ရန်သူအများကြီးရှိသည့်နေရာကိုရှောင်တိမ်းခြင်း
Vol. 20 Ch. 279
အခန်း (၂၇၉) ရန်သူအများကြီးရှိသည့်နေရာကိုရှောင်တိမ်းခြင်း
ကျန်းလန်က မတ်တတ်ထရပ်လိုက်ပြီး ရန်ကျင်းကို လက်နှစ်ဖက်စုပ် ဂါရဝပြုရင်း တောင်းပန်စကားဆိုလိုက်သည်။
"ဒီကိစ္စကတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး"
နဂါးနန်းတော်သို့ တစ်ယောက်တည်းလိုက်ပါသွားရန်ကိစ္စကို ကျန်းလန် မည်သည့်နည်းနှင့်မှ သဘောမတူနိုင်ပေ။ အခန့်မသင့်လျှင် သူ့ဘ၀ ဒုက္ခလှလှ တွေ့မည် ဖြစ်၏။
အရင်အခြေအနေဆိုလျှင်တော့ စဉ်းစားမှုများစွာပြုလုပ်ပြီး သဘောတူကောင်းတူလိုက်မည် ဖြစ်သည်။
သို့သော် ယခုတော့…
ဤကိစ္စကို သဘောတူလိုက်ခြင်းအားဖြင့် သူ့အကြောင်းများ ဘူးပေါ်သလိုပေါ်သွားနိုင်ပြီး မပြန်လမ်းသို့ မြန်းသွားရနိုင်သည်။
သူက အဋ္ဌမမင်းသားထက်ပိုပြီး တန်ဖိုးရှိသူ ဖြစ်လေသည်။
အဋ္ဌမမင်းသားက ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၂)ခုကိုသာ ပိုင်ဆိုင်ထားသူဖြစ်ပြီး သူက နတ်ဘုရားရာထူးကြီးတစ်ခုလုံး ရရှိထားသူ ဖြစ်သည်။
ကျန်းလန်၏ စကားနှင့်ပတ်သက်ပြီး ရန်ကျင်းက စိတ်ထဲထားဟန် မရှိပေ။
သူမက သာမန်စကားစမြည်ပြောသလိုပင် ပြုံးရယ်လျှက်ဖြင့် စကားဆိုသည်။
"ကြည့်ရတာ ခွန်လွန်တောင်က မင်းကို ကောင်းကောင်းကာကွယ်ပေးထားနိုင်တာပဲ"
ခဏမျှ စကားပြောကြပြီးနောက် ကျန်းလန်နှင့် လုန်ယွိတို့ တတိယတောင်ထွတ်မှ ပြန်ခဲ့ကြလေသည်။
သူတို့ ထွက်ခွာသွားသည်ကိုကြည့်ရင်း ရန်ကျင်း ခေါင်းခါယမ်းလိုက်၏။
"သူက ခွန်လွန်တောင်က ရုပ်သေးရုပ်တစ်ရုပ် မဟုတ်ဘူးလား"
"လုန်မန်က မွေးရာပါအင်မော်တယ်တစ်ပါးပဲ ၊ မာမလည်းကြီးသလို ဂုဏ်ယူဝင့်ကြွားတတ်တဲ့သူလည်း ဖြစ်တယ် ၊ ဘယ်သူ့ကိုမှ အထင်မကြီးသလို ဘယ်သူ့ကိုမှ အထင်မသေးတတ်ဘူး ၊ ဒါပေမဲ့ လုန်မန်က ဒီကောင်လေးကို ယောက်ဖ ယောက်ဖနဲ့ အတော်လေး လေးစားပုံထောက်ရင် သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ဘူး ၊ နဂါးနန်းတော်ကိုသာ လိုက်ခဲ့မယ်ဆိုရင် သူ့အတွက် အခွင့်အရေးတွေ အများကြီးရှိတယ် ၊ ငါတို့ နဂါးမျိုးနွယ်တွေက သူ့ကို ဒုက္ခပေးမှာ မဟုတ်ဘူးဆိုတာတော့ သူ နားလည်လောက်ပါတယ်လေ"
သူမက ခွန်လွန်တောင်တွင် အချိန်တစ်ခုပြီး နေထိုင်ရန် ဆုံးဖြတ်ထားလေရာ နောက်ထပ်အခွင့်အရေးတစ်ခု ရချင်ရပေဦးမည်။
ယနေ့ ကျန်းလန်ကသာ စကားဆက်ပြောနေဦးမည်ဆိုလျှင် အနည်းငယ်ရင်းနှီးမှုရယူပြီး သမီးဖြစ်သူ လုန်ယွိကို သူမနှင့်အဖော်ပြုပေးပါရန် ခွင့်တောင်းမည်ဟု တွေးထားခဲ့သည်။
သို့သော် ကျန်းလန်ကလည်း စကားများများပြောသူ မဟုတ်သလို လုန်ယွိကလည်း ကျန်းလန်ပြန်သည်နှင့် ချက်ချင်းပင် ပြန်လိုက်သွားလေသည်။
မည်သို့ပင်ဖြစ်စေ…
ကျန်းလန် ပြောသည့်စကားများက သူမကို အံ့အားသင့်စေသည်မှာ အမှန်ပင် ဖြစ်တော့၏။
***
ကျန်းလန်နှင့်လုန်ယွိ နဝမတောင်ထွတ်သို့ ပြန်လာခဲ့ကြသည်။
သူတို့ ဘေးချင်းယှဉ်ကာ လမ်းလေဆာက်လာရင်း ကျန်းလန်က လုန်ယွိကို အကဲခတ်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက တည်ငြိမ်နေပြီး မျက်နှာအမူအရာကလည်း အေးစက်နေဆဲပင်။
သူမ ပျော်ရွှင်နေသည်လား ၊ ဒေါသထွက်နေသည်လား ၊ ဝမ်းနည်စိတ်မကောင်းဖြစ်နေသည်လား ဝေခွဲရခက်လှသည်။
ထိုစဉ် လုန်ယွိက ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်။ သူမ၏ အပြုအမူကြောင့် ကျန်းလန်မှာလည်း စိတ်ရှုတ်ထွေးသွားရ၏။
သူမက ကျန်းလန်ကို လှည့်ကြည့်လာပြီး…
"ဂိုဏ်းတူမောင်လေး"
ဟု ခေါ်လိုက်သည်။
လုန်ယွိမှာ အရွယ်ရောက်ပြီး မိန်းမပျိုတစ်ယောက်ပုံစံနှင့်ဖြစ်ပြီး ကျက်သရေရှိစွာ လှပတင့်တယ်သည့် အလှဧကရီတစ်ပါးဖြစ်သည့်တိုင် အလွန်အေးစက်တည်ငြိမ်လှသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ… ဘာပြောစရာရှိလို့လဲ"
လုန်ယွိက သူမလက်လေးကို ကျန်းလန်ရှေ့သို့ ကမ်းပေးလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မလက်ကို မကိုင်တော့ဘူးလား"
"…………"
'နောက်ဆိုကြိုးနဲ့ချည်ထားတော့မယ်' ဟု ကျန်းလန် တွေးလိုက်၏။
ထို့နောက် လုန်ယွိ၏ နူးညံ့လှသည့်လက်လေးကို သူ အသာအယာဆုပ်ကိုင်လိုက်သည်။
"စောစောက နဂါးဧကရီနဲ့တွေ့တော့ ဂိုဏ်းတူအစ်မက စကားလည်း သိပ်မပြောဘူး"
"ဟုတ်တယ်လေ ၊ အမေက ကျွန်မကို အာရုံစိုက်မှာတွေကို ဂိုဏ်းတူမောင်လေးက ခိုးယူသွားတာကိုး"
"ဂိုဏ်းတူအစ်မသာ ရှောင်ယွိလို သေးသေးလေးဖြစ်သွားရင် ကိုယ်အာရုံစိုက်ခံတာကို ပြန်ခိုးယူလို့ ရတယ်လေ"
"ဒါပေမဲ့ ကျွန်မက ဂိုဏ်းတူမောင်လေးကို တမင်သက်သက် ခိုးယူခွင့် ပြုလိုက်တာပါနော်"
***
နဝမတောင်ထွတ်သို့ ပြန်ရောက်ကြပြီးနောက်…
နောက်တစ်နေ့ ညနေခင်းမှ ရှောင်ယွိက ကျောက်စိမ်းရေကန်သို့ ပြန်သွားလေသည်။
မိခင်ရင်းဖြစ်သူနှင့် တွေ့ဆုံခဲ့ရပြီး သူမ အတော်လေး စိတ်ထိခိုက်နေဟန် ရှိသည်။
မိခင်ဖြစ်သူသည် မောင်ငယ်ဖြစ်သူ လုန်မန်ကဲ့သို့ သဘောကောင်းသူဖြစ်လေမလား သူမ မျှော်လင့်ခဲ့သော်လည်း တကယ်တမ်း မိခင်ဖြစ်သူနှင့် တွေ့ဆုံရသည့်အခါ သူမ၏ မျှော်လင့်ချက်များအားလုံး လွင့်ပြယ်ခဲ့ရသည်။
မနေ့ညက ကျန်းလန် ခဏမျှ ကျင့်ကြံနေခဲ့သည်။ ကျင့်ကြံခြင်း ပြီးဆုံးသွား၍ မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ ရှောင်ယွိငိုနေသည်ကို သတိပြုလိုက်မိသည်။
ရှောင်ယွိ ပထမဆုံးအကြိမ် ငိုကြွေးခဲ့သည်မှာ ကျန်းလန်နှင့် စေ့စပ်ရမည်ကို သိရှိရသည့်အချိန်က ဖြစ်သည်။
ယခုတော့ သူမက အဖြစ်အပျက်များကို လက်ခံနိုင်ရန် ကြိုးစားနေဟန် ရှိသည်။ ထို့ကြောင့် သူက သူမကို မချော့တော့ဘဲ မျက်လုံးများပြန်မှိတ်ကာ ကျင့်ကြံနေဟန် ဆေင်လိုက်သည်။
ထိုနေ့ညက…
ရှောင်ယွိက သူ့နံဘေးတွင် တစ်ညလုံး ထိုင်နေခဲ့လေသည်။
***
ရှောင်ယွိ ပြန်သွားသည်နှင့် ကျန်းလန် မရဏဂူသို့ ထွက်လာခဲ့ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။
ရှောင်ယွိ အဆင်ပြေသည်မှာ သေချာတော့မှ သူက ဆက်လက်ကျင့်ကြံရန် စီစဉ်လိုက်သည်။
အချိန် (၃)ရက် ကြာပြီးနောက်…
အပြင်ဘက်ဆီမှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားရလေသည်။ ခွန်လွန်တောင် အဓိကခန်းမဆောင်တွင် တပည့်များ စုရုံးနေကြဟန်ရှိသည်။
"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ စတင်နေပြီလား"
ကျန်းလန်တွေးလိုက်၏။
မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ကျန်းလန် ဆက်မစဉ်းစားတော့ဘဲ ကျင့်ကြံနေလိုက်သည်။
မကြာသေးမီကပင် များစွာသောအကြောင်းအရာများ ဖြစ်ပျက်ခဲ့ပြီး သူ့မှာ ကျင့်ကြံရန်အချိန် သိပ်မရခဲ့ပေ။
သို့သော် စတင်ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်နှင့် ဆရာဖြစ်သူပေးပို့လိုက်သည့် စာတစ်စောင်က မရဏဂူအတွင်းသို့ ပျံသန်းဝင်ရောက်လာသည်။
အပြင်ဘက်တွင် ထွက်ပေါ်နေသည့် ဆူညံသံများနှင့်ပတ်သက်သောကိစ္စတွင် သူ အနည်းနှင့်အများ ပါဝင်ပတ်သက်ရတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
စာကိုဖတ်ကြည့်ပြီးနောက်…
"ကျူးကျော်သူတွေကို ရှင်းပစ်ရမယ်တဲ့လား"
ကျန်းလန် အံ့အားသင့်သွား၏။
ခွန်လွန်တောင်ကို မည်သူတွေက ကျူးကျော်လာပါသနည်း။
ကျန်းလန် စာကို ဆက်ဖတ်လိုက်သည်။ ထိုအခါ အကြောင်းရင်းကို သိလိုက်ရသည်။
ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် မြေအောက်နတ်ဆိုးများ အများအပြား ပုန်းခိုနေကြပြီး ခွန်လွန်တောင်မှ တပည့်ရင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေကြသည်။
အစပိုင်းတွင် ကျူးကျော်သူများကို အဋ္ဌမတောင်ထွတ်တစ်ခုတည်းကသာ တာဝန်ယူရှင်းလင်းမည်ဖြစ်သော်လည်း ယခုတော့ ခွန်လွန်တပည့်များ အတွေ့အကြုံရစေရန်အတွက် တောင်ထွတ် (၉)ခုလုံးမှ တပည့်များ ပါဝင်ရမည် ဖြစ်သည်။
"ဆရာက သူတို့တွေနဲ့ တိုက်ခိုက်ပြီး ငါ့ကို အတွေ့အကြုံရစေချင်တာ ဖြစ်မယ်"
ကျန်းလန် မည်သို့မှ မတတ်နိုင်ဘဲ မရဏဂူထဲမှ ထွက်လာခဲ့သည်။ သူက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုပါ ယူဆောင်လာခဲ့သည်။
ရန်သူများနှင့် ရင်ဆိုင်ရသည်မှာ ရှားပါးအခွင့်အရေးဖြစ်သောကြောင့် ကြိုးစားကြည့်ရန် ဆရာဖြစ်သူက စာထဲတွင် ရေးသားထားသည်။
ရှားပါးအခွင့်အရေးတဲ့လား။
သူကတော့ မကြာခဏ ရန်သူများနှင့် တွေ့နေရသည်ပင်။
လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀)အတွင်း ဆယ်ကြိမ်ထက်မနည်း ရန်သူများနှင့် တိုက်ခိုက်ခဲ့ရသည်။ နှစ်ပေါင်း (၃၀) ၊ သို့မဟုတ် နှစ်ပေါင်း (၄၀)ခန့်တွင်တစ်ကြိမ် ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဤသည်ကို ရှားပါးသည်ဟုဆိုနိုင်ပါမည်လား။
***
ကျန်းလန် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ရောက်ရှိလာသည်။
သူက ထောင့်တစ်ထောင့်တွင်မတ်တတ်ရပ်ရင်း ခန်းမဆောင်အလယ်မှ ကျောက်စာတိုင်တစ်ခုကို ဝိုင်းဝန်းကြည့်ရှုနေကြသည့် တပည့်များကို လှမ်းကြည့်နေ၏။
"မင်း အဲဒီ ကျောက်စာတိုင်ကို ဘယ်လိုထင်လဲ"
ရုတ်တရက် သူ့ ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကျန်းလန် လှည့်ကြည့်လိုက်တော့ ရွှေပြဒါးအမြုတေအဆင့် ဂိုဏ်းတူညီလေး (၂)ယောက် အချင်းချင်း စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။
"ကျုပ်ကြားတာတော့ အဲဒါ တိုက်ပွဲကို မှတ်တမ်းတင်တဲ့ အစီအရင်တဲ့ ၊ နတ်ဆိုးတွေက ခွန်လွန်တောင်ပတ်ဝန်းကျင်တစ်ခုလုံးက တောတွေ တောင်တွေမှာ ပုန်းအောင်းနေကြတာလေ ၊ ဒါက ကျူးကျော်သူတွေကို တိုက်ခိုက်မယ့် တပည့်တစ်ယောက်ချင်းစီရဲ့ တိုက်ပွဲရလဒ်ကို မှတ်တမ်းတင်ထားတာ ဖြစ်ရမယ်"
"အဲဒီ ကျောက်စာတိုင်က တပည့်တစ်ယောက်ရဲ့ တိုက်ပွဲရလဒ်ကို ဘယ်လို မှတ်တမ်းတင်မှာလဲ"
ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။
ရန်သူတစ်ယောက်ကိုသတ်ဖြတ်ပြီးတိုင်း ဦးခေါင်းတွေကို ပြန်သယ်လာရမည်လား။
မည်သို့ပင်ဖြစ်စေ တပည့်တစ်ယောက်ချင်းစီ၏ သတ်ဖြတ်မှုများကို မှတ်တမ်းတင်ထားမည်ဆိုလျှင် သူ့အတွက် စိုးရိမ်စရာ ဖြစ်သည်။
ထိုစဉ်မှာပင် ဘေးနားမှ တပည့်ငယ်ထံမှ စကားသံထွက်ပေါ်လာသည်။
"မသိဘူးလေ ၊ ပြောကြတာတော့ အဲဒီကျောက်စာတိုင်အစီအရင်ကို ပဉ္စမတောင်ထွတ်က ပြုလုပ်ထားတာတဲ့ ၊ အသေးစိတ်သိချင်ရင် အနားသွားကြည့်တာ ကောင်းမယ်ထင်တယ်"
ပြောပြီးသည်နှင့် တပည့်ငယ် (၂)ယောက် ရှေ့သို့တိုးသွားကြသည်။
ကျန်းလန်လည်း သူတို့ (၂)ယောက်နောက်မှ လိုက်ပါသွား၏။
ကျန်းလန်က အစီအရင်ပညာကို ကျွမ်းကျင်သူဖြစ်သော်လည်း ပဉ္စမတောင်ထွတ်မှ ပြုလုပ်ထားသည့် ကျောက်စာတိုင်အစီအရင်ကိုတော့ ပေါ့ပေါ့ဆဆ သဘောမထားဝံ့ပေ။
သေသေချာချာ လေ့လာလိုက်သည့်အခါမှာတော့ တိုက်ပွဲစည်းမျဉ်းကို ကျန်းလန် နားလည်သွားသည်။
ထိုကျောက်စာတိုင်က တိုက်ပွဲမှတ်တမ်းများကို မှတ်တမ်းတင် မှော်ဝင်ပစ္စည်းတစ်ခုပမာ မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ထူးခြားမှုမရှိသည့် သာမန်အစီအရင်တစ်ခုမျှသာ ဖြစ်သည်။
ခွန်လွန်တပည့်များ၏ သတ်ဖြတ်ခြင်းခံရသူများအားလုံးကို ကျောက်စာတိုင်တွင် မှတ်တမ်းတင်ထားမည်ဖြစ်ပြီး တပည့်တစ်ယောက်က ကျူးကျော်သူ ဘယ်နှစ်ယောက် သတ်ဖြတ်နိုင်မည်ကို ရေတွက်မည် ဖြစ်သည်။
ဤသည်က မည်သည့်ပြဿနာမှ မရှိသလို သူ့အပေါ်တွင်လည်း သက်ရောက်မှု မရှိနိုင်ပေ။
သတ်ဖြတ်ခံရသူအရေအတွက်ကို မှတ်တမ်းတင်ထားပြီး အများဆုံးသတ်ဖြတ်နိုင်သည့် တောင်ထွတ်များကို အောင်မြင်မှု အဆင့်သတ်မှတ်ချက်များ ပြုလုပ်ထားမည် ဖြစ်သည်။
တပည့်တစ်ယောက်ချင်း၏ရလဒ်က သိပ်ပြီး ကိစ္စမရှိပေ။
သို့သော် တောင်ထွတ်အသီးသီး၏ အောင်မြင်မှုများအတွက်ကတော့…
သူက နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်ဖြစ်ပြီး သူတစ်ယောက်တည်း၏ အောင်မြင်မှုက တောင်ထွတ်တစ်ခုလုံးကို ကိုယ်စားပြု၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သာမန်မျှ လုပ်ဆောင်နိုင်ပါက ဝေဖန်ခံရမည်လည်းမဟုတ်သလို အာရုံစိုက်ခံရမည်လည်း မဟုတ်ပေ။
သာမန်ထက် အနည်းငယ် ပိုမိုလုပ်ဆောင်နိုင်လျှင်လည်း ကောင်းသည်ပင်။
ထို့နောက် ခန်းမအတွင်းမှ ကျောက်စာတိုင်နှင့် ချိတ်ဆက်ထားသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းကို ရယူပြီး ကျန်းလန် မြေအောက်နတ်ဆိုးများကို ရှာဖွေရန် ထွက်ခွာသွားသည်။
ခွန်လွန်တောင် အပြင်ဘက် ရောက်သည်နှင် မည်သည့်နေရာသွားရမည်လဲ ကျန်းလန် စဉ်းစားနေ၏။
"ဂိုဏ်းတူညီလေး ၊ ကျုပ်မင်းကို အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ"
စကားသံနှင့်အတူ သူ့အနားသို့ လူငယ်တစ်ယောက် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်က ခွန်လွန်တပည့်တစ်ယောက်ဖြစ်ပြီး မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်သည်။
မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ပြီးသည်နှင့် ချက်ချင်း အင်မော်တယ်အဖြစ် အဆင့်တက်နိုင်တော့မည် ဖြစ်သည်။
ကျန်းလန်က အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ရင်း…
"ကျွန်တော်လည်း ဂိုဏ်းတူအစ်ကိုကို မြင်ဖူးနေသလိုပဲ"
ကျန်းလန် ထိုသူကို အမှန်တကယ်ပင် မြင်ဖူးနေသလို ခံစားနေရသည်။
ထိုလူငယ်က ပြုံးလိုက်ရင်း…
"ကျုပ်က ပထမတောင်ထွတ်က ကျိကျန်ပါ"
"နဝမတောင်ထွတ်က ကျန်းလန်ပါ"
ထိုသူမည်သူဖြစ်ကြောင်း ကျန်းလန် ချက်ချင်း မှတ်မိသွားသည်။
ခွန်လွန်ဝတ်ကျောင်းတော်ထဲတွင် အများနှင့်မတူ တစ်မူထူးကာ အနောက်ဘက်သို့ သွားရောက်ရန် ရွေးခြယ်ခဲ့သည့် ဂိုဏ်းတူအစ်ကို ဖြစ်၏။
ထိုစဉ်က ကျိကျန်မှာ မရှိမှုအာကာသအဆင့် အောင်မြင်ထားသူဖြစ်သည့်တိုင် အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ရန် အဆင်သင့် မဖြစ်သေးပေ။
သူက အဆင့်တက်ရန် အချိန်ဆွဲထားပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေဟန် ရှိသည်။
ကျိကျန်က ကျန်းလန်ကို အားကျစွာဖြင့် ကြည့်လိုက်ပြီး…
"မင်းနဲ့တွေ့ရတာ ဂုဏ်ယူမိပါတယ်ကွာ"
ကျောက်စိမ်းရေကန်နတ်ဘုရားမကို တာအိုလက်တွဲဖော်တော်ရမည့် ကျန်းလန်ကို အားမကျသည့်သူ မည်သူရှိပါမည်နည်း။
ကျိကျန်က ပြုံးလိုက်ရင်း…
"ကောင်းပြီလေ ၊ ဂိုဏ်းတူညီလေးလည်း မြေအောက်နတ်ဆိုးတွေကို ရှာဖွေမလို့ မဟုတ်လား ၊ ဒီက ဂိုဏ်းတူအစ်ကိုက အကြံလေးပေးချင်လို့ လက်ခံမလား"
ကျန်းလန်က…
"ဂိုဏ်းတူအစ်ကို သင်ပြပေးမှာ ကျေးဇူးတင်ပါတယ်"
ကျန်းလန်က ဂိုဏ်းတူမောင်နှမများအားလုံးကို တလေးတစား ဆက်ဆံလေ့ရှိသည်။ သို့မှသာ အခြားသူများနှင့် အကြောင်းမရှိဘဲ ရန်သူများ ဖြစ်လာမည် မဟုတ်ပေ။
သို့သော် သူက အမြဲတမ်း သတိထားနေသူ ဖြစ်သည်။
ကျိကျန်က…
"မြေအောက်နတ်ဆိုးတွေက အမှောင်ထဲမှာ နေရတာကို သဘောကျတယ် ၊ ဒီတော့ တောနက်တွေထဲမှာ သူတို့ကို ရှာတွေ့နိုင်တယ် ၊ ဒါပေမဲ့ သူတို့ အများဆုံးပုန်းနေနိုင်တာကတော့ မြေအောက်ဂူတွေထဲမှာပဲ"
ကျိကျန်က ကျန်းလန်ကို ကြည့်လိုက်ပြီး စကားဆက်ပြောသည်။
"ဒီတော့ တန်ခိုးစွမ်းအားမြင့်မားတဲ့ ဂိုဏ်းတူအစ်ကို ၊ အစ်မတွေနောက်လိုက်သွားပြီး မြေအောက်ဂူတွေရှိတဲ့ဘက်မှာ သူတို့ကို သွားရှာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
ခဏမျှ စကားစမြည်ပြောကြပြီးနောက် ကျိကျန် ထွက်ခွာသွားလေသည်။
ဤဂိုဏ်းတူအစ်ကို၏ အမြင်က အတော်လေး တစ်မူထူးခြားသည်။
သစ်တောများ ၊ ရေကန်များ ၊ ကျောက်ဂူများ ၊ အထူးသဖြင့် မြေအောက်ဂူများတွင် နတ်ဆိုးများ နေထိုင်လေ့ရှိသည်။
ထို့ကြောင့်…
ကျန်းလန်က ထိုနေရာများသို့ မသွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာများသို့ သွားရောက်လျှင် သေချာပေါက် အန္တရယ်များသည် မဟုတ်ပါလား။