အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉ - မြို့တော်မှ ထွက်ပြေးခြင်း
လျှို့ဝှက်ခြံဝင်းအတွင်း၌
ဖုန်မှုန့်များ ပေကျံနေသော ကျင့်ကြံသူ သည် မျက်လုံးဖွင့်လိုက်သောအခါ မိမိကိုယ်ကိုယ် တင်းကြပ်စွာ ချည်နှောင်ခံထားရပြီး ခြံဝင်းတစ်ခု၏ ထောင့်တွင် အပစ်ခံထားရကြောင်း တွေ့လိုက်ရသည်။
သူ၏စိတ်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားပြီး တတွတ်တွတ် ကျိန်ဆဲတော့သည်။ ကြိုးများမှ လွတ်မြောက်ရန် မြေကြီးပေါ်တွင် လူးလိမ့်ကာ ရုန်းကန်နေတော့သည်။
“ဒါ ဘယ်လို အစုတ်ပလုတ်နေရာလဲ ဘာလို့ ငါ့ကို ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ တော်တော် ရဲတင်းတာပဲ ငါဟာ ကျင့်ကြံသူတစ်ယောက်ဆိုတာသာ သိရင် သူတို့ ငါ့ကို ဒူးထောက်ပြီး ဘိုးဘိုးကြီးလို့တောင် ခေါ်ကြလိမ့်မယ်”
ကျင့်ကြံသူ၏ မျက်နှာတွင် ဒေါသရိပ်များ ပေါ်လာပြီး ကြိုးများ လျော့သွားသည်အထိ အတင်းရုန်းကန်လိုက်ရာ နောက်ဆုံးတွင် လွတ်မြောက်သွားသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်
“တောက်... ကံကောင်းလို့ ဒီကိစ္စကို ဘယ်သူမှ သိမှာမဟုတ်တာ ဒါပေမဲ့ သာမန်လူနှစ်ယောက်ရဲ့ အရိုက်ခံရပြီး သတိလစ်သွားတယ်လို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး”
“ကျွန်တော် ယုံပါတယ်”
ဟု သူ၏ နောက်ကျောဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင့်ကြံသူမှာ ထိတ်လန့်သွားပြီး လည်ပင်းကို အတင်းလှည့်ကြည့်လိုက်ရာ လူငယ်တစ်ဦးသည် မလှမ်းမကမ်းတွင် ရပ်လျက် သူ့ကို ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူက လှည့်လိုက်ပြီး မေးသည်
“မင်း ဒီမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ”
ထူးဆန်းသည် ထိုလူ ရှိနေသည်ကို သူ ဘာကြောင့် သတိမထားမိသနည်း ၎င်းမှာ မဖြစ်နိုင်ပေ သူသည် ချီသန့်စင်ခြင်းနယ်ပယ် မှ စွမ်းအားကြီးသော ပညာရှင်တစ်ဦး ဖြစ်ပြီး ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် အာရုံခံစားမှု အလွန် ထက်မြက်ကြသည်။
“ကျွန်တော် ဒီမှာ အစကတည်းက ရှိနေတာပါ”
ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။
“ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”
ကျင့်ကြံသူက ချက်ချင်း မဖြေဘဲ အေးစက်သော အကြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်
“အဲဒီ လူတွေ ငါ့ကို တိုက်ခိုက်ဖို့ မင်း ခိုင်းတာလား ဘာလို့ အဲဒီလို လုပ်ရတာလဲ”
ဂျိန်း!
လျှပ်စီးတန်းတစ်ခုက ကျင့်ကြံသူ၏ ဘေးရှိ မြေပြင်ကို ရိုက်ခတ်သွားပြီး မြေကြီးမှာ ကျင်းတစ်ခုအဖြစ် နိမ့်ဆင်းသွားသည်။
သူသည် ဖန်ချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်
“မင်းက... ကျင့်ကြံသူတစ်ယောက်လား...”
“ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”
ဖန်ချန်က အပြုံးမပျက်ဘဲ ထပ်မေးလိုက်သည်။
ကျင့်ကြံသူ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းသွားပြီး ပြောသည်
“ငါ့ကို ကျင့်ကြံသူ မင်ကျင်း လို့ ခေါ်နိုင်ပါတယ်”
“လီတောက်ယဲ့ က ခင်ဗျား သူ့နောက်ကို လိုက်နေတယ်လို့ ပြောတယ် အဲဒါ အမှန်ပဲလား”
ဖန်ချန်က ဆိုသည်။
မင်ကျင်းသည် မိမိ ဘာကြောင့် အလစ်အငိုက် တိုက်ခိုက်ခံရသနည်းဆိုသည်ကို ချက်ချင်း နားလည်သွားပြီး အော်ဟစ်လိုက်သည်
“ဪ မင်းက သူ့ဘက်တော်သားကိုး”
“လီတောက်ယဲ့က ခဏလောက် ကျွန်တော့်ကို ကူညီပေးမှာမို့လို့ ခင်ဗျားတို့ နှစ်ယောက်ကြားက ရန်ငြိုးကို ကျွန်တော် ဖြေရှင်းပေးနိုင်မလားဆိုတာ သိချင်လို့ပါ”
ဟု ဖန်ချန်က ပြောသည်။
၎င်းကို ကြားရသောအခါ မင်ကျင်းမှာ ဇဝေဇဝါ ဖြစ်သွားပုံရသည်။
“ဘာရန်ငြိုးလဲ အာ...”
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားသလို ဒေါသများ မျက်နှာပေါ်တွင် ပေါ်လာသည်။
“အခုမှ ငါ နားလည်တော့တယ် သူက လျှောက်ပြောပြန်ပြီပေါ့ “
“နားထောင်စမ်း ငါက သူ့ဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ သူက ငါတို့ရဲ့ ဂိုဏ်းဆက်ခံသူ သူ့အဖေက သူ့အတွက် အိမ်ထောင်ဖက် ရှာပေးထားပြီး သတို့သမီးအိမ်ကို အိမ်ထောင်ဖက်အဖြစ် ဝင်ရမှာကို အဲဒီကောင်စုတ်က ထွက်ပြေးလာတာ ငါက သူ့ကို မင်္ဂလာဆောင်ဖို့ ပြန်ခေါ်ဖို့ လာတာ!”
ဖန်ချန်က စဉ်းစားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဪ အဲဒီလိုလား”
ထို့နောက် သူက ဆက်ပြောသည်
“ဒါပေမဲ့ သူက ဝိညာဉ်သွေးဂိုဏ်း ကို အခု ရန်စမိထားပြီဆိုတော့ သူ ခင်ဗျားနဲ့အတူ ပြန်လိုက်သွားရင် ခင်ဗျားတို့ရဲ့ ရှစ်ထောင့်ဗေဒင်ဂိုဏ်း အတွက် အန္တရာယ် မဖြစ်နိုင်ဘူးလား”
မင်ကျင်းသည် “ဝိညာဉ်သွေးဂိုဏ်း” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ခဏမျှ မှင်တက်သွားပြီးနောက် လက်နှစ်ဖက်ကို ယှက်လျက် ဂါရဝပြုကာ ပြောသည်
“မင်း ဘာအကြောင်း ပြောနေတာလဲ ငါ မသိဘူး လီတောက်ယဲ့ ဆိုတာ ဘယ်သူလဲ ငါ ဒီနေရာကို မှားရောက်လာတာ ထင်တယ် သွားတော့မယ် နှုတ်ဆက်ပါတယ်”
သူသည် လှည့်ထွက်သွားပြီး ခပ်သွက်သွက် လျှောက်သွားတော့သည်။
“ခင်ဗျား ထွက်သွားရင် ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တွေ့နိုင်တယ်နော်”
ဟု ဖန်ချန်က လှမ်းပြောလိုက်သည်။
မင်ကျင်း၏ ခြေလှမ်းများ တန့်သွားသည်။ သူက ဖန်ချန်ကို ပြန်ကြည့်ကာ မေးသည်
“မြို့တော်မှာ ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူတွေ တကယ် ရှိနေတာလား”
ဖန်ချန် ခေါင်းငြိမ့်ပြသည်။
“သူတို့က ဒီမှာ ဝိညာဉ်သွေးဆေးလုံး တွေ ဖော်စပ်ဖို့ စီစဉ်နေကြတာ လီတောက်ယဲ့က အဲဒါကို ရှာတွေ့သွားပြီး သူတို့ လူတစ်ယောက်ကို သတ်လိုက်မိတယ်”
“ဟူး...”
မင်ကျင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
“ငါ လီတောက်ယဲ့ဆိုတဲ့သူကို တကယ် မသိဘူး ဒါဟာ ငါနဲ့ကော ရှစ်ထောင့်ဗေဒင်ဂိုဏ်းနဲ့ကော ဘာမှ မဆိုင်ဘူး”
“လီတောက်ယဲ့က ဝိညာဉ်သွေးဂိုဏ်းက ကျင့်ကြံသူကို မသတ်ခင်မှာ သူ့နောက်ကွယ်မှာ မင်ကျင်း လို့ ခေါ်တဲ့ ဂိုဏ်းအကြီးအကဲ တစ်ယောက် ရှိတယ်လို့ ပြောခဲ့တယ် ဝိညာဉ်သွေးဂိုဏ်းက လူတွေကတော့ အဲဒါကို အသေအချာ ကြားသွားမှာပဲ”
ဖန်ချန်က ရှင်းပြသည်။
မင်ကျင်းမှာ ထိုစကားကို ကြားသောအခါ မျက်နှာတွင် သွေးဆုတ်ဖြူလျော့သွားသည်။
“သူ အခု ဘယ်မှာလဲ လုံခြုံတဲ့နေရာမှာ ပုန်းနေတာလား”
သူက မေးသည်
“ငါ့ကိုလည်း သူနဲ့အတူ ပုန်းလို့ရအောင် စီစဉ်ပေးလို့ ရမလား”
ဖန်ချန်က
“မရပါဘူး သူက လုံခြုံတဲ့ နေရာမှာ ရှိမနေဘူးဒါပေမဲ့ ခင်ဗျား ဆန္ဒရှိရင် ခင်ဗျား ပုန်းလို့ရမယ့် တည်းခိုခန်းတစ်ခုကို ပို့ပေးဖို့ ကျွန်တော် လူလွှတ်ပေးမယ် အဲဒီလိုဆိုရင် ဝိညာဉ်သွေးဂိုဏ်းက ခင်ဗျားကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ဘူးအချိန်တန်ရင် ခင်ဗျားတို့ နှစ်ယောက် တွေ့ဖို့ ကျွန်တော် စီစဉ်ပေးမယ် သူ့ကို ပြန်ခေါ်သွားမလား မခေါ်သွားဘူးလား ဆိုတာကိုတော့ အဲဒီကျမှ ခင်ဗျား ဆုံးဖြတ်ပါ”
ဟု ပြောသည်။
မင်ကျင်းသည် ကျေးဇူးတင်သော အကြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင်တော့ ဒုက္ခပေးရဦးမှာပဲ”
ထို့နောက် လူအချို့က မင်ကျင်းကို တိတ်တဆိတ် ခေါ်ဆောင်သွားပြီး တည်းခိုခန်းတစ်ခုတွင် ထားခဲ့ကြသည်။ သို့သော် သူတို့ ထွက်သွားပြီးနောက်တွင် ကျင့်ကြံသူမှာ ငြိမ်မနေပေ။
သူ၏ အထုပ်အပိုးများကို သိမ်းဆည်းကာ တည်းခိုခန်းမှ ခိုးထွက်ပြီး မြို့တော်မှ လုံးဝ ထွက်ပြေးသွားတော့သည်။
ဖန်ချန် လွှတ်လိုက်သော လူများ ပြန်ရောက်လာပြီး သတင်းပို့သည်
“သခင်လေး အဲဒီကျင့်ကြံသူ မြို့တော်ကနေ ထွက်ပြေးသွားပါပြီ”
ဖန်ချန်က ပြုံးလျက် လက်ဝေ့ယမ်းလိုက်သည်။
“သူ လောလောဆယ် ပြန်လာမှာ မဟုတ်ဘူးလို့ ကျွငါ ထင်တယ် မင်းတို့ လုပ်စရာ ရှိတာ ဆက်လုပ်ကြပါ”
သူသည် လျှို့ဝှက်ဝင်းအတွင်းမှ ထွက်လာပြီး ဖန်အိမ်တော်သို့ ပြန်လာရာ လမ်းတွင် ရွှီဂီနှင့် ဟွမ်ဖူကျဲ့ တို့နဲ့ ဆုံလိုက်သည်။
ဟွမ်ဖူကျဲ့ကို မြင်သောအခါ ဖန်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး နှုတ်ဆက်လိုက်သည်
“မတွေ့တာ ကြာပြီ ဟွမ်ဖူကျဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျင့်ကြံခြင်းအဆင့်တွေ တိုးတက်လာလား”
“စစ်သူကြီးဖန် ၅ နှစ်တာ ကြိုးစားကျင့်ကြံပြီးနောက်မှာ ကျွန်တော့်ရဲ့ အင်အားဟာ ချီထိန်းချုပ်ခြင်းအဆင့်အထွတ်အထိပ်ကို ရောက်နေပါပြီ”
ဟု ဟွမ်ဖူကျဲ့က ဂုဏ်ယူစွာ ပြောလိုက်သည်။
သူသည် ဖန်ချန်ထက် အသက်ကြီးသော်လည်း ချီအမြုတေအဆင့်သို့ မရောက်သေးသော်လည်း သူ၏ ပါရမီမှာ ထိပ်တန်းအဆင့်တွင် ရှိသည်ဟု ဆိုနိုင်သည်။
“ခင်ဗျားက တောင်ပိုင်းဒေသမှာပဲ နေရတာ ပိုကြိုက်တယ် မဟုတ်လား အခု ဘာလို့ ရုတ်တရက် မြို့တော်ကို ရောက်လာတာလဲ”
ဖန်ချန်က မေးသည်။
ဟွမ်ဖူကျဲ့၏ ဂုဏ်ယူနေသော မျက်နှာမှာ ချက်ချင်းပင် လေးနက်သွားသည်။
“ကိစ္စကြီးတစ်ခု ဖြစ်နေလို့ပါ ကျွန်တော် စစ်သူကြီးဆီကနေ အကြံဉာဏ် လာတောင်းတာပါ ဖြစ်နိုင်ရင် ကျွန်တော်နဲ့အတူ တောင်ပိုင်းဒေသကို စုံစမ်းစစ်ဆေးရေးမှာ ကျွမ်းကျင်တဲ့လူအချို့ လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်”
“အသေးစိတ် ပြောပါဦး”
ဖန်ချန်က ဆိုသည်။
“ကျွန်တော့်ရဲ့ ခုနစ်ခွင်ဓားဂိုဏ်း နဲ့အတူ အဓိကဂိုဏ်းကြီး ၄ ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဓားဂိုဏ်း ဟာ တစ်ညတည်းနဲ့ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပါတယ် ဂိုဏ်းသားအားလုံးဟာ နှစ်ပေါင်းများစွာ သေနေသလိုမျိုး ခြောက်ကပ်နေတဲ့ အလောင်းတွေ ဖြစ်သွားကြတယ် ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ကောင်းကင်ဓားဂိုဏ်းရဲ့ သခင်လေးနဲ့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ကိုယ်ခံပညာအကြောင်း ဆွေးနွေးရင်း အတူ သောက်ခဲ့ကြသေးတာ”
“ဒါက တကယ်ကို ထူးဆန်းတယ် ကျွန်တော့်ဂိုဏ်းတောင် ကောင်းကင်ဓားဂိုဏ်းကို တစ်ညတည်းနဲ့ ဒီလို မဖျက်ဆီးနိုင်ဘူးအဲဒီနောက်မှာ တခြား ဂိုဏ်းငယ်လေးအချို့လည်း လုံးဝ သုတ်သင်ခံလိုက်ရပြန်တယ်”
“ဂိုဏ်းထဲမှာ မရှိခဲ့တဲ့ တပည့်အနည်းငယ်ပဲ အသက်ရှင်ကျန်ရစ်တယ် အခု တောင်ပိုင်း ကိုယ်ခံပညာလောကဟာ ပရမ်းပတာ ဖြစ်နေပါပြီ ရဲရင့်သောဓားစောင့်တပ်တွေကလည်း တရားခံကို မရှာနိုင်ကြဘူး လူအများစုက ကျွန်တော့်ဂိုဏ်းက လုပ်တာလို့ စွပ်စွဲနေကြတယ် အမှန်တရားကို မဖော်ထုတ်နိုင်ရင် ရဲရင့်သောဓားစောင့်တပ်တွေက ကျွန်တော်တို့ကို အရေးယူလာနိုင်ပါတယ်”
ဖန်ချန်၏ မျက်နှာထားမှာ တင်းမာသွားသည်။
“အလောင်းတွေက တကယ်ပဲ ခြောက်ကပ်နေတာလား”
ဟွမ်ဖူကျဲ့က လေးနက်စွာ ခေါင်းငြိမ့်သည်။
“အတိအကျပါပဲ”
ရွှီဂီ၏ မျက်နှာမှာ တစ်စုံတစ်ခုကို ရိပ်မိသွားသလိုမျိုး ပြောင်းလဲသွားသည်။
အရင်က ရွှီဟွီ က ချင်တုန်းကို ပြောခဲ့တာက အကြီးအကဲ ပေ မှာ အရေးကြီးကိစ္စတွေ ရှိလို့ ထွက်သွားတယ်ဆိုတာပဲ။
ဒီအကြီးအကဲ ပေဆိုသူဟာ ဒီကို လွှတ်လိုက်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ရမယ်။
အခု သူက ပြန်တဲ့လမ်းမှာ တောင်ပိုင်းဒေသက ကိုယ်ခံပညာရှင်တွေရဲ့ သွေးတွေကို စုဆောင်းနေတာ
ဒါမှမဟုတ် သူတို့ ကိစ္စပြီးလို့ အမြန်ပြန်လာနေတာပဲ ဖြစ်ရမယ် ဟု ဖန်ချန်က တွေးတောလိုက်သည်။
“ကျွန်တော် မဟာတောက်ပမှုဌာန က စုံစမ်းစစ်ဆေးရေးမှူး အချို့နဲ့ အစောင့်အကြပ်အချို့ကို ခင်ဗျားနဲ့အတူ ထည့်ပေးလိုက်မယ်”
ဖန်ချန်က ပြောသည်။
ဟွမ်ဖူကျဲ့က ချက်ချင်းပင် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုသည်
“ကျေးဇူးတင်ပါတယ် စစ်သူကြီးဖန်”
ထို့နောက် သူက အသံကို နှိမ့်ကာ ဆက်ပြောသည်
“ဖြစ်နိုင်ရင် စစ်သူကြီးကိုယ်တိုင် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးလို့ ရမလား စစ်သူကြီးရဲ့ စုံစမ်းစစ်ဆေးနိုင်စွမ်းကို ကျွန်တော် ပိုပြီး ယုံကြည်လို့ပါ”
ဖန်ချန် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ လုံတု က ကိစ္စတွေ ပြီးတာနဲ့ ငါ မင်းနောက် လိုက်လာခဲ့မယ်”
“အရမ်းကောင်းတယ်”
ဟွမ်ဖူကျဲ့၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ တောက်ပသွားသည်။ ဖန်ချန်ကိုယ်တိုင် ပါဝင်လာပြီဆိုလျှင် ထိုအမှုမှာ ဖြေရှင်းပြီးသားဟု ဆိုနိုင်သည်။
အခန်း ၇၀ - တစ်ခါမှ မရောက်ဖူးသေးဘူး
နန်းတော်၊ အမြင့်မြတ်ဆုံးသဟဇာတခန်းမ
“နယ်စားရှန်း မဟာရှဟာ ငြိမ်းချမ်းရေးကို အမြဲတန်ဖိုးထားပါတယ် ကျေးဇူးပြုပြီး ပြန်သွားတဲ့အခါ ခင်ဗျားတို့ရဲ့ နယ်စားကြီးသုံးဦးကို ကျွန်တော်တို့ စစ်မဖြစ်လိုကြောင်း ပြောပြပေးပါ”
ဟု ဧကရာဇ်က နယ်စားရှန်းကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း ဆိုသည်။
“စစ်ပွဲဆိုတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး”
ဟု လီကော်ကျူး ကလည်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
စစ်ဘက်၊ နယ်ဘက် အရာရှိများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။
“ဟွန်း...”
နယ်စားရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
“စစ်မဖြစ်ချင်ဘူးဆိုရင် နယ်စားလေး ကျိုးရှို့ရဲ့ အသက်အတွက် လျော်ကြေးပေးရမယ် ဖန်ချန်ရဲ့ လက်အောက်ငယ်သား နှစ်ယောက် အသတ်ခံရမယ် ဒါ့အပြင် သူကိုယ်တိုင် တောင်းပန်စာရေးပြီး မဟာရှ နန်းတော်ရှေ့မှာ ကပ်ထားရမယ်”
အရာရှိများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ တွေဝေသွားကြသည်။
တကယ်လို့ဖန်ချန်သာ ကျင့်ကြံခြင်း ပြန်မရခဲ့လျှင် ထိုတောင်းဆိုချက်မှာ လွယ်ကူပေလိမ့်မည်။
သို့သော် ယခုအခါ ဖန်ချန်သည် ချီအမြုတေအဆင့် စွမ်းအားကို ပြန်ရနေပြီဖြစ်ရာ ဧကရာဇ်ပင်လျှင် သူ့ကို အတင်းအကျပ် မခိုင်းစေနိုင်ပေ။ သူနှင့် အပြတ်အသတ် ရန်မစလိုလျှင် သူတို့ ဘာမှ မတတ်နိုင်ပေ။
မဟာရှသည် ဖန်ချန်နှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်နိုင်ကြောင်း အားလုံး သိကြသည်။
သူသည် အင်ပါယာတွင် တစ်ဦးတည်းသော ချီအမြုတေအဆင့် ပညာရှင်ဖြစ်ပြီး သူရှိနေမှသာ ချင်းစုန်း ကဲ့သို့သော အင်ပါယာများကို ဟန့်တားနိုင်မည် ဖြစ်သည်။
“ဪ ဒါနဲ့ မဟာရှမြစ်ပေါ်က ကျောက်စိမ်းမသေမျိုးလှေ ပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ နတ်သမီးလေးတစ်ပါး ရှိတယ်လို့ ကျွန်တော် ကြားတယ် ဒီရောက်တုန်း တွေ့ချင်မိသား မဟာရှက အမျိုးသမီးတွေ ဘယ်လောက်လှသလဲဆိုတာ လုံတုမှာ ခဏခဏ ကြားဖူးတယ်”
ဟု နယ်စားရှန်းက ခပ်ဖျော့ဖျော့ ပြုံးလျက် ဆိုသည်။
“အရှင်မင်းကြီး ဝန်ကြီးရဲ့သား ရဲ့ချင်းဟဲက ကျောက်စိမ်းမသေမျိုးလှေကို ခဏခဏ ရောက်တတ်ပါတယ် နယ်စားရှန်းကို နတ်သမီးယွီ နဲ့ တွေ့ဖို့ သူပဲ လိုက်ပို့ခိုင်းလိုက်ပါလား နယ်စားရှန်းက နောက်ထပ် ရက်အနည်းငယ် ကြာဦးမှာဆိုတော့ ကျွန်တော်တို့ အေးအေးဆေးဆေး ဆွေးနွေးလို့ ရတာပေါ့”
ဟု အိမ်ရှေ့စံမင်းသားက ကြားဖြတ်ပြောလိုက်သည်။
ဧကရာဇ်က ထိုအကြံပြုချက်ကို မငြင်းပယ်ဘဲ ခပ်ဖွဖွ ခေါင်းငြိမ့်ပြသည်။
“ကောင်းပြီလေ”
“ကျွန်တော်တို့ရဲ့ အခြေအနေတွေကို သေသေချာချာ စဉ်းစားပေးပါဦး”
ဟု နယ်စားရှန်းက ရယ်မောလျက် ပြောကာ ဧကရာဇ်ကို ဦးညွှတ်၍ ထွက်ခွာသွားသည်။
“အရှင်မင်းကြီး ယ ဟွမ်စီဟိုင်နဲ့ ထျဲမကို တိုက်ရိုက်ဖမ်းပြီး ကွပ်မျက်လိုက်ရင်ကော ဖန်ချန် သိတဲ့အချိန်မှာ အားလုံး နောက်ကျသွားပြီ ဖြစ်လိမ့်မယ်အနည်းဆုံးတော့ လုံတုကို ချော့မော့လို့ ရတာပေါ့”
ဟု အရာရှိတစ်ဦးက အကြံပြုသည်။
အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
ဧကရာဇ်က ထိုအရာရှိကို ကြည့်လိုက်သည်။
“မှန်တယ် ဖန်ချန် ဘာမှ မလုပ်နိုင်တော့တဲ့အထိ နောက်ကျသွားလိမ့်မယ် သူ ငါ့ကိုတော့ မသတ်လောက်ဘူး ဒါပေမဲ့ မင်းကိုတော့ သူ သေချာပေါက် လာသတ်လိမ့်မယ်”
ထိုသို့ပြောပြီး ဧကရာဇ်သည် ထရပ်ကာ ထွက်ခွာသွားတော့သည်။
ထိုအရာရှိမှာ မှင်တက်ကျန်ရစ်ခဲ့ပြီး ခဏအကြာတွင် ကြက်သီးများ ထသွားတော့သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဝန်ကြီးအများစုမှာ လူစုခွဲသွားကြပြီ ဖြစ်သည်။
ဖန်အိမ်တော်
ဖန်ချန်သည် ထျဲမ ကို လွှတ်၍ လီတောက်ယဲ့ ကို သွားခေါ်ခိုင်းလိုက်သည်။
လီတောက်ယဲ့သည် ဖန်အိမ်တော်သို့ ပြောင်းလာကတည်းက သီလရှင်မလေး ချင်းဟဲ ကို နေ့တိုင်း သွားရောက် နှောင့်ယှက်နေခဲ့သည်။
လီတောက်ယဲ့ ရောက်လာသောအခါ ဝမ်းသာအားရ မေးလိုက်သည်
“ စစ်သူကြီးဖန် ဘာကိစ္စရှိလဲ”
ဖန်ချန်က သူ့ကို အနားခေါ်ပြီး နဂါးကျောရိုး အမှတ်အသားကို ပေးလိုက်သည်။
“ငါ အဆောင်တွေရေးဖို့ အတွက် ဝိညာဉ်ကုန်ကြမ်းအချို့ လိုချင်တယ် ဒါကို ယူသွားပြီး ငါ့အတွက် သွားဝယ်ပေးပါ ထျဲမ က မင်းကို လမ်းပြလိမ့်မယ်”
“နဂါးကျောရိုးလား”
အမှတ်အသားကို ကြည့်ရင်း လီတောက်ယဲ့ ချက်ချင်း နားလည်သွားသည်။ ၎င်းမှာ ကျင့်ကြံသူများအတွက် မှောင်ခိုဈေးကွက် ဖြစ်ရမည်။
သူက ပြုံးစိစိဖြင့် လက်ချောင်းများကို ပွတ်သပ်ကာ “သခင်လေး... ပစ္စည်းဝယ်ဖို့ဆိုတာ ဝိညာဉ်ကျောက်တုံးတွေ လိုတယ်လေ...”
ဖန်ချန်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“ရှစ်ထောင့်ဗေဒင်ဂိုဏ်းရဲ့ ဂိုဏ်းဆက်ခံသူ တစ်ယောက်အနေနဲ့ မင်းဆီမှာ မရှိဘဲ နေပါ့မလား အရင် ဝယ်လိုက်ပါဦး၊ နောက်မှ ငါ ပြန်ပေးမယ်”
လီတောက်ယဲ့မှာ အံ့ဩသွားပြီး အနေခက်စွာ ပြောလိုက်သည်
“ဖန်ချန် မင်းက အကြီးအကဲ မင်ကျင်းနဲ့ တွေ့ခဲ့တာလား”
ဖန်ချန်က ခေါင်းငြိမ့်သည်။
“အင်း... တွေ့ခဲ့တယ်”
“သူ အခု ဘယ်မှာလဲ”
လီတောက်ယဲ့ မေးလိုက်သည်။
“မင်း ဝိညာဉ်သွေးဂိုဏ်း နဲ့ ရန်ငြိုးရှိတယ်လို့ ကြားတာနဲ့ သူ မြို့တော်ကနေ ထွက်ပြေးသွားပြီ မင်းကို မသိဘူးလို့တောင် သူ ငြင်းသွားသေးတယ်”
လီတောက်ယဲ့မှာ မှင်တက်သွားပြီးနောက် ဒေါသတကြီး ကျိန်ဆဲတော့သည်
“အဲဒီ လူဖျင်းကြီး အသက်ကို အဲဒီလောက်တောင် နှမြောတာလား”
ရုတ်တရက် သူသည် ဖန်ချန်၏ စကားမှာ တစ်မျိုးဖြစ်နေသည်ကို သတိပြုမိသွားပြီး
“ခဏလေး ငါ ဘယ်တုန်းက ဝိညာဉ်သွေးဂိုဏ်းနဲ့ ရန်ငြိုးရှိသွားလို့လဲ”
“ရွှီဟွီ သေတဲ့ကိစ္စမှာ မင်းမှာလည်း တာဝန်ရှိတာပဲ။ နောက်ခါ ဝိညာဉ်သွေးဂိုဏ်းကလူတွေနဲ့ တွေ့ရင် ငါကတော့ အမှန်အတိုင်း ပြောမှာပဲလေ”
ဟု ဖန်ချန်က ဆိုသည်။
လီတောက်ယဲ့ ထိတ်လန့်သွားကာ
“အဲဒီလို မလုပ်ပါနဲ့”
ဟု အသံစာစာဖြင့် ကန့်ကွက်သည်။
“ကောင်းပြီလေ ငါ့ကို အသုံးချဖို့ မကြိုးစားခင်ကတည်းက အကျိုးဆက်တွေကို မင်း သေချာ စဉ်းစားထားသင့်တာ သွား... ငါ ခိုင်းတာကို လုပ်မင်း ကောင်းကောင်း လုပ်နိုင်ရင် မင်းကို နောက်ကွယ်မှာပဲ ပုန်းနေခွင့်ပေးဖို့ ငါ စဉ်းစားပေးမယ်”
ဟု ဖန်ချန်က ပြုံးလျက် ပြောလိုက်သည်။
ထိုအခါ ထျဲမ က လီတောက်ယဲ့အနားသို့ တိုးလာပြီး အေးစက်စွာ ပြောသည်
“သွားကြမလား”
လီတောက်ယဲ့မှာ မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း တုန်ယင်နေသော နှုတ်ခမ်းများမှ
“သွားမယ်...”
ဟုသာ ပြောနိုင်တော့သည်။
“တကယ်လို့ မင်း ထွက်ပြေးဖို့ ကြိုးစားရင် မင်းဟာ ရှစ်ထောင့်ဗေဒင်ဂိုဏ်းရဲ့ ဂိုဏ်းဆက်ခံသူ ဖြစ်ကြောင်း ဝိညာဉ်သွေးဂိုဏ်းကို ငါ ပြောလိုက်မယ်”
ဟု ဖန်ချန်က ပြုံးလျက် လှမ်းပြောလိုက်သည်။
မင်း တကယ် ရက်စက်တာပဲ လီတောက်ယဲ့ စိတ်ထဲမှ ကျိန်ဆဲရင်း မကျေမနပ်ဖြင့် ထျဲမ နောက်သို့ လိုက်သွားတော့သည်။
ထိုသူနှစ်ဦး ထွက်သွားပြီး မကြာမီမှာပင် ရွှီဂီ အမြန်ဝင်လာပြီး အသံတိုးတိုးဖြင့် သတင်းပို့သည်။
“သခင်လေး အိမ်ရှေ့စံက ရဲ့ချင်းဟဲကို ဒီည ကျောက်စိမ်းမသေမျိုးလှေဆီ လုံတုသံတမန်ကို လိုက်ပို့ဖို့ ခိုင်းလိုက်တယ်လို့ ကြားပါတယ် အဲဒီ ဖားသူငယ်တွေက မပိုင်ဆိုင်နိုင်တဲ့ အရာကို တကယ် မက်မောနေကြတာပဲ...”
“သူတို့ ကျောက်စိမ်းမသေမျိုးလှေဆီ သွားမှာဆိုရင် ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ ငါလည်း ဒီည ဟွမ်ဖူကျဲ ကို အဲဒီ ခေါ်သွားဖို့ စဉ်းစားထားတာ သူက ဒီကို ရောက်ခဲတာလေ မနက်ဖြန်ကျ တောင်ပိုင်းကို အမြန်ပြန်ရဦးမှာဆိုတော့ဪ... ဒါနဲ့ အရာရှိယွမ် ကိုလည်း ဖိတ်လိုက်ဦး သူတို့ မနက်ဖြန် အတူတူ ခရီးသွားကြမှာပဲ”
ဖန်ချန်သည် ယနေ့ည ကျောက်စိမ်းမသေမျိုးလှေသို့ သွားရန် စီစဉ်လိုက်သည်။
မဟာရှမြစ်ကမ်းနံဘေးရှိ ညများမှာ မြို့တော်၏ အစည်ကားဆုံး လမ်းများထက်ပင် ပို၍ သက်ဝင်လှုပ်ရှားနေတတ်သည်။ မြစ်ပြင်ပေါ်ရှိ လှေများမှာ လှပသော ရောင်စုံမီးအိမ်များဖြင့် တန်ဆာဆင်ထားပြီး ဧည့်သည်များကို ကြိုဆိုနေကြသည်။
မြစ်ကမ်းနံဘေး တစ်နေရာတွင် ရဲ့ချင်းဟဲနှင့် အရာရှိအချို့သည် နယ်စားရှန်းကို လမ်းပြလာကြသည်။
“နယ်စားရှန်း ဒီဘက်က ကြွပါ”
သူတို့ဘေးတွင် နယ်စားရှန်းကို အဖော်ပြုရန် သီးသန့်ဖိတ်ကြားထားသော လုံတုမှ ပညာရှိအချို့လည်း ပါရှိသည်။
ပတ်ဝန်းကျင်မှ လူများက ရဲ့ချင်းဟဲနှင့် အခြားသူများကို မြင်သောအခါ လေးစားစွာ လမ်းဖယ်ပေးကြသည်။ သူတို့ ကျောက်စိမ်းမသေမျိုးလှေဆီသို့ ဦးတည်နေသည်ကို မြင်ရသဖြင့် မနာလိုရိပ်များ မျက်လုံးထဲတွင် ဖြတ်ပြေးသွားကြသည်။
ကျောက်စိမ်းမသေမျိုးလှေတွင် လိုချင်သမျှ အရာအားလုံး ရှိသော်လည်း ဈေးနှုန်းမှာ အလွန်ကြီးလှသည်။ သီချင်းနားထောင်ပြီး ကချေသည်လေးများ ကသည်ကို ကြည့်ရုံတင် ငွေပြား ၄၀ မှ ၅၀ အထိ ကုန်ကျနိုင်ပြီး ဇိမ်ခံအစားအစာနှင့် သောက်စရာများကိုမူ မဆိုထားနှင့်တော့။
ကျောက်စိမ်းမသေမျိုးလှေပေါ်မှ ဆွဲဆောင်မှုရှိသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ရဲ့ချင်းဟဲကို မြင်သောအခါ အနားသို့ အမြန်လာ၍ ဦးညွှတ်ကာ ပြောသည်
“သခင်လေးရဲ့ ပါလား”
“အစ်မ လျို ကျွန်တော် ဒီည ကျောက်စိမ်းမသေမျိုးလှေ တစ်စင်းလုံးကို ငှားချင်တယ် ကျွန်တော့်မှာ ဂုဏ်သရေရှိ ဧည့်သည်အချို့ ပါလာလို့ပါ”
ဟု ရဲ့ချင်းဟဲက ပြုံးလျက် တောင်းဆိုလိုက်သည်။
၎င်းကို ကြားရသောအခါ အစ်မလျို၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားပြီး
“အိုး... ရက်ရောလိုက်တာ ကြွပါ အထဲကြွပါကျွန်မ ချက်ချင်း စီစဉ်ပေးပါ့မယ်”
ဟု အလျင်အမြန် ဆိုသည်။
ရဲ့ချင်းဟဲ၊ နယ်စားရှန်းနှင့် ကျန်လူများသည် စည်ကားလှပသော ပတ်ဝန်းကျင်ကြားမှ ကျောက်စိမ်းမသေမျိုးလှေအတွင်းသို့ ဝင်ရောက်သွားကြသည်။
ရယ်မောသံများ၊ တေးဂီတသံများနှင့် လှေ၏သစ်သားကြမ်းပြင်ပေါ်မှ ခြေသံများက သူတို့ကို ဝန်းရံသွားသည်။
ထိုနေရာမှာ ပြင်ပလောကနှင့် လုံးဝခြားနားသော ကမ္ဘာသစ်တစ်ခု ဖြစ်သည် ဇိမ်ခံမှု ပျော်ရွှင်မှုနှင့် အလိုလိုက်မှုတို့ ပြည့်နှက်နေသော ကမ္ဘာပင် ဖြစ်သည်။
နယ်စားရှန်းက ရယ်မောလိုက်သည်။
“သခင်လေးရဲ့ ပျော်စရာဆိုတာ တစ်ယောက်တည်းထက် အများနဲ့ဆို ပိုကောင်းတာပေါ့ ကျွန်တော်တို့ လူအနည်းငယ်တည်း ရှိနေတာ ဘာပျော်စရာ ရှိမှာလဲ”
ရဲ့ချင်းဟဲက ချက်ချင်းပင် ပြုံးလျက် တုံ့ပြန်သည်
“မှန်ပါတယ်... အမှန်ပဲဗျာ”
ထို့ကြောင့် သူသည် လှေတစ်စင်းလုံးကို ငှားမည့် ကိစ္စကို ထပ်မပြောတော့ဘဲ နယ်စားရှန်းနှင့် အခြားသူများကို လှေပေါ်သို့ ဖိတ်ခေါ်လိုက်သည်။
နာရီဝက်တိုင်းတွင် ကျောက်စိမ်းမသေမျိုးလှေသည် ဧည့်သည်များ တက်နိုင်ရန် မြစ်ကမ်းနံဘေးတွင် ရပ်နားတတ်သည်။
လှေပေါ်တက်လာသူများမှာ အများအားဖြင့် ချမ်းသာသော သူဌေးများ၊ ဩဇာရှိသူများ၊ ကိုယ်ခံပညာရှင်များ သို့မဟုတ် နာမည်ကြီး ပညာရှိများ ဖြစ်ကြသည်။ လှေပေါ်တက်နိုင်သူများထဲတွင် သာမန်လူဟူ၍ မရှိပေ။
ကျောက်စိမ်းမသေမျိုးလှေ ထွက်ခွာတော့မည့် အချိန်မှာပင် အခြားဧည့်သည်တစ်စု ရုတ်တရက် ပေါ်လာပြီး လှေပေါ်သို့ တက်လာကြသည်။
လှေပေါ်တွင် ဟွမ်ဖူကျဲ့သည် သူတို့ကို လမ်းပြနေသော အစေခံများထဲမှ တစ်ဦးကမျှ ဖန်ချန်၏ ရှိနေမှုကို သတိမပြုမိကြသည်ကို တွေ့သောအခါ အံ့ဩသွားမိသည်။
သူသည် ဖန်ချန်အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်
“သူတို့ ဘာလို့ စစ်သူကြီးကို မမှတ်မိကြတာလဲ ခင်ဗျာ”
ဖန်ချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်
“အဲဒါက ကျွန်တော် ဒီကို တစ်ခါမှ မရောက်ဖူးလို့ပါ”