ဘုရားမရှောင်း၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး နတ်မိမယ်ယွီကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
ထိုကဲ့သို့သော ဘက်လိုက်သည့် ချီးမွမ်းမှုများကို သူမ မယုံကြည်ချင်ပေ။
သို့သော် နတ်မိမယ်ယွီ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ဖုံးလွှမ်းသွားသည်။
'ဒီလောက်အထိ ပြီးပြည့်စုံတဲ့ အမျိုးသမီးမျိုး ဒီလောကမှာ ရှိနေတာလား။ သူမရဲ့ အသွင်အပြင်က နတ်သမီးတစ်ပါးလိုပဲ'
ဟု နတ်ဘုရားမရှောင်းမှာ စိတ်ထဲမှ တိတ်တဆိတ် တုန်လှုပ်သွားသည်
“နတ်မိမယ်ယွီ မင်း ရောက်လာတာနဲ့တင် ဒီနေ့ရဲ့ ကဗျာဝိုင်းက ပြီးပြည့်စုံသွားပါပြီ”
ဟု အိမ်ရှေ့မင်းသားက သာယာသော အသံဖြင့် ရယ်မောကာ ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်မှာ ဖန်ချန်ထံသို့ ရောက်သွားသောအခါ တည်ငြိမ်စွာပင် ပြန်လွှဲလိုက်သည်။
နတ်မိမယ်ယွီကလည်း ဖန်ချန်ကို သတိပြုမိသွားပြီး သူမ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလျက်
“အိမ်ရှေ့မင်းသားက မြှောက်ပြောလွန်းနေပါပြီ ဒီနေ့ ကဗျာဝိုင်းမှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ”
ဟု ပြောလိုက်သည်။
အိမ်ရှေ့မင်းသားက ရယ်မောလိုက်ပြီး နတ်မိမယ်ယွီ၏ ဘေးတိုက်မျက်နှာကို ကြည့်လိုက်စဉ် သူ၏ မျက်လုံးထဲတွင် မသိမသာ ရမ္မက်ရိပ်များ ဖြတ်ပြေးသွားသည်။