← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

လောကကိုးပါးမသေမျိုး

ဘာသာပြန် - အရှင်ငယ်

အခန်း ၅၁- ငါးက ငါးစာကို ဟပ်လိုက်ပြီ

​စခန်းမှ ထွက်လာပြီးနောက် ပဉ္စမမင်းသားသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

​“ယွမ်ကျန်းက အခုတလော သူတို့ကို အနှောင့်အယှက် ဖြစ်စေတဲ့ အမှုတစ်ခုကို စုံစမ်းနေတာ အဲဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့သူ တစ်ယောက်ကတော့ ငြိမ်ဝပ်ပိပြားရေးမှူးချုပ်လျိုပဲ”

ဟု ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။

​“အဲဒီအမှုက အရေးကြီးလို့လား”

ပဉ္စမမင်းသား၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

“ပြဿနာတွေ ထပ်မရှာပါနဲ့ဦး ငါ့ခန္ဓာကိုယ်က ဒါတွေကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”

​“စိတ်မပူပါနဲ့ မင်း ဝင်ပါစရာ မလိုပါဘူး တစ်ခါတလေ ငါနဲ့ ပူးပေါင်းပေးရုံပဲ တခြား ဘာမှ စိတ်ပူစရာ မလိုဘူး”

ဟု ဖန်ချန်က ဆိုသည်။

​ပဉ္စမမင်းသားက ထူးဆန်းသော မျက်နှာထားဖြင့်

“ကောင်းပြီလေ ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးပါရစေ အခုတလော ဧကရာဇ်မင်းမြတ်က မင်းကို သိပ်ပြီး သဘောမကျဘူး မင်း ဘာပဲလုပ်လုပ် သတိထားဦး”

ဟု ပြောကာ သူ၏လူများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားသည်။

​ထို့နောက် ဖန်ချန်သည် ရွှီဂီကို ခေါ်ကာ ‘လျှို့ဝှက်ခြံဝန်း’ သို့ သွားခဲ့သည်။

မကြာမီမှာပင် ထျဲမ နှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

လက်ရှိ မအားလပ်သူများမှလွဲ၍ မဟာရှလျှို့ဝှက်အစောင့်တပ် အဖွဲ့ဝင် ၃၀ ကျော် ရောက်လာကြသည်။

​“ဒါတွေက အရိုးသန့်စင်ဆေးလုံး တွေပဲ။ တစ်ယောက် တစ်လုံးစီ သောက်လိုက်ကြ

“

ဖန်ချန်က ဆေးလုံးများကို ထုတ်ယူကာ ဝေငှပေးလိုက်သည်။ လူတိုင်းသည် သူတို့လက်ထဲရှိ ဆေးလုံးများကို စူးစမ်းစွာ ကြည့်နေကြသည်။

​“သခင်လေး... ဒါက ဘာအတွက် သုံးတာလဲ”

ရွှီဂီက မေးသည်။

​ဖန်ချန်က ပခုံးတွန့်ပြကာ

“ငါလည်း သေချာတော့ မသိဘူး ဒါပေမဲ့ ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းကို တစ်နည်းမဟုတ်တစ်နည်း မြှင့်တင်ပေးလိမ့်မယ်”

ဟု ဆိုသည်။

​သူတို့ရဲ့ ကိုယ်ခံပညာ ကျင့်ကြံခြင်းကို မြှင့်တင်ပေးမယ် ဟုတ်လား

​လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ တည်ငြိမ်လှသော ထျဲမ ပင်လျှင် သူ၏လက်ထဲမှ ဆေးလုံးကို စိုက်ကြည့်နေမိသည်။

မကြာသေးမီက ဖန်ချန်၏ ရထားလုံးကို မောင်းပြီး နဂါးကျောရိုးတောင်တန်း သို့ သွားခဲ့စဉ်က ဖန်ချန် ၎င်းတို့ကို ထိုနေရာမှ ရလာခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူ တွေးမိသည်။

ထိုဆေးလုံးများမှာ ထူးခြားသော အာနိသင် ရှိမည်မှာ သေချာသည်။

​“ရွှီဂီ ဒီနေ့ မလာနိုင်တဲ့သူတွေဆီကိုလည်း ဆေးလုံးတွေ ပို့ပေးလိုက်ဦး”

ဟု ဖန်ချန်က ညွှန်ကြားလိုက်သည်။

​ရွှီဂီ က ခေါင်းငြိမ့်ပြကာ လက်ထဲရှိ ဆေးလုံးကို ဝါးမျိုလိုက်သည်။ ထို့နောက် လူတိုင်းက သူ့ကို စူးစမ်းစွာ စိုက်ကြည့်နေကြသဖြင့် သူ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာကြည့်နေကြတာလဲ အခုမသောက်ဘဲ ထားရင်းနဲ့ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ”

​ဟုတ်သားပဲ

​သူ၏ သတိပေးချက်ကို ကြားသောအခါ လူတိုင်း ဆေးလုံးများကို ပါးစပ်ထဲ ထည့်လိုက်ကြသည်။ မကြာမီမှာပင် အရိုးသန့်စင်ဆေးလုံး၏ အာနိသင်များ ပေါ်ထွက်လာတော့သည်။

​ဖန်ချန်သည် သူ၏ ဝိညာဉ် ကို ခန္ဓာကိုယ်ထဲမှ ထုတ်ကာ ဖြစ်စဉ်တစ်ခုလုံးကို အသေအချာ စောင့်ကြည့်နေသည်။

သူတို့၏ ခန္ဓာကိုယ်အတွင်း သွေးနှင့် လေများ ဆူပွက်လာပြီး အတွင်းအားများ ပိုမို အားကောင်းလာသည်ကို သူ မြင်တွေ့နေရသည်။

​ချိပေါက်ကွဲခြင်းနယ်ပယ် ၏ ထိပ်ဆုံးသို့ ရောက်နေသော ရွှီဂီ သည် သူ၏ အတွင်းအားများ တဖြည်းဖြည်း တိုးလာကာ ချီထိန်းချုပ်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏ အမူအရာ ပြောင်းလဲသွားသည်။

“ငါ ချီထိန်းချုပ်ခြင်း တက်သွားပြီလား”

သူသည် မယုံနိုင်လောက်အောင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူက စိတ်ဖြင့် ခိုင်းစေကာ သူ၏ လက်ချောင်းထိပ်များတွင် စွမ်းအားများကို လှည့်ပတ်စေလိုက်သည်။

​ရွှီဂီ ၏ ပြောင်းလဲမှုကို မြင်သောအခါ ထျဲမ၏ မျက်လုံးများတွင် အံ့ဩမှုများ လက်သွားသည်။

သူ၏ အတွင်းအားမှာလည်း သိသိသာသာ တိုးလာခဲ့သည်။ သူသည် ချီထိန်းချုပ်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ပုံမှန်ဆိုလျှင် ထိုအဆင့်ကို ရောက်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကျင့်ကြံရမည်ဖြစ်သော်လည်း အရိုးသန့်စင်ဆေးလုံး တစ်လုံးတည်းကပင် ထိုခရီးကို ဖြတ်ကျော်ပေးလိုက်သည်။

​အခြားသူများလည်း အသီးသီး တိုးတက်မှုများ ရရှိခဲ့ကြသည်။

အချို့မှာ ချီစုစည်းခြင်းနယ်ပယ် အလယ်အလတ်မှ ထိပ်ဆုံးသို့ ရောက်သွားပြီး၊ အချို့မှာ ထိပ်ဆုံးအဆင့်မှ ချီပေါက်ကွဲခြင်းနယ်ပယ်သို့ ကူးပြောင်းနိုင်ခဲ့ကြသည်။

​တစ်နာရီမပြည့်မီအချိန်အတွင်း မဟာရှလျှို့ဝှက်အစောင့်တပ်၏ စုစုပေါင်း အစွမ်းမှာ အနည်းဆုံး နှစ်ဆမှ သုံးဆခန့်အထိ တိုးတက်သွားခဲ့သည်။

​ဖန်ချန်သည် သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းကာ ပြုံးပြလိုက်သည်။

“အခု ဘယ်လို ခံစားရလဲ”

​“သခင်လေး တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်ကျွန်တော်တို့ရဲ့ ပါရမီက မူလကတည်းက ညံ့ဖျင်းခဲ့တာပါ ဒါကြောင့် ချီစုစည်းခြင်းနယ်ပယ်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး အခုတော့ ဆေးလုံးတစ်လုံးတည်းနဲ့တင် ချီပေါက်ကွဲခြင်းနယ်ပယ်ထဲကို ခြေစုံပစ် ဝင်နိုင်ခဲ့ပါပြီ”

​“ဒီနတ်ဆေးကို ပေးသနားတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး

“

​လူအုပ်ကြီး စိတ်လှုပ်ရှားနေကြသည်။ ရွှီဂီဆိုလျှင် ပျော်လွန်း၍ ကနေတော့သည်။

ထျဲမ တစ်ယောက်သာ တည်ငြိမ်နေသော်လည်း သူ၏မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်နေသည်။

​“ရွှီဂီ မင်းက ဆွံ့အနေတဲ့သူ မဟုတ်ဘူး ဘာလို့ လက်ဟန်ခြေဟန်တွေပဲ ပြနေတာလဲ ငါက မြင်ရတာ မဟုတ်ဘူးလေ”

ဟု ဖန်ချန်က ရုတ်တရက် မေးလိုက်သည်။

​ရွှီဂီခဏမျှ မှင်တက်သွားပြီးမှ အားနာစွာ ပြုံးလိုက်သည်။

“သခင်လေး... ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားလို့ပါ ဒါက အိပ်မက်တစ်ခုလိုပဲ တစ်နေ့မှ ချီထိန်းချုပ်ခြင်းနယ်ပယ်က ကိုယ်ခံပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး”

​“ဒါက ချီထိန်းချုပ်ခြင်းနယ်ပယ်ပဲ ရှိသေးတာပါ ချီအမြုတေနယ်ပယ် တောင် မဟုတ်သေးဘူး ဒါတောင် မင်းက လူသားနယ်ပယ် ထဲမှာပဲ ရှိသေးတာ ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ”

ဖန်ချန်က ရယ်မောလိုက်သည်။

“ထျဲမ ကို ကြည့်စမ် သူ ဘယ်လောက် တည်ငြိမ်သလဲ သူ့ဆီကနေ သင်ယူဦး”

​“ဒါကိုတော့ ကျွန်တော် မသင်ယူနိုင်ဘူး”

ရွှီဂီက စိတ်ထဲကနေ မျက်စောင်းထိုးလိုက်သည်။

ထျဲမ ၏ အေးစက်သော မျက်နှာထားမှာ သူ လျှို့ဝှက်နဂါးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရရှိခဲ့သော စိတ်ဒဏ်ရာများကြောင့် ဖြစ်သည်။ ဘယ်သူမှ သူ့လိုမျိုး မလုပ်နိုင်ပေ

​“အင်း... အခုတလော ချင်တုန်း ဆီက ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိလား”

ဖန်ချန်က မေးသည်။

​ကုန်သည်အဖြစ် ဟန်ဆောင်ထားသော လျှို့ဝှက်အစောင့်တစ်ဦးက ပြန်ဖြေသည်။

“သခင်လေး သူ နန်းတွင်း တက်တာနဲ့ ဝန်ကြီးဌာနမှာ အလုပ်လုပ်တာကလွဲရင် ကျန်တဲ့အချိန် အများစုကို သူ့အိမ်တော်ထဲမှာပဲ နေပါတယ် ထူးခြားတာ မရှိပါဘူး”

​“ရဲချင်ဟဲ ကော”

​“သူကတော့ လူငယ်သခင်လေးတွေနဲ့အတူ နေ့ရောညပါ ပျော်နေတာပါ သူ အသွားဆုံးနေရာကတော့ ကျောက်စမ်း မသေမျိုးလှေ ပါပဲတစ်ခါတလေ ဧည့်သည်တွေ ခေါ်သွားတတ်သလို၊ တစ်ခါတလေ တစ်ယောက်တည်း သွားပါတယ်”

“အိမ်ရှေ့မင်းသားကို ခေါ်သွားတဲ့ အချိန်တွေတောင် ရှိပါတယ် ဒါနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက မရိုးရှင်းဘူး ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ကိုတောင် သူ ရိပ်မိတော့မလို့ သူက ချီပေါက်ကွဲခြင်းနယ်ပယ်က ကိုယ်ခံပညာရှင် တစ်ယောက် ဖြစ်နေပုံရတယ်”

​“ကောင်းပြီ”

ဖန်ချန်က ခေါင်းငြိမ့်လိုက်သည်။ ခဏအကြာတွင် သူက ထပ်ပြောသည်

“သူ့ရဲ့ ကိုယ်ခံပညာ ပါရမီက သာမန်ပဲရှိတာကို ဘာလို့ ဒီလောက် မြန်မြန် တိုးတက်နေရတာလဲဆိုတာ စုံစမ်းကြည့်ဦး”

​“ဟုတ်ကဲ့”

​ဖန်ချန်က နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်ပြန်သည်။

“လီဟွားဖုန်း ရောသူ့ဆီမှာရော ထူးခြားတာ ရှိလား”

​“လီဟွားဖုန်းက မြို့တွင်းပိုင်းက ရဲရင့်သောဓား သက်တော်စောင့်တပ် စခန်းဆီကို သွားခဲ့ပါတယ်”

​ထိုစကားကို ကြားသောအခါ ဖန်ချန် တွေးတောသွားသည်။

“လီဟွားဖုန်း၊ မှူးချုပ်လျို၊ ဒုတိယဝန်ကြီးချင်နဲ့ ရှောင်ရှန်းချဲ... သူတို့အားလုံးက သံသယဖြစ်ဖွယ် လူတွေပဲ သူတို့ဆီကနေ ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူ ငါးယောက်ရဲ့ အမည်တွေကို ငါတို့ သိနိုင်လိမ့်မယ်...”

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​နှစ်နာရီအကြာ သတင်းပို့မှုများ ပြီးဆုံးသွားသောအခါ လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သို့သော် မထွက်ခွာမီ ဖန်ချန်က သူတို့ကို တာဝန်သစ် တစ်ခုစီ ပေးအပ်ခဲ့သည်။

​ဖန်ချန်သည် ကျန်ရှိသော လျှို့ဝှက်အစောင့်များထံသို့ အရိုးသန့်စင်ဆေးလုံးများ ပို့ပေးရန် ရွှီဂီကို စေလွှတ်လိုက်သည်။

​ယခုအခါ လျှို့ဝှက်ခြံဝန်းထဲတွင် သူ တစ်ယောက်တည်းသာ ကျန်တော့သည်။

​သူသည် ကောက်ရိုးရုပ်လေးကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ရာ ၎င်းမှာ လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

​“ဒုတိယဝန်ကြီးချင်ရဲ့ အိမ်တော်ကို သွားပြီး ငါ့ရဲ့ စကားကို ပါးလိုက်...”

အမိန့်ရပြီးနောက် ထိုလူလတ်ပိုင်း အမျိုးသားသည် ထွက်ခွာသွားသည်။ ထို့နောက် ဖန်ချန်၏ ဝိညာဉ်သည်လည်း ကိုယ်ထဲမှ ထွက်ခွာကာ ထိုအိမ်တော်ဆီသို့ လိုက်ပါသွားခဲ့သည်။

​

​ချင်တုန်းသည် နံနက်ခင်း နန်းတွင်းတက်မှု ပြီးဆုံးသွားကာ သူ၏ စာကြည့်ခန်းထဲတွင် စာလုံးအလှ ရေးနေသည်။

စိတ်မကြည်မလင် ဖြစ်နေ၍လား မသိ၊ သူရေးသမျှ စာလုံးများမှာ သူ စိတ်တိုင်းမကျဘဲ စာရွက်များစွာကို လုံးထွေး၍ ဘေးတွင် ပုံထားခဲ့သည်။

​ထိုစဉ် တံခါးက တကျွိကျွိ မြည်ကာ ပွင့်လာသည်။

​ချင်တုန်းက ခေါင်းမဖော်ဘဲ အေးစက်စွာ ပြောလိုက်သည်

“ငါ ပြောပြီးသားလေ... စာလုံးအလှ ရေးနေတုန်း ငါ့ကို လာမနှောင့်ယှက်ပါနဲ့လို့”

​သို့သော် ဝင်လာသူက သူ့စကားကို ဂရုမစိုက်ဘဲ တည့်တည့် လျှောက်လာသည်။

​ချင်တုန်း ခေါင်းမော့ကြည့်လိုက်ရာ သူ၏ရှေ့တွင် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသဖြင့် သူ၏မျက်နှာမှ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။

​သူက အော်ပြောလိုက်သည်

“မင်း ကြားပြီးပြီလား ဖန်ချန်က မဟာရှနယ်စပ်မှာ လုံတူးအင်ပါယာက ဗိုက်ကောင့် ကျိုးရှို့ရဲ့ စစ်သည်တွေနဲ့ အစေခံ တစ်ရာကျော်ကို သတ်ပစ်လိုက်ပြီရဲရင့်သောဓား သက်တော်စောင့်တပ်က ဖမ်းထားတဲ့ ယွမ်ကျန်းကိုလည်း သူကပဲ ကယ်သွားတယ်အကယ်၍ သူ ငါ့ဆီကိုသာ ခြေရာခံမိလာရင် ငါ သေရလိမ့်မယ်!”

ချင်တုန်းသည် ထိုလူကို သိနေသည့် ပုံစံပင်။

​“ဝိညာဉ်သွေးဂိုဏ်းက ပြဿနာအချို့နဲ့ ရင်ဆိုင်နေရတယ် ငါတို့ နောင်မှာ ဂမဟာရှအင်ပါယာကနေ ဆုတ်ခွာတော့မယ် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ”

ဟု ထိုလူလတ်ပိုင်း အမျိုးသားက ပြောပြီး ထွက်ခွာသွားသည်။

​“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ချင်တုန်း၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်သွားသည်။ ဝိညာဉ်သွေးဂိုဏ်း၏ ထောက်ပံ့မှု မရှိပါက သူတို့ လုပ်ခဲ့သည့် အရာများ ပေါ်ပေါက်သွားလျှင် သူ၏ မိသားစုတစ်ခုလုံး ကွပ်မျက်ခံရပေလိမ့်မည်။

​ချင်တုန်းသည် ခဏမျှ ငြိမ်သက်သွားပြီးနောက် သူ၏ လက်အောက်ငယ်သားများကို ရထားလုံး အမြန်ပြင်ရန် ညွှန်ကြားလိုက်သည်။ ၎င်းကို မြင်လိုက်ရသောအခါ ဖန်ချန်က ‘ငါးစာကို ဟပ်လိုက်ပြီ’ ဟု သိလိုက်သည်။ သူ လုပ်ရမှာက ရလဒ်ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။

အခန်း ၅၂- ကရုဏာဂေဟာ

​မဟာရှ အင်ပါယာ မြို့တော်၏ မြောက်ဘက် ဆင်ခြေဖုံးတွင် ကရုဏာဂေဟာ ဟု ခေါ်သော နေရာတစ်ခု ရှိသည်။

၎င်းသည် မိဘမဲ့ကလေးများကို စောင့်ရှောက်ရန် ရည်ရွယ်ထားသော နေရာဖြစ်ပြီး မြို့တော်၏ အခြားနေရာများတွင်လည်း ထိုကဲ့သို့သော ဂေဟာများ ရှိကြသည်။

ထိုဂေဟာများကြောင့် မြို့တော်၏ လမ်းမများပေါ်တွင် တောင်းရမ်းစားသောက်သူများကို မတွေ့ရခြင်းပင် ဖြစ်သည်။

​ထိုဂေဟာများကို ပုံမှန် ထောက်ပံ့ကြေးများဖြင့် လည်ပတ်စေသည်။ ထိုရန်ပုံငွေ အများစုမှာ မြို့တော်ရှိ ချမ်းသာသော မိသားစုများထံမှ လာခြင်းဖြစ်သည်။ ဖန်မိသားစုပင်လျှင် နှစ်စဉ် ငွေပြား ရာနှင့်ချီ၍ ထိုကဲ့သို့သော နေရာများသို့ လှူဒါန်းလေ့ရှိသည်။

​ကရုဏာဂေဟာ အနီးတွင် မြင်းရထားတစ်စီး ဖြည်းညှင်းစွာ ရပ်တန့်သွားပြီး အရပ်ဝတ်ဝတ်ထားသော ချင်တုန်း သည် အလျင်အမြန် ဆင်းကာ အတွင်းသို့ ဝင်သွားခဲ့သည်။

​“ဝန်ကြီးချင်... ရောက်လာပြီပဲ။ မြန်မြန် အထဲဝင်ပါဦး”

ဟု ဂေဟာမှူးက နွေးထွေးစွာ ကြိုဆိုလိုက်သည်။

​ချင်တုန်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်။

“ငါ ဆရာသခင်ရွှီ ကို တွေ့ချင်တယ်”

​“ဆရာသခင်ရွှီက အခု တရားထိုင်နေတယ်ခင်ဗျ ကျွန်တော်မျိုး...”

ဂေဟာမှူးက အနေခက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

​“တရားထိုင်နေတယ်”

ချင်တုန်း အံ့ဩသွားပြီးနောက် သူ၏ မျက်နှာတွင် ဝမ်းသာရိပ်တစ်ခု ပေါ်လာသည်။

“သူ မထွက်သွားသေးဘူးလား”

​“မထွက်သွားသေးပါဘူး ခင်ဗျာ”

ဂေဟာမှူးက ချင်တုန်း ယနေ့ ထူးထူးဆန်းဆန်း ဖြစ်နေသည်ဟု တွေးနေမိသည်။

​ချင်တုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်

“တော်သေးတာပေါ့ တော်သေးတာပေါ့ သူ တရားထိုင်လို့ ပြီးတဲ့အထိ ငါ စောင့်လိုက်မယ်”

​ထိုစဉ်မှာပင် အဝေးမှ မှောင်မိုက်သော အရိပ်တစ်ခု ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

အနီးသို့ ရောက်လာသောအခါ အသက် ငါးနှစ်၊ ခြောက်နှစ်ခန့်ရှိပြီး လက်တစ်ဖက်တည်းသာ ရှိသော ကလေးငယ်တစ်ဦး ဖြစ်နေသည်။

​ထိုကလေးကို မြင်သောအခါ ချင်တုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ကလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ဝူလေး ဒီနေ့ ထမင်း ကောင်းကောင်း စားခဲ့ရရဲ့လား”

​“ဦးလေးချင် ဝူလေး ထမင်း ကောင်းကောင်း စားခဲ့ရပါတယ်”

ဟု ကလေးငယ်က တောက်ပသော မျက်လုံးလေးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

ခြေနှစ်ဖက်လုံးနှင့် လက်တစ်ဖက် မရှိသော်လည်း သူ၏ မျက်နှာမှာ ကျေနပ်ပီတိဖြစ်နေသော အပြုံးလေးဖြင့် ပြည့်နှက်နေသည်။

​ချင်တုန်းက ရယ်မောလိုက်ပြီး ဂေဟာမှူးထံ ချဉ်းကပ်ကာ

“ငါ ဒီနေ့ အလှူလာလုပ်တာ တခြား ဘယ်သူတွေ ရှိသေးလဲ”

​“ဆေးစိမ်းခန်းမ က သခင်မလေး လာမယ်လို့ ပြောထားလို့ ဝူလေးကို အပြင်ထွက် စောင့်ခိုင်းထားတာပါ”

ဂေဟာမှူးက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

​“ဆေးစိမ်းခန်းမ”

ချင်တုန်း ထိုအမည်ကို မကြားဖူးသော်လည်း ခေါင်းငြိမ့်လိုက်သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

​“သခင်မလေး ဒီကလေးမှာ လက်တစ်ဖက်ပဲ ရှိတော့တယ်”

​ရောက်လာသူမှာ ဆေးစိမ်းခန်းမမှ ဖန်ချင်းယောင် နှင့် သူမ၏ အစေခံမလေးပင် ဖြစ်သည်။ ထိုအော်သံမှာ အစေခံမလေးထံမှ ထွက်လာခြင်း ဖြစ်သည်။

​ဖန်ချင်းယောင်သည် ဝူလေးကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် သနားဂရုဏာရိပ်များ လက်သွားခဲ့သည်။

​၎င်းကို မြင်သောအခါ ဂေဟာမှူးက အလျင်အမြန် ချဉ်းကပ်သွားသည်။

“သခင်မလေးဖန် ကြွပါခင်ဗျာ။ မိတ်ဆက်ပေးပါရစေ၊ ဒါက ဒုတိယဝန်ကြီးချင်ပါ ဒီနေ့ အလှူလာလုပ်ရင်း ကလေးတွေကို လာကြည့်တာပါ”

​သူမက ကြည့်ကောင်းသားပဲ ချင်တုန်းက ဖန်ချင်းယောင်ကို ရမ္မက်ပါသော အကြည့်များဖြင့် တစ်ချက် ကြည့်လိုက်သည်။

​ဖန်ချင်းယောင်က ချင်တုန်းကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြပြီးနောက် ငုံ့ကာ ဝူလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ထို့နောက် သူမက သူ၏ ခြေလက်များကို ဘယ်လို ဆုံးရှုံးခဲ့ရသလဲဟု စတင် မေးမြန်းတော့သည်။

​ဝူလေးက အပြစ်ကင်းစင်စွာ ပြန်ပြောသည်

“ဦးလေးကြီး တစ်ယောက်က ပြောတယ်... ငါ့ရဲ့ ခြေလက်တွေကို ဖြတ်လိုက်ရင် ငါလည်း ထမင်းကောင်းကောင်း စားရမယ်၊ အိမ်က ငါ့ရဲ့ ညီလေး ညီမလေးတွေလည်း ထမင်းကောင်းကောင်း စားရမယ်တဲ့”

​“ဘယ်လိုတောင် ယုတ်မာတဲ့ လူစားမျိုးလဲ”

ဟု အစေခံမလေးက အော်ဟစ်လိုက်သည်။

​ဖန်ချင်းယောင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝူလေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။

သူမ မတ်တတ်ရပ်လိုက်ပြီး ကရုဏာဂေဟာမှူးကို ပြောလိုက်သည်

“ဂေဟာမှူးဟဲယ ကျွန်မတို့ ဆေးစိမ်းခန်းမက ဒီတစ်ခေါက် ငွေပြား ငါးရာ လှူဒါန်းဖို့ ရည်ရွယ်ပါတယ်”

​“သခင်မလေး အစက ငွေနှစ်ရာ လှူမယ်လို့ စဉ်းစားထားတာ မဟုတ်လား...”

ဟု အစေခံမလေးက အနည်းငယ် အံ့ဩသွားသည်။

​ဖန်ချင်းယောင်က သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်

“ငါတို့ အကျိုးအမြတ်က နည်းပေမဲ့ ငွေပြား ငါးရာတော့ လှူနိုင်ပါသေးတယ် ကရုဏာဂေဟာက မိဘမဲ့တွေကို ခိုလှုံရာပေးတယ်၊ အဝတ်အစားနဲ့ အစားအသောက် ပေးတယ် ငါတို့က အဲဒါတွေကို အကုန် မလုပ်ပေးနိုင်တော့ အကျိုးအမြတ်ထဲက အချို့ကို လှူပြီး ကိုယ့်ဘက်က ပါဝင်ကူညီတာပဲ လုပ်နိုင်တယ်”

​“ကျေးဇူးတင်ပါတယ် သခင်မလေးဖန် ကရုဏာဂေဟာက မိဘမဲ့ကလေးတွေ ကိုယ်စား ကျွန်တော် ကျေးဇူးတင်စကား ပြောပါရစေ”

ဟု ဂေဟာမှူး၏ မျက်လုံးများ တောက်ပသွားသည်။

​ဘေးနားရှိ ချင်တုန်းက သူ၏ မုတ်ဆိတ်ကို ပွတ်ရင်း ပြုံးလိုက်သည်။

“သခင်မလေးဖန်က တကယ်ကို ကြင်နာတတ်တာပဲ မဟာရှအင်ပါယာက ကုန်သည်တွေအားလုံးသာ သခင်မလေးလို ဖြစ်မယ်ဆိုရင် ဒီမိဘမဲ့ကလေးတွေ ပိုကောင်းတဲ့ ဘဝမှာ နေထိုင်နိုင်ကြမှာပါ”

​“ချီးမွမ်းတာ များနေပါပြီ ဝန်ကြီးချင် ကျွန်မ တတ်နိုင်သလောက် လုပ်တာပါ”

ဟု သူမက ယဉ်ကျေးစွာ ပြန်ပြောသည်။ ခဏအကြာတွင် သူမက ဂေဟာမှူးကို မေးလိုက်သည်

“ဂေဟာမှူးဟဲ ကျွန်မတို့ ဒီပတ်ဝန်းကျင်ကို လှည့်ကြည့်လို့ ရမလား”

​“ရပါတယ်ခင်ဗျာ ဒါပေမဲ့ အတွင်းဘက် ဝင်းထဲကိုတော့ မဝင်ပါနဲ့၊ ဆရာသခင်ရွှီ တရားထိုင်နေတာကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ”

ဟု သူက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

​“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မဟာရှအင်ပါယာကို ရောက်လာခဲ့တဲ့ ဆရာသခင်ရွှီဟွေ့ ကို ပြောတာလား ကျွန်မဖခင်က သူ့ကို ကြည်ညိုနေတာ ကြာပါပြီ။ သူ ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး”

ဟု သူမက အံ့ဩတကြီး ပြောလိုက်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ရဟန်းတော်တစ်ပါးသည် မဟာရှသို့ ရောက်လာခဲ့ပြီး အချိန်တိုအတွင်း နိုင်ငံအနှံ့ လှည့်လည်ကာ သူ၏ ဂုဏ်သတင်းကို ပျံ့နှံ့စေခဲ့သည်။

နောက်ဆုံးတွင် သူသည် မြို့တော်သို့ ရောက်ရှိလာပြီး လွတ်မြောက်ခြင်း ဘုရားကျောင်း ကို တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။

လူများစွာက သူ့ထံမှ လမ်းညွှန်ချက် တောင်းလိုကြသော်လည်း အနည်းငယ်သာ လူကိုယ်တိုင် တွေ့ခွင့်ရကြသည်။

​“မှန်ပါတယ် ဒီနေရာမှာ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံစားရပြီး ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရကို သိမြင်နိုင်တယ်လို့ ဆရာသခင်ရွှီက မိန့်ပါတယ်”

ဟု ဂေဟာမှူးက ပြုံးလျက် ပြောသည်။

​“သူက တကယ်ကို ခေတ်တစ်ခေတ်ရဲ့ ဆရာသခင်ပါပဲ”

ဟု ဖန်ချင်းယောင်က သူမ၏ ကြည်ညိုမှုကို ဖော်ပြလိုက်သည်။

​စကားအနည်းငယ် ပြောပြီးနောက် သူမသည် အစေခံမလေးနှင့် ဝူလေးကို ခေါ်ဆောင်ကာ ကရုဏာဂေဟာ၏ အခြားနေရာများသို့ သွားရောက် ကြည့်ရှုတော့သည်။

​“အဲဒီ သခင်မလေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ဟု ချင်တုန်းက ဖန်ချင်းယောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း တွေးနေမိသည်။

​လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကုန်လွန်ပြီးနောက် ဂေဟာမှူးသည် ချင်တုန်းကို အတွင်းဘက် ဝင်းထဲသို့ ခေါ်ဆောင်သွားသည်။

ကြည်ညိုဖွယ်ကောင်းသော ရဟန်းတော်တစ်ပါးသည် ဖြည်းညှင်းစွာ ထွက်လာပြီး ချင်တုန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

​“ဆရာသခင်ရွှီ”

ချင်တုန်းသည် မပေါ့ဆဝံ့ဘဲ အလျင်အမြန် အရိုအသေ ပေးလိုက်သည်။ ထိုရဟန်းတော်တွင် ကြီးမားသော နောက်ခံရှိကြောင်း သူ သိသည်။

သူ၏ အိမ်တော်တွင် နေထိုင်သော အဘွားအိုပင်လျှင် ထိုရဟန်းကို အလွန် ရိုသေကြောက်လန့်ရသည်။

​“ဒုတိယဝန်ကြီးချင် ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ”

ဟု ဆရာသခင်ရွှီက ဖြည်းဖြည်းချင်း မေးလိုက်သည်။

​“ဆရာသခင် အဘွားကျင်းဟွား က ဝိညာဉ်သွေးဂိုဏ်း က မဟာရှအင်ပါယာကနေ ဆုတ်ခွာဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်”

ဟု ချင်တုန်းက အလျင်အမြန် ရှင်းပြသည်။

​ဆရာသခင်ရွှီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူ၏ မျက်နှာတွင် လေးနက်သော အမူအရာ ပေါ်လာသည်။

“သူမက မင်းကို လူကိုယ်တိုင် ပြောတာလား”

​“ဟုတ်ကဲ့... မဟုတ်ပါဘူး... အမှန်ကတော့ သူမရဲ့ လက်အောက်ငယ်သား တစ်ယောက်က ပြောတာပါ”

ချင်တုန်းက အစက ခေါင်းငြိမ့်လိုက်သော်လည်း ချက်ချင်း ပြန်ပြင်ပြောလိုက်သည်။

​“သူမရဲ့ လက်အောက်ငယ်သား”

ဆရာသခင်ရွှီသည် ချင်တုန်း ဘယ်သူ့ကို ပြောနေသလဲဆိုသည်ကို ချက်ချင်း နားလည်သွားသည်။

၎င်းမှာ အဘွားကျင်းဟွား ပိုင်ဆိုင်သော ချင်းမူ ရုပ်သေး ပင် ဖြစ်ရမည်။

​“သူမက ချင်းမူရုပ်သေးကိုပဲ စေလွှတ်ခဲ့တယ်...”

ဆရာသခင်ရွှီက သူ့ဘာသာ ရေရွတ်လိုက်သည်။ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ခံစားလိုက်ရပြီး တာအိုဆရာ ရွှယ် ပေါ်မလာသည်မှာ ကြာပြီဖြစ်သည်ကို စဉ်းစားကာ သူ စိုးရိမ်လာသည်။

ကျင့်ကြံသူ တစ်ယောက်ယောက်က ငါတို့ရဲ့ ခြေရာကို ရှာတွေ့သွားပြီလား ဟု သူ သံသယ ဝင်နေမိသည်။

​“ဆရာသခင်ရွှီ ဝိညာဉ်သွေးဂိုဏ်းက မဟာရှကနေ တကယ်ပဲ ဆုတ်ခွာသွားမှာလား အကယ်၍ ခင်ဗျားတို့အားလုံး ဒီလိုပဲ ထွက်သွားကြရင် နောက်ကွယ်က ပြဿနာတွေကို ဘယ်သူ ရှင်းမှာလဲ ဟိုမှာ ဖမ်းထားတဲ့ လူတွေ အများကြီး ရှိသေးတယ်”

“သူတို့ကို အကုန် သတ်ပစ်ရင်တောင် ဒီအလောင်းတွေကို ဘယ်လို စီမံရမလဲ အကယ်၍ သတင်း ပေါက်ကြားသွားရင် ကျွန်တော့်မှာ ခေါင်း ဆယ်လုံး ရှိရင်တောင် အသေဘေးက လွတ်မှာ မဟုတ်ဘူး”

​ချင်တုန်း အလွန်အမင်း ထိတ်လန့်နေသည်ကို မြင်သောအခါ ရွှီဟွေ့၏ မျက်နှာတွင် စိတ်မရှည်သော အမူအရာ ပေါ်လာသည်။

“ဝိညာဉ်သွေးဂိုဏ်းက ငါတို့ကို မဟာ ရှကို စေလွှတ်ခဲ့ကတည်းက သွေးဝိညာဉ်ဆေးလုံး ဆယ်လုံး ရအောင် မယူမချင်း ငါတို့ ထွက်သွားမှာ မဟုတ်ဘူး အဘွားကျင်းဟွားက ပြဿနာ အချို့နဲ့ ကြုံနေရတာ ဖြစ်နိုင်ပါတယ်”

ဟု ဆရာသခင်ရွှီက တည်ငြိမ်စွာ ပြောလိုက်သည်။

“အကြီးအကဲ ပေ က အရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် တခြားလူတွေနဲ့ ထွက်သွားတာ သူတို့ ပြန်လာဖို့ အချိန်အနည်းငယ် ကြာနိုင်တယ် ဘေးကင်းဖို့အတွက် မင်း လောလောဆယ် ဒီမှာပဲ ခဏနေလိုက်ဦး”

​ဖန်ချန်သည် သူ၏ ဝိညာဉ် ဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ ကောက်ရိုးရုပ်လေးကို ချင်းမူ ရုပ်သေး ဟု ခေါ်ကြောင်း သူ ယခုမှ သိလိုက်ရတော့သည်။

All Chapters