အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁- မင်းက သူတို့နဲ့ ဘာထူးလို့လဲ
"လူငယ်လေး မင်းက အိမ်ပြင် သိပ်ထွက်လေ့ရှိပုံမရဘူးပဲ မင်းမိသားစုမှာ လူအင်အား တော်တော်ရှိတယ် မဟုတ်လား"
အဘွားအိုက ပြုံးလျက် မေးလိုက်သည်။
"မှန်တယ် ငါ့အဖေက ရွေမြုတေရဲ့ ဆဌမအဆင့်မှာ ရှိတယ် တကယ်လို့ မင်းက ငါ့ကို ဓားပြတိုက်ဖို့ ကြံနေတာဆိုရင် သေချာစဉ်းစားထားတာ ပိုကောင်းလိမ့်မယ်"
ဟု ဖန်ချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ဒီလူငယ်မှာ ဘာလို့ ရောင်းဖို့ အဆောင်တွေ အများကြီး ရှိနေရလဲဆိုတာ မဆန်းတော့ပါဘူး။
သူ့မိသားစုဆီက ခိုးလာတာ ဖြစ်မှာပဲ ဟု အဘွားအိုက တွေးလိုက်မိသည်။
သူ၏ အပြုအမူနှင့် လေသံကို ကြည့်ခြင်းအားဖြင့် သူသည် အလိုလိုက်ခံထားရသော သခင်လေးတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှသည်။
ရွှေမြုတေ ဆဌမအဆင့်နှင့် ပတ်သက်၍မ ထိုသို့သော ကျင့်ကြံခြင်းအဆင့်သည် အလွန်မြင့်မားပြီး အကယ်၍ ထိုသူနှင့်သာ တကယ်တွေ့ရပါက သူတို့အနေဖြင့် အလွန်အမင်း အရိုအသေပေးရမည် ဖြစ်သော်လည်း၊ လက်ရှိတွင် ထိုသူက ဒီမှာရှိမနေပေယနေ့ သူ၏သားကို အကုန်အစင် လုယက်သွားလျှင်တောင် အဖေဖြစ်သူ၏ လက်စားချေမှုကို စိုးရိမ်စရာမလိုပါ။ တရားခံက ဘယ်သူလဲဆိုတာ သူ ဘယ်လိုမှ သိနိုင်မှာမဟုတ်ဘူး။
ထိုသို့ တွေးလိုက်မိပြီးနောက် သူမသည် သိသိသာသာ စိတ်အေးသွားကာ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားသည်။
"လူငယ်လေး ဝိညာဉ်ကျောက်တုံးတွေကိုသာ ပေးခဲ့ပြီး မင်းသွားလို့ရပြီ တန်ဖိုးမရှိတဲ့ လောကီပစ္စည်းတွေအတွက်နဲ့ မင်းအသက်ကို အသေမခံပါနဲ့"
ဟု သူမက အကြံပေးလိုက်သည်။
"ထျဲမ ၊ အဘိုးကြီးဟွမ် ဟိုသုံးယောက်ကို သွားရှင်းလိုက်ကြ"
ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ အပြုံးဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ"
သူတို့နှစ်ဦးစလုံးသည် ဖန်ချန် ဘာလုပ်ခိုင်းသည်ကို သိကြပြီး သူတို့၏ အတိုင်းအတာကိုလည်း သိကြသည်။
တွန့်ဆုတ်နေခြင်းမရှိဘဲ ဟွမ်စီဟိုင်သည် ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး ထျဲမ သည်လည်း ဓားကိုဆွဲထုတ်ကာ လူသုံးယောက်ရှိရာသို့ ပြေးဝင်သွားတော့သည်။
"ဟဲဟဲ ကိုယ်ခံပညာရှင် နှစ်ယောက်က ကျင့်ကြံသူ သုံးယောက်ကို ယှဉ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
အဘွားအို၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
တစ်ဖက်လူတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုခု ရှိနေမည်မှာ သေချာသော်လည်း ၎င်းကို အသုံးမပြုဘဲ သူ၏ နောက်လိုက်များကိုသာ ခိုင်းစေနေသည်။
သူမ လုံးဝ စိတ်အေးသွားပြီဖြစ်သည်။
သူက လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ အလိုလိုက်ခံ သခင်လေးတစ်ယောက်သာ ဖြစ်သည်။ သူမအနေဖြင့် သူ့ကို စိုးရိမ်စရာ မလိုတော့ပေ။
အစော်ကားခံရသည်ဟု ခံစားရသဖြင့် ကျင့်ကြံသူ သုံးဦး၏ မျက်နှာများသည် ဒေါသကြောင့် နီမြန်းနေကြသည်။
ထျဲမနှင့် ဟွမ်စီဟိုင်တို့သည် အမြန်နှုန်း ၊ ခွန်အား နှင့် စိန်ကိုယ်ထည် အဆောင်များကို အသက်သွင်းလိုက်ကြသည်။
သူတို့သည် ရုတ်တရက် အံ့ဩဖွယ် အရှိန်နှုန်းဖြင့် လှုပ်ရှားနိုင်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို ထုတ်ဖော်နိုင်လာကြသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး သတ္တုရောင် အဆင်းရှိသွားသည်။
ရန်သူများသည် သာမန်လူများ မဟုတ်သောကြောင့် လျှော့မတွက်ရန် ဖန်ချန်က သူတို့ကို မှာကြားထားသည်။ ထိုနှစ်ယောက်သည်လည်း မပေါ့ဆရဲကြပေ။
"အဆောင်တွေလား ဒီအသုံးမကျတဲ့ကောင်က သူ့ရဲ့ ကိုယ်ခံပညာရှင်တွေကို အဆောင်တွေ သုံးခိုင်းနေတာလား"
ကျင့်ကြံသူ သုံးဦးမှာ ဒေါသထွက်သွားကြသည်။ သူ့ကို လုယက်ပြီးရင် အဲဒီ အဆောင်တွေက ငါတို့ပိုင်မှာ ဖြစ်သင့်တာ ဟု သူတို့အားလုံး တစ်ပြိုင်နက် တွေးလိုက်မိသည်။
"တိုက်ခိုက်ကြ"
သုံးယောက်ထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းမှ လှိုင်းထလာပြီး လေထုထဲရှိ ရေငွေ့များသည် ရေခဲမြှား အဖြစ်သို့ ပြောင်းလဲသွားကာ ဟွမ်စီဟိုင်ထံသို့ ပစ်လွှတ်လိုက်သည်။
ဘုန်း!
ရေခဲမြှားသည် ဟွမ်စီဟိုင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
ထိုအခါ သူသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
မြှားဦးသည် စိန်ကိုယ်ထည် အဆောင် ကို ဖောက်ထွက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်လက်မခန့်သာ စိုက်ဝင်ပြီးနောက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။
"စိတ်ဝင်စားစရာပဲ"
ဟွမ်စီဟိုင်က ပြုံးလိုက်ပြီး သူ၏ ရင်ဘတ်ကြွက်သားများကို လှုပ်ရှားကာ မြှားကို အပြင်သို့ ညှစ်ထုတ်လိုက်သည်။
ထိုသို့သော ဒဏ်ရာမျိုးသည် သူ့အတွက် မပြောပလောက်ပေ။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."
ကျင့်ကြံသူမှာ မှင်တက်သွားသည်။ တစ်ဖက်လူသည် စိနါကိုယ်ထည် အဆောင် သုံးထားပုံရသော်လည်း သူက ကျင့်ကြံသူ မဟုတ်ပေ သူသည် အဆောင်၏ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်စွမ်း မရှိသင့်ပါ။
သူ့မြှားက ဘာလို့ တစ်ဖက်လူကို လုံးဝ ဖောက်မထွက်သွားတာလဲ သူ့ရဲ့ အသားနဲ့ အရိုးတွေက ဘယ်လိုလုပ် ဒီလောက်ထိ ခိုင်မာနေရတာလဲ
"သေပေတော့"
ဟွမ်စီဟိုင်က ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ ရန်သူ့ထံသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားသည်။
"တိုက်ကြ!"
"တိုက်ကြ!"
ရေခဲမြှားများစွာသည် ဟွမ်စီဟိုင်ထံသို့ ထပ်မံ ဦးတည်လာသည်။
သူသည် လက်မောင်းများကို မြှောက်ကာ အရေးကြီးသော နေရာများကို ကာကွယ်လိုက်သည်။
အခြားနေရာများကို ထိမှန်သော ရေခဲမြှားများသည် သူ့ကို ကြီးကြီးမားမား ထိခိုက်အောင် မလုပ်နိုင်ပေ။ သူသည် ကျင့်ကြံသူတစ်ဦး အနီးသို့ ရောက်သောအခါ လက်သီးတစ်ချက်တည်းဖြင့် ထိုသူကို လွင့်ထွက်သွားအောင် ထိုးလိုက်သည်။
ဟွမ်စီဟိုင်သည် သူ၏ ခန္ဓာကိုယ် ထွားကျိုင်းမှုကြောင့် ပုံမှန်အားဖြင့် လျင်မြန်ခြင်း မရှိသော်လည်း အမြန်နှုန်းအဆောင် အကူအညီဖြင့် သူသည် ပျံသန်းနိုင်သကဲ့သို့ ခံစားနေရသည်။
ဟွမ်စီဟိုင်က ရန်သူကို ကိုင်တွယ်နေစဉ်၊ ထျဲမ သည်လည်း ကျန်ရှိသော နှစ်ဦး၏ တိုက်ခိုက်မှုများကို လျင်မြန်စွာ ရှောင်တိမ်းနေသည်။
သူသည် လက်ထဲတွင် ဓားကို ကိုင်ဆောင်ကာ ရန်သူများအနီးသို့ တိုးကပ်သွားပြီး လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် သူတို့၏ ဦးခေါင်းများကို ဖြတ်ချလိုက်သည်။
သေဆုံးသွားသည့်တိုင်အောင် ထိုကျင့်ကြံသူများသည် ကိုယ်ခံပညာရှင်တစ်ဦး၏ လက်ထဲတွင် သူတို့ ဘယ်လိုသေသွားရသလဲဆိုတာကို နားမလည်နိုင်ခဲ့ကြပေ!
"ငါ မင်းကို ကူညီမယ်"
ထျဲမ သည် ဟွမ်စီဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး တတိယအဆင့်မှာရှိတဲ့ နောက်ဆုံးတစ်ယောက်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
ထိုကျင့်ကြံသူသည် ဟွမ်စီဟိုင်၏ လက်သီးချက်ကို ခံလိုက်ရသော်လည်း ဒဏ်ရာရရှိခြင်း မရှိပေ။
အဆောင်အမျိုးမျိုး၏ အကူအညီကို ရရှိထားသော ချီထိန်းချုပ်ခြင်းအဆင့် ရှိ ကိုယ်ခံပညာရှင် နှစ်ဦးကို ရင်ဆိုင်ရသောအခါ သူသည် စတင် အားနည်းလာသည်။
အစပိုင်းတွင် သူ ပြန်လည် တိုက်ခိုက်နိုင်ခဲ့သော်လည်း မကြာမီမှာပင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။ သူသည် သူ၏ရတနာကို အသုံးပြုပြီး အသက်ရှင်အောင်သာ ကြိုးစားနိုင်တော့သည်။
"တောက် သူက လိပ်လိုပဲ ငါတို့ ဘာလို့ သူ့ကို သတ်လို့မရတာလဲ"
ဟွမ်စီဟိုင်က နှာမှုတ်ကာ ပြောလိုက်သည်။
ရထားလုံးရှေ့တွင် အဘွားအိုသည် ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသည်။
သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ဖန်ချန်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ဒီကျင့်ကြံသူတွေက အသုံးမကျလိုက်တာ အဆောင် တစ်ခုတောင် မရှိကြဘူးဆိုတော့ သူတို့က တော်တော် ဆင်းရဲတာပဲ အဲဒါကြောင့်လည်း မင်းရဲ့ နောက်လိုက်တွေက သူတို့ကို ဒီလို အခြေအနေရောက်အောင် လုပ်နိုင်တာပေါ့ ကျင့်ကြံခြင်းလောကမှာ သူတို့က အနိမ့်ဆုံးအဆင့်တွေပဲ ရှိသေးတာ။"
"အဘွား အဘွားက သူတို့နဲ့ မတူဘူးလို့ ပြောချင်တာလား"
ဖန်ချန်က ရယ်မောကာ မေးလိုက်သည်။
"ဒါပေါ့"
သူမက နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ရဲ့ ရတနာကို ထုတ်သုံးလိုက်တာနဲ့ မင်းရော၊ အဲဒီ ကိုယ်ခံပညာရှင် နှစ်ယောက်ကိုရော အလွယ်တကူ နှိမ်နင်းနိုင်တယ် ကဲ... ငါ့ရဲ့ အခြေအနေတွေကို ပြောရအောင် ငါ "
မိုးကြိုးသံတစ်ခုက သူမ၏ စကားကို ဖြတ်တောက်လိုက်သည်။
ခရမ်းရောင် လျှပ်စီးတန်းက သူမကို ထိမှန်သွားစဉ်၊ သူမ၏ ဝိညာဉ်စွမ်းအင်များသည် သူမကို ကာကွယ်ရန် ခန္ဓာကိုယ်အတွင်းမှ လှိုင်းထလာသည်။
သို့သော် ခရမ်းရောင်လျှပ်စီး အဆောင် ၏ စွမ်းအားအပြည့်ကို မတားဆီးနိုင်ခဲ့ပေ။
စွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က သူမကို ထိမှန်သွားပြီး နောက်သို့ ဆုတ်သွားစေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
သူမ၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများကို မြင်တွေ့ရသည်။
"တာအို အတတ်ပညာလား အဆောင်တွေလား"
ဖန်ချန်က ထိုသို့သော အရာမျိုးကို အသုံးပြုနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဖန်ချန်သည် သူမကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး မပေးဘဲ သူမ၏ ဝိညာဉ်ရတနာကို မထုတ်ယူနိုင်ခင်မှာပင် နောက်ထပ် လျှပ်စီးတစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်သည်။
သူမ နောက်တစ်ကြိမ် အလစ်အငိုက် မိသွားပြန်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
သူမ အလွန်အမင်း ထိတ်လန့်သွားသည်။
လျှပ်စီး၏ စွမ်းအားများက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူမ၏ ဝိညာဉ်စွမ်းအင်များကို အသုံးမပြုနိုင်အောင် တားဆီးထားသည်။
"ဘာဖြစ်လို့လဲ"
ဖန်ချန်က မေးလိုက်သည်။
ဘုန်း
"မင်းက သူတို့နဲ့ တကယ်ပဲ မတူဘူးလား"
ဘုန်း
"ပြောစမ်း မင်းက ဘာတွေ ထူးခြားနေလို့လဲ"
ဖန်ချန်က အဘွားအိုရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာစဉ် လျှပ်စီးတန်းများက သူမကို အဆက်မပြတ် ထိမှန်နေသည်။
တစ်ကိုယ်လုံး မည်းတူးကာ ဒဏ်ရာမရှိသော နေရာဟူ၍ မရှိတော့ဘဲ အားကိုးရာမဲ့နေသော သူမကို ကြည့်ရင်း ဖန်ချန်က
"ဟဲ... မင်းက သူတို့နဲ့ ဘာထူးလဲဆိုတာ ငါပြောပြမယ် မင်းက ဝိညာဉ်သွေးဂိုဏ်း က ဖြစ်ပြီး သူတို့က မဟုတ်ဘူး၊ ဟုတ်တယ်မလား"
သူ၏ စကားက သူမကို တုန်လှုပ်သွားစေသည်။
နောက်ဆုံးတွင် သူမ သတိပြန်ဝင်လာပြီး ဖန်ချန်ကို အလွန်အမင်း ကြောက်လန့်တကြား စိုက်ကြည့်လိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ"
"ခရမ်းရောင် လျှပ်စီး အဆောင် ကိုတောင် မမှတ်မိဘူးလား ကြည့်ရတာ သွေးဝိညာဉ်ဂိုဏ်းက မဟာရှ အင်ပါယာကို စေလွှတ်လိုက်တဲ့ ကျင့်ကြံသူတွေက အရေးပါတဲ့သူတွေ မဟုတ်ပုံပဲ"
ဟု ဖန်ချန်က ပြောလိုက်သည်။
ဒါက သတင်းကောင်းပဲ။
"မင်း ဘယ်လိုလုပ် သိနေရတာလဲ"
သူမ ခက်ခက်ခဲခဲ စကားပြောလိုက်သည်။
"ငါ့ကို ပြောစမ်း ဝိညာဉ်သွေးဂိုဏ်းက မဟာရှ အင်ပါယာကို ကျင့်ကြံသူ ဘယ်နှယောက် စေလွှတ်ထားသလဲ"
ဖန်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
သူမသည် တွန့်လိမ်နေသော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်း... ငါက ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူဆိုတာ သိသိကြီးနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"
ဖန်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"အခု မေးခွန်းမေးနေတာ ငါလေ အကယ်၍ မင်း မဖြေဘူးဆိုရင် မင်းကို ငရဲကို ပို့ပေးဖို့ ငါ ဝန်မလေးဘူး ဒါပေမဲ့ မင်း ကျင့်ကြံဖို့ ကြိုးစားခဲ့သမျှတွေ အားလုံး အလဟဿ ဖြစ်သွားရမှာ နှမြောစရာ မကောင်းဘူးလား"
သူ၏ စကားများကြောင့် သူမ၏ ကြောက်စိတ်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။
သူမ ရှေ့ကလူသည် ဝိညာဉ်သွေးဂိုဏ်းကို လုံးဝ ကြောက်ရွံ့ပုံမရပေ။
အလွန်အမင်း ဖိအားပေးခံရသဖြင့် သူမသည် နှုတ်ခမ်းကို ကိုက်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
"ငါ တစ်ယောက်တည်းပဲ—"
"ဟဲဟဲ တာအိုဆရာ ရွှယ် က ငါ့လက်ထဲမှာ သေသွားပြီ အဲဒါက ပထမဆုံး လိမ်ညာမှုပဲ အကယ်၍ ငါသိထားတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီတာ တစ်ခုခု ထပ်ပြောရင် မင်း သေပြီလို့သာ မှတ်လိုက်"
ဟု ဖန်ချန်က ခပ်တိုးတိုး ရယ်မောရင်း ကြားဖြတ် ပြောလိုက်သည်။
သူမသည် နားကြားမှားသလားဟုပင် ထင်လိုက်မိသည်။
အကယ်၍ တာအိုဆရာ ရွှယ်ကို တစ်ဖက်လူက သတ်လိုက်သည်ဆိုပါက အခြားသော အင်အားစုတစ်ခုက သွေးဝိညာဉ်ဂိုဏ်းကို ပစ်မှတ်ထားနေပြီဟု ဆိုလိုခြင်း ဖြစ်သည် သွေးဝိညာဉ်ဂိုဏ်းသည် အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ အမှတ်အသားပြုခြင်းကို ခံလိုက်ရပြီလားဟု တွေးတောမိကာ သူမ အလွန် ကြောက်လန့်သွားသည်။
"အခု ပြောတော့ မင်းမှာ နောက်ဆုံး အခွင့်အရေးပဲ ရှိတယ်"
ဟု သူက ပြောလိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက နောက်ဆုံးတွင် စကားဆိုလိုက်သည်။
"စုစုပေါင်း... ခုနစ်ယောက် ရှိပါတယ်..."
ခုနစ်ယောက် ဖန်ချန်၏ မျက်နှာအမူအရာ မပျက်သော်လည်း သူ၏ စိတ်နှလုံးမှာ တဖြည်းဖြည်း လေးလံလာခဲ့သည်။
အခန်း ၄၂- ရတနာများကို သန့်စင်ခြင်း
"သူတို့ ဘယ်မှာလဲ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဘာလဲ ပြီးတော့ မင်းတို့က ဘာလို့ မဟာရှအင်ပါယာကို ပစ်မှတ်ထားနေရတာလဲ ကုဟယ်၊ လုံတူး၊ ယီကျိုး နဲ့ ချင်းစုန်း အင်ပါယာတွေမှာရော မင်းတို့ရဲ့ ကျင့်ကြံသူတွေ ရှိနေသလား"
ဖန်ချန်က မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးမြန်းလိုက်သည်။
"ငါပြောရင် မင်း ငါ့ကို လွှတ်ပေးမှာလား"
အဘွားအိုက ခက်ခက်ခဲခဲ စကားပြောလိုက်သည်။
သူမ၏ အသံမှာ အက်ကွဲနေပြီး စကားလုံးတိုင်းသည် လည်ချောင်းကို ဓားဖြင့် ထိုးနေသကဲ့သို့ပင်။
"ဒါပေါ့"
ဖန်ချန်က အာမခံချက် ပေးလိုက်သည်။
"ဟဲဟဲဟဲ..."
အဘွားအိုက အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"မင်းကို ငါယုံမယ်လို့ တကယ်ထင်နေတာလား ငါသာ ပြောလိုက်ရင် ငါတစ်ယောက်တည်း သေရမှာမဟုတ်ဘူး ငါ့မိသားစုတောင် လွတ်မှာမဟုတ်ဘူးမင်း ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ဝိညာဉ်သွေးဂိုဏ်း ရဲ့ ကျင့်ကြံသူတစ်ယောက်ကို မင်းလက်ဖျားနဲ့တောင် ထိရဲမှတော့ အသတ်ခံရဖို့သာ ပြင်ထားပေတော့ ငါတို့မှာ မင်းစိတ်ကူးနိုင်တာထက် ကျော်လွန်တဲ့ စွမ်းအားတွေ ရှိတယ်"
"မင်းက အသေခံမယ် အမှန်တရားကိုတော့ မပြောဘူးပေါ့လေ"
ဖန်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
သူမ ပြန်မဖြေတော့ပေ။
သူမသည် သူ့ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်မှ သွေးမည်းများ စီးကျလာသည်။
ဖန်ချန် သူမအနီးသို့ တိုးကပ်သွားသောအခါ သူမသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ဝိညာဉ်သွေးဂိုဏ်းက တကယ်ကို ကြောက်စရာကောင်းတာပဲ သူတို့ရဲ့ တပည့်တွေက ဂိုဏ်းကို သစ္စာဖောက်မယ့်အစား အသေခံဖို့ကိုပဲ ရွေးချယ်ကြတယ်"
ဟု ဖန်ချန်က အနည်းငယ် နှမြောတသစွာဖြင့် ရေရွတ်လိုက်သည်။
သူ၏ မျက်မှောင်များမှာ တင်းကြပ်စွာ တွန့်ချိုးသွားသည်။
ဒါက တကယ့်ကို နှမြောစရာပင်။ သူမသည် သိထားသည်များကို ပြောပြမည့်အစား အသက်အဆုံးစီရင်သွားခဲ့သည်။ ကြည့်ရသည်မှာ သူ၏ စုံစမ်းစစ်ဆေးမှုကို ချင်တုန်း ထံမှသာ ပြန်စရတော့မည် ထင်သည်။
"သခင်လေး ဒီကောင်က လိပ်ခွံလိုပဲ ကျွန်တော်တို့ သူ့ကို သတ်လို့မရဘူး"
ဖန်ချန် အဘွားအိုနှင့် ကိစ္စပြတ်ချိန်တွင် ဟွမ်စီဟိုင်နှင့် ထျဲမတို့သည် တတိယအဆင့်တွင်ရှိသော နောက်ဆုံးကျင့်ကြံသူကို ဖမ်းဆီးကာ ဖန်ချန်ထံ ခေါ်ဆောင်လာကြသည်။
"ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ ကျွန်တော် ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
အဘွားအို၏ ရုပ်အလောင်းကို ကြည့်ရင်း ထိုသူသည် ကြောက်လန့်တုန်ရီစွာဖြင့် အသနားခံ တောင်းပန်နေတော့သည်။
"ထျဲမ မင်းရဲ့ဓားကို ငါ့ကိုပေး"
ဖန်ချန်က ပြုံးလျက် တောင်းလိုက်သည်။ ထျဲမက ခေါင်းငြိမ့်ကာ ဓားကို ကမ်းပေးလိုက်သည်။
ဖန်ချန်၏ ဝိညာဉ်စွမ်းအင်များသည် ဓားသွားအတွင်းသို့ စီးဝင်သွားပြီးနောက် ထိုကျင့်ကြံသူ၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်လိုက်သည်။
"သူ့မှာ ထူးခြားတဲ့ ရတနာတစ်ခု ပါနေတာ အဲဒါကို ဖောက်ထွက်ဖို့အတွက် ဝိညာဉ်စွမ်းအင် သုံးမှရမယ် မင်းတို့ရဲ့ အတွင်းအား က သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး"
ဟု ဖန်ချန်က ဟွမ်စီဟိုင်နှင့် ထယဲ့မာကို ရှင်းပြလိုက်သည်။
ဝိညာဉ်စွမ်းအင်လား သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အလွန်ဝေခွဲမရ ဖြစ်နေကြသော်လည်း ဖန်ချန်က အသေးစိတ် မပြောပြသရွေ့ သူတို့လည်း ဝင်မမေးဝံ့ကြပေ။
ထိုအချိန်တွင် သူတို့ကို လုယက်ရန် ကြံစည်ခဲ့သော ကျင့်ကြံသူ လေးဦးစလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖန်ချန်သည် သူတို့၏ ပစ္စည်းများကို ရှာဖွေရာ ဝိညာဉ်ကျောက်တုံး အချို့နှင့် ရတနာနှစ်ခုကို ရရှိခဲ့သည်။
တစ်ခုမှာ အဘွားအိုထံမှဖြစ်ပြီး နောက်တစ်ခုမှာ တတိယအဆင့် ကျင့်ကြံသူထံမှ ဖြစ်သည်။
ထို့အပြင် အဘွားအိုထံမှ မီးလုံးဖန်တီးခြင်း ဟုခေါ်သော တာအိုလမ်းစဉ် ကျမ်းစာတစ်စောင်ကိုလည်း ရရှိခဲ့သည်။
ဖန်ချန်သည် ရုပ်အလောင်းများကို ဖျောက်ဖျက်ရန် ဟွမ်စီဟိုင်နှင့် ထျဲမကို ခိုင်းစေပြီးနောက် မြို့တော်သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။
ရထားလုံးအတွင်းတွင် ဖန်ချန်သည် သူရရှိလာသော ဝိညာဉ်ကျောက်တုံးများကို ရေတွက်ကြည့်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော် ရှိနေသည်။ ထို့နောက် ရတနာနှစ်ခုကို စစ်ဆေးကြည့်သည်။
အဘွားအိုထံမှ ရရှိသော ရတနာမှာ လက်ဖဝါးအရွယ်အစားရှိသော ကောက်ရိုးရုပ်လေးဖြစ်ပြီး ၎င်းတွင် ဝိညာဉ်အမှတ်အသား ငါးခု ပါရှိသည်။
"ဝိညာဉ်အမှတ်အသား ငါးခုဆိုတော့ ချီသန့်စင်ခြင်း ပဉ္စမအဆင့် ကျင့်ကြံသူတွေအတွက် ရတနာပဲ ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကနေ နှစ်ရာကြား တန်ဖိုးရှိမှာပဲ"
ဟု ဖန်ချန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အခြားတစ်မျိုးမှာ ဝိညာဉ်အမှတ်အသား သုံးခုသာပါသော ကျောက်စိမ်းဆွဲသီး တစ်ခုဖြစ်သည်။
ဖန်ချန်သည် ယခင်ပိုင်ရှင်များ၏ အမှတ်အသားများကို ဖျက်ဆီးရန်အတွက် ထိုရတနာများကို သန့်စင် ရန် ဆုံးဖြတ်လိုက်သည်။
သို့မဟုတ်ပါက သူသည် ၎င်းတို့ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
"စမ်းကြည့်ရအောင်"
ဖန်ချန်သည် အဘွားအို၏ ကောက်ရိုးရုပ်ကို ကိုင်ယူကာ အမှတ်အသားကို စတင်ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
နှစ်နာရီခန့် ကြိုးစားပြီးနောက် ဖန်ချန်၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသော်လည်း ကောက်ရိုးရုပ်ပေါ်မှ အမှတ်အသားကို မဖျက်နိုင်သေးပေ။
သို့သော် သူ မလောပါ သူ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းလိုက်သည်။
ဝိညာဉ်စွမ်းအင်များ အထွတ်အထိပ်သို့ ပြန်ရောက်သောအခါ ၎င်းသည် သူထင်ထားသည့်အတိုင်းပင် ဖြစ်လာသည်။
သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်နိုင်စွမ်းမှာ အနည်းငယ် ပိုမိုတိုးတက်လာပြန်သည်။
သူသည် ချက်ချင်းပင် ထပ်မံကြိုးစားလိုက်သည်။
နောက်ထပ် တစ်ရက် ကြာပြီးနောက်တွင်မူ အမှတ်အသားမှာ လုံးဝ ပျောက်ကွယ်သွားပြီး ဖန်ချန်သည် သူ၏ ကိုယ်ပိုင်အမှတ်အသားကို ထိုရတနာပေါ်တွင် တင်လိုက်နိုင်ပြီ ဖြစ်သည်။ သူသည် ရတနာကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။
နောက်ထပ် တစ်ရက်အကြာတွင် ကျောက်စိမ်းဆွဲသီးကိုလည်း အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
သူသည် ကျောက်စိမ်းဆွဲသီး၏ စွမ်းအားကို အရင်စမ်းသပ်ကြည့်သည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို ဆွဲသီးအတွင်းသို့ ထည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခုက လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
သူ၏ ဝိညာဉ်စွမ်းအင်များ မကုန်ခမ်းသရွေ့ ကျီကျင့်စဉ် တတိယ သို့မဟုတ် စတုတ္ထအဆင့်ရှိ သာမန်ကျင့်ကြံသူများပင် သူ့ကို ထိခိုက်အောင် လုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
စောစောက ကျင့်ကြံသူသည် ဖန်ချန်၏ လက်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့ရခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအင်များသည် ဟွမ်စီဟိုင်နှင့် ထျဲမ တို့၏ တိုက်ခိုက်မှုကြောင့် အလွန်အမင်း ကုန်ခမ်းနေခဲ့သောကြောင့် ဖြစ်သည်။
ထိုကျောက်စိမ်းဆွဲသီးသည် ယခုမှစ၍ အသုံးဝင်သော ကာကွယ်ရေးရတနာတစ်ခု ဖြစ်လာတော့မည်။
"ဒီကောက်ရိုးရုပ်က ဘာအတွက် သုံးတာလဲ မသိဘူး"
ဖန်ချန်သည် ၎င်းအတွင်းသို့ ဝိညာဉ်စွမ်းအင်များ ပေးပို့လိုက်ရာ ခဏချင်းမှာပင် ထိုရုပ်လေးသည် လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။
ဖန်ချန် အံ့အားသင့်သွားပြီး ထိုသူကို သေချာ စစ်ဆေးကြည့်လိုက်သည်။
ထိုလူလတ်ပိုင်း အမျိုးသားသည် အဘွားအိုဝူနှင့် အဘိုးကြီးလုတို့ ပြောပြခဲ့သော ပုံစံနှင့် ဆင်တူနေသည်ကို တွေ့လိုက်ရသည်။
"အရှိန်အဝါက မဆိုးဘူး ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတာပဲ ကံမကောင်းတာက သူက ကျင့်ကြံသူ မဟုတ်တော့ တာအိုတတ်ပညာ တွေကို သုံးနိုင်မှာ မဟုတ်ဘူး သူက ကိုယ်ခံပညာရှင်နဲ့ ဆင်တူပေမယ့် သူ့ရဲ့ ခွန်အားက ချီထိန်းချုပ်ခြင်းထက် အများကြီး သာလွန်တယ် မြေကမ္ဘာနက်နဲခြင်းနယ်ပယ်အဆင့်ကိုတောင် ရောက်နိုင်တယ်"
ဖန်ချန်သည် ထိုလူလတ်ပိုင်း အမျိုးသားကို စစ်ဆေးပြီးနောက် အပြင်ဘက်ရှိ လူနှစ်ယောက်ကို လှမ်းအော်လိုက်သည်။
"မင်းတို့ နှစ်ယောက် ခဏရပ်လိုက်ဦး"
ထျဲမ နှင့် ဟွမ်စီဟိုင်တို့သည် ရထားလုံးကို ချက်ချင်း ရပ်လိုက်ကြသည်။
ဖန်ချန်နှင့်အတူ မရင်းနှီးသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဆင်းလာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် အံ့ဩမှုများ ပေါ်လာသည်။
"မင်းတို့ နှစ်ယောက် သူ့ကို စမ်းတိုက်ကြည့်ကြ"
ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်တို့ နှစ်ယောက်လုံးလား"
ဟွမ်စီဟိုင်က အံ့ဩသွားပြီးနောက် ပြုံးလိုက်သည်။
"သခင်လေး၊ ကျွန်တော်တို့ထဲက တစ်ယောက်ဆိုရင်တောင် လုံလောက်ပါတယ် သူ ကျွန်တော်တို့ နှစ်ယောက်လုံးကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ဒါဆိုရင်လည်း စလိုက်ကြလေ"
ဖန်ချန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားသည်။
ခဏအကြာတွင် ဟွမ်စီဟိုင်သည် လူလတ်ပိုင်း အမျိုးသား၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။ သူသည် ပေအနည်းငယ်အကွာသို့ ကျသွားပြီး ကြောင်အမ်းအမ်းဖြင့် အကြာကြီး ထိုင်နေရကာမှ မနည်း ပြန်ထနိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်နေသော သွေးနှင့် လေများကို ပြန်လည် ထိန်းညှိပြီးနောက် ထိုလူလတ်ပိုင်း အမျိုးသားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေတော့သည်။
"ငါတို့ နှစ်ယောက် ဝိုင်းတိုက်မှ ဖြစ်မယ်"
ထျဲမက မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
ဟွမ်စီဟိုင်လည်း မငြင်းတော့ပေ။
သူတို့ နှစ်ဦး ပူးပေါင်း တိုက်ခိုက်ကြသော်လည်း ထိုလူလတ်ပိုင်း အမျိုးသားမှာ အလွန်လျင်မြန်သည်။ သူသည် ဖမ်းရခက်သော သူတစ်ဦး ဖြစ်နေသည်။
ထို့အပြင် သူ၏ လက်သီးနှင့် လက်ဝါးချက်တိုင်းတွင် ပြင်းထန်သော အားအင်များ ပါဝင်နေသည်။
ငါးချက် ခြောက်ချက်မျှ တိုက်ခိုက်ပြီးနောက်တွင်မူ သူတို့ နှစ်ဦးစလုံး လွင့်ထွက်သွားခဲ့ရသည်။
ထျဲမနှင့် ဟွမ်စီဟိုင်တို့မှာ တိတ်တဆိတ် ထိတ်လန့်သွားကြသည်။
"သခင်လေး၊ ဒါက ဘယ်သူလဲ"
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ဖန်ချန်သည် ဝိညာဉ်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ထိုအခါ လူလတ်ပိုင်း အမျိုးသားသည် ကောက်ရိုးရုပ်လေးအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး ဖန်ချန်၏ လက်ဖဝါးပေါ်သို့ ပြန်ရောက်လာသည်။
သူတို့နှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဖန်ချန် ပေးခဲ့သော အဆောင်များကို ပြန်လည် တွေးတောမိကြပြီး မြင်နေရသောအရာများကို မယုံနိုင်အောင် ဖြစ်နေကြသည်။
လွန်ခဲ့သော ငါးနှစ်အတွင်း ဖန်ချန်သည် ထိုကဲ့သို့သော ဆန်းကြယ်သော အတတ်ပညာများကို မည်သို့ ကျင့်ကြံနိုင်ခဲ့သည်ကို သူတို့ အံ့ဩနေကြတော့သည်။
"ဒီကောက်ရိုးရုပ်က ရတနာတစ်ခုပဲ သူက ချီထိန်းချုပ်ခြင်းအဆင့် ကိုယ်ခံပညာရှင်တွေထက် ပိုသန်မာတယ် ဒါတင်မကသေးဘူး သူက ကျင့်ကြံသူတွေကိုတောင် ပြန်တိုက်နိုင်တယ်"
ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။
အခုလို အခြေအနေမျိုးတွင်၊ အခြားနှစ်ယောက်က ရန်သူကို ပူးပေါင်း မတိုက်နိုင်လျှင်တောင် ထိုကောက်ရိုးရုပ်သည် ဝိညာဉ်စွမ်းအင်ကို အသုံးပြုသောကြောင့် ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။
ထျဲမက ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်သည်။
"သခင်လေး၊ ဒီလောကမှာ ကိုယ်ခံပညာရှင်တွေထက် သာလွန်တဲ့သူတွေ၊ လူသားတွေရဲ့ အကန့်အသတ်ကို ကျော်လွန်တဲ့သူတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ် သူတို့က ဒဏ္ဍာရီထဲက မသေမျိုး တွေလိုမျိုးလား"
ဖန်ချန်က ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်သည်။
"ဟုတ်တယ်၊ သူတို့က ကိုယ်ခံပညာရှင်တွေနဲ့ မတူတဲ့ လမ်းစဉ်ကို လျှောက်လှမ်းကြတာ သူတို့က တာအို ကို ကျင့်ကြံကြပြီး သူတို့ကို ကျင့်ကြံသူ တွေလို့ ခေါ်ကြတယ်"
သူတို့ နောက်ဆုံးတွင် နားလည်သွားကြပြီ သူတို့၏ သခင်လေးသည် လုံးဝ ကွဲပြားခြားနားသော လမ်းစဉ်သစ်တစ်ခုသို့ ခြေလှမ်းလှမ်းနေပြီ ဖြစ်သည် ထိုသို့ သိလိုက်ရခြင်းမှာ သူတို့အတွက် တုန်လှုပ်စရာထက် ဝမ်းမြောက်စရာသာ ဖြစ်နေတော့သည်။