အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၆၁ - သွေးတစ်စက်လျှင် မြေတစ်လက်မ
"ဘာ လုံတုအင်ပါယာကလူတွေက ငါတို့အင်ပါယာက ကုန်သည်တွေကို နှိပ်စက်ခဲ့တာလား"
"ရှူး... တိုးတိုးလုပ်စမ်းပါ ငါလည်း အဲဒီအကြောင်း ကြားဖူးတယ် ဒါပေမဲ့ ဒါက တကယ်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ဟူး... ဒီနှစ်တွေမှာ ကုန်သည်တွေခမျာ တော်တော် ဒုက္ခရောက်ခဲ့ကြတာပဲ"
"ဘာနယ်စားကြီးလဲကွာ စစ်သူကြီးဖန် ပြောတာသာ အမှန်ဆိုရင် သူ့ကို ကွပ်မျက်ပစ်သင့်တယ်"
ပြည်သူများမှာ ဒေါသတကြီး ဖြစ်နေကြသည်။
တစ်ဖက်တွင်မူ ဧကရာဇ်၏ မျက်နှာမှာ စိမ်းဖန်နေပြီး အိမ်ရှေ့မင်းသားနှင့် အခြားသူများ၏ မျက်နှာများမှာလည်း ကြည့်မကောင်းလှပေ။
"ရိုင်းစိုင်းလှချည်လား ဖန်ချန် မင်းက သာမန်အရပ်သား တစ်ယောက်ပဲ ရှိသေးတာနေ့ခင်းကြောင်တောင်မှာ လူတွေကို စစ်ဆေးပြီး သတ်ပစ်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ"
ထောက်မင်ရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက သာမန်အရပ်သား ဖြစ်နိုင်ပေမဲ့ မဟာရှရဲ့ ကိုယ်ခံပညာရှင် တစ်ယောက် ဖြစ်နေတုန်းပါပဲ ဘယ်သူမှ ပြောင်းလဲမှုအတွက် တိုက်ပွဲမဝင်ချင်ဘူးဆိုရင် ငါကပဲ စံနမူနာအဖြစ် စတင်မယ်"
ဖန်ချန်က ပြုံးလျက် ဆိုသည်။
"ဖန်ချန် ငါတို့ရဲ့ နယ်စားကြီးကို အခုချက်ချင်း လွှတ်လိုက်စမ်း"
"လုံတုအင်ပါယာက မင်းတို့ မဟာရှကို စစ်ကြေညာတာကို ခံချင်လို့လား"
လုံတုမှ ပညာရှိများက ငယ်သံပါအောင် ကန့်ကွက်ကြသည်။
ကုဟယ်နှင့် ယီကျိုးမှ ပညာရှိများကလည်း ပူးပေါင်းကာ ဧကရာဇ်ကို တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်ကြတော့သည်။
ဧကရာဇ်သည် ဖန်ချန်ကို အေးစက်တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။
"ဖန်ချန် မင်း သူ့ကို အခုချက်ချင်း လွှတ်ပေးမယ်ဆိုရင် မင်းရဲ့ အရင်က အမှားတွေကို ငါ ထပ်ပြီး အရေးမယူတော့ဘူး"
ဖန်ချန်က ရယ်မောလိုက်သည်။
"အရှင်မင်းမြတ် အရှင်ကိုယ်တိုင်လည်း သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေတာ ကြာပြီဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ အရှင်က မဟာရှအတွက် ဖြစ်လာမယ့် ဘေးဒုက္ခတွေကို စိုးရိမ်နေတာ မဟုတ်လား ကျွန်တော်က အရှင့်လက်ထဲက ဓားအဖြစ် ခံယူပြီး အရှင့်ကိုယ်စား ဒါကို လုပ်ပေးပါရစေ အကယ်၍ လုံတုက စစ်ကြေညာမယ်ဆိုရင်လည်း စစ်ဖြစ်ကြတာပေါ့ သွေးတစ်စက်လျှင် မြေတစ်လက်မပဲ မဟာရှကို ပြည်သူတွေရဲ့ ချွေး၊ သွေး၊ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့တာ ဒီလိုသေးငယ်တဲ့ လုံတုအင်ပါယာက ကျွန်တော်တို့ကို တိရစ္ဆာန် တွေလို သတ်မှတ်ပြီး စစ်ပွဲစချင်တယ်ဆိုရင်လည်း လာခဲ့ကြစမ်းပါ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ကြမယ်"
သူ၏ အစွမ်းထက်လှသော အသံမှာ ခေါင်းလောင်းကြီး တစ်လုံးကို တီးလိုက်သည့်အလား မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားခဲ့သည်။
သွေးတစ်စက်လျှင် မြေတစ်လက်မ
လူအုပ်ကြီးမှာ တိတ်ဆိတ်သွားသည်။ ဖန်ချန်ကို ဖျောင်းဖျချင်နေသော အရာရှိကြီးများပင် နှုတ်ဆိတ်ကုန်ကြသည်။
လီကော်ကျူးသည် ဖန်ချန်ကို ကြည့်လိုက်၊ ကျိုးရှို့ကို ကြည့်လိုက်နှင့် ခေါင်းကို ခပ်ဖွဖွ ခါယမ်းနေသည်။
ဖျောင်းဖျရန် နေရာမရှိတော့ကြောင်း အရာရှိများ သိလိုက်ရသောအခါ သူတို့ နောက်ဆုတ်ပေးလိုက်ကြသည်။
တရားရေးဝန်ကြီး ကျန်းယွီရှု၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
သူ၏ မုတ်ဆိတ်ကို သပ်ရင်း နောက်ဆုံးတွင် သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ၎င်းမှာ သူ၏ သဘောထားကို ထင်ရှားစေသည့် အချက်ပင် ဖြစ်သည်။
လူအုပ်ကြားတွင် ဖန်ချင်းယောင်နှင့် သူမ၏ အစေခံမလေးမှာ ရဲရင့်သောဓားစောင့်တပ်နှင့် နန်းတွင်းအစောင့်တပ်များ ဝိုင်းရံထားခြင်း ခံနေရသည့် ဖန်ချန်ကို ငေးကြည့်နေမိကြသည်။
"သခင်မလေး စစ်သူကြီးဖန်က လူအားလုံးရဲ့ ရှေ့မှာ ကျိုးရှို့ကို သတ်ဖို့ ပြင်နေတာပဲ သူက လက်အောက်ငယ်သားတွေကို သတ် နယ်စားကြီးကိုတော့ ချမ်းသာပေးလိမ့်မယ်လို့ ကျွန်မ ထင်ထားတာ အခုတော့ သူဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်သွားတော့မှာပဲ"
ဖန်ချင်းယောင်၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေသည်။ ၎င်းကို မြင်သောအခါ အစေခံမလေးက အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်
"ဒါပေမဲ့ ကျွန်မတို့ စစ်သူကြီးဖန်ရဲ့ စွမ်းရည်တွေကို မြင်ဖူးတာပဲ သူ တစ်ခုခုတော့ ဖြေရှင်းနိုင်မှာပါ"
ထိုစကားကြောင့် စိုးရိမ်နေသော ဖန်ချင်းယောင်သည် သတိဝင်လာပြီး တည်ငြိမ်သွားသည်။
ရုတ်တရက် အော်ဟစ်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"လမ်းဖယ်ကြစမ်း"
ဗိုလ်ချုပ်တစ်ဦးမှာ အလျင်အမြန် ရောက်ရှိလာပြီး လူအုပ်ကို တိုးဝှေ့ကာ မြင်းပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ဧကရာဇ်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဧကရာဇ်၏ မျက်နှာမှာ မှောင်ကျနေပြီး ဖန်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဖန်ချန်းဟိုင် မင်းသား လုပ်ထားတာကို ကြည့်စမ်း"
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ရာထူးချခံရပြီး မြို့တော်တံခါးကို စောင့်ကြပ်ရန် အမိန့်ပေးခံထားရသော ဖန်ချန်းဟိုင်ပင် ဖြစ်သည်။
"အရှင်မင်းမြတ်ရဲ့ ခွင့်လွှတ်မှုကို တောင်းခံပါတယ်"
ဖန်ချန်းဟိုင်က နှုတ်ဆက်ပြီးနောက် ဖန်ချန်ကို ကြည့်ကာ မေးလိုက်သည်
"ချန်အာ မင်း ဒီလူကို တကယ်ပဲ သတ်ရမှာလား"
"သတ်ရမှာပါ"
ဖန်ချန်က ခေါင်းငြိမ့်သည်။
"ဒါဆိုရင်လည်း သတ်လိုက်ပေါ့"
လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။
"ငါလိုး..."
"ဒီအဖေနဲ့ ဒီသား"
သူက သူ့သားကို ဖျောင်းဖျရမှာ မဟုတ်ဘူးလား
ဧကရာဇ်၏ လက်ညှိုးမှာ လေထဲတွင် တန့်နေပြီး သူ၏ ပါးစပ်မှာလည်း ဒေါသကြောင့် တဆတ်ဆတ် တုန်နေကာ စကားပင် မထွက်နိုင်တော့ပေ။
"ဒီကောင်လေး. ဒီနေ့ ညစာစားဖို့ တကယ်ပဲ ပြန်လာနိုင်ပါ့မလား"
လူအုပ်ကြားရှိ ထောင့်တစ်နေရာမှ ဖန်ချန်းယူသည် သူ၏ ဝှီးချဲပေါ်တွင် ထိုင်လျက် ဖန်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။
ဖန်ချန်က ထိုမျှအထိ လှုပ်ခတ်အောင် လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ အမြဲတမ်း အခြေအနေအရပ်ရပ်ကို ငဲ့ညှာတတ်သော ဖန်ချန်းဟိုင်မှာ သားဖြစ်သူဘက်မှ ရပ်တည်ပေးနေခြင်းပင်။
"ဒါပေမဲ့ ဒါက ပိုပြီး ယုတ္တိတန်ပါတယ် အဆုံးမှာတော့ သူက ဖန်မိသားစုဝင် တစ်ယောက်ပဲလေ"
ဖန်ချန်းယူက ရုတ်တရက် ပြုံးလိုက်သည်။
သူ၏ နောက်မှ ရွှီဂီ၏ ပါးစပ်မှာလည်း အနည်းငယ် တွန့်သွားသည်။
ထိုအချိန်မှာပင် အနီးရှိ မြို့တော်မျှော်စင်ပေါ်တွင် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ဦးသည် လေးကို ကိုင်ထားပြီး ဖန်ချန်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
"တပ်မှူးယန် အရှင်မင်းမြတ်က ဖန်ချန်ကို တားဖို့ အမိန့်ပေးလိုက်ပြီ ဘာပဲဖြစ်ဖြစ် ကျိုးရှို့ အသေမခံရဘူး"
ဟု မိန်းမစိုးတစ်ဦးက အနောက်မှ တိုးတိုးလေး ပြောလိုက်သည်။
"ဖန်ချန်က ချီအမြုတေအဆင့်ကို ပြန်ရောက်နေပြီဆိုတာ အရှင်မင်းမြတ် မသိဘူးလား ကျွန်တော့်ရဲ့ မြားတွေက သူ့ကို ဒဏ်ရာတောင် ရအောင် လုပ်နိုင်ပါ့မလား မသေချာဘူး"
ယန်ပေဟန် က လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"မင်းက ဧကရာဇ်ရဲ့ အမိန့်ကို ဖီဆန်ချင်တာလား"
မိန်းမစိုး၏ မျက်နှာ အေးစက်သွားသည်။
"နားလည်ပါပြီ"
ယန်ပေဟန်က ဖြည်းညှင်းစွာ ခေါင်းငြိမ့်ကာ လေးကို ရှေ့သို့ မြှောက်လိုက်သည်။
"အချိန်တန်ပြီ ကျိုးရှို့ မင်း သေရမယ့် အချိန်ရောက်ပြီ နောက်ဘဝကျရင်တော့ သာမန်လူတစ်ယောက်လိုပဲ နှိမ့်ချပြီ နေထိုင်ဖို့ သတိရပါ အဲဒီလိုဆိုရင် မင်းရဲ့ အသက်က အခု နယ်စားကြီးဘဝထက် ပိုပြီး ရှည်လိမ့်မယ်"
ဖန်ချန်က ကောင်းကင်ကို တစ်ချက်ကြည့်ကာ ကျိုးရှို့ကို ပြုံးလျက် ပြောလိုက်သည်။
ကျိုးရှို့၏ မျက်နှာမှာ ဖြူလျော်သွားသည်။
"မင်း ငါ့ကို တကယ် သတ်ရဲလို့လား မင်း ငါ့ကို သတ်ရင် မင်းတို့ ဧကရာဇ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
"အဲဒါကတော့ နောက်မှပေါ့ မင်း သေသွားပြီဆိုရင်တော့ ဒါတွေကို စိတ်ပူစရာ မလိုတော့ပါဘူး"
ဖန်ချန်က ပြုံးလျက် ဆိုသည်။
ထိုစဉ်မှာပင် လူတိုင်းသည် လေတိုးသံ ပြင်းပြင်းကို ရုတ်တရက် ကြားလိုက်ရသည်။
လူအုပ်ကြားတွင် ဖန်ချန်းယူသည် ထိုအသံနှင့် အလွန်ရင်းနှီးသဖြင့် ပထမဆုံး သတိပြုမိလိုက်သူ ဖြစ်သည်။
ယန်ပေဟန်
သူ လှုပ်ရှားလိုက်ပြီ သူသည် မဟာရှတွင် နံပါတ်တစ် မြားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်
"သူ တကယ်ပဲ လုပ်ရဲတာပဲ"
ဖန်ချန်က ရယ်မောရင်း လက်ကို မြှောက်လိုက်သည်။
လူတိုင်း လေထဲရှိ ထိုလက်ကို အာရုံစိုက်လိုက်သောအခါ မြားတစ်စင်းသည် သူ၏ လက် အတွင်း၌ ဖမ်းဆီးခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။
မြား၏ အမြီးပိုင်းမှာ တဆတ်ဆတ် တုန်ခါနေသော်လည်း ၎င်းကို ကိုင်ထားသော လက်မှာမူ အနည်းငယ်မျှ မလှုပ်ပေ။
၎င်းကို မြင်သောအခါ ဧကရာဇ်၏ မျက်နှာ မှောင်ကျသွားသည်။
ဖန်ချန်သည် ထိုမြားကို ၎င်းလာရာ လမ်းကြောင်းအတိုင်း ပေါ့ပေါ့ပါးပါး ပြန်ပစ်လိုက်သည်။ မြားသည် လေထဲတွင် ရှူးခနဲ အသံမြည်ကာ ယခင်ထက်ပင် ပိုမို ပြင်းထန်သော အရှိန်ဖြင့် ပျံသန်းသွားတော့သည်။
မကြာမီမှာပင် လူရိပ်တစ်ခုသည် မြို့တော်မျှော်စင်ပေါ်မှ ပြုတ်ကျလာသည်။
"တပ်မှူးယန်"
မြားတပ်ဖွဲ့ဝင်များမှာ မယုံနိုင်စွာဖြင့် ပြေးသွားကြသည်။ သူတို့၏ တပ်မှူးသည် သူကိုယ်တိုင် ပစ်လိုက်သော မြားဖြင့် ပြန်လည် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်
မြားသည် ယန်ပေဟန်၏ ခြေထောက်ကို ဖောက်ထွက်သွားသဖြင့် သူ၏ အခြေအနေမှာ တော်တော်လေး ကြည့်ရဆိုးနေသည်။
လက်အောက်ငယ်သားများ၏ ကူညီမှုဖြင့် ထထိုင်ပြီးနောက် သူသည် သွားကြိတ်ကာ မြားကို ဆွဲနှုတ်လိုက်သည်။
"စစ်သူကြီးဖန်ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ကို နက်နဲလွန်းပါတယ်"
ဟု သူက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
ဖန်ချန်သည် သူ၏ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ပြန်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိသည်။ ၎င်းမှာ အတိတ်တုန်းက သူ၏ ဦးလေးကို သူ ပစ်ခဲ့သည့်အတိုင်း လက်စားပြန်ချေခြင်းပင် ဖြစ်သည်။
ထိုစဉ်မှာပင် မိုးကြိုးပစ်သည့်အလား ဟိန်းထွက်နေသော အသံတစ်ခု ယန်ပေဟန်၏ နားထဲသို့ ရောက်လာသည်။
"သူ့ကို ခေါင်းဖြတ်လိုက်"
မဟာရှ ပြည်သူ ထောင်ပေါင်းများစွာ၏ အားပေးသံများမှာ လှိုင်းတံပိုးများအလား တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ယန်ပေဟန်သည် ထိုအော်ဟစ်သံများကို ကြားသောအခါ မျက်နှာ ပျက်သွားသည်။
ယနေ့ ကျိုးရှို့ သေမှာ သေချာနေပြီဖြစ်ပြီး ၎င်းက မဟာရှကို အကျပ်အတည်းတစ်ခုထဲသို့ တွန်းပို့တော့မည် ဖြစ်ကြောင်း သူ သိလိုက်သည်။
"စစ်သူကြီး ခင်ဗျားမှာ တကယ်ပဲ ဝှက်ဖဲ တစ်ချပ် ရှိနေမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ဒီဒဏ်ရာက ထိုက်တန်ပါတယ်။ မဟုတ်ရင်တော့..."
ယန်ပေဟန်က ကိုယ့်ဘာကိုယ် ရေရွတ်လိုက်သည်။
နန်းတော်တံခါးရှေ့တွင် ကျိုးရှို့၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အဝေးသို့ လိမ့်သွားတော့သည်။ လုံတုအင်ပါယာမှ ပညာရှိများမှာ ဆွံ့အကုန်ကြသည်။
တစ်ဖက်တွင်မူ ကုဟယ်နှင့် ယီကျိုး အင်ပါယာမှ လူများမှာ ကပ်ဘေးကြီး ဆိုက်ရောက်တော့မည့်အလား ခံစားလိုက်ရပြီး ဖန်ချန်ကို ရန်ငြိုး အာဃာတများဖြင့် ကြည့်နေကြတော့သည်။
အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံးမှာလည်း တိတ်ဆိတ်သွားကြသည်။ အရာအားလုံးက ပြီးဆုံးသွားပြီ မဟုတ်လား။
ဖန်ချန်သည် ကျန်ရှိနေသော အင်ပါယာ သုံးခုမှ ပညာရှိများဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်
"အားလုံးပဲ ပြန်သွားပြီး မင်းတို့ရဲ့ လူတွေကို အသိပေးလိုက်ပါ ငါက အရင်လို စစ်တပ်တွေကို မဦးဆောင်နိုင်တော့ဘူး ဆိုပေမဲ့ ငါက ချီအမြုတေအဆင့် ကိုယ်ခံပညာရှင် တစ်ယောက် ဖြစ်နေတုန်းပဲ"
"မင်းတို့ရဲ့ နန်းတော်တွေကို စိတ်ကြိုက် ဝင်ထွက်ဖို့ဆိုတာ ငါ့အတွက် လွယ်လွယ်လေးပဲ နောင်ကျရင် ငါ့ရဲ့ မဟာရှက ကုန်သည်တွေကို တွေ့ရင် နှိမ့်ချဖို့ စိတ်မကူးနဲ့ အကယ်၍ သူတို့ကို ထပ်ပြီး နှိပ်စက်ရဲဦးမယ်ဆိုရင်တော့ ငါ ကိုယ်တိုင် မင်းတို့ဆီ လာလည်မယ်"
အိမ်ရှေ့မင်းသား၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်သွားသည်။
"ခမည်းတော် သူ့ကို အမြန် ဖမ်းခိုင်းလိုက်ပါဦး"
ဧကရာဇ်က ဘာမှ ပြန်မပြောပေ။ သူ ခဏမျှ တိတ်ဆိတ်နေပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့ကာ ဝတ်ရုံစကို ဝှေ့ယမ်း၍ လှည့်ထွက်သွားတော့သည်။
သူ ထွက်သွားသောအခါ ကျန်ရှိနေသော အရာရှိများလည်း လိုက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ တစ်ဖက်တွင်မူ အိမ်ရှေ့မင်းသားမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
ဖန်ချန် ယခုပြောလိုက်သော စကားများသည် ကုဟယ်အင်ပါယာလို နိုင်ငံများအတွက်သာ မဟုတ်ကြောင်း လူတိုင်း သိကြသည်။ သူသည် မဟာရှ ဧကရာဇ်ကိုပါ ဗြောင်ကျကျ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်
ဖန်ချန်သည် ကြောင်တောင်တောင် ဖြစ်နေသော အိမ်ရှေ့မင်းသားကို ကြည့်လိုက်သည်။
"နောင်ကျရင် ဒီလို စောက်ဆင့်မရှိတဲ့ လူတွေနဲ့ မပေါင်းနဲ့တော့ သူတို့က မင်းရဲ့ အိမ်ရှေ့မင်းသား ရာထူးကို ခိုင်မြဲအောင် လုပ်ပေးမှာ မဟုတ်တဲ့အပြင် မင်းကို အန္တရာယ်ပဲ ပေးလိမ့်မယ်"
သူသည် ကျိုးရှို့၏ ဦးခေါင်းကို ပေါ့ပေါ့ပါးပါးပင် ကန်ထုတ်လိုက်ပြီး အဖေဖြစ်သူဘက် လှည့်ကာ
"ပြန်ကြရအောင် အဖေ၊ ညစာစားရမယ်လေ"
ဟု ပြောလိုက်သည်။ ထို့နောက် သားအဖ နှစ်ယောက်လုံး လှည့်ထွက်သွားကြသည်။
လူအုပ်ကြားရှိ လူအများအပြားမှာ ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှမှာ သူတို့ကို အံ့ဩမှင်တက်စေခဲ့သည်။
ထောက်ယွီနှင့် ရဲ့ချင်ဟဲတို့မှာ ပထမဆုံး သတိပြန်ဝင်လာသူများ ဖြစ်သည်။ သူတို့သည် အိမ်ရှေ့မင်းသားနောက်သို့ အလျင်အမြန် လိုက်သွားကြသည်။
အိမ်ရှေ့မင်းသားက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲကာ ဝမ်းနည်းကြေကွဲဖွယ် အမူအရာဖြင့် မေးလိုက်သည်
"မင်းတို့ အထင် နောင်ကျရင် ဖန်ချန်က ပုန်ကန်လိမ့်မယ် ထင်သလား"
ထိုသူနှစ်ဦးမှာ ထိုမေးခွန်းကြောင့် မှင်တက်သွားကြပြီး ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေကြသည်။
သူတို့ ဘာမှ ပြန်မဖြေသောအခါ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျိုးရှို့၏ အလောင်းကို ကြည့်ကာ
"ဟွန်း"
ဟု နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားတော့သည်။
သူ၏ ထွက်ခွာသွားသော ပုံရိပ်မှာ အထီးကျန်ဆန်လှပေသည်။
အခန်း ၆၂ - အလောင်းကို လူမြင်ကွင်းတွင် ချိတ်ဆွဲခြင်း
စည်ကားလှသော မြို့အရှေ့ဘက်တံခါးရှေ့တွင် လုံတုအင်ပါယာ မှ ပညာရှိများသည် လူအုပ်ကြားတွင် တစ်မျိုးတဖုံ ထူးခြားနေကြသည်။
သူတို့သည် ဖန်ချန်က ကျိုးရှို့ကို သတ်ဖြတ်လိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ယခုအခါ သေဆုံးနေသော သူ၏ခန္ဓာကိုယ်ကို ကြည့်ကာ မှင်တက်နေကြသည်။
နောက်ဆုံးတွင် လုံတုအင်ပါယာမှ ပညာရှိတစ်ဦးက ဖြည်းညှင်းစွာ ပြောလိုက်သည်
"လုံတုအင်ပါယာက မဟာရှကို ကျိန်းသေ စစ်ကြေညာလိမ့်မယ် သူတို့ရဲ့ နယ်စားကြီးတစ်ယောက် ဒီလို အရှက်တကွဲ သေဆုံးသွားတာကို သူတို့ ဘယ်လိုလုပ် မျက်စိမှိတ် ကြည့်နေနိုင်မှာလဲ"
ထိုသို့ ပြောဆိုသူမှာလည်း လုံတုမှ နယ်စားမျိုးနွယ်တစ်ဦး ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ အလွန်မမြင့်မားသော်လည်း နယ်စားမျိုးနွယ်များကြားတွင် နက်နဲသော ဆက်နွှယ်မှုများ ရှိကြသည်။ ပြင်ပကမ္ဘာနှင့် ရင်ဆိုင်ရသောအခါ သူတို့သည် တညီတညွတ်တည်း ရပ်တည်ကြစမြဲ ဖြစ်သည်။
"ဟုတ်တယ် ငါတို့ သူတို့ကို ကျိန်းသေ စစ်တိုက်ရမယ်"
"နယ်စားကြီး ကျိုးရှို့ရဲ့ သေဆုံးမှုအတွက် မဟာရှက အနည်းဆုံး လူပေါင်း တစ်သောင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
"ပြီးတော့ သူတို့ မြို့တော်တော်များများကိုလည်း ပေးအပ်ရလိမ့်မယ်"
လုံတုမှ ပညာရှိများသည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
ခဏအကြာတွင် ကျိုးရှို့၏ အလောင်းကို ပြန်လည်သယ်ယူရန် တစ်စုံတစ်ယောက်က သတိရသွားသည်။
သူက အလောင်းကို ယူရန် အကူအညီတောင်းရင်း နယ်စားကြီး၏ ပြတ်တောက်နေသော ခေါင်းကို သွားကောက်ရန် ပြင်လိုက်သည်။
သို့သော် သူ အနားသို့ ရောက်သောအခါ ထိုဦးခေါင်းကို ခြေထောက်ကြီး တစ်ဖက်ဖြင့် နင်းထားသည်ကို တွေ့လိုက်ရသည်။
လုံတုအင်ပါယာမှ ပညာရှိများ ချက်ချင်း ဒေါသချောင်းောင်း ထွက်သွားကြသည်။
နယ်စားကြီးသည် သေဆုံးပြီးနောက်တွင်ပင် ထိုမျှ စော်ကားခံရဦးမည်လော ကုဟယ်နှင့် ယီကျိုး အင်ပါယာမှ လူများပင်လျှင် ဆက်ကြည့်မနေနိုင်တော့ဘဲ ဝင်ရောက် ပြောဆိုကြသည်။
ကျိုးရှို့၏ ခေါင်းကို နင်းထားသော ရွှီဂီ က ထိုလူအုပ်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"နယ်စားကြီး ကျိုးရှို့က သေသင့်လို့ သေတာပဲ ဘာပဲဖြစ်ဖြစ် ငါ့သခင်လေးက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို တောင်ဘက်တံခါးမှာ သတိပေးချက်အဖြစ် ချိတ်ဆွဲထားဖို့ အမိန့်ပေးထားတယ်"
ရှူး...
လုံတုအင်ပါယာမှ ပညာရှိများ အသက်ရှူမှားသွားကြသည်။ သူတို့ ကြားလိုက်ရသည့် စကားကို မယုံနိုင်အောင် ဖြစ်နေကြသည်။
ဖန်ချန်က လုံတုအင်ပါယာနှင့် အဆက်အသွယ် ဖြတ်ရန် တကယ်ပဲ ဆုံးဖြတ်ထားတာလား သူ မဟာရှရဲ့ လက်ရှိ အခြေအနေကို စိုးရိမ်စိတ် မရှိဘူးလား
နောက်ဆုံးတွင် လုံတုပညာရှိတစ်ဦးက ဆက်လက် အောင့်အည်းမထားနိုင်တော့ဘဲ တုန်ရီနေသော လက်ညှိုးဖြင့် ရွှီဂီ ကို ညွှန်ကာ ဒေါသတကြီး အော်ဟစ်တော့သည်
"မင်းတို့ အရမ်းကို လွန်လွန်းနေပြီ ငါတို့ကို ဒီလို စော်ကားရဲတယ်ပေါ့ ငါတို့မှာ အင်အားမရှိဘူးလို့ ထင်နေတာလား မကြာခင်မှာ ငါတို့ဆီကနေလည်း အစွမ်းထက်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက် ပေါ်ထွက်လာတော့မယ် အဲဒီအခါကျရင် စစ်ပွဲစပြီ မဟာရှကတော့ ဒုက္ခရောက်တော့မှာပဲ"
ထိုစကားကို ပြောလိုက်သူကို အခြား လုံတုပညာရှိများက ထူးဆန်းသော မျက်နှာထားဖြင့် လှည့်ကြည့်ကြသည်။ ကုဟယ်နှင့် ယီကျိုးမှ လူများကလည်း သံသယမျက်လုံးများဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
"အော် လုံတုက တစ်ယောက်ယောက်က ချီအမြုတေအဆင့် ကို တက်လှမ်းတော့မှာပေါ့"
ရွှီဂီ က စိတ်ဝင်တစား မေးလိုက်သည်။
စကားလွန်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် ထိုလူသည် ပါးစပ်ကို ချက်ချင်းပိတ်ကာ ရွှီဂီနှင့် မျက်လုံးချင်း မဆုံအောင် ရှောင်လိုက်သည်။
၎င်းကို မြင်သောအခါ ရွှီဂီက သူ့ကို ကျော်ဖြတ်ကာ ကျိုးရှို့၏ အလောင်းနှင့် ဦးခေါင်းကို ကိုင်ဆောင်လျက် တောင်ဘက်တံခါးဆီသို့ လျှောက်လှမ်းသွားတော့သည်။
"အလောင်းကို ထားခဲ့စမ်း"
လုံတုပညာရှိတစ်ဦးက တားဆီးရန် ကြိုးစားသော်လည်း ရွှီဂီ ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရကာ မြေပေါ်သို့ လဲကျသွားသည်။
ထိုနေရာရှိ အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့်မှာ ချီပေါက်ကွဲခြင်းအဆင့် အစောပိုင်းသာ ရှိသည်။
သူတို့သည် ရွှီဂီကို မည်သို့ ယှဉ်နိုင်မည်နည်း ထို့အပြင် ပတ်ဝန်းကျင်ရှိ မဟာရှ ပြည်သူများကလည်း အားတက်သရော စောင့်ကြည့်နေကြသည်။
နောက်ဆုံးတွင် သူတို့သည် ရွှီဂီက ကျိုးရှို့၏ အလောင်းကို ယူဆောင်သွားသည်ကို အားကိုးရာမဲ့စွာ ကြည့်နေခဲ့ရသည်။
ထိုနေ့တွင်ပင် ကျိုးရှို့၏ အလောင်းကို တောင်ဘက်တံခါးတွင် လူမြင်ကွင်း၌ ချိတ်ဆွဲလိုက်သည်။
လမ်းသွားလမ်းလာများမှာ အထက်သို့ မော့ကြည့်ရင်း လုံတုပညာရှိများ၏ ရင်ထဲတွင် ရန်ငြိုးများ ပိုမို ပြင်းထန်လာစေသည်။
ဖန်အိမ်တော်အတွင်း
"ရှင် လုံတုအင်ပါယာရဲ့ နယ်စားကြီးကို သတ်လိုက်တယ်လို့ ကြားတယ်"
ရှောင်းနတ်သမီး က ဖန်ချန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
"လုံတုနဲ့ ချင်းစုန်အင်ပါယာတွေ ပူးပေါင်းသွားမှာကို ရှင်မကြောက်ဘူးလား မဟာရှက အင်ပါယာ နှစ်ခုရဲ့ ဖိအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူးနော် ကုဟယ်နဲ့ ယီကျိုးကလည်း ရှင့်ရဲ့ ကံဆိုးမှုကို ကြည့်ပြီး ပျော်နေကြမှာပဲ၊ ကူညီကြမှာ မဟုတ်ဘူး"
ဖန်ချန်က ပြုံးပြီး ပြန်ပြောသည်
"ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲ မဟုတ်လား လုံတုနဲ့ ချင်းစုန်က သူတို့ဘာသာ ပူးပေါင်းလာမှာကို စောင့်နေမယ့်အစား သူတို့ကို ကူညီပေးလိုက်တာ ပိုမကောင်းဘူးလား"
ရှောင်နတ်သမီး၏ မျက်လုံးများတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
သူမ တစ်ခုခုကို ခန့်မှန်းမိသွားဟန်ဖြင့် အော်ပြောလိုက်သည်
"ရှ-ရှင်က လုံတုနဲ့ စစ်စတိုက်ဖို့ ကြံနေတာလား ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
"ကွယ်ရာက လူတစ်ယောက်က အင်ပါယာတွေကြားမှာ ပဋိပက္ခဖြစ်အောင် သွေးထိုးနေတယ် အဲဒီလို ဖြစ်နေမှတော့ အဲဒီကိစ္စအချို့ကို တစ်ခါတည်း ရှင်းပစ်လိုက်တာပေါ့"
ဖန်ချန်က အေးဆေးစွာ ပြောလိုက်သည်။
ရှောင်နတ်သမီး ချက်ချင်း နားလည်သွားသည်။
သူမ ဖန်ချန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
"ဖြစ်လာတော့မယ့် ပဋိပက္ခကို မြန်မြန်ဆန်ဆန် အပြတ်ရှင်းပြီး သူတို့ရဲ့ အစီအစဉ်တွေကို အသုံးမဝင်အောင် လုပ်ဖို့ ရှင် စိတ်ကူးထားတာလား"
"စစ်သူကြီး ရှောင်းလန်ရဲ့ သမီးကတော့ သိပ်မအဘူးပဲ"
ဖန်ချန်က ပြုံးလျက် နောက်ပြောင်လိုက်သည်။
ရှောင်းနတ်သမီးသည် ဖန်ချန်၏ ချီးကျူးမှုကို ကြားရသောအခါ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားသည်။
သို့သော် သူမ ချက်ချင်းပင် ထိုအတွေးကို ခါထုတ်လိုက်ပြီး ထိုလူ၏ ချီးကျူးမှုအပေါ် မသာယာသင့်ကြောင်း မိမိကိုယ်ကိုယ် သတိပေးလိုက်သည်။
သူမက ဝမ်းသာမှုကို ဖုံးကွယ်ကာ ပြောလိုက်သည်
"ရှင် ဒီကိစ္စတွေကို မြန်မြန် အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ် ဒါမှ ကျွန်မလည်း ချင်းစုန် ကို ပြန်ရမှာ ရှင့်ရဲ့ ဖန်အိမ်တော်က ကြီးမားကျယ်ဝန်းပေမဲ့ ဒီရက်ပိုင်းမှာ နှံ့နှံ့အပြားပြား ရောက်ဖူးနေပြီ အပြင်ထွက်ခွင့် မရှိတော့ ပျင်းဖို့ကောင်းလာပြီ"
သူမက ခဏရပ်ပြီးမှ ဆက်ပြောသည်
"ဒါနဲ့ အဲဒီ သီလရှင်မလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် ချင်းဟဲ လို့ ခေါ်တယ် ထင်တယ် သူမ တရားရွတ်တဲ့အခါ ကျွန်မရဲ့ စိတ်ထဲမှာ တည်ငြိမ်အေးချမ်းမှုကို ခံစားရတယ်"
"အချိန်ရရင် ကျောင်းကိုသွားပြီး သူမရဲ့ တရားတွေကို ပိုနားထောင်ပါ အဲဒါက မင်းအတွက် အကျိုးရှိလိမ့်မယ်"
ဟု ဖန်ချန်က ဆိုသည်။ သီလရှင်မလေး ချင်းဟဲသည် အနည်းဆုံး ချီသန့်စင်ခြင်းနယ်ပယ် အဆင့် ၂ ရှိသည်။
သူမ တရားရွတ်ဖတ်သောအခါ သူမ၏ အသံတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ ကိုယ်ခံပညာရှင်များအတွက် ၎င်းကို နားထောင်ခွင့်ရခြင်းမှာ ရှားပါးပြီး တန်ဖိုးရှိသော အခွင့်အရေး ဖြစ်သည်။
ဝိညာဉ်စွမ်းအင် သည် ကောင်းကင်နှင့် မြေကြီးအကြား တည်ရှိသော်လည်း သာမန်လူများနှင့် ကိုယ်ခံပညာရှင်များအတွက် လက်လှမ်းမမှီနိုင်ပေ။ ၎င်းမှာ သူတောင်းစားနှင့် ဧကရာဇ်ကဲ့သို့ ကွာခြားလှသည်။
ဖန်ချန်က ချင်းဟဲကို အိမ်တော်တွင် ထားရှိရခြင်း၏ အကြောင်းရင်းတစ်ခုမှာလည်း ထိုအချက်ကြောင့်ပင် ဖြစ်သည်။
ရှောင်းနတ်သမီး၊ သူ၏ မိဘများနှင့် ဖန်အိမ်တော်ရှိ လူတိုင်းသည် သူမ၏ တရားရွတ်ဆိုမှုများမှ အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။
ကျိုးရှို့၏ အလောင်းကို တောင်ဘက်တံခါးတွင် ချိတ်ဆွဲပြီးနောက် မကြာမီမှာပင် လူအုပ်စု အတော်များများက ဖန်ချန်ကို လာရောက် တွေ့ဆုံကြသည်။
သူတို့မှာ ကုန်သည်ကြီးများအသင်း အသီးသီးမှ မန်နေဂျာများနှင့် ရှယ်ယာရှင်များ ဖြစ်ကြသည်။
ဖန်ချန်၏ လုပ်ရပ်က သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစေခဲ့သည်။ မဟာရှတွင် ၎င်းတို့ကဲ့သို့ ကုန်သည်များအတွက် မားမားမတ်မတ် ရပ်တည်ပေးမည့်သူမှာ ရှားပါးလှသည်။
သူတို့သည် ကျေးဇူးတင်ရှိမှုနှင့်အတူ လက်ဆောင်ပစ္စည်းများစွာ ယူဆောင်လာခဲ့ကြသည်။ သို့သော် သူတို့သည် ဖန်ချန်နှင့် လူချင်းတွေ့ခွင့် မရရှိခဲ့သလို သူတို့၏ လက်ဆောင်များကိုလည်း ဖန်အိမ်တော်က ငြင်းပယ်ခဲ့သည်။
သို့သော် ဖန်ချန်းယူက ထိုမန်နေဂျာများကို လက်ခံတွေ့ဆုံခဲ့သည်။ သူသည် ယခုအခါ ဝှီးချဲပေါ်တွင် ရှိနေသော်လည်း ဖန်အိမ်တော်၏ ဒုတိယသခင်ကြီးဟူသော သူ၏ ဂုဏ်ဒြပ်မှာ သာမန်ကုန်သည်များ မယှဉ်နိုင်သော အရာဖြစ်သည်။
ထို့ကြောင့် လေးစားမှု ခံရသဖြင့် မန်နေဂျာများမှာ ပြန်သွားသောအခါ မျက်နှာများ ဝင်းပနေကြသည်။
သို့သော် ထိုလေးစားမှုထက် သူတို့ကို ပို၍ ပျော်ရွှင်စေသည်မှာ ဖန်မိသားစုထံမှ ရရှိခဲ့သော ကတိစကားပင် ဖြစ်သည် အကယ်၍ နောင်တွင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံ ကြုံတွေ့ရပါက ဖန်အိမ်တော်သို့ တိုက်ရိုက် လာရောက် အကူအညီ တောင်းနိုင်သည်ဟူသော ကတိပင် ဖြစ်သည်။
"သခင်လေး သခင်မလေးဖန် ရောက်နေပါတယ်"
ဟု ဟွမ်စီဟိုင်က ဖန်ချန်၏ အခန်းရှေ့တွင် အသိပေးကာ အထဲသို့ ဝင်လာသည်။
ဖန်ချန်က ဟွမ်စီဟိုင်ကို တစ်ချက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
"မင်း အရိုးသန့်စင်ဆေးလုံး ကို သောက်လိုက်တာလား မင်း ခန္ဓာကိုယ် အရင်ကထက် တစ်ဆ လောက် ပိုကြီးလာသလိုပဲ အမှန်အတိုင်း ပြောစမ်း မင်း တကယ်ပဲ ငါတို့ မဟာရှက လူရော ဟုတ်ရဲ့လား"
ဟွမ်စီဟိုင်က ခေါင်းကို ကုတ်ရင်း ရယ်လိုက်သည်။
"ကျွန်တော် နေ့တိုင်း အများကြီး စားလို့နေမှာပါ ပြီးတော့ အရိုးသန့်စင်ဆေးလုံးက တကယ် အစွမ်းထက်တယ်ဗျ သောက်ပြီးတာနဲ့ ကျွန်တော့်ရဲ့ ခွန်အားက နှစ်ဆလောက် တိုးလာသလိုပဲ"
ခွန်အား နှစ်ဆ တိုးလာတာလား
ဖန်ချန် ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည် ဟွမ်စီဟိုင်၏ ယခင် ခွန်အားမှာ ချီထိန်းချုပ်ခြင်းအဆင့် အစောပိုင်းနှင့် ညီမျှသည်။
ယခုဆိုလျှင် သူသည် ချီထိန်းချုပ်ခြင်း အလယ်အလတ် သို့မဟုတ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်များနှင့် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သူ ပိုင်ဆိုင်သော အရိုးသန့်စင်ဆေးလုံးများကို ရွှီဂီ မှတစ်ဆင့် ဖြန့်ဝေပေးထားပြီး ဖြစ်သည်။ မကြာမီတွင် မဟာရှ လျှို့ဝှက်အစောင့်တပ် ၏ အင်အားမှာ သိသိသာသာ တိုးတက်လာတော့မည်ဟု သူ ယုံကြည်သည်။
"ဒါနဲ့ မင်းပြောတဲ့ သခင်မလေးဖန်ဆိုတာ ဘယ်သူလဲ"
ဖန်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"သူမက အစိမ်းရောင် ဆေးခန်း က မန်နေဂျာငယ် ဖန်ချင်းယောင် ပါ သူမ တစ်ယောက်တည်း လာတာ မဟုတ်ဘူး၊ ပျံသန်းသောနဂါး ကုန်သည်ကြီးများအသင်းယ ရဲ့ သူဌေး လီမောင်ချိုင် ကိုလည်း ခေါ်လာတယ် အကယ်၍ သခင်လေး သူတို့ကို မတွေ့ချင်ရင် ကျွန်တော် ပြောလိုက်ပါ့မယ်"
"ရပါတယ် သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ"
ဖန်ချန် ပြုံးလိုက်သည်။
ရှေ့ခန်းမတွင် အသက် ၆၀ အရွယ် လူတစ်ယောက်သည် ဂနာမငြိမ်စွာ မတ်တပ်ရပ်နေသည်။ ၎င်းကို မြင်သောအခါ ဖန်ချင်းယောင်က မအောင့်နိုင်ဘဲ ပြောလိုက်သည်
"သူဌေးလီ စစ်သူကြီးဖန်က ရှင်ထင်ထားသလောက် ကြောက်ဖို့ မကောင်းပါဘူး"
"ငါ မကြောက်ပါဘူး အနည်းငယ် စိတ်လှုပ်ရှားနေလို့ပါ"
လီမောင်ချိုင်က ပြန်ဖြေသည်။
"ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်းတို့ရဲ့ အစိမ်းရောင်ဆေးခန်းလိုပဲ ငါတို့ရဲ့ အသင်းလည်း ဒီလို အခြေအနေမျိုးတွေ အကြိကြိမ် ကြုံခဲ့ရဖူးတယ် စစ်သူကြီးဖန်က ငါတို့အတွက် ထွက်ပြောပေးတာဟာ ကြီးမားတဲ့ အားပေးမှုတစ်ခုပါပဲ ငါ ဘယ်လို ကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး"
ရုတ်တရက် ဖန်ချန်၏ အသံက သူ၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။
"ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"
သူသည် ရှေ့ခန်းမသို့ လှမ်းဝင်လာရင်း ဆက်ပြောသည်
"ကျွန်တော်တို့ မဟာရှအင်ပါယာရဲ့ ပြည်သူတွေကို ဒီလို မလေးမစား လုပ်ခွင့် မပြုနိုင်ပါဘူး"