အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အပိုင်း (၃၁) - သခင်လေး ပေးထားတဲ့ ကတိကို တည်ရမယ်နော်
"အဲဒါက ပဉ္စမမင်းသား ဖြစ်ချင်မှလည်း ဖြစ်မှာပါ"
ဟု ဖန်ချန် က ခပ်အေးအေး ပြောလိုက်သည်။
သူ ကဗျာဝိုင်းကို သွားခဲ့ခြင်းမှာ အိမ်ရှေ့မင်းသား၏ ဘေးတွင် ကျင့်ကြံသူများ ရှိမရှိ သိချင်၍ ဖြစ်သည်။
ဘယ်သူမှ မရှိသည်ကို တွေ့ခဲ့ရသော်လည်း ၎င်းက ဘာကိုမှ သေချာပေါက် သက်သေမပြနိုင်ပေ။
ထိုအဆိုရဆိုလျှင် မနေ့ညက တာအိုဆရာသည် မဟာရှ မြို့တော်တွင် ကြာရှည်စွာ နေထိုင်ခဲ့ခြင်း မရှိကြောင်း သူ သိလိုက်ရသည်။
ဝိညာဉ်သွေးကျမ်းစာ ၏ အလုပ်လုပ်ပုံကို သူ မြင်ဖူးသည်။
ထိုကျင့်စဉ်ကို လေ့ကျင့်သူများသည် ကျင့်ကြံရန်အတွက် လူသားသွေး လိုအပ်သည်။
သူသည် မြို့တော်တွင် ထိုမျှကြာအောင် နေထိုင်ခဲ့သည်ဆိုလျှင် ပြည်သူအမြောက်အမြားကို သတ်ဖြတ်ခဲ့ရပေမည်။
"ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဲလွန်စအချို့ကို ဖော်ထုတ်နိုင်ရမယ်..."
ဟု ဖန်ချန်က မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် အိမ်တော်မှ ထွက်လာကတည်းက သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာသော ရွှီဂီ ကို ကြည့်ကာ
"သူမကို အိမ်တော်ကို ပြန်ခေါ်သွားလိုက် ယအဘိုးကြီးဟွမ်ကို သူမကို စောင့်ကြည့်ခိုင်းထားလိုက်ပါ"
ဟု ပြောလိုက်သည်။
ရွှီဂီ က နတ်ဘုရားမရှောင်း အနားသို့ ချက်ချင်း ချဉ်းကပ်လာပြီး ပြုံးလျက်
"သွားကြရအောင်"
ဟု ဆိုသည်။
"နင် ဘာလုပ်မလို့လဲ
"
နတ်ဘုရားမရှောင်က မျက်မှောင်ကြုတ်လိုက်သည်။
ဖန်ချန်က ပြုံးလိုက်ပြီး "
မင်းနဲ့ ဘာဆိုင်လို့လဲ" ဟု ပြန်မေးသည်။
"ငါ နင့် နောက်ကို လိုက်ချင်တယ်"
သူမ၏ မျက်လုံးများက တုန်လှုပ်စွာ လှုပ်ရှားသွားသည်။
"ငါတို့ သဘောတူညီချက်တစ်ခု လုပ်ထားတာ မှန်ပေမဲ့ အဲဒါက မင်း ငါ့နောက်ကို နေရာတိုင်း လိုက်လို့ရတယ်လို့ မဆိုလိုဘူး မင်းသာ မပူးပေါင်းဘူးဆိုရင် ငါ အခုချက်ချင်း မင်းကို မြို့ပြင်ကို နှင်ထုတ်လိုက်မယ်"
ဟု ဖန်ချန်က ကုလားထိုင်မှ ထကာ ထွက်ခွာရန် ပြင်ရင်း ပြောလိုက်သည်။
သူမ တိတ်ဆိတ်သွားတော့သည်။
သူမ၏ တုံ့ပြန်မှုကို ကြည့်ပြီး ရွှီဂီက ရယ်မောလိုက်ကာ အားရပါးရ ပြောလိုက်သည်။
"ဘာလဲ မင်းက ငါ့သခင်ေလးက ရှောင်းမိသားစုထဲကို သမက်လုပ်မှာလို့ တကယ်ထင်နေတာလား မမေ့နဲ့ဦး၊ မင်းက အခု ငါတို့ရဲ့ ဓားစာခံပဲ"
"ဟွန့်။"
နတ်ဘုရားမရှောင်းက နှာခေါင်းရှုံ့လိုက်သော်လည်း ပြန်မပြောတော့ပေ။
သူမသည် ရွှီဂီနောက်သို့ အသာတကြည် လိုက်သွားတော့သည်။
လျှို့ဝှက်ခြံဝင်းအတွင်း
ဖန်ချန် ရောက်ရှိလာပြီး ခေတ္တမျှ ရပ်နေစဉ် လူရိပ်တစ်ခုမှာ သူ၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာသည်။
ထိုလူက ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင်လေး ဘာများ အမိန့်ရှိပါသလဲ"
"ကျောက်စီရှင်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဗျူရို ရဲ့ မှတ်တမ်းတွေထဲမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိခဲ့လား"
ဖန်ချန်က ထိုလူကို လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
ရောက်လာသူမှာ ဗျူရို၏ အကြီးအကဲ ကျောက်စီရှင်း ဖြစ်သည်။
သူသည် ဖန်ချန်ကို ဖမ်းဆီးရန် ယွမ်ကျွန်း ကို စေလွှတ်ခဲ့သူလည်း ဖြစ်သည်။
ကျောက်စီရှင်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
'သခင်လေး က ဘာလို့ ဗျူရိုရဲ့ မှတ်တမ်းတွေအကြောင်း မေးနေတာလဲ'
သူ ခဏမျှ စဉ်းစားပြီးနောက်
"သခင်လေး တကယ်တော့ ထူးဆန်းတဲ့ ဖြစ်ရပ်အချို့ ရှိခဲ့ပါတယ်..."
"ပြောပြစမ်း"
"လွန်ခဲ့တဲ့ နှစ်နှစ်က လူတစ်ယောက်ဟာ သူ့ညီမဖြစ်သူ အခမ်းအနားရေးရာဝန်ကြီးရဲ့ အိမ်တော်ကနေ ပျောက်ဆုံးသွားတယ်လို့ ဗျူရိုကို လာတိုင်ခဲ့ပါတယ် သူမ ပျောက်နေတာ နှစ်အတော်ကြာပြီဖြစ်ပြီး ဘာသတင်းမှ မရခဲ့ပါဘူး ကျွန်တော်တို့ စုံစမ်းကြည့်တော့ သူ့ညီမက အဲဒီအိမ်တော်မှာ အစေခံတစ်ယောက် ဖြစ်နေတာကို တွေ့ရပါတယ် ယွမ်ကျန်းကို စုံစမ်းဖို့ လွှတ်လိုက်တော့ သူ့ညီမက တစ်ယောက်ယောက်နဲ့ ခိုးရာပါသွားတာ ဖြစ်နိုင်တယ်လို့ သိခဲ့ရပါတယ်"
သူက ဆက်ပြောသည်။
"အဲဒီကိစ္စက မပြေလည်ဘဲ ကျန်ခဲ့ပါတယ် ဒါပေမဲ့ မကြာခင်မှာပဲ တိုင်ချက်လာဖွင့်တဲ့သူကိုယ်တိုင် ပျောက်ဆုံးသွားပြန်တယ်လို့ ယွမ်ကျန်းက သိလိုက်ရတယ် သူက အိမ်မှာ နေမကောင်းတဲ့ မိခင်အိုကြီးကို ထားခဲ့တာပါ၊ အဲဒီအဘွားအိုဆိုရင် အိမ်မှာ ငတ်ပြီး သေလုနီးပါး ဖြစ်ခဲ့ရပါတယ်။ ယွမ်ကျန်းက ကျွန်တော့်ကို လာသတင်းပို့တော့ တစ်ခုခု မရိုးသားဘူးလို့ ကျွန်တော် ခံစားလိုက်ရတယ် သူက တိုင်ချက်ဖွင့်လို့ အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ တွေးမိပြီး စုံစမ်းဖို့ လူတွေ ထပ်လွှတ်ခဲ့ပါတယ်"
သူ ခေတ္တ ရပ်လိုက်သည်။
"အခမ်းအနားရေးရာဝန်ကြီးရဲ့ အိမ်တော်မှာ ဒီနှစ်တွေအတွင်း လူအတော်များများ ပျောက်ဆုံးခဲ့ပါတယ် အဲဒီလူရဲ့ ညီမက တစ်ယောက်အပါအဝင်ပဲ ကျွန်တော် ဒီကိစ္စကို အရာရှိရှောင် ဆီ တင်ပြခဲ့ပါတယ် ဘာလို့လဲဆိုတော့ သူကပဲ ဝန်ကြီးကို ခေါ်ယူစစ်ဆေးပိုင်ခွင့် ရှိတာကိုး"
ဖန်ချန်က ဆက်ပြောရန် တိုက်တွန်းလိုက်သည်။
"နောက် ဘာဖြစ်လဲ"
ကျောက်စီရှင်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း
"အရာရှိရှောင်က စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ပိတ်ပင်လိုက်ပြီး ပျောက်ဆုံးသွားတဲ့သူတွေ အားလုံးဟာ ဝန်ကြီးရဲ့ ချမ်းသာကြွယ်ဝမှုကို မက်မောပြီး ပစ္စည်းခိုးပြေးကြတဲ့ သူခိုးတွေလို့ပဲ ကောက်ချက်ချလိုက်ပါတယ်"
"သူ့ရဲ့ ရှင်းပြချက်ကတော့ လက်ခံနိုင်စရာ ရှိပါတယ် ဒါပေမဲ့ သခင်လေးရဲ့ အိမ်တော်မှာလည်း ဒီလိုမျိုးတွေ မဖြစ်ခဲ့ဖူးတာမှ မဟုတ်တာ"
ဟု ကျောက်စီရှင်းက နိဂုံးချုပ်လိုက်သည်။
"အဲဒီအထဲက ဘယ်အပိုင်းကို မင်းက ထူးဆန်းတယ်လို့ ထင်တာလဲ"
ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။
"ပထမအချက်ကတော့ တိုင်ချက်လာဖွင့်တဲ့ ပထမဆုံးလူဟာ အလွန်သိတတ်တဲ့ သားလိမ္မာတစ်ယောက်အဖြစ် နာမည်ကြီးတာပါ သူက သူ့အမေကို ပစ်ထားပြီး ပျောက်သွားမှာ မဟုတ်ဘူး ဒုတိယအချက်ကတော့ စုံစမ်းစစ်ဆေးနေတုန်းမှာ ယွမ်ကျန်းရဲ့ လက်အောက်ငယ်သားတစ်ယောက် တိုက်ခိုက်ခံရပြီး လက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ် အဲဒါက တစ်စုံတစ်ယောက်က ကျွန်တော်တို့ကို ဆက်မစုံစမ်းဖို့ ခြိမ်းခြောက်နေသလိုပါပဲ"
"ကျွန်တော့်လူတွေရဲ့ ဘေးကင်းရေးအတွက် ကျွန်တော် အဲဒီကိစ္စကို ဆက်မလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဝန်ကြီးရဲ့ အိမ်တော်က ကိစ္စတွေကို ရံဖန်ရံခါပဲ သတိထားကြည့်နေခဲ့တာပါ။"
"နောက်ထပ် အစေခံတွေ ပျောက်ဆုံးတဲ့ ဖြစ်ရပ်တွေ ရှိသေးလား"
ဖန်ချန်က မေးသည်။
"မရှိတော့ပါဘူး။"
ကျောက်စီရှင်းက ခေါင်းခါလိုက်သည်။
သူ၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသည်။
"သခင်လေး ကလည်း ဒီကိစ္စမှာ တစ်ခုခု မရိုးသားဘူးလို့ ထင်လို့လား"
"မင်းပြန်သွားတဲ့အခါ လွန်ခဲ့တဲ့ ခြောက်နှစ် မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းက မဟာ ရှအင်ပါယာထဲမှာ ပျောက်ဆုံးခဲ့တဲ့ လူပျောက်မှု မှတ်တမ်းအားလုံးကို မင်းရဲ့ လူတွေကို စုံစမ်းခိုင်းလိုက်ပါ"
ဟု ဖန်ချန်က ပြောလိုက်သည်။
"အချို့သော အမှုတွေက အရာရှိတွေနဲ့ မပတ်သက်ဘဲ သာမန်ပြည်သူတွေပဲ ဖြစ်နိုင်လို့ ဗျူရိုကို တိုင်မှာမဟုတ်ဘူး ဒေသခံ အရာရှိတွေဆီပဲ တိုင်ကြလိမ့်မယ်။ မင်း ဘာလုပ်ရမလဲဆိုတာ သိမှာပါ"
ကျောက်စီရှင်း၏ မျက်နှာထား လေးနက်သွားသည်။
သခင်ကြီးက စိတ်ဝင်စားနေမှတော့ ၎င်းမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။
ထိုလူပျောက်မှုတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်တဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေနိုင်ပြီး ချင်းစုန်းအင်ပါယာတောင် ပါဝင်ပတ်သက်နေနိုင်သည် သူ ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။
သူ ထွက်သွားပြီးနောက်မှာပင် နတ်မိမယ်ယွီ ပေါ်လာသည်။
"သခင်လေး ကျောက်စီရှင်းနဲ့ စကားပြောလို့ ပြီးပြီလား အခု ကျွန်မအလှည့် ရောက်ပြီလား"
သူမသည် ဖန်ချန်နောက်သို့ တစ်ချိန်လုံး လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူမ၏ လှုပ်ရှားမှုမှာ ထူးချွန်ရုံသာမက သူမ၏ ရုပ်သွင်ကိုလည်း မည်သူမှ မမှတ်မိနိုင်အောင် ပြောင်းလဲထားနိုင်သည်။
ဖန်ချန်က သက်ပြင်းချလိုက်သည်။
"မင်းအတွက် ငါ့မှာ ဘာအမိန့်မှ မရှိဘူး"
"သခင်လေး ဒီနေ့ သခင်လေးနဲ့အတူရှိနေတဲ့ အစေခံမလေးက ဘယ်သူလဲ သူမက ဘယ်က လာတာလဲ"
သူမက စူးစမ်းစွာ မေးသည်။
"သူမက နတ်ဘုရားမရှောင်း ပဲ" ဟု ဖန်ချန်က ပြန်ဖြေသည်။
သူမမှာ ထိတ်လန့်သွားပြီး မျက်လုံးထဲတွင် အံ့ဩရိပ်များ ပေါ်လာသည်။
"နတ်ဘုရားမရှောင်း သူမက ဘယ်လိုလုပ်ပြီး"
"သူမက ဓားစာခံအဖြစ် နေဖို့ သူမဘာသာ ဆန္ဒပြုခဲ့တာလေ အဲဒါမှ စစ်သေနာပတိချုပ် ရှောင်းလန် က ငါ ချင်းစုန်းက သိုင်းသမားတွေကို သတ်လိုက်လို့ ဒေါသထွက်ပြီး တတိယမင်းသားကို မသတ်မှာလေ"
ဟု ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။
"တတိယမင်းသားရဲ့ အကြံအဖန်တွေနဲ့ဆိုရင် ချင်းစုန်းက ဘယ်သူမှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူမ မသိတာ ဖြစ်မှာပါ"
ဟု နတ်မိမယ်ယွီက မအောင့်နိုင်ဘဲ ခနဲ့လိုက်သည်။
"မှန်တယ် သူ့ရဲ့ ဦးနှောက်က တကယ်ကို ထက်မြက်တာ။ သူ ချင်းစုန်းမှာ ဓားစာခံအဖြစ် နေခဲ့တဲ့ ငါးနှစ်လုံးလုံး သူ အားနေမှာ မဟုတ်ဘူး သူသာ ပြန်လာချင်တဲ့ ဆန္ဒရှိရင် ဟိုးကတည်းက ပြန်ရောက်နေလောက်ပြီ။"
ဖန်ချန်က ရယ်မောလိုက်သည်။
"မြို့တော်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သူ သိလိုက်တာနဲ့ ငါတို့ သူ့ကို ဒီမှာ မကြာခင် ပြန်တွေ့ရမှာပါ။"
အိမ်ရှေ့မင်းသားသည် ဖန်ချန်က တတိယမင်းသားကို သွားခေါ်လာမည်ဟု စိုးရိမ်နေသော်လည်း အမှန်တကယ်တွင် သူ၏ တတိယညီကို အထင်သေးနေခြင်း ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်က တတိယမင်းသားသည် ဓားစာခံအဖြစ် နေရန် ရွေးချယ်ခဲ့စဉ်ကတည်းက သူ အလိုရှိလျှင် မဟာရှသို့ ပြန်လာနိုင်သည့် စွမ်းရည်ရှိကြောင်း ဖန်ချန် ယုံကြည်နေသည်။
သူတို့နှစ်ဦးစလုံးမှာ ရည်ရွယ်ချက်ချင်း တူညီကြသည်။ မဟာရှ၏ သန်းပေါင်းများစွာသော ပြည်သူများအတွက် သူတို့နှစ်ဦးစလုံးသည် အသက်ကို အလဟဿ အဆုံးရှုံးခံကြမည် မဟုတ်ပေ။
"သခင်လေး အဲဒါတွေကို သိပါလျက်နဲ့ နတ်ဘုရားမရှောင်းကို သခင်ကြီးဘေးမှာ ထားဖို့ ရွေးချယ်ခဲ့တာက သူမရဲ့ အလှအပမှာ မိန်းမောသွားလို့လား ကျွန်မ ကြားဖူးတာတော့ သူမက သိပ်ပြီး အကျင့်စာရိတ္တ ကောင်းတဲ့သူ မဟုတ်ဘူးတဲ့..."
ဟု နတ်မိမယ်ယွီက တိုးတိုးလေး ပြောလိုက်သည်။
"တစ်စုံတစ်ယောက်က သူမကို သေစေချင်နေတယ် လွန်ခဲ့တဲ့ ငါးနှစ်က သုံးလောကတောင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ငါ စစ်သေနာပတိချုပ် ရှောင်းလန်ကို ကျေးဇူးကြွေး တင်နေတာ ရှိတယ်။"
ဖန်ချန်က သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူမ အသက်ရှင်နေဖို့ ငါ အာမခံထားတယ် သူမ ချင်းစုန်းကို ပြန်သွားတဲ့အခါကျရင် ငါ့ရဲ့ အကြွေးတွေ ကျေသွားပြီ ဖြစ်သလို ငါတို့ချင်းလည်း အခြေအနေ ပြန်တူသွားလိမ့်မယ်"
"ဒါဆိုရင် ကျွန်မလည်း သခင်လေးရဲ့ အစေခံအဖြစ် သခင်လေးနောက်ကို လိုက်လို့ရမလား လူတွေက ကျွန်မကို ပြည့်တန်ဆာမလို့ပဲ ထင်နေကြတာ... အဲဒါက တကယ်ကို မကောင်းတဲ့ ခံစားချက်ကြီးပါ..."
သူမ၏ အသံမှာ နောက်ဆုံးတွင် ခြင်သံလောက်သာ ထွက်တော့သည်။
ဖန်ချန်က သူ၏ လက်ကို ဂရုမစိုက်သလို ဝှေ့ယမ်းပြပြီး ထွက်ခွာရန် ပြင်လိုက်သည်။
"မင်း ချီထိန်းချုပ်ခြင်းအဆင့် ရောက်မှ အဲဒီအကြောင်း ဆွေးနွေးကြတာပေါ့။"
"ချီထိန်းချုပ်ခြင်းအဆင့်"
နတ်မိမယ်ယွီ၏ မျက်လုံးများ ဝင်းလက်သွားပြီး သူမ၏ လက်သီးကို ဖန်ချန်ဘက်သို့ ဝှေ့ယမ်းပြလိုက်သည်။
"သခင်လေး ပေးထားတဲ့ ကတိကို တည်ရမယ်နော်"
အပိုင်း (၃၂) - ဖန်ချန်းယူ ၏ ခြေထောက်များ
"ဟင် ငါ့ရဲ့ ဝိညာဉ်စွမ်းအင်က တော်တော်လေး တိုးတက်လာတာပဲ။ ကြည့်ရတာ တတိယမြောက် မသေမျိုးအကြော ကို စုစည်းနိုင်ဖို့ နီးစပ်လာပြီထင်တယ်။ ကျင့်ကြံခြင်းက တကယ်တော့ သိပ်မခက်ပါဘူးလား"
ဖန်ချန် က မိမိဘာသာ ရေရွတ်လိုက်သည်။ သူသည် အဆောင်လက်ဖွဲ့ များ ပြုလုပ်ရင်း နောက်ထပ် တစ်ညတာကို ကုန်ဆုံးစေခဲ့သည်။
သူ၏ရှေ့ စားပွဲပေါ်တွင် ခရမ်းရောင်လျှပ်စီး အဆောင်လက်ဖွဲ့ ငါးဆယ်ခန့် ရှိနေသည်။
ထို့အပြင် နတ်ဘုရားရွေ့လျားခြင်း အဆောင် ၊ ဝိရဇိန် အဆောင် နှင့် ခွန်အားအဆောင် အချို့လည်း ပြန့်ကျဲနေသည်။
သူသည် တစ်မှေးမှပင် မအိပ်ခဲ့ပေ။
သူ ချီအမြုတေအဆင့် တွင် ရှိစဉ်ကလည်း ထိကဲ့သို့ နေနိုင်ခဲ့သော်လည်း ယခုလောက်တော့ လန်းဆန်းနေမည် မဟုတ်ပေ။
သူ၏ ပြည့်လျှံနေသော ဝိညာဉ်စွမ်းအင်မှာ အဆုံးမရှိသော တက်ကြွမှု၏ အရင်းအမြစ် ဖြစ်ပုံရသည်။
အဆောင်လက်ဖွဲ့အရေအတွက် အတိုင်းအတာတစ်ခုအထိ ရောက်လာရင် လျှို့ဝှက်အစောင့်တပ် တွေကို စတင်ပြီး ဝေပေးလို့ရပြီ။
အန္တရာယ်ကြုံလာရင် ဒါတွေကို သုံးပြီး ရန်သူကို အလစ်အငိုက် တိုက်ခိုက်နိုင်လိမ့်မယ် ဟု ဖန်ချန် တွေးလိုက်သည်။
ထို့နောက် သူ၏ ခြံဝင်းအတွင်းမှ ထွက်ကာ ဖန်ချန်းယူ အချိန်ကုန်ဆုံးလေ့ရှိသည့် သိုင်းကျင့်ကွင်းသို့ ဦးတည်လိုက်သည်။
ဒုတိယဦးလေးဖြစ်သူ ဖန်ချန်းယူ သည် အားလပ်သည့်အခါတွင် ဝှီးချဲပေါ်တွင်ထိုင်ကာ ဖန်မိသားစုဝင်များနှင့် တပည့်များ သိုင်းကျင့်သည်ကို ကြည့်နေတတ်သည်။
ဖန်ချန်သည် ဦးလေးဖြစ်သူ၏ ဘေးသို့ ရောက်သွားပြီး သူတို့ သိုင်းကျင့်နေသည်ကို ပြုံးလျက် အတူကြည့်နေလိုက်သည်။
ကျင့်ကြံနေသော ဖန်မိသားစု တပည့်များထဲတွင် တိုက်ရိုက်မျိုးဆက်များ၊ မျိုးနွယ်ခွဲမှ ဆင်းသက်လာသူများနှင့် စစ်တပ်မှ မိဘမဲ့ကလေးများလည်း ပါဝင်သည်။
ဖန်ချန်းယူသည် သူတို့ကို ဖန်မိသားစုထဲ ဝင်ခွင့်ပြုထားသော်လည်း မိသားစုမျိုးရိုးအမည် ပြောင်းရန် အတင်းအကျပ် မခိုင်းစေပေ။
သူသည် လူတိုင်းကို တန်းတူဆက်ဆံပြီး ဖန်မိသားစုဝင် များကဲ့သို့ပင် အရင်းအမြစ်များကို တူညီစွာ ပံ့ပိုးပေးထားသည်။
"ချန်အာ ဒီနေ့ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ"
ဖန်ချန်းယူက ဖန်ချန်ကို စူးစမ်းစွာ လှည့်ကြည့်လိုက်သည်။
"ဒုတိယဦးလေး ဦးလေးရဲ့ ဒဏ်ရာကို ကျွန်တော် ကြည့်ပေးချင်လို့ပါ"
ဟု ဖန်ချန်က ပြုံးလျက် ပြန်ဖြေသည်။
ဖန်ချန်းယူ ၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများတွင် အားငယ်ရိပ်များ ဖြတ်ပြေးသွားသည်။
သူသည် သူ၏ ခြေထောက်များကို ငုံ့ကြည့်လိုက်သည်။
ခဏအကြာတွင် သူ၏ မျက်နှာပေါ်သို့ အပြုံးများ ပြန်ရောက်လာသည်။
"ဘာကြည့်စရာ ရှိလို့လဲ ငါ့ရဲ့ အကြောတွေအားလုံး ဖြတ်တောက်ခံထားရတာလေ၊ ဒီတစ်သက်တော့ ငါ ပြန်မတ်တပ်ရပ်နိုင်မှာ မဟုတ်တော့ပါဘူး"
လွန်ခဲ့သော သုံးနှစ်က သုံးလောက တောင် တိုက်ပွဲတွင် ကျဆုံးခဲ့သော စစ်သည်ပေါင်း ၆ သိန်းအတွက် ဖန်ချန်၏ အသက်ဖြင့် ပြန်ပေးဆပ်ရန် ဧကရာဇ်မင်းမြတ်ထံ အသနားခံစာ တင်ခဲ့ကြသူများ ရှိသည်။
အချို့လူများမှာ စစ်သူကြီးဖန်၏ အိမ်တော်အထိ လာရောက်ပြီး ပြဿနာ ရှာခဲ့ကြသည်။
ဖန်ချန်းယူ တာဝန်ယူထားသည့် အရှေ့ကျားတပ်ရင်း ရှိ စစ်သည်အချို့ပင် ယိမ်းယိုင်ခဲ့ကြသည်။
နန်းတော်ကမူ ထိုကိစ္စအပေါ် တိတ်ဆိတ်နေခဲ့သဖြင့် အခြေအနေများမှာ ဖန်ချန်းယူ မခံမရပ်နိုင် ဖြစ်လာသည်အထိ ဆိုးရွားလာခဲ့သည်။
သူသည် နန်းတော်ထဲသို့ အတင်းဝင်ရောက်ကာ ဧကရာဇ်မင်းမြတ်ကို ဗြောင်ကျကျ ဝေဖန်ပြစ်တင်ခဲ့သည်။
သူ့ကို တားဆီးရန်အတွက် ထိုစဉ်က နန်းတွင်းအစောင့်တပ်မှူး ဖြစ်သူ ယန်ပေဟန် က မြားဖြင့် ပစ်ခတ်ခဲ့ရာ မြားမှာ သူ၏ ခြေထောက်နှစ်ဖက်လုံးကို ဖောက်ထွက်သွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် ဧကရာဇ်မင်းမြတ် ပေါ်လာပြီး လူတိုင်းကို ငြိမ်သက်စေကာ စကားအနည်းငယ်ဖြင့် ထိုကိစ္စကို နိဂုံးချုပ်လိုက်သည်။
သို့သော် ထိုအချိန်မှစ၍ ဖန်ချန်းယူမှာ ခြေထောက်နှစ်ဖက်လုံး မလှုပ်ရှားနိုင်တော့ပေ။
ဖန်ချန်မှာ မျက်စိကွယ်ပြီး ဒန်ထျန် ယပျက်စီးခဲ့ရသည်။
ဖန်ချန်းယူ မှာ ခြေထောက်နှစ်ဖက်လုံး မသန်စွမ်း ဖြစ်ခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် ဖန်မိသားစုကြီးတွင် ဖန်မိသားစု ခေါင်းဆောင်ဟောင်းနှင့် ဖန်ချန်းဟိုင် တို့သာ ကျန်ရစ်တော့သည်။
သို့သော် ခေါင်းဆောင်ဟောင်းမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး အကယ်၍ ချီအမြုတေအဆင့်သို့ မတက်လှမ်းနိုင်ပါက အသက်ရှင်ရန် အချိန်အများကြီး မရှိတော့ပေ။
ထို့ကြောင့် လူအများက ဖန်မိသားစုသည် သူတို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဟု ယူဆကာ ထိုကိစ္စကို လက်လျှော့လိုက်ကြသည်။
အရာအားလုံး ပြန်လည် တိတ်ဆိတ်သွားပြီး မည်သူမှ သူတို့ကို ဆန့်ကျင်ခြင်း မရှိတော့ပေ။
"အခု ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် ပြန်ရပြီဆိုတော့ ဦးလေးရဲ့ ဖြတ်တောက်ခံထားရတဲ့ အကြောတွေကို ကျွန်တော် ပြန်ဆက်ပေးနိုင်မလားဆိုတာ ကြည့်ချင်လို့ပါ"
ဟု ဖန်ချန်က ပြောလိုက်သည်။
ဖန်ချန်းယူက သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါ့ကို နောက်ဖေးဝင်းထဲကို တွန်းသွားပေးပါဦး"
နောက်ဖေးဝင်းအတွင်း
ဖန်ချန်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ဖန်ချန်းယူ ၏ ဒဏ်ရာကို စစ်ဆေးရန် ပြင်လိုက်စဉ် ဖန်ချန်းယူမှာ မထင်မှတ်ထားသော အရာတစ်ခုကို လုပ်ဆောင်လိုက်သည်။
သူသည် ဝှီးချဲပေါ်မှ မတ်တပ်ရပ်လိုက်ပြီး အပေါ်အောက် အကြိမ်အနည်းငယ် ခုန်ပြကာ သူ၏ ခြေထောက်များကို ပုတ်ပြလိုက်သည်။
ထို့နောက် ဖန်ချန်၏ မျက်လုံးကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။
"ငါ ပြောသားပဲ၊ ဘာမှ ကြည့်စရာ မရှိဘူးလို့"
ဖန်ချန်မှာ မှင်တက်သွားတော့သည်။
သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ဖန်ချန်းယူက အားရပါးရ ရယ်မောလိုက်သည်။
"ဟဲဟဲ မထင်ထားဘူး မဟုတ်လား မင်းရဲ့ အမူအရာက တကယ်ကို ကြည့်ကောင်းတာပဲ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ မင်း ဒီလောက် အံ့ဩသွားတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"
"ဦးလေး ဦးလေးရဲ့ ခြေထောက်တွေက ဘာမှမဖြစ်ဘူးလား"
ဖန်ချန်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"ဒါပေါ့ ဒီအဘိုးကြီးရဲ့ ခြေထောက်တွေကို ဖျက်စီးဖို့ဆိုတာ မလွယ်ဘူးကွ"
ဟု ဖန်ချန်းယူက နှာခေါင်းရှုံ့ကာ ပြောရင်း ဝှီးချဲပေါ်တွင် ပြန်ထိုင်လိုက်သည်။
သူသည် သိုးမွေးစောင်ဖြင့် သူ၏ ခြေထောက်များကို ဂရုတစိုက် ပြန်ဖုံးလိုက်သည်။
"ဒါပေမဲ့ ဘာလို့လဲ"
ဖန်ချန်က တီးတိုး မေးလိုက်သည်။
"ငါ့ခြေထောက်တွေ ကောင်းနေသေးမှန်း သူတို့သာ သိရင် အဲဒီအချိန်က ငါတို့ကို နှိပ်ကွပ်ဖို့ ဘယ်လို အကြံအဖန်တွေ ထပ်လုပ်ဦးမလဲ ဘယ်သူသိမှာလဲ သူတို့ လိုချင်တာကို ပေးလိုက်ပြီး ငါတို့ ဖန်မိသားစု ဘယ်လောက် သနားစရာကောင်းလဲဆိုတာကို သူတို့ မြင်ပါစေတော့ မင်းက မျက်စိကွယ်ပြီး သိုင်းပညာ ဆုံးရှုံးတယ်၊ ငါက ခြေထောက် ဆုံးရှုံးတယ်ဒီလောက် ဖြစ်နေတာတောင် တစ်ယောက်ယောက်က လာပြီး ပြဿနာရှာရင် ဧကရာဇ်မင်းမြတ်က ငြိမ်ကြည့်နေလို့ မရတော့ဘူး မဟုတ်လား"
ဟု ဖန်ချန်းယူက ခနဲ့ကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒုတိယဦးလေး တကယ်ကို ပင်ပန်းခဲ့မှာပဲ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ၊ ဦးလေး ဟန်ဆောင်နေစရာ မလိုတော့ဘူး"
ဟု ဖန်ချန်က ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
သူ၏ စကားကို ရယ်မောသံဖြင့် တုံ့ပြန်လိုက်သည်။
"မဟုတ်တာ ငါ ဘာလို့ ဟန်မဆောင်ဘဲ နေရမှာလဲ ဒီအတိုင်းပဲ ကောင်းပါတယ် ငါ့ကို ဘယ်သူမှ အလေးမထားကြတော့ဘူးလေ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ငါက သူတို့ကို အလစ်အငိုက် ဖမ်းနိုင်မှာပေါ့"
ဖန်ချန်က ခေါင်းညိတ်လိုက်ပြီး
"ဒါဆိုရင် ကျွန်တော် သွားတော့မယ်"
ဟု ပြောလိုက်သည်။
သူ လှည့်ထွက်သွားစဉ် ဖန်ချန်းယိုက လှမ်းအော်လိုက်သည်။
"နေဦး ငါ့ကို သိုင်းကျင့်ကွင်းဆီ ပြန်တွန်းသွားပေးပါဦး"
ဖန်ချန်က သူ၏ လက်ကို ဝှေ့ယမ်းပြကာ သူ့ဦးလေးကို ဂရုမစိုက်တော့ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
"ဒီကောင်စုတ်လေး ဟေ့... ရွှီဂီ ရော ဘယ်ရောက်သွားတာလဲ ဒီရက်ပိုင်း သူလည်း ဟိုပြေးဒီပြေးနဲ့ ဘာတွေလုပ်နေမှန်း မသိဘူး"
ဖန်ချန်ယူက ဝှီးချဲကို ဖြည်းဖြည်းချင်း လှည့်ထွက်သွားရင်း ညည်းတွားလိုက်သည်။
ဖန်ချန် လျှို့ဝှက်ဝင်း သို့ ပြန်ရောက်လာသည်။
တစ်ညအတွင်းမှာပင် ကျောက်စီရှင်း သည် အမှုဖိုင်တွဲ အမြောက်အမြားကို စီစဉ်ပြီးစီးခဲ့ပြီ ဖြစ်သည်။
ထိုဖိုင်တွဲများမှာ ဖန်ချန်၏ ရှေ့တွင် လူတစ်ရပ်စာမျှ မြင့်နေသည်။
"သခင်လေး လူပျောက်မှုနဲ့ ပတ်သက်တဲ့ အမှုအားလုံး ဒီမှာပါ ကျွန်တော် တစ်ခေါက် ဖတ်ကြည့်ပြီးပါပြီ သံသယဖြစ်စရာ အချက်တွေ အများကြီး ရှိပါတယ် ဒီအမှုတွေက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က စတင်ခဲ့တာပါ"
ဟု ကျောက်စီရှင်းက တိုးတိုးလေး ပြောလိုက်သည်။
"ရှစ်နှစ်ထက် ပိုတဲ့ အမှုတွေမှာ ဘာပြဿနာမှ မရှိဘူးလား"
ဖန်ချန်က မေးသည်။
"ကျွန်တော့်အမြင်အရတော့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး အများစုက သာမန်အမှုတွေပါ၊ ပျောက်ဆုံးသွားတဲ့သူ တချို့လည်း ပြန်တွေ့ခဲ့ရပါတယ်"
ဟု ကျောက်စီရှင်းက ပြန်ဖြေသည်။
ဖန်ချန်က ခေါင်းညိတ်လိုက်သည်။ သို့ဆိုလျှင် သူသည် လွန်ခဲ့သော ရှစ်နှစ်အတွင်းက အမှုများကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
သူ ရေတွက်ကြည့်သောအခါ အမှုပေါင်း တစ်ထောင်ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်
၎င်းမှာ တစ်နှစ်လျှင် လူတစ်ရာကျော် ပျောက်ဆုံးနေခြင်း ဖြစ်သည်။
သုံးရက်လျှင် လူတစ်ယောက်နှုန်း ပျောက်ဆုံးနေခြင်းပင်။ ထို့အပြင် ၎င်းတို့မှာ တိုင်ချက်ဖွင့်ထားသော အမှုများသာ ဖြစ်သည်။
အချို့လူများမှာ တိုင်ချက်မဖွင့်လိုကြဘဲ အချို့မှာမူ သူတို့အတွက် တိုင်ချက်ဖွင့်ပေးမည့် မိသားစုဝင်ပင် မရှိကြပေ။
၎င်းတို့ကိုပါ ထည့်တွက်မည်ဆိုလျှင် ပျောက်ဆုံးသူ အရေအတွက်မှာ ထိတ်လန့်စရာပင်
ဖန်ချန်သည် ကျောက်စီရှင်းနှင့်အတူ ထိုအမှုများကို ပိုမို အလေးအနက် စစ်ဆေးလိုက်သည်။ ထိုအထဲတွင် သံသယဖြစ်စရာ အချက်အလက်များစွာကို သူ တွေ့ရှိခဲ့သည်။
မိုးချုပ်လာသည်နှင့်အမျှ ဖန်ချန်သည် အမှုသုံးခုကို ရွေးထုတ်လိုက်သည်။
ထိုအမှုများမှာ လွန်ခဲ့သော နှစ်နှစ်အတွင်းက ဖြစ်ပွားခဲ့သော နောက်ဆုံးအမှုများဖြစ်ပြီး အားလုံးမှာ အခမ်းအနားရေးရာဝန်ကြီးနှင့် ပတ်သက်နေသည်။ သူ ထိုကိစ္စကို ကိုယ်တိုင် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ထိုအမှုများ ဖြစ်ပွားပြီးနောက်တွင် ဝန်ကြီး၏ အိမ်တော်မှ လူပျောက်ဆုံးမှု တစ်ခုမှ ထပ်မံ မရှိတော့ပေ။ အရာအားလုံးက တိုက်ဆိုင်မှုဟု ဆိုရန်မှာ မဖြစ်နိုင်ပေ။
အကယ်၍ ဝိညာဉ်သွေးဂိုဏ်း သာ ပါဝင်ပတ်သက်နေပါက သူသည် ၎င်းနှင့် ပတ်သက်သည့် သဲလွန်စကို ရှာဖွေရမည်။
ထို့အပြင် လူမည်မျှအထိ ပါဝင်ပတ်သက်နေသလဲဆိုသည်ကိုလည်း သူ သိလိုသည်။
သူတို့၏ ခြေရာကို တွေ့လိုက်ရသည်နှင့် သူတို့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
"သခင်လေး ဒီအမှုတွေကို စုံစမ်းနေတာက ချင်းစုန်းအင်ပါယာက ကိစ္စကြောင့်လား"
ဟု ကျောက်စီရှင်းက ရုတ်တရက် မေးလိုက်သည်။
ဖန်ချန်၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းသွားပြီး
"ချင်းစုန်းအင်ပါယာလား သူတို့အတွက် စိတ်ပူစရာ မလိုပါဘူး ဒီအမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စက သာမန် ချင်းစုန်းအင်ပါယာထက် အများကြီး ပိုပြီး လေးနက်ပါတယ် ဒါနဲ့ မင်းရဲ့ လက်အောက်ငယ်သား ယွမ်ကျန်း က ယုံကြည်ရရဲ့လား"
"ယွမ်ကျန်းလား ကျွန်တော် သူကြီးလာတာကို စောင့်ကြည့်ခဲ့တာပါ သူက သွေးပူတတ်တဲ့ လူငယ်တစ်ယောက်ပါ၊ ဒါပေမဲ့ သူ ယုံကြည်ရမလားဆိုတာကိုတော့ ကျွန်တော် မှတ်ချက်မပေးဝံ့ပါဘူး"
ဟု ကျောက်စီရှင်းက ခေါင်းခါပြလိုက်သည်။
"မင်း ပတ်ဝန်းကျင်က လူတိုင်းအပေါ် သတိထားတာက ကောင်းပါတယ် အဲဒါက လျှို့ဝှက်အစောင့်တပ်' ရဲ့ ကောင်းမွန်တဲ့ အရည်အချင်းပဲ"
ဟု ဖန်ချန်က ပြောလိုက်သည်။
လျှို့ဝှက်အစောင့်တပ်များအတွက် နံပါတ်တစ် စည်းကမ်းမှာ သူ (ဖန်ချန်) မှလွဲ၍ မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်ရန် ဖြစ်သည်။
"မနက်ဖြန် ငါ့ကို လာရှာဦး"
ဖန်ချန်သည် အမှုဖိုင်တွဲများကို ယူကာ ထွက်ခွာသွားတော့သည်။