← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း ၅၇- သိုလှောင်လက်စွပ်

​သီလရှင်မလေး ချင်းဟဲ၏ မျက်လုံးထဲတွင်တော့ ဝင်းတစ်ခုလုံးမှာ လူရိပ်များဖြင့် ပြည့်နှက်နေသည်။

အချို့မှာ သက်ကြီးရွယ်အိုများဖြစ်ပြီး အချို့မှာ လူငယ်များဖြစ်သည်။

သို့သော် သူတို့အားလုံးတွင် တူညီသောအချက်တစ်ခုရှိသည်မှာ ထိုခြောက်ကပ်နေသော ရေတွင်းအိုကြီးနားတွင် စုဝေးနေကြခြင်းပင် အချို့မှာ တိတ်ဆိတ်နေကြသော်လည်း အချို့မှာမူ မရပ်မနား စကားပြောနေကြသည်။

​“ကောင်းပါပြီ ကောင်းပါပြီ၊ ရှင်တို့ရဲ့စကားကို စစ်သူကြီးဖန်ဆီ ငါ ပါးပေးပါ့မယ်”

ချင်းဟဲက ထပ်တလဲလဲ ခေါင်းငြိမ့်နေသည်။ ထို့နောက် သူမက ဖန်ချန်ဘက်လှည့်ကာ

“စစ်သူကြီးဖန် သူတို့က ရှင့်ကို တောင်းဆိုချက်တစ်ခု လုပ်ချင်နေကြတယ် ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေကို မဟာရှအင်ပါယာထဲကနေ မောင်းထုတ်ပေးဖို့ သူတို့ မျှော်လင့်နေကြတယ်”

ဟု ပြောလိုက်သည်။

​ဖန်ချန်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“မင်း တကယ်ပဲ အဲဒီတစ္ဆေတွေကို မြင်နိုင်တာလား”

သူ၏ ဝိညာဉ်ကို မြို့အနှံ့ ဖြန့်ကြက်ခဲ့သည့် ငါးနှစ်တာအတွင်း သူသည် တစ္ဆေတစ်ကောင်မှ မမြင်ခဲ့ဖူးပေ။

သို့သော် ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ သာရှိသော ထိုသီလရှင်မလေးမှာမူ သူတို့ကို မြင်နေရသည်။

​“ဟုတ်ကဲ့... ကျွန်မရဲ့ ဆရာက ပြောဖူးတယ်၊ ကျွန်မက ယင်ယန်မျက်လုံး နဲ့ မွေးဖွားလာတာတဲ့ အဲဒါကြောင့် သူတို့ကို မြင်နိုင်တာပါ”

သူမက ခေါင်းငြိမ့်ပြသည်။

​လီတောက်ယဲ့မှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာသည်။ ဒီသီလရှင်မလေးက အဘက်ဘက်မှာ ကောင်းမွန်လှသော်လည်း တစ္ဆေမြင်ရသည့် အစွမ်းကတော့ တကယ့်ကို ကျောချမ်းစရာပင် ၎င်းက သူ့ကို တကယ်ပင် ထိတ်လန့်စေသည်။

​ဖန်ချန်က ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုရင် သူတို့ကို ပြောလိုက်ပါ ငါ အဲဒီအတိုင်း လုပ်ပေးမယ်လို့”

​သူ ထိုသို့ပြောလိုက်သောအခါ သီလရှင်မလေးက ထိုတစ္ဆေများမှာ ဖန်ချန်ကို တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်နှုတ်ဆက်နေကြသည်ကို မြင်လိုက်ရသည်။

​“စစ်သူကြီးဖန် သူတို့ ရှင့်ကို နှုတ်ဆက်နေကြတယ်”

ဟု သူမက ဆိုသည်။

​“အားလုံးပဲ အေးအေးချမ်းချမ်း အနားယူကြပါတော့”

ဖန်ချန်က သူ၏ရှေ့မှ လေဟာနယ်ကို လက်သီးဆုပ်ကာ ဂါရဝပြုရင်း ပြောလိုက်သည်။

​နောက်တစ်စက္ကန့်တွင် လီတောက်ယဲ့က အလျင်အမြန် မေးတော့သည်။

“သူတို့အားလုံး ထွက်သွားကြပြီလား”

​“ဟုတ်ကဲ့”

ချင်းဟဲက ခေါင်းငြိမ့်သည်။

“ကျွန်မ စစ်သူကြီးဖန်ကို ကူညီပြီး ဝိညာဉ်သွေးဂိုဏ်းကို မောင်းထုတ်ပေးမယ်လို့ သူတို့ကို ကတိပေးလိုက်ပြီ”

​လီတောက်ယဲ့မှာ ပျာပျာသလဲ ဖြစ်သွားပြီး သူမကို အလျင်အမြန် ဖျောင်းဖျတော့သည်။

“ဟေ့ မင်းဘာသာမင်း ဆုံးဖြတ်ပြီး ကတိပေးလိုက်တာလေ ငါနဲ့ ဘာမှမဆိုင်ဘူး ငါကတော့ အခုချက်ချင်း ဒီကနေ ထွက်သွားတော့မှာ မင်းလည်း ငါနဲ့အတူ လိုက်ခဲ့သင့်တယ်”

​ချင်းဟဲက

“ဒါပေမဲ့ ရှင်လည်း ကူညီလိမ့်မယ်လို့ ကျွန်မ သူတို့ကို ကတိပေးပြီးသားလေ”

ဟု ဆိုသည်။

​လီတောက်ယဲ့မှာ မှင်တက်သွားသည်။

“ဘာ ဒါပေမဲ့ မင်း ငါ့ကို အရင်တောင် မမေးခဲ့ဘူးလေ”

သူ ကြားလိုက်ရသည့် စကားကို မယုံနိုင်အောင် ဖြစ်နေရသည်။

​“ဆရာက ပြောဖူးတယ် ပေးထားတဲ့ ကတိကို တည်ရမယ်တဲ့ အကယ်၍ မင်းသာ ကတိမတည်ရင် ကျင့်ကြံခြင်းလမ်းမှာ အခက်အခဲတွေ အများကြီး ကြုံရလိမ့်မယ်တဲ့”

ဟု သူမက ထောက်ပြလိုက်သည်။

​၎င်းကို ကြားသောအခါ လီတောက်ယဲ့ တိတ်ဆိတ်သွားပြီးနောက်

“ဒါပေမဲ့ မင်းရဲ့ဆရာက ကတိတွေကို အလွယ်တကူ မပေးဖို့လည်း မမှာထားဘူးလား”

ဟု ညည်းညူလိုက်သည်။

​သူမက ခပ်ဖွဖွ ခေါင်းငြိမ့်ကာ

“ဆရာ အဲဒီလို ပြောခဲ့သလိုပဲ”

ဟု လွယ်လွယ်လေးပင် ပြန်ပြောသည်။

​လီတောက်ယဲ့၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးသွားသည်။

“အဲဒါကို မင်းက ဒီလောက်အလွယ်တကူ ကတိပေးလိုက်တာလား ငါ့ကိုယ်စားတောင် ကတိပေးလိုက်သေးတယ် မိန်းကလေး... မင်းကတော့ ငါ့ကို ဒုက္ခပေးနေပြီ မင်း ဒီလောက်အလုပ်ရှုပ်မယ်မှန်း သိရင် အစကတည်းက လူကုန်ကူးသူတွေလက်ထဲကနေ မင်းကို ငါ ကယ်ခဲ့မှာ မဟုတ်ဘူး”

ဟု သူက ဒေါသတကြီး ပြောလိုက်သည်။

​သူ ထိုမျှအထိ ထိတ်လန့်နေသည်ကို မြင်သောအခါ ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း

“ခင်ဗျား ထွက်သွားချင်ရင် ထွက်သွားနိုင်ပါတယ် ဒါက ကျွန်တော့်ရဲ့ မဟာရှအင်ပါယာရဲ့ ကိစ္စပါခင်ဗျားမှာ ကူညီပေးဖို့ တာဝန်မရှိပါဘူး”

ဟု ပြောလိုက်သည်။

​ထိုစကားကို ကြားသည်နှင့် လီတောက်ယဲ့သည် လက်သီးဆုပ် ဂါရဝပြုကာ ဝင်းတံတိုင်းကို ကျော်ခွလိုက်သည်။

“ဒါဆိုရင် ကျွန်တော် သွားပြီဗျို့”

သူသည် တံတိုင်း၏ တစ်ဖက်သို့ ခုန်ချရင်း အော်ပြောလိုက်သည်။

​လီတောက်ယဲ့ ပျောက်ကွယ်သွားသောအခါ ဖန်ချန်က ချင်းဟဲဘက် လှည့်ကာ “

မင်းလည်း ထွက်သွားသင့်တယ်”

ဟု ဆိုသည်။

​“စစ်သူကြီးဖန် ကျွန်မ ကတိပေးထားပြီးပြီမို့ တည်ရပါမယ် ကျွန်မ ဒီမှာနေပြီး ရှင့်ကို ကူညီပါ့မယ်”

ဟု သူမက ခိုင်ခိုင်မာမာ ပြောလိုက်သည်။

​“ဒါပေမဲ့...”

ဖန်ချန်၏ မျက်နှာ အနည်းငယ် ထူးဆန်းသွားသည်

“မင်းက ကျီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ငါ့ကို ကူညီမှာလဲ”

​ချင်းဟဲမှာ ခဏမျှ မှင်တက်သွားပြီး ရှက်စိတ်ကြောင့် မျက်နှာလေး နီမြန်းလာသည်။

သူမ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တိုးတိုးလေး ပြောသည်

“ကျွန်မ တစ္ဆေတွေကို မြင်နိုင်တယ်လေ အဲဒါက ရှင့်အတွက် တစ်ခုခု အသုံးဝင်မှာပါ...”

​“ကောင်းပြီလေ ငါ့မိဘတွေက ဗုဒ္ဓဘာသာကို ယုံကြည်ကြတော့ မင်း ငါ့အိမ်မှာ ခဏနေလို့ ရပါတယ် အဲဒီက သီလရှင်ကျောင်းလေးမှာ မင်း နေထိုင်နိုင်ပါတယ်”

ဖန်ချန်၏ မျက်လုံးများက တစ်ချက် ဝေ့ဝဲသွားသည်။ ချင်းဟဲ၏ ယင်ယန်မျက်လုံးများက အတော်လေး အသုံးဝင်သည်။

အကယ်၍ သူ အဲဒါကို ကောင်းကောင်း အသုံးချနိုင်လျှင် သိသာထင်ရှားသော ရလဒ်များ ရရှိနိုင်သည်။

​ထို့နောက် သူတို့နှစ်ဦး ကရုဏာဂေဟာမှ ထွက်လာခဲ့ကြသည်။ ဖန်ချန် အပြင်သို့ လှမ်းထွက်လိုက်စဉ် ဖန်ချင်းယောင်နှင့် သူမ၏ အစေခံမလေးတို့မှာ သူ့ကို စောင့်နေကြသည်ကို သတိထားမိလိုက်သည်။

​“သခင်မလေးဖန် တခြားကိစ္စ ရှိသေးလို့လား?ာ”

ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​“စစ်သူကြီးဖန် ဗိုလ်ချုပ်ယူးက ကရုဏာဂေဟာကို ပိတ်ပစ်မယ်လို့ ပြောပါတယ် အဲဒီလိုဆိုရင် အဲဒီက မိဘမဲ့တွေနဲ့ မုဆိုးမတွေ သွားစရာ နေရာမရှိ ဖြစ်ကုန်လိမ့်မယ် အဲဒါကြောင့် ကျွန်မတို့ရဲ့ အစိမ်းရောင် ဆေးခန်း ကနေ ဒီကရုဏာဂေဟာကို လွှဲပြောင်း ယူလို့ရမလားလို့ စဉ်းစားနေမိတယ်”

ဟု သူမက အကြံပြုသည်။

​“မင်း တကယ် လုပ်ချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ် လုပ်ထုံးလုပ်နည်းတွေအတွက် ကူညီပေးဖို့ လူတစ်ယောက် လွှတ်ပေးလိုက်ပါ့မယ် နောင်ကျရင် တစ်ခုခု အခက်အခဲ ရှိခဲ့ရင် ဖန်အိမ်တော်ကို လာခဲ့ပါ”

ဟု ဖန်ချန်က သဘောတူလိုက်သည်

​“တကယ်ကို ကျေးဇူးတင်ပါတယ်”

ဖန်ချင်းယောင်၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ လက်သွားသည်။

​ဖန်ချန်က သီလရှင်မလေး တစ်ဦးကို ခေါ်လာသည့် သတင်းမှာ ဖန်အိမ်တော်အတွင်း အလျင်အမြန် ပျံ့နှံ့သွားသည်။

ဖန်ချန်းဟိုင်နှင့် သူ၏ ဇနီးဖြစ်သူတို့မှာ သတင်းကြားကြားချင်း ပြေးလာကြသလို ဖန်ချန်းယူကလည်း သူ၏ ဝှီးချဲကို အမြန်တွန်းကာ ရောက်လာခဲ့သည်။

ချင်းဟဲ၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်သွားသည်။

“ချန်အာ မင်းမှာ ဒီလို အကြိုက်မျိုး ရှိလိမ့်မယ်လို့ ဦးလေး မထင်ထားခဲ့ဘူး”

ဟု သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ဖန်ချန်းဟိုင်က သူ၏ ဒုတိယညီဖြစ်သူကို စိုက်ကြည့်လိုက်သော်လည်း သူကိုယ်တိုင်လည်း အနည်းငယ် ထူးဆန်းနေမိသည်။ သူက ဖန်ချန်ကို ကြည့်ကာ

“ဖန်ချန် သူမက ဘယ်သူလဲ”

ဟု မေးလိုက်သည်။

​“သီလရှင်မလေး ချင်းဟဲက ဗုဒ္ဓတရားတော်တွေကို အထူးနှံ့စပ်ပါတယ် အဖေတို့က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြတော့ သူမကို ဒီက သီလရှင်ကျောင်းမှာ ခဏ နေခိုင်းဖို့ စဉ်းစားထားပါတယ်နောင်ကျရင် အဖေတို့ တရားနာဖို့အတွက် တခြားကို သွားနေစရာ မလိုတော့ဘူးပေါ့”

ဟု ဖန်ချန်က ပြုံးလျက် ရှင်းပြလိုက်သည်။

​၎င်းကို ကြားမှ လူတိုင်း သက်ပြင်းချနိုင်တော့သည်။

ကံကောင်းစွာဖြင့် ဖန်ချန်က ထိုသီလရှင်မလေးကို လက်ထပ်ရန် စိတ်ကူးမရှိပေ။

ဖန်ချန် ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်လာခြင်းဖြစ်သဖြင့် သူတို့ ဤမျှ စိုးရိမ်နေကြခြင်းမှာ မဆန်းပေ။

​ဖန်ချန်၏ မိခင်မှာ ချင်းဟဲကို နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ရာ ချင်းဟဲမှာမူ လူအများ၏ အာရုံစိုက်မှုကို မခံရဖူးသဖြင့် မျက်နှာလေး နီမြန်းနေတော့သည်။ သူမကို ကြည့်ရသည်မှာ ဗုဒ္ဓတရား နှံ့စပ်သူတစ်ဦးနှင့်ပင် မတူပေ။

၎င်းကို မြင်သောအခါ ဖန်ချန်းဟိုင်နှင့် ဖန်ချန်းယူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်များ ပြန်လည် ပေါ်လာပြန်သည်။

​ဖန်ချန်သည် သူတို့၏ အမူအရာများကို လျစ်လျူရှုကာ စကားအနည်းငယ် ထပ်ပြောပြီးနောက် သူ၏ ဝင်းအတွင်းသို့ ပြန်ဝင်ခဲ့သည်။

​ရွှီဟွေ့ကို သတ်ပြီးနောက် သူ၏ မီးလောင်ကျွမ်းနေသော အကြွင်းအကျန်များထဲတွင် လက်စွပ်တစ်ကွင်းကို သူ တွေ့ရှိခဲ့သည်။

၎င်းမှာ သိုလှောင်လက်စွပ် ဖြစ်နိုင်သည်ဟု သူ သံသယရှိသဖြင့် အမြန် စစ်ဆေးလိုနေသည်။

​သူသည် လက်စွပ်ကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင် ထည့်သွင်းရန် ကြိုးစားလိုက်ရာ လက်စွပ်ပေါ်ရှိ ဝိညာဉ်တံဆိပ်များမှာ လင်းလက်လာသည်။

“ဝိညာဉ်တံဆိပ် ရှစ်ခုတောင် ပါတာလား ဒါက တကယ့်ကို သာမန်ရတနာ မဟုတ်ဘူးပဲ”

ဟု သူ ရေရွတ်လိုက်မိသည်။

​နောက်နှစ်ရက်အတွင်း သူသည် လက်စွပ်ကို သန့်စင်ရန် အချိန်ပေးခဲ့သည်။ နောက်ဆုံးတွင် ရွှီဟွေ့၏ တံဆိပ်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ထိုရတနာမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။

​သူသည် လက်စွပ်ကို ဝတ်ဆင်ကာ ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်သည်။

နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်တစ်ခုအတွင်း၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အချို့ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။

ဘေးနားတွင်လည်း ရွှေရောင်သပိတ် တစ်လုံး ရှိနေသည်။

​ထိုရွှေရောင်သပိတ်မှာ ရွှီဟွေ့၏ ရတနာဖြစ်ပြီး လက်စွပ်ထဲတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာကျော် ပါရှိသည်။

​“တစ်ကုဗမီတာလောက် ကျယ်တာပဲ မဆိုးပါဘူး”

ဖန်ချန်၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည်။

​သစ်သားရုပ်သေး သို့မဟုတ် ကျောက်စိမ်းဆွဲသီးတို့သည် ထိုသိုလှောင်လက်စွပ်နှင့် မယှဉ်နိုင်ပေ ဤလက်စွပ်ရှိလျှင် သူ သယ်ဆောင်ရန် ခက်ခဲသော အရာများကို အလွယ်တကူ ယူဆောင်သွားနိုင်မည် ဖြစ်သည်။

​ဆက်လက်၍ သူသည် ရွှေရောင်သပိတ်ကို စစ်ဆေးကြည့်ရာ ၎င်း၏ ဝိညာဉ်တံဆိပ် အရေအတွက်မှာ သစ်သားရုပ်သေးနှင့် တူညီသော်လည်း သူ အသုံးပြုရန် အစီအစဉ်မရှိပေ။

ထို့ကြောင့် ၎င်းကို လက်စွပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

​ဖန်ချန်သည် ကျောက်စိမ်းဆွဲသီးမှလွဲ၍ သစ်သားရုပ်သေးနှင့် ဝိညာဉ်ကျောက်တုံး အားလုံးကို လက်စွပ်ထဲသို့ ထည့်လိုက်သည်။

​“ရတနာ အချို့နဲ့ ဝိညာဉ်ကျောက်တုံး နှစ်ရာကျော်ဆိုရင် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေထဲမှာ ငါ့ရဲ့ ပိုင်ဆိုင်မှုက မနည်းဘူးလို့ ပြောလို့ရတယ်”

ဟု ဖန်ချန်က ကိုယ့်ဘာကိုယ် ရေရွတ်လိုက်သည်။

​ထိုစဉ် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

​“သခင်လေး ရဲရင့်သော ဓားစောင့်တပ် တွေ အိမ်ထဲကို အတင်း ဝင်လာနေကြတယ်”

ဟု ရွှီဂီ၏ အသံ ထွက်ပေါ်လာသည်။

​“ငါ သိပြီ”

ဖန်ချန် ခေါင်းငြိမ့်လိုက်သည်။

​ဖန်ချန်းယူသည် သူ၏ ဝှီးချဲပေါ်တွင် ထိုင်လျက် ရဲရင့်သောဓားစောင့်တပ်သား ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်နေသည်။

သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိဘဲ တည်ငြိမ်နေသည်။ သူက သူတို့ကို မာနကြီးသော လေသံဖြင့်

“ခင်ဗျားတို့ရဲ့ ရဲရင့်သောဓားစောင့်တပ်တွေက ငါတို့ ဖန်အိမ်တော်ကို မရိုသေကြဘူးလား ဘယ်လိုတောင် အတင်းဝင်လာရဲတာလဲ ရှောင်ရှန့်ချဲ့ က ငါတို့နဲ့ ရန်သူ ဖြစ်ချင်နေတာလား”

ဟု မေးလိုက်သည်။

​“ဒုတိယသခင်ကြီးဖန် ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုကို ကျွန်တော်တို့ ကြားဖူးတာ ကြာပါပြီ အခုလို အခြေအနေမျိုးမှာ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒါပေမဲ့ ကျွန်တော်တို့က ရုံးကိစ္စနဲ့ လာတာပါ ဖန်ချန်ကို ထွက်လာခိုင်းပါ”

ဟု ခေါင်းဆောင်လျိုက အေးစက်စွာ ပြောလိုက်သည်။

အခန်း ၅၈- ဖန့်ချန် မင်း ဧကရာဇ်ကို လိမ်ညာတဲ့ ပြစ်မှုအကြောင်း သိရဲ့လား

​ထိုစကားကို ကြားသောအခါ ဖန်ချန်းယူသည် သူ၏ ခြေထောက်ပေါ်တွင် လွှမ်းခြုံထားသော စောင်ကို ခပ်ဖွဖွ ခါထုတ်လိုက်ပြီး

“မင်းက ချန်အာကို တွေ့ချင်တယ် ဟုတ်လား ဘာကိစ္စရှိလို့လဲ”

ဟု ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

​“ဖန်ချန်ဟာ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ချင်တုန်း ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်နေပါတယ် ကျွန်တော်တို့က သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားရမှာပါ”

ခေါင်းဆောင်လျိုက ရယ်မောရင်း ပြောသည်။

“ကျွန်တော့်လက်ထဲမှာ ဖမ်းဝရမ်း ပါပြီးသားပါ ဒါဟာ တပ်မှူးကိုယ်တိုင် ထုတ်ပေးထားတာ ဖြစ်သလို ဧကရာဇ်မင်းမြတ် ကိုယ်တိုင်လည်း အတည်ပြုပေးထားတာပါ ဒုတိယသခင်ကြီးဖန် ခင်ဗျားအနေနဲ့ ဒီဖမ်းဆီးမှုကိုတော့ နှောင့်ယှက်မှာ မဟုတ်ဘူးမလား”

​ဖန်ချန်းယူ၏ မျက်နှာထား ပြောင်းလဲသွားသည်။

ဖန်မိသားစု၏ အစောင့်အကြပ်များမှာလည်း သူတို့၏ သခင် အမိန့်ပေးသည်နှင့် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ခေါင်းဆောင်လျိုကို စိုက်ကြည့်နေကြသည်။

​အမှန်တကယ်တော့ ဖန်အိမ်တော်၏ အစောင့်အကြပ်များရှေ့တွင် ရဲရင့်သော ဓားစောင့်တပ်မှာ ဘာမှမဟုတ်ပေ။

သူတို့အားလုံးမှာ စစ်တပ်မှ လာသူများ ဖြစ်သည်။

သူတို့အားလုံးမှာ ဖန်ချန်းဟိုင် သို့မဟုတ် ဖန်ချန်းယူတို့၏ လက်အောက်တွင် တိုက်ပွဲဝင်ခဲ့ဖူးသူများ ဖြစ်သလို ဖန်ချန်နှင့်အတူ စစ်မြေပြင်သို့ လိုက်ပါခဲ့သူများပင် ပါဝင်သည်။

​အကယ်၍ ဖန်ချန်းယူကသာ စကားတစ်လုံး ပြောလိုက်ပါက ရဲရင့်သော ဓားစောင့်တပ်သား တစ်ဦးတစ်ယောက်မျှ ထိုအိမ်တော်အတွင်းမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

​ဖန်ချန်းယူက အေးအေးဆေးဆေးပင် ပြောလိုက်သည်

“ချန်အာနဲ့ ချင်တုန်းကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး။ ခင်ဗျား မှားနေပြီ ထင်တယ်”

​“ကရုဏာဂေဟာမှာ ဖန်ချန်နဲ့ ဝန်ကြီးချင်တုန်းတို့ အတူတူ ရှိနေတာကို တွေ့ခဲ့တဲ့သူတွေ ရှိပါတယ် အဲဒီနောက်မှာ ဝန်ကြီးချင် ပျောက်ဆုံးသွားတာပါ ဒါဟာ တိုက်ဆိုင်မှုတစ်ခုတည်း မဟုတ်ဘူးလို့ သံသယဖြစ်စရာ အကြောင်းပြချက် ကျွန်တော့်မှာ ရှိပါတယ်။ ဒါကြောင့် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးဖို့ လိုပါတယ် ဒုတိယသခင်ကြီးဖန် အနေနဲ့ ဖန်ချန်ကို ထွက်လာခိုင်းပြီး ကျွန်တော်တို့နောက် လိုက်ခဲ့ဖို့ ပြောပေးစေချင်ပါတယ်”

ဟု ခေါင်းဆောင်လျိုက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။

​ဖန်ချန်းယူ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဖန်ချန် ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။

​ဖန်ချန် ရောက်လာသည်ကို မြင်သောအခါ ခေါင်းဆောင်လျိုနှင့် သူ၏ တပည့်များ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားကြသည်။

​ခေါင်းဆောင်လျိုက ပြုံးပြလိုက်ပြီး လက်သီးဆုပ် ဂါရဝပြုရင်း နှုတ်ဆက်သည်

“စစ်သူကြီးဖန် ကျွန်တော်တို့ ထပ်ဆုံကြပြန်ပြီနော်”

​“ဒုတိယဦးလေး... အထဲဝင်ပြီး အနားယူလိုက်ပါဦး။ ဦးလေးရဲ့ ခြေထောက်ဒဏ်ရာကြောင့် အပြင်မှာ ဒီလိုနေနေရတာ အဆင်မပြေဘူးလေ”

ဖန်ချန်က ဖန်ချန်းယူကို ပြုံးလျက် ပြောလိုက်သည်။

​ဖန်ချန်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ခေါင်းဆောင်လျို၏ မျက်နှာ မှောင်ကျသွားသည်။ သူက ခက်ထန်သော လေသံဖြင့်

“စစ်သူကြီးဖန် ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပါ”

ဟု ဆိုသည်။

​ဖန်ချန်က ရုတ်တရက် ခေါင်းလှည့်ကာ ခေါင်းဆောင်လျိုကို လျှပ်စီးတန်းကဲ့သို့ စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ငါ ငါ့ဦးလေးနဲ့ စကားပြောနေတာ မင်းက ငါတို့ကြားထဲ ဝင်ပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ ပါးစပ်ပိတ်ပြီး အဲဒီမှာပဲ ငြိမ်ငြိမ်ရပ်နေစမ်း”

​ခေါင်းဆောင်လျို၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးသွားသော်လည်း သူ ဘာမှ ထပ်မပြောရဲတော့ပေ။ လူအများရှေ့တွင် ဖန်ချန်၏ ပါးရိုက်ခြင်းကို ခံရမည်ကို သူ ကြောက်နေခြင်း ဖြစ်သည်။

​“ချန်အာ အခြေအနေက ဘယ်လောက်အထိ ဆိုးနေလဲ”

ဖန်ချန်းယူက တိုးတိုးလေး မေးလိုက်သည်။

​“ဘာမှမဟုတ်ပါဘူး ဦးလေး”

ဖန်ချန်က ရယ်မောရင်း ပြောသည်

“ညစာ မစားခင် ကျွန်တော် ပြန်ရောက်လာမှာပါ”

​၎င်းကို ကြားသောအခါ ဖန်ချန်းယူက အားရပါးရ ရယ်မောလိုက်သည်။

“ကောင်းပြီလေ”

ထို့နောက် သူက လူတစ်ယောက်ကို သူ့အား တွန်းထုတ်သွားရန် အမိန့်ပေးလိုက်သည်။

​ဖန်အိမ်တော် အစောင့်အကြပ်များ၏ စောင့်ကြည့်မှုအောက်တွင် ခေါင်းဆောင်လျိုနှင့် ဖန်ချန်တို့သည် အိမ်တော်အတွင်းမှ ထွက်ခွာခဲ့ကြသည်။

​မကြာမီအချိန်အတွင်း...

​“ဒါက ခင်ဗျားတို့ရဲ့ ဌာနကို သွားတဲ့လမ်း မဟုတ်ဘူးနော်”

ဖန်ချန်၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

​“ကျွန်တော်တို့ နန်းတော်ကို သွားနေတာပါ။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ထာဝရငြိမ်းချမ်းရေးခန်းမ မှာ ဒီအမှုကို စစ်ဆေးပါလိမ့်မယ် ဒုတိယဝန်ကြီးချင် ပျောက်ဆုံးသွားတဲ့ ကိစ္စအပြင် လုံတုအင်ပါယာက စစ်သည်တွေကို မင်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စကိုပါ တစ်ခါတည်း ရှင်းရပါလိမ့်မယ်”

ခေါင်းဆောင်လျို၏ မျက်လုံးများတွင် အောင်နိုင်သူအသွင် အလင်းရောင်တစ်ခု လက်သွားပြီး သူက အေးစက်စွာ ပြုံးလိုက်သည်။

​ဖန်ချန်က ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်သားပဲ လာစရာရှိတာတွေ လာကုန်ပြီပေါ့ အရာအားလုံးကို အပြတ်ရှင်းရမယ့် အချိန်ရောက်ပြီ”

​ထာဝရငြိမ်းချမ်းရေးခန်းမ

​နန်းတွင်းဝန်ကြီးများသည် ဝန်ကြီးချင် ပျောက်ဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ အပူတပြင်း ဆွေးနွေးနေကြသဖြင့် ခန်းမတစ်ခုလုံး ဆူညံနေသည်။

ထိုလူသည် မနေ့က မနက်ခင်း ညီလာခံသို့ တက်ရောက်ခြင်း မရှိသဖြင့် လူအများမှာ ထူးဆန်းနေကြသည်။

​ယဉ်ကျေးမှု ဒုတိယဝန်ကြီးအနေဖြင့် ချင်တုန်းသည် မဟာရှအင်ပါယာ၏ ဒုတိယအဆင့်ရှိ အရာရှိကြီး တစ်ဦးဖြစ်သည်။

သူသည် မနက်ခင်း ညီလာခံကို လွဲချော်ရန် မဖြစ်နိုင်ပေ အမှန်စင်စစ် ၎င်းမှာ ဧကရာဇ်ကို လိမ်ညာသည့် ပြစ်မှုနှင့် ညီမျှနေသည်။

​သူ မနေ့က ပေါ်မလာသောအခါ ဝန်ကြီးချုပ် လီကော်ကျူးသည် သူ့အိမ်သို့ သွားရောက် စုံစမ်းရန် လူတစ်ယောက်ကို ချက်ချင်း လွှတ်ခဲ့သည်။

ဝန်ကြီးချင်မှာ မနေ့တစ်နေ့ကတည်းက အိမ်သို့ ပြန်မလာခဲ့ကြောင်း သိရှိရသဖြင့် သူသည် ထိုကိစ္စကို ဧကရာဇ်ထံ ချက်ချင်း တင်ပြခဲ့သည်။ ဧကရာဇ်ကလည်း ရှောင်ရှန့်ချဲ့ကို ထိုကိစ္စအား အသေအချာ စုံစမ်းရန် ညွှန်ကြားခဲ့သည်။

​နောက်ဆုံးတွင် သဲလွန်စများအားလုံးမှာ ကရုဏာဂေဟာရှိ ဖြစ်ရပ်ဆီသို့ ဦးတည်သွားခဲ့သည်။ ဝန်ကြီးကို နောက်ဆုံး တွေ့ခဲ့ရသူမှာ ဖန်ချန်ဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြသည်။

​“စစ်သူကြီးဖန်နဲ့ ဝန်ကြီးချင်ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး သူက ဝန်ကြီးချင်ကို အန္တရာယ်ပြုစရာ အကြောင်းမရှိဘူး မဟုတ်လား ဒါ့အပြင် ဝန်ကြီးချင်က မဟာရှရဲ့ ဒုတိယအဆင့် အရာရှိကြီး တစ်ယောက်ပါ စစ်သူကြီးဖန်တောင်မှ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိတော့ ထိန်းသိမ်းမှာပါ”

​“ခင်ဗျား အဲဒီလို ပြောလို့မရဘူး စစ်သူကြီးဖန်က အဆုံးမှာတော့ ကိုယ်ခံပညာရှင် တစ်ယောက်ပဲလေ ကိုယ်ခံပညာရှင်တွေ ဥပဒေချိုးဖောက်တာက မဆန်းပါဘူး ဖြစ်နိုင်တာက ဝန်ကြီးချင်က စစ်သူကြီးဖန်ကို တစ်ခုခု စော်ကားမိလို့များလား...”

​“ဟွန်း ခင်ဗျား ပြောသလိုဆိုရင် အဲဒီ ကိုယ်ခံပညာရှင်တွေက ငါတို့အားလုံးကို သူတို့ စိတ်တိုင်းကျ သတ်ဖြတ်နိုင်တဲ့ သိုးသူငယ်လေးတွေလို့ သတ်မှတ်ထားတာလား ဒီလို အတွေးအခေါ်မျိုးကို ခွင့်မပြုနိုင်ဘူး၊ ငါတို့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ပေးရမယ်!”

​“မှန်တယ် ဝန်ကြီးချင် အသက်ရှင်နေရင်လည်း လူချင်းတွေ့ရမယ်၊ သေသွားရင်လည်း အလောင်းတွေ့ရမယ်! သူက ဒုတိယအဆင့် အရာရှိကြီး တစ်ယောက်ပဲ၊ ဒီအတိုင်း ခြေရာလက်ရာမရှိ ပျောက်သွားလို့ မရဘူး”

​လူတိုင်းက မိမိတို့၏ သဘောထားများကို အသီးသီး ထုတ်ဖော်ကာ ငြင်းခုံနေကြသည်။

​လူအုပ်ကြားထဲတွင် လီဟွားဖုန်းမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် တစ်ခါတစ်ရံတွင် အခြားသူများနှင့် ရယ်မောနောက်ပြောင်နေသော ပဉ္စမမင်းသားကို လှမ်းကြည့်လိုက်ပြီး တစ်ခါတစ်ရံတွင် အိမ်ရှေ့မင်းသားထံသို့ အကြည့်များ ရောက်သွားတတ်သည်။

​သူသည် အရာအားလုံးကို တိတ်တဆိတ် အကဲခတ်နေသည်။ သူသည် တောနက်ထဲတွင် ပုန်းကွယ်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

​“အရှင်မင်းသား စစ်သူကြီးဖန်က အရမ်းကို မာနကြီးလွန်းလာပြီ ဝန်ကြီးချင်လို ဒုတိယအဆင့် အရာရှိတစ်ယောက်ကိုတောင် သူက လုပ်ရဲတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခုတော့ ပေးရပါလိမ့်မယ်”

အိမ်ရှေ့မင်းသား၏ ဘေးတွင် ကျိုးရှို့က မရေရာသော အပြုံးဖြင့် ပြောလိုက်သည်။

​အိမ်ရှေ့မင်းသားက ပြုံးပြီး ပြန်ပြောသည်

“စိတ်ချပါ အစ်ကိုကျိုး ခင်ဗျားအတွက် ကျေနပ်စရာကောင်းတဲ့ အဖြေတစ်ခု ရစေရပါ့မယ်”

​“ဖန်ချန် ရောက်ပြီ”

ခန့်ညားသော အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာသည်။

​လူအုပ်ကြီးမှာ စူးစမ်းလိုစိတ်ဖြင့် လှည့်ကြည့်လိုက်ကြရာ ခေါင်းဆောင်လျိုက ဖန်ချန်ကို ထာဝရငြိမ်းချမ်းရေးခန်းမအတွင်းသို့ ခေါ်ဆောင်လာပြီး ဧကရာဇ်ရှေ့တွင် ဒူးထောက်ကာ ဂါရဝပြုလိုက်သည်။

​“အရှင်မင်းမြတ် ဗိုလ်ချုပ်ကြီးဖန်ကို ကျွန်တော် ခေါ်လာခဲ့ပါပြီ”

ဟု သူက တင်ပြသည်။

​လူတိုင်း၏ အကြည့်များသည် ဖန်ချန်ထံသို့ ရောက်သွားသည်။

ခေါင်းဆောင်လျိုနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဖန်ချန်မှာမူ ဒူးမထောက်ပေ။ သူသည် ဧကရာဇ်ရှေ့တွင် မတ်တပ်ရပ်နေခွင့်ရှိသည့် သူ၏ အခွင့်အရေးကို အသုံးပြုနေခြင်း ဖြစ်သည်။

​ကျိုးရှို့သည် သူ့ကို မြင်သည်နှင့် ရင်ထဲတွင် ရန်ငြိုးများ ပြည့်နှက်သွားပြီး မျက်နှာ ပျက်သွားသည်။ သူသည် ဖန်ချန်ကို အစိမ်းလိုက် ဝါးစားပစ်ချင်နေတော့သည်။

​“အင်း...”

ဧကရာဇ်က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။

“မင်း နောက်ဆုတ်သွားလို့ ရပြီ”

​ခေါင်းဆောင်လျိုသည် ချက်ချင်းပင် နောက်ဆုတ်သွားပြီး ရှောင်ရှန့်ချဲ့၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေလိုက်သည်။

​ထို့နောက် ဧကရာဇ်သည် ဖန်ချန်ကို စိုက်ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်

“ငါ မင်းကို ဘာလို့ ခေါ်လိုက်တာလဲ ဆိုတာ မင်း သိသလား”

​“ဝန်ကြီးချင် ပျောက်ဆုံးသွားတယ်လို့ ကျွန်တော် ကြားပါတယ်”

ဖန်ချန်က ပြုံးလျက် ပြန်ဖြေသည်။

​“ဟုတ်တယ် အဲဒါအတွက် ရှင်းပြချက်တစ်ခု ပေးပါ ဘာလို့ မင်းက မြောက်ဘက် ဆင်ခြေဖုံးက ကရုဏာဂေဟာကို ဝင်စီးဖို့ ဗိုလ်ချုပ် ယူးလုံချန်းကို အမိန့်ပေးခဲ့ရတာလဲ”

ဧကရာဇ်က မေးမြန်းသည်။ ဖန်ချန်က ဘာလို့ ကရုဏာဂေဟာကို အာရုံစိုက်နေရသလဲ ဆိုသည်ကို လူအများက နားမလည်နိုင် ဖြစ်နေကြသည်။ ကရုဏာဂေဟာက ဒီအစွမ်းထက်တဲ့သူကို ဘာများ စော်ကားခဲ့လို့လဲ

​“အရှင်မင်းမြတ် အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး ကျွန်တော်က ကရုဏာဂေဟာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားရာကနေ သူတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို တွေ့ခဲ့တာပါ အဲဒီမှာ သူတို့က လူကုန်ကူးမှု ခိုးမှုနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အကြီးအကျယ် လုပ်နေကြတာပ သူတို့က အရမ်းကို ယိုယွင်းပျက်စီးနေတာမို့ ဗိုလ်ချုပ်ယူးက အရေးယူခဲ့တာပါ”

ဟု ဖန်ချန်က ပြုံးလျက် ရှင်းပြသည်။

​“အဲဒီကိစ္စတွေကို ငါ စိတ်မဝင်စားဘူး ငါ သိချင်တာက ဒုတိယဝန်ကြီး ချင်တုန်း ဘယ်ကို ရောက်သွားလဲ ဆိုတာပဲ သူ့ကို နောက်ဆုံး တွေ့ခဲ့တဲ့သူက မင်းပဲလို့ အားလုံးက ပြောနေကြတယ် ဒီအင်ပါယာရဲ့ ဒုတိယအဆင့် အရာရှိကြီး တစ်ယောက် ရုတ်တရက် ပျောက်ဆုံးသွားတာကို လက်ခံလို့ မရဘူး။ ငါ ရှင်းပြချက်တစ်ခု လိုချင်တယ်”

ဟု ဧကရာဇ်က ပြတ်သားစွာ မိန့်ကြားလိုက်သည်။

​ဖန်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်

“အရှင်မင်းမြတ် ဝန်ကြီးချင်က ဒုက္ခိတတစ်ယောက် မဟုတ်ပါဘူး သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကျွန်တော်က ဘယ်လိုလုပ် ထိန်းချုပ်ထားနိုင်မှာလဲ”

​“ဝန်ကြီးချင် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ မင်း ဘာမှ မပါဝင်ဘူးလို့ ပြောချင်တာလား”

​ဖန်ချန်က ပြုံးလိုက်သည်။

“အတိအကျပါပဲ”

​“ဖန်ချန်... မင်း ငါ့ကို လိမ်ညာတဲ့ ပြစ်မှုအကြောင်း သိရဲ့လား”

ဧကရာဇ်၏ အသံမှာ ပို၍ အေးစက်လာပြီး သူသည် ရှောင်ရှန့်ချဲ့ကို တစ်ချက် ကြည့်လိုက်သည်

​ရှောင်ရှန့်ချဲ့သည် ချက်ချင်း ရှေ့သို့ လှမ်းထွက်လာကာ ဖန်ချန်ကို ပြောလိုက်သည်

“ဝန်ကြီးချင်ဟာ တစ်ခါက သူ့အိမ်တော်က အစေခံမလေး တစ်ယောက် ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ကျွန်တော် သိရှိထားပါတယ် အဲဒီတုန်းက မဟာတောက်ပမှုဌာန က အသေအချာ စုံစမ်းစစ်ဆေးခဲ့ပြီး ဝန်ကြီးချင်မှာ အပြစ်မရှိကြောင်း အတည်ပြုပေးခဲ့ပြီးသားပါ ဒါပေမဲ့ မကြာသေးခင်က မင်းဟာ အဲဒီအမှုကို မဟာတောက်ပမှုဌာနက အရာရှိတွေနဲ့အတူ ကိုယ်ပိုင်သဘောနဲ့ ပြန်ဖွင့်ခဲ့တယ် အဲဒီနောက်မှာ ဝန်ကြီးချင် ပျောက်ဆုံးသွားတာပဲ ဒီအဖြစ်အပျက်တွေ အားလုံးက ဆက်စပ်နေတယ်”

​သူသည် ခဏမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်

“ဒါကြောင့် ဝန်ကြီးချင် ပျောက်ဆုံးသွားတာဟာ မင်းနဲ့ ပတ်သက်နေတယ်လို့ သံသယဖြစ်စရာ တွေရှိတယ် မင်း အမှန်အတိုင်း ပြောပြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”

All Chapters