အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၇၁ - လှေပြိုင်ပွဲ၏ ခမ်းနားထည်ဝါမှု
ဟွမ်ဖူကျဲ့၊ ယွမ်ကျန်းနှင့် ကျန်အရာရှိများမှာ ဖန်ချန်၏ စကားကို ကြားလိုက်ရသောအခါ သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်မိကြသည်။ သူက ဒီကို တစ်ခါမှ မရောက်ဖူးဘူးလား
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.
မဟာရှမှ ပျော်တော်ဆက်လှေများသည် ချောမောလှပသော မိန်းမပျိုလေးများ ရှိခြင်းကြောင့် နာမည်ကျော်ကြားလှသည်။
ကောလာဟလများအရ ဧကရာဇ်ကိုယ်တိုင်ပင် ထိုနေရာသို့ တိတ်တဆိတ် လာရောက်ဖူးသည်ဟု ဆိုကြသည်။
သို့သော် ထိုကဲ့သို့သော နေရာများသို့ ပုံမှန်လာလေ့ရှိသူများမှာ မြို့တော်ရှိ မိသားစုကြီးများမှ သခင်လေးများသာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားပင်လျှင် တစ်ခါတစ်ရံ ရုပ်ဖျက်၍ လာရောက် အပန်းဖြေလေ့ ရှိသည်။
ထို့ကြောင့် ငွေကြေး မချို့တဲ့သူတိုင်းသည် ဘဝတွင် အနည်းဆုံး တစ်ကြိမ်တော့ ထိညနေရာသို့ လာဖူးကြသည်မှာ ဓမ္မတာပင်။
ဖန်အိမ်တော်သည် ငွေမရှိသည့် အိမ်တော်လည်း မဟုတ်ရာ အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိနိုင်သည်.
အားလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီ ပေါ်လာကြပြီး အခြားဖြစ်နိုင်ခြေတစ်ခုကိုလည်း တွေးမိသွားကြသည်။
လေထုက ထူးဆန်းနေသည်ကို သတိပြုမိသဖြင့် ဖန်ချန်က ပြုံးလိုက်ကာ
“ငါ ဒီကိုလာဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပေမဲ့ ကံမကောင်းစွာနဲ့ပဲ အချိန်မပေးနိုင်ခဲ့တာပါ ပြီးခဲ့တဲ့ နှစ်တွေမှာ ငါ လုပ်ခဲ့သမျှက တိုက်ပွဲတွေကြားမှာ ပြေးလွှားနေခဲ့ရတာပဲ ငါဘရဲ့ အားအင်နဲ့ အာရုံစိုက်မှု အားလုံးကို စစ်မြေပြင်မှာပဲ အသုံးချခဲ့တာပါ”
ထိုစကားကို ကြားလိုက်ရသောအခါ သူတို့အားလုံး ဖန်ချန်အပေါ် လေးစားမှုများ ပိုမိုတိုးပွားသွားကြသည်။
ပြန်စဉ်းစားကြည့်လျှင် ၎င်းမှာ ကျိုးကြောင်းဆီလျော်လှသည်။ ပြီးခဲ့သည့် ၅ နှစ်အတွင်း ဖန်ချန်သည် အိမ်တော်တွင်သာ အနေများပြီး တစ်ခါတစ်ရံမှသာ လမ်းလျှောက်ထွက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း သူ၏ ဘဝသက်တမ်း အတော်များများကို တိုက်ပွဲများအတွင်း၌သာ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုကဲ့သို့သော နေရာမျိုးသို့ လာရန် အမှန်တကယ်ပင် အချိန်မရှိခဲ့ပေ။
နောက်ဆုံးတွင် အစေခံတစ်ဦးက သူတို့ကို ကျောက်စိမ်းမသေမျိုးလှေ၏ အလယ်ခန်းမဆောင်သို့ ခေါ်ဆောင်သွားသည်။
ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် ဖန်ချန်သည် အရက်ဆိုင်တစ်ခုအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
စားပွဲများကို အစီအစဉ်တကျ မဟုတ်ဘဲ ခင်းကျင်းထားပြီး လေထဲတွင် ကောင်းမွန်သော ဝိုင်နံ့များ ပျံ့လွင့်နေသည်။ စားပွဲထိုးများနှင့် အစေခံများမှာ လူးလာတုံ့ခေါက် သွားလာနေကြပြီး နံ့သာရည်များ လိမ်းကျံထားသော လှပသည့် မိန်းမပျိုလေးများစွာကိုလည်း တွေ့ရသည်။
လေထုထဲတွင် ရေမွှေးနံ့များမှာ စူးရှစွာ ပျံ့လွင့်နေသည်။
သူတို့ ထိုင်ခွင့်ရပြီးနောက် ဤနေရာနှင့် ရင်းနှီးပုံရသော ရွှီဂီက စားပွဲထိုးမတစ်ဦးကို လက်ဝေ့ယမ်းခေါ်လိုက်သည်။
သူမ ရောက်လာသောအခါ သူက လိုအပ်သည်များကို မှာကြားလိုက်ရာ စားပွဲထိုးမလေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထွက်သွားတော့သည်။
မကြာမီမှာပင် စားပွဲပေါ်၌ အမြည်းများနှင့် ကောင်းမွန်သော ဝိုင်များ ပြည့်နှက်သွားသည်။
ထို့နောက် မိန်းမပျိုလေး အနည်းငယ်သည် ဟွမ်ဖူကျဲ့နှင့် အခြားသူများကို ပြုံးပြရင်း လျှောက်လာကြသည်။
ဖန်ချန်၏ တင်းကြပ်စွာ ပိတ်ထားသော မျက်လုံးများကို မြင်လိုက်ရသောအခါ မိန်းမပျိုလေးများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဒီချောမောတဲ့ လူငယ်လေးက ဘာလို့ မျက်လုံးမှိတ်ထားတာလဲ
ယွမ်ကျန်း၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။ သူသည် ဖန်ချန်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ရွှီဂီဘက် လှည့်ကာ အလျင်အမြန် ပြောလိုက်သည်
“ညီအစ်ကိုရွှီ... ကျွန်တော်ကတော့ မပါတော့ဘူး”
ရွှီဂီက ထိုစကားကို လက်မခံဘဲ
“ဒီကို ရောက်မှတော့ မင်း ပျော်အောင် နေရမယ်”
ဟု အတင်းအကျပ် ဆိုသည်။
“မှန်တယ် အရာရှိယွမ် ဒီကို ရောက်မှတော့ မင်း မကြိုက်ရင်တောင် သခင်လေးကို လေးစားတဲ့အနေနဲ့ အပြည့်အဝ ပျော်အောင် နေရမယ်”
ဟု အရာရှိတစ်ဦးက ပြောလိုက်ပြီးနောက် သူတို့တစ်ဦးချင်းစီသည် သူတို့ သဘောကျသော မိန်းကလေး တစ်ဦးစီကို ခေါ်လိုက်ကြသည်။
မိန်းကလေးများသည် ချက်ချင်းပင် ချဉ်းကပ်လာကာ သူတို့နှင့်အတူ ထိုင်လိုက်ကြပြီး ငွေခေါင်းလောင်းသံလေးများနှယ် ရယ်မောသံများ ထွက်ပေါ်လာသည်။
သူတို့ ပျော်ရွှင်နေကြသည်ကို မြင်သောအခါ ယွမ်ကျန်းလည်း နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး မိန်းကလေးတစ်ဦးကို ရွေးချယ်လိုက်ရတော့သည်။
ဟွမ်ဖူကျဲ့မှာမူ သိုင်းသမားတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သို့သော် တောင်ပိုင်းဒေသတွင် ထိုမျှ အရည်အသွေးမြင့်မားသော အမျိုးသမီးများကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း? သူသည် မိန်းကလေးနှစ်ဦးကြားတွင် ထိုင်နေရသည်ကို အလွန်ပင် စိတ်လှုပ်ရှားနေပုံရပြီး မိန်းကလေးများက သူ့ကို စပျစ်သီးများ ခွံ့ကျွေးနေကြသည်။
သူ၏ အကြည့်များ ဖန်ချန်ဆီသို့ ရောက်သွားတိုင်း ကျေးဇူးတင်သည့် အမူအရာများ ပေါ်လွင်နေသည်။ ထိုလူမှာ အလွန်ပင် ပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။
“ဟွန်း... ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက်နဲ့ သူများပိုက်ဆံ သုံးရတာဆိုတော့ ဘယ်နှမြောပါ့မလဲ”
ဟု ရွှီဂီ က တိုးတိုးလေး ညည်းတွားလိုက်သည်။ ဖန်ချန်က ကုန်ကျစရိတ်အားလုံးကို ကျခံထားခြင်း ဖြစ်သည်။ ဟွမ်ဖူကျဲ့မှာ ထိုကဲ့သို့ ဖြုန်းတီးရန်အတွက် အတော်လေး မျက်နှာပြောင်လှသည်။
စားပွဲရှိ အမျိုးသမီးများထဲမှ တစ်ဦးက အိမ်ရှင်နေရာတွင် ထိုင်နေသော ဖန်ချန်သည် မျက်လုံးမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ စနောက်လိုက်သည်
“ဟေး... ရှင်လည်း ဝိုင်သောက်ဖို့နဲ့ ပျော်ဖို့ ညီမလေးတစ်ယောက်လောက် မခေါ်ဘူးလား ရှင် မခေါ်ရင် ကျွန်မ စီစဉ်ပေးရမလား”
“မင်းရဲ့ ဒီမှာရှိတဲ့ ခင်ပွန်း ကိုပဲ ဂရုစိုက်စမ်းပါ ငါ့သခင်လေးရဲ့ ကိစ္စထဲ ဝင်မပါနဲ့”
ဟု ရွှီဂီ က စနောက်ရင်း ပြန်ပြောလိုက်သည်။
၎င်းကို ကြားရသောအခါ ဆွဲဆောင်မှုရှိသော မျက်လုံးများရှိသည့် ထိုအမျိုးသမီးက ဝိုင်ကို တစ်ငုံ သောက်လိုက်ပြီး ရွှီဂီ ကို မြူဆွယ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“အို... ဟုတ်ကဲ့ပါ ခင်ပွန်းရယ် ကျွန်မကို ခွင့်လွှတ်ပါ လာ ကျွန်မ ဝိုင်ငှဲ့ပေးမယ်”
သူမ ငှဲ့ပေးသော ဝိုင်ကို ရွှီဂီ က တစ်ကျိုက်တည်း သောက်လိုက်ပြီး ခွက်ကို စားပွဲပေါ် တင်လိုက်ကာ သူ၏ လက်ဖြင့် ပါးစပ်ကို သုတ်လိုက်သည်။ သူသည် ကျေနပ်သွားပုံရပြီး အားရပါးရ ရယ်မောလိုက်သည်။
“တကယ့်ကို ပျော်စရာပဲ”
ဖန်ချန်က ၎င်းကို မြင်သောအခါ သူ၏ နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး
“ဘာလဲ လင်မယားတမ်း ကစားနေကြတာလား”
ဟု စနောက်လိုက်သည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက်တွင် အစပိုင်းက အနေအေးနေသော ယွမ်ကျန်းမှာလည်း တဖြည်းဖြည်း ပွင့်လင်းလာသည်။
သူသည် လှေပေါ်တွင် သုံးလေ့ရှိသော ဝိုင်သောက်စဉ် ပြောလေ့ရှိသည့် စကားအချို့ကိုပင် သင်ယူခဲ့ပြီး မိန်းမပျိုလေးများနှင့်အတူ အပြည့်အဝ ပျော်ရွှင်နေတော့သည်။
ထိုအချိန်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“လုံတုက နယ်စားရှန်းက ဒီည အားလုံးကို ဝိုင်နဲ့ ဧည့်ခံပါတယ် စားပွဲတိုင်းအတွက် မသေမျိုးမူးယစ်ဝိုင် တစ်ပုလင်းစီ ရရှိပါမယ်”
“လုံတုက နယ်စားတွေက တကယ့်ကို ရက်ရောတာပဲ”
အားလုံးက တပြိုင်နက်တည်း ချီးကျူးလိုက်ကြသည်။ သို့သော် ရွှီဂီနှင့် အခြားသူများမှာမူ အထင်သေးသည့် အမူအရာများသာ ပြသခဲ့ကြသည်။
မလှမ်းမကမ်းတွင် နယ်စားရှန်းနှင့် ရဲ့ချင်းဟဲတို့မှာ ပျော်ရွှင်နေကြသည်။ သူတို့သည် သူတို့၏ ဘေးရှိ မိန်းကလေးများကို ငွေပြားများ ခဏခဏ ပစ်ပေးနေကြပြီး အလုပ်အကျွေးပြုနေသော အစေခံမလေးများကိုပင် လက်ဆောင်များ ပေးနေကြသည်။
တစ်ချိန်တွင် နယ်စားရှန်းက ဝိုင်ခွက်ကို ချလိုက်ပြီး စိတ်မရှည်စွာဖြင့် ရဲ့ချင်းဟဲကို မေးလိုက်သည်
“သခင်လေးရဲ့ နတ်သမီးယွီက ဘယ်တော့ ရောက်လာမှာလဲ “
ရဲ့ချင်းဟဲက ပြုံးလိုက်သည်။
“လောစရာ မလိုပါဘူး သူမ မကြာခင် ရောက်လာတော့မှာပါ ဒီနေ့မှာ လှေပြိုင်ပွဲ ရှိတယ် အဲဒီအချိန်ကျရင် နတ်သမီးယွီရဲ့ အံ့သြဖွယ် ကကွက်တွေကို ခင်ဗျား မြင်တွေ့ရပါလိမ့်မယ်”
နယ်စားရှန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ပေါ်လာသည်။
“လှေပြိုင်ပွဲရဲ့ ခမ်းနားထည်ဝါမှုလား စိတ်ဝင်စားဖို့ ကောင်းသားပဲ”
တစ်ချိန်တွင် မီးအိမ်များ ထိန်ထိန်လင်းနေသော ပျော်တော်ဆက်လှေများသည် မဟာရှမြစ်၏ အလယ်ဗဟိုတွင် စုဝေးလာကြပြီး သူတို့၏ ကုန်းပတ်များကို တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင်လျက် စက်ဝိုင်းပုံစံ တည်ဆောက်လိုက်ကြသည်။
ကျောက်စိမ်းမသေမျိုးလှေပေါ်ရှိ အစေခံများသည် ကြီးမားသော လိုက်ကာများကို ချက်ချင်း ဖွင့်လိုက်ကြရာ အားလုံးသည် အပြင်ဘက်ရှိ ကုန်းပတ်နှင့် ရှုခင်းများကိုသာမက အခြားလှေများပေါ်ရှိ ဧည့်သည်များကိုပါ မြင်တွေ့နိုင်ကြသည်။
ဧည့်သည်အများအပြားမှာ စိတ်လှုပ်ရှားသွားကြသည်။ လှေပြိုင်ပွဲ၏ ခမ်းနားထည်ဝါမှုကို ယခင်က ကြုံဖူးသူများသည် ယနေ့ည၏ တောက်ပသော ဖျော်ဖြေမှုကို တိတ်တဆိတ် အားပေးနေကြသည်။
နောက်တစ်ခိုက်တွင် လှပသော မိန်းမပျိုလေးများသည် လှေတစ်စင်းချင်းစီ၏ ကုန်းပတ်ပေါ်သို့ တက်လာကြပြီး လှပစွာ ကပြကြတော့သည်။
လှေတစ်စင်းချင်းစီတွင် ထူးခြားချက်ကိုယ်စီ ရှိကြရာ ဧည့်သည်များသည် မဟာရှမြစ်ပေါ်ရှိ ထိပ်တန်းပျော်တော်ဆက်လှေ ဒါဇင်ပေါင်းများစွာ၏ ထူးခြားသော ကကွက်များကို တစ်ပြိုင်နက်တည်း မြင်တွေ့ခွင့်ရကြသည်။
လေထုမှာ ပိုမိုမြင့်တက်လာပြီး ထိပ်တန်းပျော်တော်ဆက်များ ပေါ်လာချိန်တွင် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ သူတို့အားလုံးသည် သာယာသော တေးဂီတနှင့် ဧည့်သည်များ၏ အားပေးသံများနှင့်အတူ လှပစွာ ကပြနေကြသည်။
ကျောက်စိမ်းမသေမျိုးလှေပေါ်တွင် ဧည့်သည်များသည် ပါးလွှာသော ပုဝါဖြင့် မျက်နှာကို ဖုံးအုပ်ထားသော နတ်သမီးယွီကို မြင်တွေ့ရသည်။
သူမသည် ဤလောကနှင့် မသက်ဆိုင်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဖြူဝင်းဥနေသော ခြေဖဝါးလေးများကို ပိုင်ဆိုင်ထားရာ ခြေဗလာဖြင့်ပင် တောက်ပနေပုံရသည်။
သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှိရှိသမျှသော မိန်းကလေးအားလုံး၏ အလှကို မှေးမှိန်သွားစေပြီး ကြည့်ရှုသူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
“သူမက ချီထိန်းချုပ်ခြင်းနယ်ပယ် ကို ရောက်နေပြီပဲ ကြည့်ရတာ အရိုးသန့်စင်ဆေးလုံးက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပုံရတယ်”
ဟု ဖန်ချန်က နတ်သမီးယွီ၏ ကကွက်များကို ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
ရွှီဂီ၏ ဘေးရှိ အမျိုးသမီးမှာ ဖန်ချန်သည် မျက်လုံးမှိတ်ထားလျက်နှင့်ပင် တစ်ခါတစ်ရံ ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်ကို သတိပြုမိသွားရာ ထူးဆန်းသည်ဟု ထင်မိသည်။ သူက မျက်လုံးမှိတ်ထားလျက်နဲ့ ဘယ်လိုများ မြင်နေတာလဲ
ထိုအချိန်မှာပင် ဆန့်ကျင်ဘက် လှေတစ်စင်းပေါ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ငွေပြား နှစ်ထောင် ကျေးဇူးပြုပြီး နတ်သမီးယွီကို ဒီဘက်ကို ဝိုင်တစ်ခွက် သောက်ဖို့ ကြွခဲ့ပေးပါ”
“သူဌေးကျောက်က တကယ် ရက်ရောတာပဲ ဒါပေမဲ့ ငွေပြား နှစ်ထောင်ကတော့ နည်းလွန်းသလိုပဲ ကျွန်တော်က သုံးထောင် ပေးမယ်၊ နတ်သမီးယွီကို ဝိုင်တစ်ခွက် သောက်ရင်း မိတ်ဆက်ခွင့်လေး ပေးပါ”
“ငွေပြား ငါးထောင်လောက်မှ မပြင်ဆင်ထားရင် နတ်သမီးယွီနဲ့ ဝိုင်သောက်ဖို့ စိတ်တောင်မကူးနဲ့ မင်းတို့ နှစ်ယောက်ပဲ အေးအေးဆေးဆေး နေကြပါ၊ ကျွန်တော်က ငါးထောင် ပေးမယ်!”
ဒီလူတွေမှာ တကယ်ပဲ ငွေတွေ အများကြီး ရှိတာပဲ ဟု ရွှီဂီ၊ ဟွမ်ဖူကျဲ့နှင့် အခြားသူများက တစ်ဦးကိုတစ်ဦး ကြည့်ရင်း တွေးလိုက်ကြသည်။
ငွေပြား ထောင်ပေါင်းများစွာဆိုသည်မှာ သူတို့အတွက် တစ်ဦးတစ်ယောက်ကို ဓားပြမတိုက်မချင်း အလွယ်တကူ ထုတ်ပေးနိုင်သော ပမာဏ မဟုတ်ပေ။
“ဟဲဟဲ...”
နယ်စားရှန်းက ဝိုင်ကို သောက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။ ထို့နောက် သူက ရဲ့ချင်းဟဲကို တစ်ချက် ကြည့်လိုက်သည်။
ရဲ့ချင်းဟဲက သူ၏ ဆိုလိုရင်းကို နားလည်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်
“လုံတုက နယ်စားရှန်းက ငွေပြား ငါးထောင်ငါးရာနဲ့ နတ်သမီးယွီကို ဝိုင်တစ်ခွက် သောက်ဖို့ ဖိတ်ခေါ်ပါတယ်”
သူသည် အတွင်းအားကို သုံး၍ ပြောလိုက်ရာ သူ၏ အသံမှာ လှေအားလုံးပေါ်သို့ ပျံ့နှံ့သွားသည်။
သူ၏ ဈေးနှုန်းမှာ အမြင့်ဆုံးဟု မဆိုနိုင်သော်လည်း သူ ပြောပြီးနောက်တွင် တစ်နယ်လုံး တိတ်ဆိတ်သွားသည်။ မည်သူမျှ သူ့ကို ပြိုင်မရဲကြပေ။
နယ်စားရှန်းမှာ အောင်နိုင်သူတစ်ဦး၏ အမူအရာကို ပြသကာ ခွက်ကို မြှောက်လိုက်ပြီး မလှမ်းမကမ်းရှိ နတ်သမီးယွီကို ကြည့်ကာ ပြုံးပြလိုက်သည်။
“နတ်သမီးယွီ မင်းရဲ့ ပြိုင်ဘက်ကင်း အလှအပအကြောင်း ကြားဖူးတာ ကြာပါပြီ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပြီး ကျွန်တော်နဲ့အတူ ဝိုင်တစ်ခွက်လောက် သောက်ပေးနိုင်မလား”
အခန်း ၇၂ - နယ်စားကြီး ရှန်းယွီ
"ဘာလို့ လုံတုက သံတမန်က လှေပြိုင်ပွဲကို လာကြည့်ရတာလဲ ငါတို့က သူ့ကို ဘယ်လို သွားပြိုင်နိုင်မှာလဲ."
"ရှူး... တိုးတိုးနေစမ်း သူ ကြားသွားဦးမယ် ကမ်းပေါ်မှာ ရပ်နေတဲ့ မြင်းစီးစစ်သည် ရာနဲ့ချီတာကို မမြင်ဘူးလား စကားပြောဆင်ခြင်စမ်း၊ မဟုတ်ရင် မင်းပါးစပ်ကို သူတို့ ဆွဲဖြဲပစ်လိမ့်မယ်"
"နတ်သမီးယွီကတော့ ဒီည လုံတုသံတမန်ရဲ့ လက်ထဲ ရောက်တော့မှာပဲ သူမကော သူ့ဂုဏ်ဒြပ်ကို ကြောက်ပြီး အညံ့ခံပါ့မလား ကြားဖူးတာတော့ အိမ်ရှေ့စံမင်းသားတောင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လုံးလုံး သူမကို ရအောင် မကြိုးစားနိုင်ခဲ့ဘူးတဲ့"
"ဟဲဟဲ... သူမသာ အညံ့ခံလိုက်ရင် ကောင်းမှာပဲ ဒါဆိုရင် ငါတို့လည်း သူမနဲ့ နီးစပ်ဖို့ အခွင့်အရေး ရတာပေါ့"
အခြားလှေများပေါ်ရှိ ဧည့်သည်များစွာသည် ကျောက်စိမ်းမသေမျိုးလှေဆီသို့ အဝေးမှ လှမ်းကြည့်နေကြသည်။ သူတို့သည် နယ်စားရှန်းနှင့် သူ၏အဖွဲ့ကို စူးစမ်းကြည့်ရှုရင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
နယ်စားရှန်း၏ မျက်နှာတွင် နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခု ရှိနေပြီး နတ်သမီးယွီကို ကြည့်နေသည်မှာ အလွန်ပင် ရိုးသားတည်ငြိမ်ပုံရသည်။
သို့သော် သူ မသိသည်မှာ နတ်သမီးယွီသည် သူ့ကို တစ်ချက်သာ ဝေ့ကြည့်ပြီးနောက် သူမ၏ အကြည့်များမှာ အခြားတစ်နေရာ၊ အခြားတစ်ယောက်ဆီသို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
ဖန်ချန်၏ ဘေးတွင် မြူဆွယ်ဖြားယောင်းနေသော အမျိုးသမီးတစ်အုပ်ကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ဖန်ချန်သည် သူမကို အသိမပေးဘဲ ဘာကြောင့် ကျောက်စိမ်းမသေမျိုးလှေသို့ ရောက်လာရသနည်း
သူမသည် စိတ်ကောက်ကောက်ဖြင့် သူ၏စားပွဲဆီသို့ လျှောက်လှမ်းသွားတော့သည်။
နတ်သမီးယွီသည် မိမိဘက်သို့ ဦးတည်လာသည်ဟု မြင်လိုက်ရသောအခါ နယ်စားရှန်းက သူမသည် မိမိထံသို့ လာသည်ဟု ထင်မှတ်လိုက်သည်။
သူမ အနားသို့ ရောက်လာသောအခါ သူက ထရပ်လိုက်ပြီး ပြုံးလျက် ဝိုင်ခွက်ကို မြှောက်ကာ နှုတ်ဆက်လိုက်သည်
"နတ်သမီးယွီ—"
သူမသည် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ဘေးမှ ဝှေ့ဖြတ်ကျော်သွားရာ ပျော်ရွှင်နေသော ထိုလူမှာ စကားစပင် ပြတ်သွားပြီး မှင်တက်ကျန်ရစ်ခဲ့သည်။ သူမသည် ဤနေရာ၏ ပုံမှန်ဧည့်သည်ဖြစ်သော ရဲ့ချင်းဟဲကိုပင် လျစ်လျူရှုသွားခဲ့သည်။
အားလုံးမှာ မှင်တက်သွားကြသည်။
အစောပိုင်းက ပြုံးနေသော အစ်မလျိုမှာလည်း တောင့်ခဲသွားသည်။ သူမသည် နတ်သမီးယွီကို မယုံကြည်နိုင်စွာ ကြည့်ရင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်
"ဒီကောင်မလေး ဒီတစ်ခါ ဘာတွေ ထပ်လုပ်နေပြန်ပြီလဲ"
နောက်ဆုံးတွင် နတ်သမီးယွီသည် ဖန်ချန်၏ စားပွဲဆီသို့ ရောက်ရှိသွားသည်။
ဟွမ်ဖူကျဲ့၊ ယွမ်ကျန်းနှင့် ကျန်လူများမှာ သူမကို မြင်လိုက်ရသောအခါ အံ့အားသင့်သော အကြည့်များဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
စားပွဲရှိ အမျိုးသမီးများမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်သွားကြပြီး မသိစိတ်ဖြင့် နေရာမှ ထရပ်လိုက်ကြသည်။
"ဘာလို့ သခင်လေး လာမယ်ဆိုတာ ကျွန်မကို အသိမပေးတာလဲ"
နတ်သမီးယွီက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်ပြီး ဖန်ချန်၏ ဘေးရှိ ခုံတွင် အတင်းတိုးဝင် ထိုင်လိုက်သည်။
ဖန်ချန်က မရယ်ဘဲ မနေနိုင်တော့ပေ။
"ငါက ဈေးခေါ်ခဲ့တာ မဟုတ်ဘူးလေ၊ မင်းလည်း သိသားနဲ့"
သူမ စိတ်ဆိုးနေသည်ကို သူ သိသော်လည်း အရေးမစိုက်ပေ။ သူမ ဘယ်လို ခံစားနေရသည်ကို သူ အလေးမထားပါ။
"သခင်လေး"
ဧည့်သည်များသည် ဖန်ချန်ကို ကြည့်လိုက်ကြပြီးနောက် အများအပြားမှာ သူ့ကို မှတ်မိသွားကြရာ အံ့သြတုန်လှုပ်စွာဖြင့် နေရာမှ ထရပ်လိုက်ကြသည်။
အခြားလှေများပေါ်ရှိ ဧည့်သည်များကလည်း ပိုမိုရှင်းလင်းစွာ မြင်ရစေရန် လည်ပင်းကို ဆန့်ကြည့်ကြပြီး ဖန်ချန်ကို မှတ်မိသွားသောအခါ ဖန်ချန်က ဘယ်သူဖြစ်ကြောင်း ဘေးလူများကို စိတ်လှုပ်ရှားစွာ ရှင်းပြနေကြတော့သည်။
နတ်သမီးယွီက လုံတုသံတမန်ကို လျစ်လျူရှုခဲ့သည်မှာ မဆန်းပေ။ ကျောက်စိမ်းမသေမျိုးလှေပေါ်တွင် ပိုမို ထင်ရှားကျော်ကြားပြီး ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည် မဟုတ်ပါလား
ဖန်ချန်ကို မှတ်မိသွားသောအခါ နယ်စားရှန်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။ ရဲ့ချင်းဟဲနှင့် အခြားသူများမှာမူ သံသယဝင်နေကြသည်။
ဖန်ချန်သည် ထိာကဲ့သို့သော နေရာများကို လာလေ့ရှိသူ မဟုတ်ပေ။ သူတို့သည် သူ့ကွယ်ရာတွင် အတင်းပြောရန် ဤနေရာကို ရွေးချယ်လာခဲ့ခြင်း မဟုတ်ပါလား သို့သော် သူသည် ယနေ့တွင် ရောက်ရှိလာရုံသာမက လူများစွာကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ထိုသူများထဲတွင် ခုနစ်ခွင်လျှပ်စီးဓား ဟွမ်ဖူကျဲ့၊ ရွှီဂီနှင့် မဟာတောက်ပမှုဌာနမှ အရာရှိအချို့လည်း ပါဝင်နေသည်။
ရဲ့ချင်းဟဲမှာ မသင်္ကာဖြစ်သွားမိသည်။ သူ ဘာလုပ်ဖို့ ကြံစည်နေတာလဲ
"ကျွန်မကတော့ ကျွန်မ သောက်ချင်တဲ့သူနဲ့ပဲ သောက်မှာပါ သခင်လေး ဒီနေ့ ဒီမှာ ရှိနေမှတော့ ကျွန်မ သခင်လေးနဲ့ပဲ နေပါ့မယ် ဘယ်လောက်များတဲ့ ငွေပြားတွေကမှ သခင်လေးနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး"
နတ်သမီးယွီက ပြုံးလျက် ဖန်ချန်အတွက် ဝိုင်ငှဲ့ပေးလိုက်သည်။ စားပွဲတွင် အတူထိုင်နေသော အခြားအမျိုးသမီးများမှာမူ သူတို့နှင့် တစ်ချိန်လုံး အတူထိုင်နေသူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်းသာအားရ စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် စစ်သူကြီးနှင့် စားပွဲတစ်လုံးတည်းတွင် အတူထိုင်ကာ ဝိုင်သောက်ခွင့် ရရုံသာမက သူ့ကိုပါ စနောက်ခဲ့ကြသည် မဟုတ်ပါလား ၎င်းမှာ နှစ်ပေါင်းများစွာ ကြွားလုံးထုတ်၍ ရနိုင်သော အရာပင် ဖြစ်သည်
နယ်စားရှန်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်။ သူသည် ရဲ့ချင်းဟဲကို တစ်ချက်ကြည့်ကာ
"ငါ ပင်ပန်းနေပြီ၊ အရင် ပြန်တော့မယ်"
ဟု ဆိုသည်။
ရဲ့ချင်းဟဲမှာ ထိတ်လန့်သွားသည်။ အကယ်၍ နယ်စားရှန်းသာ ယခုကဲ့သို့ မကျေမနပ်ဖြင့် ပြန်သွားပါက အင်ပါယာနှစ်ခုကြားရှိ ဆွေးနွေးမှုများမှာ ပျက်ပြားသွားမည်မှာ အသေအချာပင်။
သူ့ကို ဧည့်ခံရန် တာဝန်ပေးထားခြင်းကြောင့် သူသည် တာဝန်ယူရမည်မှာ ဧကန်မလွဲ ဖြစ်သည်။ ထို့အပြင် သူသည် အိမ်ရှေ့စံမင်းသားကိုပါ စိတ်ပျက်အောင် လုပ်မိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်
ရဲ့ချင်းဟဲသည် ပြန်ရန် ထရပ်နေသော နယ်စားရှန်းကို အမြန်ဆွဲထားပြီး တတ်နိုင်သမျှ ချော့မော့ဖျောင်းဖျလိုက်သည်။
ထို့နောက် သူသည် သူ၏လူများကို ထရန် အချက်ပြလိုက်သည်။ ထို့နောက် သူတို့သည် ဖန်ချန်၏ စားပွဲဆီသို့ လျှောက်လာကြသည်။
သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်
"ဖန်ချန် ငါ ဒီနေ့ နယ်စားရှန်းကို ဧည့်ခံနေတာ မင်းကို ဒီမှာ မကြိုဆိုဘူး ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ဖန်ချန်သာ ထွက်သွားလျှင် နတ်သမီးယွီသည် နယ်စားရှန်းနှင့်အတူ ဝိုင်သောက်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
ဖန်ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"မင်းက သူ့ကို ဟိုမှာ ဧည့်ခံနိုင်သလို၊ ငါလည်း ဒီမှာ ငါ့ဘာသာ ပျော်လို့ရတာပဲ ငါ ဒီမှာ ရှိနေတာက မင်းနဲ့ ဘာဆိုင်လို့လဲ မင်း ဘာလို့ ငါ့ကို နှင်ထုတ်ချင်နေရတာလဲ ဒါက ဘယ်လို ကျိုးကြောင်းဆီလျော်မှုမျိုးလဲ"
ရဲ့ချင်းဟဲ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
"ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း ကောင်းကောင်း သိသားပဲ"
မဟာရှနှင့် လုံတုကြားရှိ ဆွေးနွေးမှုများကို ဖန်ချန် မသိဘဲ နေပါ့မလား
ရဲ့ချင်းဟဲသည် နတ်သမီးယွီဘက်သို့ လှည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်
"နတ်သမီးယွီ မင်း ဘာလုပ်ရမလဲဆိုတာ မင်း သိပါတယ် အများအကျိုးအတွက်ပဲ"
သူမက သူ့ကို နှာခေါင်းရှုံ့လိုက်ပြီး ဖန်ချန်၏ ပါးစပ်ထဲသို့ ဖြူဝင်းဥနေသော စပျစ်သီးတစ်လုံးကို ခွံ့ကျွေးလိုက်သည်။
"သခင်လေး... စပျစ်သီးလေး စားလိုက်ပါဦး၊ ကျွန်မ အခွံနွှာပေးထားတယ်"
ဟု ဆိုသည်။
၎င်းကို မြင်လိုက်ရသောအခါ ဧည့်သည်များသည် အလွန်ပင် မနာလိုဖြစ်သွားကြသည်။ သူမသည် မည်သူ့ကိုမျှ ထိုကဲ့သို့ ပြုမူသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဟဲဟဲဟဲ..."
နယ်စားရှန်းက ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။
"မဟာရှက အောက်တန်းစား မိန်းမတစ်ယောက်တောင် ငါ့ကို လူပုံအလယ်မှာ အရှက်ခွဲရဲတယ်ပေါ့ကြည့်ရတာ မင်းတို့ မဟာရှကတော့ ကယ်တင်လို့ မရတော့ဘူးပဲ အဲဒီလိုဆိုရင်တော့ ငါ ဒီနေ့ မင်းတို့ရဲ့ စစ်သူကြီးဖန်ကို မရဏကမ္ဘာ ဆီကို ပို့ပေးရတော့မှာပဲ"
ဒိုင်း!
လှေ၏ နံရံများမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး လှေပေါ်ရှိလူများ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လူ ဆယ်ယောက်ကျော်သည် လှေ၏ခန်းမအတွင်းသို့ ပြေးဝင်လာကာ ဖန်ချန်နှင့် အခြားသူများကို ဝိုင်းရံလိုက်ကြသည်။
ထိုသို့ ဖြစ်ပျက်နေစဉ်မှာပင် အခြားသော လှေများပေါ်တွင် ပြင်းထန်သော မီးတောက်များ စတင်လောင်ကျွမ်းလာပြီး မီးလျှံများအတွင်းသို့ ကျရောက်သွားကြသည်။
ထို့နောက်တွင် မြစ်ပြင်ထက်၌ လူအများအပြား၏ အော်ဟစ်သံများ ရုတ်တရက် ပြည့်နှက်သွားပြီး ဧည့်သည်များသည် မီးဘေးမှ လွတ်မြောက်ရန် မြစ်အတွင်းသို့ ခုန်ချနေကြတော့သည်။ ထိုအချိန်တွင် မည်သူမျှ ရေနစ်မည်ကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။
ရဲ့ချင်းဟဲမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်
"ဒါ ဘာသဘောလဲ နယ်စားရှန်း"
ကျောက်စိမ်းမသေမျိုးလှေပေါ်ရှိ ဧည့်သည်အားလုံးလည်း အံ့အားသင့်စွာဖြင့် နေရာမှ ထရပ်လိုက်ကြသည်။
နယ်စားရှန်းက ဘာမှ မပြောဘဲ အေးစက်စွာသာ ရယ်မောနေသည်။
ဝင်လာသော လူ ဆယ်ယောက်၏ အရှိန်အဝါများမှာ မြင့်တက်လာပြီး သူတို့၏ ခန္ဓာကိုယ်မှ ထူထပ်သော အတွင်းအား များ ထွက်ပေါ်လာကာ သူတို့အား ဝန်းရံထားသည်။
သူတို့၏ အရှိန်အဝါမှာ ရွှီဂီထက် ပိုမိုအားကောင်းပြီး ဟွမ်ဖူကျဲ့၏ အဆင့်သို့ပင် ရောက်ရှိနေပုံရသည်။
ထိုလူ ဆယ်ယောက်စလုံးမှာ ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ်မှ ကိုယ်ခံပညာရှင်များ ဖြစ်ကြသည် ထိုအချိန်တွင် ရဲ့ချင်းဟဲသည် မည်မျှပင် အူတူတူ ဖြစ်နေပါစေ၊ နယ်စားရှန်းသည် ကြိုတင်ပြင်ဆင်လာကြောင်း နားလည်သွားသည်။
နယ်စား၏ ပန်းတိုင်မှာ ဖန်ချန်ကို သတ်ရန်ဖြစ်ကြောင်း သူ သိလိုက်ရသည်။ မဟုတ်လျှင် အဘယ်ကြောင့် ချီထိန်းချုပ်ခြင်းနယ်ပယ် အထွတ်အထိပ်မှ ပညာရှင် ဆယ်ယောက်ကျော်ကို စေလွှတ်ပါမည်နည်း
"ဒါပေမဲ့ ချီအမြုတေအဆင့် ကိုယ်ခံပညာရှင် မပါဘဲနဲ့တော့—"
ရဲ့ချင်းဟဲ ထိုသို့ တွေးလိုက်စဉ်မှာပင် ဖန်ချန်၏ စကားက သူ၏ အတွေးကို ဖြတ်တောက်လိုက်သည်။
"နယ်စားကြီး ရှန်းယွီ ခင်ဗျား ကျီအမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ မကြာသေးတဲ့ပုံပဲနော်"
နယ်စားကြီး ရှေ့မှလူမှာ နယ်စားရှန်း မဟုတ်ဘူးလား ဖန်ချန်က သူ့ကို ဘာလို့ နယ်စားကြီး ရှန်းယွီ လို့ ခေါ်ရတာလဲ ထိုသူမှာ လုံတု တွင် မကြာသေးမီ နှစ်များအတွင်း အထင်ရှားဆုံး နယ်စားကြီး ဖြစ်ပြီး သူ၏ အုပ်ချုပ်မှုအောက်ရှိ ကျယ်ပြန့်သော နယ်မြေများကြောင့် နယ်စားအဆင့်မှ နယ်စားကြီး အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိသူပင် ဖြစ်သည်
နယ်စားရှန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။
ထို့နောက် သူက သူ၏ နေရာတွင် ပြန်ထိုင်လိုက်ပြီး ဖန်ချန်ကို မဲ့ပြုံး ပြုံးပြလိုက်သည်။
"ကောလာဟလတွေက အမှန်ပဲပဲ ငါ့ရဲ့ အထောက်အထားကို မင်း ခန့်မှန်းနိုင်တာက ချီးကျူးစရာပဲ ဒါပေမဲ့ အဲဒါက ဒီနေ့ မင်းအတွက် ဘာများ အထောက်အကူ ဖြစ်မှာမို့လို့လဲ"
အနီးအနားရှိ လှေများပေါ်မှ အော်ဟစ်သံများမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ နယ်စား၏ လူအချို့မှာ လှေများကို မီးရှို့နေကြပြီး အချို့မှာ ဧည့်သည်များကို လိုက်လံ သတ်ဖြတ်နေကြသည်။
ကမ်းပေါ်မှလည်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လုံတုမှ မြင်းစီးစစ်သည် ရာပေါင်းများစွာသည် လူသတ်ပွဲကြီးကို စတင်လိုက်ကြပြီ ဖြစ်သည်
ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေကြသော လူအားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြသည်။ လောကကြီးတစ်ခုလုံး ရူးသွပ်သွားပြီလား